အမှောင်ထု နှင့် အလင်းရောင် ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
အမှောင်ထု နှင့် အလင်းရောင်
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ယခုလို ယောင်မုလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချပေးခဲ့တဲ့ဆရာများ၊ ကျမ်းတော်မြတ်ကုရ်အာန်တင်ပြခွင့်ပြုတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော် မတ်စ်ဂျီးဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ ခါဒိမွန်းလို့ခေါ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက် လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့ အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ `အမှောင်ထု နှင့် အလင်းရောင်´ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသားအမျိုးသမီးများခင်ဗျား ကျွန်တော့်ရဲ့တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကာသုဟု
အမိုက်အမှောင်နှင့်အလင်းရောင်ရဲ့အကြောင်းအရာနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၆) အာယသ်(၁) ရဲ့ တင်ပြချက်က `ချီးမွမ်းထောပနာခြင်းဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်သည်။ ထိုအရှင်မြတ် သည် အနန္တစကြာဝဠာများနှင့် ကမ္ဘာဂြိုဟ်ကို စီရင်ဖြစ်ထွန်းထင်ရှားစေခဲ့၏။ (ဒါကြောင့် ချီးမွမ်းဂုဏ်ပြုခြင်းသည် ထိုအရှင်မြတ်နှင့် ထိုက်တန်၏။)သို့ပါလျက်နှင့် အမှန်တရားကို သွေဖည်ငြင်းပယ်သူ ကာဖိရ်များက (အခြားသူတို့ ကို) မိမိတို့အားစီရင်ဖြစ်ထွန်းရှင် အလ္လာဟ်အရှင်ြမတ်နှင့် တန်းတူရည်တူပြုလုပ်ကြကုန်၏။´(၆း၁)
အာရဗ်နိုင်ငံတွေမှာရှိခဲ့တဲ့ ကာဖိရ်မုရှ်ရိက်တွေက အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်တွေကိုခွဲဝေရာ၌ အားလုံးထက်ပင် ရက်ရောလျက်ရှိကြတယ်။ အဲဒီကာဖိရ်မုရှ်ရိက်တွေက တောတောင်တွေမှာ ရှိသမျှသော ကျောက်တုံးကျောက်ခဲတွေကို ကိုးကွယ်ခဲ့တယ်။ နောက်ပြီးတော့ မီး၊ နေ၊ လ၊ ကြယ်တာရာ၊ သစ်ပင်၊ တိရစ္ဆာန်တွေ စသဖြင့် အရာအားလုံးကို အလ္လာဟ်အရှင်မြတ်နှင့်တန်းတူထားပြီး ကိုးကွယ်ခဲ့တယ်။ ယခုတော့ ဆီးရီးယားက အာဆတ်ရဲ့ စနစ်ကိုတစ်မျိုး၊ အီဂျစ်က အလ်စီစီရဲ့စနစ်ကိုတစ်မျိုး၊ ဆော်ဒီအာရေးဗီးယားက ဘုရင်ဆူလေမာန်ရဲ့ စနစ်ကိုတစ်မျိုး၊ အီရန်နိုင်ငံရဲ့ အီမာမ်စနစ်စတာတွေကို ကိုးကွယ်နေကြပြီး၊ တူရကီနိုင်ငံက အစ္စလာမ်စနစ်နှင့် အုပ်ချုပ်တယ်လို့ စွပ်စွဲပြီး ဥရောပနိုင်ငံတွေက ကျားကွက်ကစားနေတာတွေ့ရပါတယ်။ အမှန်တော့ မိုး၊ မြေ၊ နေ၊ လ၊ နေ့၊ ညဥ့်၊ အလင်းအမှောင်၊ အသိရှိမှု၊ အသိမဲ့မှု၊ သေခြင်းနှင့်ရှင်ခြင်းစသဖြင့် ဖြစ်ပျက်ပြောင်းလဲလျက်ရှိသော ဖြစ်စဉ်ဖြစ်ရပ် အရပ်ရပ်တွေကို ပြုစုစီရင်ဖြစ်ထွန်းစီမံထားသောအရှင်မှာ တစ်ဆူ၊ တစ်ပါးတည်းသော အလ္လာဟ် အရှင်မြတ်သာလျှင်ဖြစ်ပါတယ်။ အဲဒီအရှင်မြတ်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ မှီခိုအားထားတာ လုံးဝမဟုတ်၊ အဲဒီအရှင်မြတ်နှင့်တွဲဖက် ယှဉ်ပြိုင်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ လုံးဝမရှိ၊ မည်သူတစ်ဦးတစ်ယောက်မျှ အရှင် မြတ်ရဲ့ အရေးကိစ္စမှ ၀င်ရောက်စွက်ဖက်နိုင်သူလုံးဝမရှိ။ အနန္တစကြ၀ဠာများနှင့် ကမ္ဘာဂြိုဟ်ကို စိုးပိုင်တော်မူသော အရှင်၊ အဲဒီအလ္လာဟ်အရှင်မြတ်က ဘုန်းတော်အဆုံး ဥာဏ်တော်အနန္တနှင့်ပြီးပြည့်စုံတော်မူသောအရှင်၊ ဒါကြောင့် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းနဲ့သာလျှင် ချီးမွမ်းထောပနာခြင်း ဟူသမျှနှင့်ထိုက်တန်တော်မူသော အရှင်ဖြစ် ပါတယ်။
အထက်ပါအာယသ်တော်အရ အမှောင်ထုနှင့် အလင်းရောင်ကို အလ္လာဟ်အရှင်မြတ်က စီမံပြုလုပ်ထား တာ ဖြစ်ပါတယ်။ အလင်းကတော့ အမှောင်ကြောင့်သာပိုပြီး သိသာထင်ရှားလာတာဖြစ်ကြောင်း အလ္လာဟ်က အရာရာတိုင်းကို ဒွိစုံအဖြစ် ဖြစ်ထွန်းစေထားကြောင်း ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် (၃၆) အာယသ် (၃၆) မှာ
`ချို့တဲ့မှုအပေါင်းမှ ကင်းရှင်းတော်မူသော အလ္လာဟ်အရှင်မြတ်က ရှိရှိသမျှအရာရာတိုင်းကို ဒွိစုံအဖြစ် စီရင်ဖြစ်ထွန်းစေထားတာ ဖြစ်ပါတယ်။´ (၃၆း၃၆)
ဥပမာ နေ့နဲ့ည၊ ဖိုနှင့်မ၊ အလင်းနှင့်အမှောင်စတဲ့ ဆန့်ကျင်ဘက်တွေ ဧကန်မလွဲရှိနေပါတယ်။ အဲဒီတော့ ညဥ့်ကြောင့်နေ့ရဲ့အကျိုးကျေးဇူး၊ နေ့ကြောင့် ညဥ့်ရဲ့အကျိုးရလာဒ်၊ အဖိုကြောင့်အမရဲ့ အရည်အသွေး၊ အမကြောင့် အဖိုရဲ့အရည်အချင်း၊ အလင်းကြောင့် အမှောင်ရဲ့ဆိုးကျိုး၊ အမှောင်ကြောင့် အလင်းရဲ့တန်ဖိုးတွေ အထင်အရှားပေါ်လွင်နေပါတယ်။ အထက်ပါ (၆း၁)မှာ အမှောင်ကို `ဇွလ်မသွန်´ဆိုပြီးတစ်ကိန်း ရိုးရိုးကိုမသုံးဘဲ `အဇ်ဇုလုမာသု´`အလ်´ပေါင်းထားသော အများကိန်းကိုသုံးထားပြီး၊ အလင်းကိုကျတော့ `အန်နူးရ်´`အလ်´ ပေါင်းထားသော တစ်ကိန်းသုံးထားတာ တွေ့ရပါတယ်။ `ဇုလုမာသ်´နှင့်`နူးရ်´တွဲပြီးပါတယ်။ အာယသ်များအနက် မှ အာယသ်တစ်ချို့ကိုတင်ပြမည်။ ကုရ်အာန်စူရာဟ် (၁၄)အာယသ်(၁)မှာ
`အလ္လာဟ်က ငါအရှင်မြတ်ဟာ အဲဒီကျမ်း(ကုရ်အာန်)ကို အသင်တမန်တော်ဆီသို့ ထုတ်ပြန်ပို့ချခဲ့တယ်။ (ဘာကြောင့်ချပေးခဲ့တာလဲ) အသင်တမန်တော် လူသားတွေကို အမှောင်ထုမှ အလင်းရောင်ဆီသို့ ဆွဲထုတ်ရန် အတွက်သာဖြစ်ပေသည်။´(၁၄း၁)
ဆိုလိုတဲ့ တရားသဘောကတော့ လူသားတွေလွှမ်းမိုးခြင်းခံရတဲ့ လောင်းရိပ်အမျိုးမျိုးတွေရဲ့ အောက်မှာ ရုန်းကန်လှုပ်ရှားနိုင်တဲ့ လွတ်လပ်ပြီး တရားမျှတမှုနှင့် အောင်မြင်မှုရှိတယ်။ အလင်းရောက်ဆီကို ရောက်ရှိအောင် စီမံဆောင်ရွက် အကောင်အထည်ဖော်ရန် တမန်တော်မြတ်ဆီကို ကျမ်းတော်မြတ်ကုရ်အာန်ကို ချပေးခဲ့တာဖြစ်ပါ တယ်။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ပေးခဲ့သောတာဝန်ကို တမန်တော်မြတ်က မိမိဘ၀ရဲ့ သက်တမ်းကာလတစ်လျှောက် လိုက်နာကျင့်သုံးအကောင်အထည်ဖော်ခဲ့တယ်။ ဒီနောက် တမန်တော် မြတ်နှင့်အတူတကွ ဘ၀တိုက်ပွဲအဆင့်ဆင့်ကို လက်တွဲပြီး လိုက်နာကျင့်သုံးခဲ့သော အဆ်ွဟာဘ်ရဲဘော်ရဲဘက် များ မရှိတဲ့နောက် အလ္လာဟ်ထံက ကုရ်အာန်ပါလူ့ဘ၀တည်ဆောက်မှု ဒီးန်စနစ်ဇယားကို မွတ်ဆလင်မ်ဆိုသူအချို့ က အာရဗ်အမျိုးသားရေးဝါဒလမ်းစဉ်ကို ထူထောင်ပြီး အလ္လာဟ်အရှင်မြတ်ထံက ကုရ်အာန်ပါ ဥပဒေစည်းမျဉ်းတွေ ကို မလိုက်နာဘဲသွေဖည်ခဲ့တယ်။ အဲဒီလူတွေနောက်ပြီးတော့ ဘာလုပ်ခဲ့လဲဆိုရင် အလ္လာဟ်ထံက `၀ဟီ´ လမ်းညွှန်ကုရ်အာန်ကို လူတွေရဲ့တဆင့်စကား ရေ၀ါယသ်တွေကို အစားထိုးလက်ခံထားတာ ဒီကနေ့အထိဖြစ် ပါတယ်။
ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာလူသားအများစု လွှမ်းမိုးခြင်းခံနေရသော အမှောင်ထုကတော့ အလ္လာဟ်ထံက `၀ဟီ´လမ်းညွှန်ကုရ်အာန်ပါ ဒီန်စနစ်ဇယားရဲ့နေရာမှာ လူ့စိတ်ကူးစိတ်သန်းနှင့် ပြုလုပ်ထားသော ကျောင်းတော် ၀ါဒမဇ်ဟဘ် Religion ရဲ့အမှောင်ထု၊ မဇ်ဟဘ် Religion ရဲ့အမှောင်ထု၊ မဇ်ဟာသိပေရှ်ဝါလို့ခေါ်တဲ့ လူပုဂ္ဂိုလ်များ ကပြုလုပ်ထားတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရဲ့ အမှောင်ထု၊ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လူသားဖွံ့ဖြိုးတိုးတက်မှုကို မနာ လို မလိုလားမနှစ်သက်တဲ့ အမြော်အမြင်ကျဉ်းမြောင်းမှုရဲ့ အမှောင်ထု၊ ဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်တဲ့ကွန်မြူနစ်စနစ် ရဲ့ အမှောင်ထု၊ ဖိရ်အောင်န်စနစ်ရဲ့အမှောင်ထု၊ ယဟူဒီ နဆွရာနီများက သေသေချာချာ အကာအကွယ်ပေးထား ပြီး၊ မွတ်ဆလင်မ်ဆိုသူများက လက်ခံကျင့်သုံးနေသော ဘုရင်စနစ်ဆိုးရဲ့ အမှောင်ထု၊ အသားအရောင်နှင့် လူမျိုး ဇာတ်ကြီး ဇာတ်နိမ့် ခွဲခြားမှုရဲ့ အမှောင်ထုတွေဖြစ်ပါတယ်။
ဒါပေမယ့် ဒီအမှောင်ထုတွေကို ဖြိုခွင်းရှင်းလင်းဖယ်ရှားဖို့အတွက် ကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ် တည်းရဲ့ အလင်းရောင်ဟာလုံလောက်ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မှတဆင့် ကမ္ဘာ့ လူသားအားလုံးကို ကုရ်အာန်ဆူရာဟ် (၄) အာယသ်(၁၇၄)မှာ ဘာပြောထားလဲ –
`အို လူသားအပေါင်းတို့ အသင်တို့ကိုအဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင် အလ္လာဟ်အရှင်မြတ်ထံတော် မှ အသင်တို့ဆီသို့ ခိုင်လုံတိကျမှန်ကန်သော သက်သေသာဓကတစ်ရပ် မုချဧကန်ရောက်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ဆီသို့ ထင်ရှားရှင်းလင်းသည့်အလင်းရောင်ဖြစ်အောင် ကျမ်းတော်မြတ်ကုရ်အာန်ကိုပေးတော်မူခဲ့ချေပြီ။´(၄း၁၇၄)
