“ကစ်ဗလာ” ပြောင်းလဲခြင်း မုဖ်သီ ဦးစန်းအောင် (B.Sc)

“ကစ်ဗလာ” ပြောင်းလဲခြင်း

မုဖ်သီ ဦးစန်းအောင် (B.Sc)

ယနေ့ (၂၆.၈.၂ဝ၁၆)မှာကျရောက်တဲ့ ယောဝ်မွလ်ဂျုမုအာဟ် သောကြာဓမ္မသဘင် စုပေါင်းရာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ် ပြုလုပ်ရန်ကြွရောက်လာကြတဲ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား…
“အတ်ဆလာမ်းမုအလိုင်းကွမ်း ဝရဟ်မတွလ္လားဟိ ဝဘရကားသုဟု”
ဒီတစ်ပတ်ဂျုမုအာဟ်နေ့မှာ ကျနော်တင်ပြဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ “ ကစ်ဗလာ ပြောင်းလဲ ခြင်း” ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျနော်တင်ပြရခြင်းရဲ့ ရည်ရွယ်ချက်တွေ အများအပြားရှိပေမဲ့ အချက်တစ်ချက်ကတော့ …
‘ ကုရ်အာန်မှာ ကအ်ဘာကျောင်းတော်ဖက်ကိုလှည့်ပြီး ဆွလာသ်းတည်ဆောက်ဖို့ပဲပြဌာန်းထားတယ်။ ဘိုင်သုလ် မုကဒ္ဒါဆ် ဖက်ကိုလှည့်ပြီး ဆွလာသ်းတည်ဆောက်ဖို့ မဖေါ်ပြထားဘူး။ ဒါကြောင့် ကုရ်အာန်သည် မပြည့်စုံပါဘူး’
လို့ မှတ်ချက်ပေးသူတွေကိုပါ ဖြေရှင်းချက်ပေးချင်လို့ပါ။
ဒီနေရာမှာ အဓိကအနေနဲ့ ကုရ်အာန် ‘ဆူရာဟ်-ဘကရာဟ်’ မှာရည်ညွှန်းနေတဲ့ ‘ကစ်ဗလာလှည့်ပေး လိုက်ခြင်း’ဆိုတာ ဘာကိုရည်ရွယ်၊ ရည်ညွှန်းနေသလဲဆိုတာကိုတော့ အရင်ဦးဆုံးသိအောင် ကြိုးစားကြဖို့လိုပါ တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်တဲ့ ကုရ်အာန်အာယသ်တော်တွေကို ကျနော်တို့ အရင်ဆုံးလေ့လာကြပါစို့။
ကုရ်အာန် (၂း၁၄၂)မှာ ဒီလိုပြဆိုထားပါတယ်။
“လူသားတို့အနက်မှ အသိဉာဏ်ချို့တဲ့သူများက “အဘယ်အရာသည် သူတို့လက်ရှိ ဦးတည်ရည်မှန်းချက် ထားရာကို အလှည့်အပြောင်း လုပ်ပေးမည်နည်း” ဟု ပြောဆိုလျက် ရှိကြလေသည်။
သင်တမန်တော် ကြေညာလိုက်ပါ။ “အရှေ့အရပ် တစ်ခွင်တစ်ပြင်နှင့် အနောက်အရပ် တစ်ခွင်တစ်ပြင် ကို စိုးပိုင်တော်မူသော အလ္လာဟ် အရှင်မြတ်သည် သူအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန် သော လမ်းဆီသို့ ညွှန်ကြားပြသတော်မူပေမည်။” (ကုရ်အာန်- ၂း၁၄၂)
