အစ္စလာမ့်ဥပဒေ (ရှရီအာဟ်) အပိုင်း(၃)

အစ္စလာမ့်ဥပဒေ (ရှရီအာဟ်)

အပိုင်း(၃)

မုဖ်သီ ဦးစန်းအောင် (B.Sc)

          အခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဗါဒသ်ပြုရန် ကြွရောက်လာ ကြတဲ့ ဂျမာအသ်သားများခင်ဗျား-

 `အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ဒီကနေ့ ကျွန်တော်တင်ပြမယ့်အပိုင်းက “အစ္စလာမ့်ရှရီအာဟ်” အပိုင်း(၃)ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော် တင်ပြ မယ့်အပိုင်းမှာတော့ နေရာဒေသတစ်ခု၊ တိုင်းပြည်တစ်ခုမှာ အစ္စလာမ့်ရှရီအာဟ်ကို ကျင့်သုံးမယ်ဆိုရင် “အိဂ်ျတေဟာဒ်” လို့ခေါ်တဲ့ “ကျမ်းမြတ်ကုရ်အာန်ကို မူလအနှစ်သာရမပျောက်ပဲ ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့် ဆိုခြင်းအပိုင်းကို အဓိကထားရမယ့်အကြောင်း ဦးစားပေးတင်ပြသွားပါမယ်။ ဒီအပိုင်းကို မတင်ပြမီ ရှေးဦးစွာ ခွတ္တဗာဟ်နိဒါန်းပိုင်းမှာ ရွတ်ဖတ်ခဲ့တဲ့ ကုရ်အာန်(၂း၂၆၉)ကို ရှင်းပြပါရစေ။

          “ အလ္လာဟ်အရှင်အမြတ်သည် သူ့အလိုရှိတော်မူသော သူတို့အား ‘ဟိက်မာသ်’ ဟူသော ဉာဏ်အမြော် အမြင်ရှိမှုကို ချီးမြှင့်တော်မူလိမ့်မည်။ အကြင်သူတစ်ဦးအတွက် ယင်းကဲ့သို့ ‘ဟိက်မာသ်’ ဉာဏ်ပညာ အမြော်အမြင် ချီးမြှင့်ခံရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော၊ များမြောင်လှစွာသော ကောင်းချီးမင်္ဂလာ ကိုချီးမြှင့်ခံရခြင်းပင်ဖြစ်သည်။ အသိဥာဏ်ပညာရှိသူတို့မှအပ သတိသံဝေဂတရားကို မည်သူမျှရရှိမည်မဟုတ်ပေ ”    (ကုရ်အာန် – ၂း၂၆၉)

          အထက်ပါအာသတ်(၂း၂၆၉)မှာပါရှိတဲ့ “အလ္လာဟ်အရှင်မြတ်အလိုရှိသူ”ဆိုတဲ့ သဘောက အလ္လာဟ်အ ရှင်မြတ်ရဲ့လမ်းညွှန်ချက်ကို နားလည်သဘောပေါက်အောင် လိုက်နာကြိုးပမ်းသူကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ဟာ သူ့ရဲ့လမ်းညွှန်ချက်အပေါ်မှာနားလည်အောင် ကြိုးပမ်းအားထုတ်သူ တွေကို အလိုရှိမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းညွှန်ချက်ကို နားလည်အောင်ကြိုးပမ်းအားထုတ်ခြင်း မရှိသူတစ်ဦးကတော့ အလ္လာဟ်အရှင်မြတ်ရဲ့အလိုရှိသူစာရင်းမှာ ဘယ်လိုမှမပါဝင်နိုင်ပါဘူး။

          ဆက်လက်ပြီး အစ္စလာမ့်ရှရီအာဟ်”ကို လက်ကိုင်ပြုတဲ့အခါမှာ “အိဂ်ျတေဟာဒ်”ရဲ့သဘောက အဓိက အခန်းကပါဝင်တဲ့အပိုင်းကို တင်ပြသွားပါမယ်။ ရှေးဦးစွာ ကျမ်းမြတ်ကုရ်အာန်(၅း၃၈)မှာ

“ ခိုးသူယောက်ျားဖြစ်စေ၊ ခိုးသူမိန်းမဖြစ်စေ၊ သူတို့ကျူးလွန်ခဲ့သော လုပ်ရပ်၏အတိုင်းအတာနှင့်အညီ သူတို့၏ လက်များကို ဖြတ်တောက်ကြလေကုန်။ ယင်းသည်ကား အလ္လာဟ်အရှင်မြတ်ထံမှ လူသားတို့ သတိသံဝေဂ တရားရရှိကြရန် သတိပေးဆုံးမချက်ဖြစ်သည်”   (ကုရ်အာန်-၅း၃၈)