ဆက်လက်ပြီး အာယသ်(၁၇၅) မှာ အလ္လာဟ်အရှင်ြမတ်က အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေကို ဘာပြောထားလဲ `အဲဒါကြောင့် အကြင်သူတွေဟာ အလ္လာဟ်အရှင်ြမတ်ကို သက်ဝင်ယုံကြည်ပြီး အရှင်မြတ်ရဲ့ (ဒီးန်စနစ်ဇယားအစ္စလာမ်)ကို စွဲစွဲမြဲမြဲဖက်ကိုင်ထားကြရင် အဲဒီသူတွေကို မကြာခင်အရှင်မြတ်က အရှင်မြတ်ရဲ့ ရဟ်မသ်ကရုဏာတော်ဖြစ်တဲ့ ဂျန္နသ်သုခဘုံနှင့် အရှင်မြတ်ရဲ့ကျေးဇူးတော်ထဲကို ၀င်ရောက်စေတော်မူမည်။ ဒါ့ အပြင်အရှင်မြတ်ဟာ အဲဒီသူတွေကို အရှင်မြတ်ဆီ(ရောက်ရှိဖို့) တည်ကြည်ဖြောင့်မတ်တဲ့လမ်းကိုလည်း ညွှန်ပြ တော်မူမည်။´
`ရဟ်မသွလ္လာဟ်တို့၊ ဖဇီလသွလ္လာဟ် တို့၊ ဟေဒါယသွလ္လာဟ်တို့´ဆိုပြီးတော့ နာမည်ထားတာနဲ့ `ရဟ်မသ်´ရတာ မဟုတ်ဘူး။ ကုရ်အာန်ရဲ့ လမ်းညွှန်ချက်အတိုင်း နေ့တိုင်းလိုက်နာကျင့်သုံးမှသာလျှင် `မဂ်ဖိရသ်´၊`ရဟ်မသ်´၊`ဆလာမသ်´၊`ဘရ်ကသ်´၊`ဟေဒါယသ်´ရမည်။ ဒါကြောင့် လူသားအပါအ၀င် ကျွန်ုပ်တို့ တွေဟာ တမန်တော်မြတ်လက်တွေ့လိုက်နာကျင့်သုံးပြီး ပြသခဲ့သောစနစ်လမ်းကြောင်းအတိုင်း လျှောက်လှမ်းရမှာ ဖြစ်ကြောင်း ကုရ်အာန်ဆူရာဟ် (၁၂) အာယသ်(၁၀၈)မှာ အလ္လာဟ်အရှင်မြတ်က
`ဟောဒီဟာ အကျွန်ုပ်တမန်တော် လျှောက်လှမ်းခဲ့တဲ့ လူ့ဘ၀တည်ဆောက်မှုစနစ်လမ်းကြောင်းဖြစ်တယ်။ ကျွန်ုပ်တမန်တော်နှင့် ကျွန်ုပ်ကိုဖ၀ါးခြေထပ်လိုက်ကြသူတွေ ဆင်ခြင်တုံတရားအပေါ် အခြေခံပြီးအလ္လာဟ်ထံကို ဖိတ်ခေါ်ရမည်။ အလ္လာဟ်အရှင်မြတ်ရဲ့သတ်မှတ်ပြဌာန်းချက်ဥပဒေသာလျှင် အရာရာအားလုံးပေါ်မှာ လွှမ်းမိုးလျက် ရှိတယ်။ အလ္လာဟ်မှအပ အခြားတစ်ဦးတစ်ယောက် တစ်စုံတစ်ခုသြဇာလွှမ်းမိုးမှု လုံးဝမရှိပေ။ ကျွန်ုပ်တမန်တော် အလ္လာဟ်အရှင်မြတ်ရဲ့ သတ်မှတ်ပြဌာန်းချက်ဥပဒေသကို အခြားဥပဒေတစ်ခုခုနှင့် လုံးဝတန်းတူရည်တူ မတွဲမဖက်၊ မနှိုင်းယှဉ်ပါ။ ဒီဟာ ကျွန်ုပ်တမန်တော်ရဲ့ ဘ၀တည်ဆောက်မှုစနစ်လမ်းကြောင်းပင်ဖြစ်တယ်လို့ အသင် တမန်တော်လူတွေကို အသိပေးကြေညာလိုက်ပါ။´(၁၂း၁၀၈)
အထက်ပါ အာယသ်တော်တရားဒေသနာတော်အရ လူသားတွေရဲ့သက်တမ်းဘ၀ခရီးတစ်လျှောက်လုံးမှာ လူတွေရဲ့အသိဥာဏ်ဆင်ခြင်တုံတရားကို အသုံးချရမည်။ အလ္လာဟ်အရှင်မြတ်ရဲ့ပြဌာန်းချက်ဥပေဒေသကို အနန္တ စကြ၀ဠာများက လိုက်နာနေသလို၊ လူသားကမ္ဘာဂြိုဟ်မှာ အထူးသဖြင့် လူ့ပတ်ဝန်းကျင်မှာလည်း အကောင် အထည်ဖော်ရမည်။ အလ္လာဟ်ကို (တစ်နည်း) အလ္လာဟ်ရဲ့ဥပဒေသကို မည်သူတစ်ဦးတစ်ယောက်နှင့်မျှ၊ မည်သည့် အရာနှင့်မျှ တွဲဖက်ခြင်းမလုပ်ရဘူး။ ဒီအချက်အလက်တွေကို ကြွေးကြော်ထုတ်ဖော်ရမည်။ ကြေညာရမည်။ လူသား အားလုံးကို အလ္လာဟ်အရှင်မြတ်ဖက်ကို ထာဝရဖိတ်ခေါ်ရမည်။
ဒါကြောင့် `ဟေဒါယသ်´၊ `ရဟ်မသ်´၊`ဆလာမသ်´၊ `မဂ်ဖေရသ်´ကို လိုချင်တယ်ဆိုရင်တော့ ကုရ်အာန် ကို နားလည်ပြီးလိုက်နာကျင့်သုံးရမည်။ နာခံဘ၀တည်ဆောက်ရမည်။ ဒါပေမယ့် ကုရ်အာန်ကို နားလည်သဘော ပေါက်ဖို့ အချက်နှစ်ချက်ပေါ်မှာ မူတည်ပါတယ်။ ပထမအချက်ကတော့ ကျမ်းတော်မြတ်ကုရ်အာန်ကို မလာမီ အလျင်(တစ်နည်း) ကုရ်အာန်ကို သင်ယူဆည်းပူးလေ့လာခြင်း မလုပ်မီအလျင် မိမိရဲ့နှလုံးသားဦးနှောက်ကို ကုရ်အာန်ရဲ့ တင်ပြမှုမှလွဲလို့ အခြားအခြား အယူအဆတွေ ထင်မြင်ယူဆချက်တွေမှ သန့်ရှင်းစင်ကြယ်အောင် လုပ် ရမည်။ ဒုတိယအချက်ကတော့ မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် မိမိရဲ့နှလုံးသားဦးနှောက်ကို သန့်ရှင်းစင်ကြယ် အောင် မလုပ်ဘဲ ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ခတမ်လုပ်တဲ့အဆင့်မှာ နေမည်ဆိုရင် မိမိသာခတမ်ဖြစ် သွားမည်။ ကုရ်အာန်ကိုတော့ နားလည်သဘောပေါက်မှာမဟုတ်ဘူး။ သက်သေအထောက်အထားအရ ကုရ်အာန် ဆူရာဟ် (၅၆) အာယသ်(၇၉)မှာ `ယင်းမှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းကြသော သူတို့မှာတပါး မည်သူမျှ ပင် ထိတွေ့ကြသည်မရှိပြီ။ ဒါကတော့ အများဘာသာပြန်ဖြစ်ပါတယ်။
ဆိုလိုတဲ့သဘောက နှလုံးသားထဲမှာ သန့်ရှင်းမှုမရှိရင် နှလုံးသားထဲမှာ ဟိုစာအုပ်ကျမ်းကြီးကျမ်းငယ်တွေ၊ သဖ်ဆီရ်တွေ၊ ဖေကာဟ်တွေကတဆင့် စကားရေ၀ါယသ်တွေ ၀င်နေမည်ဆိုရင် ကုရ်အာန်ရဲ့အာယသ်တွေဟာ နှလုံးသားထဲကို ၀င်မှာမဟုတ်ဘူး။ နှလုံးသားထဲမှာ ရှုတ်ထွေးနေမည်ဆိုရင် ကုရ်အာန်ကို နားလည်သဘောပေါက် မှာမဟုတ်ဘူး။ အဲဒီလို ရှင်းရှင်းလင်းလင်း မတင်ပြပဲ၊ `၀ူဇူ´မပါဘဲ ကုရ်အာန်ကိုမကိုင်ရ၊ မဖတ်ရဆိုပြီး ပြောနေတာ တွေ့ရပါတယ်။ ဒါဆိုရင် အခြားအခြားဘာသာဝင်တွေ `၀ူဇူ´မလုပ်ဘဲ ကုရ်အာန်ကို မကိုင်ရဘူးဆိုရင်၊ ကုရ်အာန် ဘာသာပြန်ကို မဖတ်ရဘူးဆိုရင် အစ္စလာမ်နှင့်ပတ်သက်ပြီး နားလည်သဘောပေါက်မှာလား၊ နောက်ပြီးတော့ `၀ူဇူ´မလုပ်ဘဲ ကုရ်အာန်ကို မကိုင်ရဆိုတဲ့ပြောဆိုမှုကြောင့် ကုရ်အာန်ကနေ တဖြေးဖြေးဝေးကွာသည်ထက် ဝေးကွာနေအောင် လုပ်နေတာမဟုတ်လော။ ဒါကတော့ ကုရ်အာန်ကိုလစ်လျူရှုစွန့်လွှတ်ပြီး အခြားအခြားစာအုပ် တွေကို အစားထိုးလက်ခံနေတာဖြစ်တယ်။ အထက်ပါ အာယသ်တော်နှင့် အလ်္လမာ ဒေါက်တာအိက်ဘားလ်က ကုရ်အာန်ရဲ့အာယသ်တွေကို လွဲမှားစွာပြောဆိုသုံးစွဲသူတွေကို ဘာပြောခဲ့သလဲဆိုရင်
သန့်ရှင်းစင်ကြယ်သော နှလုံးသားထဲမှာ`သောင်ဝ်ဟီဒ်´ရဲ့အစက်ဝင်နိုင်တယ်။ (တစ်နည်း) တစ်ပါးတည်း သောအရှင်မြတ်ရဲ့ ဥပဒေသတွေကို သိရှိနားလည်သဘောပေါက်နိုင်တယ်။ ဒါပေမယ့် သင်တို့ရဲ့ဦးနှောက်ထဲမှာ `ဗုဒ်ခါနာ´ရှိနေတော့ (တစ်နည်း) ဟိုစာအုပ်ခြောက်ကျမ်းတွေ၊ တဆင့် စကားရေ၀ါယသ်တွေ၊ ဖေကာဟ်တွေ၊ အဲဒီ ဇာတ်ရှုပ်တွေရှိနေတော့ ဘာပြောရမှာလဲ။ `ဗုဒ်ခါနာ´ဆိုတဲ့ ဇာတ်ရှုပ်တွေရှိနေသရွေ့ ကုရ်အာန်ရဲ့လမ်းညွှန်ချက် တွေ နှလုံးသားထဲကိုဝင်မှာမဟုတ်ဘူး။ ကုရ်အာန်ကိုလည်း နားလည်သဘောပေါက်မှာ မဟုတ်ဘူး။ အဲဒီတော့ ခိုင်လုံတိကျမှန်ကန်တဲ့ လမ်းညွှန်ချက်ကတော့ ကုရ်အာန်ကညွှန်ပြသော လမ်းညွှန်ချက်ဖြစ်ကြောင်း ကုရ်အာန် ဆူရာဟ် (၂) အာယသ် (၁၂၀)မှာ အလ္လာဟ်က `အို တမန်တော် အသင်လူတွေကို အသိပေးကြေညာလိုက်ပါ။ ဧကန်မုချ အလ္လာဟ်ထံမှ ၀ဟီလမ်းညွှန်ကုရ်အာန်က ညွှန်ပြနေသော လမ်းညွှန်ချက်သာလျှင် ခိုင်လုံတိကျသော မှန်ကန်သော လမ်းညွှန်ချက်ဖြစ်ပါတယ်။´(၂း၁၂၀)
