မွတ္တကီဆိုသည်မှာ ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
မွတ္တကီဆိုသည်မှာ
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ် အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့ အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့် ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန် ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ် အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်း ကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့် ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုး သား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `မွတ္တကီဆိုသည်မှာ´ ဖြစ်ပါတယ်။ လေးစား အပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ်ဆွလားသ် အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ် မသွလ်လားဟိ ၀ဘရကာသုဟု´
စကြာဝဠာအနန္တကို အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင် အလ္လာဟ်အရှင်ြမတ်က အရာရာတိုင်းကို အစပထမဦးဆုံးဖြစ်ထွန်း ဖြစ်ပေါ်ထင်ရှားစေပြီးတဲ့နောက် အဲဒီအရာတွေရဲ့ဦးတည်ချက် ပန်းတိုင်ကို အရောက် ပို့ဆောင်လမ်းညွှန်တဲ့အရှင်ဟာ ကျွန်ုပ်တို့ရဲ့ပြုစုပျိုးထောင် လမ်းညွှန်ရှင်(ရဗ်) အလ္လာဟ်အရှင်မြတ် ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က လူသားတွေကို အထင်အရှားလမ်းညွှန်ချက် ပေးဖို့အတွက် ကျမ်းတော်မြတ် ကုရ်အာန်ကို ထုတ်ပြန်ပို့ချခဲ့ပါတယ်။ အလ္လာဟ်ထုတ်ပြန်ပို့ချခဲ့တဲ့ `၀ဟီ´ဘ၀လမ်းညွှန်အလင်းရောင်ဟာ တမန် တော်တွေမှ တစ်ဆင့်ထုတ်ပြန်ပို့ချပြီး အားလုံးကို ကျမ်းတော်မြတ်ကုရ်အာန်မှာသာလျှင် ထိန်းသိမ်းလျက်ရှိပါ တယ်။
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)မတိုင်မီအလျင်က လူ့သမိုင်းတစ်လျှောက်လုံး ခေတ်တိုင်း၊ ဒေသတိုင်း၊ အခြေအနေတိုင်းကို အလ္လာဟ်အရှင်ြမတ်က ရွေးချယ်စေလွှတ်ခဲ့တဲ့ လူသားထဲက လူသားတမန်တော်မှတဆင့် လူသားတို့အတွက် မရှိမဖြစ် လိုအပ်တဲ့`၀ဟီ´ဘ၀လမ်းညွှန် အလင်းရောင်တရားဒေသနာတော်ကို ထုတ်ပြန်ပို့ချ ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နှစ်တွေ၊ လတွေကြာညောင်းလာမှုကြောင့်သော်လည်းကောင်း၊ လူတွေရဲ့စိတ်အလိုဆန္ဒအရ လိုတာကိုဖြည့်ဆည်း၊ မလိုချင်တာကို နှုတ်ပယ်ခြင်းကြောင့်သော်လည်းကောင်း၊ ရှေးယခင်က ကျရောက်ခဲ့တဲ့ `၀ဟီ´ဘ၀လမ်းညွှန်ကျမ်းစာတွေဟာ ပကတိအတိုင်းမရှိတော့ပေ။ အမှောင်ထုလွှမ်းမိုးခဲ့တယ်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်က လူသားတို့အတွက် နောက်ဆုံးပြီးပြည့်စုံပြီး ခိုင်လုံတဲ့တိကျတဲ့ ပြတ်သား တဲ့၊ ရှင်းရှင်းလင်းလင်း သိရှိနားလည်သဘောပေါက်နိုင်တဲ့ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်တဲ့ ကျမ်းတော်မြတ် ကုရ်အာန်ကို လမြတ်ရမဿွာန်မှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဆီကို ထုတ်ပြန်ပို့ချခဲ့တာဖြစ်တယ်။
