တက္ကဒီရ် ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)

တက္ကဒီရ်
ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ယုံကြည်သူ မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ ခင်ဗျား
ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာဟ်မှာ အေးချမ်းတည်ငြိမ်စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုခွင့်ရရှိတဲ့ အပေါ်မှာ ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုပါတယ်။ ပြီးတဲ့နောက် မိဘနှစ်ပါးနှင့် အာရဗီစာပေသင်ကြားပို့ချပေးပါသော ဆရာများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယနေ့ကြွရောက်လာကြ သော ဂျမ္မာအသ်ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပဏာမပြောကြားလိုပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကာသုဟု
ကျွန်တော့်အနေနဲ့ ဒီကနေ့ဆွေးနွေးတင်ပြမယ့် အကြောင်းအရာက ကျမ်းတော်မြတ်ကုရ်အာန်မှာပါရှိတဲ့ ဝေါဟာရတစ်ခုဖြစ်တဲ့ တက္ကဒီရ်ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီခေါင်းစဉ်ကို ရွေးချယ်ခြင်း ရဲ့အကြောင်းရင်းက ဒီကနေ့ကျွန်တော်တို့ မွတ်ဆလင်မ်တွေလောကမှာ တက္ကဒီရ်နဲ့ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန်နဲ့ ဆန့်ကျင်ပြီး မိရိုးဖလာ၊ အစဉ်အလာအတိုင်းလွဲမှားစွာ လက်ခံထားလျက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့ တက္ကဒီရ်ကို ကုရ်အာန်အာယသ်တွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးတင်ပြသွားပါမယ်။
ကျမ်းတော်မြတ်ကုရ်အာန်ကို အခြေခံပြီး မဆွေးနွေးခင် ကျွန်တော်တို့အများမွတ်ဆလင်မ်လောကမှာ တက္ကဒီရ်ကို အစဉ်အလာ၊ အတွေးအခေါ်အတိုင်း လက်ခံထားပုံကို ဦးစွာပထမ ဆွေးနွေးလိုပါတယ်။ တက္ကဒီရ်ဆိုတဲ့ ဝေါဟာရကို နဖူးစာ၊ ကံကြမ္မာ၊ ကံစီမံရာဆိုပြီး မြန်မာလို အစဉ်အလာအရနားလည်ထားကြပါတယ်။ လူတိုင်းဟာ မွေးဖွားလာချိန်ကနေစပြီး လူ့ဘ၀မှာ အကောင်းအဆိုး၊ အဖြစ်အပျက်အားလုံးကို လှေနံဓါးထစ်၊ ပုံသေကားချပ်၊ ကြိုတင်သတ်မှတ်ထားပြီးပြီလို့ ယေဘူယျအားဖြင့် နားလည်ထားကြပါတယ်။ ဒီအယူအဆ၊ ဒီသဘောတရားဟာ ကမ္ဘာဦးလူ့သမိုင်းစကတည်းကိုက ရှိလာခဲ့ကြတာဖြစ်တယ်။ ကမ္ဘာဦးလူသားတွေဟာ မိမိတို့ရဲ့ဘ၀ကံကြမ္မာ စီမံမှုနဲ့ ပတ်သက်ပြီး အလုံးစုံသော စီမံခန့်ခွဲမှုအားလုံးကို နတ်ဘုရားတွေက စီမံချုပ်ကိုင်ထားကြတယ်လို့ ယုံကြည်ယူဆ ထားပါတယ်။ အဲဒီ ခေတ်ကာလမှာရှိတဲ့ လူသားတွေဟာ မိမိတို့အကြောင်းနဲ့ မိမိတို့ပတ်ဝန်းကျင်အကြောင်းကို ကောင်းစွာသိရှိနားလည်ထားခြင်း မရှိသေးတာကြောင့် အရာရာတိုင်းဟာ အကြောင်းနဲ့အကျိုး Cause and Effect ဆိုတဲ့ ဥပဒေသနဲ့အညီ ဖြစ်ပျက်ပြောင်းလဲနေတယ်ဆိုတာကို မသိရှိခဲ့ပါဘူး။ မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း အစရှိသည်တို့ကို နတ်ဘုရားတို့က ပေးသည့်အပြစ်ဒဏ်ဟူ၍ မှတ်ယူထားကြပါတော့ တယ်။ ဖြစ်ပျက်သမျှတိုင်းကိုလည်း ဘာမှနားမလည်နိုင်တော့ဘဲ သဘာဝလောကကြီးရဲ့စီမံမှုအတိုင်း ခါးစည်းခံနေ ရသူအဖြစ် မှတ်ယူထားကြတယ်။ အဲဒီတော့လူသားဟာ မိမိကိုယ်မိမိ သဘာဝလောကကြီးရဲ့ ရုပ်သေးကြိုးရာ အတိုင်းထားရာနေ၊ စေရာသွားနေရတယ်လို့ မှတ်ယူပြီး သဘာဝအဖြစ်အပျက်များရဲ့ ရှေ့မှောက်မှာ လက်မြှောက် အရှုံးပေး၊ ဒူးထောက်ရိုကျိုးနေရပါတော့တယ်။ ကြံရာမရလက်မှိုင်ချ စိတ်ပျက်အားငယ်ခြင်းတွေနဲ့အတူ မိမိတို့ရဲ့ အခက်အခဲတွေကို သက်သာစေမည့် တန်ခိုးရှင်စွမ်းဆောင်ရှင် နတ်ဘုရားတွေကို ရော်ရမ်းမှန်းဆပြီး ကိုးကွယ် ဆည်းကပ်လာပါတော့တယ်။
အမှန်တကယ်မှာတော့ လူတွေရဲ့စိတ်ကူးစိတ်သန်းတွေကနေ ပေါ်ပေါက်လာတဲ့ ကိုးကွယ်ယုံကြည် ဆည်းကပ်ထားမှုတွေဟာ သဘာဝလောကကြီးရဲ့အဖြစ်အပျက် ဘေးဒုက္ခတွေအပေါ်မှာ ဘယ်လိုမှ အကျိုးသက် ရောက်မှု မရှိပါဘူး။ တကယ်လို့လူသားဟာ သဘာဝလောကကြီးရဲ့ ပြင်းထန်တဲ့အပြောင်းအလဲတွေဖြစ်တဲ့ မီး လောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစတာတွေနဲ့ ကြုံတွေ့လာရင် အဲဒီအဖြစ်ပျက်များကနေ အကာ အကွယ်ရယူဖို့အတွက် နတ်ဘုရားတန်ခိုးရှင်တွေရဲ့ရှေ့မှောက်မှာ ငိုယိုညည်းငြူနေတဲ့အချိန် သဘာဝဘေး အန္တရာယ်တွေဟာ တိုက်တိုက်ဆိုင်ဆိုင် ရုတ်တရက်ရပ်တန့်သွားတယ်ဆိုရင် လူသားဟာ မိမိလုပ်ရပ်ကြောင့် ထိုကဲ့သို့ရပ်တန့်သွားတယ်ဆိုပြီး သူ့ရဲ့ယုံကြည်မှုဟာ ပိုင်ပြီးခိုင်မာလာတော့တယ်။ အဲဒီလိုမျိုးနဲ့ ကိုးကွယ်ယုံကြည် ဆည်းကပ်မှုဟာ လူသားတွေထဲမှာ ခိုင်ခိုင်မာမာနေရာယူထားပါတော့တယ်။ ဒီလိုမျိုး အခြေအနေကို လူသားတွေ အကြောင်းလေ့လာစူးစမ်းတဲ့ မနုဿဗေဒပညာရှင် (Astropologist) တွေက ကိုးကွယ်ဆည်းကပ်မှု စတင်တဲ့ခေတ် အချိန်အခါကာလရဲ့အစအဦးဆိုပြီး သတ်မှတ်ထားကြပါတယ်။ အခုတင်ပြခဲ့တာက ကမ္ဘာဦးသမိုင်းမှာရှိတဲ့ လူသား တွေရဲ့ အခြေအနေတွေပါ။ အဲဒီခေတ် အဲဒီအခြေအနေမှာကတည်းက ရှိလာခဲ့တဲ့ ကံကြမ္မာဝါဒ ကံစီမံရာအတိုင်း ဖြစ်ပျက်ပြောင်းလဲခြင်းဆိုတာဟာ ယနေ့ကျွန်တော်တို့ မွတ်ဆလင်မ်လောကမှာပါ တက္ကဒီရ်ဆိုတဲ့ အစဉ်အလာ အတိုင်း အများနားလည်လက်ခံထားတဲ့အတိုင်း စနစ်တကျဝင်ရောက်နေရာယူထားတာကို လေ့လာတွေ့ရှိရပါ တယ်။
အမှန်တကယ်မှာတော့ တက္ကဒီရ်ဆိုတာ အများနားလည်လက်ခံထားသလို နဖူးစာကံကြမ္မာ၊ ကံစီမံရာဆို တဲ့ အဓိပ္ပါယ်တွေတစ်ခုမှ မထွက်ပါ။ အခြားဘာသာရေးလောကမှာရှိတဲ့ အတွေးအခေါ်တွေကနေ ၀င်ရောက်လာ ခြင်းသာဖြစ်ပါတယ်။ တက္ကဒီရ်ရဲ့အရဗီမူလအနက်အဓိပ္ပါယ်မှာ တစ်စုံတစ်ရာကို တိတိကျကျပိုင်းခြားသတ်မှတ်ထား ခြင်း၊ အရာဝတ္တုတစ်ခုရဲ့ရပ်တည်မှုအတွက် ဥပဒေသစည်းမျဉ်းဘောင်သတ်မှတ်ခြင်းကို ဆိုလိုတာဖြစ်တယ်။ ထိုကဲ့ သို့သော အနက်အဓိပ္ပါယ်မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန် (၃၆း၃၈-၄၀)မှာ အလ္လာဟ်အရှင်မြတ်က အခုလိုဖော်ပြထား ပါတယ်။
`နေသည် မိမိအားသတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း လှုပ်ရှားသွားလာလျက်ရှိသည်။ ယင်းကဲ့သို့ တိုင်းတာသတ်မှတ်ထားသည့်အတိုင်း လှုပ်ရှားသွားလာခြင်းသည်ပင်လျှင် အရာရာကိုနိုင်နင်းလွှမ်းမိုးတော်မူသော အကြွင်းမဲ့သိမြင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တက္ကဒီရ်ပင်ဖြစ်ပေသည်။ ၎င်းနောက် လသည်လည်း မိမိအား သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လှုပ်ရှားသွားလာလျက်ရှိသည်။ ယင်းကဲ့သို့ လှုပ်ရှားသွားလာခြင်း ကြောင့် လသည် ခြောက်သွေ့သော စွန်ပလွန်ကိုင်းပမာဖြစ်သွားရပါသည်။ နေသည်လကို ကျော်ဖြတ်သွားနိုင်ခြင်း မရှိသလို ညသည်လည်းနေ့ကို ကျော်လွန်ဖြတ်သန်းနိုင်ခြင်းမရှိပါ။ အရာခပ်သိမ်းအားလုံးသည် မိမိတို့အား သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လှုပ်ရှားသွားလာလျက်သာ ရှိကြကုန်၏။´(စူရာဟ် ၃၆ – အာယသ် ၃၈၊ ၃၉၊ ၄၀)