          ဒီအာယသ်ကို လေ့လာကြည့်မယ်ဆိုရင် ကုရ်အာန်မှာ ခိုးသူကိုလက်ဖြတ်ဖို့ သတ်မှတ်ထားပေမယ့် လက်ရဲ့ဘယ်လောက်အထိကို ဖြတ်မလဲဆိုတာနဲ့ပတ်သက်ပြီး အတိအကျမပြဋ္ဌာန်းထားပါဘူး။ လက်ကောက် ၀တ်ကဖြတ်ရမှာလား၊ တံတောင်ဆစ်က ဖြတ်ရမှာလား၊ လက်မောင်းက ဖြတ်ရမှာလား။ ဘယ်အပိုင်းကို ဖြတ်ရ မှာလဲဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားရမယ့်သဘောလိုဖြစ်နေပါတယ်။ ဒါမှမဟုတ် ဗိုက်ဆာလွန်းလို့ သရက်သ သီးတစ်လုံး ခိုးစားမိတဲ့ နွားကျောင်းသားတစ်ယောက်နဲ့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေကို အထုပ်လိုက်၊ အထည်လိုက် ခိုးနေတဲ့ လူတစ်ယောက်ကို ပြစ်ဒဏ်တစ်မျိုးတည်း၊ တစ်တန်းစားတည်းသတ်မှတ်ပြီး လက်ဖြတ်မှာလား။ နောက်တစ်ဖက်ကကြည့်မယ်ဆိုရင် ဥပမာ – နိုင်ငံတစ်နိုင်ငံအစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်ပုံညံ့ဖျင်းမှုကြောင့် ငွေ ကြေးဖောင်းပွမှုတွေ မတရားဖြစ်လာတယ်။ ဒီဒဏ်ကို တိုက်ရိုက်ခံရမယ့်သူတွေက နိုင်ငံ့ဝန်ထမ်းတွေဖြစ်တယ်။ ၀န်ထမ်းတွေရတဲ့လစာနဲ့ ကုန်ဈေးနှုန်း မတန်တဆကွာခြားလာတဲ့အပေါ်မှာ မိသားစုအတွင်း မလောက်မငှမှု တွေဖြစ်လာတယ်။ ဒီမှာပဲ မရိုးသားမှုတွေ၊ လာဘ်စားမှုတွေ၊ ခိုးဝှက်မှုတွေပေါ်လာတတ်ပါတယ်။ ဒီလူတွေကို လက်ဖြတ်ပစ်ရမယ်ဆိုရင် အဲဒီ နိုင်ငံသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆုံ တွေ့ရင် လက်ဆွဲနှုတ်ဆက်ဖို့၊ “ဆလာမ်”ပေးဖို့ လက်တောင်ရှိကြမှာမဟုတ်ပါဘူး။ ဒါဆိုရင် ကျမ်းမြတ်ကုရ်အာန် ရဲ့ပြဋ္ဌာန်းချက်ဟာ အကျပ်အတည်းနဲ့ဒုက္ခရောက်နေသူတွေဖက်က မရပ်တည်ပေးတော့ဘူးလား။

          အမှန်တကယ်မှာတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်ဟာ အစ္စလာမ့်ရှရီအာဟ်၊ အစ္စလာမ့်ဥပဒေပါ ပဲ။  ဒီဥပဒေကိုကျင့်သုံးဖို့ရာ “အိဂ်ျတေဟာဒ်”လို့ခေါ်တဲ့  ကျမ်းမြတ်ကုရ်အာန်ကို မူလအနှစ်သာရမပျောက် ပျက်ဘဲ ကျယ်ကျယ်ပြန့်ပြန့်အနက်ဖွင့်ဆိုတဲ့ ပညာရပ်တစ်ခုကိုအသုံးချဖို့ လိုအပ်ပါတယ်။ အလ္လာဟ်အရှင်မြတ် က လူသားတွေကို ကလေးငယ်တစ်ယောက်လို ကုရ်အာန်ရဲ့အနှစ်သာရတွေ၊ အနက်သဘောတွေကို ခူးခပ်ပြီး ဇွန်းနဲ့ခွံ့ကျွေးမှာမဟုတ်ပါဘူး။ လူတွေကသာ ကိုယ်တိုင်ချက်ပြုတ်ပြီး၊ ကိုယ်တိုင်မွှေနှောက်ခူးခပ်ပြီး၊ စားရမှာ ဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က လူသားတွေကို ကုရ်အာန်မချပေးခင်မှာကတည်းက စဉ်းစားတွေးခေါ်၊ သုံးသပ်နိုင်တဲ့စွမ်းအားတွေကို ချီးမြှင့်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တရားသဘောတစ်ရပ် ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်အာယသ်တော်တစ်ရပ်ကို လူတွေရဲ့စဉ်းစားတွေးခေါ်မှုအပေါ်မှာ အခြေခံထားတဲ့ သဘောတရားနဲ့ယှဉ်ပြီး အနက်ကောက်ယူတတ်ဖို့ အထူးအရေးတကြီး လိုအပ်နေပါတယ်။ ကုရ်အာန်ရဲ့နေရာ တော်တော်များများမှာလည်း စဉ်းစားတွေးခေါ်ဖို့ဆင်ခြင်သုံးသပ်ဖို့ လမ်းညွှန်အမိန့်ပေးထားပါတယ်။