အဲဒီတော့ အလ္လာဟ်ရဲ့အမိန့်တော်တွေကို ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်တွေကို နာခံသူ မွတ်စလင်မ်တွေပေါ်မှာ ဆွီယာမ်ဥပုသ်စောင့်ထိန်းရန် ဘာကြောင့် ပြဌာန်းသတ်မှတ်ခဲ့တာလဲ။ ကုရ်အာန် ဆူရာဟ် (၂) အာယသ်(၁၈၃)မှာ အလ္လာဟ်အရှင်မြတ်က- အလ္လာဟ်အရှင်မြတ် ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်း တွေ ခိုင်လုံတိကျ မှန်ကန်ကြောင်း `အို သက်ဝင်ယုံကြည်ကြသူတွေ အလ္လာဟ်အရှင်မြတ် ပြဌာန်းထားတဲ့ ဥပဒေ စည်းမျဉ်းတွေကို ဘ၀တစ်လျှောက်လုံး ရှောင်စရာနှင့် ဆောင်စရာတွေကို တိတိကျကျ လိုက်နာဆောင်ရွက်ပြီး ရှောင်နိုင်တဲ့အကြောင်းတရားတွေကို တည်ဆောက်နိုင်ဖို့အတွက် အသင်တို့ရဲ့အလျင်ရှိခဲ့တဲ့ အဲဒီလူတွေပေါ်မှာ အစဉ်အလာအားဖြင့် ပြဌာန်းသတ်မှတ်ခြင်းခံရတာဖြစ်တယ်။ ဒီဆွီယာမ်ဥပုသ် စောင့်ထိန်းခြင်းဟာ လူတွေရဲ့ နေ့စဉ်ဘ၀မှာ စည်းမျဉ်းစည်းကမ်းအတိုင်း နေထိုင်ကျင့်သုံးမှုစနစ်ကို အသင်တို့အတွက်လည်း ပြဌာန်းသတ်မှတ် ခြင်းခံရတာဟာ အသင်တို့ သက္က၀ါရှင်တွေဖြစ်ကြရန်အတွက်သာဖြစ်တယ်။´
အလ္လာဟ်က ကျွန်ုပ်တို့ကို အစာရေစာ ငတ်ပြတ်ပြီးဆန္ဒပြခိုင်းတာ မဟုတ်ဘူးနော်။ ကျွန်ုပ်တို့ဘ၀တစ် လျှောက်လုံး အသိရှိရှိ သတိရှိရှိ သစ္စာရှိရှိ သတ္တိရှိရှိ အလ္လာဟ်ပြစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ပြီး သက္က၀ါရှင်ဖြစ်ဖို့အတွက် ဆွီယာမ်ဥပုသ်စောင့်ထိန်းရမှာဖြစ်တယ်။ အဲဒီတော့ ဆွီယာမ်ဥပုသ် မစောင့်ထိန်းသော လူအချို့က ကျွန်ုပ်တို့ကို ရိုဇာထားပြီး အငတ်မနေခိုင်းဘူးလို့ ပြောဆိုတဲ့လူတွေနှင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ ဥပုဉ်စောင့်ထိတ်းမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်မှာ တန်ခိုးအာဏာပါဝါတွေ မြင့်တက်သွားမှာ မဟုတ်သလို ကမ္ဘာ တစ်ဝှန်းမှာရှိတဲ့လူတွေ ဥပုသ်မစောင့်ထိန်းဘဲနေရင် အလ္လာဟ်ရဲ့တန်ခိုး အာဏာပါဝါတွေဟာ လျော့နည်းကျဆင်း သွားမှာမဟုတ်ဘူးနော်။
အလ္လာဟ်က ကျွန်ုပ်တို့ အီမာန်သက်ဝင်ယုံကြည်သူတွေကို ကုရ်အာန်ပါနည်းပေးလမ်းညွှန်မှုကို ဘ၀ တစ်လျှောက်လုံး အသိရှိရှိ သတိရှိရှိ သစ္စာရှိရှိ သတ္တိရှိရှိ စည်းနဲ့ကမ်းနဲ့နေပြီးတော့ ရှောင်စရာတွေကို ရှောင်ပြီး ဆောင်ရွက်စရာတွေကို ဆောင်ရွက်ဖို့အတွက် ဆွီယာမ်ဥပုသ် စောင့်ထိန်းခိုင်းတာဖြစ်တယ်။ အဲဒီတော့ အငတ် မနေခိုင်းဘူးလို့ဆိုပြီး ဆွီယာမ် ဥပုဉ်မစောင့်ထိန်းတဲ့ မွတ်ဆလင်မ်ဆိုသူတွေ မိမိတို့ရဲ့ ယုံကြည်ချက် အီမာန်ဟာ ဘယ်အဆင့်ကို ရောက်နေပြီးလဲ ပြန်လည်စဉ်းစားသင့်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ သက္က၀ါရှင်တွေကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ဆူရာဟ်(၃) အာယသ်(၁၃)မှာ ဘာပြောထားလဲ။
အသင်တို့ကို အဆင့်ဆင့်ပြုစုပျိုးထောင် လမ်းညွှန်ရှင်(ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံမှ လွှတ်ငြိမ်း ချမ်းသာခွင့်ကိုလည်းကောင်း၊ ဂျန္နသ်သုခဘုံဆီကိုလည်းကောင်း၊ အသင်တို့ သူ့ထက်ငါသာအောင် အလျင်အမြန် ပြေးလွှားကြလေကုန်။ ယင်းဂျန္နသ်သုခဘုံရဲ့ ကျယ်ဝန်းမှုဟာ အနန္တစကြာဝဠာများနှင့် ကမ္ဘာဂြိုဟ်ဖြစ်တယ်။ ယင်းဂျန္နသ်သုခဘုံဟာ ပြစ်မှုဒုစရိုက်တွေမှ ရှောင်ကြဉ်ကြသော မွတ္တကီသူတော်စင်တွေအတွက် အလ္လာဟ်က အဆင်သင့်ပြုလုပ်ထားတာဖြစ်တယ်။
အဲဒီမွတ္တကီတွေ စီးပွားတိုးတက်သောအခါမှာလည်းကောင်း၊ ဆင်းရဲကြပ်တည်း ဒုက္ခရောက်သောအခါမှာ လည်းကောင်း၊ (အများအကျိုးအတွက်) ပေးကမ်းစွန့်လွှတ် လှူဒါန်းကြတယ်။
