(၂ဝ၁၅) အီဒွလ်ဖိတိရ် ခွတ္တဗါဟ် မုဖ်သီ ဦးစန်းအောင် (B.Sc)

(၂ဝ၁၅) အီဒွလ်ဖိတိရ် ခွတ္တဗါဟ်

မုဖ်သီ ဦးစန်းအောင် (B.Sc)

ဒီကနေ့ (၁၇.၇.၂ဝ၁၅) ဒီဒွလ်ဖိတိရ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုရန် ကြွရောက်လာကြတဲ့ ၅၉လမ်း၊ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်ရဲ့ ဆရာများ၊ တာဝန်ရှိအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဂျမ္မာအသ်သားများ၊ ဧည့်သည်တော်များခင်ဗျား။

“ အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လာဟိ ဝဘရကာသုဟု……….”

ကျနော်တို့ဟာ ပြီးခဲ့တဲ့ရမဒွါန်လမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အေဗာဒသ်တစ်ရပ်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ရှောဝ်ဝလ်လဆန်း(၁)ရက်နေ့မှာတော့ ကျနော်တို့ ထမ်းဆောင်ခဲ့တဲ့ အေဗာဒသ်တာဝန်ကြီးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အပေါ်မှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအထိမ်းအမှတ်အနေနဲ့ “ အီဒွလ်ဖိတိရ်” ဝါကျွတ်အီဒ်းပွဲတော်ကို ဆင်နွှဲနေကြခြင်းပဲဖြစ်ပါတယ်။ကျနော့အနေ နဲ့ ဒီကနေ့ ၂ဝ၁၅ အီဒွလ်ဖိတိရ် ခွတ္တဗာဟ်မှာတော့ဖြင့် အစ္စလာမ်လူ့အဖွဲ့အစည်းဝင် တစ်နည်းအားဖြင့် Islam Community နဲ့ ပတ်သက်ပြီးတော့ အနည်းငယ်တင်ပြပါရစေ။

စောစောကကျနော်ရွတ်ဖတ်သွားတာကတော့ ကျမ်းတော်မြတ်ကုရ်အာန် (ဆူရာဟ်ဘနီအစ္စရာအီလ်း) (၁၇း၂၈) ဖြစ်ပါ တယ်။ အဲဒီအဓိပ္ပါယ်ကို တင်ပြပါရစေ။

“အသင်တို့ ကိုယ်တိုင် အလ္လာဟ်အရှင်မြတ်ထံမှ ရဟ်မသ်တော်ကို စောင့်စားနေရသည့်အားလျော်စွာ အားနည်းချက်ရှိသူများနှင့်ပတ်သက်ပြီး သူတို့၏အရေးအရာများကို မဆောင်ရွက်ပေးနိုင်ခဲ့ပေငြားလည်း အသင်သည် သူတို့အား နှုတ်အားဖြင့် ကူညီစောင်မပေးလိုက်ပါလေ။” (ကုရ်အာန်-၁၇း၂၈)

ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ဒီအာယသ်တော်ဟာဖြင့် ဒီကနေ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းအတွက် အင်မတန်လိုအပ်နေတဲ့၊ ပုံဖော်ဆောင်ရွက်ရမယ့် အာယသ်တော်တစ်ပါးဖြစ်ပါတယ်။ ဒီကနေ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်တဲ့အခါမှာ ‘ရယူခြင်း’ ဆိုတာထက်ကို ‘ပေးဆပ်ခြင်း’ နဲ့တည်ဆောက်ရမှာဖြစ်ပါတယ်။ အစ္စလာမ်ဆိုတဲ့ အနက်သဘော(Definition) ထဲမှာ တစ်နည်းအားဖြင့် အစ္စလာမ်ဆိုတဲ့ စကားလုံးကို အကျယ်ဖွင့်ဆိုရမယ်ဆိုရင် လူတွေတစ်ဦးချင်းမှာရှိတဲ့ အားသာချက်တွေကို ပေးဝေ၊ စိုက်ထုတ်၊ စုဆောင်း၊ ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့ အချက်တစ်ရပ်ဟာ ပါဝင်ပါတယ်။ လူဆိုတာက တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ရပ်တည်လို့ရတာမဟုတ်ပါ။ လူတိုင်းလူတိုင်းမှာ သူဌေးကြီး ဖြစ်နေပါစေ။ သူ့ဆီမှာ အားနည်းချက်ဆိုတာ ရှိနေမှာပဲဖြစ်ပါတယ်။ အားသာချက်တွေရှိသလို၊ အားနည်းချက်တွေလည်းရှိပါတယ်။