          အထက်မှာတင်ပြခဲ့တဲ့ ကုရ်အာန်(၅း၃၈)အရဆိုရင် သူခိုးတစ်ယောက်ကိုဖမ်းမိတာနဲ့ လက်ဖြတ်ပစ်ရ မယ်လို့ “အိဂ်ျတေဟာဒ်”သဘောနဲ့ ချိန်ထိုးမယ်ဆိုရင် ရည်ညွှန်းထားခြင်းမရှိကြောင်းကို တွေ့ရပါတယ်။ ဒီလို ရည်ညွှန်းထားခြင်းမရှိကြောင်းကို ဒီ အာယသ်မှာပါရှိတဲ့ “ဂျဇားအန်ဘိမာကဆဗား” “သူတို့နှစ်ဦးလုံး ကျူးလွန်ခဲ့ သည့်လုပ်ရပ်နှင့်အညီ”ဆိုတဲ့ စကားစုက ပြဆိုနေပါတယ်။ ဒီစကားစုအရ ကျူးလွန်သူတစ်ဦးဟာ ခိုးမှုကိုဘယ် အတိုင်းအတာ၊ ဘယ်အဆင့်အထိ ကျူးလွန်ခဲ့သလဲ။ ဘာကြောင့် ကျူးလွန်ရသလဲဆိုတဲ့ အပိုင်းတွေကို ဆန်း စစ်စုံစမ်းဖို့လိုအပ်လာပါတယ်။ ဒီလို စုံစမ်းစစ်ဆေးဖို့ ကုရ်အာန်(၂း၂၆၉)မှာပါရှိတဲ့ “အူလုလ်အလ်ဗားဗ်”လို့ခေါ် တဲ့ ပညာရှင်အစုအဖွဲ့တစ်ရပ်လိုအပ်လာပါလိမ့်မယ်။ ထင်သာမြင်သာရှိအောင် တင်ပြရမယ်ဆိုရင် “တရားရေး အဖွဲ့”ဆိုပါတော့။ ဒီအဖွဲ့က စုံစမ်းစစ်ဆေးရပါလိမ့်မယ်။ ပြစ်မှုရဲ့အတိမ်အနက်ကို စစ်ဆေးဖော်ထုတ်ရပါမယ်။ လူတစ်ယောက်က ခိုးမှုတစ်ခုကို ကျူးလွန်ပြီဆိုတာနဲ့ မတော်လောဘကြောင့် ခိုးရတာလား၊ တကယ်အဆင်မ ပြေလို့ ကျူးလွန်မိတာလား၊ မတော်တဆဖြစ်တာလား၊ ကြံမိကြံရာဖြစ်တာလား၊ ဒီအပိုင်းတွေကို စိစစ်ဖို့ ကုရ် အာန်(၅း၃၈)မှာပါရှိတဲ့ “သူတို့နှစ်ဦးစလုံး ကျူးလွန်ခဲ့သည့်လုပ်ရပ်နှင့်အညီ”ဆိုတဲ့စကားစုက လမ်းညွှန်နေပါ တယ်။

          တစ်ဆက်တည်းမှာ နောက်အာယသ်ဖြစ်တဲ့ (၅း၃၉)မှာတော့ ဒီလိုပြဋ္ဌာန်းထားပါတယ်။

          “ သို့ဖြစ်ရာ မည်သူမဆို ပြစ်မှုတစ်ရပ်ကို ကျူးလွန်ပြီးနောက် သတိသံဝေဂတရားရရှိပြီး အလ္လာဟ်အရှင် မြတ်ထံတော်၌၀န်ချ၍ မိမိကိုယ်ကိုယ်ပြုပြင်ခဲ့သည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်က သူ၏၀န်ချမှု ကို လက်ခံတော်မူ၏….”     (ကုရ်အာန်-၅း၃၉)

