ရမဒွါန်လပြီးဆုံးပြီးတဲ့နောက် ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ရမဿွန်တစ်လပြီးဆုံးပြီးတဲ့နောက်
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ယခုလို ယောင်မုလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချပေးခဲ့တဲ့ဆရာများ၊ ကျမ်းတော်မြတ်ကုရ်အာန်တင်ပြခွင့်ပြုတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော် မတ်စ်ဂျီးဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ ခါဒိမွန်းလို့ခေါ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက် လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့ အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ `ရမဿွာန်တစ်လပြီးဆုံးပြီးတဲ့နောက်´ဖြစ်ပါ တယ်။ လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသားအမျိုးသမီးများခင်ဗျား ကျွန်တော့်ရဲ့တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကာသုဟု
အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေသတွေ မှန်ကန်ကြောင်း သက်ဝင် ယုံကြည်ပြီး ရိုကျိုးလိုက်နာ နာခံဘ၀တည်ဆောက်သူ မုအ်မင်န်၊ မွတ်စလင်မ်တွေအတွက် နှစ်တစ်နှစ်ရဲ့ ၁၂ လမှာ တစ်လရမဿွာန်လဟာ သင်တန်းကာလပြီးဆုံးသွားပြီဖြစ်ပါတယ်။ အဲဒီတော့ သင်တန်းကာလဆိုတာ ကျွန်တော်တို့ စားတာ၊ သောက်တာ၊ နေတာထိုင်တာ ပြောဆိုဆက်ဆံတာ စည်းနှင့်ကမ်းနှင့် အသိရှိရှိ သတိရှိရှိ နေခဲ့ရတယ်ဆိုတာ သင်တန်းဆင်းတဲ့လူတွေ အသိဆုံးဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က ကျန်ရှိတဲ့ဘ၀တစ်လျှောက်လုံး စားတာသောက်တာ နေတာထိုင်တာ သွားလာ လှုပ်ရှားမှု၊ ပြောဆိုဆက်ဆံမှုတွေမှာ စည်းနှင့်ကမ်းနှင့် အသိရှိရှိ သတိရှိရှိ အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ် ထားတဲ့ စည်းမျဉ်းဥပဒေသတွေကို နာခံရိုကျိုးလိုက်နာပြီး ဒီမျက်မှောက်ကာလနှင့် နောင်အနာဂါတ်ကာလရဲ့ အောင်မြင်မှုကို ရရှိဖို့အတွက် သင်တန်းတက်ခဲ့ရတယ်မဟုတ်လော။
အဲဒီတော့ ရမဿွာန်ပြီးဆုံးပြီးတဲ့နောက် ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းအတိုင်း မလိုက်နာပဲ မိမိတို့ စိတ်ကြိုက်လုပ်မှာလား။ ဒါမှမဟုတ် သင်တန်းတက်ခဲ့တဲ့ကာလအတိုင်း လိုက်နာရိုကျိုးနာခံဘ၀တည်ဆောက်မှာ လား။ ယခုရောက်ရှိနေသောအခါသမယကို လေ့လာကြည့်လိုက်တော့ ရုပ်ပိုင်းဆိုင်ရာဘက်မှာ တိုးတက်နေသလို နာမ်ပိုင်းဆိုင်ရာမှာလည်း တိုးတက်နေတာ တွေ့ရပြီးတော့ အသိဥာဏ်ပိုင်းဆိုင်ရာဘက်မှာ တိုးတက်နေတာ တွေ့ရပေမယ့် အခြားတစ်ဖက်မှာတော့ အဲဒီအသိဥာဏ်ရဲ့တိုးတက်မှုရဲ့ ဆန့်ကျင်ဖက်အုပ်စုဖက်က အထိမခံဖြစ်နေ တဲ့ အနေအထားတစ်ရပ်ကို နှစ်တိုင်းလိုလိုတွေ့ရပါတယ်။
ဥပမာ ပြောရရင်တည်ဆောက်သူတွေနဲ့ ဖြိုဖျက်ပျက်စီးတဲ့လူတွေမှာ လူများစုဖြစ်ပြီး၊ တည်ဆောက်တဲ့ လူတွေကျတော့ လူနည်းစုသာဖြစ်တယ်။ ဒါပေမယ့် တည်ဆောက်တဲ့လူတွေဖက်ကသာလျှင် ရေရှည်မှာအောင်ပန်း ဆင်နိုင်မယ်ဆိုတာကို လူ့သမိုင်းတစ်လျှောက်လုံးက သက်သေပြနေသလို အလ္လာဟ်အရှင်မြတ်ထံက `၀ဟီ´လမ်း ညွှန်ကျမ်းတော်မြတ်ကုရ်အာန်မှာလည်း ပြတ်သားတဲ့ ဥပဒေသသတ်မှတ်ပြဌာန်းထားပါတယ်။
