သန့်ရှင်းစင်ကြယ်ခြင်း (အပိုင်း-၂) ကအ်ဗာနှင့် မတ်စ်ဂျီဒ်ကျောင်းတော်များ၏ သန့်ရှင်းစင်ကြယ်မှု ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
သန့်ရှင်းစင်ကြယ်ခြင်း (အပိုင်း-၂)
ကအ်ဗာနှင့် မတ်စ်ဂျီဒ်ကျောင်းတော်များ၏ သန့်ရှင်းစင်ကြယ်မှု
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
ပြီးခဲ့တဲ့ (၁၀.၁၀.၂၀၁၄)နေ့မှာ သန့်ရှင်းစင်ကြယ်ခြင်း(သွာဟာရသ်)အကြောင်းကို တင်ပြခဲ့ပါတယ်။ အဲ့ဒီ မှာ သွာဟာရသ်ရဲ့အခြေခံ အဓိပ္ပါယ်ဟာ စင်ကြယ်ခြင်းဖြစ်တယ်။ ဆင့်ပွားအဓိပ္ပါယ်ဟာ ဝေးကွာခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယနေ့(၂၈.၁၁.၂၀၁၄)မှာတော့ သန့်ရှင်းစင်ကြယ်ခြင်း အပိုင်း(၂)အဖြစ် ၀တ်ကျောင်းတော်များရဲ့ သန့်ရှင်း စင်ကြယ်မှုကို ကအ်ဗာဟ်ကျောင်းတော်ကြီးရဲ့သန့်ရှင်းစင်ကြယ်မှုနှင့် နှိုင်းယှဉ်တင်ပြပါ့မယ်။
ကျမ်းမြတ်ကုရ်အာန်မှာ စင်ကြယ်ခြင်းဆိုတာကို တစ်စုံတစ်ရာညစ်ပေနေမှုမှ သန့်စင်အောင်ပြုခြင်းအပြင် သန့်ပြန့်မှုကို အစဉ်တစိုက် ထိန်းသိမ်းသည်ဆိုတဲ့ အဓိပ္ပါယ်နှင့်လည်းသုံးနှုန်းပါတယ်။ တမန်တော်ကြီး နှစ်ပါးဖြစ်တဲ့ အိဗ်ရာဟိမ်(အလိုင်းဟင်မ်)နှင့် အစ္စမာအီလ်(အလိုင်းဟင်မ်)တို့ကို ကအ်ဗာဟ်ကျောင်းတော် သန့်ရှင်းမှုကို ဆောင် ရွက်စေတဲ့နေရာမှာ သန့်ပြန့်အောင်ဆောင်ရွက်ခြင်း သွဟ်ဟိရာဆိုတဲ့ အသုံးအနှုံးကိုဖော်ပြထားပါတယ်။ ကုရ်အာန် ဆူရာဟ် (၂) အာယသ် (၁၂၄၊၁၂၅)မှာပါ။
`တမန်တော်အိဗ်ရာဟင်မ်သည် အလ္လာဟ်ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဘ၀အလှည့်အပြောင်းများပေါ်ပေါက်၍ သူ၏ အရည်အသွေးကို ပြီးပြည့်စုံစေခဲ့၏။ အလ္လာဟ်အရှင်မြတ်က သင့်အားလူသားတို့၏ ဦးစီးဦးဆောင်အဖြစ် ခန့်အပ်တော်မူဟု မိန့်ဆို၏။ ကျွန်တော်မျိုး၏ သားစဉ်မြေးဆက် အတွက်ရောဟု မေးမြန်တော်မူရာ အလ္လာဟ်က ငါအရှင်၏ ကတိတော်သည် ကျူးလွန်ဖောက်ဖျက်သော အမိုက်ကောင်(ဇွာလင်မ်)နှင့် မသက်ဆိုင်´ဟု မိန့်ကြားတော်မူ၏။ (ကုရ်အာန် ၂း၁၂၄)