          ဒီအာယသ်(၅း၃၉)ကတော့ ပြစ်မှုကျူးလွန်ပြီးတဲ့နောက်မှာ အမြင်မှန်ရပြီး သတိသံဝေဂရသွားသူတစ် ယောက်အတွက် အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်လိုက်တဲ့သဘောကိုရည်ညွှန်းနေပါတယ်။ ဒီနေရာမှာ ကျွန် တော်တို့ သဘောပေါက်ရမှာက ကုရ်အာန်(၅း၃၈)အရ ပြစ်မှုကျူးလွန်တဲ့အတိုင်းအတာနဲ့အညီ လက်ဖြတ်ခိုင်း ထားပေမယ့် အမြင်မှန်ရပြီး သောဝ်ဗာဟ်ပြုသူတစ်ဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုထားပြန်တယ်။ ဆိုလိုတာ က ကုရ်အာန်ရဲ့ဥပဒေပြဋ္ဌာန်းချက်ဟာ အမြင့်ဆုံးသောပြစ်ဒဏ်နဲ့ အနိမ့်ဆုံးသော လွတ်ငြိမ်းချမ်းသာခွင့်ကိုပေး ထားတဲ့အတွက် တရားစီရင်ရေးအဖွဲ့အနေနဲ့ ပြဿနာတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ လုပ်ပိုင်ခွင့်တော်တော် များများကို ရရှိသွားမယ့်သဘောကို ရည်ညွှန်းဖော်ဆောင်ပါတယ်။ ဒီအပိုင်းလေ့လာကြည့်မယ်ဆိုရင် အစ္စလာမ့် ရှရီအာဟ်၊ အစ္စလာမ့်ဥပဒေဆိုတာက လှေနံဓားတစ်၊ တရားသေသတ်မှတ်ချက် မဟုတ်ဘူးဆိုတာ ပေါ်လွင် ထင်ရှားပါတယ်။

          နောက်ရှုထောင့်တစ်ခုက သုံးသပ်မယ်ဆိုရင်လည်း ခိုးမှုကျူးလွန်သူကို “လက်ဖြတ်ပါ”ဆိုတဲ့ ကုရ်အာန် ရဲ့ပြဋ္ဌာန်းချက်ဟာ “အိဂ်ျတေဟာဒ်”ပညာရပ်အပေါ် အခြေခံပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်လိုက်မယ်ဆိုရင် လူ တစ်ယောက်ကို ခိုးမှုကျူးလွန်မယ့်အနေအထားနဲ့ ပြတ်တောက်သွားအောင် ပြုလုပ်လိုက်ခြင်းကိုလည်း ကုရ် အာန်က ရည်ညွှန်းနေပါတယ်။ ဥပမာ-လစာမလောက်မငှဖြစ်နေတဲ့ ၀န်ထမ်းတစ်ယောက်ကို ခိုးမှုမကျူးလွန်ရ အောင် လောက်ငှတဲ့လစာတိုးပေးလိုက်ခြင်း၊ အပိုဝင်ငွေရအောင် လုပ်ငန်းချဲ့ထွင်ပေးလိုက်ခြင်းအားဖြင့် ခိုးမှုနဲ့ ကင်းကွာသွားအောင်၊ ပြတ်တောက်သွားအောင် ပြုလုပ်ပေးခြင်းဟာလည်း ကုရ်အာန်ရဲ့လမ်းညွှန်ချက်ကို မှန် ကန်စွာအကောင်အထည်ဖော်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က ပြည်သူတွေရဲ့ဘ၀ကို တိုးတက် မြင့်မားအောင် ဖော်ဆောင်ပေးခြင်း၊ အလုပ်ရှင်က အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို အဆင်ပြေတိုးတက် အောင် စီမံဆောင်ရွက်ပေးခြင်းတို့ဟာ ဒီအာယသ်ရဲ့အလိုသဘောကို သွယ်ဝိုက်ပြီး လိုက်နာဆောင်ရွက်နေခြင်း ပဲ ဖြစ်ပါတယ်။

          ကျမ်းမြတ်ကုရ်အာန်ကို “အိဂ်ျတေဟာဒ်”လုပ်တော့မယ်ဆိုရင် အထူးသတိပြုရမယ့် “တရားသဘော” (principle truth) နဲ့ “သဘောတရား” (Matter Pertaining to ideology) အကြောင်းကို ဦးစွာတင်ပြပါရစေ။ တရားသဘောဆိုတာက မူလအခြေခံသဘော၊ တစ်နည်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်ပါ မူရင်းပြဋ္ဌာန်းချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အရဗီကို “အူစူလ်”(Primary factor)ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ သ ဘောတရားဆိုတာက မူလအခြေခံသဘောကို ထပ်မံဆင့်ပွားပြီး အကျယ်တ၀င့်အနက်ကောက်ယူမှုကို ဆိုလို ခြင်း ဖြစ်ပါတယ်။ အရဗီသဘောနဲ့ “ဖူရုအ်” (Secondary factor) ကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။

