ပညာရေးအတွေးစများ (အပိုင်း-၅) ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
ပညာရေးအတွေးစများ (အပိုင်း-၅)
ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
ကျွန်တော့်အနေနဲ့ ပညာရေးအတွေးစများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး အတော်များများ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ တကယ်တော့ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြနေတာ ဟာ အင်မတန်မှ အကြောင်းအရာအားဖြင့် ကျယ်ပြန့်လွန်းပါတယ်။ ကျွန်တော့်အနေနဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက် ပြီး တင်ပြတဲ့အခါမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အဓိကရည်ညွှန်းပြီး ပြောဆိုတင်ပြခြင်းဖြစ်ပါတယ်။ ယခင် ဆွေးနွေးတင်ပြခဲ့တဲ့ အကြောင်းအရာတွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် အကြောင်းအရာတစ်ခုချင်းစီကို အသေး စိတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဒီတစ်ပတ်မှာတော့ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်က ကျွန်တော်တို့ကို မည်ကဲ့သို့လမ်းညွှန်ပေးထားသလဲဆိုတာကို အဓိကထားပြီး ဆွေးနွေးတင်ပြသွားပါမယ်။
အစ္စလာမ့်သမိုင်းမှာ ကျွန်တော်တို့ဖတ်ရဖူးမှာပါ။ ဗဒရ်စစ်ပွဲဖြစ်တော့ ယုံကြည်သူတွေဘက်က စစ်နိုင်တဲ့ အခါမှာ စစ်သုံ့ပန်းတွေအများကြီးဖမ်းမိပါတယ်။ အဲဒီအခါမှာ တမန်တော်က စာမတတ်တဲ့ မွတ်ဆလင်မ်တွေကို စာသင်ပေးမယ်ဆိုရင် စစ်သုံ့ပန်းအဖြစ်ကနေ လွှတ်ပေးမယ်ဆိုပြီး ကတိပေးညှိနှိုင်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအား ဖြင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာ ပညာရေးနဲ့ပတ်သက်ပြီး အားပေးအားမြှောက်ပြုလုပ်ခဲ့တယ်ဆိုတာကို အစ္စလာမ့်သမိုင်းတွေမှာ အထင်အရှားတွေ့ရမှာပါ။ ဒီကနေ့ခေတ်မှာတော့ ကျွန်တော်တို့ မွတ်ဆလင်မ်ထုထဲမှာ ပညာသင်ကြားခြင်းသည် တားမြစ်ပိတ်ပင်ဟန့်တား ခံနေရဆဲဖြစ်ပါတယ်။ ပါကစ္စတန်မှာ ပညာရေးနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ မာလာလာ ယူစွဖ်ဇိုင်းဟာ လူငယ်တွေပညာသင်ဖို့အတွက် လှုံ့ဆော်တဲ့အခါမှာ အစ္စလာမ်ကို အခြေခံကျကျယုံကြည်ပါတယ်ဆိုတဲ့ အစ္စလာမ့်အခြေခံဝါဒီ တာလီဘန်တွေဟာ မာလာလာရဲ့အသက်ကို ရန်ရှာခဲ့ တယ်။ ခေတ်ပညာသင်ခြင်းဟာ အစ္စလာမ့်အတွေးအခေါ်နဲ့ ဆန့်ကျင်တယ်ဆိုပြီး