ဆင်းရဲသားတစ်ယောက် ဖြစ်နေပါစေ။ မပြည့်စုံတဲ့လူတစ်ယောက် ဖြစ်နေပါစေ။ သူ့ဆီမှာ ‘အားနည်းချက’် ရှိမှာအမှန်ဖြစ်ပေမယ့် ‘အားသာချက်’ တွေလည်း ရှိပါတယ်။ ဒီတော့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်တဲ့ အခါမှာ မိမိမှာရှိတဲ့၊ လူတိုင်းလူတိုင်း အသီးအသီးရှိနေကြတဲ့ အားသာချက်တွေကို စုပေါင်း၊ ရင်းနှီး၊ မြှုပ်နှံ၊ မျှဝေ ပေးရပါမယ်။ဒီကနေ့ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် (Share) လုပ်ပြီးတဲ့အခါကြတော့ အဲ့ဒီလူ့အဖွဲ့အစည်းကို ထူထောင်ကြရမှာပါ။

လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်တဲ့အခါမှာ အဲဒီလူ့အဖွဲ့အစည်းမှာ ပါဝင်ကြသူအားလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုသည် အရေးအကြီးဆုံး အခန်းကဏ္ဍမှာရှိနေပါတယ်။ ဒါဟာ အစ္စလာမ်ကပြတဲ့(တစ်နည်း) ကျမ်းမြတ်ကုရ်အာန်ကပြတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှု စနစ်ဇယားတစ်ရပ်ဖြစ်ပါတယ်။ “တတ်နိုင်တဲ့ လူတွေရှိတာပဲ၊ ငါတို့မပါဝင်ရင်လည်းရပါတယ်”ဆိုတဲ့ စိတ်ထားမျိုးက အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်တဲ့အခါမှာ မလိုလားအပ်တဲ့၊ မထားသင့်မထားအပ်တဲ့ စိတ်ထားတွေဖြစ်ပါတယ်။ ဒါကြောင့် အားလုံးအားလုံးဟာ မိမိတို့တတ်နိုင်တဲ့ဖက်က ပါဝင်ဆောင်ရွက်ရမယ်လို့ ဒီအာယသ်(၁၇း၂၈)က ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။

တချို့ကလာပြီး အကူအညီတောင်းတယ်။ လူဆိုတာက ချမ်းသာတဲ့လူလည်း အကူအညီတောင်းခံရမှာပဲ။ ဆင်းရဲတဲ့လူလည်း၊ အကူအညီတောင်းခံရမှာပဲ။ အဲဒီလို အကူအညီ အတောင်းခံရတဲ့အခါမှာ ငါတို့ကတော့ မပြည့် စုံဘူး။ ငါတို့ကူညီစရာမလိုဘူးဆိုတဲ့ စိတ်ထားထက်ကို ကုရ်အာန်ကပြောနေတာက ကိုယ့်ဆီမှာ ဘာအားသာချက် ရှိသလဲ။ နောက်ဆုံးဗျာ စကားလေးတစ်ခွန်းနဲ့ အကောင်းဆုံး အားပေးလိုက်ရင်၊ အဲဒါသည်ပင် လူ့အဖွဲ့အစည်းထဲမှာ ပါဝင်မျှဝေ ဆန္ဒပြုခြင်းပဲဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ကြုံတွေ့နေရတာကတော့ တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ တစ်စုတစ်ဖွဲ့ကသော်လည်းကောင်း၊ အကောင်းဆုံးသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်တဲ့အခါမှာ ပါဝင်အားပေးကူညီရမယ့်အစား၊ နှောင့်ယှက်ဖျက်ဆီးလိုက်တဲ့ဟာတွေက ကျနော်တို့ Muslim Community မှာ အများအပြားတွေ့နေရပါတယ်။ ကိုယ့်လူ့အဖွဲ့အစည်းကိုမှ ကိုယ်မထူထောင်နိုင်ဘူးဆိုရင် ဘယ်သူကမှနောက်ဆုံး (နအူဇုဗိလ္လာဟ်) – အလ္လာဟ်လည်း လာထူထောင်ပေးမှာ မဟုတ်ပါဘူး။