ဒီနေရာမှာ ကျနော်တို့စဉ်းစားရမဲ့အချက်တစ်ချက်ရှိပါတယ်။ အထက်ပါအာယသ်မှာ အလ္လာဟ်အရှင်မြတ် က ရည်ညွှန်းဖေါ်ပြနေတဲ့ ‘ကစ်ဗလာ’ ဆိုတာက ဘာကိုရည်ညွှန်းနေတာလဲ။ ကျနော်နားလည်ထားတာကတော့ ဒီအာယသ်မှာ ဖေါ်ပြထားတဲ့ ‘ကစ်ဗလာ’ ဆိုတာက အရပ်ဒေသကို ပြောခြင်းထက် ‘ဦးတည်ချက်၊ ရည်မှန်းချက်’ ကို ရည်ညွှန်းပြောဆိုနေတယ်လို့ ကျနော်နားလည်မိပါတယ်။
လူတိုင်းဟာ မိမိလျှောက်လှမ်းရာဘဝခရီးမှာ ဦးတည်ချက်၊ ရည်မှန်းချက်များကို အသီးသီးထားရှိကြပါ တယ်။ အဲဒီလိုထားရှိရာမှာ မှန်ကန်တဲ့ ဦးတည်ရည်မှန်းချက်ရှိသလို မှားယွင်းအချီးအနှီးဖြစ်စေတဲ့ ဦးတည်ရည်မှန်း ချက်များလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ကို ယုံပုံလွှဲအပ် နာခံရိုကျိုးသူတို့ကို အလ္လာဟ်အရှင်မြတ် က အလိုရှိတော်မူတဲ့အပေါ်မှာတော့ ထိုပုဂ္ဂိုလ်များအတွက် အလ္လာဟ်အရှင်မြတ်က မှန်ကန်သော ဦးတည်ရည်မှန်း ချက်(ကစ်ဗလာ)ဆီသို့ လမ်းညွှန်ပေးလိုက်မည်သာဖြစ်ပါတယ်။ ဤသည်မှာ စဉ်းစားစရာမလိုသော၊ မေးခွန်းထုတ် စရာ မလိုသောအခြေအနေ တစ်ရပ်ပင်ဖြစ်ပါတယ်။
တစ်ဆက်တည်း ကုရ်အာန် (၂း၁၄၃)ကိုပါ ဆက်လက်လေ့လာကြည့်ကြပါစို့။
“ ထိုနည်းတူစွာ ငါအရှင်မြတ်က သင်တို့ကို မျှခြေရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရခြင်းမှာ သင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် စံနမူနာယူ အသိအမှတ်ပြုနိုင်ရန်အတွက် လည်းကောင်း၊ ရစူလ် တမန်တော်မြတ်သည်လည်း သင်တို့အတွက် စံနမူနာယူ အသိအမှတ်ပြုနိုင်ရန်အတွက် လည်းကောင်း ဖြစ်ပေသည်။ ငါအလ္လာဟ်အရှင်မြတ်က ဦးတည်ရည်မှန်းချက် (ကစ်ဗလာ – Direction) တစ်ရပ်ကို လူ့အဖွဲ့အစည်း တစ်ရပ်အပေါ် ချမှတ်ပြဋ္ဌာန်းလိုက်ခြင်းမှာ မည်သူသည် ရစူလ်တမန်တော်မြတ်ကို ဖ၀ါးခြေထပ် လိုက်နာသနည်းဆိုသည်ကို လည်းကောင်း၊ မည်သူသည် သူ၏နောက်ကြောင်း ပြန်လှည့်ပြေးသည်ကို လည်းကောင်း၊ ငါအရှင်မြတ်ကိုယ်တိုင်က ခွဲခြားပြလိုက်ခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံမှ လမ်းညွှန်ချက်ရရှိထားပြီးသူမှလွဲ၍ အခြားသူများအတွက် ဤပြဋ္ဌာန်းချက်သည် ကြီးကျယ်ခမ်းနားသော