`ငါအရှင်သည် အိမ်တော်ကို လူသားတို့ ဆုံဆည်းရာနှင့်ဘေးကင်း လုံခြုံရာအဖြစ်စီမံထားတော်မူ၏။ (၀သခ်ဇူး မကာမ်မေ့အိဗ်ရာဟီမ်မ မုဆွလ္လာ) သင်လူသားတို့သည် အိဗ်ရာဟင်မ်၏ ရပ်တည်ချက်အတိုင်း ဆွလားသ်ကို ပုံဖော်ကြလော့။ ငါအရှင်သည် တမန်တော်အိဗ်ရာဟင်မ်နှင့် တမန်တော်အိစ်မာအိလ်အား သွဝါးဖ်လှည့်နေသူများ(အိမ်တော်မှချမှတ်သည့် စည်းမျဉ်းများ ကမ္ဘာအနှံ့သက်ရောက်ရန် လှည့်လည်ကြည့်ရှု စစ်ဆေးသူများ) အိဖ်သိကားဖ်ထိုင်နေသူများ( အိမ်တော်၏ စည်းမျဉ်းများကို ပုံဖော်မည့်သူများ)။ ရုကူရ်ပြုနေ သူများ(အိမ်တော်မှ ပြဌာန်းထားသော လူ့ဘ၀တည်ဆောက်မှု စည်းမျဉ်းများကို နာခံရန်ကြိုးပမ်းနေသူများ) စဂ်ျဒါပြုနေသူများ(အိမ်တော်၏ ပြဌာန်းချက်များကို အစဉ်တစိုက် ဦးထိပ်ပန်ဆင်လိုက်နာနေသူများ) အတွက် (သွဟ်ဟိရာဘိုက်သီ) အိမ်တော်ကို သန့်ရှင်းစင်ကြယ်စွာထားရှိရန် ၀န်ခံကတိရယူခဲ့သည်။´ (၂း၁၂၅)
သွဝါးဖ်လှည့်နေသူများ၊ အိဖ်သိကားဖ်ထိုင်နေသူများ၊ ရုကူရ်ပြုနေသူများ၊ စဂ်ျဒါပြုနေသူများကို အလ္လာဟ် အရှင်မြတ်က ဘယ်လောက်တောင် ဂုဏ်သိက္ခာပေးလဲဆိုရင် ကအ်ဗာကျောင်းတော်ကို အဲဒီလူတွေအတွက် သန့် ရှင်းစင်ကြယ်စွာထားဖို့ တမန်တော်မြတ်ကြီးနှစ်ပါးထံ ကတိခံဝန်ချက်ရယူခဲ့တယ်ဆိုတဲ့ အချက်က ဖော်ပြနေပါ တယ်။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား-
ကုရ်အာန်က လူသား၏ဂုဏ်သိက္ခာမြင့်မားခြင်းဆိုတာ လူမျိုးနွယ်တစ်ရပ်အပေါ်မှာသော်လည်းကောင်း၊ သြဇာအာဏာရှိမှုအပေါ်မှာသော်လည်းကောင်း၊ ပစ္စည်းဥစ္စာပြည့်စုံ ကြွယ်ဝမှုအပေါ်မှာသော်လည်းကောင်း အခြေခံ ထားတာမဟုတ်ကြောင်း လူသား၏အရည်အသွေးတွေ ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ်မှာ လူ့ဂုဏ်သိက္ခာတည်ရှိ နေကြောင်း၊ အဲဒီအရည်အသွေးတွေဟာလည်း သက္က၀ါဆိုတဲ့ အလ္လာဟ့်စည်းမျဉ်းသတ်မှတ်မှုကို လိုက်နာစောင့် ထိန်းမှုနှင့် ဆက်စပ်လျက်ရှိကြောင်းကို ပြဆိုထားပါတယ်။ (ကြည့် ကုရ်အာန် ၄၉း၁၃)
ဒါကြောင့်လူသားတွေ ထင်မြင်နေတဲ့ အာရိယာန်တွေသာမြတ်တယ်။ လူဖြူတွေသာမြတ်တယ်။ သာကီဝင် တွေ ဗြဟ္မဏတွေသာမြင့်မြတ်တယ်။ သာသနာ့ဝန်ထမ်းတွေသာမြင့်မြတ်တယ်။ ဘုရင်တွေ စစ်သူကြီးတွေသာ မြတ်တယ်။ သူဌေးသူကြွယ်ကုန်သည် ပွဲစားတွေသာမြတ်တယ်ဆိုတဲ့ အယူအဆတွေကိုပယ်ဖျက်ပြီး လူသား အားလုံးဟာ တန်းတူညီမျှဖြစ်တယ်ဆိုတဲ့ လူအချင်းချင်း ပေါင်းစည်းနေထိုင်နိုင်မှုကို အလ္လာဟ်အရှင်မြတ်က လမ်း ဖွင့် ပေးထားပါတယ်။