          တရားသဘောမှာ ခေတ်စနစ်၊ ဒေသနဲ့ လူမှုဝန်းကျင်ဆိုတဲ့ အကြောင်းအရာတွေရဲ့ စွက်ဖက်မှုကနေ ပြီး ကင်းလွတ်ပါတယ်။ ဆိုလိုတာက အဲဒီခေတ်စနစ်၊ ဒေသနဲ့လူမှုဝန်းကျင်တွေက တရားသဘောကို မလွှမ်းမိုး နိုင်ပါဘူး။ တရားသဘောကသာ အဲဒီအရာတွေအပေါ်မှာ လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ တစ်နည်းပြောရရင် တရားသဘောဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်အပေါ်မှာ ခေတ်စနစ်တို့၊ ဒေသတို့၊ လူမှုဝန်းကျင်တို့က မလွှမ်းမိုးနိုင် ဘဲ ကျမ်းမြတ်ကုရ်အာန်ကသာ အဲဒီခေတ်စနစ်၊ ဒေသနဲ့ လူမှုဝန်းကျင်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်ဟာ စတင်ကျရောက်ချိန်ကစပြီး “ကိယာမသ်”နေ့ထိတိုင် ပြောင်းလဲဖြစ်ပေါ်လာမယ့် ခေတ်စနစ်၊ ဒေသဆိုင်ရာနဲ့ လူမှုဝန်းကျင်အားလုံးကို ဦးဆောင်လမ်းပြသွားမယ် လို့ သတ်မှတ်လက်ခံယုံကြည်ထားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို လက်ခံယုံကြည်တဲ့အပေါ်မှာ တရားသဘောဖြစ် တဲ့ ကျမ်းမြတ်ကုရ်အာန်ဟာ မပြောင်းလဲသောသစ္စာတရား (Absolute truth) တစ်နည်းအားဖြင့် “ပရမတ္တသစ္စာ တရား”အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

          သဘောတရားဆိုတာကတော့ တရားသဘောလိုမဟုတ်ဘဲ ခေတ်စနစ်၊ ဒေသနဲ့လူမှုဝန်းကျင်ရဲ့ စွက် ဖက်လွှမ်းမိုးမှုများရှိပါတယ်။ သဘောတရားဆိုတာက ခေတ်စနစ်တွေ၊ ဒေသတွေ၊ လူမှုဝန်းကျင်တွေရဲ့လွှမ်းမိုးမှု အပေါ်မူတည်ပြီး အမြဲတမ်းပြောင်းလဲဖြစ်ပျက်လျက်ရှိပါတယ်။ ဒါကြောင့် သဘောတရားတစ်ရပ်သည် ခေတ်တိုင်း၊ စနစ်တိုင်း၊ လူမှုဝန်းကျင်တိုင်းနဲ့ အံဝင်ခွင်ကျမှုမရှိဘဲ ပြောင်းလဲပြင်ဆင်အနက်ကောက်ယူနေရတဲ့ အပေါ်မှာ သမုတိသစ္စာ(Relative truth) လို့ခေါ်တဲ့ အခြေအနေတစ်ရပ်အပေါ်မှာ ကြောင်းကျိုးဆက်စပ်ပြီး တဒင်္ဂသာ မှန်သော အမှန်တရားပဲဖြစ်ပါတယ်။ ဆိုလိုချင်တာက တရားသဘောဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ ပြဋ္ဌာန်းချက်များဟာ ပြောင်းလဲမှုမရှိဘဲ အမြဲတမ်းဦးဆောင်လမ်းညွှန်မှုပြုနေပြီး ကုရ်အာန်အပေါ်အခြေခံထားတဲ့ သဘောတရားဆိုတဲ့ အခန်းကဏ္ဍကတော့ ခေတ်စနစ်၊ ဒေသနဲ့လူမှုပတ်ဝန်းကျင်အပေါ်မူတည်ပြီး ပြောင်းလဲ အနက်ကောက်ယူသွားရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုရ်အာန်အာယသ်တော် အမြောက်အမြားမှာ စဉ်းစားဖို့၊ တွေးခေါ်မြှော်မြင်ဖို့ လမ်းညွှန်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