အထက်ပါအာယသ်တော်တွင် တွေ့ရမည်မှာ အလ္လာဟ်အရှင်မြတ်သည် သဘာဝလောကကြီးတွင် ရှိသမျှ သော အရာဝတ္ထုတို့၏ လှုပ်ရှားသွားလှည့်ပတ်မှုတွေဟာ ရုပ်သဘောဆောင်တဲ့ စွမ်းရည်တွေအတွက် အလ္လာဟ် အရှင်မြတ်က ဥပဒေစည်းကမ်းဘောင်ကန့်သတ်ထားသည်ကို တွေ့မြင်နိုင်ပါတယ်။ အဲဒီသတ်မှတ်ထားတဲ့ စည်းစနစ်ဘောင်ကို ကျော်လွန်ပြီးမှ မိမိတို့ဘာသာလှုပ်ရှားသွားလို့မရပါ။ အရာအားလုံးအတွက် စည်းမျဉ်းဥပဒေသ သတ်မှတ်ပေးထားပြီးဖြစ်တယ်။ ဒီလိုသတ်မှတ်ပေးထားခြင်းကို တက္ကဒီရ်လို့ခေါ်ဆိုပါတယ်။ သို့ရာတွင် ထိုတက္ကဒီရ် သတ်မှတ်ချက်တွင် လူသားသည်ခြွင်းချက်ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအရာ လူ၏ခန္ဓာကိုယ်ပြောင်းလဲမှုတွင် ရုပ်သ ဘောအရ တက္ကဒီရ်သတ်မှတ်ချက်ရှိသော်လည်း ရွေးချယ်ဆောင်ရွက်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်ခွင့်မှာတော့ အလ္လာဟ်အရှင်မြတ်က တက္ကဒီရ်လုံးဝမသတ်မှတ်ထားပါ။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၁၇ အာယသ် ၁၃ တွင် အလ္လာဟ်အရှင်မြတ်က ဖော်ပြထားသည်မှာ
`ငါအလ္လာဟ်အရှင်သည် လူတစ်ဦးချင်းစီကို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ကို သူ၏လည်ကုတ်၌ တွဲဖက်ချည်နှောင်ပေးခဲ့ပြီးဖြစ်သည်။ ယင်းကဲ့သို့လွတ်လပ်စွာ ဆောင်ရွက်ခွင့်တို့ကြောင့် ရရှိလာသည့်ရလာဒ်အား ကေယာမသ်နေ့တွင် မှတ်တမ်းတစ်ရပ်အနေဖြင့် လူသားအား ငါအရှင်ပြသမည်ဖြစ်သည်။´(စူရာဟ် ၁၇ အာယသ် ၁၃)
အထက်ပါအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် လူသားအား လွတ်လပ်စွာစီမံခွင့်ကို အပ်နှင်း ထားပြီးဖြစ်ပါတယ်။ လူ၏လွတ်လပ်ခွင့်နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က မည်သို့သော တက္ကဒီရ်သတ်မှတ် ချက် ကြိုတင်ထားရှိခြင်းကို ပြုလုပ်ထားခြင်းမရှိပါ။ သို့ရာတွင် လူသားသည် ထိုလွတ်လပ်ခွင့်နှင့်ပတ်သက်၍ တာဝန်တော့ခံရပါမည်။ ယနေ့မွတ်ဆလင်မ်တွေ အများစုနားလည်ထားကြသလို အလ္လာဟ်အရှင်မြတ်က လူသား တွေကို ကြိုတင်နဖူးစာကံကြမ္မာ သတ်မှတ်ထားခြင်းလုံးဝမရှိပါ။ မွတ်ဆလင်မ်အများစုပြောတဲ့အတိုင်း `နဖူးမှာစာပါ တဲ့အတိုင်း´ဆိုတာဟာ ကုရ်အာန်ကျမ်းတော်မြတ်(၀ါ) အလ္လာဟ်အရှင်မြတ်ရဲ့သတ်မှတ်ချက်မဟုတ်ပါ။ ကြားဖူး နားဝနှင့်သာ ပြောဆိုနေကြခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။