အလ္လာဟ်အရှင်မြတ်က လူသားအားလုံး တစ်အိမ်ထောင်ထဲရှိ မိသားစုအသွင်ဆောင်စေဖို့(အိမ်တစ်လုံး) ကအ်ဗာကျောင်းတော်ကို စီမံပေးခဲ့ပါတယ်။ ဒီအိမ်တော်ကို လူသားအားလုံး ဆုံဆည်းရာ (မဆာဘသန်းလ် လေ့န်နာစ်)နှင့် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းလုံခြုံမှုကို ဖြစ်ပေါ်စေမှု(အာမနန်း)ဆိုတဲ့ ရည်ရွယ်ချက်တွေနှင့်တည် ဆောက်ထားတာပါ။
ဒီရည်ရွယ်ချက်တွေ အကျိုးသက်ရောက်မှုရရှိလာတဲ့ လူသားဟာ လူသားထုတစ်ရပ်လုံးကို ဦးဆောင်မှု (အီမာမ်)ဆိုတဲ့ အရည်အသွေးတွေ ဖြစ်ထွန်းလာနိုင်ပါတယ်။ အလ္လာဟ်ရဲ့ရည်ရွယ်ချက်တွေကို လွန်ကျူးဖောက် ဖျက် အလွဲသုံးစားပြုရင် လူသားထုကို ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တယ်ဆိုတဲ့ အရည်အသွေးတွေကျ ဆင်းသွားနိုင် ပါတယ်။ (ဇွာလင်မ်)ဆိုတဲ့ ကျူးလွန်ဖောက်ဖျက်ပြီး အမိုက်မှောင်တွင်း၌ ပျော်မွေ့နေသူများ ဖြစ်သွားပါလိမ့်မယ်။
အခုကျွန်တော်တို့ အိဖ်သီကားဖ်တွေ ထိုင်ကြတယ်။ မက္ကာဟ်သွားပြီး သွဝါးဖ်တွေလှည့်တယ်။ ရူကုရ်တွေ စဂ်ျဒါတွေများစွာ လုပ်ပြီးပြန်လာကြတယ်။ ပြီးတော့ ငါတို့ဟာဂျီ၊ ဟာဂျီမတွေဟာ မွေးကင်းစ ကလေးငယ်များကဲ့ သို့ ပြစ်မှုဒုစရိုက်၊ ဂိုနာအကုသိုလ်အပေါင်းမှ ကင်းစင်သွားပြီဆိုပြီး ဂုဏ်ယူဝမ်းမြောက် နေကြတယ်။ အလ္လာဟ် ရည်ရွယ်ချက်ဖြစ်တဲ့ လူသားထုကို ဦးစီးဦးဆောင်နိုင်တဲ့ အီမာမ်တွေဖြစ်ကြပါရဲ့လား။ ဘာကြောင့်ပါလဲ။ ငွေကြေး ချမ်းသာသူတွေက ကအ်ဗာကို အပြစ်ငရဲတွေဆေးကြောရာဌာနအဖြစ် သတ်မှတ်နေကြတယ်။ လူအများစုက ကအ်ဗာကို မိမိတို့ရဲ့ မကောင်းမှုကို စွန့်ပစ်ရာ အမှိုက်ပုံကြိးလို သဘောထားနေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ က လူသားထုကိုဦးဆောင်တဲ့ အီမာမ်တွေ ဖြစ်ရမဲ့အစားအကြမ်းဖက်သမားတွေ ဇွာလင်မ်တွေလို့ သတ်မှတ်ခြင်းခံ နေရတယ်။
အဲဒီအိမ်တော်ကို အလ္လာဟ်က လူသားအားလုံး(အသွေး၊ အရောင်၊ လူမျိုး၊ ဘာသာစကား မခွဲခြားဘဲ) ဆုံဆည်းရန်၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ လုံခြုံအေးချမ်းတည်ငြိမ်မှု သက်ရောက်ရန် ရည်ရွယ်ပြီး တည်ဆောက်ထားပါ တယ်။ ဒီရည်ရွယ်ချက်တွေကို ပျက်ပြားစေမဲ့ ဘေးအန္တရာယ်များမှ သန့်ရှင်းစင်ကြယ်ရန် တမန်တော်ကြီး အိဗ်ရာ ဟိမ်(အလိုင်းဟင်မ်)နှင့်တမန်တော်ကြီး အစ္စမာအီလ်(အလိုင်းဟင်မ်)တို့က ဆောင်ရွက်ခဲ့တယ်။ ဒီလိုဆောင်ရွက် ခဲ့မှုသည်ပင်(၀သခ်ဇူးမကာမ်မေ့အိဗ်ရာဟီမ်မ မုဆွလ္လာ) တမန်တော်အိဗ်ရာဟိမ်ရဲ့ ရပ်တည်ချက် တမန်တော် အိဗ်ရာဟိမ်ရဲ့ ဆွလားသ်ဖြစ်တယ်။ ဒါကြောင့်အဲဒီရပ်တည်ချက် အဲဒီဆွလားသ်အတိုင်း သင်လူသားတို့ ပုံဖော် ဆောင်ရွက်ကြလို့ ကုရ်အာန်က လမ်းညွှန်ထားပါတယ်။
