ဟဂ်ျအကြောင်း (အပိုင်း- ၂) မုဖ်သီ ဦးစန်းအောင် (B.Sc)

ဟဂ်ျအကြောင်း (အပိုင်း- ၂)

မုဖ်သီ ဦးစန်းအောင် (B.Sc)

          ဒီကနေ့(၇.၁၁.၂၀၁၃)နေ့မှာ ကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာ ဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား

အတ်စလာမုအလိုင်းကွန်း(မ်) ၀ရဟ်မသွလ်လားဟိ ၀ဘရကားသုဟု

ဒီကနေ့ ကျနော်တင်ပြမဲ့ခေါင်းစဉ်ကတော့ `ဟဂ်ျအကြောင်း´(အပိုင်း-၂) ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ (၃.၁၀.၂၀၁၄)မှာ `ဟဂ်ျအကြောင်း´(အပိုင်း-၁)ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့တင်ပြမဲ့ အပိုင်း(၂)မှာတော့ ကုရ်အာန်(၃၇း၁၀၇)မှာ ပြဆိုထားတဲ့ –

`ငါအရှင်မြတ်သည် တမန်တော်အီဘရာဟင်မ်(အ)အား ကြီးကျယ်မြင့်မြတ်လှသော လှီးဖြတ်မှုကြီးတစ်ရပ် အားဖြင့် အစားထိုးပေးလိုက်ပြီးဖြစ်သည်။´ ဆိုတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ လှီးဖြတ်စွန့်လွှတ်မှုကို အစားပေးတယ် ဆိုတာ ဘာကိုရည်ညွှန်းတာလဲ ဆိုတာကို ကျနော်ဆက်လက်တင်ပြသွားပါမယ်။ ဒီလို မတင်ပြမီ ခွတ္တဗာဟ်ရဲ့ နိဒါန်းအပိုင်းမှာ ကျနော်ရွတ်ဖတ်သွားတဲ့ ကုရ်အာန်ဆူရာဟ်(၃၇)မှာ ပါရှိတဲ့ အာယသ်တော်(၄)ပါးရဲ့ အဓိပ္ပါယ်ကို ပြန်လည်တင်ပြပါရစေ။

`ငါအရှင်မြတ်က သူ(တမန်တော်အီဘရာဟင်မ်)အား ဤသို့အသံပြုခဲ့လေသည်။´     (ကုရ်အာန်-၃၇း၁၀၄)

`သင်(အီဘရာဟင်မ်)သည် (သင်၏)အမြင်ကို အကောင်အထည်ဖော်ဆောင်ရွက်လိုက်ပေပြီ။ ဧကန် အမှန်ပင် အမှန်တရားကို လိုက်နာဆောင်ရွက်သူတို့အဖို့ ငါအရှင်မြတ်က ဤသို့ပင် ထိုက်တန်သော ဆုလာဘ် တော်တစ်ရပ်ကို အစားပေးတော်မူ၏။´ (ကုရ်အာန် – ၃၇း၁၀၅)

`ဧကန်မုချ ဤအချင်းအရာသည်(လူသားတို့အပေါ်) တမန်တော် အီဘရာဟင်မ်၏ ထင်ရှားစွာသော ပြယုဂ်တစ်ရပ်ပင်ဖြစ်သည်။´ (ကုရ်အာန် – ၃၇း၁၀၆)

`ပြီးနောက် ငါအရှင်မြတ်က တမန်တော်အီဘရာဟင်မ်(အ)အား ကြီးကျယ်မြင့်မြတ်လှစွာသော လှီးဖြတ်မှု ကြီးတစ်ရပ်အားဖြင့်၊ အစားထိုးပေးလိုက်ပြီးဖြစ်သည်။´ (ကုရ်အာန် – ၃၇း၁၀၇)