အဲဒီတော့ အလ်ဟက် ထာဝရအမှန်တရား ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်သော ဒီန်စနစ်ကို လက်ခံလိုက်နာမှာလား ဒါမှမဟတု သွေဖည်ငြင်းပယ်မှာလား၊ လွတ်လပ်ခွင့်အပြည့်အ၀ပေးထားကြောင်း ကုရ်အာန် ဆူရာဟ် (၁၈) အာယသ်(၂၉)မှာ အလ္လာဟ်အရှင်ြမတ်က
`အလ္လာဟ်က အို တမန်တော် အသင်သူတို့အား အသိပေးကြေညာပါလေ။ အလ်ဟက် ထာဝရအမှန် တရား၊ ကျမ်းတော်မြတ်ကုရ်အာန်သည် အသင်တို့ကို အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင် အလ္လာဟ်ထံတော်မှ ဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆိုငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲငါအရှင်မြတ်သည် မတရားကျူးလွန်သူတို့အဖို့ (ငရဲ)မီးကို အသင့်ပြုလုပ်ထားတော်မူလေ သည်။´(၁၈း၂၉)
အလ္လာဟ်အရှင်မြတ်ထံမှ ကျရောက်ခဲ့တဲ့ ထာဝရအမှန်တရားနှင့် မွတ်ဆလင်မ်ဆိုသူများက အဟ်လေ ကိသာဗ် ရှေးဟောင်းကျမ်းဂန်က လူတွေထံမှ လက်ဆင့်ခံလက်ခံထားသော ကျောင်းတော်ဝါဒမဇ်ဟဘ် Religion မတူကြောင်း ကုရ်အာန်ဆူရာဟ်(၂) အာယသ်(၂၅၆)မှာ အလ္လာဟ်အရှင်မြတ်က
`ဖြောင့်မတ်မှန်ကန်သော ဒီန်စနစ်၏ တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့် ရှင်းလင်းထင်ရှား စွာ ကွဲပြားခြားနားလျက်ရှိနေပြီ။ သို့ဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်ဒီန်စနစ်ထဲကို (၀င်ရောက်ရန် အတွက်) အတင်းအဓမ္မအနိုင်အထက် အလျဉ်းမပြုရ။ ထို့ကြောင့် အကြင်တစ်ဦး တစ်ယောက်သည် အဖျက် အင်အားစု ရှိုင်တွာန်စနစ်ကို သွေဖည်ငြင်းပယ်ပြီး အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ပါမူ ဧကန်အမှန်ထိုသူ သည် အလွန်ခိုင်မြဲ၍ ယုံကြည်အားကိုးဖွယ်ရာ ကြိုးကွင်းကို မြဲမြံစွာဆွဲကိုင်ထားသူဖြစ်ချေပြီ။ ယင်းကြိုးကွင်းသည် မည်သည့်အခါမျှ ကျိုးပျက်ခြင်း၊ ယိုယွင်းပျက်စီးခြင်းအလျဉ်းမရှိပေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူပေသည်။´(၂း၂၅၆)
ဒီကမ္ဘာဂြိုဟ်မှာ မြောက်များစွာသော လူလုပ်စနစ်တွေ သင်္ချိုင်းထဲမှာ မြေမြုပ်ခြင်းခံရပြီးပြီ။ ဒါပေမယ့် အလ္လာဟ်ထံက `၀ဟီ´လမ်းညွှန်ကုရ်အာန်ပါ ဒီန်စနစ်ဇယား အစ္စလာမ်ကတော့ `ကိယာမသ်´အထိတည်ရှိနေမှာ ဖြစ်ပါတယ်။ ဒီတော့ ကုရ်အာန်မှာပါတဲ့ ဒီန်စနစ်ဇယား အစ္စလာမ်ကို လက်ခံမှာလား။ ဒါမှမဟုတ် ဒီန်စနစ်ဇယား အစ္စလာမ်ကို လက်မခံငြင်းပယ်သော ရှေးဟောင်းကျမ်းရလူတွေရဲ့ ကျောင်းတော်ဝါဒ မဇ်ဟဘ်ကိုလက်ခံမှာလား။ ဒီနှစ်လမ်းမှာ တစ်လမ်းကိုတော့ ရွေးချယ်ရမည်။ ဒီနှစ်လမ်းကို ရောထွေးတွဲဖက်ပြီး ဖက်စပ်မလုပ်ရ။ ရောထွေးပြီး ဖက်စပ်လုပ်ခြင်းဟာ ရှရိက်လုပ်ရပ်ဖြစ်မည်။ အလ္လာဟ်အရှင်မြတ်က ရှရိက်လုပ်ရပ်ကို လက်ခံမှာမဟုတ်ကြောင်း ကုရ်အာန်ဆူရာဟ် (၁၈) အာယသ်(၂၆)မှာ –