အဲဒီမွတ္တကီတွေဟာ အမျက်ဒေါသကို မျိုသိပ်သူတွေဖြစ်ပြီး၊ အခြားလူသားတို့နှင့် ပတ်သက်ပြီး ခွင့်လွှတ် သူတွေဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က ကောင်းမှုကုသိုလ်ပြုလုပ်သူတွေကို နှစ်သက်မြတ်နိုးတာဖြစ်တယ်။
အထက်ပါ မွတ္တကီသူတော်စင်တွေဟာ စီးပွားချောင်လည်သော အချိန်အခါမျိုးမှာလည်းကောင်း၊ ဆင်းရဲ ကြပ်တည်းသော အချိန်အခါမျိုးမှာလည်းကောင်း (အချိန်အခါမရွေး) အများအကျိုးအတွက် ပေးကမ်းစွန့်လွှတ် လှူဒါန်းကြတယ်။ အဲဒီမွတ္တကီတွေ အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သူတွေဖြစ်ပြီး အခြားသူတွေနှင့် ပတ်သက်ပြီး ခွင့်လွှတ်သူတွေလည်းဖြစ်တယ်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်က ကုသိုလ်ကောင်းမှု တည်ဆောက်သူတွေကို နှစ်သက်မြတ်နိုးမှာ ဖြစ်တယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးများခင်ဗျား-
အဲဒီမွတ္တကီ သူတော်စင်တွေက ရုပ်ကိုယ်ခန္ဓာတစ်ခုလုံး အလ္လာဟ်အရှင်မြတ်ရဲ့ထံတော် မှောက်မှာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးအားဖြင့် အလ္လာဟ်ဟုအက္ကဘရ်၊ အလ္လာဟ်သည်သာ အကြီးကျယ်ဆုံး အထွတ်အထိပ် ဖြစ်၍ အဆုံးစွန်လေးမြတ် ရိုကျိုးခြင်းခံထိုက်တော်မူသော အရှင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေ့ညအထင် အရှားထုတ်ဖော်ပြသမှာဖြစ်တယ်။ ဒါပေမယ့် ဒီကနေ့ မွတ်ဆလင်မ်အများစုက အလ္လာဟ်အရှင်မြတ် ချမှတ် ပြဌာန်းထားသော လူ့ဘ၀သက်တမ်း တစ်လျှောက်လိုက်နာကျင့်သုံး လုပ်ကိုင်ဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းဥပဒေသတွေကို မလိုက်နာမကျင့်သုံး လက်တွေ့မလုပ်၊ တကယ်လုပ်နေတာက အစဉ်အလာရဲ့ ရှေးရိုး ထုံးစံတွေ၊ မိရိုးဖလာ လက်ဆင့်ကမ်း ယူလာတဲ့ ကျင့်သုံးမှုတွေ၊ ၀တ်ပြုကိုးကွယ်မှုတွေ ဖြစ်နေတော့ ကွာခြား ချက်က ကြီးမားပြီး အမူအရာနှင့် ဟန်ပန်တစ်မျိုး ရည်ရွယ်ချက်က ကြီးမားမှုအားဖြင့် အလ္လာဟ်အရှင်မြတ် ဖြစ်စေ ချင်တာက ကျင့်သုံးစေချင်တာက တခြားဖြစ်နေတာတွေ့ရပါတယ်။
အဲဒီလို အနှစ်သာရမပါ၊ လူ့အဖွဲ့အစည်းအတွက် ဘာအကျိုးသက်ရောက်မှုမျိုးမရှိ ဟန်ရေးပြ၊ လူမြင် ကောင်းအောင်၊ လူအထင်ကြီးအောင် တကယ်အလ္လာဟ်ဝါလာ ဆရာသခင်ဆိုပြီး ချီးကျူးအောင် လုပ်ပြနေသူ၊ ဟန်သလုံး ပန်တလုံးနှင့် ဘာအနှစ်သာရမပါသော လူတွေနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၂)၊ အာယသ်(၁၇၇) မှာ အလ္လာဟ်အရှင်ြမတ်က ဘာပြောထားလဲ။ အသင်တို့ရဲ့ မျက်နှာတွေကို အရှေ့အရပ်ဖက်ကိုလည်းကောင်း၊ အနောက်အရပ်ဖက်ကိုလည်းကောင်း မျက်နှာမူခြင်းဟာ ကောင်းမှုကုသိုလ်အကျင့်ကောင်းသီလ မဟုတ်ဘူးတဲ့။ ဒီးန်ဖြစ်တဲ့ အစ္စလာမ်လူ့ဘ၀တည်ဆောက်မှုစနစ်ဟာ အလ္လာဟ်အရှင်မြတ်နှင့် ဖန်ဆင်းဖြစ်ထွန်းခံတွေဖြစ်တဲ့ လူသားတွေကြားမှာ လူတစ်ဦးချင်း တစ်ယောက်ချင်းဟာ ဘာသာရေး၊ သာသနာရေး၊ ၀တ်စုံအဆောင် အယောင်တွေကို မြတ်မြတ်နိုးနိုးဝတ်ဆင်ပြီးတော့ ၀တ်ပြုကိုးကွယ်ခြင်း၊ ကုသိုလ်ဘာဝနာပွားများခြင်း၊ သင်္ချိုင်းတွေ၊ ဂူတွေ၊ ချောင်ထဲမှာ ကိန်းအောင်းပြီး ၀ိညာဉ်သန့်ရှင်းရေး ဂူနာအပြစ်ငရဲမှ ကင်းဝေးပြီး၊ နှောင်းဘ၀ကောင်းစားဖို့၊ ဂျန္နသ်သုခဘုံရရှိဖို့အတွက် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်ခြင်းဆိုတာ ဒီးန်မဟုတ်ပါဘူး။ တစ်ကိုယ်ကောင်း စံတဲ့ပေါချောင်ကောင်း လမ်းစဉ် ကျောင်းတော်ဝါဒ မဇ်ဟဘ်ဖြစ်ပါတယ်။
