ကုရ်အာန်၏ ၀ိသေသလက္ခဏာများ ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

ကုရ်အာန်၏ ၀ိသေသလက္ခဏာများ

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ယနေ့ဟာ ရမဿွာန်လမြတ်ရဲ့ နောက်ဆုံးဂျွမ္မာဟ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရမဿွာန်လရဲ့ ခွတ္တဗာဟ်တွေမှာ ကျွန်တော်ရဲ့ ဆရာများက ရမဿွာန်လအကြောင်း၊ သက္က၀ါအကြောင်းနဲ့ အစ္စလာမ့်သမိုင်းကို အဆုံးအဖြတ်ပေးခဲ့ တဲ့ ဗဒရ်စစ်ပွဲအကြောင်းတွေကို တင်ပြခဲ့ကြပါတယ်။ ဒီနေ့ ခွတ္တဗာဟ်(၁၀-၇-၂၀၁၅)နေ့မှာ ကျွန်တော့်အနေနဲ့ ရမဿွာန်လမှာ စတင်ကျရောက်ခဲ့တဲ့ ကုရ်အာန်အကြောင်းကို လေ့လာတင်ပြလိုပါတယ်။

ကျမ်းမြတ်ကုရ်အာန်ဟာ တမန်တော်မြတ် သက်ရှိထင်ရှားရှိနေချိန်အတွင်း အကျအန မှတ်တမ်းတင်ထား နိုင်ခဲ့ခြင်းကြောင့် တမန်တော်မြတ်လွန်ပြီး ယနေ့ထိတိုင်အောင် မူရင်းမပျက်တည်တံ့လျက်ရှိနေတဲ့ တစ်ခုတည်း သော ကောင်းကင်ကျကျမ်းဘဲဖြစ်ပါတယ်။ တမန်တော်မြတ်ရဲ့ ဟောကြားသွန်သင်ချက်များနှင့် အယူဝါဒတွေကို အတိအကျ ကိုယ်စားပြုလျက်ရှိနေပါတယ်။ ဒါဟာ အခြားအယူဝါဒများထက် ထူးခြားချက်လည်း ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ကျရောက်ချိန်ဟာ လအားဖြင့် ရမဿွာန်လဖြစ်ပြီး ကမ္ဘာလောကကြီးမှာ အသိတရား ကင်းမဲ့ပြီး အမိုက်မှောင်ဖုံးလွှမ်းနေချိန်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က အဲဒီအချိန်ကာကို (ကုရ်အာန်ကျရောက် ချိန်ကို) လိုင်လသွလ်ကဒရ်လို့ သုံးနှုန်းထားပါတယ်။ စည်းကမ်းနည်းလမ်းများ စတင်ပြဌာန်းရာ အမှောင်လွှမ်းသော ကာလသမယလို့ နားလည်သဘောပေါက်မိပါတယ်။ တနည်းအားဖြင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို နဗီအဖြစ် စတင်တာဝန်ပေးအပ်ခဲ့တဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ ဗမာလိုနားလည်အောင် ပြောရရင် တမန်တော် မုဟမ္မဒ် (ဆွ)အပေါ် ဥာဏ်စဉ်စတင်ကိန်းဝပ်ရာ ကာလဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် လမ်းညွှန်ချက်များသည် လူ့အရည်အသွေးကို ဖွံ့ဖြိုးတိုးတက် ခိုင်ခန့်တည်မြဲစေတဲ့ အချက်များဖြစ်ပါတယ်။ ဒီအချက်တွေကို မုဘာရက်ကွန်းလို့ ကုရ်အာန်မှာ ဖော်ပြထားပါတယ်။ (၃၈း၂၉)မှာပါ။

`ဤကား လူသားတို့၏ အရည်အသွေးများကို စောင့်ထိန်းကာကွယ်ရာ၊ ခိုင်ခန့်တည်မြဲစေရာ ဖွံ့ဖြိုးတိုးတက် စေရာနှင့် ထင်ရှားပေါ်လွင်စေရာအဖြစ် အလ္လာဟ်ကတမန်တော် မုဟမ္မဒ်(ဆွ)အပေါ်သို့ ထုတ်ပြန်ပို့ချပေးခဲ့တဲ့ ကျမ်း စာဖြစ်ပေသည်။ အသိပညာကိုယ်ခံအားကောင်းမွန်သော လူသားတို့သည် ယင်းလမ်းညွှန်ချက်များကို သုံးသပ်ဆင် ခြင်နိုင်ပြီး အသိတရားများ ပွားများနိုင်ရန်ဖြစ်သည်။´(၃၈း၂၉)

