မတ်စ်ဂျစ်ဒ် ကျောင်းတော်များ၏အခန်းကဏ္ဍ (အပိုင်း-၃) မုဖ်သီ ဦးသန်းအောင် (LL.B)
မတ်စ်ဂျစ်ဒ် ကျောင်းတော်များ၏အခန်းကဏ္ဍ (အပိုင်း-၃)
မုဖ်သီ ဦးသန်းအောင် (LL.B)
ကျွန်တော် တင်ပြလျက်ရှိတဲ့ ‘မတ်စ်ဂျစ်ဒ် ကျောင်းတော်များ၏အခန်းကဏ္ဍ’အပိုင်း(၃)ကို ဒီကနေ့မှာ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပိုင်း(၂)မှာ နောက်ဆုံးတင်ပြသွားတဲ့အချုပ်ကတော့ မတ်စ်ဂျစ်ဒ် ကျောင်းတော်တွေဆိုတာ လူနဲ့လူ့ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် လူနဲ့လူ့ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာရေး လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုတွေထွန်းကား ပြန့်ပွား ရေး၊ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စွာ နေထိုင်သက်ရှင်၊ ဘ၀တည်ဆောက်မှုပြုနိုင်ရေး၊ ခွဲခြားဆက်ဆံမှုကင်းမဲ့ ရေး၊ အမုန်းစကား၊ အမုန်းတရား၊ ရန်ငြိုးရန်စ၊ အာဃာတဖြစ်စေမယ့် ကိစ္စများမှ ရှောင်ကျဉ်ရေး၊ အကြမ်းဖက်မှု ပပျောက်ကင်းစင်ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားအချင်းချင်း အပြန်အလှန်အသိအမှတ်ပြု လေးစားတန်ဘိုးထားတတ်ရေး၊ လူသားတစ်ဦး ချင်းစီသည် လူသားဖြစ်ခြင်းကြောင့်ပင် အားလုံးတန်းတူညီမျှ အခွင့်အရေးရှိပြီးဖြစ်ကြောင်းကို ကျမ်းမြတ်ကုရ်အာန် ပါ လမ်းညွှန်ချက်များကို မတ်စ်ဂျစ်ဒ် ကျောင်းတော်တွေကနေ လူသားတွေကို သွန်သင်ဆုံးမသင်ကြားပေးတဲ့ ရပ်ဝန်းတွေအဖြစ် ရပ်တည်လျက်ရှိနေ ကြတယ်ဆိုပြီးတော့ တင်ပြခဲ့ပါတယ်။
အဲဒီမှာ လူတွေရဲ့ဘ၀ကို လိမ္မာယဉ်ကျေးသိမ်မွေ့စေပြီးတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို လူတစ်ဦးချင်းစီ ကနေ လူသားအားလုံးအတွက် မိမိ၊ မိမိရဲ့မိသားစု၊ မိမိရဲ့အသိုင်းအ၀ိုင်း၊ မိမိရဲ့ မြို့ရွာဒေသ၊ တိုင်းပြည်နိုင်ငံနဲ့ ကမ္ဘာ့ဒေသအသီးသီးမှာ လူတွေငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ မျှဝေခံစားနိုင်တဲ့ကိစ္စရပ်တွေ ဆောင်ရွက်ဖို့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေ ဆောင်ရွက်ရေး အလို့ငှာ မတ်စ်ဂျစ်ဒ် ကျောင်းတော်တွေကို တည်ဆောက်ပြီးတစ်ဖက်က အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန် မိန့်ကြားချက်ကို တမန်တော်မြတ်ပုံဖော်ခဲ့တဲ့အတိုင်း (အွစ်ဝသွန်ဟစနဟ်)လို့ခေါ်တဲ့ အကောင်းဆုံးသော စံနမူနာ ကို သိနားလည်သဘော ပေါက်အောင်လုပ်ပြီး လက်တွေ့လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်ရင်းနဲ့ အဲဒီမတ်စ် ဂျစ်ဒ် ကျောင်းတော်တွေကနေ လူတွေဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ ငြိမ်းချမ်းရေးကို ပုံဖော်သူများ ဖြစ်လာအောင် သွန်သင်ဆုံးမ ပဲ့ပြင်တည့်မတ်ပေးရတဲ့ ရပ်ဝန်းတွေအဖြစ် တည်ဆောက်ခဲ့ကြတဲ့ တည်ရှိနေတဲ့ ကျောင်းတော်တွေဖြစ်ပါတယ်လို့ ကျွန်တော်တင်ပြခဲ့ပါတယ်။
လူရယ်လို့ဖြစ်လာရင်လူတွေထဲမှာ လူတန်းစားနှစ်ရပ်ကွဲပြားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ လူတွေ ထဲမှာ ကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေရှိပါတယ်။ လိမ္မာယဉ်ကျေးသိမ်မွေ့တဲ့လူတွေရှိသလို၊ လူမိုက် လူ့ဗာလတွေ လဲရှိပါတယ်။ ဒါဟာလူ့အဖွဲ့အစည်းဝင်တိုင်းမှာ ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ ဒါကို ကျမ်းတော် မြတ်ကုရ်အာန်က လည်း မီးမောင်းထိုးပြထားပါတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၂ အာယသ် ၄၀မှာ
“ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား အချို့သော လူဆိုးလူမိုက်တို့၏ အပြုအမူကို လူလိမ္မာ လူကောင်းတို့၏ ပြုမူဆောင်ရွက်ချက်ဖြင့် ကာကွယ်တားဆီးနှိမ်နင်းမှုမပြုဘဲ လစ်လျူရှူနေပါလျှင် ခရစ် ယာန်တို့၏မြင့်စွင့်သော ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ယဟူဒီဝတ်ပြုကျောင်းများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နည်းပေးလမ်းညွှန်ပြသမှုစနစ်ကို ပေါ်လွင်ထင်ရှားအောင် ထုတ်ဖော်လျက်ရှိ ကြသော မတ်စ်ဂျစ်ဒ်ကျောင်းတော် (ဗဟိုဌာန၊ Center)များသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း၊ ဖျက်ဆီးခြင်းခံရမည် အမှန်ပင်။ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် မိမိ၏လမ်းညွှန်ပြသမှုစနစ်ပုံပေါ်ရေးအတွက် ကူညီဆောင်ရွက် လျက်ရှိကြသူကို မုချကူညီစောင်မတော်မူမည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အင်အားကြီးမားပြည့်စုံတော်မူ သော အလွန်တရာ တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။”
ဒီအာယသ်မှာပါဝင်တဲ့ လူတွေထဲက လူမိုက်တွေ၊ လူဆိုးတွေ၊ လူယုတ်မာတွေကို လူယဉ်ကျေးတွေ၊ လူကောင်းတွေရဲ့ တရားမျှတတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ အကာအကွယ်မပေးခဲ့ဘူးဆိုရင် ဒီနေ့ကမ္ဘာပေါ်မှာ တည်ရှိ နေပါတဲ့ ဘာသာတရားအသီးသီးရဲ့ ၀တ်ကျောင်းတော်တွေ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်း တွေ၊ ဓမ္မရိပ်သာတွေ၊ မတ်စ်ဂျစ်ဒ်တွေသေချာပေါက် ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း ခံရလိမ့်မယ်။ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးဟာ လူတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိဖို့အတွက် အင်မတန်အရေးပါနေတယ်ဆိုတာကို တွေ့ရမှာပါ။ အဲဒီလိုလုပ်တဲ့အခါမှာ လူတွေထဲကလူတွေကပဲ အဲဒီဘုရားကျောင်းကန်တွေ၊ သာသနိက အဆောက်အအုံတွေ၊ ဓမ္မရိပ်သာတွေ၊ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေ၊ မတ်စ်ဂျစ်ဒ်ကျောင်းတော်တွေကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ဖို့ လူယဉ်ကျေးတွေမှာ တာဝန်ရှိတယ်ဆိုတာ ဒီအာယသ်က ကျွန်တော်တို့ကို သင်ပေးနေပါတယ်။
ကျွန်တော်တို့ ထပ်ပြီးစဉ်းစားလိုက်မယ်ဆိုရင် အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းမှုလမ်းစဉ်ကို လက် တွေ့ လိုက်နာကျင့်သုံးအကောင်အထည်ဖော်နေတဲ့ မွတ်စ်လင်မ်ဆိုတဲ့ လူတွေဟာ ဘာသာသာသနာ အသီးသီးက ရှိနေတဲ့ ဘုန်းကြီးကျောင်းတိုက်တွေ၊ ချာခ်ျတွေ၊ ဘုရားကျောင်းတွေ၊ မတ်စ်ဂျီဒ်ကျောင်းတော်တွေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိနေတဲ့အတွက် မည်သည့်အခြားသာသနာ တစ်စုံတစ်ခုရဲ့ သာသနိက အဆောက်အအုံ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ဓမ္မာရုံကိုမျှ ဖျက်ဆီးဖြိုဖျက်ကြရန်ဝေးစွ၊ အဲဒီကျောင်းတော်တွေ ဖျက်ဆီးခံရမည့်ရန်အပေါင်းက ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဖို့ တာဝန်တစ်ရပ်ရှိနေတယ်ဆိုတာ ကုရ်အာန်က လမ်းညွှန်သင်ပြပေးထားပါတယ်။