ဒီကနေ့ ကျနော်တင်ပြမဲ့အပိုင်းမှာ အလ္လာဟ်အရှင်မြတ်က တမန်တော်အီဘရာဟင်မ်(အ)အပေါ် ချီးမြှင့် လိုက်တဲ့ `ကြီးကျယ်မြင့်မြတ်လှစွာသော လှီးဖြတ်မှုကို အစားထိုးပေးလိုက်ခြင်း´ဆိုတဲ့ အပိုင်းကို ကျမ်းတော်မြတ် ကုရ်အာန်ကို အခြေပြုပြီး ကျနော်နားလည်သလောက်တင်ပြပါရစေ။ ဒီအကြောင်းကို လေ့လာမယ်ဆိုရင် တမန် တော် အီဘရာဟင်မ်(အ)ရဲ့ သားတော်ကို လှီးဖြတ်`ဇဘာဟ်´လုပ်ဖို့ ကြိုးစားခြင်းနှင့်ပတ်သက်တဲ့ တစ်ဆက် တည်းလာ အာယသ်တွေကိုပါ လေ့လာဖို့လိုအပ်ပါတယ်။ အဲဒီ`အာယသ်´တွေကတော့ ကုရ်အာန်(၃၇း၁၀၈)၊ (၃၇း၁၀၉)နဲ့ (၃၇း၁၁၀)တို့ ဖြစ်ပါတယ်။

`ငါအရှင်မြတ်က ယင်းအချင်းအရာကို နောင်လာနောက်သားတို့အတွက် (အမှတ်ရစေခြင်းအလို့ငှာ) ထားရှိခဲ့လေသည်။´ (ကုရ်အာန် – ၃၇း၁၀၈)

`အီဘာရာဟင်မ်၏ အပေါ်ဝယ် ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ။´ (ကုရ်အာန်-၃၇း၁၀၉)

`ထိုနည်းအတိုင်းပင် ငါအလ္လာဟ်အရှင်မြတ်က လောကကို အလှဆင်သူတို့အား ထိုက်တန်စွာ ချီးမြှင့်ခဲ့ လေပြီ။´ (ကုရ်အာန် – ၃၇း၁၁၀)

တမန်တော်အီဘရာဟင်မ်က သားတော်အီစ်မာအီးလ်ကို `ဇဘာဟ်´ လှီးဖြတ်ဖို့အရေး အလ္လာဟ် အရှင်မြတ်က တားမြစ်လိုက်ပြီးတဲ့နောက်မှာ အလ္လာဟ်အရှင်မြတ်က လှီးဖြတ်မှုအထမြောက်ဖို့အတွက် သိုးတစ် ကောင်ကို အစားထိုးလှီးဖြတ်စေတယ်လို့ ကျမ်းအချို့မှာ ရေးသားထားတာကို တွေ့ရပါတယ်။ အလားတူ `ဘိုင်ဘယ်လ် ကျမ်းမှာလည်း ဖခမည်းတော် အီဘရာဟင်မ်က သားတော်`အစ်ဟာက်´ကို လှီးဖြတ်ဖို့အရေးမှာ သိုးတစ်ကောင်ကို အစားထိုးခဲ့တယ်လို့ ပြဆိုထားပါတယ်။ ကုရ်အာန်မှာတော့ ဒီလှီးဖြတ်မှုမှာ သတ္တ၀ါတစ်ကောင် အစားထိုးတယ်လို့ တိတိကျကျ ဖော်ပြးထားတာကို မတွေ့ရပါဘူး။ ဒါပေမဲ့ ကုရ်အာန်(၃၇း၁၀၇)မှာတော့-

`ငါအရှင်မြတ်က အီဘရာဟင်မ်အား ကြီးကျယ်မြင့်မြတ်လှစွာသော လှီးဖြတ်မှုကြီးတစ်ရပ်အားဖြင့် အစားထိုးပေးလိုက်ပေပြီ။´

လို့ပဲ ပြဆိုထားပါတယ်။ ဒီနေရာမှာ `လှီးဖြတ်မှု´လို့ပါရှိတဲ့အတွက် အများစုဟာလည်း `ဘိုင်ဘယ်လ်´ ကျမ်းမှာပါရှိတဲ့ `သိုးငယ်တစ်ကောင်ကို အစားထိုးလှီးဖြတ်ခြင်း´လို့ပဲ မှတ်ယူလိုက်ကြပါတယ်။ ဒါပေမဲ့ ထူးခြား ချက်တစ်ရပ်က ဂျူးတွေ၊ ခရစ်ယာန်တွေက သားကောင်လှီးဖြတ်ခြင်းကို အစဉ်အလာအဖြစ်မှတ်ယူခြင်း မပြုကြပဲ မွတ်ဆလင်မ်မှာတော့ သားကောင်လှီးဖြတ်ခြင်းကို တမန်တော်အီဘရာဟင်မ်ရဲ့ အစဉ်အလာကောင်းတစ်ရပ် အနေနဲ့ ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်သားကောင်လှီးပြီး လှူဒါန်းခြင်းကို ဆောင်ရွက်ကြပါတယ်။ အလှူဒါနပြု လုပ်ကြပါတယ်။

