အစ္စလာမ့်ဥပဒေ (ရှရီအာဟ်) အပိုင်း(၄) ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခြင်း
အစ္စလာမ့်ဥပဒေ (ရှရီအာဟ်)
အပိုင်း(၄)
ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခြင်း
(DISSOLUTION OF THE MARRIAGE CONTRACT)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့(၇-၂-၂၀၁၄)၊ သောကြာနေ့မှာကျရောက်တဲ့ ခွတ္တဗာဟ်ကို ကြွရောက်နားထောင်နားဆင်ကြပါသော ဂျမာအသ်သားအပေါင်းတို့ခင်ဗျား……
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ ကျနော်တင်ပြဟောကြားမယ့်ခေါင်းစဉ်ကတော့ ကျနော် အခန်းဆက်တင်ပြနေတဲ့ အစ္စလာမ့် ရှရီအာဟ် ဒါမှမဟုတ် အစ္စလာမ့်ဥပဒေအပိုင်း(၄)ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျနော့်အနေနဲ့ အစ္စလာမ့်ဥပဒေ ထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ `ဇနီးမောင်နှံ ကွာရှင်းခြင်း´ (Dissolution of the Marriage Contract) အပိုင်း ကို အဓိကထားပြီး တင်ပြသွားပါမယ်။ အမှန်တကယ်မှာတော့ `ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခြင်း´ဆိုတဲ့ အပိုင်းမှာ ယနေ့မွတ်ဆလင်မ်တွေ ကျင့်သုံးနေတာနဲ့ ကုရ်အာန်ကျမ်းမြတ်ရဲ့ပြဋ္ဌာန်းချက်တို့ဟာ လုံးဝသွေဖည်ဆန့်ကျင်နေ တာကို တွေ့ရပါလိမ့်မယ်။
ခွတ္တဗာဟ်ရဲ့နိဒါန်းမှာ ကျနော် ကျမ်းမြတ်ကုရ်အာန်(၆၅း၁)၊ စူရာဟ်တွလာက်း၊ အာယသ်အမှတ်(၁)ကို ရွတ်ဖတ်ခဲ့ပါတယ်။ ဒီအာယသ်ရဲ့အဓိပ္ပာယ်ကို တင်ပြပါရစေ။
“အို… နဗီတမန်တော်(အသင်သည် လူသားတို့အား ပြောကြားလိုက်ပါလေ)။ အသင်တို့သည် ဇနီးမိန်းမတို့အား `တွလာက်း´ပေးကွာရှင်းသောအခါ သူမတို့၏ `အစ်ဒသ်´ရက်များ(စ၍ရေတွက်နိုင်သော)အချိန် ကာလ၌ `တွလာက်း´ပေးကွာရှင်းကြလေကုန်။ ထို့ပြင် အသင်တို့သည် `အစ်ဒသ်´ရက်များကို ရေတွက်ကြလေ ကုန်။ ထိုမှတစ်ပါး။ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြ လေကုန်။
“ထင်ရှားသော စက်ဆုပ်ရွံရှာမှုတစ်စုံတစ်ရာကို ယင်းဇနီးမိန်းများ ကျူးလွန်သည်မှတစ်ပါး အသင်တို့ သည် သူမတို့အား နေအိမ်များမှထွက်ခွာစေခြင်းမပြုကြကုန်လင့်။ သူမတို့ကိုယ်တိုင်ကလည်း နေအိမ်များမှ မထွက် ကြရပေ။