ဒီကနေ့ ကျနော်တို့ မွတ်ဆလင်မ်ထုထဲမှာ ဒုက္ခရောက်နေတဲ့အသံတွေ၊ ကျပ်တည်းမှုတွေ ကြုံတွေ့ခံစားနေရတဲ့အသံတွေ၊ အဆင်မပြေမှုတွေဟာ ဘဝဂ်ကိုညံနေပါတယ်။ အဲဒါက ဘယ်သူ့ကို အပြစ်တင်မှာလဲ။ (နအူဇုဗိလ္လာဟ်) အလ္လာဟ်မလုပ်ပေးလို့ဆိုပြီး အလ္လာဟ်အရှင်မြတ်ကို အပြစ်တင်ကြမှာလား။ မှားသွားပါလိမ့်မယ်။ အလ္လာဟ်ကလူတွေကို လိုအပ်တဲ့အရည်အချင်းတွေ၊ အရည်အသွေးတွေ အားလုံးပေးထားပြီးပြီ။ အဲဒီအရည်အချင်းတွေကို ထုတ်သုံးကြဖို့တော့လိုတာပေါ့။ အဲဒီစိတ်ထားလေးတွ မွေးမြူ လိုက်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ တိုးတက်ခြင်းမှာ၊ ဆုတ်ယုတ်ခြင်းမှာ ပညာရှင်တွေကပြောတဲ့ ပညာတတ်မှု၊ မတတ်မှုတင်မကပဲကျနော်လေ့လာထားသလောက် ဘာတွေ့ရလဲဆိုရင် ပညာတွေ ဘယ်လောက်တတ်တတ်ပါ။ အဲဒီလူ့အဖွဲ့အစည်းမှာပါဝင်တဲ့ လူတွေရဲ့ Mindset လို့ခေါ်တဲ့ စိတ်နေ သဘောထားကလည်း အရေးကြီးပါတယ်။ အဲဒီစိတ်နေစိတ်ထားဆိုတာကိုလည်းကျနော်တို့ ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်။ နောက်ဆုံး ပညာမပြည့်ဝလျှင်တောင်မှ ကောင်းမွန်မြင့်မြတ်တဲ့ စိတ်နေစိတ်ထားမျိုးနဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်လိုက်မယ်ဆိုရင် `အင်န်ရှာအလ္လာဟ်´ အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတူမှုအပေါ်မှာ ဒီလူ့အဖွဲ့အစည်းဟာတိုးတက်လာနိုင်စရာရှိတယ်။ အဲဒါကြောင့် ဒီကနေ့ ကျနော်တို့ ကြုံတွေ့နေရတဲ့ပြဿနာမှာ“ ငါတို့သည် လာအိလားဟ အိလ္လလ်လာဟ် – မုဟမ္မဒ်ဒွရ် ရဆူလွလ္လာဟ်” ဖတ်ထားလျက်ပါရက်နဲ့ ဘာဖြစ်လို့ မွတ်ဆလင်မ်ဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံ၊ အထုအထောင်းခံ၊ အကဲ့ရဲ့ခံ ဖြစ်နေကြရတာလဲဆိုတာနဲ့ ပတ်သက်ပြီးသုံးသပ်မယ်ဆိုရင်ကျနော်တွေ့ရှိတဲ့အချက်တစ်ရပ်က လူတွေတစ်ဦးချင်း၊ တစ်ဦးချင်းမှာရှိတဲ့ (Mindset) စိတ်နေစိတ်ထားတွေကို မှန်ကန်တဲ့ဆီကို ပြုပြင်ကြဖို့လိုပါတယ်။ ဒါလေးတွေက ကျနော်တို့ ပြင်ဆင်ရမှာ။ ကျနော်တို့ ကိုယ်တိုင်လည်း ပြင်ဆင်မယ်။ ကျနော်တို့ ပတ်ဝန်းကျင်ကိုလည်းပြင်ဆင်ဖို့ တိုက်တွန်းရမှာဖြစ်တယ်။