ကျနော်နားလည်ခံယူထားတာကတော့ အလ္လာဟ်အရှင်မြတ်က တမန်တော်အီဘရာဟင်မ်အပေါ် ကြီး ကျယ်မြင့်မြတ်လှစွာသော အစားပေးချီးမြှင့်မှုနဲ့ ဒီဖြစ်စဉ်ကို အနာဂါတ်ကာလမှာ နောင်လာနောက်သားတွေ အတွက် စံနမူနာယူဖို့၊ လိုက်နာအတုယူဖို့ထားရှိပေးခဲ့တယ်ဆိုတာက သားကောင်တစ်ကောင်ကို ကျနော်တို့က လှီး ဖြတ်လိုက်ရုံနဲ့ တမန်တော်အီဘရာဟင်မ်(အ) ချမှတ်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ကြီးကို ကျနော်တို့က တာဝန်ကျေ ပွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဆိုတာ မဖြစ်နိုင်ပါဘူး။ ငွေကြေးအတိုင်းအတာတစ်ရပ်အထိကို တတ်နိုင်သူတစ်ယောက် အတွက် ဒီလိုသားကောင်တစ်ကောင်ကို လှီးဖြတ်`ဇဘာဟ်´လုပ်ခြင်းဟာ လွယ်ကူပါတယ်။ ဒီနေရာမှာ သဘော ပေါက်မလွဲဖို့အရေးကြီးပါတယ်။ ကျနော်က မွတ်ဆလင်မ်တွေ တစ်နှစ်မှာတစ်ခါ ကုရ်ဘာနီဆိုပြီး သားကောင်လှီး ဖြတ်လှူဒါန်းနေခြင်းကို ကန့်ကွက်နေခြင်းမဟုတ်ပါ။ ဒါပေမဲ့ ဒီလိုသားကောင်တစ်ကောင်ကို လှီးဖြတ်လှူဒါန်းလိုက်ရုံ နဲ့ တမန်တော်အီဘရာဟင်မ်နဲ့ သားတော်အီစ်မာအီလ်တို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျနော်တို့က တစ်ထပ် တည်းကျ လိုက်နာဆောင်ရွက်လို့ တာဝန်ကျေပြီလို့ မယူဆလိုက်ပါနဲ့ ဆိုတာကို ကျနော်အဆိုပြုပါတယ်။

ကျနော်တို့ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ ဘ၀ဖြစ်စဉ်ကို သေသေခြာခြာလေ့လာကြည့်ပါ။ တမန်တော် ကြီးဟာ အမှန်တရားကို လက်ကိုင်ပြုနိုင်ဖို့အတွက် သူ့ရဲ့မိဘဆွေမျိုး အသိုင်းအ၀ိုင်းကို စွန့်ခဲ့ပါတယ်။ ဖခမည်း တော်နဲ့ အယူအဆမတူတဲ့အပေါ်မှာ သူ့ရဲ့ဖခင်ကိုရော၊ ဖခင်ရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းကိုပါ ကျောခိုင်းခဲ့ပါတယ်။ ဒါဟာတမန်တော်အီဘရာဟင်မ်(အ)ရဲ့ ဘ၀မှာ သစ္စာတရားအတွက် သူ့ရဲ့သံယောဇဉ်ကို လှီးဖြတ်ထုတ်လိုက် တာပါ။ ဒီအပေါ်မှာ အလ္လာဟ်အရှင်မြတ်ဟာ `နဗီတမန်တော်´ဆိုတဲ့ ဂုဏ်ထူးဝိသေသတစ်ရပ်ကို အစားပေးချီးမြှင့် ခဲ့ပါတယ်။