အကြောင်းပြကြတယ်။ ဒါကြောင့် ကမ္ဘာ့မွတ်ဆလင်မ်ထုတစ်ရပ်လုံးက မယုံကြည်လျှင်မရ။ ယုံကိုယုံကြည်ရမည့် အစ္စလာမ့်အခြေခံအကျဆုံး ယုံကြည်ချက်ဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်မှာ ပညာသင်ခြင်းကိစ္စကို မည်ကဲ့သို့ ပြောဆိုထားသည်ကို တင်ပြပါ့ မယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၃၉) အာယသ်(၇)မှာ
`အသိပညာရှာဖွေဆည်းပူးသူတို့ရဲ့ အနေအထားနဲ့ အသိပညာမဲ့နေသူတို့ရဲ့ အနေအထားတူညီနိုင်ပါမည် လော။ ဥာဏ်ပညာရှိသူတို့သာလျှင် ထိုကိစ္စကို သိမြင်နားလည်နိုင်ပါမည်။´ (၃၉း၇)
ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၁၇) ၊ အာယသ် (၇၂)တွင်လည်း
`ယခုမျက်မှောက်ပစ္စုပ္ပန်ကာလတွင် အသိပညာမဲ့၍ကန်းနေသူသည် နောင်လာမည့် အနာဂါတ်ကာလတစ် လျှောက်လုံးတွင်လည်း အသိပညာမဲ့၍ ကန်းနေဦးမည်သာဖြစ်၍ သူလျှောက်လှမ်းနေသည့် လမ်းစဉ်သည်လည်း လွဲမှားနေဦးမည်သာဖြစ်သည်။´ (၁၇း၇၂) ဆိုပြီး
ကျမ်းတော်မြတ်ကုရ်အာန်က အသိပညာရှိသူတွေရဲ့ အနေအထားနဲ့အသိပညာမဲ့သူတွေရဲ့ အနေအထား ကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်သည်။ ဒါကြောင့် အစ္စလာမ်ကို အခြေခံကျကျယုံကြည်ပါတယ်ဆိုတဲ့ အခြေခံ ဘာသာရေးဝါဒီ တာလီဘန်များက ပညာသင်ကြားခြင်းကို ပိတ်ပင်တားမြစ်နေသည်မှာ အံ့သြမိပါသည်။
ကျမ်းတော်မြတ်ကုရ်အာန်က ဘယ်လိုပညာရပ်တွေကို သင်ယူဆည်းပူးဖို့ တိုက်တွန်းထားသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုလျှင် စကြ၀ဠာနှင့်ပတ်သက်၍
`အနန္တစကြ၀ဠာကို လေ့လာစူးစမ်းသူများအဖို့ ငါအလ္လာဟ်အရှင်မြတ်သည် လှပတင့်တယ်စွာဖြင့် တန်ဆာ ဆင်ယင်ထားတော်မူခဲ့သည်။ (၁၅း၁၆)
ကမ္ဘာမြေကြီး ဖွဲ့စည်းတည်ဆောက်ထားပုံနှင့်ပတ်သက်ပြီး
`အနန္တစကြ၀ဠာကို စနစ်တကျပြုလုပ်စီမံထားခဲ့သည်ကို ၎င်းတို့ အဘယ်ကြောင့် မလေ့လာမဆည်းပူးကြ ပါသနည်း။´ (၈၈း၂၀)
တွင်းထွက်သယံဇာတများနှင့်ပတ်သက်၍
`တောင်တန်းများရှိ အဖြူရောင်အဆင်းရှိသော သယံဇာတပစ္စည်းများ၊ အနီရောင်အဆင်းရှိသော သယံ ဇာတပစ္စည်းများ အမျိုးမျိုးသော ကွဲပြားခြားနားသည့် တွင်းထွက်သယံဇာတပစ္စည်းများကို အသင်တို့အဘယ် ကြောင့် လေ့လာစူးစမ်းမှုမပြုကြပါသနည်း။´ (၃၅း၂၇)
မိုးလေ၀သနှင့်ပတ်သက်၍ လေ့လာရမည့်အကြောင်း
`အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရွာသွန်းစေခဲ့သည်ကို အဘယ်ကြောင့် မလေ့လာ မဆည်းပူးကြပါသနည်း။´ (၃၅း၂၇)