နောက် အဆိုးဆုံးအုပ်စုတစ်စုရှိသေးတယ်။ တစ်ချို့က ဘာသာရေးအယူသီးမှု၊ ဘာသာရေး တစ်ဖက် စွန်းရောက်မှုအပေါ်မှာ မှိုင်းမိပြီး ပိတ်ဆို့ခံနေရတဲ့၊ အကျဉ်းကျခံနေရတဲ့လူတွေ ဒီကနေ့ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါတယ်။ ကျနော်တို့က အကျဉ်းကျခံနေရတယ် ဆိုတာ ထောင်အချုပ်လို့ပဲထင်တယ်။ မဟုတ်ပါဘူး။ Ideology အရ အကျဉ်းကျခံနေရခြင်းဟာလည်း အကျဉ်းကျနေတာပါပဲ။ တစ်နည်းပြောရရင် လူကအကျဉ်းမကျပေမဲ့ ဦးနှောက်အကျဉ်းကျနေတာပေါ့ဗျာ။ အဲဒီအုပ်စုက ဘာလုပ်သလဲဆိုရင် မိမိတို့မှာရှိတဲ့ အားသာချက်တွေကို ပံ့ပိုး၊ ရင်းနှီး၊ မျှဝေ၊ စိုက်ထုတ်ခြင်းမရှိသည့်အပြင် ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် လူ့အဖွဲ့အစည်းပျက်စီးရာ၊ ပျက်စီးကြောင်းကိစ္စရပ်တွေကို ဆောင်ရွက်နေပြီးတော့ ဒီလိုဆောင်ရွက်ခြင်းဟာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ဆန့်ကျင်ဖီလာဖြစ်နေတယ်ဆိုတာကို သူတို့မသိရှာဘူးဖြစ်နေတယ်။ အဲဒီအုပ်စုအတွက်ကတော့ တော်တော်လေး ဝမ်းနည်းစရာကောင်းပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်ကို ဆန့်ကျင်နေကြတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို ကျောခိုင်းနေကြတယ်။ သူတို့ရဲ့ ‘လာရာ’ ဘာလဲဆိုတာသူတို့မသိသလို၊ သူတို့ရဲ့ ‘လားရာ’ ဘယ်လဲဆိုတာကိုလည်းသူတို့မသိကြပါဘူး။ လူတစ်ယောက်ဟာ‘လာရာ’ နဲ့ ‘လားရာ’ ကိုမသိတော့ဘူးဆိုလို့ရှိရင် သူသည်လူ့အဆင့်မှာ မရှိတော့ဘူး။ လူအဆင့်မှာမရှိရင် လူ့အဖွဲ့ အစည်းနဲ့ ကင်းကွာပြီလို့သာ မှတ်ယူလိုက်ပါတော့။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂း၁၉၅)မှာ

“ သင်တို့သည် မိမိတို့၏ အားသာချက်များကို အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားသော မူဝါဒ လမ်းစဉ် နှင့်အညီ ရင်းနှီး၊ စိုက်ထုတ် သုံးစွဲကြပါလေ။ မိမိတို့၏လက်များ(တနည်းအားဖြင့် သင်တို့၏ လုပ်ကိုင်ဆောင်ရွက် နိုင်စွမ်း) ဖြင့် ပျက်စီးရာ ပျက်စီးကြောင်း အဖျက်လုပ်ရပ်၊ ဖျက်လိုဖျက်ဆီး လုပ်ရပ်များကို မပြုလုပ်ကြလေနှင့်။ ပြီးနောက် သင်တို့သည် ကောင်းမွန်လှပတင့်တယ် အချိုးအစားကျနမှုတွေကို ဆောင်ရွက်ခြင်းဖြင့် လောကကို အလှဆင်ကြလေကုန်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လောကကိုအလှဆင်ကြသူများအား နှစ်သက်တော်မူပေသည်။” (ကုရ်အာန်-၂း၁၉၅)

ဒီသဘောတရားကို ကျနော်တို့ (၅၉)လမ်း ဂျမာအသ်သားများ သေသေချာချာ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်လည်းမလုပ်ဘူး။ အများရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဖျက်လိုဖျက်စီး လုပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းမှာ အင်မတန်အဆင့်အတန်းနိမ့်တဲ့၊ အောက်တန်းကျတဲ့ လူ့အလွှာတစ်ရပ်ပဲဖြစ်သွားပါလိမ့်မယ်။

ဒီကနေ့မှ လူတွေဟစ်ကြွေးနေကြတဲ့ “လောကကိုအလှဆင်ကြပါ” ဆိုတာကို ကျမ်းမြတ်ကုရ်အာန်က လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄ဝဝ) ကျော်ကတည်းက ပြဌာန်းသတ်မှတ်ဆောင်ရွက်စေခြင်းဖြစ်တယ်။ ဒီစကားလုံး ‘လောကကိုအလှဆင်ပါ’ ဆိုတာကို မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့် အသားအရောင်၊ မည်သည့် အရပ်မှာနေနေ၊ ကမ္ဘာသူကမ္ဘာသားအားလုံးက တစ်ယောက်မကျန် လက်ခံကြတယ်။ ဒီကနေ့ ကုရ်အာန်ကို မယုံကြည်ပေမယ့်လည်း ကုရ်အာန်ပါ စနစ်ဇယားတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်းဝင်တွေက လက်ခံကျင့်သုံးလိုက်နာ လာကြပြီ။ ဒါဟာ ကျနော်တို့အတွက် ဂုဏ်ယူစရာဖြစ်တယ်။