(ဆွဝါမိအ်) ဆိုတာ ခရစ်ယာန်တွေရဲ့ ဓမ္မကောလိပ်ကျောင်းတွေ၊ ၎င်းပတ်ဝန်းကျင်မှာရှိတဲ့ သာသနိက အဆောက်အဦးတွေဆိုပြိး လေ့လာတွေ့ရှိရပါတယ်။ (ဘိရအွန်းန်) ဆိုတာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော် တွေကို ဖော်ညွှန်းထားပါတယ်။ (ဆွလ၀ါသ်)လို့ သုံးထားခြင်းဟာ ဂျူးတွေရဲ့ဘုရားကျောင်းကိုသုံးခြင်းဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဆွလားသ်ဆိုတာသည် တမန်တော်မုဟမ္မဒ်(ဆွ)လက်ထက်မှ ပေါ်လာတာမဟုတ်ဘဲ အဲဒီ မတိုင်မီကတည်းက ရှိနေခဲ့တဲ့စနစ်တစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သင်ခန်းစာယူရင်ရနိုင်ပါတယ်။ `ရေ၀တီ´လို့ ကျွန်တော်တို့ မြန်မာမှုမှာသုံးတဲ့ ဂျူးလူမျိုးများစုဝေးရာ ဘုရားရှိခိုးကျောင်း ဓမ္မဗိမ္မာန်ကိုခေါ်ခြင်း ဖြစ်ပါ တယ်။ ဒီနေရာမှာ (မတ်စ်ဂျစ်ဒ်)ကို ဘယ်လိုအဓိပ္ပါယ်ကိုပြဆိုသလဲဆိုရင် အလ္လာဟ်အရှင်မြတ်၏ နာမတော်၊ နည်းစနစ်၊ နည်းပေးလမ်းညွှန်မှုကို အခါမလပ်မြောက်များစွာ သတိရတသ ဖော်ထုတ်လျက်ရှိသောအချိန်၊ နေရာ၊ ဌာနလို့ အဓိပ္ပါယ်ဖော်ပြပြီးတော့ တစ်ဖက်မှာ ဘာကိုသင်ပေးသလဲဆိုရင် အလ္လာဟ်အရှင်မြတ်၏ နည်းပေးလမ်း ညွှန်ပြသမှုစနစ်ပေါ်လွင်ထင်ရှားလာအောင် တစ်နည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်ရဲ့စနစ်ပေါ်လွင် ထင်ရှား လာအောင် ထုတ်ဖော်လျက်ရှိတဲ့ သင်ကြားပေးလျက်ရှိတဲ့ရပ်ဝန်းကို မတ်စ်ဂျစ်ဒ်ကျောင်းတော် ဗဟိုဌာန Center လို့ ဖော်ညွှန်းထားတာကို တွေ့ရပါတယ်။
ကျမ်းမြတ်ကုရ်အာန်ကို (ကုရ်အာန်က ကုရ်အာန်ကို ဖွင့်ဆိုနည်း)နဲ့ လေ့လာနေတဲ့အခါမှာ အကယ်၍ လူ့အဖွဲ့အစည်းဝင်တွေထဲက လူယဉ်ကျေးတွေ၊ တရားဥပဒေစိုးမိုးရေးကို လိုလားတဲ့လူတွေက လူမိုက်တွေ လူ့ဗာလ တွေရဲ့ အဖျက်လုပ်ရပ်ကို ထိရောက်တဲ့ဥပဒေတွေ မပြဌာန်းဘဲနဲ့၊ ထိရောက်တဲ့ဥပေဒတွေနဲ့ အရေးယူခြင်းမပြုဘဲနဲ့ လွှတ်ထားလိုက်မယ်ဆိုရင် ဘုရားကျောင်းကန် သာသနိကအဆောက်အအုံတွေကို ဖြိုဖျက်ဖျက်ဆီးလိုက်တာ လောက်နဲ့ အဲဒီလူမိုက်၊ လူ့ဗာလ၊ လူဆိုးတွေ၊ လူယုတ်မာတွေဟာ ရပ်တန့်သွားမှာမဟုတ်ဘူး။ သူတို့က နောက်တဆင့်တက်လာလိမ့်မယ်။ ကျမ်းမြတ်ကုရ်အာန် အလ္လာဟ်လမ်းညွှန်ချက်က ဘယ်လောက်ပြည့်စုံနေသလဲ ဆိုရင် ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၂၅၁ မှာ –
`အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား အချို့သောသူမိုက်တို့၏ အပြုအမူကို လူလိမ္မာ လူကောင်းတို့၏ အပြုအမူဆောင်ရွက်ချက်ဖြင့် ကာကွယ်တားဆီးခုခံနှိမ်နင်းခြင်းမရှိပဲ လစ်လျူရှုခဲ့ပါက၊ ကမ္ဘာဂြိုဟ် (ကမ္ဘာမြေ) သည် အသေအချာပင် ပျက်စီးပြီးဖြစ်ပေမည်။´(၂း၂၅၁)
လူတွေအားလုံးကို ဒုက္ခပေးလိုက်လိမ့်မယ်။ ကမ္ဘာကြီးကိုပါ ဖျက်စီးပစ်လိုက်လိမ့်မယ်။ လူမိုက်တွေလက် ထဲကို နျူးကလီးယားဗုံးမရောက်ရှိသွားဖို့ ကျွန်တော်တို့ ဒီကနေ့ဘာတွေလုပ်နေကြရသလဲ။ လူမိုက်၊ လူ့ဗာလ၊ လူယုတ်မာတစ်ယောက်ရဲ့ လက်ထဲမျာရှိတဲ့ ဓါးတစ်လက်နဲ့ ဓါးချင်းအတူတူ လူ့အသက်ပေါင်းများစွာကို ခွဲစိတ်ခန်း ထဲမှာ ကယ်တင်ပေးနေရတဲ့ ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာရှိတဲ့ ဓါးတစ်လက် ဓါးချင်းအတူတူ လူမိုက်၊ လူ့ဗာလ၊ လူယုတ်မာတစ်ယောက်ကို ဥပဒေအရအရေးယူရပါလိမ့်မယ်။ အရေးမယူဘဲ လွှတ်ထားလိုက်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်လာပြီး လူအများရဲ့ အသက်အန္တရာယ်ကို