အဲဒီတော့ အရှေ့အရပ်ဖက်ကိုလည်းကောင်း၊ အနောက်အရပ်ဖက်ကိုလည်းကောင်း၊ မျက်နှာမူခြင်းဟာ အကျင့်ကောင်းသီလ မဟုတ်သလို မွတ်ဆလင်မ်တွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ အလ္လာဟ်ရဲ့အိမ်တော့ ဘိုင်တွလ်လာဟ်´`ကအ်ဗာဟ်´ကျောင်းတော်ဖက်ကို ခြေထောက်လှန်ပြီး အိပ်ခြင်းဟာ မရိုသေမလေးစားရာ ရောက်တယ်။ လူ့အဖွဲ့အစည်းအတွက် ဘာမှကူညီပံ့ပိုးမှုမရှိဘဲ နှုတ်ခမ်းတွေကို လှုပ်လိုက်ပေါချောင်ကောင်း တရားလည်းဟောလိုက်၊ ဟိုဟာလုပ်စရာမလိုဘူး။ ဒီဟာလုပ်စရာမလိုဘူးဆိုပြီး တစ်စည်းတစ်လုံးတည်း အွမ္မ သေ၀ါဟီဒဟ်ကို ကွဲပြားအောင် ပြိုကွဲအောင်လုပ်တဲ့ မွတ်ဆလင်မ်ဆိုသူတွေကို သတိထားဖို့ လိုတယ်။ အဲဒီတော့ လူတွေ အထူးသဖြင့် မွတ်ဆလင်မတွေရဲ့ အရည်အသွေး အခြေခံကောင်းတွေ အလျှံပယ်ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်(စက်ယန္တရားဆန်ဆန်) မိမိတို့ရဲ့ မျက်နှာတွေကို အရှေ့ဖက်အရပ်၊ အနောက်ဖက်အရပ်ကို မျက်နှာမူရုံ သက်သက်နှင့် ဘာမှဖြစ်ထွန်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူးတဲ့။
ဒါပေမယ့် လူတွေရဲ့ အရည်အသွေးအခြေခံကောင်းတွေကို အလျှံပယ်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဒီအာယသ်တော်မှာပါတဲ့ အချက်အလက်အကြောင်းအရာတွေကို သက်ဝင်ယုံကြည်ပြီး လိုက်နာကျင့်သုံးရမည်။ လူ့စွမ်းအားအရင်းအမြစ်တွေကို တိုးတက်ဖွံ့ဖြိုးဖို့အတွက် အခြေခံအားဖြင့် အလ္လာဟ်အရှင်မြတ်ကို သက်ဝင် ယုံကြည်ရမည်။ အလ္လာဟ်အရှင်ြမတ် ဖြစ်ထွန်းစီရင်ထားသော မလာအိကာဟ် သဘာဝစွမ်းအားစုတွေကို ယုံကြည် ရမည်။ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းကိုယုံကြည်ရမည်။ အလ္လာဟ်အရှင်မြတ် ရွေးချယ်စေလွှတ် ခဲ့တဲ့ တမန်တော်တွေကို ယုံကြည်ရမည်။
ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ ဟောဒီအာယသ်တော်ရဲ့ အချက်ငါးချက်ကိုဖြစ်စေ၊ ဒါမှမဟုတ် အချက် တစ်ချက်ကို ဖြစ်စေ၊ ငြင်းပယ်လက်မခံ မယုံကြည်သူဟာ သွေဖီငြင်းပယ်သူ ကာဖီရ်ဖြစ်သွားမည်။ ဒါကြောင့် မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ်၊ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ရမည်။ အလ္လာဟ်ကိုယုံတယ်ဆိုတာ အလ္လာဟ် အရှင်မြတ်ဟာ အစမရှိ၊ အဆုံးမရှိ ထာဝရတည်ရှိတော်မူကြောင်း အလ္လာဟ်ကချမှတ်ပြဌာန်းထားတဲ့ လမ်းညွှန်ချက် ဟာ ခိုင်လုံတိကျပြီးထာဝရ မှန်ကန်တယ်လို့ နှလုံးသားထဲက နှစ်ခြိုက်ကျေနပ်စွာ လက်ခံယုံကြည်ပြီး အလ္လာဟ်ပြဌာန်း သတ်မှတ်ထားတဲ့ လူ့ဘ၀တည်ဆောက်မှု ဒီးန်စနစ်ဇယားအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံး ရမည်။