စင်စစ်သော်ကား ထိုသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းချက်များပင်။ မည် သူမဆို အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်ဖောက်ဖျက်မူ ဧကန်မလွဲ ထိုသူသည် မိမိကိုယ်မိမိ နှိပ်စက်ခဲ့ချေပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စတစ်စုံတစ်ရာကို အသစ်ဖန်တီးပေးတော်မူ မည်ဖြစ်တန်ရာသည်ကို အသင်မသိပြီတကား´´ (ကုရ်အာန်-၆၅း၁)
ဒီအာယသ်ကို ဆရာကြီးဃာဇီမုဟမ္မဒ်ဟာရှင်(မ်)၊ ဆရာကြီး မုဖ်သီမဟ်မုဒ်ဒါဝူးဒ်ယူစွဖ်တို့ ဦးဆောင်ဘာ သာပြန်ထားတဲ့ `ကုရ်အာန်မြန်မာဘာသာပြန်´ကျမ်းမှာရှိတဲ့အတိုင်း တိုက်ရိုက်ဖော်ပြပေးတာဖြစ်ပါတယ်။ ကျနော့် ဘက်က ဘာသာပြန်မယ်ဆိုရင် အချို့လူတွေက သူလိုချင်တာ သူဆွဲပြန်တယ်ဆိုပြီး စွပ်စွဲမှာကိုမလိုလားလို့ ဖြစ် ပါတယ်။
ဒါတင်မက ကျမ်းမြတ်ကုရ်အာန် (၂း၂၂၈)မှာလည်း ဒီလိုပြဋ္ဌာန်းထားပါတယ်။
`တွလာက်း´ပေးကွာရှင်းခံရမည့် အမျိုးသမီးတို့သည် (တွလာက်း အထမြောက်စေရန်) ဘေးပယောဂမပါပဲ၊ မိမိတို့ကိုယ်ကိုယ်မိမိတို့ ရာသီပန်း(၃)ကြိမ်ပွင့်ပြီးသည်အထိ စောင့်ဆိုင်းထားရပေမည်။ အကယ်၍ သူမတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ အာခိရသ်(အနာဂတ်)ကိုသော်လည်းကောင်း၊ အီမာန်သက်ဝင်ယုံ ကြည်သည်ဆိုပါလျှင် သူမတို့၏ သားအိမ်ထဲရှိ အလ္လာဟ်အရှင်မြတ်စီရင်ဖြစ်ထွန်းထားသည့်အရာကို ထိမ်ချန်လျှို့ ၀ှက်ထားခြင်းအား သူမတို့အတွက် ခွင့်ပြုချက်မရှိပေ။ (ကုရ်အာန်- ၂း၂၂၈)
ဒီကုရ်အာန်အာယတ်(၆၅း၁)နဲ့ (၂း၂၂၈)အရဆိုရင် ဇနီးသည်တစ်ဦးကို ခင်ပွန်းသည်တစ်ဦးက တစ်ထိုင် တည်း သုံးကြိမ် တွလာက်း(သင်း တွလာက်း)ပေးခြင်းအားဖြင့် ကွာရှင်းပြတ်စဲမှုအတည်ပြုလို့မရပါဘူး။ ကုရ်အာန် (၆၅း၁)အရဆိုရင် ဇနီးမောင်နှံကွာရှင်းရေးမှာ `အစ်ဒသ်´စောင့်ဆိုင်းခြင်းဟာ မပြုမနေရကိစ္စဖြစ်ပြီး ကုရ်အာန် (၂း၂၂၈)အရဆိုရင် `အစ်ဒသ်´ကာလတစ်ခုဟာ ဇနီးမောင်နှံကွာရှင်းပြတ်စဲခြင်းမှာ အမျိုးသမီးတို့ရဲ့ ဓမ္မတာရာသီ ပန်း (၃)ကြိမ်ပွင့်ပေါ်ပြီးသည်အထိလို့ ပြဋ္ဌာန်းထားပါတယ်။ အကယ်၍ ရာသီပန်းပွင့်ခြင်းကို ပုံမှန်တွက်ချက်ဖို့ ခက်ခဲ တဲ့ အမျိုးသမီးတွေ၊ ရာသီသွေးဆုံးနေတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ကုရ်အာန် (၆၅း၎)အရ….