ဒုက္ခကြီးတစ်ရပ် ဖြစ်နေရပေပြီ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အီမာန်ယုံ ကြည်ချက်ကို ဘယ်သောအခါမျှ အချီးအနှီးဖြစ်စေမည် မဟုတ်ပေ။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ် သည် လူသားတို့အတွက် ကြင်နာယုယမှုကို ပေးတော်မူသောအရှင်၊ စဉ်ဆက်မပြတ် ထောက်ပံ့ဖြည့်ဆည်းတော်မူ သောအရှင်ဖြစ်သည်။” (ကုရ်အာန် – ၂း၁၄၃)
ဒီအာယသ်တော်မှာ ကျနော်တို့ ‘ကစ်ဗလာပြောင်းလဲခြင်း’ နဲ့ပတ်သက်ပြီး စဉ်းစားရမဲ့ အချက်အလက် တွေအများကြီးပါရှိပါတယ်။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မုဟမ္မဒ်(ဆွ)လက်ထက်မှာ ‘ကစ်ဘလာ ပြောင်းခြင်း’ ဆိုတာ ဘာကို ဘယ်လိုပြောင်းသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျနော်တို့ရဲ့ဆွလာသ်းဝတ်ပြုခြင်းဆိုင်ရာ မျက်နှာမူရာအရပ်ကို ပြောင်းလဲပေးလိုက်တာလား။ ဥပမာ- အရင်က တစ်ဖက်ကို လှည့်ပြီးမျက်နှာမူနေရာက တမန်တော်မြတ်(ဆွ)လက်ထက်မှာ အခြားတစ်ဖက်ကို လှည့်ခိုင်းလိုက် တာလား။ များသောအားဖြင့် သိထားကြတာက တမန်တော်မြတ်(ဆွ)ဟာ အရင်တုန်းက ‘ဘိုင်တွလ်မုကဒ္ဒါဆ်’ ဖက်ကိုလှည်းပြီး မျက်နှာမူ ဆွလာသ်းတည်ဆောက်နေရာက ဒီအာယသ်ကျလာတဲ့အခါမှာ ‘မဆ်ဂျိဒေဟရာမ်’ ဖက်ကိုလှည့်ပြီး မျက်နှာမူ ဆွလာသ်း တည်ဆောက်ထားတယ်လို့ သိရှိလက်ခံထားကြပါတယ်။ ဒီနေရာမှာ မေးခွန်း တက်လာတာက…
“ တမန်တော်မြတ်ဟာ ကုရ်အာန်(၂း၁၄၂၊ ၂း၁၄၃)ကျရောက်လာအပြီးမှာ မူလ ‘ဘိုင်တွလ် မုကဒ္ဒါဆ်’ဖက်ကိုမျက်နှာမူရာမှ ‘မဆ်ဂျိဒေဟရာမ်’ ဖက်ကိုမျက်နှာမူဖို့ အမိန့်တော်ရလာတယ်။ ဒါဆို ရင် မူလ ‘ဘိုင်တွလ်မုကဒ္ဒါဆ်’ဖက်ကိုမျက်နှာမူဖို့ အမိန်တော်ဟာ ကုရ်အာန်မှာမပါရှိဘူး။ ဒါကြောင့် ကုရ်အာန်ဟာ မပြီးပြည့်စုံဘူး။ ဒီလိုအမိန့်တော်တွေမပါတဲ့အတွက် မပြည့်စုံပါဘူး”
ဆိုပြီးစောဒကတက်လာကြပါတယ်။ စဉ်းစားရမဲ့အပိုင်းက တမန်တော်မြတ်ဟာ မူလအစမှာ အမှန်တကယ်ပဲ ‘ဘိုင်တွလ်မုကဒ္ဒါဆ်’ဖက်ကို မျက်နှာမူပါသလား။ အလ္လာဟ်အရှင်မြတ်က မူလအစမှာ တမန်တော်မြတ်ကို ‘ဘိုင် တွလ် မုကဒ္ဒါဆ်’ ဖက်ဆီကိုလှည့်ပြီး ဆွလာသ်းတည်ဆောက်ဖို့ ကုရ်အာန်မှာမပါရှိရင် ဘယ်ကျမ်းတွေမှာပါရှိပါ သလဲ။ ဒါတွေက စဉ်းစားရမဲ့အချက်တွေ၊ မေးခွန်းထုတ်ရမဲ့ အချက်တွေပါ။