          ဒါပေမယ့် ဒီနေရာမှာ အထူးသတိထားရမယ့်အချက်တစ်ရပ်ကိုလည်း တင်ပြလိုပါတယ်။ သတိပြုရမယ့် အချက်က “သဘောတရား”သည် “တရားသဘော”ရဲ့ဘောင်ကိုကျော်လွန်ပြီး အနက်မကောက်ယူမိဖို့ပဲ ဖြစ်ပါ တယ်။ ဆိုလိုချင်တာက တရားသဘောဖြစ်တဲ့ “အူစူလ်”-(Primary factor)-ရင်းမြစ်သဘောကို သဘောတရား ဖြစ်တဲ့ “ဖူရုအ်”-Secondary factor-ဆင့်ပွားအနက်ကောက်ယူခြင်းက ကျော်လွန်သွားလို့မရပါဘူး။ ဥပမာအား ဖြင့် အစ္စလာမ့်ဥပဒေ အပိုင်း(၂)မှာ ကုရ်အာန်(၂၂း၂၇)ကို ကျွန်တော်တင်ပြခဲ့တာရှိပါတယ်။ အဲဒီ အာယသ်မှာ အလ္လာဟ်အရှင်မြတ်က လူသားတွေကို “ဟဂ်ျ”ပြုလုပ်ဖို့ဖိတ်ခေါ်ရာမှာ “ကုလားအုတ်”များစီးပြီးလာကြမယ်လို့ ဖော်ပြ ထားပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ လူတွေက “ဟဂ်ျ”သွားရာမှာ လေယာဉ်တွေစီးပြီးသွားနေကြတယ်။ ဒါက တရားသဘောတစ်ရပ်ကို သဘောတရားက ဘောင်ကျော်ပြီးဆောင် ရွက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် “ဟဂ်ျ”ပြုလုပ်ဖို့ “မက္ကာဟ်”ကိုမသွားဘဲ နေရာဒေသတစ်ခုခုက စိတ်ကူးနဲ့ “ဟဂ်ျ”ပြုလုပ်လို့ရတယ်လို့ဆိုလာရင် သော်လည်းကောင်း၊ မိမိကိုယ်တိုင် “ဟဂ်ျ”မသွားဘဲ အခြားတစ်ဦး တစ်ယောက်ကို “ဟဂ်ျ”ပြုဖို့ ကိုယ်စားလွှတ် လို့ရတယ်လို့ပြောလာရင်သော်လည်းကောင်း၊ ဒီလိုပြောဆိုလုပ်ဆောင် ချက်များသည် မူလတရားသဘော (အူစူလ်)ကို ဘောင်ကျော်သွားတဲ့ သဘောတရား(ဖူရုအ်)များသာဖြစ်တဲ့ အတွက် အစ္စလာမ့်ရှရီအာဟ်က လက်မခံပါဘူး။

          ကောင်းပြီ။ ဒါဆိုရင် မူလတရားသဘော(အူစူလ်)လည်း မပျောက်ပျက်သွားအောင် သဘောတရား(ဖူ ရူအ်)အပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့်ဆိုနိုင်အောင် ရှေးပညာရှင်ကြီးတွေက ဘယ်လိုအခြေခံမူ တွေ၊ ဘယ်လိုပညာရပ်တွေကိုအခြေခံပြီး ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုခဲ့လဲဆိုတာကို ဆက်လက်တင်ပြသွား ပါမယ်။

          ကျမ်းမြတ်ကုရ်အာန်ကို မူလအနှစ်အသားမပျောက်ပျက်ဘဲ ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့်ဆိုခြင်းကို “အိဂ်ျတေဟာဒ်” (Ijtihad) လို့ခေါ်ပါတယ်။ (Independent Judgement in a legal or theological question, based on the interpretation and application of the Quran).

          ကျမ်းမြတ်ကုရ်အာန်နဲ့ အာယသ်တော်များအပေါ် သဘောတရားပိုင်းဆိုင်ရာ (ဖူရုအ်)အနက်ကောက်ယူ တဲ့အခါမှာ အောက်ပါအခြေခံ(၃)မျိုးကို မူအဖြစ်ထားရှိပါတယ်။

(၁) အိဂ်ျတေဟားဒွလ် ဘယာနီးယာဟ် – (Ijtihad al-bayarniyah)

(၂) အိဂ်ျတေဟားဒွလ် ကိယားစီးယာဟ် – (Ijtihad al-qiyarsiyah)

(၃) အိဂ်ျတေဟားဒွလ် အိစ်တိစ်လာဟိယာဟ် – (Ijtihad al-istislarhiyah)