အသင်တို့၏ ကွာရှင်းပြတ်စဲခြင်းကိုခံရမည့် ဇနီးသည်များအနက် သံသယဖြစ်ဖွယ်ရာသော ရာသီပန်း ပွင့်ခြင်းနှင့်ပတ်သက်၍ မျှော်လင့်ချက်ကုန်ဆုံးသွားသည့် အမျိုးသမီးများ၊ ရာသီပန်းမပွင့်ဖူးသော (ပုံမှန်တွက်ချက်ရန် ခက်ခဲသော) အမျိုးသမီးများ၊ `အစ်ဒသ်´ကာလမှာ (၃)လတာကာလဖြစ်သည်။ (ကုရ်အာန်- ၆၅း၎)
ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်အရဆိုရင် ဓမ္မတာမမှန်တဲ့ အမျိုးသမီးကိုတောင် ကွာရှင်းပြတ်စဲခြင်း နှင့်ပတ်သက်ပြီး (၃)လတာဆိုတဲ့ `အစ်ဒသ်´ကာလကို သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒီအနေအထားကို လေ့လာ သုံးသပ်ချက်အရဆိုလျှင် ဇနီးမောင်နှံကွာရှင်းပြတ်စဲခြင်းဆိုတဲ့အပိုင်းမှာ `အစ်ဒသ်´ကာလ စောင့်ဆိုင်းခြင်းဟာ မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် အစ္စလာမ့်ပညာ ရှင်ကြီးများသည်ပင် ကျမ်းမြတ်ကုရ်အာန်က ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်ကို သွေဖည်ကျောခိုင်းပြီး ခင်ပွန်းသည် တစ်ဦး၏ `အစ်ဒသ်´စောင့်ဆိုင်းခြင်းမပါရှိသော သုံးကြိမ်တွလာက်းကွာရှင်းခြင်းကို လွဲမှားစွာ အတည်ပြုပေးနေ တာကို တွေ့ရပါတယ်။ အမှန်ကတယ်မှာတော့ ဒီလို `အစ်ဒသ်´ကာလစောင့်ဆိုင်းပေးခြင်းမရှိဘဲ ချက်ချင်းကွာရှင်း ပြတ်စဲခြင်းကို အတည်ပြုပေးနေကြတဲ့ အစ္စလာမ့်ပညာရှင်များအနေနဲ့ သူတို့၏လုပ်ပုံကိုင်ပုံဟာ ကျမ်းမြတ် ကုရ်အာန်နဲ့ ဘာကြောင့်လွဲနေတာလဲဆိုတာကိုရှင်းပြဖို့ အချိန်တန်ပါပြီ။ မွတ်ဆလင်မ်ထုကို ရှင်းပြဖို့လိုအပ်ပါပြီ။
အချို့အစ္စလာမ်ပညာရှင်တွေရဲ့ ပြောပြချက်အရဆိုလျှင် ဒီလို `အစ်ဒသ်´မပါရှိဘဲ တစ်ထိုင်တည်း ကွာရှင်းမှု အတည်ပြုနိုင်ခြင်းဟာ `ဖိကာဟ်´ကျမ်းများရဲ့ လမ်းညွှန်ချက်ကြောင့်ဖြစ်တယ်လို့ လက်ညှိုးထိုးပြကြ ပါတယ်။ အချို့ `ဖိကာဟ်´ကျမ်းကြီးတွေရဲ့ပြဋ္ဌာန်းချက်အရဆိုလျှင် ခင်ပွန်းသည်တစ်ဦးဟာ အိပ်ခန်းတစ်ခုထဲမှာ ဇနီးသည် နှင့်အတူဆက်ဆံပြီး အပြင်ထွက်လာသည်နှင့်တစ်ပြိုင်နက် `သင်မကို ကျွန်ုပ် တွလာက်ပေးသည်´ဟု (၃)ကြိမ် ရေရွတ်လိုက်ရုံမျှဖြင့် ကွာရှင်းပြတ်စဲမှုအတည်ပြုနိုင်ပါသည်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို တွေ့ရပါတယ်။ အဲဒီတော့ အစ္စလာမ် ဘာသာဝင်တစ်ဦးအနေနဲ့ မေးခွန်းထုတ်ရမှာက-
`အစ္စလာမ်တွင် ကျမ်းမြတ်ကုရ်အာန်ထက် ပိုမိုတိကျမှန်ကန်အောင် လမ်းညွှန်နိုင်သော ကျမ်းရှိ ပါသလား´´