ကျွန်တော်တို့က ဘရ်ကသ်ရှိတယ်လို့ပြောရင် စားလို့သောက်လို့ မကုန်ခမ်းနိုင်တာ၊ အလ္လာဟ်ကမိုးပေါ်ကနေ ရွှေ၊ ငွေ၊ ရတနာတွေကို အထုတ်လိုက် ပြစ်ချပေးထားလို့ ခံယူထားတယ်။ စားမကုန် သောက်မကုန် လူတန်းစား တွေဖြစ်အောင် ဘရ်ကသ်ဘိုင်၊ ဘရ်ကသ်ဘီတို့၊ မုဘာရက်တို့ဆိုပြီး အမည်ပေးကြတယ်။ အလ္လာဟ်က ဒီအာယသ် တော်မှာ မုဘာရသ်ကွန်းလို့ ပြောထားတာက လူရဲ့အရည်အသွေးတွေကို စောင့်ထိန်းနိုင်ခြင်း လူ့အရည်အသွေး တွေ တည်တံ့ခိုင်မြဲခြင်း၊ ဒီလိုအရည်အသွေးတွေကလည်း လူသားတွေကြားမှာ ပေါ်လွင်ထင်ရှားနေခြင်းကို ဆိုလို တာပါ။ ကုရ်အာန်ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးရင် ဒီလိုအရည်အသွေးရှိတဲ့သူ ဖြစ်လာမှာပါ။ ကုရ်အာန်နဲ့ဝေးနေတဲ့အတွက် ကျွန်တော်တို့ဟာ လူ့အရည်အသွေးတွေ မပေါ်လွင်ဘဲ တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ အရည်အသွေးတွေနဲ့ လောကအလယ်မျက်နှာငယ်နေကြရပါတယ်။ ကုရ်အာန်လမ်းညွှန်ချက်တွေကို လိုက်နာကျင့် သုံးနိုင်ဖို့ (အူလူးလ်အလ်ဗါ) အသိပညာကိုယ်ခံအား ကောင်းမွန်တဲ့သူတွေဖြစ်ရမယ်။

နလဗိန်းတုံးတွေ၊ ငပိန်းတွေဖြစ်နေရင် ကုရ်အာန်ကို လက်ခံသုံးသပ်ဆင်ခြင်နိုင်မှာ မဟုတ်ဘူး။ ကုရ်အာန်ကို လက်ခံကျင့်သုံးနိုင်ဖို့အတွက် ပထမဦးစွာ အသိပညာ ကိုယ်ခံအားကောင်းဖို့ မိမိကိုယ်ကို ပြင်ဆင်ထားသင့်တယ်။ ဆိုလိုချင်တာက အလ္လာဟ်ဖြစ်ထွန်းစီရင်ထားတဲ့ လောကသဘာဝနိယာမတွေကို အရှိအတိုင်း လက်ခံနိုင်စွမ်းရှိရမယ်။ ဒါမှကုရ်အာန်ကို လေ့လာသုံးသပ်နိုင်မှာဖြစ်ပါ တယ်။ ဒီအခါမှာ သဘာဝဆိုတာ အလ္လာဟ်ရဲ့ပြဌာန်းချက်၊ စီမံချက်ဖြစ်တယ်။ သဘာဝဟာ အလ္လာဟ်မဟုတ်ဘူး။ အလ္လာဟ်ဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရဖူးဆိုတဲ့ အသိတွေပွားများနိုင်မှာဖြစ်ပါတယ်။

နောက်ကျွန်တော်တို့ မေ့မှားလွဲချော်နေတဲ့အသိတစ်ခုက ကုရ်အာန်ဟာ မွတ်ဆလင်မ်၊ မုအ်မင်န်တွေကို ချည်းဘဲ လမ်းညွှန်နေတာလို့ ထင်မြင်ယူဆနေခြင်းဖြစ်တယ်။ လူ့အရည်အသွေးတွေပြည့်ဝဖို့ လူတိုင်းအတွက် လမ်းညွှန်ချက်ဖြစ်တယ်။ ကုရ်အာန်မှာ ပြည့်ဝတဲ့မွတ်ဆလင်မ်၊ ပြည့်ဝတဲ့ မုအ်မင်န်တွေဖြစ်အောင် ကျင့်သုံးလိုက်နာရမယ့် လမ်းညွှန် ချက်တွေရှိနေပေမဲ့ မွတ်ဆလင်မ်တွေအတွက်ဘဲ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ လူတိုင်း ဟာ မွတ်စလင်မ်ဖြစ်တယ်။ မွတ်ဆလင်မ်ဆိုတာ နာခံခြင်း၊ မည်သည့်လူသားမှာမဆို ခုန်နေတဲ့နှလုံးတွေ၊ လေထုက သွေးကိုသန့်စင်ပေးတဲ့ အဆုတ်တွေ၊ အစာကိုချေဖျက်ပေးတဲ့ အစာအိမ်တွေ စတဲ့အင်္ဂါအစိတ်အပိုင်း တွေက အလ္လာဟ်ရဲ့ပြဌာန်းသတ်မှတ်ချက်တွေကို လိုက်နာရတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာအားဖြင့် မွတ်ဆလင်မ်များ ဖြစ်နေကြတယ်။ မိမိရဲ့စိတ်ပိုင်းဆိုင်ရာ (နာဖ်စ်)ကပါ အလ္လာဟ်ရဲ့ပြဌာန်းချက်တွေကို တသွေမတိမ်းနာခံမှ ပြည့်ဝတဲ့ မွတ်ဆလင်မ်တွေဖြစ်မယ်။ မည်သူမဆို ယုံကြည်ချက်ကိုယ်စီရှိနေတဲ့အတွက် လူတိုင်းဟာ မုအ်မင်န်တွေ ဖြစ်တယ်။ အလ္လာဟ်ပြဌာန်းချက်တွေကို ယုံကြည်ရင် စစ်မှန်တဲ့မုအ်မင်န်ဖြစ်မယ်။