          ဒီနည်းစနစ်(၃)ခုဟာ ကုရ်အာန်ကို အကျယ်ဖွင့်ဆိုရာမှာ အလွန်မတန်ထိရောက်တဲ့ နည်းပညာများဖြစ် ပါတယ်။  ကုရ်အာန်ကို ဥပဒေပညာရပ်ရှုထောင့်က ဖွင့်ဆိုတဲ့ပညာရှင်အတော်များများဟာ ဒီနည်းစနစ်ကို သုံးစွဲ ကြပါတယ်။ ဆက်လက်ပြီး ဒီနည်းစနစ်(၃)ရပ်ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေကို တင်ပြသွားပါမယ်။

          (၁) အိဂ်ျတေဟားဒွလ် ဘယာနီးယာဟ် – ဆိုသည်မှာ အာယသ်တော်တစ်ခုမှာပါရှိတဲ့ စကားလုံးများကို အရဗီသဒ္ဒါနည်းအရလည်းကောင်း၊ အဘိဓာန်သဘောအရလည်းကောင်း၊ စာပေသဘောအရလည်းကောင်း အခြေပြုပြီး အနက်ကောက်ယူဖွင့်ဆိုတဲ့နည်း ဖြစ်ပါတယ်။

          အရဗီသဒ္ဒါနဲ့ အဘိဓာန်ရဲ့သဘောအပေါ် အနက်ဖွင့်ဆိုရာမှာ စကားလုံးတစ်လုံးကို….

(က) အဘိဓာန်ကပေးတဲ့ မူလအဓိပ္ပာယ်(လာဂ်ဝီး-Dictionary sense) ပေါ်တွင် အနက်ကောက်ယူခြင်း၊

(ခ) အများက သတ်မှတ်ခေါ်ဝေါ်သော အဓိပ္ပာယ်(အွရ်ဖီး-Conventional) ပေါ်တွင် အနက်ကောက်ယူခြင်း၊

(ဂ) နည်းပညာဆိုင်ရာ ဝေါဟာရ (အိစ်တွေလာဟီး-Technical terms) ပေါ်တွင် အနက်ကောက်ယူခြင်း၊

(ဃ) အထူးပြုတင်စားသုံးနှုန်းထားသည့် အသုံးအနှုန်း(အိစ်တေအာရီး – Figurative used) ပေါ်တွင် ကောက် ယူခြင်းစတဲ့ နည်းစနစ်တွေရှိပါတယ်။

          စာပေသဘောအရ အာယသ်တစ်ခုချင်းအပေါ်မှာ အနက်ကောက်ယူမယ်ဆိုရင် –

(က) အာယသ်တော်ရဲ့ တိုက်ရိုက်ရှင်းလင်းဖွင့်ဆိုချက် (အိဗားရတွန်းနားဆွ်-Directly by the explanation of the text) ပေါ်တွင် အနက်ကောက်ယူခြင်း၊

(ခ) အာယသ်တော်ရဲ့သွယ်ဝိုက်ရည်ညွှန်းဖွင့်ဆို အကြံပြုချက် (အိရှားရတွန်းနားဆွ် – Indirectly by the indi-cation or suggestion of the text) အပေါ်မှာ အနက်ကောက်ယူခြင်းစတဲ့ နည်းစနစ်တွေ ပါရှိပါတယ်။

(၂) အိဂ်ျတေဟားဒွလ် ကိယားစီးယာဟ် – ကို အနီးစပ်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် ကိစ္စ (သို့မဟုတ်) ပြဿနာတစ်ရပ်ကို အလားသဏ္ဍာန်ဆင်တူမှု (Analogy) နဲ့ ညီမျှမှု (Equality) တို့အပေါ်အခြေခံပြီး တိုင်းတာ သတ်မှတ်ခြင်း (သို့မဟုတ်) ဆုံးဖြတ်ခြင်းကို “အိဂ်ျတေဟားဒွလ် ကိယာစီးယာဟ်”လို့ခေါ်ပါတယ်။ အထူးသဖြင့် အစ္စလာမ်ဥပဒေရေးရာ၊ တစ်နည်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်ပြဋ္ဌာန်းချက်ဆိုင်ရာ ဥပဒေ (Law) အပေါ် နည်း ဥပဒေ (By Law) အဖြစ် ထုတ်နုတ်ကောက်ယူသတ်မှတ်ရာမှာ ဒီစနစ်ကိုကျင့်သုံးပါတယ်။ ဒီနည်းစနစ်မှာ အခြေခံပုံစံ(၂)ခုရှိပါတယ်။ ပထမပုံစံက “အိစ်တင်ဘာသ်”လို့ခေါ်ပြီး ပြဿနာတစ်ရပ်၊ အရေးအရာတစ်ရပ်ကို ကုရ်အာန်အာယသ်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်နိုင်ခြေရှိတဲ့ဘက်က သုံးသပ်ပြီး အဖြေထုတ်တဲ့ပုံစံဖြစ်ပါတယ်။ ဒုတိယပုံစံကတော့ “အိစ်တိခ်ရားဂ်ျ” ပြဿနာတစ်ရပ်ကို စဉ်းစားရာမှာ ဖြစ်နိုင်ခြေမရှိတဲ့ ဆန့်ကျင်ဘက်သဘော ဖက်က ထုတ်နုတ်ကောက်ယူအဖြေထုတ်တဲ့ပုံစံ ဖြစ်ပါတယ်။ ဒီပုံစံနှစ်ခုကိုပေါင်းစပ်ပြီး ပြဿနာတစ်ရပ်ကို ဖြေ ရှင်းလိုက်မယ်ဆိုရင် အနီးစပ်ဆုံးအဖြေတစ်ခုရရှိလာပါတယ်။ ဒီကနေ့ “အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်” အဖွဲ့အ စည်းမှာ လက်ခံထားတဲ့ “ကိယားစ်”ဆိုတဲ့သဘောနဲ့ အတူတူပါပဲ။