ရန်ရှာလာမှာဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာပဲကြည့်ပါ။ လူကြီးမင်းတို့ နေ့စဉ်ကြားနေ၊ မြင်နေရမှာပါ။ တစ်ကနဲဆို ဓါးနဲ့၊ ဒုတ်နဲ့ ဖြေရှင်းကြတဲ့အမှုတွေအများကြီးပါ။ တရားဥပဒေစိုးမိုးရေး လျော့နည်းလာတဲ့အခါမှာ လူတွေဟာ ကျီးလန့်စာ စားနေကြရတယ်။ တစ်ချို့အရပ်ဒေသတွေမှာ အုပ်စုဖွဲ့ရမ်းကားမှုတွေဖြစ်လာရင် အဲဒီအရပ်ဒေသကလူတွေပြောနေ တဲ့စကားတွေ `တို့ဆီမှာတော့ ကမ္ဘာပျက်နေပြီ´လို့ပြောကြတယ်။ ဒါကြောင့် ရပ်ရွာအေးချမ်းပြီး တရားဥပဒေစိုးမိုး ရေးကို အဓိကကျတဲ့နေရာ မတ်စ်ဂျစ်ဒ်ကျောင်းတော်တွေကနေ အလ္လာဟ်လမ်းညွှန်ချက် ကုရ်အာန်နဲ့ပုံဖော်၊ သွန်သင်ဆုံးမနေတယ်လို့ဖော်ပြထားပါ တယ်။
နောက်တစ်ခါ မတ်စ်ဂျစ်ဒ်ကျောင်းတော်တွေကနေ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း၊ လူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ တန်ဖိုးထားလေးစားဆက်ဆံတတ်ခြင်း အတတ်ပညာတွေကိုသင်ပေးတယ်လို့ ပြောပါတယ်။ ကျမ်းမြတ်ကုရ်အာန်စူရာ ၂၂ အာယသ်တော် ၂၅ မှာ သွန်သင်ထားတာလေးကို ကျွန်တော်တင်ပြသွားပါ့မယ်။ ဒီအာယသ်မှာ ဖော်ပြထားတာက လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းနဲ့ လူကိုတန်ဖိုးထားဆက်ဆံတတ်တဲ့ အလေ့အကျင့်တွေကို စွန့်လွှတ်လိုက်တာနဲ့ အဲဒီလူ့အဖွဲ့အစည်းဟာ ဗရမ်းဗတာဖြစ်လာပြီး၊ အကယ်၍ မွတ်ဆလင်မ်တစ်ယာက်က ဒီကိစ္စကို ကျူးလွန်ခဲ့မယ်ဆိုရင် ကာဖိရ်(ကုဖ်ရ်)ဆန့်ကျင်သူ အသွင်အထိရောက်သွား နိုင်တာကို ဒီအာယသ်က ပြဆိုပါတယ်။
`လူတွေထဲမှာ အခုဖော်ပြမယ့် လူတွေလည်းပဲရှိကြပါတယ်။ အမှန်စင်စစ်အဲဒီလူတွေဟာ မိမိတို့ကိုယ်တိုင် သွေဖည်ငြင်းဆန်၊ ဆန့်ကျင်ဖုံးကွယ်ခဲ့ကြတဲ့အပြင် အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းစဉ်တော်ကနေ သူတပါးတို့ကို လည်း ပိတ်ပင်တားဆီးလျက်ရှိကြလေတယ်။ ဒါ့အပြင် မြင့်မြတ်တဲ့ကျောင်းတော် ဗဟိုဌာနရဲ့ မူဝါဒလမ်းစဉ် အကောင်အထည်ဖော်မှုတွေကနေလည်း လူတွေကို တားဆီးလျက်ရှိနေကြပါတယ်။ ဒီနေရာမှာ (မတ်စ်ဂျီဒေ ဟရာမ်)ရဲ့ အခန်းကဏ္ဍပါဝင်လာပြီးဖြစ်ပါတယ်။ ဒီတော့ မတ်စ်ဂျီဒေဟရာမ်က ဘာလုပ်ရမှာပါလဲ။ ကျောက်တုံး လေးထောင့်တုံးကြီးကတော့ ဘာမှလုပ်ရမှာမဟုတ်ပါဘူး။ အဲဒီလေးထောင့်ကျောက်တုံးကြီးရဲ့ အ၀န်းအ၀ိုင်းမှာရှိ နေတဲ့ Authorize Person လို့ပြောတဲ့၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ တကယ်တမ်းထိထိရောက်ရောက် သွန်သင်ဆုံးမမှု လမ်းညွှန်ချက်အတိုင်းပြောရင် အဲဒီမှာရှိနေရမယ့်အဖွဲ့ဟာ (အုလီလ်အလ်ဗာဗ်)ဆိုတဲ့ နိသမ္မဥာဏ်စဉ်ပြည့်ဝနေတဲ့ လူတွေနဲ့(အုလီလ်အန်းမ်ရိ မင်းန်ကွန်မ်)လို့ပြောတဲ့ သင်တို့အနက်မှာ အမိန့်ပြဌာန်းသတ်မှတ်ပိုင်ခွင့်ရှိသူများက (မတ်စ်ဂျီဒေ ဟရာမ်)ကို ဗဟိုပြုစံထားလျက်အခုလို အလုပ်တွေကို လုပ်ရမယ်လို့ပြောပါတယ်။
`အလ်လဇီး ဂျအလ်နားဟု လင်န်နားစ်´ ဒီကျောင်းတော်ကြီးကနေ ဦးဆောင်ဦးရွက်ပြုမယ့် အုပ်ချုပ်မှု အာဏာ၊ ဥပဒေပြဌာန်းခွင့်ရှိတဲ့လူတွေ (ကျွန်တော်တို့စကားနဲ့ ပြောရရင် ဥပဒေပြဌာန်းခွင့်ရှိသော လွှတ်တော်) အဲဒီ လူတွေက လူသားခပ်သိမ်းအတွက် (စ၀ါးအ် အနိလ်အားကိဖု ဖီးဟိဝလ်ဘားဒ်) အဲဒီအရပ်ဒေသမှာ အမြဲတမ်းနေ ထိုင်သူ၊ တစ်ရပ်တစ်ကျေးမှ တခါတရံခေတ္တလာရောက်သူ (ဧည့်သည်)လို့ခွဲခြား ဆက်ဆံခြင်းမရှိဘဲ ကျွန်တော်တို့ မြန်မာပြည်မှာ အရမ်းခေတ်စားနေတဲ့ စကားလုံးတွေဖြစ်တဲ့ အိမ်ရှင်၊ ဧည့်သည်။ ငါတို့က အိမ်ရှင်၊ နင်တို့က ဧည့်သည်။ အမှန်အတိုင်းပြောရရင် အိမ်ရှင်ပဲဖြစ်ဖြစ်၊ ဧည့်သည်ပဲဖြစ်ဖြစ် လောကကြီးကိုခေတ္တလာတာပါ။ ပြီးရင် လောကကြီးကို စွန့်ခွာသွားရတာကြီးပါပဲ။ ဒါကြောင့်အားလုံးဟာ ဧည့်သည်တွေပါ။ အိမ်ရှင်တစ်ယောက်မှ ကမ္ဘာပေါ်မှာ မရှိပါဘူး။