ကျမ်းမြတ်ကုရ်အာန်နဲ့ပတ်သက်ပြီး မဟတ္တမဂန္ဒီ၊ လီယိုတော်စတွိုင်း၊ နပိုလီယံဗိုနာပတ်တို့လို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေက ချီးကျူးလေးစားမှုရှိခဲ့ကြပါတယ်။ အဲဒီအထဲက ကမ္ဘာကျော်ပညာရှင်ကြီးတစ်ဦးရဲ့ အမြင်ကို လည်း မျှဝေပေးလိုပါတယ်။ သူကတော့ ၀ီလီယံ(ဂျိမ်း)ဒူးရဲန်တ်ဖြစ်ပါတယ်။ ဒူးရဲန်တ်ဟာ အမေရိကန်က စာရေး ဆရာ၊ သမိုင်းသုတေသီနဲ့ ဒဿနိကပညာရှင်တစ်ဦးဖြစ်ပါတယ်။ The Story of Civilization (ယဉ်ကျေးမှုသမိုင်း စဉ်) စာအုပ်အတွဲပေါင်း(၁၁)တွဲထိ ရေးသားခဲ့ပြီး (၁၉၃၅-၁၉၇၅)နှစ်အတွင်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ယဉ်ကျေးမှုသမိုင်းစဉ် အတွဲ-၄ စာ-၂၃၆ မှာ ကုရ်အာန်နဲ့ပတ်သက်ပြီး အခုလိုရေးသားထားပါတယ်။ “ကျမ်းမြတ်ကုရ်အာန်သည် ရိုးစင်းသော သာသနာကို အပ်နှင်းပြီး ရိုးသားသောလူထုအတွင်း ရုပ်ထုဆင်းထု ကိုးကွယ်ခြင်းနှင့် ကင်းအောင်ပို့ချခဲ့သည်။ ကုရ်အာန်သည် မွတ်ဆလင်မ်တို့၏ ယဉ်ကျေးမှုဓလေ့စရိုက်ကို မြင့်မား စေပြီး၊ လူမှုဆက်ဆံရေးတွင် ခွန်အားပြည့်စုစည်း ညီညွတ်မှုကိုဖြစ်စေသည်။ ကျန်းမာရေးကို ထိန်းသိမ်းရန် လမ်းညွှန်သည်။ မွတ်ဆလင်မ်တို့ကို ကြမ်းကြုတ်ရက်စက်မှုများမှ ကင်းဝေးစေသည်။ ဆင်းရဲနွမ်းပါးနိမ့်ကျမှုများကို နေရာပေးဆက်ဆံရန်၊ တရားမျှတမှု တန်းတူရည်တူထားရန် လမ်းညွှန်သည်။ ကုရ်အာန်ကလူသားများကို ဘ၀၏ ပြဿနာများနှင့် ရင်ဆိုင်နိုင်အောင် သင်ကြားပေးသည်။ ထိုအကြောင်းများကြောင့် မွတ်ဆလင်မ်လူ့အဖွဲ့အစည်း သည် တဖြည်းဖြည်းတိုးတက် စည်ပင်ဝပြောလာသည်မှာ ကမ္ဘာ့သမိုင်းတွင် အံ့သြဖွယ်ရာဖြစ်ပေသည်။´´လို့ ရေးသားထားပါတယ်။

အခုဆက်လက်ပြီး ကုရ်အာန်ကျရောက်ရာကာလ၊ ကုရ်အာန်ကို ပို့ချသူ အလ္လာဟ်ဂုဏ်တော် နှင့် ကုရ်အာန်ကို လက်ခံသူ တမန်တော်မြတ်ရဲ့ အရည်အသွေးကို ဆက်လက်လေ့လာတင်ပြလိုပါတယ်။