ဒီနေရာမှာ ကျနော့ဖက်ကသုံးသပ်တင်ပြချင်တာ တစ်ခုရှိပါတယ်။ သက်ဆိုင်ရာကုရ်အာန် အာယသ်တွေ ကို အခြေခံပြီး သုံးသပ်ကြည့်လိုက်မယ်ဆိုရင်တော့ အခုကျနော်တင်ပြနေတဲ့ ကျမ်းမြတ်ကုရ်အာန်ပါ ကစ်ဗလာ ပြောင်းလဲခြင်းဆိုတာက အရပ်မျက်နှာတစ်ဖက်ကနေပြီး အခြားအရပ်မျက်နှာ တစ်ဖက်ဆီကို အလ္လာဟ်အရှင် မြတ်က တမန်တော်မြတ်ကို လှည့်ပြောင်းခိုင်းနေခြင်းသဘောလို့ မမြင်မိပါဘူး။ ဒါကြောင့် ဒီကနေ့ခွတ်ဗါဟ်မှာ ဒီသဘောတရားကို ကျနော်နားလည်သလောက်ရှင်းလင်း တင်ပြချင်တာပါ။
အလ္လာဟ်အရှင်မြတ်ဟာ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ သားတော်(၂)ပါးအနက် တမန်တော် အီစ်ဟာက်(အ) အနွယ်ဖက်ကနေပြီး သားစဉ်မြေးဆက်တမန်တော်ပွင့်ပေါ်မှုကို စီမံဆောင်ရွက်ခဲ့ရာ တမန်တော် အီစာ(အ)မှာ အလ္လာဟ်အရှင်မြတ်က ပြီးဆုံးရပ်ဆိုင်းလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ တမန်တော်အီဘရာဟင်မ် (အ) ၏ ကျန်သားတော်တစ်ပါးဖြစ်တဲ့ အီစ်မာအီလ်း (အ)ဖက်မှ နောက်ဆုံး တမန်တော်မုဟမ္မဒ် (ဆွ) ကို ရွေးချယ် လိုက်ခြင်းဖြင့် လူသားထုတစ်ရပ်လုံး၏အာရုံကို အလှည့်အပြောင်း၊ တစ်နည်းအားဖြင့် လူသားထုတစ်ရပ်လုံး အတွက် တမန်တော်ပွင့်ပေါ်ရာ မျိုးနွယ်စု ကိုရော၊ လူ့အစုအဖွဲ့ကိုပါ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ကျနော် ကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ ဒီလိုအပြောင်းအလဲလုပ်ဆောင်ချက်ကို “ကစ်ဗလာ ပြောင်းလဲခြင်း” ဖြစ်စဉ်လို့ ခံယူထားပါတယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်၊ ဆန္ဒတော်ကို နာခံသူတစ်ဦးအတွက် ဒီလိုအလှည့် အပြောင်းဟာ မည်သို့မျှ ပြဿနာမရှိသော်လည်း လူမျိုးစွဲ၊ အုပ်စုစွဲ၊ အယူအဆစွဲ ရှိသူတို့အတွက်ကတော့ ကြီးမားလှစွာသော ပြဿနာတစ်ရပ်ဖြစ်နေရပါတယ်။ သူတို့မျိုးနွယ်စု၊ သူတို့အုပ်စု၊ သူတို့ ထင်ကြေးပေးထားတဲ့လူတွေထဲက အလ္လာဟ့် ရွေးချယ်မှုဟာ ဖြစ်မလာတော့ ဒီလိုပြောင်းလဲခြင်းဟာ သူတို့အတွက် မနှစ်သက်စရာပါ။ အထူးသဖြင့် ဂျူးနှင့် ခရစ်ယာန်တို့အတွက် အခဲမကြေစရာ ဖြစ်နေရပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့အလိုတော်၊ ဆန္ဒတော်ကို ဦးလည် မသုန် လိုက်နာသူတွေအတွက်ကတော့ ဒီလိုအပြောင်းအလဲကို လက်ခံပါလိမ့်မယ်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) ကို ရွေးချယ်ပြီးနောက်မှာ တမန်တော် အီဘရာဟင်မ် (အ)နှင့် တမန်တော်အီစ်မာအီလ်း (အ) တို့ မွမ်းမံတည်ဆောက်ခဲ့တဲ့ မက္ကာဟ်ဒေသရှိ `ကအ်ဘာ´ အလ္လာဟ့် အိမ်တော်ကို လူသားထုတစ်ရပ်လုံးအတွက် ဘူမိနက်သန်နေရာမှန်အဖြစ် ရွေးချယ်ပြီး၊ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးလိုက်ပါတယ်။ ဒီအချက်ကလည်း ဂျူးနှင့် ခရစ်ယာန်တို့အတွက် ပိုပြီးအကြပ်အတည်းဖြစ်ရသလို၊ ပိုပြီးလည်း မကျေမနပ်ဖြစ်လာရပါတယ်။ ဒါကြောင့် ရှေးကျမ်းရသူတွေဟာ တမန်တော်တစ်ပါး ဆက်လက် ပွင့်ပေါ် လာမယ်ဆိုတဲ့ ဗျာဒိတ်ကို လက်ခံပေမဲ့ သူတို့ဖြစ်စေချင်တာက ဒီတမန်တော်ဟာ သူတို့အုပ်စု၊ သူတို့မျိုးနွယ်စုကပဲ ဖြစ်ရမယ်လို့ အခိုင်အမာ လက်ကိုင်ပြုထားကြပါတယ်။ အခုအလှည့်အပြောင်းမှာက ပွင့်ပေါ်လာတဲ့တမန်တော်ဟာ သူတို့ အုပ်စုကမဟုတ်သလို သူတို့အသိအမှတ်မပြုလိုတဲ့ အရဗ်လူ့အဖွဲ့အစည်းဖက်က ပွင့်ပေါ်တာဖြစ်လို့ တမန် တော်မြတ်(ဆွ)ကို သူတို့က လူလိမ်၊ လူညာလို့သတ်မှတ်နေကြတာပါ။
အလ္လာဟ်အရှင်မြတ်က ဂျူးနှင့်ခရစ်ယာန်တို့အတွက် ထုတ်ပြန်ထားတဲ့ သက်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ လူမျိုးစုဆိုင်ရာ ကျမ်းများကို ရုပ်သိမ်းပြီး၊ လူသားထုတစ်ရပ်လုံးနှင့် သက်ဆိုင်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန် ပို့ချပေးခဲ့ပါတယ်။ ပြီးနောက် ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်ချက်များကို လူသားတို့အတွက် ဦးတည်ရည်မှန်းချက် (ကစ်ဗလာ) အဖြစ်ထားရှိခဲ့သလို တမန်တော်ပွင့်ပေါ်ရာ ကျမ်းမြတ်ကုရ်အာန် ကျရောက်ရာဒေသရှိ `ကအ်ဘာ´ အလ္လာဟ့်အိမ်တော်ကြီးကိုလည်း လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၊ အကျိုးတရားဖြစ် ထွန်းရာ ဌာနအဖြစ် ပြဋ္ဌာန်းသတ်မှတ်လိုက်ပါတယ်။ ဒီအခါမှာ လူတန်းစား(၂)ရပ် ကွဲကွဲပြားပြား ပေါ်ထွန်းလာ ရပါတယ်။ လူတန်းစား တစ်ရပ်က အလ္လာဟ်အရှင်မြတ်ရဲ့ အလိုဆန္ဒတော်ဖက်ဆီသို့ မျက်နှာမူပြီး ကျန်လူတန်းစား တစ်ရပ်ကတော့ သူတို့၏ဖနောင့်ရှိရာဖက်ဆီသို့ နောက်ကြောင်းပြန် မျက်နှာမူသွားကြပါတယ်။ ကုရ်အာန်ကို ကျောခိုင်းသွားပါတယ်။
အဲဒီမှာပဲ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်(၂း၁၄၄)ကိုထုတ်ပြန်ပို့ချပေးလိုက်ပါတယ်။
“ သင် (မုဟမ္မဒ်) ၏မျက်နှာမူရာ (ဦးတည်ရာ) အတည်တကျမရှိဘဲ ထွေပြားကွဲလွဲနေသည်ကို ငါအရှင်က မြင်တော်မူလေသည်။ သို့ဖြစ်ရာ ငါအရှင်က သင်(မုဟမ္မဒ်)အား ဦးတည်ရည်မှန်းချက်တစ်ရပ် (ကစ်ဗလာ တစ်ရပ်)ဆီသို့ ဧကန်မလွဲ သတ်မှတ်လှည့်ပြောင်း ပေးမည်ဖြစ်ရာ ထိုဦးတည်ချက်ကို သင်ကလည်း နှစ်သက် ကျေနပ်ပေလိမ့်မည်။ ထို့ကြောင့် သင်သည် သင်၏မျက်နှာကို “မဆ်ဂျီ ဒေဟရာမ်” (ခေါ်) အလ္လာဟ်အိမ်တော်ဖက် ဆီသို့ လှည့်လိုက်ပါ။ သင်တို့ (လူသားထုတစ်ရပ်လုံး) သည်လည်း မည်သည့်အခြေအနေ၊ မည်သည့်အယူအဆ များကို လက်ကိုင်စွဲထားစေကာမူ (ထိုသည်တို့ကို စွန့်လွှတ်၍) “မဆ်ဂျီဒေဟရာမ်” ဖက်ဆီသို့ လှည့်လိုက်ကြပါ။ ဧကန် အမှန်ပင် ကျမ်းရပုဂ္ဂိုလ်တို့သည် ထိုသို့မျက်နှာမူ ဦးတည်ချက်ထားရှိခြင်းမှာ သူတို့ကို မရှိရာမှရှိရာသို့ ပြုစုပျိုးထောင်လမ်းညွှန်တော်မူသော သူတို့၏အရှင်မြတ်ထံမှ ရောက်ရှိလာသည့် အမှန်သစ္စာတရားဆိုသည်ကို သိရှိကြပြီးဖြစ်လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံခဲ့သည်များနှင့် ပတ်သက်၍ လျစ်လျူရှုထား မည်တော့ မဟုတ်ပေ။” (ကုရ်အာန်-၂း၁၄၄)
တမန်တော်မုဟမ္မဒ်(ဆွ)အနေနှင့် အလ္လာဟ့်ဝဟီမရခင်က ဦးတည်ရည်မှန်းချက် တစ်စုံတစ်ရာ မရှိခဲ့ပါ ဘူး။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို ဝဟီအဖြစ် ထုတ်ပြန်ပြီးနောက်မှာတော့ ဖြောင့် မတ် မှန်ကန်တဲ့ ဦးတည်ရည်မှန်းချက်(ကစ်ဗလာ) တစ်ရပ်ကို တမန်တော်မြတ် (ဆွ)ရရှိခဲ့ပါတယ်။ အလ္လာဟ်အရှင် မြတ်က ဒီဝဟီကို ‘မဆ်ဂျိဒီဟရာမ်’ (ခေါ်) အလ္လာဟ့်အိမ်တော်ကို