`အမှန်တရားရောက်လာတဲ့အခါ အမှားအယွင်းဟာ တိမ်ကောပျောက်ကွယ်သွားရမည်။ အမှား အယွင်း ဟာ သေချာပေါက်ပျောက်ကို ပျောက်ကွယ်တိမ်ကောသွားရမယ်ဆိုတာကို အသင်အသိပေးကြေညာလိုက်ပါ။´ (ကုရ်အာန် – ၇း၈၁)
အဲဒီတော့ ဖြိုဖျက်ပျက်စီးချင်တဲ့လူတွေရဲ့ အသိုင်းအ၀ိုင်းဟာ ကြီးလာနိုင်သမျှ ကြီးကျယ်လာပြီး၊ ချဲ့လာနိုင်သမျှချဲ့လာပြီး အခြား အခြားလူတွေနဲ့ မူဝါဒတူ ပူးပေါင်းခံရတဲ့လူတွေလည်း အနည်းနှင့်အများ ဆိုသလို ရှိတယ်။ ဒါကြောင့် ငရုတ်သီးနှင့်ပေါင်းတော့ ကြက်သွန်လည်းရောပြီး အထောင်းခံရတာမျိုး တုန့်ပြန်မှုတွေ ကိုယ်စီ ကိုယ်ငှ ခံရမှာဖြစ်တယ်။
အဲဒီတော့ ယခုလိုအချိန်အခါမျိုးမှာ မျိုးတူတာတွေကို စုစည်းပြီးတော့ ကောက်သင်းကောက်နေတဲ့ ခေတ် ကာလမှာ အလ္လာဟ်အရှင်မြတ်ထံက `၀ဟီ´ဖြစ်တဲ့ ကုရ်အာန်ကို ယုံကြည်လက်ခံထားတဲ့ ကျွန်ုပ်တို့အတွက် ကုရ် အာန်ရဲ့ အသုံးအနှုန်းအရ မိမိတို့ရဲ့အရည်အချင်းတွေကို တိကျမှန်ကန်မှုနှင့်ပေါ်လွင်ထင်ရှားအောင် လုပ်ရမည့် အချိန်အခါဖြစ်သလို ကြီးကျယ်တဲ့ စမ်းသပ်မှုတစ်ရပ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်အခါလည်းဖြစ်တယ်။ ဒီလိုစမ်းသပ်မှုနှင့်ပတ်သက်ပြီးတည်ဆောက်တဲ့ မွတ်ဆလင်မ်တွေအနေနဲ့ မည်သို့မည်ပုံဒီစမ်းသပ်မှုကို ကျော်ဖြတ် နိုင်မှာလဲဆိုတာကတော့ ကျွန်ုပ်တို့ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းစဉ်ပေါ်မှာ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ အဓိက ပတ်သက်နေပါတယ်။ ဒီစမ်းသပ်မှုရဲ့စနစ်သတ်မှတ်တဲ့ အဓိကအချက်ဟာ ဘယ်ပေါ်မှာသတ်မှတ်ထားလဲဆိုရင် ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်နေသော အရဗီလို `အီမာန်´လို့ခေါ်တဲ့ ယုံကြည်မှု(တစ်နည်း) အလ္လာဟ် အရှင်မြတ်က ယုံကြည်ခိုင်းတဲ့အတိုင်း ယုံကြည်ခြင်းဆိုတဲ့ သတ်မှတ်စံနှုန်းကတော့ ပြဿနာရဲ့အဓိကအချက်လို့ ခေါ်တဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။
လူဟာ အဓိကအချက်လို့ခေါ်တဲ့ သတ်မှတ်ချက်ရဲ့အောက်ကို ရောက်သွားရင်တော့ ခေတ်ကာလရဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ မုန်တိုင်းတွေကြားထဲမှာ မိမိဘ၀အတွက် ခြေချလို့မရဘဲ လွင့်ပျောက်သွားရမှာဖြစ် သလို၊ အဲဒီအဓိကအချက်လို့ခေါ်တဲ့ သတ်မှတ်ချက်စံနှုန်းရဲ့အပေါ် ကျော်သွားရင်တော့ အလ္လာဟ်အရှင်ြမတ်က ယုံကြည်ခိုင်းတဲ့ ယုံကြည်မှုကပေးလာမယ့် အကျိုးရလာဒ်တွေကို မိမိကိုယ်တိုင်ခံစားရမှာဖြစ်သလို အခြားအခြား လူတွေကိုလည်း ပိုလျှံတဲ့အရာအားလုံးကို ခွဲဝေမျှဝေထောက်ပံ့ဖြည့်ဆည်းပေးရန် ရက်ရက်ရောရော သုံးစွဲရမှာ ဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ လွတ်လပ်တယ် မလွတ်လပ်ဘူးဆိုတာ အဲဒီလူရဲ့ယုံကြည်ချက် ပေါ်မှာ အဓိကမူတည်နေပါတယ်။ အနောက်တိုင်းသား ကဗျာဆရာတစ်ယောက် မက်သရူးအနလဒ်က လူတစ် ယောက်ဟာ သူ့မှာယုံကြည်ချက်မရှိဘူးဆိုရင် လွတ်လပ်မှုဆိုတာလည်း မရှိဘူးလို့ပြောခဲ့တယ်။ ဒါပေမယ့်လို့ သူပြောခဲ့တဲ့ ယုံကြည်မှုဆိုတာ ဘယ်အရာကို ယုံကြည်ရမှာလဲ။ လွတ်လပ်မှုဆိုတာဘာလဲ။ ဘယ်လိုမျိုး လွတ်လပ်မှုကိုပြောတာလဲစတဲ့ ယုံကြည်မှုစံနှုန်းတွေ၊ လွတ်လပ်မှုရဲ့ခံစားချက်တွေ စတဲ့စိတ်ရဲ့ဖြစ်စဉ်တွေကို စီရင် ဆုံးဖြတ်ဖို့အတွက် တာဝန်ယူမှုကို လူသားရဲ့လက်ထဲမှာ အပ်လိုက်တာနဲ့တပြိုင်တည်း တူညီမှန်ကန်တဲ့ ရလာဒ်တစ် ခု ထွက်ပေါ်လာနိုင်မှာလားလို့ စဉ်းစားကြည့်မယ်ဆိုရင် အဖြေဟာလုံးဝ ပေါ်ထွက်လာနိုင်မှာမဟုတ်ဘူး။