အဲဒီလိုမျိုး ဆွလားသ်ကို တည်ဆောက်နိုင်မှသာ ကမ္ဘာ့လူသားထုတစ်ရပ်လုံး ဆုံဆည်းရာနေရာဖြစ်တဲ့ ကအ်ဗာဟ်ကနေ ကမ္ဘာတစ်ဝှမ်းငြိမ်းချမ်းလုံခြုံမှုများကို ဖြစ်ပွားစေမှာပါ။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့က ဆွလားသ်တည်ဆောက်ခြင်းဆိုတဲ့ လူ့ဘောင်ငြိမ်းချမ်းလုံခြုံမှုအတွက် ဆောင်ရွက်နေတာမဟုတ်ဘဲ နံရံလေးဘက် အတွင်းက မွဆွလ္လာအပေါ်မှာ နမာဇ်ဖတ်နေတဲ့ အဆင့်ကတက်မှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ နမားဇ် ဖတ်နေတာ ကို ဝေဖန်ပုတ်ခတ်နေတယ်လို့ မမှတ်ယူလိုက်ပါနဲ့။ နမားဇ်ဖတ်ခြင်းဟာ ဆွလားသ်တည်ဆောက်ဖို့ စတင်လှမ်း လိုက်တဲ့ခြေလှမ်းအဖြစ်ခံယူပါတယ်။ ခြေလှမ်းတစ်လှမ်းဘဲလှမ်းပြီး ရှေ့ဆက်မသွားတော့ဘဲ ရပ်နေတာကို၊ ကျွန်တော်တို့ရဲ့ ဆွလားသ်ဟာ လူ့ဘောင်ငြိမ်းချမ်းလုံခြုံမှုဖြစ်မလာတာကို သုံးသပ်ပြတာပါ။ ကျွန်တော်တို့တည် ဆောက်နေတဲ့ ဆွလားသ်နဲ့ အလ္လာဟ်လိုချင်တဲ့ ဆွလားသ်(တနည်းအားဖြင့် တမန်တော်မြတ်ကြီး အီဗရာဟင်မ်ရဲ့ ဆွလားသ်)တို့ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ပြခြင်းသာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်အလေးအနက်တင်ပြလိုတာကတော့ အလ္လာဟ့်ရဲ့ရည်ရွယ်ချက်ကို အစဉ်တစိုက် ထိန်းသိမ်းခြင်းကိုလည်း သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ခြင်းလို့ ကုရ်အာန်က သုံးနှုံးတယ်ဆိုတာ မီးမောင်း ထိုးပြလိုတာပါ။ အလ္လာဟ်ရဲ့ ရည်ရွယ်ချက်တွေကို မထိန်းသိမ်းဘဲလျစ်လျူရှုထားရင် ကျွန်တော်တို့ဟာ ကျူးလွန် ဖောက်ဖျက်သူ(ဇွာလင်မ်)များ ဖြစ်သွားပါလိမ့်မယ်လို့လည်း အထက်ပါအာယတ်တော်က သတိပေးထားပါတယ်။
ကမ္ဘာ့လူသားထု ဆုံဆည်းရာ ကအ်ဗာဟ်ကျောင်းတော်ရဲ့ သန့်ရှင်းစင်ကြယ်မှုအကြောင်းကို တင်ပြပြီး နောက် ရပ်ကွက်၊ ကျေးရွာနေလူထုများရဲ့ ဆုံဆည်းရာမစ်ဂျိဒ်ဗလီဝတ်ကျောင်းတော်များရဲ့ သန့်ရှင်းစင်ကြယ်မှု အကြောင်းကို ဆက်လက်တင်ပြပါ့မယ်။ ကုရ်အာန်က မစ်ဂျီဒ်ဝတ်ကျောင်းတော်(၂)မျိုးရှိကြောင်း လူသားများကို သတိပေးထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၉)အာယသ်(၁၀၇)ကနေ အာယသ်တော် ၁၁၀အထိကို ဆက်လက် တင်ပြပါ့မယ်။