(စ၀ါးအွန်) လူနဲ့လူအချင်းချင်းကြားမှာ မင်းတို့ကဧည့်သည်၊ ငါတို့ကအိမ်ရှင်လို့ ခွဲခြားဆက်ဆံနှိမ့်ချတတ်တဲ့ အကျင့်မရှိပဲနဲ့ လူအချင်းချင်းတန်းတူညီမျှ အခွင့်အရေးခံစားရာ ဗဟိုဌာနအဖြစ်ပြုလုပ်ပြဌာန်းသတ်မှတ်ထားခဲ့ပြီး ဖြစ်လေတယ်။ `ဒါ့အပြင် မည်သူမဆို အဲဒီမြင့်မြတ်တဲ့ ဗဟိုဌာနကျောင်းတော်မှာ သစ္စာတရား၊ သမ္မာတရားမှ ဖယ်ကျဉ်သောအယူဝါဒ ဖောက်ပြန်ရေးကို တရားမဲ့ပြုကျင့်လျက် လူ့ဘောင်လောက ပျက်စီးစေရေးဆောင်ရွက်ရန် ရည်ရွယ်ဆန္ဒထားရှိမည်ဆိုလျှင်ပင် ငါအရှင်မြတ်သည် ထိုသူအားပြင်းထန်လေးနက်သော၊ နာကျင်စေသော ပြစ်ဒဏ်ကို မုချမြည်းစမ်းတော်မူမည်။´(ကုရ်အာန် ၂၂း၂၅)
ဒီအာယသ်ကို လေ့လာလိုက်တဲ့အခါ ကျွန်တော်တို့တွေ့ရှိရတာက မတ်စ်ဂျီဒေဟရာမ်ဆိုတဲ့ ဒီကျောင်း တော်ကြီးကနေ အမိန့်ပြဌာန်းပိုင်ခွင့်၊ ဥပဒေပြဌာန်းပိုင်ခွင့်ရှိသော ခေါင်းဆောင်တွေဟာ လူသားတွေအချင်းချင်း ကြားမှာ သာတူညီမျှလူ့အခွင့်အရေးခံစားရာ (လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိစေခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံမှုကင်းစင်ခြင်းတွေအတွက်) ပုံဖော်ပြဌာန်းပေးဖို့တာဝန် ရှိပါတယ်။ ညီမျှမှုဆိုတဲ့နေရာမှာ လူမှုရေးညီမျှမှု၊ စီးပွားရေးညီမျှမှု၊ ဥပဒေရေးရာညီမျှမှုရှိ တရားစီရင်ရေးညီမျှမှုတွေ ရှိရမှာဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတာတွေနဲ့ ဆက်စပ်စဉ်းစားကြည့်လို့ရပါတယ်။ ပြစ်မှုတစ်ခုကို ယာကွတ်တို့ မာမွတ်တို့ စကီနာတို့ အမီနာတို့ကျူးလွန်ရင် တစ်မျိုးပြစ်ဒဏ်၊ အဲဒီပြစ်မှုမျိုးကိုဘဲ မောင်ဖြူတို့ မောင်နီ တို့ မ၀ါတို့ မပြာတို့ ကျူးလွန်ရင် ပြစ်ဒဏ်ကတစ်မျိုးဆိုရင် ဒါဟာတရားမျှတမှုမှာ ညီမျှမှုမရှိဘူးဆိုတာကို တွေ့လာရ မှာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်မျိုးမရှိရဘူး၊ မလုပ်ရဘူးလို့ ကုရ်အာန်က သင်ပေးနေတယ်။ ဒီမှာဘာကိုပြသလဲဆိုရင် Equality ကိုလည်းတစ်ဖက်က ပြသလို Equity ကိုလည်းပြတယ်။ တန်းတူညီမျှမှုကိုပြသလို သာတူညီမျှမှုကိုလည်း ပြတယ်။ အဲဒီအခါမှာ အဲဒီလူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းဝင်တွေကြားထဲမှာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတ ခြင်းတွေထွန်းကားလာပြီးတဲ့နောက် လူ့အဖွဲ့အစည်းကြီးဟာ ငြိမ်းချမ်းသာယာသောလူ့ဘောင် လူ့ဘုံတစ်ရပ်ဖြစ်ပေါ် လာစေတယ်။ အဲဒီလို မဟုတ်ရင်တော့ ငြိမ်းချမ်းသာယာမှုတွေနဲ့ ကင်းဝေးနေစေမှာဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက မတ်စ်ဂျီဒေဟရာမ်ကို ဗဟိုပြုပြီး မွတ်ဆလင်မ်တွေအားလုံးအတွက် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတာကို သင်ပေးတဲ့နေရာအဖြစ် ပြဌာန်း တယ်။ ဒီလိုလူတွေကို ငြိမ်းချမ်းသာယာဘေးကင်းလုံခြုံပြီး၊ တရားဥပဒေစိုးမိုးဖို့၊ လူကောင်းသူကောင်းတွေဖြစ်ဖို့ သတ်မှတ်ထားတဲ့ ဒီမတ်စ်ဂျစ်ဒ်ကျောင်းတော်မှာ လူတွေကိုစာမသင်ရဘူး ဘာသာ၊ သာသနာရေးရာတွေ မဆွေး နွေးရဘူးဆိုပြီး