`အလ္လာဟ်အရှင်မြတ်က သူ့ရဲ့အချုပ်အခြာ သြဇာအမိန့်အာဏာမှာ အခြားဘယ်သူတစ်ဦးတစ်ယောက်ကို တွဲဖက်ပြီး ဖက်စပ်ရှရိက်လုပ်ခြင်းကို လက်ခံမှာမဟုတ်ဘူး။´(၁၈း၂၆) ဆက်လက်ပြီး အာယသ်(၁၁၀)မှာတော့ `အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။ အသင့်ကို အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင် အလ္လာဟ်ကို အေဘာဒသ်လုပ်တာ။ နာခံဘ၀တည်ဆောက်မှုမှာ အခြားတစ်စုံတစ်ရာတစ်ဦးတစ်ယောက်ကို တွဲဖက်ကာ နှိုင်းယှဉ်တာ ရှရိက်မလုပ်ရဘူး။´(၁၈း၁၁၀)
အထက်ပါတင်ပြချက် အကြောင်းတရားတွေကို ခြုံငုံပြီးတော့ အုပ်စုသုံးမျိုးရဲ့အကျိုးအကြောင်း အဆိုး အကောင်းတွေကို ဆက်လက်တင်ပြမည်။ ဥပမာ သီးသန့်အစ္စလာမ်ဒီန်စနစ်ကို လက်ခံယုံကြည်လိုက်နာကျင့်သုံးခဲ့ သော မွတ်ဆလင်မ် မုအ်မင်န်တွေ အလ္လာဟ်ထံမှ ၀ဟီလမ်းညွှန် ကုရ်အာန်အတိုင်း တမန်တော်မြတ်မုဟမ္မဒ်(ဆွ) နှင့် အတူတကွ လက်တွဲပြီး လူ့ဘ၀တည်ဆောက်မှု ဒီးန်စနစ်ကို အကောင်အထည်ဖော်ခဲ့တယ်။ တမန်တော်မြတ် မရှိတဲ့နောက် အဆ်ွဟဘ်ရဲဘော်ရဲဘက်များက ဒီဒွန္နယာမှာရော၊ နောင်အနာဂါတ်အာခိရသ် နှစ်ဌာနစလုံးမှာပါ အောင်မြင်ကြသူတွေဖြစ်ခဲ့တယ်။
ဒုတိယသီးသန့်အုပ်စု မုရှ်ရိက်တွေထဲမှာ လူများစုက အလ္လာဟ်ထံမှ ၀ဟီလမ်းညွှန်ကုရ်အာန်ပါ ဒီန်စနစ် ဇယားမှန်ကန်ကြောင်းသိပါလျက်နှင့် သွေဖီဆန့်ကျင်နေကြသော ဥပမာ ကမ္ဘာအနောက်ခြမ်းက လူများစုဖြစ်ကြ တ်ယ။ ယဟူဒီနှင့် နဆွရာနီတွေက သူတို့ရဲ့စိတ်ကူးစိတ်သန်းနှင့်ပြုလုပ်ထားသော `ဆီချူလာရ်´စနစ်ကို ကျင့်သုံး ပြီး `မလာအိကာဟ်´သဘာဝစွမ်းအားစုတွေကို အသုံးချပြီးတော့ ဒီမျက်မှောက်ကာလရဲ့ ကန့်သတ်မှုဘောင် အတွင်းမှာ အကျိုးခံစားနေတာ တွေ့ရပါတယ်။ ဥပမာ တတိယအုပ်စုကတော့ အစ္စလာမ်ဒီန်စနစ်နှင့် အခြားအခြား လူလုပ်စနစ်တွေ ကျောင်းတော်ဝါဒမဇ်ဟဘ်လမ်းစဉ်တွေကို ဖက်စပ်၊ တွဲဖက်၊ နှိုင်းယှသ်သူမွတ်ဆလင်မ်ဆိုသူများ က မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားနှင့် ကိုက်ညီတဲ့ကုရ်အာန်အာယသ်အချို့ကို လက်ခံကြတယ်။ မိမိတို့ရဲ့ ကိုယ်ကျိုး စီးပွားနှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ အာယသ်တော်တွေကို ငြင်းပယ်ပြီး အခြားအခြားလူလုပ်တရား ကျမ်းစာတွေကို အစားထိုးလက်ခံတာနှင့် ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ်(၂) အာယသ်(၈၅)မှာ အလ္လာဟ်အရှင်ြမတ်ကမေးတယ်။
`အသင်တို့သည် အရှင်မြတ်၏ ပြဌာန်းချက်အချို့ကို သက်ဝင်ယုံကြည်ပြီး အသင်တို့ပြဌာန်းချက်အချို့ကိုမူ သွေဖည်ငြင်းပယ်ကြလေသလော။ သင်တို့အနက်မှ ယင်းလုပ်ရပ်ကို လုပ်ဆောင်သူတစ်ဦးအတွက် ထိုက်တန်သော ရလဒ်မှာ ဤမျက်မှောက်ကာလနှင့် ကိယာမသ်(၀ါ)ကမ္ဘာ့တရားစီရင်မည့်ကာလတွင် အရှက်တကွဲအကျိုးနည်းခြင်း မှလွဲ၍ အခြားမရှိပြီ။ ပြင်းပြလှစွာသော နာကျင်ခံစားရမှုက သူတို့၏လုပ်ရပ်အပေါ် ရောင်ပြန်ဟပ်ပေလိမ့်မည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏လုပ်ရပ်များနှင့် ပတ်သက်၍လစ်လျူရှုလိမ့်မည် အလျဉ်းမဟုတ် ပေ။´(၂း၈၅)