တဆက်တည်းမှာ နှိုင်းယှဉ်သုံးသပ်နိုင်ကြရအောင် ကျနော်ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂း၂၈၆)ကို ဆက်လက်တင်ပြပေးသွားပါမယ်။ ဒီအာယသ်တော်ကို ကျနော်အင်မတန် နှစ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို လူလူသူသူလို ရပ်တည်နိုင်ဖို့အရေး ဒီအာယသ်ပါ ဒုအာတော်မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုဟာ ဒီအပေါ်မှာ အခြေပြုတယ်။ ဒီအာယသ်ဟာ ဒုအာပုံစံ အာယသ်လေးဖြစ်ပါတယ်။ ကျနော်တို့ ပါးစပ်ကလေး နဲ့ တောင်းနေရုံနဲ့တော့ မဖြစ်ဘူး။ လက်တွေ့လုပ်ဆောင်ဖို့တော့ လိုတာပေါ့။ ဒုအာဆိုတာကို ကျနော်တို့ အဓိဌာန် အဖြစ်ပြောင်းလဲနိုင်တဲ့နေ့မှာ အဲဒီလူ့အဖွဲ့အစည်း အောင်မြင်သွားလိမ့်မယ်။ အဓိဌာန်ကို အဓိဌာန်လို နားလည်ပြီး အဲဒီအဓိဌာန်နဲ့အညီ မိမိတို့မှာရှိတဲ့ အားသာချက်တွေနဲ့ စုပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။

“အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူထမ်းဆောင်နိုင်သော ဝန်ထက်ပို၍ တာဝန်ပေးတော် မမူချေ။”

အဲဒါကအလ္လာဟ်အရှင်မြတ်ရဲ့ရဟ်မသ်တော်ပါ။ လူတစ်ယောက်ကို ထမ်းဆောင်နိုင်တဲ့ ဝန်ထက်ပိုပြီး အလ္လာဟ်အရှင်မြတ်က မထမ်းဆောင်စေဘူး။ ဒီကနေ့ ကျွန်တော်တို့အပေါ် ပြီးခဲ့တဲ့ ရမဒွါန်တစ်လလုံး အလ္လာဟ်အရှင်မြတ် တာဝန်ပေးခဲ့တဲ့ ဆွီယာမ်ဆိုင်ရာ အေဗာဒသ်ဟာ ကျနော်တို့ လူသားအားလုံး ထမ်းဆောင်နိုင်ပါတယ်။ ဒါဟာ ကျနော်တို့ကို အလ္လာဟ်အရှင်မြတ်က ဒုက္ခဖြစ်အောင် လုပ်ခိုင်းနေတာမဟုတ်ဘူး။ ဒါကိုသဘောပေါက်ဖို့လိုပါတယ်။ လူတစ်ချို့က ဒါကိုသဘောမပေါက်တော့ ဆွီယာမ်ထားခြင်းဟာ ဒုက္ခကိုဖက်တွယ်ထားခြင်းတစ်မျိုးလို့ နားလည်နေကြပါတယ်။

“လူသားတစ်ဦးချင်း၏ နာဖ့်စ် (Personality – ကိုယ်ရည်ကိုယ်သွေး)သည် သူ၏ပြုမူဆောင်ရွက်ချက်၊ သူ၏ အားထုတ်ကြိုးပမ်းချက်အပေါ် မူတည်၍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သလို သူ၏တိုးတက်လာသော ကိုယ်ရည်ကိုယ် သွေးကြောင့် သူ၏လုပ်ရပ်များမှာ တိုးတက်အောင်မြင်လာမည်သာဖြစ်သည်။”

ဒီနေရာမှာ လူတစ်ယောက်ရဲ့(နဖ်စ်) Personality ဘယ်လောက်အရေးကြီးသလဲဆိုတာကို ကုရ်အာန်က ပြဆိုနေတယ်။ ကျနော်တို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအဝဝသည် ကျနော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက် စေမှာပါ။ လူ့အဖွဲ့အစည်းထဲမှာ မပါဘူးဆိုရင်တော့ဖြင့်၊ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာအောင် နေမယ် ဆိုရင်တော့ဖြင့်၊ လူ့အဖွဲ့အစည်းဆိုတာ တော်တော်စိတ်ညစ်စရာ ကောင်းပါတယ်ဆိုပြီးတော့ Depression ဝင်နေ ရင်တော့ဖြင့်၊ လူ့အဖွဲ့အစည်းဆိုတာ ရွံစရာကောင်းတ၊ဲ့ မကောင်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်ဆိုတဲ့ Inferiority complex တွေ ဝင်လာရင်ဖြင့် အဲဒီနာ့ဖ်စ်(ကိုယ်ရည်ကိုယ်သွေး) က ကျုံ့သွားလိမ့်မယ်။

“ကျွန်ုပ်တို့အား ပြုစုပျိုးထောင်ထိန်းသိမ်းလမ်းညွှန်တော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့ သတိမမူမိဘဲ မေ့လျော့ပြီးဆောင်ရွက်ခဲ့သော ဆောင်ရွက်ချက်များ၊ မှားယွင်းချွတ်ချော်စွာ ပြုမူမိခဲ့သော အပြုအမူ များကို အရေးယူတော် မမူပါလေနှင့်။”