ရုက္ခဗေဒဆိုင်ရာပညာရပ်တွေကို လေ့လာသင်ယူရမည့်အကြောင်း
`မိုးရွာသွန်းစေခြင်းကြောင့် အရောင်အဆင်း ပုံသဏ္ဍာန်မျိုးစုံဖြင့် ကွဲပြားခြားနာေးသာ သစ်သီးဝလံများကို ငါအရှင်ပေါက်ရောက်စေခဲ့သည်ကို မလေ့လာကြသလော။´ (၃၅း၂၇)
`အလ္လာဟ်အရှင်သည် အသင်တို့အကျိုးကျေးဇူးခံစားကြစေရေးအလို့ငှာ မိုးရေဖြင့် စိုက်ပျိုးခင်များကိုလည်း ကောင်း၊ သံလွင်ပင်များကို လည်းကောင်း၊ စွန်ပလွံပင်များကိုလည်းကောင်း၊ စပျစ်ပင်များကို လည်းကောင်း၊ မြောက်များစွာသော သစ်သီးဝလံများကိုလည်းကောင်း ဖြစ်ထွန်းစေတော်မူထားသည်။ ထိုကဲ့သို့ ဖြစ်ထွန်းပေါ်ပေါက် စေမှုများတွင် စဉ်းစားတွေးခေါ်ဆင်ခြင်သူများအဖို့ သက်သေလက္ခဏာများရှိပေသည်။´ (၁၆း၁၁)
ဆေးပညာရပ်နှင့်ပတ်သက်၍
`မိခင်ဝမ်းကြာသိုက်တွင်းသို့ သက်ဆင်းစေသည်။ ကာလလရေကြည်မှ သန္ဓေသားဆင့်ကဲဖြစ်စဉ်ကို အသင်တို့ အဘယ်ကြောင့် သင်ယူလေ့လာခြင်း မပြုကြပါသနည်း။ ထိုကာလလရေကြည် ဖြစ်ပေါ်လာအောင် အသင်တို့ကပင် ပြုလုပ်ခဲ့သလော။ သို့မဟုတ် ငါအရှင်ကပင် ပြုလုပ်ခဲ့လေသလော။´ (၅၆း၅၉)
ဒါကြောင့်မို့ ကျမ်းတော်မြတ်ကုရ်အာန်က ဖော်ပြထားသည့် ပညာရပ်များကို လေ့လာကြည့်လျှင်၊ ယနေ့ လူအများသင်ယူဆည်းပူးနေကြသည့် ခေတ်ပညာများဖြစ်နေပါတယ်။ ဒီကနေ့ခေတ် မွတ်ဆလင်မ်ရှေးရိုးစွဲဝါဒီများ ပြောနေသကဲ့သို့ အစ္စလာမ်က ဘာသာရေးပညာများကိုသာ သင်ယူခွင့်ရှိပြီး၊ ခေတ်ပညာများ သင်ယူရန် အားမပေး ဟူသည့်အတွေးအခေါ်သည် အစ္စလာမ်ရဲ့ လမ်းစဉ် တနည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်နေပါသည်။ ရှေးရိုးစွဲဝါဒီများ၏ ထိုကဲ့သို့ပြောဆိုမှုများသည် ရိုးသားသည့်မွတ်ဆလင်မ် ဘာသာရေး အတွေးအခေါ်များဖြင့် မှိုင်းတိုက်ခြင်းသက်သက်မျှသာ ဖြစ်ပါတယ်။
အစ္စလာမ်ဟာ ဆရာသခင်ကြီးများအပေါ်မှာ အားကိုးအားထားနေပြီး၊ ယုံကြည်ကိုးစားမှုကို လုံးဝအားမပေး ပါ။ ဘာသာရေးပညာရှင်များအပေါ် ယုံကြည်ပြီး၊ မိမိတို့ရဲ့ဘ၀များ ပုံအပ်သမျှကို လုံးဝလက်မခံပါ။ သို့သော်လည်း မွတ်ဆလင်မ်အများစုက မိမိတို့ဆရာသခင်ကြီးများပြောသမျှ အမှန်ဟုသာမှတ်ယူ၍ အာစရိယ၀ါဒ စနစ်တစ်ရပ်ကို ထူထောင်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျမ်းတော်မြတ်ကုရ်အာန်က မွတ်ဆလင်မ်တို့ရဲ့ အခြေခံအကျဆုံး၊ ယုံကြည်ချက်ဖြစ်တဲ့ ကုရ်အာန်နဲ့ပတ်သက်ပြီး ဆူရာဟ် (၄၇)၊ အာယသ် (၂၄)မှာ