တားဆီး ပိတ်ပင်မယ်ဆိုရင် အားလုံးလူမိုက်၊ လူ့ဗာလ၊ လူယုတ်မာတွေဘဲများလာမှာပေါ့။ သစ္စာလမ်းစဉ် တနည်းအားဖြင့် တရားမျှတမှုလမ်းစဉ်ကို ချိုးဖျက်မယ့်စနစ်၊ ပုန်ကန်မယ့်စနစ်ကို ဘယ်တော့မှ မလုပ်ရဘူး။ စိတ်ကူးတောင် မယဉ်နဲ့ မကြံစည်နဲ့လို့ တားမြစ်ထားတာကို တွေ့ရပါတယ်။ ပြီးတော့ လူနဲ့လူ့ပတ်ဝန်းကျင်ပျက်စီး ဆုံးရှုံးနစ်နာစေမယ့် ကိစ္စတွေမဆောင်ရွက်ရဘူးလို့ ပြောတယ်။ ဒါဟာ မွတ်ဆလင်မ် တွေကို သင်ပေးထားတဲ့ အချက်ဖြစ်တယ်။ လူတွေကို ထိခိုက်နစ်နာ၊ ပျက်စီး၊ ဆုံးရှုံးစေမယ့် ကိစ္စတွေကို မွတ်ဆလင်မ်မှန်ရင် ဘယ်သောအခါမှ မလုပ်ရဘူးလို့ သင်ပေးထားပါတယ်။
ဒါကြောင့် ဒီအာယသ်တွေကို သေသေချာချာလေ့လာလိုက်ရင် ကုရ်အာန်က (ကျွန်တော်ပြောတာ သိပ်လွန် သွားမလားမသိဘူး) ကျမ်းမြတ်ကုရ်အာန်ကို ကမ္ဘာအရပ်ဒေသအသီးသီးမှာရှိတဲ့ တတ်ကျမ်းနားလည်တဲ့ ပုဂ္ဂိုလ်တွေက မိမိတို့တတ်ကျွမ်းနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ သေသေချာချာဘာသာပြန်ပြီး နိုင်ငံတော် အဆင့်မှာရှိတဲ့ လူတွေသိနားလည် သဘောပေါက်အောင် သင်ပေးလိုက်ရင် အဲဒီတိုင်းပြည်၊ အဲဒီနိုင်ငံ၊ အဲဒီလူ့အဖွဲ့ အစည်းဝင်တွေဟာ ငြိမ်းချမ်းသာယာမှုတွေ တော်တော်ရလာလိမ့်မယ်။ လူတွေအားလုံးအတွက် လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ကုရ်အာန်ထဲမှာ နောက်ဆုံးတမန်တော်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်က သင်ပေးလမ်းညွှန်ပြသပေးခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းဆိုတဲ့ စာအုပ်ကြီးက ၁၉၄၈ ခုနှစ် နှစ်ကုန်ခါနီးမှ ကမ္ဘာပေါ်မှာ ပေါ်ထွန်းလာတာပါ။
ဒါဟာ ကျွန်တော်တို့ မွတ်ဆလင်မ်တွေအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ အဲဒီလို ဂုဏ်ယူဖို့အတွက် ကျွန်တော်တို့ မွတ်ဆလင်မ်တွေအနေနဲ့ ကုရ်အာန်ထဲမှာ ဘာတွေပါလဲဆိုတာကို ကိုယ်ကိုယ်တိုင် သိနားလည် သဘောပေါက်အောင် ကိုယ်နားလည်တတ်ကျွမ်းတဲ့ ဘာသာစာစကားနဲ့ လေ့လာထားရင် ကောင်းပါတယ်။ တစ်ခါ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၅း၉၇ မှာ
`အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်ရိုသေအပ်သော အိမ်တော်ဖြစ်သော လူသားအကျိုးပြုဗဟို ဌာန Center ကို လူသားခပ်သိမ်းတို့ တည်ငြိမ်အေးချမ်းစွာ တည်တည်တံ့တံ့ရပ်တည်နိုင်စေသော အကြောင်း တရား အဖြစ် စီမံဆောင်ရွက်ပြဌာန်းထားတော်မူသည်။´(၅း၉၇)
ဒီအာယသ်မှာလည် (လင်းန်နားစ်)ဆိုပြီး လူသားခပ်သိမ်းအတွက်လို့ သုံးနှုန်းထားတာတွေ့ရပါတယ်။ မတ်စ် ဂျီဒေဟရာမ်ကို (ကအ်ဘသလ်ဘိုင်သလ်ဟရာမ်)လို့ သုံးထားတာတွေ့ရပါတယ်။ (ကအ်ဘဟ်)ဆိုတာ လေးထောင့် ဖြစ်ပြီး မြင့်စွင့်သောပုံစံ အိမ်၊ ကျက်သရေမင်္ဂလာရှိခြင်း၊ ဂုဏ်ထည်ဝါခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေရာကနေ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ဖော်ညွှန်းပေးရာနေရာဖြစ်ပါတယ်။ နောက်တစ်ခုက (ဘိုင်သ်)။ (ဘိုင်သ်) ဆိုတာက အိမ်ဖြစ်ပါတယ်။ အိမ်ဆိုတာကို ထပ်ပြီးစဉ်းစားကြည့်ရင် တစ်နေကုန်ဘယ်ကိုသွားသွား၊ ညဖက်မှာ အချိန်ကို ကုန်ဆုံးစေတဲ့နေရာကို အိမ်လို့ခေါ်ပါတယ်။ အိမ်ဆိုတဲ့သဘောမှာ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သိက္ခာဆို တာကိုလည်း ဖော်ပြရာလည်းရပါတယ်။ ဒါက အဘိဓါန်ကပြတဲ့ သဘောပါ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၂၅ မှာ ဖော်ပြထားတာက
`ငါအရှင်မြတ်သည်အိမ်တော်အား လူသားခပ်သိမ်းတို့ စုဝေးရာအဖြစ်လည်းကောင်း၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်း၍တည်ငြိမ်အေးချမ်းဘေးကင်း လုံခြုံရာအဖြစ်လည်းကောင်း၊ စီမံဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။´(၂း၁၂၅)
ဒီအာယသ်မှာက အလ်ဘိုင်သ်က ဘာလုပ်ပေးလဲဆိုတာဖော်ပြပါတယ်။ စောစောက အလ်ဘိုင်သ်ဆိုတာ လူသားခပ်သိမ်းအတွက် ဂုဏ်သိက္ခာမြင့်မားစေသော စံနှုန်းများပြဌာန်းသည်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအာယသ်ပါ `အန်မ်နန်´။ အလ်ဘိုင်သ်ဆိုတဲ့ကျောင်းတော်တွေ၊ အိမ်တော်တွေဟာ လူနှင့်လူ့ပတ်ဝန်းကျင်မှာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာပြည့်ဝပြည့်မှီပြီး လူတွေရဲ့ဘ၀တွေ ဖွံ့ဖြိုးတိုးတက်စေရမယ့်အပြင် အဲဒီလူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တည်ငြိမ်၊ အေးချမ်းဘေးကင်းလုံခြုံမှုရစေရေးကိစ္စကို ဆောင်ရွက်ဖို့ သင်ကြားပြသပေးရတဲ့ ပုံဖော်ကူညီ ဆောင်ရွက်ပေးရတဲ့ နေရာဌာန၊ ရပ်ဝန်းအဖြစ်လည်း ဖော်ပြထားပါတယ်။
စောစောက တင်ပြခဲ့တဲ့အတိုင်း အဲဒီကအ်ဗာဟ်ကျောက်တုံးကြီးဟာ ကျွန်တော်တို့ရဲ့ ကိုးကွယ်ရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုးကွယ်ရာသည် အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်စူရာဟ် ၁၀၆ အာယသ်အမှတ် ၃ နဲ့ ၄ မှာ အခုလိုဖော်ပြထားပါတယ်။
`ဒီအိမ်တော်ကို မရှိရာမှ ရှိရာသို့၊ ရှိရာမှဆင့်ကဲဖြစ်ထွန်းစေမှုအရ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသော `ရဗ် ´ ပြုစုပျိုးထောင်တော်မူသော၊ စီမံခန့်ခွဲလမ်းညွှန်စောင့်ရှောက်တော်မူသောအရှင်။ အဲဒီအရှင်ကိုဘဲ (ဖလ်ယအ် ဘုဒူး) သို့ဖြစ်ရာ လူတွေဟာ အဲဒီအရှင်ရဲ့အမိန့်ပေးလမ်းညွှန်ကိုပဲ နာခံ၊ အပ်နှင်းဘ၀တည်ဆောက်မှု ပြုသင့်ပါ တယ်။ အဲဒီအရှင်သခင်ကိုဘဲ (သူ့ရဲ့သြဇာအာဏာကိုဘဲ ခံသင့်ပါတယ်) ဒါကြောင့် ဒီအိမ်တော်မှာရှိတဲ့ (အုလိလ် အန်မ်ရိ မင်န်ကွန်မ်)ဆိုတဲ့ အမိန့်သတ်မှတ်ပြဌာန်းပိုင်ခွင့်ရှိတဲ့ လူတွေဟာ သူတို့တာဝန်ထမ်းရွက်တဲ့အခါမှာ သူတို့ရဲ့အရှင် သခင်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့သွန်သင်ဆုံးမလမ်းညွှန်မှုကို ကျော်လွှားပြီးဘေးထွက်ပြီး ဘာမှ လုပ်ပိုင်ခွင့်မရှိ ဘူးဆိုတာ ထင်ရှားပါတယ်။ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်နဲ့အညီ ကမ္ဘာပေါ်မှာရှိတဲ့လူတွေရဲ့ တည်ငြိမ်အေးချမ်း ဘေးကင်း လုံခြုံမှုနဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတွေကို ကမကထပြုပေးရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲ၊ သူတို့ရဲ့ သြဇာခံခြင်းဟာ ကျန်တဲ့လူတွေ၊ အရာဝတ္ထုတွေ၊ ပစ္စည်းဥစ္စာတွေ မဟုတ်တော့ဘဲနဲ့ သူတို့ကို ပြုစုပျိုးထောင် ရှင်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ် (ရဗ်)ကိုသာလျှင် သူတို့ကျိုးနွံနှိမ့်ချနာခံပြီး အဲဒီအရှင်ရဲ့သြဇာကိုပဲ ခံသင့်တယ်လို့ ဖော်ပြထားပါတယ်။