ဘာကြောင့်လဲဆိုရင် ယုံကြည်မှုနှင့် လွတ်လပ်မှုရဲ့`စံ´နှုန်းကို နေ့တစ်နေ့ထဲမှာ အကြိမ်ပေါင်းများစွာ ပြောင်းလဲနေသော လူရဲ့ဦးနှောက်ကနေပြီးတော့ ဘယ်လိုနည်းနှင့်မှ ပေမမှီဒေါက်မမှီ အချိန်ကာလမရွေး နေရာ ဒေသမရွေး မှန်ကန်တဲ့ လွတ်လပ်မှုဆိုတဲ့အရာဟာ ထွက်ပေါ်လာနိုင်ဖို့ဆိုတာ မဖြစ်ကို မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဘင်ဂျမင်ဒရစ်စေလီ လို့ခေါ်တဲ့ပညာရှင်တစ်ယောက်က လူသားဟာယုံကြည်မှုအတွက် မွေးဖွားလာတာဖြစ်တယ် လို့ ပြောခဲ့တယ်။ ဒါပေမယ့် ယုံကြည်မှုအတွက် မွေးဖွားလာတဲ့လူသားအတွက် မှန်ကန်တိကျတဲ့ယုံကြည်သူရှိသလို မမှန်မကန် လွဲမှားတဲ့မှားယွင်းစွာ ယုံကြည်သူလည်းရှိတယ်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌားန်း ချက်ကို ယုံကြည်မှုနှင့် လူတွေစိတ်ကူးစိတ်ကူးမှုရဲ့ လွဲမှား မှားယွင်းနေတဲ့ ယုံကြည်မှုဆိုတာ ရှိနေတာပဲ။
မှန်ကန်တဲ့ ယုံကြည်ချက်ကို လက်ခံထားမယ့်လူတွေဟာ ဘ၀တစ်လျှောက်လုံး တိုးတက်မယ်ဆိုပြီးတော့ ကျမ်းတော်မြတ်ကုရ်အာန်က အာမခံပေမယ့်လွဲမှားတဲ့ မှားယွင်းတဲ့ ယုံကြည်မှုကို လက်ခံထားတဲ့လူတွေအတွက် ကတော့ အဲဒီလူတွေရဲ့ဘ၀အခြေအနေဟာ ကျမ်းတော်မြတ်ကုရ်အာန်မှာ လူသားရဲ့အဆင့်အတန်းကနေ အောက် ရောက်ပြီးတော့ တိရစ္ဆာန်အဆင့်အတန်းထက်တောင် ပိုမိုပြီးနိမ့်ကျဆိုးရွားသွားတယ်လို့ ပါရှိပါတယ်။ ကုရ်အာန် (၇း၁၇၉)ဖြစ်ပါတယ်။
အဲဒီလို ပေမမှီဒေါက်မမှီယုံကြည်ချက်ကနေ ထွက်ပေါ်လာမယ့် အကျိုးရလာဒ်တွေဟာ အခြားအခြား ယုံကြည်ချက်တူပါတယ်ဆိုတဲ့ လူတွေကို တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်စေရုံသာမက လူ့လောကကမ္ဘာဂြိုဟ် တစ်ခွင်တစ်ပြင်လုံးကို အနည်းနှင့်အများ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပြုသဘောဆောင်တဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ ဦးတည်ချက်နှင့် ယုံကြည်ချက်ကြောင့် ဦးနှောက် ကနေပြီးတော့ သေချာပေါက်ထွက်ပေါ်လာမှာဖြစ်တယ်။ ဒါကြောင့် မျှဝေပေးကမ်းစွန့်လွှတ်ရမှာဖြစ်တယ်။
အဲဒီတော့ ဆန့်ကျင်အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေက အဖျက်သဘောကို ဦးဆောင်တဲ့ ဦးနှောက် တွေဟာ ယုံကြည်ချက်ကနေပြီးတော့ ထွက်ပေါ်လာတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့် မွတ်ဆလင်မ်တွေရဲ့ ယုံကြည်ချက်ကို အဖျက်သဘောဘက်ရှေးရှုနေတယ်လို့ ဒီကနေ့ကမ္ဘာပေါ်မှာ အတွေးအခေါ်ပညာရှင် တော်တော် များများက ထင်မြင်ပြီးဆွေးနွေးကြတယ်။ အစ္စလာမ်ဘာသာဟာ အကြမ်းဖက်တွေကို ဖန်တီးနေသော ပင်မရေ သောက်မြစ်ဖြစ်လားဆိုတဲ့ ခေါင်းစဉ်ကို မေးပြီးတော့ဆွေးနွေးနေကြတာ သိရပါတယ်။ ဒါပေမယ့် အခြားအခြား ဘာသာဝင်တွေက မွတ်ဆလင်မ်တွေကို အကြမ်းဖက်တာ ဘာသာကူးပြောင်းအောင်လုပ်နေတာလည်း တွေ့ရပါ တယ်။