ကျမ်းမြတ်ကုရ်အာန်က မည်သို့ပင်ပြဋ္ဌာန်းစေကာမူ ခင်ပွန်းသည်တစ်ဦးသည် ဇနီးသည်တစ်ဦးကို တွလာက် (၃)ကြိမ် မြွက်ဟကြေညာရုံမျှနှင့် ကွာရှင်းမှုအတည်ဖြစ်သည်ဟု အစ္စလာမ့်ပညာရှင် အတော်များများက လက်ခံထားကြလေသည်။
ကျမ်းမြတ်ကုရ်အာန်(၂း၂၈၂)အရ အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့်တစ်ဦးသည် နှစ်ဖက်အပြန်အလှန် ကတိ က၀တ်ပြုကြသောအခါ စာချုပ်စာတမ်းဖြင့် ရေးသားမှတ်တမ်းပြုကြရပါတယ်။ အလားတူ နှစ်ဦးနှစ်ဖက် လက်ထပ် ထိမ်းမြားခြင်းဆိုတဲ့အပိုင်းမှာလည်း နှစ်ဦးနှစ်ဖက်ရဲ့ ပဋိညာဉ်တွေ၊ ကတိက၀တ်တွေကို စာချုပ်စာတမ်းနဲ့ မှတ်တမ်း တင်ရပါတယ်။ ဒီလို လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ စာချုပ်စာတမ်းကို `နိကာဟ်နာမာ´(သို့မဟုတ်) `နိကာဟ် စာချုပ်´ (သို့မဟုတ်) `လပ်ထပ်ထိမ်းမြားခြင်းဆိုင်ရာစာချုပ်´လို့ ခေါ်ပါတယ်။ ဒီစာချုပ်ထဲမှာ နှစ်ဦးနှစ်ဖက်ရဲ့ Identity တွေ၊ အပေးအယူတွေ၊ သက်သေတွေ၊ နိကာဟ်ပြုပေးသူတွေအစရှိသည်ဖြင့် ပါဝင်ပါတယ်။ အဲဒီတော့ ဇနီးမောင်နှံတို့အတွက် `နိကာဟ်စာချုပ်´ဆိုတာက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါဟာ Contract တစ်ခုပဲဖြစ်ပါတယ်။
ကျနော့်အနေနဲ့ နိကာဟ်စာချုပ်အကြောင်းကို အထူးတလည် ပြောဆိုနေရခြင်းဟာ အစ္စလာမ့်ဥပဒေအရ ဇနီးမောင်နှံကွာရှင်းပြတ်စဲခြင်းမှာ `နိကာဟ်စာချုပ်´ဟာ အဓိကအခန်းကဏ္ဍက အရေးပါနေလို့ဖြစ်ပါတယ်။ ဇနီး မောင်နှံ ကွာရှင်းပြတ်စဲခြင်းဆိုတာက ဒီ ဇနီးမောင်နှံအကြားမှာ ထိမ်းမြားလက်ထပ်စဉ်က နှစ်ဦးသဘောတူချုပ်ဆို ထားတဲ့ စာချုပ်ကို ဖျက်သိမ်းခြင်းဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို Dissolution of the Marriage Contract လို့ ပြောဆိုသုံးနှုန်းတာ မှန်ကန်သင့်မြတ်လှပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ နိကာဟ်စာချုပ်ထဲမှာ ဇနီးမောင်နှံတို့ ဟာ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတဲ့ Identity အပိုင်းပါသလို `မဟာရ်´အခန်းကဏ္ဍပါတယ်။ ဒါတင်မက သီးခြား အချက်အလက်တွေ ပါဝင်ပါတယ်။ ဥပမာ `မဟာရ်´အပိုင်းမှာ လက်ငင်း ဘယ်လောက်ပေးသလဲ၊ ဆိုင်းငံ့ (အကြွေး) မဟာရ်ဘယ်လောက်ရှိသလဲဆိုတဲ့ အပိုင်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍများဖြစ်ပါတယ်။ ဒါ ကြောင့် ကွာရှင်းပြတ်စဲမှုပြုလုပ်တဲ့အခါမှာ `နိကာဟ်စာချုပ်´ပါအချက်အလက်များကို ပြန်လည်သုံးသပ်ရမှာဖြစ်လို့ ကွာရှင်းခြင်းအမှုကို ပြုလုပ်တော့မယ့် ဇနီးမောင်နှံဟာ မိမိတို့ရဲ့ နိကာဟ်စာချုပ်ကို မိမိတို့လက်မှာ အသင့်ကိုင်ထား ဖို့ လိုပါတယ်။ နောက်တစ်ချက်က ကွာရှင်းပြတ်စဲကြမယ့် ဇနီးမောင်နှံဟာ ကျနော် အစောပိုင်းမှာတင်ပြခဲ့တဲ့ ကျမ်း မြတ်ကုရ်အာန်(၆၅း၁)မှာ ပါရှိတဲ့ ``သူမတို့၏ `အစ်ဒသ်´ရက်များ စ၍ရေတွက်နိုင်သော အချိန်ကာလ၌သာ `တွလာက်းပေးကွာရှင်းကြကုန်´´ဆိုတဲ့ လမ်းညွှန်ချက်ကိုလည်း သတိမပြတ်ထားရှိရပါမယ်။ ဥပမာအားဖြင့် ဇနီးသည်ကို ဓမ္မတာလာနေစဉ်ကာ (Menstruation Period) မှာ `တွလာက်း´ပေးလို့မရပါဘူး။ ကုရ်အာန်(၂း၂၂၈) အရ ကိုယ်ဝန်ရှိစဉ်ကာလမှာ `တွလာက်´ပေးလို့မရပါဘူး။
ဆိုလိုချင်တာကတော့ ဒီကနေ့ကျင့်သုံးအကောင်အထည်ဖော်နေတဲ့ အစ္စလာမ့်ပညာရှင်အားလုံးလိုလိုက လက်ခံအတည်ပြုထားတဲ့ တစ်ထိုင်တည်း `တွလာက်း´(၃)ကြိမ် နှုတ်ကရေရွတ်မြွက်ဟခြင်းဟာ ကျမ်းမြတ်ကုရ် အာန်ရဲ့ လမ်းညွှန်ချက်နဲ့ရော၊ ပြည်သူ့နီတိနဲ့ပါ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကို မီးမောင်းထိုးပြချင်ပါတယ်။ ဒီလိုမျိုး `တွလာက်း´(၃)ကြိမ်ကို နှုတ်ကရေရွတ်မြွက်ဟလိုက်ရုံမျှနဲ့ ကွာရှင်းမှုအတည်ဖြစ်တယ်ဆိုတဲ့ ကျမ်းမြတ် ကုရ်အာန်နဲ့ ဆန့်ကျင်တဲ့ဥပဒေတစ်ရပ်ကို မည်သူ၏အခွင့်အာဏာနဲ့ ကျင့်သုံးနေပါသလဲဆိုတာကိုလည်း သိချင်ပါ ကြောင်း မေးခွန်းထုတ်လိုပါတယ်။
ကျနော်ဟာ နိုင်ငံလုံးဆိုင်ရာ အစိုးရအသိအမှတ်ပြု ဘာသာရေးအဖွဲ့တစ်ခုမှာ တွဲဖက်ဓမ္မသတ်မှူးအဖြစ် (၈)နှစ်၊ ဓမ္မသတ်မှူးအဖြစ် (၈)နှစ်၊ စုစုပေါင်း(၁၆)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဓမ္မသတ်ခုံရုံးမှာ ဒီလို ကွာရှင်း ပြတ်စဲမှုတွေ အတော်များများ တက်လာပါတယ်။ ကွာရှင်းပြတ်စဲလိုမှုတွေ `ရုံးပေါ်တက်လာပြီဆိုရင် လျှောက်လွှာ အပါအ၀င် မဖြစ်မနေတင်သွင်းရမယ့် စာရွက်စာတမ်းတွေထဲမှာ နိကာဟ်စာချုပ်ကိုပါ မဖြစ်မနေတောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုကို အတည်ပြုနိုင်ဖို့ဟာ သူတို့နှစ်ဦး ထိမ်းမြားစဉ်က ချုပ်ဆိုထား တဲ့ နှစ်ဦးသဘောတူစာချုပ်ကို ဖျက်သိမ်းရမှာဖြစ်လို့ပါ။