`ကျမ်းတော်မြတ်ကုရ်အာန်ကို အဘယ်အတွက်ကြောင့် မစူးစမ်းမလေ့လာကြပါသနည်း။ ထိုကဲ့သို့ မလေ့ လာရခြင်းအကြောင်းရင်းက အခြား အခြားသော တစ်ဖက်ပိတ်အတွေးအခေါ် အယူဝါဒ သော့ခလောက်တွေနဲ့ နှလုံးသားတွေကို ခတ်လှောင်ထားကြပါသလား။´ (၄၇း၂၄)
ထို့အတွက်ကြောင့် မွတ်ဆလင်မ်များအနေဖြင့် ဆရာသခင်ဆိုသူများ၏ ပြောဆိုချက်များကို ကျမ်းမြတ် ကုရ်အာန်ဖြင့် ချိန်ထိုးလေ့လာပြီးမှ လက်ခံသင့်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် ကျမ်းမြတ်ကုရ်အာန် ကို သိရှိနားလည်သဘောပေါက်အောင် လေ့လာရန်မှတပါး အခြားမရှိတော့ပါ။ စဉ်းစားဆင်ခြင်မှုမပြုဘဲ ဆရာ သခင်ဆိုသူများ၏ စကားများကို လက်ခံနာယူပြီး ဘ၀တည်ဆောင်သူတို့ရဲ့ နောက်ဆုံးရလဒ်ကို ကျမ်းတော်မြတ် ကုရ်အာန် ဆူရာဟ် (၃၃)၊ အာယသ် (၆၆)၊ (၆၇)၊ (၆၈) တို့တွင်ဖော်ပြထားသည်မှာ –
`သူတို့သည် ဂျဟန္နမ်မီးထဲ၌ အပြစ်ဒဏ်ပေးခံရတဲ့အခါ၌ ၎င်းတို့က ပြောကြမည်မှာ ဟာ — ဖြစ်မှဖြစ်ရလေ ဗျာ။ ငါတို့တွေဟာ အလ္လာဟ်အရှင်မြတ်နဲ့ အလ္လာဟ်ရဲ့ရစူလ်လမ်းစဉ်အတိုင်း တသွေမတိမ်းလိုက်နာကျင့်သုံးခဲ့လျှင်၊ ကောင်းလေစွတကား —´
` ခုတော့ဖြင့် ငါတို့မှာ ငါတို့ရဲ့ခေါင်းဆောင်ကြီးတွေ၊ ငါတို့ရဲ့ အကြီးအကဲတွေ ပြောသမျှကို ယုံပြီး လိုက်နာခဲ့မိချေပြီ။ ဒီခေါင်းဆောင်တွေ၊ အကြီးအကဲတွေကပဲ ငါတို့ကို လမ်းလွဲရောက်အောင် ပို့ဆောင်ခဲ့လေပြီ။´
`အိုအရှင် — ထိုခေါင်းဆောင်တို့အား ပြစ်ဒဏ်နှစ်ဆပေးပါလေ။ အိုအရှင် — ထိုခေါင်းဆောင် အကြီးအကဲတို့အား ကြီးမားတဲ့`လာအ်နသ်´ကိုလည်းပေးပါလေ။´ (၃၃း၆၆၊ ၆၇၊ ၆၈)
ဒါကြောင့် ရိုးသားသည့် မွတ်ဆလင်မ်များကို အသိပေးလိုသည်မှာ `ငါတို့မှားလျှင် ခေါင်းဆောင်ခံလိမ့် မယ်´ဆိုတဲ့ အတွေးအခေါ်ဟာ အစ္စလာမ်ရဲ့သွန်သင်ဆုံးမချက် မဟုတ်ဘူးဆိုတာကို သိမြင်အပ်ပါတယ်။
ဒါကြောင့် နိဂုံးချုပ် ပြောလိုတာက အစ္စလာမ်၏ယုံကြည်မှုများသည် မျက်ကန်းတစ္ဆေယုံကြည်ရမည်ဟူ၍ ကုရ်အာန်တွင် မည်သည့်နေရာတွင်မျှ ဖော်ပြထားခြင်းမရှိပါ။ ထိုကဲ့သို့သော ယုံကြည်မှုမျိုး မဖြစ်ပေါ်စေရန် ဒီကနေ့ မွတ်ဆလင်မ်တွေနဲ့ ပညာရေးကဏ္ဍများကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ၍ ပညာရေးကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် ကောင်းမွန်သော မွတ်ဆလင်မ် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရန် ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။