အဲဒီတော့ ပြဿာနာအဖြေဟာ ဘာလဲဆိုတော့ ကမ္ဘာတစ်ဝှန်းမှာ ၀ိုင်းဝန်းပြီးတော့ ထုတ်ဖော်နေရတဲ့ အခြေအနေတစ်ရပ်ကို ရောက်နေတော့ ဒီမေးခွန်းရဲ့အဓိက အဖြေကို ကျမ်းတော်မြတ်ကုရ်အာန်က ဘယ်လိုမျိုး လမ်းညွှန်ထားလဲဆိုရင် ဒီကနေ့ဖြစ်ပျက်နေမှုဟာ အတ္တအယူအဆလွန်ကဲမှုနှင့် အစွဲအလန်းတွေ၊ အကျိုးအမြတ်နှင့် အစွန်းတရားတွေအားလုံးကို ဘေးဖယ်ပြီးတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နည်းပေးလမ်းညွှန်မှုအမြင်နှင့် ခွဲခြမ်း စိတ်ဖြာပြီးတော့ အဖြေထုတ်မယ်ဆိုရင် ဒီကနေ့ဖြစ်ပေါ်နေတဲ့ မျိုးနွယ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ကျောင်းတော် ၀ါဒရဲ့ မှားယွင်းတဲ့ယုံကြည်မှု ဒါမှမဟုတ် မျောက်ပြပြီးဆန်တောင်းမှု အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တဲ့ ယုံကြည်မှု ဖြစ်ကြောင်းတွေ့ရပါတယ်။ ဒီနေရာမှာ မျောက်ပြပြီးဆန်တောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုရင် ကုရ်အာန် ကို ယုံပါတယ်လို့ပြောပေမယ့် ကုရ်အာန်ကလမ်းညွှန်တဲ့ အသိဥာဏ်ဆင်ခြင်တုံတရားကို အသုံးမချပဲ ကုရ်အာန်ရဲ့ ပြင်ပဘက်က အခြားကိစ္စရပ်တွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နေတာတွေ၊ အလ္လာဟ်အရှင်မြတ် ကို ယုံပါတယ်လို့ ပြောပေမယ့် ကျမ်းတော်မြတ်ကုရ်အာန်က ညွှန်ပြနေသော အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် `ဆွေဖသ်´တွေကို အကောင်အထည်မဖော်ပဲ ဥပမာ(ရဗ်) `ရာဟ်မာန်၊ ရဟီးမ်´စနစ်ကို အကောင်အထည်မဖော် ခြင်းဟာ ကုရ်အာန်ကို မလိုလားတဲ့အပြုအမူတွေ လုပ်ဆောင်ချက်တွေကို ထည့်မသွင်းတဲ့သဘောဖြစ်ပါတယ်။ အစ္စလာမ်ကို ယုံကြည်တယ်ဆိုတာ ကုရ်အာန်ကလမ်းညွှန်သော အစ္စလာမ်ကို ယုံတာလားခွဲခြားပြီး သိဖို့လိုတယ်။ အဲဒီတော့ လူအများစုဟာ ယုံကြည်လုပ်ဆောင်နေတာဟာ ဒီးန်စနစ်ဇယား အစ္စလာမ်ကမခိုင်းထားသော မသတ် မှတ်ထားသော အရာတွေဖြစ်နေတာတွေ့ရပါတယ်။
ဥပမာ မိမိရဲ့မွေးရပ်မြေဒေသ အစွဲအလန်း၊ မိမိမြေကို ချစ်ခင်မြတ်နိုးခြင်း၊ မွေးရပ်မြေဒေသအတွက် လိုအပ် လာရင် စွန့်လွှတ်မည်ဆိုတဲ့ စိတ်ဓါတ်နောက်ပြီးတော့ ဘာသာတရားရဲ့ဖြစ်တည်ရာမြေ မွေးဖွားရာမြေ အဲဒီနယ်မြေ ရဲ့ အစွဲအလန်းတွေပေါ်မှာ လူတော်တော်များများဟာ လုံးထွေးယှက်တင်ပြီးတော့ မဆုံးရှုံးသင့်တဲ့ အသက်သွေး ချွေးပေါင်းမြောက်များစွာ ဆုံးရှုံးနေတာကို ကမ္ဘာ့မီဒီယာသတင်းကနေပြီးတော့ ထုတ်နှုတ်တဲ့သတင်းတွေမှာ ပါဝင် နေတာတွေ့ရပါတယ်။ ဒီဟာနဲ့ဆက်စပ်ပြီး (၂၀)ရာစု ကုရ်အာန်အတွေးအခေါ်ပညာရှင် အလ္လမာ ဒေါက်တာ အိက်ဘားလ်က လောကဇာတ်ခုံရဲ့ နိုင်ငံရေးအတွေးအခေါ်၊ အမြော်အမြင်ပေါ်မှာ မွေးရပ်မြေဟာ အနက်အဓိပ္ပါယ် တစ်မျိုးဆောင်ကောင်း ဆောင်ပေမယ့် အလ္လာဟ်စေလွှတ်ခဲ့တဲ့ တမန်တော်ရဲ့ နဗူဝသ်ရဲ့လမ်းညွှန်ချက်မှာတော့ မွေးရပ်မြေဆိုတဲ့ စကားလုံးရဲ့အနက်အဓိပ္ပါယ်တစ်မျိုးဆောင်ပါတယ်။