အများသိပြီးဖြစ်တဲ့ ကုရ်အာန်(၂း၁၈၅)မှာ ပါရှိတဲ့ အာယသ်တော်ကို ကိုးကားချင်ပါတယ်။

`ရမဿွာန်လမြတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်ကို ချပေးတော်မူ၏။ ထိုကျမ်းသည် လမ်းညွှန်ချက်၊ ရှင်းလင်းချက်နှင့် အမှား၊ အမှန်၊ ခွဲခြားရန် မှတ်ကျောက်ဖြစ်ပေသည်။… ´ (၂း၁၈၅)

အသိတရားတွေ ခေါင်းပါးနေပြီး အမိုက်မှောင်ဖုံးလွှမ်းနေချိန်တစ်ခုသော ရမဿွာန်လမှာ ကျမ်းမြတ်ကုရ် အာန် စတင်ကျရောက်ပါတယ်။ နှလုံးသားမှာ ကုရ်အာန်ကိန်းဝပ်ရာ မုဟမ္မဒ်(ဆွ)သည်လည်း အလ္လာဟ်ထံက သတင်းစကားကို လက်ခံရရှိသူ (နဗီ)လည်းအဖြစ် ပြန်လည်ဖြန့်ချိသူ(ရေဆာလသ်)ပြုလုပ်သူ ရစူလ်လည်းဖြစ်ခဲ့ ရပါတယ်။ ကုရ်အာန်မှာ ၀ဟီ(အလ္လာဟ်ထံမှာ ဥာဏ်စဉ်)ကို ပေးတော်မူသောအရှင်နှင့် ၀ဟီကို လက်ခံရရှိသူ အကြောင်း ရှင်းပြထားပါတယ်။ (၅၃း၁-၆)မှာပါ။

`အလ္လာဟ်က ကြယ်တာရာတွေ ၀င်ထွက်သွားလာမှုကို တိုင်တည်၏။ သင်တို့၏အဖော်က လမ်းလည်း မလွဲ။ လမ်းလည်းမမှား၊ သူသည် သူ၏အလိုဆန္ဒများကို ပြောနေသည်မဟုတ်။ သူ့ထံကျရောက်လာရာဝဟီ ဖြစ်သော ကုရ်အာန်ကိုသာ ပြောနေခြင်းဖြစ်သည်။ သူ(မုဟမ္မဒ်)အား တန်ခိုးစွမ်းအားကြီးမားလှသော အရှင်က သင်ကြားပေးတော်မူခဲ့သည်။ ထိုအရှင်သည် ဘ၀၏ပြောင်းလဲဖြစ်ပျက်နေသောအရာများနှင့် ကောင်းစွာ သိရှိနား လည်းအကျွမ်းတ၀င် ရှိလှသူဖြစ်၏။ သူ(မုဟမ္မဒ်)တွင် ဘက်မျှသော ကိုယ်ရည်ကိုယ်သွေးရှိနေ၏။´

ကြယ်တာရာတွေကို တိုင်တည်ပြီး အလ္လာဟ်ကပြောပြနေတာပါ။ ဒီလိုတိုင်တည်တာကို ကြည့်ခြင်းအားဖြင့် လူသားတွေဟာ မိမိတို့ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေရမယ်။ လူ့ဝန်းကျင်မှာရှိတဲ့ လူနဲ့သစ်ပင်၊ ပန်းမာလ် တွေ၊ ရေ၊ မြေ၊ တော၊ တောင်၊ မြစ်ချောင်း၊ အင်းအိုင်တွေ၊ နေ၊ လ၊ နက္ခတ်တာရာတွေအကြောင်းကို လေ့လာဆည်း ပူးနေဖို့အတွက်လည်း အလ္လာဟ်ရဲ့တိုက်တွန်းနှိုးဆော်ချက်လို့ ကျွန်တော်တို့ခံယူတတ်ရပါမယ။် ကြယ်တွေရဲ့ ၀င်ထွက် သွားလာမှုဟာ ပရမ်းပတာမဟုတ်ဘူး။ စနစ်တကျရှိတယ်။ ဒါကြောင့် အဆုံးအစမရှိတဲ့ ကန္တာရမှာဖြစ်စေ။ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာဖြစ်စေ၊ ကြယ်တာရာတွေကိုကြည့်ပြီး ခရီးပန်းတိုင်ကို အရောက်သွားနိုင်တယ်။ ဒီလိုပဲ တမန်တော်မုဟမ္မဒ်ကလည်း ကမ်းမမြင်၊ လမ်းမမြင်၊ လူ့ဘ၀ခရီးမှာ လမ်းမှန်ကို ပြသနိုင်သူဖြစ်တယ်။ လူသားတို့ရဲ့ ဘ၀ခရီးမှာ ပန်းတိုင်ရောက်အောင် လမ်းပြနိုင်တဲ့အဖော်ကောင်းဖြစ်တယ်။ သူရဲ့လမ်းညွှန်မှုတွေဟာ ထင်ရာမြင်ရာတွေ ရမ်းသမ်းပြောနေတာမဟုတ်၊ သူ့ထံသို့ အလ္လာဟ်ကကိန်းဝပ်ပေးရာဥာဏ်စဉ်(ကုရ်အာန်)ကို ပြောကြားနေခြင်းဖြစ်တယ်။ သူ(မုဟမ္မဒ်)ကို သင်ကြားပေးသောအရှင်ကား တန်ခိုးစွမ်းပကားကြီးမားလှသော အလ္လာဟ်ဖြစ်တယ်။ အလ္လာဟ်က ဖြစ်ပျက်ပြောင်းလဲနေသော ဓမ္မရဲ့အရှင်ဖြစ်တယ်။ သင်ကြားပို့ချခံရတဲ့ တမန်တော်(ဆွ)မှာလည်း သင်ကြားမှုကို လက်ခံနိုင်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပြည့်စုံနေပြီဖြစ်တယ်။