ဒုတိယတစ်ကြိမ်မှာလည်း သူ့ရဲ့ဆန္ဒတော်ဖြစ်တဲ့ သားတော်ကို`ဇဘာဟ်´လှီးဖြတ်လိုခြင်းကို အလ္လာဟ် အရှင်မြတ်ရဲ့ ဆန္ဒတော်ကို ရှေ့တန်းတင်ခြင်းအားဖြင့် စွန့်လွှတ်ဖြတ်တောက်ခဲ့ပါတယ်။ တစ်ဖက်က ကြည့်မယ် ဆိုရင် လူအချင်းချင်းလှီးဖြတ်`ဇဘာဟ်´လုပ်တဲ့ စနစ်ဆိုးတစ်ခုကို ဖြတ်တောက်ဖယ်ရှားပေးခဲ့ပါတယ်။ ဒီအပေါ်မှာ အလ္လာဟ်အရှင်မြတ်ထံမှ သားတော်အီစ်မာအီးလ်ကို နဗီတမန်တော်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ကုရ်အာန်(၃၇း၁၀၇)မှာ ပြဆိုထားတဲ့ ကြီးကျယ်မြင့်မြတ်လှစွာသော အစားပေးမှုကြီးတစ်ရပ်အဖြစ် တမန်တော်အီဘရာဟင်မ်(အ)နှင့် သားတော် အီစ်မာအီလ်(အ)တို့အပေါ် အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်ဖြစ်တဲ့`ကအ်ဗာ´ကျောင်းတော်ကြီးကို မွမ်းမံတည်ဆောက်ဖို့နဲ့ လူသားအဆက်ဆက်ဟာ အဲဒီ`ကအ်ဘာ´ကို ဗဟိုပြုပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့အတွက် တာဝန်ပေးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

ဒီနေရာမှာ အလ္လာဟ်အရှင်မြတ်ရဲ့ သတ်မှတ်ပြဌာန်းချက်နဲ့ လူတွေရဲ့နားလည်သဘောပေါက်မှု ကွဲပြားခြား နားတာကို တင်ပြပါရစေ။ လူတွေနားလည်ထားတာက အလ္လာဟ်အရှင်မြတ်ရဲ့ အစားပေးခြင်း၊ ဆုလာဘ်ပေးခြင်း ဆိုတာက ရွှေတွေ၊ ငွေတွေ ဒီရေအလားတိုးပွားလာမယ်။ တိုက်တာအဆောက်အအုံတွေ ခြွေရံသင်းပင်းတွေနဲ့ ပြည့်ပြည့်စုံစုံ၊ ချမ်းချမ်းသာသာနေရမယ်လို့ နားလည်ထားကြပါတယ်။ ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာ လိုက်တဲ့အခါမှာတော့ တမန်တော်ကြီးများရဲ့ဖြစ်စဉ်တွေ၊ သူတော်စင်ကြီးတွေရဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့်မယ် ဆိုရင် လူတစ်ဦးအပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ အစားပေးခြင်း၊ ဆုလာဘ်ပေးခြင်းဆိုတာက အဲ့ဒီပုဂ္ဂိုလ်အပေါ်ကို အလ္လာဟ်အရှင်မြတ်က လူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက်လုပ်ပိုင်ခွင့်ကို ချပေးလိုက်ခြင်းဖြစ်တယ်ဆို တာ တွေ့ရပါတယ်။ အဲ့ဒီလုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ပြီး လုပ်တဲ့အခါမှာ အလ္လာဟ်အရှင်မြတ်ဖက်က လိုအပ်တဲ့ အထောက်အပံ့၊ အကူအညီတွေ လုပ်ကိုင်နိုင်စွမ်းတွေကို ထောက်ပံ့ပေးပါတယ်။

ဒီနေရာမှာ တမန်တော်အီဘရာဟင်မ်(အ)နဲ့ သားတော်အီစ်မာအီးလ်(အ)တို့အပေါ် အလ္လာဟ်အရှင်မြတ်က ကြီးကျယ်လှစွာသော လှီးဖြတ်မှုကို အစားပေးတယ်ဆိုတဲ့ သဘောမှာ အစောပိုင်းမှာ ကျနော်တင်ပြခဲ့သလို လူ့အဖွဲ့အစည်းဝင်အားလုံးအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အတွက် ပြယုဂ်တစ်ရပ်အဖြစ် လူသားထုတစ်ရပ်လုံးရဲ့ ဘူမိနက်သန်နေရာမှန်ဖြစ်တဲ့ `ကအ်ဘာ´ကျောင်းတော် ကြီးကို ဦးစီးဦးဆောင် မွမ်းမံတည်ဆောက်ခွင့်ပြုပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို`ကအ်ဘာ´ကျောင်းတော်ကြီးကို တည်ဆောက်တဲ့အခါမှာ တမန်တော်အီဘရာဟင်မ်(အ)၊ ဇနီးသည် ဟာဂျရာသခင်မနဲ့သားတော် အီစ်မာအီလ်(အ) တို့ဟာ ဘယ်လိုဆင်းရဲဒုက္ခခံပြီး ပင်ပင်ပန်းပန်းကြိုးစားခဲ့ကြသလဲဆိုတာကို လေ့လာကြည့်ကြပါစို့။