`ယောင်မိလ်အာခိရဟ်´ကို သက်ဝင်ယုံကြည်ရမည်။ အာခိရသ်ကို ယုံကြည်တယ်ဆိုတာ လူတွေ သက်ရှိ ထင်ရှားရှိနေစဉ် အချိန်ကာလမှာ ဘာပဲလုပ်လုပ်၊ အဲဒီလုပ်ရပ် အပြုအမူ လုပ်ကိုင်ဆောင်ရွက်မှု (Law of Requi tal)လုပ်ရပ်တိုင်းပေါ်မှာ တုန့်ပြန်အကျိုးသက်ရောက်မှု ရှိတယ်လို့ယုံကြည်ပြီး သေပြီးတဲ့နောက် ရှေ့ဆက်သွား ရဦးမည် သက်တမ်းကာလ တဆက်တည်းရှိတယ်လို့ ယုံကြည်ရမည်။ အဲဒီတော့ အပြောအဆို လုပ်ကိုင်ဆောင် ရွက်မှုအပေါ်မှာ တန်ပြန်အကျိုးသက်ရောက်မှုရှိတယ်လို့ ယုံကြည်မည်ဆိုရင် ခိုးတာ၊ လိမ်တာ၊ မဟုတ်မမှန်တာ လုပ်မှာလား၊ ငါတို့ကတော့(ဘိုင်ဘိုင်)ညီအစ်ကိုတွေ၊ သူတို့ကတော့ မာမူတွေဆိုပြီး ခွဲခြားမှာလား၊ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မော်လမြိုင်သားနှင့် ရခိုင်ပြည်နယ်သား မွတ်ဆလင်မ်တွေများတော့ မာမူရွာလို့ ခေါ်နေကြ တယ်။ ဒါကြောင့် ဟိုလူတွေဘာပြောလဲ၊ ငါတို့ကတိုင်းရင်းသား အိမ်ရှင်တွေ၊ မင်းတို့က ဧည့်သည်တွေဆိုပြီး ခွဲခြား ခြင်းခံရတာ မဟုတ်လော့။ ယုံကြည်သူမှန်ရင် ညီရင်းအစ်ကို မောင်ရင်းနှမတွေဖြစ်တယ်။
မလာအိကာဟ်တွေကို ယုံကြည်ရမည်။ မလာအိကာဟ်ဆိုတာဘာလဲ။ မလာအိကာဟ်တွေကို ဘယ်လို ယုံကြည်ရမှာလဲ။ မလာအိကာဟ်ဆိုတာ သဘာဝလောကတခွင်တပြင်လုံးမှာ ဖြစ်ပျက်ပြောင်းလဲနေရတဲ့ သဘာဝ အင်အားစုတွေဟာ အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ် ပေးထားတဲ့စည်းမျဉ်းဥပဒေသနှင့်အညီ ထပ်ကြပ်မကွာ လိုက်နာထမ်းဆောင်နေသော အဲဒီမလာအိကာဟ် အင်အားစုတွေကို လူတွေက လေ့လာဆည်းပူးသိရှိ နားလည် ပြိး မိမိနှင့်တကွ လူသားအားလုံးရဲ့အကျိုးစီးပွားကို တိုးတက်ပွားများဖို့အတွက် အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ ဒီးန်စနစ်အတိုင်း သုံးစွဲအသုံးချရမည်လို့ ယုံကြည်ရမည်။
ကျမ်းတော်မြတ်ကုရ်အာန်ကို သေသေချာချာလေ့လာပြီး မလာအိကာဟ်တွေကို အသုံးချတတ်လို့ အမေရိကန်နိုင်ငံနှင့် အနောက်ဥရောပနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်တယ်။ မွတ်စလင်မ်တွေကျတော့ မလာအိကာဟ် ဆိုတာဘာလဲ။ ဖရိရှ်တာလား၊ ကောင်းကင်တမန်တော်လားမသိ၊ အသုံးမချတတ်လို့ ခေတ်နောက်ကျ ကျန်ရစ် ခဲ့တာမဟုတ်လော။ နဗီတမန်တော်တွေကို ယုံကြည်ရမည်။ တမန်တော်တွေကို ယုံကြည်တယ်ဆိုတာ လူသား တွေဟာ လူ့ဘ၀တည်ဆောက်မှုကို အသိဥာဏ်တစ်ခုတည်းနှင့် ဖြစ်ပေါ်လာမည့်ကိစ္စဟူသမျှကို ကိုင်တွယ်ဖြေရှင်း နိုင်မျာ မဟုတ်ပေ။ ဖြေရှင်းရင်းလည်းဘဲ လုံလောက်ပြည့်စုံမှာ မဟုတ်ပေ။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်တွေမှတဆင့် လူ့ဘ၀တည်ဆောက်မှု ဒီန်စနစ်ဇယား အစ္စလာမ်ကို ၀ဟီဘ၀လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်ပို့ချခဲ့တယ်။ အဲဒီဝဟီဟာ တစ်လုံးမကျန်ကျမ်းတော်မြတ်ကုရ်အာန်မှာ ထိန်းသိမ်းထားကြောင်း အာမခံ လျှက်ရှိပါတယ်။
အလ္လာဟ်က ဧကန်အမှန် ငါအရှင်မြတ်က သတိပေးနှိုးဆော် သွန်သင်ဆုံးမချက် ဇိကိရ်ဖြစ်တဲ့ (ကုရ်အာန်) ကို ငါအရှင်မြတ်က နည်းနည်းခြင်း အလီလီချပေးခဲ့တယ်။ ၎င်းဇိကိရ်ဖြစ်တဲ့ ကုရ်အာန်ကို ငါအရှင်မြတ်က ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ထားကြောင်း အာမခံလျက်ရှိတယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဆီကို ပေးပို့ ခဲ့တဲ့ `၀ဟီ´ဟာ နောက်ဆုံးပြီးပြည့်စုံပြီး အဆုံးသတ်ခဲ့တယ်လို့ ယုံကြည်ပြီး လက်တွေ့လိုက်နာကျင့်သုံးရမည်။ အလ္လာဟ်အရှင်ြမတ် ထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းစာ(ကုရ်အာန်)ကို ယုံကြည်ရမည်။ ကျမ်းတော်မြတ်ကုရ်အန်ာဟာ အလ္လာဟ်ထံမှ တမန်တော်မြတ်ဆီကို `၀ဟီ´အားဖြင့် ထုတ်ပြန်ပို့ချခြင်းခံရတဲ့ ကျမ်းစာဖြစ်တယ်လို့ ယုံကြည်ပြီး ကုရ်အာန်ပါဥပဒေ စည်းမျဥ်းအတိုင်း လိုက်နာကျင့်သုံးရမည်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဆီကို ကုရ်အာန်ကျမ်း ကလွဲလို့ အခြာ်းမည်သည့်ကျမ်းစာ တစ်စုံတစ်ရာပို့ချခြင်း၊ မခံရကြောင်း ယုံကြည်ရမည်။ ကုရ်အာန် (၂း၎-၄း၃၆) ကိုလေ့လာကြည့်ပါ။ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အစအဆုံး၊ အာယသ်တော်တွေသာလျှင် ပြီးပြည့်စုံပြီး ထာဝရ မှန်ကန်ကြောင်း အကြွင်းမဲ့ဒွိဟသံသယမဲ့ သက်ဝင်ယုံကြည်ရမည်။ အထက်ပါ အချက်ငါးချက်ကို ယုံကြည်လိုက်နာရင်းနဲ့ ဆက်လက်လိုက်နာကျင့်သုံးရမည့် အကြောင်းအရာတွေကိုကတော့ –
မိမိပိုင်ဆိုင်ထားသော အရာတွေ၊ အသိပညာ၊ အတတ်ပညာ အလိမ္မာ အရည်အချင်းအမျိုးမျိုး ဥစ္စာပစ္စည်း၊ ငွေကြေး စတာတွေကို ချစ်မြတ်နိုင်းသော်ငြားလည်း လူသားနှင့်လူ့ပတ်ဝန်းကျင်ကို အကျိုးရှိရှိ ပြုစုပျိုးထောင်ပေးမှု တိုးတက်ဖွံ့ဖြိုးစေရန်၊ အလှဆင်ပေးဖို့အတွက် ခုံခုံမင်မင် ခွဲဝေသုံးစွဲရမည်။ သားချင်းတွေ၊ ဆွေမျိုးနီးဝေးတွေ၊ မိဘမဲ့ တွေနှင့်အားကိုး အားထားရမည့် မိဘမောင်နှမ ဆွေမျိုးလုံးဝမရှိသော တစ်ကောင်ကြွက်တစ်မျက်နှာ ရေနည်းငါး တွေ၊ ရှာဖွေစားသောက်နိုင်ခြင်း မရှိလောက်အောင် မသန်မစွမ်းသူတွေ၊ ဒုက္ခိတတွေ၊ ဖူလုံလောက်ငှခြင်း မရှိသူ တွေ၊ တွယ်ရာမဲ့ ခိုကိုးရာမဲ့တွေ၊ ကျွန်သပေါက် အခိုင်းအစေ အခြေအနေကို ရောက်နေသူတွေကို ထိထိ ရောက်ရောက် ထောက်ပံ့ဖြည့်ဆည်းပေးရေးအတွက် အချက်(၂)ချက်ရှိပါတယ်။
အသင်တို့ဆွလားသ်စနစ်ကို တည်ဆောက်ရမည်။ (တစ်နည်း) အသင်တို့လူ့ဘောင်အတွင်းမှာရှိတဲ့ အားလုံး အလ္လာဟ်ပြဌာန်းထားတဲ့ ဥပဒေကို ထပ်ကြပ်မကွာလိုက်နာကျင့်သုံးနိုင်အောင် အခွင့်အရေးတွေပေး ရမည်။ ၎င်းပြင် လူ့ဘောင်မှာရှိတဲ့အားလုံးရဲ့ဘ၀ ဘက်စုံဖွံ့ဖြိုးစည်ပင်ဝပြောရေးအတွက် ဇကားသ်ပေးဆောင်ရ မည်။ ပြီးတော့ သူတို့တာဝန်ယူဆောင်ရွက်ပေးမည်လို့ ကတိပြုမျှော်လင့်ချက် ပေးထားသော ကတိက၀တ်တွေ ပဋိညာဉ်တွေ တာဝန်ဝတ္တရားတွေကို အပြည့်အ၀ဆောင်ရွက်ရမည်။ ကုရ်အာန် ဆူရာဟ်(၁၇)အာယသ်(၃၄)မှာ အလ္လာဟ်က ဘာပြောထားလဲ-
အသင်တို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် တစ်ဖက်နှင့်တစ်ဖက် သဘောတူဝန်ခံ ကတိပေးတဲ့ ပဋိညာဉ်ကတိသစ္စာကို ကျေပြွန်စွာ ဆောင်ရွက်ရမည်။ ဧကန်အမှန် ကတိသစ္စာနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်း ခြင်းခံရမည်။ နောက်ပြီး အဲဒီလူတွေ အခက်အခဲအကြပ်အတည်း ဆင်းရဲဒုက္ခတွေ့ကြုံရင် စိတ်ဓါတ်မကျဘဲ ဇွဲလုံ့လ ကြံ့ခိုင်မှုအပြည့်အ၀အားဖြင့် ဘ၀ကိုတည်ဆောက်ရမည်။ အဲဒီလူတွေ အရည်အသွေး အရည်အချင်းရှိသူ လက်တွေ့ အကောင်အထည်ဖော်သူ သစ္စာဝါဒီတွေဖြစ်ပြီး အဲဒီလူတွေသာလျှင် သူတို့ဘ၀ရဲ့ ဆောင်ရွက်စရာတွေ ကို ဆောင်ရွက်ပြီး ရှောင်ရမည့်အချက်တွေကို ရှောင်ကြဉ်သူ မွတ္တကီတွေဖြစ်မည်။ လေးစားအပ်ပါသော မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား
အဲဒီတော့ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။ ယခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ အပြောတစ်မျိုး၊ လုပ်ရပ်ကတစ်မျိုး အရှက်အကြောက်ကင်းမဲ့သော လုပ်ရပ်တွေကို ဆွလားသ်စနစ်ကသာလျှင် တားမြစ်မယ်လို့ ကုရ်အာန်ဆူရာဟ်(၂၉) အာယသ်(၄၅)ရဲ့ တင်ပြမှုကတော့ ဧကန်အမှန် ဆွလားသ်တည်ဆောက်မှု စနစ်ကသာ လျှင် အရှက်အကြောက်ကင်းမဲ့သော မဖွယ်မရာကိစ္စနှင့် မကောင်းတဲ့လုပ်ရပ်ဟူသမျှတွေကို တားမြစ်ပိတ်ပင်တယ်။ အဲဒီလို တားမြစ်ပိတ်ပင်မယ့် ဖဟ်ရှာရဲ့တရားသဘောကတော့ တွန့်တိုတာ၊ ကိုယ့်အတွက်အလိုရှိတာ။ တစ်ကိုယ် ကောင်းဆန်တာ၊ စည်းလုံးညီညွတ်မှုကို ပြိုကွဲတာ။ လူတစ်ဖက်သာပေါ်မှာ မျှဝေခံစားမှုမပေးတာ၊ ဒါတွေလွှမ်းမိုး နေတာကြောင့် လူ့လောကမှာ ကြီးမားတဲ့ရှက်ဖွယ်ကိစ္စတွေဖြစ်ပေါ် နေတာဖြစ်တယ်။
`မွန်ကရ်´ရဲ့ တရားသဘောကတော့ လူတစ်ဖက်သားရဲ့ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ဟန့်တားမှု မကောင်းတကာ့ မကောင်းမှုအတွေးအခေါ် အကျင့်အကြံတွေကိုဆွလားသ်စနစ်ကသာလျှင် ကင်းဝေးပပျောက် ဖယ်ရှားပစ်မှာဖြစ်တယ်။ တစ်ကိုယ်ကောင်းသမားတွေရဲ့ လုပ်ရပ်အတွေးအခေါ်ဟာ ညစ်ညမ်းလွန်ပြီး ရှက်ကြောက် ရွံရှာဖွယ်ရာလုပ်ရပ်ကတော့ လူမဆန်တဲ့ အတ္တကျေးကျွန်တိုင်းရဲ့ အကျင့်စရိုက်ဆိုးသာဖြစ်တယ်။ ကိုယ်ကိုယ်တိုင် ရှင်သန်ကြီးထွားနေသလို ကျန်လူတစ်ဖက်သားတွေကို ရှင်သန်ကြီးထွားခွင့်မပေးရုံသာမက ဟန့်တားပိတ်ပင်ခြင်း ဟာ လူစိတ်ဓါတ်မရှိသော အကျင့်ဆိုးမဖွယ်ရာဆုံး မကောင်းမှုသာဖြစ်တယ်။
အဲဒီလို အကျင့်အကြံ အသိဥာဏ်ရှိတဲ့လူတွေ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘယ်ကိစ္စမှာ မဆို စတင်စဉ်းစားတဲ့အခါကျတော့ မိမိကိုယ်ပိုင်ကောင်းစားဖို့ အကျိုးရှိဖို့၊ အခြားအခြား လူတွေအထင်ကြီးဖို့ နေရာကောင်းရဖို့ လူကြီးဖြစ်ဖို့ ရှေ့တန်းရောက်ဖို့ ဦးနှောက်အသိဥာဏ်နှင့် အကွက်စေ့ပြီး ကြံစည်အားထုတ်တယ်။ အခြားအခြား လူတွေရဲ့အရေးကိစ္စဟာ ကိုယ်နှင့်မဆိုင်ဘူး။ သူတို့ကိစ္စသူတို့လုပ်ဖို့ သူတို့မှာတာဝန်ရှိတယ်။ ကိုယ့် အတွက်တော့ အနေသာကြီးပင်ဖြစ်တယ်။
အထက်ပါ အကျင့်အကြံရှိတဲ့ တစ်ကိုယ်ကောင်း အတ္တသမားတွေနှင့် ဆန့်ကျင်ဘက် ကုရ်အာန်က လမ်းညွှန်တဲ့ ဆွလားသ်တည်ဆောက်မှု စနစ်ကို အကောင်အထည်ဖော်သူ မွတ်ဆလင်မ်နှင့် ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ်(၇၀) အာယသ်(၂၂+၂၅)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။ မွဆွလ္လီဆိုတာ အလ္လာဟ်အရှင်မြတ် ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေကို ထပ်ကြပ်မကွာ ဖ၀ါးခြေထပ် လိုက်နာသူ တွေဟာ အထက်မှာတင်ပြထားတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အကြံသမားစိတ်နေစိတ်ထား အကျင့်စရိုက်ရှိ သူတွေ လုံးဝပါဝင်မှာ မဟုတ်ဘူးတဲ့။
အဲဒီမွဆွလ္လီတွေဟာ ဆွလားသ်တည်ဆောက်မှုစနစ်ပေါ်မှာ အချိန်ပြည့်စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ရပ်တည်တယ် ဆိုတာ မွဆွလ္လီဖျာပေါ်မှာ နေ့ရောညပါရပ်ပြီး ဖတ်ရွတ်နေသော ဖါရ်ဆီ စကားအရ နမားဇ်ကို ပြောနေတာ မဟုတ်ဘူး။ နောက်ပြီးတော့ လူ့အဖွဲ့အစည်းအတွက် ဘာမှကောင်းကျိုးဖြစ်ပေါ်ဖြစ်ထွန်းလာခြင်း မရှိသော အဖွဲ့ အစည်း၊ ဥပမာ စုဝေးပြီးသူပြောငါပြော `ဂေါဖ်´ဆွလားသ် လုပ်တဲ့သူတွေလည်း မွဆွလ္လီထဲမှာ ပါဝင်မှာ မဟုတ်ဘူးတဲ့။ အဲဒီမွဆွလ္လီတွေဟာ တစ်ကိုယ်ကောင်း၊ ကိုယ်ကျိုးသမားတွေမဟုတ်ဘဲ မိမိတို့ရှာဖွေရရှိပိုင်ဆိုင် သမျှငွေကြေး ဥစ္စာပစ္စည်းနှင့် ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာအားလုံးထဲမှာ ဆာအီးလီန်ဆိုတဲ့ လူတစ်ဖက်သားရဲ့ အကူအညီမပါဘဲ ဘ၀ရပ်တည်ရန် အခက်အခဲ အကျပ်အတည်းရှိသူတွေ မသန်မစွမ်း ဒုက္ခိတတွေနှင့် `မဟ်ရုမွန်´ ဆိုတဲ့ ဘ၀မှာ ချွတ်ခြုံကျပြီး မည်သည့်အခွင့်အရေး အခွင့်အလမ်းမျှ မရှိဘဲ၊လူ့ဘ၀ရဲ့လိုအပ်ချက်တွေမှာ `ဗလာနတ္တိ´ဖြစ်နေသော လူတွေကို ထိထိရောက်ရောက် ပေးကမ်းပံ့ပိုးထောက်ပံ့ဖို့အတွက် မိမိတို့မှာ ကြီးမားတဲ့ တာဝန် အမှန်တကယ်ရှိတယ်လို့ ကောင်းမွန်စွာ သိရှိပြီးတော့ လက်တွေ့လိုက်နာဆောင်ရွက်သူတွေဖြစ်တယ်။
မွဆွလ္လီတွေဟာ သူတို့ရဲ့အသိအကြံဥာဏ်၊ အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည် လုပ်အားတိုင်းမှာ သူတို့ရဲ့ အစွမ်းအစလုပ်ရည်ကိုင်ရည် လုပ်အားတိုင်းမှာ သူတို့ရဲ့ အစွမ်းအစအရည်အသွေး အရည်အချင်းတွေကို တကယ် လိုအပ်နေသော အမျိုးအစားအားလုံးကို အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေးဘဲ ထိရောက်စွာ ပံ့ပိုး ပေးကမ်းဖြည့်ဆည်း ထူထောင်ပေးဖို့တာဝန်ရှိတယ်။ ဒါကတော့ အလှူအတန်းလုပ် နာမည်ရဖို့ ခြေတစ်လှမ်းမှ ကုဋေတစ်သန်း ကုသိုလ်ရယူဖို့ ဖြတ်လမ်းကနေ ပေါချောင်ကောင်း ဂျန္နသ်ရဖို့တော့ မဟုတ်ဘဲတာဝန်အရ လုပ်ရမှာ ဖြစ်ပါတယ်။ `ဟက်ကွန်မာအ်လွမ်´မလုပ်မနေရ အလ္လာဟ်ပေးထားတဲ့ တာဝန်ကို တိတိကျကျ ကျေပြွန်ရမှာ ဖြစ်တယ်။
မွဆွလ္လီဆိုတာ စိတ်ဓါတ်ရေးရာမှာ တည်ကြည်ခိုင်ခံ့သူတွေဖြစ်တယ်။ ဘယ်တော့မှ ဘ၀ကို လက်မြှောက် အရှုံးပေးပြီး လက်မှိုင်ချညည်းညူသူတွေ မဟုတ်သလို မကောင်းမြင်၊ အကောင်းထင်သူတွေလည်း မဟုတ်ဘူး။ အဲဒီ မွဆွလ္လီတွေ သူတို့ဘ၀မှာ တိုက်ပွဲတိုင်းကို အောင်နိုင်မည်လို့ စိတ်ဓါတ်ရေးရာမှာ ဒေါင်ဒေါင်မြည်သူတွေ ဖြစ်တယ်။ ဒါကြောင့် အလ္လာဟ့်အမိန့်တော်ကို မသေခင်နာခံသူ မွတ်ဆလင်မ်တွေ မိမိတို့ရှာဖွေဆည်းပူးပိုင်ဆိုင် ထားသော ဥစ္စာပစ္စည်း၊ အရည်အချင်း၊ အရည်အသွေးတွေကို အကူအညီလိုအပ်နေသော သူတို့အတွက် ဝေစု ဝေပုံအမှန်တကယ် ရှိတယ်လို့ ယုံကြည်ပြီးလိုအပ်နေသော လူတွေအတွက် အကျိုးရှိအောင် ခွဲဝေသုံးစွဲပေးရမည်။
အဲဒီတော့ ဆူရာဟ်(၂၉) အာယသ်(၄၅)မှာ လူဟာ မိမိရဲ့ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို ဦးစားပေးပြီး တော့ လူတစ်ဖက်သားကို လိမ်လည်လှည့်ဖျားရန်ကြံစည်တာမျိုးကို ဆွလားသ်စနစ်က တားမြစ်ပိတ်ပင်တယ်လို့ ဆိုလိုတာဖြစ်တယ်။ အဲဒီဆွလားသ်စနစ်ကို အကောင်အထည်ဖော်ဖို့ ညီညီညာညာ စုစုဝေးဝေး စည်းစည်းလုံးလုံး နှင့် တစ်မိန့်တစ်သံရဲ့အောက်မှာ တစ်စုတစ်စည်းတည်း စုပေါင်းလက်တွဲပြီးတော့ လုပ်ရမည်။ ဒါကြောင့် မိမိတို့ ပိုင်ဆိုင်ထားသော ဥစ္စာပစ္စည်းငွေကြေး အရည်အသွေးဇကားသ်ကို ပေးဆောင်ပြီး ဆွလားသ်စနစ်ကို တည်ဆောက်ရင်းနဲ့ မွတ္တကီတွေဖြစ်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်။ လူတိုင်းလူတိုင်းရှင်သန်နိုင်ကြပါစေ။ ရှင်သန်ကြ သူတိုင်း ထက်မြက်နိုင်ကြပါစေ။ ရှင်သန်ထက်မြက်လိုသူတိုင်း နည်းမှန်လမ်းမှန် စနစ်မှန်ဖြစ်ကြပါစေလို့ ဆုမွန် ကောင်း တောင်းရင်းနဲ့ကျွန်တော့်ရဲ့ တင်ပြမှုကို ဒီနေရာမှာဘဲရပ်နားခွင့်ပြုပါ။