ဒါက ၀ဟီ(ကုရ်အာန်)နဲ့ ၀ဟီရဲ့အရှင် အလ္လာဟ်ရဲ့ ဂုဏ်တွေကို ဖော်ကျူးထားပြီး တစ်ဆက်တည်း ၀ဟီကို လက်ခံရယူတဲ့ တမန်တော်မြတ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ချိတ်ဆက်လိုက်ပါတယ်။ ရှေ့လာမဲ့ အာယသ်တော် တွေမှာ ၀ဟီကိုလက်ခံရရှိချိန်က တမန်တော်မြတ်ရဲ့ အသိတရားအခြေအနေကို ဖော်ပြထားပါတယ်။

`မုဟမ္မဒ်၏ အသိပညာ၏ အမြင့်ဆုံးသော နယ်နိမိတ်ဘောကို ရောက်နေခိုက်တွင် သူသည် အမှန်တရား (သစ္စာတရား)နှင့် နီးသည်ထက်နီးကပ်လာရာမှ လေးကိုင်းနှစ်ဖက် ပမာဏ(သို့မဟုတ်) ထို့ထက်ပိုမိုတိမ်းညွှန် နီးကပ်လာခဲ့၏။ ထိုအချိန်တွင် အလ္လာဟ်သည် သူ၏နာခံတော်ထံသို့ ၀ဟီကို ထုတ်ပြန်ပေးခဲ့တယ်။´ (၅၃း၇-၁၀)

အလ်အုဖု(က်)ဆိုတာက မိုးကုတ်စက်ဝိုင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကွင်းပြင်ကပဲဖြစ်စေ၊ ကန္တာရကပဲဖြစ်စေ၊ ဟိုးအဝေးကို လှမ်းကြည့်လိုက်ပါ။ ကောင်းကင်နဲ့ မြေပြင်ထိစပ်နေတယ်လို့ ထင်ရတဲ့အရာဟာ မိုးကုတ်စက်ဝိုင်းပါ။ ရပ်နေတဲ့ အရပ်ကနေ ပိုမိုမြင့်မားတဲ့ဆီကနေကြည့်ရင် ပိုမိုဝေးကွာတဲ့နေရာမှာ မိုးကုတ်စက်ဝိုင်းကို တွေ့ရမှာပါ။ မြင့်မြင့်ရပ်လေ၊ မိုးကုတ်စက်ဝိုင်းက ပိုဝေးလေ။ အမြင်က ပိုကျယ်ဝန်းလေဖြစ်ပါတယ်။ အလ်အုဖုကေ အအ်လာ´ဆိုတာ လူသားတစ်ဦးမှာရှိနိုင်တဲ့ အမြင့်ဆုံးသောအသိတရားပါ။ အဲဒါ နဗီတစ်ပါးမှာရှိတဲ့ အသိတရားရဲ့နယ်ပယ် အကျယ်အ၀န်းဖြစ်ပါတယ်။ တမန်တော်မြတ်ကိုပင်လျှင် အသိတရားနဲ့ ပြည့်စုံနေတဲ့အချိန် မှာ ၀ဟီကိုချပေးတယ်ဆိုရင် ကျွန်တော်တို့က အဲဒီဝဟီကုရ်အာန်ကို လက်ခံကျင့်သုံးနိုင်ဖို့ အသိတရားနဲ့ ပြည့်စုံမှ ဖြစ်နိုင်မယ်ဆိုတာ သေချာပါတယ်။ အသိတရားဆိုတာ ဘွဲ့တွေ၊ ဂုဏ်ထူးတွေရှိမှ မဟုတ်ပါဘူး။ မိမိနဲ့ မိမိပတ်ဝန်း ကျင်ကို စူးစမ်းလေ့လာတတ်၊ ပိုင်းခြားဝေဖန်တတ်တဲ့အသိတရား ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်ကို တမန်တော်မုဟမ္မဒ်လောက် သိရှိနား လည်တဲ့သူ ကမ္ဘာပေါ်မှာ မရှိပါဘူး။ သူသက်ရှိထင်ရှားရှိစဉ်က ၀န်းရံနေတဲ့ဆွဟာဗာဟ်တွေလည်း တမန်တော်မြတ် လောက် ကုရ်အာန်ကိုနားမလည်ဘူး။ ဒါပေမယ့် အဲဒီဆွဟာဗာတွေရဲ့ ကုရ်အာန်ကိုလိုက်နာကျင့်သုံးမှုဟာ အခုခေတ် အာလင်မ်တွေထက်တော့ အဆပေါင်းများစွာ သာလွန်ခဲ့ပါတယ်။ အခုလို အိုင်တီခေတ်ကြီးမှာ မဆိုထားနဲ့။ နောက်ဘယ်လောက်တိုးတက်ထွန်းကားတဲ့ခေတ်တွေ ရောက်လာပါစေ။ တမန်တော်လောက် နားလည်သဘောပေါက်တဲ့သူ ပေါ်ဖို့မရှိနိုင်တော့ပါဘူး။

ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ အတွေးအခေါ်ပညာရှင်တွေ တတ်သိပညာရှင်တွေ သိပ္ပံပညာရှင်တွေရဲ့ အသိနဲ့ လုပ်ရပ်ဟာ ဘယ်သောအခါမှ ထပ်တူမဖြစ်ခဲ့ပါဘူး။ သူတို့သိရှိထားတာနဲ့ မဆိုမလောက်ပမာဏကိုပဲ လက်တွေ့ကျင့်သုံးနေခဲ့ကြတာပါ။ နဗီတမန်တော်တစ်ပါးရဲ့ဘ၀ကတော့ အသိနဲ့လုပ်ရပ်တထပ်တည်းကျခဲ့ပါတယ်။ ဒါကြောင့် တမန်တော်မုဟမ္မဒ်ရဲ့ဘ၀ကို လေ့လာကြည့်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ သမ္မတလည်းဖြစ်သလို၊ စီးပွား ရေးပညာရှင်လည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်သလို နိုင်ငံရေးသမားလည်းဖြစ်၊ စွယ်စုံစွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

သစ္စာတရားနဲ့ အနီးကပ်ဆုံး ရောက်ရှိခိုက်မှာ အလ္လာဟ်အရှင်မြတ်က သူ့ကိုဝဟီ(ဥာဏ်စဉ်)ကို ချီးမြှင့်ခဲ့ပါ တယ်။ ၀ဟီကိုရရှိပြီး သူခံစားမိရာ သုခနှင့်ကောင်းချီးမင်္ဂလာတို့တွင် မိန်းမောမနေတဲ့ လက်တွေ့လူ့လောက၌ လူ့ဘ၀ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရ၏။ သူရရှိရာ ဥာဏ်စဉ်အတိုင်း လူသားတို့၌ဖိစီးနေသော ၀န်ထုတ် ၀န်ပိုးများကို ဖြေလျော့ပေးရ၏။ အကြမ်းဖက်ထင်ရာစိုင်းနေသော ဖောက်လွဲဖောက်ပြန် အင်အားစုများကို ရင်ဆိုင် ဖြေရှင်းခဲ့ရ၏။ အောင်မြင်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ကျွန်တော်တို့လို သာမန်လူသားတွေအတွက်တော့ ကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ်လုံး နားလည်ဖို့ဆို တာမဖြစ်နိုင်ပါဘူး။ လူသားတို့ရဲ့ အသိတရားတွေဟာ ခေတ်ကာလတိုင်းမှာ တိုးတက်နေတာပါ။ လူတို့ရဲ့ အသိတရားတွေ တိုးတက်လာလေ ကုရ်အာန်ကို ပိုမိုနားလည်သဘောပေါက်လာလေဖြစ်မှာပါ။ ဒါကြောင့် လောကမှာရှိသမျှ ပင်လယ်သမုဒ္ဒရာတွေကို မှင်လုပ်ပြီး ရှိရှိသမျှအပင်တွေကို ကလောင်တံလုပ်ပြီး ရေးသားဦးတော့ ကုရ်အာန်ကိုဖွင့်ဆိုလို့ မကုန်နိုင်ဘူးလို့ ကုရ်အာန်က အသိပေးထားတာပါ။

ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်ကို ဘယ်သူကပဲ ဖွင့်ဆိုပါစေ။ ဘယ်လိုရှုထောင်ကပဲ ဖွင့်ဆိုပါစေ။ ကျွန်တော်တို့ သဘောတူသည်ဖြစ်စေ။ သဘောမတူသည်ဖြစ်စေ၊ နားလည်လက်ခံပေးရမှာပါ။ သူတို့ဖွင့်ဆိုတဲ့ အတိုင်း အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်မှု၊ လိုက်နာကျင့်သုံးမှုကတော့ မိမိရဲ့အသိပညာကိုယ်ခံစွမ်းအားနဲ့ ပတ်သက်ပါတယ်။ ယခုရှိနေတဲ့ ကုရ်အာန် ကို မီးပဲရှို့ရှို့၊ မြေပဲမြှုပ်မြှုပ်၊ မတော်မတရား ဝေဖန်ပုတ်ခတ်တာကိုပဲလုပ်လုပ် ကုရ်အာန်ရဲ့ ဂုဏ်သတင်းက ပျောက် ပျက်သွားဖို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုရ်အာန်ဟာ အမှန်တရား၊ သစ္စာတရားဖြစ်လို့။ ဒီကုရ်အာန်ကို ထိန်းသိမ်းစောင့်ရှောက်တာ လူသားတွေမဟုတ်၊ နတ်ဗြဟ္မာတွေမဟုတ်၊ အလွန်တရာ တန်ခိုးစွမ်းအားကြီးမားလှ သော အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်းစောင့်ရှောက်ထားလို့ ဖြစ်ပါတယ်။

ကုရ်အာန်ထဲက ကျွန်တော်တို့ တတ်သိနားလည်သမျှ အာယသ်တွေအနက် အာယသ်တော်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်လိုက်ရင် ကျွန်တော်တို့ဟာ လိုင်လသွလ်ကဒရ်နဲ့ ဆုံတွေ့ကြတဲ့သူတွေ၊ လပေါင်း တစ်ထောင် တနည်းအားဖြင့် နှစ်ပေါင်းရှစ်ဆယ် အကျိုးကျေးဇူးတွေ ခံစားကြရမယ်။ အမိုက်မှောင် ဖုံးလွှမ်းနေသော အခါသမယ ဖြစ်လင့်ကစားကိစ္စရပ်တိုင်းမှာ ထိုလမ်းညွှန်အတိုင်း ဆောင်ရွက်ပါက အမှောင်ပျောက်ကာ အလင်းရောင်ထိုးဖောက်လာသည့် အချိန်ထိ ငြိမ်းချမ်းသာယာမှုရှိနေမယ်လို့ ဆူရာဟ် အလ်ကဒရ်မှာ မိန့်ဆိုထား ပါတယ်။ ဒီနေရာ ဆူရာဟ် အမှတ်၉၇ ဖြစ်တဲ့ ဆူရာဟ်ကဒရ်ရဲ့ ဆိုလိုရင်းကိုလည်း ပြောပြချင်ပါတယ်။

“အလ္လာဟ်အရှင်မြတ်သည် အမိုက်မှောင် ဖုံးလွှမ်းနေသောအချိန်၌ လိုက်နာကျင့်သုံးရမည့် စည်းကမ်းနည်း လမ်းများဖြစ်သော ပြဌာန်းချက် (ကုရ်အာန်၏ အာယသ်တော်)ကို စတင်ချပေးတော်မူ၏။ ကုရ်အာန်စတင်ကျ ရောက်ရာ အချိန်ကာလကို `လိုင်လသွလ်ကဒရ်´ဟုခေါ်၏။ ကျမ်းမြတ်ကုရ်အာန်၏ ပြဌာန်းချက်များအနက် (အာယသ်တော်)တစ်ခုကို လက်တွေ့လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်လိုက်ပါက မိမိတို့တစ်သက်လုံး ဆည်းပူးလေ့လာကျင့်သုံးခဲ့သော အခြားအယူဝါဒများထက် ပိုမိုအကျိုးဖြစ်ထွန်းပေမည်။ (လပေါင်းတစ်ထောင်ထက် ပိုမို၍မြင့်မြတ်လှပေသည်)။ မတော်မတရားမှုများ ဖြစ်ပေါ်နေသည့် အမှောင်ဖုံးနေသောကာလပင်ဖြစ်လင့်ကစား ကုရ်အာန်၏ ပြဌာန်းချက်တစ်ခုကို လိုက်နာကျင့်သုံးခဲ့ပါက ထိုသူကို အလွန်အစွမ်းထက်သော သဘာဝစွမ်းအားစု များ၏ အကူအညီရရှိနေမည်ဖြစ်သည်။ အမိုက်မှောင်ကာလသည်ပင်လျှင် ထိုသူအတွက် ငြိမ်းချမ်းသော ကာလသမယ ဖြစ်နေပေလိမ့်မည်။´´ လို့ ဆူရာဟ် ကဒရ်မှာ လမ်းညွှန်ထားပါတယ်။