လူတွေသတ်မှတ်တဲ့ စကားလုံးနဲ့ အလ္လာဟ်သတ်မှတ်တဲ့စကားလုံးပေါင်းရဲ့ အသံထွက်တူညီပေမယ့် အနက်အဓိပ္ပါယ် သဘောတရားကတော့ လုံးဝတူညီမှာ မဟုတ်ပါဘူး။ မိမိရဲ့မွေးရပ်မြေဒေသကို အစွဲအလန်းကြီးနဲ့ ဖက်တွယ်ထားပြီးတော့ အခြားသောနယ်မြေဒေသကို ဒါမှမဟုတ် အဲဒီနယ်မြေဒေသခံတွေကို သေးသိမ်နိမ့်ကျတဲ့ အမြင်နဲ့ ကြည့်မယ်ဆက်ဆံမယ် ဆိုရင်တော့ ဒါကတော့ ကုရ်အာန်အာယသ်တွေကိုပြပြီးတော့ မိမိလိုရာအနက် အဓိပ္ပါယ်ကို ပုံဖော်နေခြင်းဖြစ်သလို၊ (တစ်နည်း) မိမိကိုယ်တိုင်က ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ ကုရ်အာန်အာယသ် တော်ရဲ့ အဓိပ္ပါယ်ကို ပြောင်းလဲပြီးတော့ အခြားအသိဥာဏ်နည်းပါးတဲ့ လူတွေနဲ့ အုပ်စုဂိုဏ်းဖွဲ့နေတာ တွေ့ရပါ တယ်။ ဒါကြောင့် ကျွန်တော်တို့မွတ်ဆလင်မ်တွေ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ဝေးကွာသထက်ဝေးကွာနေတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ဒေါက်တာ အိက်ဘားလ်ရဲ့နောက်ထပ်ကဗျာမှာတော့ `နိုင်ငံကိုချစ်တဲ့စိတ်လို့ခေါ်တဲ့ အပြုအမူ စိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဆိုတဲ့ မျက်လုံးကိုပိတ်ပြီးတော့ ကျိတ်မှိတ်ခံပြီးငြင်းဆိုတဲ့ စကားတွေဟာ အလ္လာဟ် အရှင်မြတ်ရဲ့ စီရင်ဖြစ်ထွန်းပေါ်ပေါက်စေခြင်းခံရတဲ့ `မခ်လူးက်´တွေကို တစ်စုတစ်စည်းတည်းအဖြစ် ပေါင်းစည်း လို့မရအောင် အစိပ်စိပ်အမွှာမွှာဖြစ်အောင် လုပ်ထားသလိုမျိုး လူမျိုးရေးလို့ခေါ်တဲ့ အမျိုးသားရေးဝါဒကပဲ အစ္စလာမ့်ရဲ့အခြေအမြစ်ကို ဖြတ်တောက်နေတာဖြစ်တယ်လို့ စပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ကျမ်းတော်မြတ်ကုရ်အာန်အရ ကမ္ဘာဂြိုဟ်တစ်ခွင်တစ်ပြင်လုံးဟာ အလ္လာဟ်အရှင် မြတ်ဖြစ်ထွန်းစေထားလို့ အလ္လာဟ်ပိုင်တာဖြစ်တယ်။ အလွန်ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာဂြိုဟ်မှာ အလ္လာဟ်ပိုင်နယ် မြေမှာ အလ္လာဟ်ပိုင်ဒီန်စနစ်ဇယားကို သာတူညီမျှမခွဲခြားဘဲနဲ့ တစ်သဘောတည်း လက်ခံရမယ့်အစား၊ ကိုယ့်နည်း ကိုယ့်ဟန်၊ ကိုယ့်အုပ်စုသူ့အုပ်စုဆိုပြီး ခွဲခြားပြီးတော့ နယ်နိမိတ်တွေ သတ်မှတ်ပြီးတော့ အဲဒီအပေါ်မှာ အသက်ပေး ပြီး အစွဲအလန်းတွေကြီးနေလင့်ကစား အတွင်းစိတ်နှလုံးထဲမှာတစ်မျိုး၊ အပြင်ဘက်က ပါးစပ်နှုတ်လျှာပေါ်မှာ တစ်ဖုံ ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေနဲ့ ထွက်ပေါ်လာမဲ့အကျိုးရလာဒ်တွေဟာ ကုရ်အာန်ကညွှန်ပြထားတဲ့ (တစ်နည်း) အလ္လာဟ် ရှင်မြတ်က ကျွန်ုပ်တို့ဘ၀နဲ့ပတ်သက်ပြီးပေးထားတဲ့ကတိရဲ့ အကျိုးရလာဒ်တွေကို ကျွန်ုပ်တို့လက်ထဲမှာ ပိုင်ပိုင်နိုင် နိုင် ရရှိမှာမဟုတ်ဘူး။
တကယ်တော့ မိမိတို့ရဲ့ဘ၀မှာ အနုလုံပဋိလုံ စေ့စေ့စပ်စပ်စဉ်းစားပြီးတော့ စိတ်ထဲမှာအသေအချာ စွဲစွဲမြဲမြဲ ယုံကြည်ပါတယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုဟာ ယုံကြည်သူအတွက် ဘာဆိုဘာမှ တွန်းအားပေးတာ အကျိုး ပေးတာ မရှိခဲ့ဘူးဆိုရင် အဲဒီလိုမျိုးယုံကြည်ချက်ဟာ ထိုယုံကြည်သူအတွက် ၀န်ထုတ်ဝန်ပိုးတစ်ခုဖြစ်ပေါ်လိမ့်မယ်။ နောက်ပြီးတော့ အဲဒီလူအတွက် ထိုယုံကြည်ချက်ဟာ အပိုကိရိယာတန်ဆာပလာအနေနဲ့သာ ရှိနေလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ယုံကြည်ချက်ဟာ သူ့ကိုရှေ့ကိုလည်းဆက်မသွားစေသလို တိုးတက်မှုကိုလည်း မပြနိုင် ဘူးဆိုရင် ဒါကတော့ အင်အားမရှိသော ယုံကြည်ချက်ကြောင့်ဖြစ်မယ်။ ဥပမာ ကျည်ဆံမပါသော သင်္ကြန် အမြောက်ကားလို ဖြစ်မယ်။
ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နည်းပေးလမ်းညွှန်မှုနဲ့ ကျွန်ုပ်တို့လက်ခံထားတဲ့ ထင်မြင်ယူဆချက်နဲ့ လုပ်ရပ် တွေဟာ ဆက်စပ်မှုမရှိဘူးဆိုရင် (တစ်နည်း) အလ္လာဟ်အလိုရှိတဲ့ ကုရ်အာန်နည်းကျစစ်မှန်တဲ့ မွတ်ဆလင်မ် မဟုတ်ပဲနဲ့ အခြားအခြားလမ်းစဉ်တွေ၊ ပုံစံတွေရဲ့သွတ်သွင်းခြင်းခံနေရတဲ့ ပုံစံခွက်ကလေးထဲက နယ်ရုပ်ကလေး တွေ၊ အစေအပါးလေးဖြစ်နေမည်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့အခြေအနေဟာ ကျမ်းတော်မြတ်ကုရ်အာန်မှာ ညွှန်ပြ ထားတဲ့ `အဟ်လွလ်ကိတားဘ်´လို့ခေါ်တဲ့ ရှေးဟောင်းကျမ်းရ ပုဂ္ဂိုလ်တွေနဲ့ ဘာမှထူးခြားမှာမဟုတ်ဘူး။ နောက်ပြီးတော့ ကျမ်းတော်မြတ်ကုရ်အာန်မှာ `ယာအိုင်ယူဟန် နားစ်´`အို လူသားအပေါင်းတို့´ဆိုပြီး ကုရ်အာန်က ကမ္ဘာ့လူသားအားလုံးကို နည်းပေးလမ်းညွှန်နေတဲ့နေရာမှာ ကျွန်ုပ်တို့ကသီးခြားပြီး မိမိတို့ရဲ့မွတ်ဆ လင်မ်တွေ၊ ဒီမွတ်ဆလင်မ်တွေထဲမှာ မိမိတို့ရဲ့အုပ်စုဝင်တွေအတွက် သီးသန့်ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေ ထားမယ်ဆိုရင် ကုရ်အာန်ရဲ့နည်းပေးလမ်းညွှန်မှုကို ဘယ်နည်းနဲ့မှ လက်ဝယ်ရရှိနိုင်မှာမဟုတ်သလို ကုရ်အာန်က ပြောတဲ့ `စံနှုန်း´ပြည့် မွတ်ဆလင်မ်ဖြစ်မှာမဟုတ်ဘူး။
ဒါကြောင့် အီမာန်သက်ဝင်ယုံကြည်သူတွေကို ကုရ်အာန်ဆူရာဟ် (၂) အာယသ်(၂၀၈)မှာ အလ္လာဟ် အရှင်မြတ်က ဘာပြောထားလဲ။
`အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အစ္စလာမ့်စည်းမျဉ်းဥပဒေဘောင်အတွင်းသို့ လုံးလုံးလျားလျား(ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးဖြင့်)၀င်ရောက်ကြလေကုန်။ ၎င်းပြင်ရှိုင်တွာန်အဖျက်အင်အားစု၏ လမ်းစဉ်နောက်သို့ ဖ၀ါးခြေထပ်မလိုက်လေနှင့်။ ဧကန်အမှန် ထိုရှိုင်တွာန်သည် သင်တို့အဖို့ထင်ရှား ရှင်းလင်းသော ရန်သူပင်ဖြစ်သည်။´(၂း၂၀၈)
ဒီးန်စနစ်ဇယား အစ္စလာမ်ကို သက်ဝင်ယုံကြည်တယ်ဆိုတာ စိတ်ရောကိုယ်ပါ ပြတ်ပြတ်သားသား ယုံကြည်ရမည်ဆိုတဲ့ အာယသ်တော်နှင့် ဆန့်ကျင်နေတဲ့အတွက်ကြောင့် မိမိတို့ကျင့်သုံးနေသော ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်ရဲ့လမ်းညွှန်ချက်ကို မိမိတို့ရဲ့ဘ၀သက်တမ်းမှာ အမြဲတမ်းဝေဖန်ပိုင်းခြား လေ့လာဆည်းပူးနှိုင်းယှဉ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကုရ်အာန် ဆူရာဟ်(၄) အာယသ်(၁)မှာ လူသားတစ် ရပ်လုံးကို အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲဆိုရင်
`အို လူသားအပေါင်းတို့ (တစ်နည်း)ပြောရရင် (မည်သည့်အရပ်ဒေသ၊ မြို့နယ်၊ နိုင်ငံ၊ လူမျိုး၊ ဘာသာ စကား၊ အရောင်အသွေးမခွဲခြားဘဲ သီးခြားလူတန်းစားတစ်ရပ်ကိုသာမဟုတ်ဘဲ ဟိုကီယာမသ်အထိ ပေါက်ဖွားလာ မည့် ကမ္ဘာ့လူသားအားလုံးကို ဘာပြောထားလဲ) အသင်တို့ကို အဆင့်ဆင့်ပြုစုပျိုးထောင် လမ်းညွှန်ရှင်(ရဗ်)ဖြစ် သည့် အရှင်မြတ်ရဲ့ပြဌာန်းချက်ကို လိုက်နာဆောင်ရွက်ကြလေကုန်။ (သက္က၀ါရှင်ဖြစ်ကြကုန်)။ ထိုအရှင်မြတ်သည် အသင်တို့ကို တစ်ခုတည်းသော နဖ်စ်မှစီရင်ဖြစ်ထွန်းပြောင်းလဲထင်ရှားစေခဲ့ပြီးဖြစ်သည်။´(၄း၁)