`လူသားများ နစ်နာဆုံးရှုံးစေရန်(ဒွိရားရ်)၊ အလ္လာဟ်ပြဌာန်းချက်းအစစ်အမှန်များကို ဖုံးကွယ်ထားရန် (ကုဖရ်) ၊ သက်ဝင်ယုံ ကြည်သူများကြား စိတ်ဝမ်းကွဲပြားစေရန်(သဖ်ရီးက်)၊ ယခင်ကတည်းက အလ္လာဟ်နှင့် တမန်တော်မြတ်ကို ပုန်ကန်ဆန့်ကျင်သူများကို ခိုအောင်းရန်(အိရ်ဆွားဒ်)များပြုလုပ်ရန် မတ်စ်ဂျီဒ်(ဗလီ) ကျောင်းတော်များကို တည်ဆောက်ခဲ့ကြလေသည်။ ထို့နောက် သူတို့က ကောင်းကျိုးဖြစ်စေရန်သာ ရည်ရွယ် ပါသည်ဟု အခိုင်အမာကျိန်တွယ်ပြောဆိုကြ၏။ သူတို့ အမှန်တကယ်ပင် လိမ်လည်ပြောဆိုနေသူများဖြစ်ကြောင်း အလ္လာဟ်ရှင်မြတ်က ဖော်ထုတ်မည်ဖြစ်ပေသည်။ ´ (၉း၁၀၇)
ဒီအာယသ်ကို သုံးသပ်တင်ပြရရန် မတ်စဂျီဒ်ဝတ်ကျောင်းတော်တွေအနေနဲ့ ရှောင်ကြဉ်ရတဲ့ အချက် လေးချက်ကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ထိခိုက်နစ်နာဆုံးရှုံးစေတဲ့(ဒွိရားရ်)အလုပ်တွေ မလုပ်ရဘူး။ အလ္လာဟ်ရဲ့ပြဌာန်းချက် အစစ်အမှန်တွေကို ဖုံးကွယ် ထားတဲ့ ကုဖရ်အလုပ်တွေ မလုပ်ရဘူး။ ယုံကြည်သက်ဝင်သူများကို စိတ်ဝမ်းကွဲပြားစေတဲ့ သွေးခွဲသပ် လျှိုမှုများ သဖ်ရီးက်အလုပ်တွေ မလုပ်ရဘူး။ အလ္လာဟ်နဲ့ရစူလ်ကို ဆန့်ကျင်ပုန်ကန်တဲ့သူတွေကို ခိုလှုံခွင့်ပေးတဲ့ အိရ်ဆွားဒ် နေရာအဖြစ်မလုပ်ရဘူး။ ဒီလိုလုပ်ရပ်တွေကို ဆောင်ရွက်နေတဲ့ဝတ်ကျောင်းတော် မတ်စဂျီဒ်ဗလီတွေဟာ မကြာခင် အလိမ်ပေါ်မှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
ဆက်လက်ပြီး ကုရ်အာန်(၉း၁၀၈)မှာ ဆက်လက်မိန့်ဆိုထားတာက `ဤသို့သော ၀တ်ကျောင်းတော်များ၌ ဘယ်သောအခါမှ အသင်တမန်တော် အခြေချရပ်တည်မှုမပြုပါနှင့်။ ရှေးယခင်ကပင်(သက္က၀ါ)တည်း ဟူသော စည်းစောင့်မှုအတွက် ရည်ရွယ်တည်ဆောက်ထားသော မတ်စဂျီဒ်ကျောင်းတော်၌ သင်တမန်တော် ခြေချရပ်တည်ရန် ထိုက်တန်ပေသည်။ ၎င်းကျောင်းတော်၌(အသ်သသ်ွဟီးရ်) သန့်ရှင်းစင်ကြယ်မှုကို ဂရုပြုဆောင်ရွက်သူများရှိ၏။ သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်သူများကို အလ္လာဟ်နှစ်သက်တော်မူပေသတည်း။´ (၉း၁၀၈)
ဒါကတော့ မတ်စဂျီဒ်ဗလီကျောင်းတွေမှာရှိရမဲ့ အရည်အသွေးနှစ်ရပ်ကို ဖော်ပြထားတဲ့ အာယသ်တော်ဖြစ် ပါတယ်။ အဲဒီအရည်အသွေးတွေက သက္က၀ါနှင့် သွဟာရသ်ဘဲဖြစ်ပါတယ်။ မတ်စ်ဂျီဒ်ဗလီ ၀တ်ကျောင်းတော်တွေ မှာ အရည်အသွေးအမျိုးမျိုးရှိသော လူ့များလာရောက်စုရုံးပြီး အလ္လာဟ်ပြဌာန်းချက် အစစ်အမှန်ဖြစ်သော ကုရ်အာန်ကျမ်းမြတ်ရဲ့ အသိတရားတွေကို ဖြန့်ဖြူးတဲ့အရပ်ဒေသဖြစ်ဖို့လိုပါတယ်။ ဒီလို ဆောင်ရွက်ခြင်းသည်ပင် လျှင် သက္က၀ါစည်းစောင့်မှုဖြစ်ပါတယ်။
ဗလီကျောင်းတော်တွေဆိုတာ မိမိရပ်ကွက်၊ မြို့ရွာတွေက အရည်အချင်းမျိုးစုံရှိတဲ့ လူတန်းစားအသီးသီးက လာရောက်စုရုံးပြီး အလ္လာဟ်ရဲ့ပြဌာန်းချက် အစစ်အမှန်တွေကို ပုံဖော်ဆောင်ရွက်ခြင်းဖြင့် ရပ်ကွက်၊ မြို့ရွာရဲ့ လုံခြုံအေးချမ်းမှု)ကို ဖြစ်စေအောင် ဆောင်ရွက်ရတာပါ။ ဒီအချက်ကို ထိပါးဖျက်ဆီး နှောင့်ယှက်နိုင်တဲ့ ဘေးအန္တ ရာယ်တွေကနေ ဝေးကွာအောင်ဆောင်ရွက်ထားခြင်းက အလ်သသ်ွဟီးရ်ဖြစ်ပါတယ်။ သွဟာရသ်ဖြစ်ပါတယ်။
သက္က၀ါနဲ့သွဟာရသ်မရှိတဲ့ ဗလီဝတ်ကျောင်းတော်မှာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)သည်ပင်လျှင် အခြေ ချရပ်တည်ပိုင်ခွင့် မရှိဘူးလို့ပြောထားလေတော့ ကျွန်တော်တို့လို သာမာန်လူတွေဆိုရင် ပိုတောင်ဆိုးသေး၊ ဝေးဝေး ရှောင်လေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေသကို အခွင့်ကောင်းယူပြီး အချင်းချင်းကို သွေးကွဲအောင် ကာဖိရ်ဖသ၀ါပေးခြင်း မိမိတို့၏ အယူအဆမတူသူများ ဆောက်လုပ်ထားသော ၀တ်ကျောင်းတော်များကို သာသ နာဖျက်တို့၏ ဗလီဝတ်ကျောင်းတော်များဟု စွပ်စွဲခွင့်လုံးဝမရှိပါဘူး။ ဗလီဝတ်ကျောင်းတော်တစ်ခုဟာ သက္က၀ါပေါ် မှာ တည်ဆောက်ထားတာ မဟုတ်ဘူးလို့ သိနေရင် အဲဒီဗလီကို မသွားဘဲနေလိုက်ရင် ရပါပြီ။
မတ်စဂျီဒ်ဗလီကျောင်းတော်များကို ဦးဆောင်နေသူများအပါအ၀င် ဂျမာအသ်သားများအားလုံးဟာ မိမိတို့ ချမှတ်ကျင့်သုံးသော မူဝါဒများ သန့်ရှင်းစင်ကြယ်နေစေရန် သတိထားဂရုပြုနေကြရန် လိုအပ်ပါတယ်။ ဒီအချက်ကို ဘဲ တမန်တော်မြတ်ကြီး အိဗ်ရာဟီမ်(အလိုင်းဟင်မ်)နှင့် တမန်တော်မြတ်ကြီး အစ္စမာအီလ်(အလိုင်းဟင်မ်)တို့က ဆောင်ရွက်ခဲ့ကြတာပါ။ ဒါကြောင့်ကုရ်အာန်က မတ်စဂျီဒူသက္က၀ါဆိုတဲ့ တက္က၀ါပေါ်မှာ အခြေခံတည်ဆောက်တဲ့ ဗလီဝတ်ကျောင်းတော်နှင့် မတ်စဂျီဒုဆဖါဂျူဒူဗေင်န်ဟာဒေင်န် ဆိုတဲ့ ပြိုကျလုဆဲ ချောက်ကမ်းပါးထက်က ဗလီကျောင်းတော်ဆိုပြီး တင်စား သုံးနှုံးထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၉)အာယသ် (၁၀၉)မှာပါ