(၃) အိဂ်ျတေဟားဒွလ်အိစ်သိခ်လာဟိယဟ် – ဒီနည်းစနစ်က ယခင်က အလားတူဖြစ်ပျက်ခဲ့ဖူးခြင်းမရှိတဲ့ ပြဿနာတစ်ရပ် (သို့မဟုတ်) မေးခွန်းတစ်ခုကိုဖြေရှင်းရာမှာလည်းကောင်း၊ ရုတ်တရက် လတ်တလောဖြစ်ပေါ် လာရတဲ့ ပြဿနာတစ်ရပ်ကိုဖြေရှင်းရာမှာလည်းကောင်း၊ ပြဿနာတစ်ရပ်အပေါ် ကျမ်းမြတ်ကုရ်အာန်က ပုံသေ ကားချပ်၊ သတ်သတ်မှတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသောအခါမှာလည်းကောင်း၊ ဒီနည်းစနစ်ကိုအသုံးပြုပြီး အ နက်ကောက်ယူဖြေရှင်းရပါတယ်။ ဒီလို ဖြေရှင်းတဲ့အခါမှာ ပြဿနာတစ်ရပ်ရဲ့ဖြစ်ပျက်ရတဲ့ အကြောင်းရင်း၊ ဖြစ် ပျက်မှုအခြေအနေ၊ ပြဿနာရဲ့အတိမ်အနက်နဲ့ လျှောက်လဲချက်(Arguementation) အစရှိတာတွေအပေါ်မှာ အခြေပြုပြီး ကုရ်အာန်အာယသ်အပေါ် အနက်ကောက်ယူဖြေရှင်းတဲ့ နည်းဖြစ်ပါတယ်။ လူမှုဝန်းကျင်မှာ ဒီ တတိယနည်းစနစ်ကိုအခြေပြုပြီး ဖွင့်ဆိုရှင်းလင်းရတဲ့အနေအထားက အတော်များများရှိပါတယ်။

          အခု ကျွန်တော်တင်ပြခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်အပေါ်မှာ သဘောတရား(ဖူရုအ်)အရ အကျယ်ဖွင့်ဆို အနက်ကောက်ယူတဲ့ အခြေခံနည်းစနစ်(၃)ခုဟာ အခြေခံသဘောနဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကိုပဲ အများ မွတ်ဆလင်မ်တွေ အသိပညာရရှိအောင် (Awareness) ဖြစ်အောင်တင်ပြခြင်းအဆင့်မှာပဲ ရှိပါတယ်။ အသေး စိတ်ကိုတော့ ကျွန်တော်တို့ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ကုရ်အာန်သုတေသီတန်း မှာ သင်ကြားပေးလျက်ရှိပါတယ်။

          အစ္စလာမ်ရှရီအာဟ်နဲ့ပတ်သက်ပြီး နိဂုံးချုပ်တင်ပြလိုတာကတော့ အစ္စလာမ့်ရှရီအာဟ်သည် အင်မတန် မှ နည်းစနစ်ကျပြီး မျှခြေရှိတဲ့ တရားဥပဒေပဲဖြစ်ပါတယ်။ မလိုလားအပ်သော လူတချို့ရဲ့မှားယွင်းစွာအသုံးချမှု ကြောင့် အထင်လွဲခံရမှုတွေ၊ ထိတ်လန့်ကြောက်ရွံ့မှုတွေပေါ်လာရခြင်း ဖြစ်ပါတယ်။ အစ္စလာမ်ကို သက်ဝင်ယုံ ကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ အသုံးပြုမယ်ဆိုရင် Rule of law လို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေးကို ကောင်းစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။