ဗဟိုပြု၍ချပေးခဲ့ပါတယ်။ ဒီဝဟီအားဖြင့်သာ တမန်တော်မြတ်နှင့်တကွ လူသားထုတစ်ရပ်လုံးဟာ မိမိတို့၏ ဘဝခရီးကို ဦးတည်လျှောက်လှမ်းဖို့ လမ်းညွှန်ချက် ရရှိခဲ့ပါတယ်။ တမန်တော်မြတ်ကလည်း အဲဒီဦးတည်ချက်ကို နှစ်သက်ခြင်းများစွာဖြင့် နှစ်သက်ခဲ့ပါတယ်။။ နာခံ လျှောက်လှမ်းခဲ့ပါတယ်။ ကျမ်းမြတ်ကုရ်အာန် (၉၃း၇)၌လည်း ဒီလိုပြဆိုထားပါတယ်။
“ထို့ပြင်သူ(အလ္လာဟ်အရှင်မြတ်)က သင်(မုဟမ္မဒ်)ကို အချည်းအနှီးဖြစ်စေသော လမ်းကြောင်းပေါ်တွင် တွေ့ရှိရာ “ဟေဒါယသ်” လမ်းမှန်ဆီသို့ ညွှန်ပြခဲ့လေသည်” (ကုရ်အာန် – ၉၃း၇)
ဆက်လက်ပြီးကျနော့အနေနဲ့ မွတ်ဆလင်မ်တွေအတွက် အလ္လာဟ်အရှင်မြတ်က ဘာကိုဦးတည်ရည်ရွယ် စေ ချင်တာ လည်းဆိုတာနဲ့ပတ်သက်ပြီး တမန်တော်မြတ်(ဆွ)ကိုစံနမူနာပြပြီး ကျနော်တို့ လူသားတွေအပေါ် လမ်းညွှန်ချက်ထုတ်ပြတဲ့ ကုရ်အာန် (၂း၁၅ဝ) ကိုတင်ပြသွားပါမယ်။
“ အသင် (တမန်တော်) မည်သည့်အရပ်သို့ ထွက်ခွာသည်ဖြစ်စေ၊ သင်၏မျက်နှာကို (အလ္လာဟ့်အိမ် တော်) မဆ်ဂျီဒေဟရာမ်ဖက်ဆီသို့သာ ဦးတည်ထားရှိပါလေ။ ထို့အပြင် သင်တို့(တမန်တော်မြတ်၏ အွမ္မသ်) သည်လည်း မည်သည့်အရပ်၊ မည်သည့်အခြေအနေတွင်ရှိစေကာမူ သင်တို့၏မျက်နှာများကို မဆ်ဂျီဒေ ဟရာမ်ဖက်ဆီသို့သာ ဦးတည်ထားရှိကြပါလေ။ သူတို့အနက် မတော်မတရား ကျူးလွန်ကြသော “ဇွာလင်မ်” တို့မှအပ ကျန်လူသားတို့ အပေါ်ဝယ် ထိုသို့ အမိန့်ပြဋ္ဌာန်းရခြင်းမှာ တစ်ဦးနှင့်တစ်ဦး အကြား အငြင်းမပွားကြစေရန်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် သူတို့ (ဇွာလင်မ်) အား လုံးဝ မကြောက်ရွံ့ကြလေနှင့်။ အသင်တို့အနေဖြင့် ငါအရှင်ကိုသာ ချစ်ကြောက် ရိုသေကြပါလေ။ အကယ်၍ သင်တို့ မှန်ကန်သောလမ်းစဉ်ကို ရရှိလျှောက်လှမ်းကြမည်ဆိုပါလျှင် ငါအရှင်ကလည်း ငါ၏စည်းစိမ်း ဥစ္စာ၊ သုခချမ်းသာကို သင်တို့အပေါ်ဝယ် ပြီးပြည့်စုံစေတော်မူပေလိမ့်မည်။ “ (ကုရ်အာန်-၂း၁၅ဝ)
ဒီအာယသ်တော်အပေါ်မှာကျနော်နားလည်မိတာလေးကို တင်ပြလိုပါတယ်။
အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို လူသားတို့အပေါ် ထုတ်ပြန်ပို့ချပေးထားခြင်းမှာ လူသားတို့ အနေဖြင့် အငြင်းအခုံဖြစ်ပြီး ကွဲပြဲသွားကြစေရန် မဟုတ်ဘဲ၊ လူသားတို့အနေဖြင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို လိုက်နာပြီး စုစည်းညီညွတ်သွားကြစေရန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်ကို ဆုပ်ကိုင်ထားပါလျက် ယနေ့ လူ့အဖွဲ့အစည်းအတွင်း ငြင်းခုံကွဲပြဲနေကြခြင်းမှာ မိမိတို့၏ဆန္ဒ၊ မိမိတို့၏အတ္တကို ရှေ့တန်းတင်လာသော ကြောင့်သာဖြစ်တယ် လို့ကျနော်နားလည်မိပါတယ်။
ဒီနေ့ခွတ်ဗါဟ်ရဲ့ နိဂု့းချုပ်အနေနဲ့ ကျနော်တင်ပြချင်တာကတော့ ကုရ်အာန် (၂း၁၄၇) ဖြစ်ပါတယ်။
“ အမှန်တရား၊ သစ္စာတရားသည် သင့်ကို ပြုစုပျိုးထောင်သော အရှင်မြတ်ထံတော်မှဖြစ်သည်။ သို့ဖြစ်ရာ (သစ္စာတရားနှင့် ပတ်သက်၍) အသင်သည် ဘယ်သောအခါမျှ သံသယပွားသူများတွင် မပါဝင်လေနှင့်။ ” (ကုရ်အာန် – ၂း၁၄၇)
အမှန်တရား၊ သစ္စာတရားသည် အလ္လာဟ်အရှင်မြတ်ထံ၌သာရှိပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ် ထံမှ ထုတ်ပြန်ပို့ချတဲ့ ကျမ်းမြတ်ကုရ်အာန်သည်သာလျှင် တစ်လုံးတစ်ပါဒမှ အလွဲအမှားမရှိသော၊ ဖြောင့်မတ် မှန်ကန်သော အမှန်တရား၊ သစ္စာတရားဖြစ်ပါတယ်။ အီမာန်သကဝင် ယုံကြည်ဖွယ်ရာဖြစ်ပါတယ်။ ဒွိဟသံသယ တစ်စုံတစ်ရာပါရှိသော၊ အားနည်းချက် တစ်စုံတစ်ရာပါရှိ သော၊ မခိုင်လုံမတိကျမှု တစ်စုံတစ်ရာပါရှိသောကျမ်းများ၊ အယူအဆများ၊ အတွေးအခေါ်များ၊ အဆိုအမိန့်များမှာကတော့ ပကတိသစ္စာတရား၊ အမှန်တရားအဆင့်တွင် မရှိသောကြောင့် အီမာန် သက်ဝင် ယုံကြည်ဖွယ်ရာ အဆင့်အတန်းမှာထားရှိရေးဟာ အတော်ပင်စဉ်းစားရမဲ့ကိစ္စပါ။ အီမာန် သက်ဝင်ယုံကြည်ခြင်းဆိုရာမှာ “အိခ်လာဆွ်း” လို့ခေါ်တဲ့ အရောအနှောကင်းမဲ့မှု၊ ဖြူစင်သန့်ရှင်းမှုတွေ အပေါ်မှာ များစွာအခြေတည်ပါတယ်။ ဒါကြောင့် အထက်ပါအာယသ်တော်မှာ အလ္လာဟ်အရှင်မြတ်က တမန်တော် မြတ် (ဆွ) အပါအဝင် လူသားအားလုံးသည် အမှန်တရား၊ သစ္စာတရားနှင့်ပတ်သက်၍ သံသယပွားဖွယ်ရာများကို ရှောင်ကြဉ်ကြရန် အမိန့်ပေးထားခြင်းဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီမှာပဲ နိဂုံးချုပ်ပါတယ်။