အဲဒီတော့ ကမ္ဘာတ၀ှမ်းကို သေသေချာချာလေ့လာကြည်လိုက် ဒီကနေ့ကျွန်ုပ်တို့ မွတ်ဆလင်မ်တွေရဲ့ အခြေအနေဟာ ဘာကြောင့်အရည်အသွေးမမှီ သိက္ခာမဲ့ဘ၀မှာနေရတယ်ဆိုတာ အထင်အရှားတွေ့ရပါတယ်။ ဒါကို သေသေချာချာစဉ်းစားတွေးတောမည်ဆိုရင် ဒီကနေ့ဖြစ်ပျက်နေသော အကြောင်းအရာတွေဟာ `ယဟူဒီ´ နှင့် `နဆွရာနီ´များနှင့် မွတ်ဆလင်မ်ဆိုသူအချို့က ပူးပေါင်းကြံစည်ခဲ့တဲ့လုပ်ဇာတ်လမ်းကို ယုံကြည်လက်ခံထား တဲ့အတွက်ကြောင့် ဒီလိုအဖြစ်အပျက်တွေနဲ့ ကြုံတွေ့နေရကြောင်းပြောလိုပါတယ်။ အဲဒီတော့ အာခိရသ်ရဲ့အပြစ် ဒဏ်ကို ကိယာမသ်ကာလမှ ကြုံတွေ့ရမည်အတွက် အာခိရသ်ရဲ့အပြစ်ဒဏ်ကို ခဏထားလိုက်။ ကျွန်ုပ်တို့ယခု လက်ရှိမျက်မှောက်ကာလမှာ သိက္ခာမဲ့ဘ၀မှာ အရေးယူဒဏ်ခတ်ခြင်းခံနေရတာဟာ ဒီထက်သက်သေ အထောက် အထားပြစရာမလိုဘူးလို့ ထင်မိပါတယ်။
ကျွန်ုပ်တို့ဆွလားသ်တည်ဆောက်တိုင်း အခမ်းအနားကျင်းပတိုင်း ဆူရာဟ်ဖှာတိဟာကို ဖတ်ရွတ်တယ်။ အလ္လာဟ်ထံမှာ ဆုဒုအာတောင်းဆိုကြတယ်။ အလ္လာဟ်ထံမျာ အကျိုးကျေးဇူးတွေကို ခံစားစံစားခဲ့သောသူတို့ လျှောက်လှမ်းခဲ့တဲ့လမ်းကို ကျွန်ုပ်တို့ကိုညွှန်ြပတော်မူပါလို့ ဆုဒုအာတောင်းဆိုကြတယ်။ အလ္လာဟ်ရဲ့ရဟ်မသ်တော် မှကင်းဝေးကြသူများရဲ့လမ်းမဟုတ်၊ လမ်းလွဲမှားသူတွေရဲ့လမ်းလည်းမဟုတ်ဆိုပြီးတောင်းဆိုနေကြတယ်မဟုတ် လော။ ဘာသာပြန်ကုရ်အာန်မှာတော့ အမျက်တော်စူးရှခြင်းခံရသူတွေ၊ ရဟ်မသ်တော်မှကင်းဝေးကြသူတွေ ယဟူဒီတွေဆိုပြီးရေးသားတာ တွေ့ရပါတယ်။ လမ်းလွဲမှားသူတွေဆိုတာ `နဆွရာနီတွေဆိုပြီးရေးသားထားတာ တွေ့ရပါတယ်။ ဒါဆိုရင် ယခုလက်ရှိမျက်မှောက်ကာလရဲ့အခြေအနေမှာ အမျက်တော်စူးရှခြင်းခံရသူများနှင့် လမ်းလွဲမှားသူများရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းခံရမှု၊ အနိုင်ကျင့်ခံရမှုသတ်ဖြတ်ခြင်းခံရမှုကြောင့် သန်းပေါင်းများစွာသော မွတ်ဆလင်မ်တွေ သိက္ခာမဲ့ဘ၀မှာရှင်သန်နေရတာ ဘာလုပ်ရပ်ကြောင့် ယခုလိုဖြစ်ရတာလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ကျွန်ုပ်တို့က ကုရ်အာန်ရဲ့အချို့အာယသ်တွေကို ယုံကြည်လက်ခံတယ်။ အချို့အာယသ်တော်တွေ ကို လက်မခံသွေဖီငြင်းပယ်ပြီး လူလုပ်တရားကျမ်းစာတွေ၊ ကျောင်းတော်ဝါဒ မဇ်ဟဘ် Religion တွေကို အစားထိုး လက်ခံပြီးလိုက်နာကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ဒါကတော့ ဒီမျက်မှောက်ကာလ လောကီဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ နောင် အာခိရသ်နှင့်ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က (၁၈း၂၉)မှာ ပြောထားတာရှိတယ်။ `ငါအရှင်မြတ်က ဧကန်မလွဲ အလ်ဟက်အမှန်တရားကို ဆန့်ကျင်သူ ဇွာလင်မ်တွေ လောင်ကျွမ်းစေမယ့်မီးကို အဆင်သင့်ပြုလုပ်ထားကြောင်း တင်ပြရင်းနဲ့ ရပ်နားခွင့်ပြုပါ။