လူသားအားလုံးဟာ တစ်ခုတည်းသော နဖ်စ်ကနေပြီးတော့ ဖြစ်ထွန်းလာတယ်လို့ ပြောထားချက်အရ လူသားတွေထဲမှာ ရှေ့ဘ၀၊ နောက်ဘ၀ ကနဦးကြိုတင်ခွဲခြားထားတာတွေ အမျိုးမြင့်တာတွေ ဇာတ်မြင့်တာတွေ စတဲ့အဆောင်အယောင် နာမ၀ိသေသနတွေပေါ်မှာ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုတာ လုံးဝမရှိဘူးလို့ သဘော ပေါက်ရမည်။ ယုံကြည်ခံယူရမည်။ ဒါကတော့ နဖ်စ်စေ၀ါဟေဒဟ်လို့ခေါ်တဲ့ တစ်ခုတည်းသော နဖ်စ်ဆိုတဲ့အယူဝါဒ ကို လက်ခံယုံကြည်မည်ဆိုရင် လူသားအချင်းချင်း မုန်းတီးနေသော မုန်းတီးစိတ်တွေဟာ ဒီအာယသ်တစ်ခုတည်းနဲ့ ခြုံငုံပြီးတော့ ရပ်တန့်သွားမယ်။ အကယ်၍ ဒီတစ်ခုတည်းသော နဖ်စ်ဆိုတဲ့ ကုရ်အာန်ရဲ့အာယသ် သက်သေ အထောက်အထားဥပဒေသကို သဘောမပေါက်မယုံကြည်ပဲ မွတ်ဆလင်မ်အိမ်မှာမွေးဖွားတဲ့ သန်းခေါင်စာရင်းဝင် မွတ်ဆလင်မ်တွေ အမြင့်မြတ်ဆုံး အခြားအခြားလူတွေဟာ နားစွန်ဆိုတဲ့ ဝေစုထဲမှာ မပါဝင်ခြင်းဆိုတဲ့အမြင်တွေကို သာ ဆက်လက်ကိုင်ထားပြီးတော့ အချင်းချင်းကြားထဲမှာ ခွဲခြားမှုတွေ လုပ်မည်ဆိုရင်တုန့်ပြန်လာမည့် ဆန့်ကျင် ဘက် အင်အားနှစ်ခုကနေ ပေါ်ထွက်လာမည်။ ဆိုကျိုးတွေကို အနည်းနှင့်အများဆိုသလို အားလုံးခံစားရမှာဖြစ် တယ်။ ဒါကတော့ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ လမ်းညွှန်ချက်ဥပဒေသကို ဆန့်ကျင်ပြီးတော့ လိုက်နာကျင့် သုံးတဲ့အပေါ်မှာ ပေါ်ပေါက်လာမည့် အကြောင်းတရားသာလျှင်ဖြစ်မည်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ဆူရာဟ် (၂) အာယသ်(၅၇)မှာ ဘာပြောထားသလဲ။
`အလ္လာဟ်က ငါအရှင်မြတ် သူတို့ကိုနှိပ်စက်ညှင်းပန်းခဲ့တာ မဟုတ်ပေ။ ဒါပေမယ့် သူတို့က မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ညှင်းပန်းနေတာဖြစ်တယ်။´(၂း၅၇)
ကုရ်အာန် ဆူရာဟ်(၄၉) အာယသ်(၁၃)မှာ ` အို လူသားအပေါင်းတို့ ငါအရှင်မြတ်သည် အသင်တို့အား ဖိုနှင့်မ ဗီဇမှ ပုံစံအဆင့်ဆင့်ပြောင်းလဲ၍ အသွင်ကူးပြောင်းစေကာ စီရင်ဖြစ်ပေါ်ထင်ရှားစေခဲ့ပြီးဖြစ်တယ်။ ပြီးနောက် ငါအရှင်မြတ်သည် အသင်တို့အား အရောင်အသွေးမျိုးစုံရှိသည့် လူအုပ်စုဝင်များအဖြစ်လည်းကောင်း၊ ဓလေ့စရိုက် အမျိုးမျိုးကွဲပြားနေသော လူမျိုးနွယ်စုများအဖြစ်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အသိအမှတ်ပြုကြ စေရန်အလို့ငှာ ပြုလုပ်စီမံတော်မူခဲ့ပြီးဖြစ်သည်။´(၄၉း၁၃)