တချို့ကိစ္စတွေမှာ ကျနော်ကိုယ်တိုင် ကွာရှင်းပြတ်စဲမှုကို ကိုင်တွယ်ဖြေရှင်းပေးရတာတွေ ရှိပါတယ်။ ဒီလို အခါမှာ ကျနော်က စစ်ဆေးပြီး နောက်ဆုံးမှာ ဓမ္မသတ်တစ်စောင်ထုတ်ပြန်ပေးရပါတယ်။ ကျနော် ထုတ်ပြန်တဲ့ ဓမ္မသတ်မှာ “နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုထားသော `နိကာဟ်´စာချုပ်သည် အစ္စလာမ့်တရားတော်က ပြဋ္ဌာန်းထားသော ဘယ်အကြောင်းအချက်များအရ ပျက်ပြယ်သွားပြီဖြစ်ပါ၍ ကွာရှင်းပြတ်စဲမှု အတည်ဖြစ်သည်´´ ဆိုပြီး ရေးသားထုတ်ပြန်ပါတယ်။ ကျနော်တို့ဟာ အစ္စလာမ်ဘာသာဝင်တွေပါ။ အစ္စလာမ့်ဥပဒေကို မဖြစ်မနေ လိုက် နာဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ အစ္စလာမ့်ဥပဒေဟာ အင်မတန်မှ သဘာဝကျပြီး တင့်တယ်အချိုးကျပါတယ်။ အစ္စလာမ့်ဥပဒေအရ ဖြစ်ပေါ်လာတဲ့ဆုံးဖြတ်ချက်တစ်ရပ်ဟာ ဆုံးဖြတ်ချက်ကို လိုက်နာရမယ့် ကာယကံရှင်တွေ အားလုံးက သဘောတွေ့ကျေနပ်စေရပါမယ်။ အစ္စလာမ့်ဥပဒေဆိုတာက လူတစ်ယောက် (သို့မဟုတ်) လူ့အစု အဖွဲ့တစ်ရပ်က ထုတ်ပြန်ထားတဲ့၊ သတ်မှတ်ထားတဲ့ ဥပဒေမဖြစ်ဖို့ အထူးလိုအပ်ပါတယ်။
မွတ်ဆလင်မ်တွေ သိထားသင့်တဲ့ (Awareness) ဖြစ်နေရမယ့်အချက်တွေကို ကျနော်တင်ပြပြီးတဲ့အခါ ဒီနေ့ ကျနော်တင်ပြရမယ့် ဇနီးမောင်နှံကွာရှင်းပြတ်စဲခြင်း (Dissolution of the Marriage Contract) အပိုင်းကို ဆက်လက်တင်ပြသွားပါမယ်။
ကျမ်းမြတ်ကုရ်အာန်ကိုအခြေပြုပြီး `အိဂ်ျတေဟာဒ်´ နည်းပညာအရ ထုတ်နှုတ်သုံးစွဲနေတဲ့ အစ္စလာမ့် ရှရီအာဟ်ဥပဒေအရ ကွာရှင်းပြတ်စဲတဲ့ နည်းစနစ်(၃)မျိုးရှိပါတယ်။
(၁) တွလာက်း၊ (၂) ခုလာအ၊် (၃) မုဘာရအာဟ်-
ဆိုပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီကွာရှင်းမှု(၃)မျိုးရဲ့ အခြေခံသဘောကို အနည်းငယ်ရှင်းပြပါရစေ။
(၁) တွလာက်း – `တွလာက်း´ဆိုတာက အကြင်လင်မယားအဖြစ် ပေါင်းသင်းနေတဲ့ ဇနီးမောင်နှံအကြားမှာ ခင်ပွန်းဖက်မှ ဇနီးဖြစ်သူအား ကွာရှင်းခြင်းကို ရည်ညွှန်းပါတယ်။
(၂) ခုလာအ် – `ခုလာအ်´ဆိုတာက ဇနီးသည်ဖက်မှ လျော်ကြေးတစ်စုံတစ်ရာပေးပြီး ခင်ပွန်းသည်ကို ကွာရှင်းပြတ်စဲခြင်းဖြစ်ပါတယ်။
(၃) မုဘာရအာဟ် – `မုဘာရအာဟ်´ဆိုတာက ခင်ပွန်းနှင့်ဇနီးတို့ နှစ်ဦးနှစ်ဖက် သဘောတူညီစွာဖြင့် ကွာရှင်းပြတ်စဲခြင်းကို ခေါ်ပါတယ်။
ဆက်လက်ပြီး ကျနော့်ရဲ့ နောက်ခွတ္တဗာဟ်များမှာ အစ္စလာမ့်ရှရီအာဟ်ဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်က နေပြီး တွလာက်း၊ ခုလာအ်၊ မုဘာရအာဟ်တို့ရဲ့ သဘောတရားနဲ့လုပ်ထုံးလုပ်နည်းများကို ဆက်လက် တင်ပြသွားပါမယ်။