`မတ်စဂျီဒ်များကို အလ္လာဟ်၏နှစ်သက်မှုကို ဂရုပြု၍ သက္က၀ါစည်းစောင့်မှု၌ အုတ်မြစ်ချ တည်ဆောက် သူရှိ၏။ ပြိုကျလုဆဲချောက်ကမ်းပါး၌ အုတ်မြစ်ချတည်ဆောက်ပြီး ဆုတ်ယုတ်ပျက်ဆီးခြင်းတည်း ဟူသော ဂျဟန္နမ်ငရဲသို့ ကျရောက်သွားသူလည်းရှိ၏။ မည်သူသည် ပို၍ကောင်းမြတ်သနည်း။ အလ္လာဟ်သည် ကျူး လွန်ဖောက်ဖျက်၍ အမိုက်မှောင်များအတွင်း၍ ပျော်မွေ့နေသူ(ဇွာလင်မ်)များကို လမ်းကြောင်းမှန်သို့ ညွှန်ပြမည် မဟုတ်။´ (၉း၁၀၉)
ဒွိရားရ်၊ ကုဖရ်၊ သဖ်ရီးက်၊ အိရ်ဆွားဒ်ကို အခြေခံပြီး တည်ဆောက်ထားတဲ့ မတ်စ်ဂျီဒ်တွေဟာ ပြိုကျလုဆဲ ချောက်ကမ်းပါးပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ဆုတ်ယုတ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အလ္လာဟ်ရဲ့ ပြဌာန်းချက်တွေကို စောင့်ထိန်းလိုက်နာတဲ့ မတ်စ်ဂျီဒ်တွေကတော့ အလ္လာဟ့်ရဲ့ နှစ်သက်မှုကို ရယူနိုင်ပါတယ်။ သက္က၀ါကို အခြေခံတဲ့မတ်စ်ဂျီဒ်တွေသာလျှင် ကျွန်တော်တို့အားလုံး အခြေချရပ်တည်သင့်တဲ့နေရာတွေ ဖြစ်ပါ တယ်။ (၉း၁၁၀)မှာ ဆက်ပြီးမိန့်ဆိုထားတာက
`လွဲမှားသော ရည်ရွယ်ချက်များဖြင့် မတ်စ်ဂျီဒ်များကို တည်ဆောက်ခြင်းဖြင့် စိတ်ဓါတ်လုံခြုံမှုကင်းမဲ့ပြီး နှလုံးသားအက်ကွဲကြေမွမှုသာ ဖြစ်ရပါလိမ့်မည်။ စင်စစ်အလ္လာဟ်သည် အသိတရားအပေါင်းတို့ ဇစ်မြစ်ဖြစ်ပြီး ဥာဏ်တော်အနန္တတို့၏ အရှင်သခင်ဖြစ်လေသတည်း။ ´(၉း၁၁၀)
အလ္လာဟ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ လူ့ဘောင်ကိုငြိမ်းချမ်းလုံခြုံဖွံ့ဖြိုးတိုးတက်စေတဲ့ ရည်ရွယ်ချက်နှင့် ကွဲပြား စွာ လူ့ဘောင်ကိုဆူပူအုံကြွ ငြိမ်းချမ်းမှုကင်းမဲ့အောင် မတ်စ်ဂျီဒ်တွေကနေ ပြုလုပ်မယ်ဆိုရင် လူသားတွေအတွက် သောကဒုက္ခပွားများကြရမယ်လို့ အသိတရားတွေရဲ့ဇစ်မြစ်ဖြစ်ပြီး ဥာဏ်တော်အနန္တရဲ့ အရှင်သခင်အလ္လာဟ်က သတိပေးထားပါတယ်။
အခုနိဂုံးချုပ်အနေနဲ့ မတ်စ်ဂျီဒ်တွေမှာ ဦးဆောင်မှုအခန်းကဏ္ဍကို ရယူထားတဲ့ ပုဂ္ဂိုလ်များရှိရမဲ့ အရည် အချင်းတွေကို တင်ပြပါ့မယ်။ ကုရ်အာန်(၉း၁၈)မှာပါ။ ၅၉လမ်း ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်မှာ လည်း အရဗီလက်ရေးလှ ရေးသားမှုပညာရပ်နှင့် စာပန်းချီချယ်ပြီး ဒီအာယတ်တော်ကို ရေးထိုးထားပါတယ်။