အရှင်မြတ်က လူသားတွေကို အရောင်အသွေးမျိုးစုံရှိတဲ့ လူ့အနွယ်ဝင်တွေအဖြစ်လည်းကောင်း၊ ယဉ်ကျေး မှုဓလေ့စရိုက် အမျိုးမျိုးကွဲပြားနေသော လူမျိုးစုတွေအဖြစ်လည်းကောင်း၊ စီမံပြုလုပ်ခဲ့တာဖြစ်တယ်။ အဲဒီတော့ အရောင်အသွေးအမျိုးမျိုး၊ ယဉ်ကျေးမှုဓလေ့စရိုက်အမျိုးမျိုးနှင့် လူမျိုးစုတွေ၊ လူ့အနွယ်ဝင်တွေကို စီမံပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ဘာရည်ရွယ်ချက်ကြောင့် လုပ်တာလဲ။ လူသားအချင်းချင်း ဇာတ်နိမ့်ဇာတ်မြင့် ဖိုမ အရောင်အသွေး၊ ဆင်းရဲချမ်းသာ ဒေသခံအုပ်စု၊ လူမျိုးဘာသာစတဲ့ အတန်းအစားခွဲခြားဖို့အတွက် မဟုတ်ဘူး။ ဥပ မာ အိမ်ထောင်စုတစ်စုမှာ သားသမီးတွေ လေးငါးယောက်ရှိရင် အမည်နာမအမျိုးမျိုးမှည့်ခေါ်ကြတယ်။ ဘာဖြစ်လို့ လဲ။ တစ်ယောက်ကို တစ်ယောက်သိအောင် အမည်နာမတွေ အမျိုးမျိုးတပ်ပြီးခေါ်တာ ခွဲခြားဖို့နိမ့်ကျပြီး ဆက်ဆံဖို့ မဟုတ်ဘူး။
မိမိလူမျိုး၊ မိမိဒေသရဲ့တိုင်းရင်းသားသာလျှင် လူဖြစ်တယ်ဆိုတဲ့ စိတ်ဓါတ်မှာလည်း တစ်ပြားမှမလျှော့ဘူး။ ဒါကတော့ မှန်သလိုလိုနှင့် ရေရှည်မှာတော့ မိမိတို့လူမျိုး မိမိတို့ဒေသခံတိုင်းရင်းသားတွေအတွက် ဖျက်ဆီးမှုဖြစ်စဉ် တစ်ခုကို ဦးတည်နေတယ်ဆိုတာ ယခုကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင်ထင်ရှားရှားတွေ့မြင်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့က လူမျိုးတစ်မျိုး၊ ဒေသခံတစ်စု အခွင့်အရေးသာတာ၊ ဖွံ့ဖြိုးတိုးတက်တာကို မနာလိုမရှုစိတ်နဲ့ ဒုက္ခ ရောက်အောင် လိုလားခြင်းဟာ ဒါကတော့ရှိုင်တွာန်စိတ်ဓါတ်၊ ရှိုင်တွာန်လုပ်ရပ်ဖြစ်တယ်။ ကျမ်းတော်မြတ် ကုရ်အာန်ကတော့ အဲဒီလုပ်ရပ်မှ ရှောင်ကြဉ်ခိုင်းတယ်။ ကျမ်းတော်မြတ်ကုရ်အာန်က လုပ်ခိုင်းတဲ့အရာကတော့ ဆူရာဟ် (၂) အာယသ် (၁၄၈)မှာ
`အသင်တို့ကောင်းကျိုး၊ ကောင်းတာတွေကို သူ့ထက်ငါသာအောင် အားကြိုးမာန်တက် အပြိုင်အဆိုင် အလျင်အမြန်လုပ်ရမည်။ အခြားအခြားလူတွေအပေါ်မှာ မနာလိုစိတ်ထားပြီးတော့ ဒုက္ခပေးခိုင်းတာ မဟုတ်ဘူး။´
ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ဆူရာဟ် (၃) အာယသ်(၁၃၇)မှာ အသင်တို့ ကမ္ဘာဂြိုဟ်အနှံ့ သွားလာလှည့်ပတ်ပြီး လေ့လာဆည်းပူးဆိုပြီးပြောထားတယ်။ `အသင်တို့ လူ့လောက ကမ္ဘာဂြိုဟ်တစ်ခွင်တစ်ပြင် လုံးကို သွားလာလှည့်ပတ်ပြီး (အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားတဲ့ ဥပဒေသတွေကို) မဟုတ်မမှန် မုသားဆို ပြီး၊ စွပ်စွဲခဲ့တဲ့သူတို့ရဲ့ နောက်ဆုံးအဖြစ်အပျက်တွေဟာ မည်သို့ဖြစ်ပျက်ခဲ့တာကို အသင်တို့လေ့လာကြည့်ရှု သုတေသနလုပ်ရမည်။´(၃း၁၃၇)
ဆက်လက်ပြီး အာယသ်(၁၃၈)ရဲ့တင်ပြချက်ကတော့ `ဟောဒီ ကျမ်းတော်မြတ်ကုရ်အာန်ဟာ လူသား အားလုံးအတွက် (အရှိတရားနှင့်ဆိုင်သော အသိပညာရဲ့)ရှင်းလင်းချက်ဖြစ်ပြီး၊ မိမိတို့ရဲ့ အရည်အသွေးတွေကို ဖွံ့ဖြိုးလာရန်ကျင့်သုံး) ထိန်းသိမ်းသူတို့အတွက် ဘ၀လမ်းညွှန်မှုနှင့် ဆုံးမသွန်သင်မှုပင်ဖြစ်ပါတယ်။´(၃း၁၃၈)
ဆိုလိုတာက ဟောဒီကျမ်းတော်မြတ်ကုရ်အာန်ဟာ လူသားအားလုံးအတွက် သိရှိနားလည်သဘောပေါက် လိုက်နာကျင့်သုံးရန် အလို့ငှာ ရှင်းလင်းတင်ပြချက်အဖြစ်လည်းကောင်း၊ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုဘက်ကို လမ်းညွှန်ပြမည့် အလင်းရောင်အဖြစ်လည်းကောင်း၊ သွန်သင်မယ့် ဆုံးမမယ့် အလိမ္မာပေးမယ့်အရာအဖြစ် လည်းကောင်း ကုရ်အာန်က လိုက်နာဆောင်ရွက်ခိုင်းတာကို ဆောင်ရွက်ပြီးတားမြစ်ထားတာတွေကို ရှောင်ကြဉ်သူ မွတ္တကီများအတွက်သာဖြစ်တယ်လို့ တင်ပြရင်းရပ်နားခွင့်ပြုပါ။