ဥပမာ အဂတိလိုက်စားသူများ ပေါများနေချိန်မှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာနဲ့ နေနိုင်မယ်ဆိုရင်၊ သူတစ်ပါးက မိမိကို မကောင်းကြံနေချိန်မှာ ကောင်းမှုနဲ့တုံ့ပြန်နိုင်မယ်ဆိုရင်၊ မိမိလက်ခံကျင့်သုံးနေတဲ့ အယူဝါဒကို အခြားသူများက မတော်မတရား စော်ကားနေပါလျက်၊ မိမိက အခြားသူများရဲ့ ယုံကြည်ချက်ကို မစော်ကားဘဲ နေနိုင်မယ်ဆိုရင် အဲဒီလူဟာ ကုရ်အာန်ရဲ့ပြဌာန်းချက်တွေကို လိုက်နာကျင့်သုံးနိုင်သူဖြစ်တယ်။ လိုက်လသွလ်ကဒရ်ကို ရရှိတဲ့သူဖြစ်တယ်။ သူ့ရဲ့ကျင့်သုံးမှုတွေကြောင့် အခြားသူများ တစ်သက်လုံးကျင့်သုံး ဆောင်ရွက်ခဲ့တာထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားနေရမှာဖြစ်ပါတယ်။

အလ္လာဟ်က ပြီးပြည့်စုံတဲ့ လမ်းညွှန်ချက်ကုရ်အာန်ကို ချမှတ်ပေးပြီးဖြစ်ပါတယ်။ ဒီလမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့က လူသားရဲ့တာဝန်ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က အကျိုးရှိပြီး ထိရောက်သောဝါဒလမ်းစဉ်များကို ချမှတ်ပေးထားတာပါ။ ဒီလမ်းစဉ်များကို လိုက်နာကျင့်သုံးသူများလေ၊ ကုရ်အာန်ရဲ့ဂုဏ်သတင်းဟာ ပိုမိုကျော်ကြားလေဖြစ်မယ်။ ကျင့်သုံးသူများဟာလည်း အောင်မြင်တဲ့ဘ၀ကို ထူထောင်နိုင်သူများဖြစ်မယ်။

ဆူရာဟ် (၃၅း၁၀)မှာ `အကျိုးပြု ထိုရောက်သော ၀ါဒများက အလ္လာဟ်ထံသို့ရောက်ရှိမည်။ ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်များကြောင့် ၀ါဒများကို မြင့်မားစေမည်ဖြစ်၏။´လို့ ဆိုထားပါတယ်။

ယနေ့ဂျွမ္မာဟ်မှာ ကုရ်အာန်၏၀ိသေသလက္ခဏာများဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြခဲ့တာပါ။ အနှစ်ချုပ် လိုက်ရင်

၁။ အလ္လာဟ်သည် ယုံကြည်သူတို့၏ အားကိုးအားထားရာ မိတ်ဆွေဖြစ်၏။

၂။ တမန်တော်မြတ်သည် ကုရ်အာန်အားဖြင့် လူသားတို့၏ ပန်းတိုင်ကို ညွှန်ပြနိုင်သော အပေါင်းအဖော် အစစ်အမှန်ဖြစ်၏။

၃။ ကုရ်အာန်သည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊ လူသားတိုင်းအတွက်လမ်းညွှန်ချက်ဖြစ်၏။

၎။ ကုရ်အာန်သည် တမန်တော်လက်ထက်မှစ၍ ယနေ့ထိတိုင်အောင် မူရင်းမပျက် တည်ရှိနေတာ ကောင်းကင်ကျ ကျမ်းဂန်ဖြစ်သည်။

၅။ကုရ်အာန်ကို အသိပညာကိုယ်ခံအားကောင်းသူများသာ လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်သည်။

၆။ ကုရ်အာန်သည် တစ်ဦး၊ တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနှင့် သက်ဆိုင်သည်မဟုတ်။ လူသားအားလုံးနှင့် သက်ဆိုင်သော ကျမ်းဂန်ဖြစ်သည်။

၇။ မတော်မတရားများ ပြည့်နှက်နေသော အမှောင်ခေတ်တွင် ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် (ငြိမ်းချမ်းမှု) သန္တိသုခကို ခံစားရမည်။

၈။ ကုရ်အာန်ကို ပြန်လည်ဖြန့်ချိခဲ့သော တမန်တော်သည် ပန်းတိုင်သို့ဘေးမသီ၊ ရန်မခဘဲ ပို့ဆောင်ပေး နိုင်သော လူသားတို့၏ အဖော်မွန်ဖြစ်သည်။ ဆိုတာ တင်ပြရင်း ရပ်နားလိုက်ပါတယ်။