ကျနော်တို့ အလ္လာဟ်အရှင်မြတ်ထံမှာ ဝန်ခံတောင်းဆုပြုကြတယ်။ လူဆိုတာ မေ့လျော့၊ မှားယွင်းမှုရှိမှာ ဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က လူသားကို ဖန်ဆင်းထားတာ အချည့်နဲ့ဆုံးဖြစ်လို့ပဲ။ လူတွေက သာ ထင်နေကြတာ။ လူဟာအင်အားအကြီးဆုံး၊ ငါမှငါဆိုဖြစ်နေပေမယ့် တကယ်တော့ လူဟာ အင်မတန် အားနည်းချည့်နဲ့တဲ့ `မက်ခ်လူးသ်´ဖန်ဆင်းခံပါ။ ကျနော်တို့ဆီမှာ ကျနော်တို့ ကိုယ်တိုင် မသိလိုက်တဲ့ အားနည်းချက်တွ အများကြီးရှိနေပါတယ်။

“ကျွန်ုပ်တို့အား ပြုစုပျိုးထောင် ထိန်းသိမ်းလမ်းညွှန်တော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့ မတိုင်မီက ရှိနှင့်ခဲ့ သော လူအချို့တို့အပေါ် အရှင်မြတ်က အချည်အနှောင်၊ အစည်းအနှောင်များပြုခဲ့သလို ကျွန်ုပ်တို့အပေါ်၌ အချည် အနှောင်၊ အစည်းအနှောင်များနှင့် မထမ်းပိုးရပါစေနှင့်။”

ဒီနေရာမှာ မေးခွန်းတက်လာပါတယ်။ အလ္လာဟ်ကလူသားတွေကို အချည်အနှောင်၊ အထုတ်အပိုးတွေ ပေးပါသလား။ အပေါ်မှာ ပြောထားတာက အလ္လာဟ်အရှင်မြတ်က လူသားကို မနိုင်တဲ့ဝန်ထုတ်ကို မပေးဘူးပြော ထားပြီး အခုတော့ အချည်အနှောင်၊ အထုတ်အပိုးတွေကို ကျွန်တော်တို့ရဲ့ ပုခုံးပေါ်၊ ခေါင်းပေါ်တင်နေပြီလား လို့မေးခွန်းထုတ်နိုင်ပါတယ်။ မဟုတ်ရပါ။ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာပါ။ လူတွေက ဘာသာရေးအယူသီးမှု၊ ဘာသာရေးတစ်ဖက်စွန်း ရောက်မှုပေါ်မှာ ကိုယ့်အထုတ်ကို ကိုယ်ကိုယ်တိုင်က ကိုယ့်ခေါင်းပေါ် တင်လိုက်ကြတာ။

ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားပါတယ်။ ဗနီအိစ္စရာအီလ်တွေကို တမန်တော်မူဆာ(အ)က အီဂျစ် ဘုရင် ဖိရ်အောင်န်ရဲ့ ဖိနှိပ်၊ နှိပ်စက် ကျွန်ပြုနေတဲ့အချိန်မှာ သူတို့လွတ်မြောက်ရာအတွက် Red Sea ကို ကျော် ဖြတ်ပြီး Canann ဆိုတဲ့ဒေသကို ခေါ်ထုတ်သွားတယ်။ အဲဒီခရီးစဉ်မှာ ဗနီအိစ္စရာအီလ်တွေနဲ့ တမန်တော် မူဆာ(အ) တို့ ခေတ္တခဏကင်းကွာသွားတဲ့ အချိန်မှာ ဗနီအိစ္စရာအီလ်တွေဟာ သူတို့ရဲ့ အကျင့်ဆိုးတွေကို ပြန်လည်ကျင့်သုံးကြတယ်။ အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်လို့သူတို့ကိုနွားတစ်ကောင်သတ်ဖို့ အမိန့်တော်တစ်ရပ်ပြဌာန်းခဲ့တယ်။ နွားတစ်ကောင်သတ်ဆိုပြီး အမိန့်ပေးခဲ့တယ်။

နွားတစ်ကောင်ကို ယူပြီးသတ်လိုက်ရင် ပြီးပါလျက်နဲ့ ဘာအရောင်လဲ၊ အမလား၊ အထီးလား၊ ဘယ်အရွယ် လဲ၊ စတဲ့စောဒကပေါင်းများစွာကို ထုတ်နေရင်းနဲ့ နောက်ဆုံးဒီကိစ္စဟာ သူတို့အတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်သွား စေခဲ့တယ်။ အဲဒီဗနီအိစ္စရာအီလ်တွေအပေါ် ဝန်ထုတ်ဝန်ပိုးတွေဖြစ်သွားသလို ကျနော်တို့အပေါ်မှာ အဲဒီလိုမဖြစ် ရအောင် ကျနော်တို့ရဲ့ Mindset (စိတ်နေစိတ်ထား)တွေ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရည်အသွေးကို အလ္လာဟ်အရှင်မြတ်ပေး တော်မူပါလို့ ကျနော်တို့ တောင်းခံနေခြင်းဖြစ်ပါတယ်။