`အလ္လာဟ်နှင့် အနာဂါတ်ကာလကို ယုံကြည်သူ လူ့ဘောင်ဖွံ့ဖြိုးတိုးတက်အေးချမ်း လုံခြုံမှု(ဆွလားသ်) ကို တည်ဆောက်ပြီး လိုအပ်ချက်များဖြည့်ဆည်း(ဇကားသ်)ပေးဆပ်သူ အလ္လာဟ်၏ ပြဌာန်းချက်အရ ဖြစ်ပေါ်လာမည့် ရလာဒ်များမှအပ မည်သူကိုမျှ၊ မည်သည့်အရာကိုမျှ ကြောက်ရွံ့မှု၊ စိုးရိမ်ကြောင့်ကြခြင်း မရှိသူသာလျှင် မတ်စ်ဂျီဒ်ကျောင်းတော်များ ကို စီမံဆောင်ရွက်ဦးဆောင်နိုင်သူများ ဖြစ်ကြပေသည်။ ၎င်းတို့သာလျှင် တရားလမ်းမှန်ပေါ်၌ ရှိနေသူများအဖြစ် မျှော်မှန်းနိုင်ပေသည်။´ (၉း၁၈)
မတ်စ်ဂျီဒ်များရဲ့ စီမံခန့်ခွဲသူများမှာရှိရမဲ့ အရည်အချင်းတွေ (၅)ရပ်ကို ဖော်ပြထားတာပါ။
(၁) အလ္လာဟ်ပြဌာန်းချက်တွေကို ယုံကြည်လိုက်နာခြင်း။
(၂) မိမိ၏လက်ရှိ ဆောင်ရွက်ချက်များအလျောက် အနာဂါတ်ကာလမှ အကျိုးတရားများ သက်ရောက် မည်ကို ယုံကြည်လက်ခံခြင်း။
(၃) လူ့ဘောင်ဖွံ့ဖြိုးပြီး လုံခြုံအေးချမ်းမှုကို တည်ဆောက်သူဖြစ်ခြင်း။ (ဆွလားသ်)
(၄) မိမိ၏အရည်အချင်း၊ အစွမ်းအစ၊ ပစ္စည်းဥစ္စာနှင့်အချိန်ကို လူ့ဘောင်ဖွံ့ဖြိုးအေးချမ်းမှုအတွက် ပေးဆပ် သူဖြစ်ခြင်း။ (ဇကားသ်)
(၅) အလ္လာဟ်ပြဌာန်းထားတဲ့ တုန့်ပြန်ရလာဒ်မှအပ မည်သူ့ကိုမျှ၊ မည်သည့်အရာကိုမျှကြောက်ရွံ့မှု မရှိခြင်း။
အထက်ဖော်ပြပါ အရည်အချင်းနဲ့ ပြည့်စုံသူများဟာ ရပ်ကွက်၊ မြို့ရွာရဲ့မတ်စ်ဂျီဒ် ၀တ်ကျောင်းတော်ကို စီမံခန့်ခွဲနိုင်သူ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် လူသားထုရဲ့(အီမာမ်)ခေါင်းဆောင်များအဖြစ်လည်း မျှော်မှန်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ တရားလမ်းမှန်ပေါ်မှာ ရှိနေသူများ ဖြစ်နေကြလို့ပါ။ ဒီလိုအရည်အချင်းကင်းမဲ့ရင် တရားလမ်းမှန်ကို ဘယ်သောအခါရောက်မဲ့သူများ မဟုတ်တဲ့ ကျူး လွန်ပါက ဖောက်ဖျက်သူ(ဇွာလင်မ်)များ ဖြစ်ကြပါလိမ့်မယ်။
ဒီလို အရည်အချင်းတွေမရှိဘဲ မိမိကိုယ်တိုင်သွေဖီလမ်းလွဲနေပါလျက် မတ်စ်ဂျီဒ်တွေမှာ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်မယ်ဆိုရင် အချည်းနှီး၊ အကျိုးမဲ့ခြင်းရလာဒ်များသာ ဖြစ်ထွန်းပေါ်ပေါက်လာလိမ့်မယ်လို့ သတိပေး ထားတာပါ။
လူသားတိုင်းဟာ မတ်စ်ဂျီဒ်တွေကို သန့်ရှင်းစင်ကြယ်စေပြီး လူ့ဘောင်ဖွံ့ဖြိုးအေးချမ်းလုံခြုံမှု ရှိနေအောင် ဆောင်ရွက်နိုင်တဲ့ လူသားထုကို ဦးစီးဦးဆောင်ပြု(အိမာမ်)လုပ်နိုင်အောင် စွမ်းတွေရရှိနိုင်ပါစေလို့ ဆုမွန်တောင်း ရင်း ရပ်နားလိုက်ပါတယ်။