`အလ္လဇီး အသ်ွအမဟွန်မ် မင်န်ဂျူးအင်းန်´ လူသားတွေမှာ မူလတုန်းက ဆာလောင်ငတ်မွတ်မှုရှိတယ်။ မပြည့်ဝမှုတွေရှိတယ်။ အဲဒီဆာလောင်ငတ်မွတ်မှု၊ အဆင်မပြေမှု၊ ဆင်းရဲကျပ်တည်းမှု၊ မပြည့်ဝမှုတွေကို အဲဒီ အရှင်မြတ်ကဘဲ သူတို့ရဲ့လိုအပ်ချက်ကို ကျွေးမွေး၊ ပြုစု၊ စောင့်ရှောက်၊ ဖြည့်ဆည်းပေးခဲ့တယ်။ မတ်စ်ဂျစ်ဒ် ကျောင်းတော်တွေရဲ့ အခန်းကဏ္ဍမှာတာဝန်ရှိတဲ့ လူတွေဟာ သူတို့ထဲက ဆင်းရဲကျပ်တည်းမှု၊ အဆင်မပြေမှုတွေ ကြောင့် ဆာလောင်ငတ်မွတ်လိုအပ်ချက်ရှိနေတဲ့ လူတွေရဲ့ဝမ်းကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိလာတယ်။ (ဘိုင်သုလ်မာလ်ကော်မတီ၏ လုပ်ငန်းစဉ်များ၏ အရေးပါပုံဖြစ်ပါတယ်။)
`၀အာမနဟွန်းမ် မင်န်ခေါဝ်ဖ်´အဲဒီအရှင်မြတ်က (အမန) (ဒီအာယသ်ပါ အမန ဆိုတာကို ဒီနေရာမှာ ယုံကြည်မှုလို့ဖွင့်ဆိုလို့မရပါ။) ဆိုတာ လုံခြုံမှုကို ရရှိစေခြင်းဖြစ်တယ်။ မင်န်ခေါဝ်ဖ်ဆိုတာ အင်္ဂလိပ်စကားငှားပြော ရရင် (freedom from fear) ကြောက်ရွံ့ခြင်းက ကင်းဝေးအောင် အလ္လာဟ်အရှင်ပြုလုပ်ပေးထားတော်မူတယ်။ အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို ကျွန်တော်တို့ လူသားတွေအားလုံး အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ သက်ဝင်ယုံကြည်ပြီး (အမ္မလေ ဆွာလေဟာသ်)လို့ ပြောတဲ့ကောင်းမြတ်တဲ့လုပ်ငန်းဆောင်တာတွေကို လုပ်နေရင် ဘယ်လူဆိုး လူမိုက်ကိုမှ ကြောက်နေစရာမလိုဘူး။ ဘယ်လူဆိုး၊ လူမိုက်၊ လူယုတ်မာ၊ လူ့ဗာလတွေရဲ့ မကောင်းတဲ့ကြံစည်မှု တွေကိုလည်း ကျွန်တော်တို့ စိုးရိမ်သောကဖြစ်နေစရာမလိုဘူး။ တရားဥပဒေစိုးမိုးမှုရဲ့ အရေးပါမှုဖြစ်ပါတယ်။ အဲဒါဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အာမခံကတိပြု ချက်ဖြစ်ပါတယ်။ စိုးရိမ်၊ ထိတ်လန့် ကြောက်ရွံ့နေရတဲ့အခြေအနေကနေ သူတို့ကို လုံခြုံ၊ အေးချမ်း၊ ဘေးကင်းစေမယ့် အခြေအနေရောက်အောင် အရှင်မြတ်က လုပ်ပေးထားပါတယ်။ အရှင့်ရဲ့စနစ်ကလုပ်ပေးထားတယ်။
ဒါကြောင့် မတ်စ်ဂျစ်ဒ်ကျောင်းတော်တွေရဲ့ အခန်းကဏ္ဍမှာ လူတွေကို အကျိုးဆောင်ပေးဖို့ တာဝန်ယူနေ တဲ့ လူတွေကလည်း ဘာလုပ်ပေးရမလဲဆိုရင် လူတွေမှာရှိနေတဲ့ ကြောက်ရွံ့ထိတ်လန့်စိုးရိမ်နေရတဲ့ အခြေအနေ ကနေ ကင်းဝေးအောင်၊ သူတို့ဘ၀တွေ လုံခြုံအေးချမ်းသွားအောင် ဘိုင်သုလ်မာလ်စနစ်ဖြင့် ကူညီဆောင်ရွက်ပေးဖို့ တာဝန်တွေရှိလာပါတယ်။ အဲဒီအခါမှာ သူတို့ဟာလူတွေ လူ့ပတ်ဝန်းကျင်မှာ ကျောင်းတွေမှာ ရေးထားသလိုမျိုး လူမိုက်နဲ့မပေါင်းသင်း ရေး၊ တို့အရေး လူမိုက်၊ လူဆိုး၊ လူ့ဗာလ၊ လူယုတ်မာ၊ ပြစ်မှုကျူးလွန်ရန် အမြဲအဆင်သင့် ဖြစ်နေတဲ့ လူတွေနဲ့ မပေါင်းသင်း၊ မဆက်ဆံရေးကို သင်ပြလမ်းညွှန်ပေးနေရမှာဖြစ်တယ်။ ဒီကနေ့ အနာဂါတ် ပျောက်နေတဲ့ လူငယ်လူရွယ်တွေ လမ်းမှားရောက်နေတာ၊ ပြစ်မှုတွေကျူးလွန်နေကြတာ သတင်းစာတွေမှာ တွေ့ရ မှာပါ။ အဲဒီအထိ ကိုယ့်သားသမီး ညီငယ်၊ ညီမငယ်တွေ မပါဝင်အောင် လူကြီးတွေက ထိန်းသိမ်းကြရမှာ ဖြစ်ပါ တယ်။
ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့ ညီငယ်၊ ညီမငယ် လူငယ်လူရွယ်တွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တရားဥပဒေရဲ့ဘောင်အတွင်းနေထိုင်သွားလာပြီး သမ္မာအာဇီဝဖြစ်တဲ့ အလုပ်လုပ်ကိုင် စားသောက် ရေးအတွက် ကျွန်တော်တို့ရဲ့မတ်စ်ဂျစ်ဒ် ကျောင်းတော်တွေကနေ စည်းကမ်းကျနစွာနဲ့ သွန်သင်ဆုံးမနေရခြင်းဟာ တင်ပြနေရခြင်းဟာလည်း ကျမ်းမြတ်ကုရ်အာန်ကပြောနေတဲ့ မတ်စ်ဂျစ်ဒ်ကျောင်းတော်တွေရဲ့ အခန်းကဏ္ဍများစွာ ထဲကတစ်ခု ဖြစ်တယ်ဆိုတာတင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။