“ကျွန်ုပ်တို့အား ပြုစုပျိုးထောင်၊ ပြုစုထိန်းသိမ်းတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့ မနိုင်သောဝန်ကို ကျွန်ုပ်တို့ မထမ်းပိုးရပါစေနှင့်။”

အလ္လာဟ်ထံမှာတော့ ဒုအာ လုပ်တယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီအထုတ်အပိုးတွေကို ခေါင်းပေါ်တင်တယ်။ အဲဒီတော့ မတော်တလျော်တွေဖြစ်ကြတာပေါ့။ ကိုယ့်ရဲ့ ဒုအာနဲ့ကိုယ့်ရဲ့ အမလ်နဲ့ကို တစ်ထပ်တစ်သားတည်းကျအောင် လုပ်ကြပါ။ ဒုအာနဲ့ အမလ်ကွာဟသွားပြီးဆိုရင် အဲဒါက (ဒွလာလသ်) အချည်းနှီးဘဲ ဖြစ်လိမ့်မယ်။

“ပြီးနောက် ကျွန်ုပ်တို့၏ မကောင်းမှုပြုလိုသောဆန္ဒကို ပယ်ဖျောက်ပေးတော်မူပါ။”

တစ်ခုပြောလိုပါတယ်။ အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်တယ်။ အလ္လာဟ်ကို သက်ဝင်ယုံကြည် တယ်ဆိုရင် မိမိတို့ရဲ့ လုပ်ရပ်အားလုံးကို အလ္လာဟ်အရှင်မြတ်ထံပါးမှာ တိုင်တည်ဖွင့်ချဖို့တော့ လိုအပ်ပါတယ်။

`ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ။´

ဒီကနေ့ကမ္ဘာပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စကားရပ်၊ Free ဆိုတဲ့ စကားရပ် ကျယ်လောင်စွာ ထွက်လာနေပြီ။ ဒါကြောင့် ကျနော်တို့ကလည်း ဒီကနေ့ `အီဒွလ်ဖိတိရ်´နေ့မှာ တောင်းဆုပြုလိုက်ပါမယ်။ အကျပ် အတည်း အချုပ်အနှောင်၊ အဖိနှိပ်ခံနေရတဲ့ လူသားအားလုံးကို အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ။

“ထို့အပြင် ကျွန်ုပ်တို့အတွက်(လိုအပ်ချက်ရှိမှု အဝဝကို လိုလေသေးမရှိအောင် ဖြည့်တင်းထောက်ပံ့ပေး ခြင်းအားဖြင့်) ကရုဏာ(ရဟ်မသ်)ထားတော်မူပါ။”

“အသင်သည် ကျွန်ုပ်တို့ အားကိုးအားထားရာ တစ်ပါးတည်းသော အရှင်မြတ်ဖြစ်တော်မူသည်။”

သောင်ဟီးဒ်ကို အမြဲတမ်းမမေ့ပါနှင့်။ လူတွေသောင်ဟီးဒ်ကို ပျောက်ရင် အမှောင်ခေတ်ကို ရောက်သွားပါ လိမ့်မယ်။

“သို့ဖြစ်ရာ ကျွန်ုပ်တို့အား သွေဖည်သူ(မိစ္ဆာကောင်)တို့၏ ရန်ပြု၊ ဖိနှိပ်မှုမှ ကင်းဝေးစေရန် ကူညီကယ်မတော်မူပါ။” (ကုရ်အာန်-၂း၂၈၆)

မိစ္ဆာကောင် ကာဖိရ် ၊ ကာဖိရ်ဆိုတာဘာလဲ။ ကုရ်အာန်ကတော့ ရှင်းရှင်းလေးဖွင့်ဆိုပေးတယ်။

‘ငါ့ရဲ့ အာယသ်တော်တွေကို ယုံကြည်လက်ခံရင် အသင်မွတ်ဆလင်မ်ဖြစ်သည်၊လက်မခံရင်အသင်ကာဖိရ်ပဲ’ လို့ ဖွင့်ဆိုထားတယ်။ အဲဒီ ကာဖိရ်မှာ အဆင့်အတန်းတွေ အများကြီးရှိတယ်။ ကုရ်အာန်က ဘယ်လိုကာဖိရ်မျိုးကို ခုခံကာကွယ်ခိုင်းသလဲ။

ကာဖိရ်ဖြစ်တဲ့အပြင် (မယုံကြည် လက်မခံရုံမက) ကျနော်တို့ရဲ့ “ဒီန်း”လမ်းစဉ်ကိုတိုက်ခိုက်ရန်ပြုပြီး ဖျက်လိုဖျက်ဆီး လာလုပ်ရင်တော့ဖြင့်ကျနော်တို့ခုခံ ကာကွယ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်ချက်ကို ထိပါးလို့ဖြစ်တယ်။

ကုရ်အာန်က (၁ဝ၉း၆)မှာ ပြောထားတယ်….

“လကွမ်း ဒီးနုကွမ်း၊ဝလိယဒီးန်း”   (ကုရ်အာန်-၁ဝ၉း၆)

`သင်တို့လမ်း သင်တို့လျှောက်၊ ငါတို့လမ်း ငါတို့ လျှောက်မယ်။ သင်တို့လုပ်ရပ်အပေါ်မှာ သင်တို့အတွက် တူညီတဲ့အကျိုးဆက်ရှိသလို၊ ငါတို့လုပ်ရပ်အပေါ်မှာလည်း ငါတို့အတွက် တူညီတဲ့ အကျိုးဆက်ရှိတယ်။’

သင်တို့ကို ငါတို့ဘယ်တော့မှ အနှောင့်အယှက်မပေးသလို၊ ငါတို့ကိုလည်း သင်တို့အနှောင့်အယှက် မပေးနဲ့။ အဲဒါ ဒီနေ့လုပ်နေတဲ့ (Interfaith)တွေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွေဟာ ကျမ်းမြတ်ကုရ်အာန် (၁ဝ၉း၆)ကို သဘောမပေါက်ဖူးဆိုရင်တော့ ကျွန်တော်တို့ ဒီကနေ့လုပ်နေတဲ့ (Interfaith)တွေဟာအချီးအနှီးဖြစ်သွားလိမ့်မယ်။

နိဂုံးချုပ်တင်ပြချင်တာကတော့ မိမိတို့ရဲ့ လက်ရှိပေါ့ပါးသွက်လက်စွာ ထမ်းဆောင်နေတဲ့ တာဝန်အရပ်ရပ် ဟာ မိမိအားရေသာခို၊ အချောင်လိုက်လိုစိတ်၊ စိတ်ဓါတ်ကလွှမ်းမိုးလာတဲ့အတွက်ကြောင့် သူတစ်ပါးကို တွယ်ကပ် လိုတဲ့ စိတ်ဓါတ်လွှမ်းမိုးလာတဲ့အခါမှာ အဲဒီတာဝန်တွေဟာ လေးလံတဲ့ အသွင်သဏ္ဍာန်ဆောင်လာမဲ့ အနေ အထား မဖြစ်သွားဖို့အတွက် အလ္လာဟ်အရှင်မြတ်ထံမှာ ခိုလှုံတောင်းခံဖို့ အရေးကြီးပါတယ်။

လူ့ဘဝမှာ ကိုယ်ရည်ကိုယ်သွေး နိမ့်ပါးမှုကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ကဘာလဲဆိုတော့ အမှန် တရား၊ သစ္စာတရားကို သွေဖည်ငြင်းဆန်ခြင်းသာဖြစ်ပါတယ်။ ဒီအဖြစ်မျိုးကို မရောက်ရန် ကူညီ၊ ကာကွယ်၊ စောင့်ရှောက်ပေးနိုင်သူက ဘယ်သူလဲဆိုတော့ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းသာလျှင်ဖြစ်တယ်။ သောင်ဟီဒ် က ဖော်ဆောင်နေတာ ဒါဘဲ။ ဘယ်သူ့မှ အားမကိုးနဲ့။ အလ္လာဟ်ကိုသာ အားကိုးပါ။

အဲဒီအရှင်မြတ်ဟာ လူသားတို့ရဲ့ မှီခိုအားထားရာ အရှင်ဖြစ်တော်မူတယ်။ ဒါကြောင့် ကျွန်တော်တို့က “အန်သာမောင်လားနာ” လို့ ပြောခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ မောင်လာနာ အလ္လာဟ်သာလျှင်ဖြစ်တယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြု၊ နာခံဘဝတည်ဆောက်ကြပါ။ အဲဒီ အရှင်မြတ်ကိုသာ သတိရ၊ တသကြပါ။ အလ္လာဟ်ထံပါးမှာသာ ဆုပန်ကြပါ။ မိမိတို့ရဲ့ စိတ်နေစိတ်ထားတွေကို ပြင်ဆင်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။