ကုရ်အာန်(၃း၉၆)မှာ ဒီလိုပြဆိုထားပါတယ်။

`ဧကန်အမှန်ပင် လူသားတို့အဖို့ ဦးစွာပထမအခြေစိုက်တည်ဆောက်ထားခဲ့သော အိမ်တော်သည်ကား၊ မက္ကာဟ်မြို့၌ တည်ရှိသည့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အိမ်တော်ကြီးပင်ဖြစ်သည်။ ယင်းအိမ်တော်သည်ကား စကြ၀ဠာခပ်သိမ်းကိုလည်း တရားလမ်းမှန်ဆီသို့ ညွှန်ပြလျက်ရှိသည်။´                             (ကုရ်အာန်-၃း၉၆)

`ကအ်ဘာ´ကျောင်းတော်ကြီးအား အလ္လာဟ်အရှင်မြတ်က ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ဆောက်ထား သည်နဲ့ပတ်သက်ပြီး ကုရ်အာန်(၂း၁၂၅)က ပြဆိုထားပါတယ်။

`ငါအရှင်မြတ်က အိမ်တော်ကြီး(ကအ်ဘာကျောင်းတော်ကြီး)ကို ကမ္ဘာ့လူသားတို့ စုဝေးဆုံဆည်းရာအဖြစ် လည်းကောင်း၊ ကမ္ဘာ့လူသားတို့ လုံခြုံအေးချမ်းစေရန်အတွက်လည်းကောင်း၊ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ သင်တို့ သည် တမန်တော်အီဘရာဟင်မ်(အ)၏ ရပ်တည်ချက်(မကာမီအီဘရာဟင်မ်)ကို ဆွလားသ်တည်ဆောက်ရာ အခင်းအကျင်းအဖြစ် ရယူထားကြပါလေ။ ငါအရှင်မြတ်က တမန်တော်အီဘရာဟင်မ်(အ)နှင့် တမန်တော်အီစ်မာ အီလ်(အ)တို့ကို ငါ၏အိမ်တော်အား`တွဝါဖ်း´လှည့်ပတ်နေသူများအတွက်လည်းကောင်း၊ စဉ်ဆက်မပြတ် သီတင်း သုံးနေထိုင်သူများအတွက်လည်းကောင်း၊ နာခံရိုကျိုးခြင်းကို ဦးထိပ်ပန်ဆင်ထားသူများအတွက်လည်းကောင်း (မိစ္ဆာအယူမှားမှုများမှ) သန့်ရှင်းစင်ကြယ်စွာထားရှိရန် ခန့်အပ်တာဝန်ပေးအပ်ခဲ့လေသည်။´     (ကုရ်အာန်- ၂း၂၁၅)

မက္ကာဟ်မြို့ရှိ အိမ်တော်ကြီးနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့လူသားထု တစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောစေရေးအတွက် လူသားတို့စုဝေးဆုံဆည်းပြီး အဖြေရှာလုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်တယ်။ တစ်နည်းအားဖြင့်ဆိုလျှင် ကမ္ဘာ့နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်ကြီးများ စုဝေးတက်ရောက်ကြပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို အန်တုစိန်ခေါ်နေသောပြဿနာ အရပ်ရပ်ကို စုပေါင်းအဖြေရှာ ညှိနှိုင်းဆွေးနွေးရန် နေရာသတ် မှတ်ပေးထားခြင်းဖြစ်ပါတယ်။ ထိုအဆောက်အအုံနေရာကို တည်ဆောက်မွမ်းမံရန် အလ္လာဟ်အရှင်မြတ်က တမန် တော်အီဘရာဟင်မ်(အ)နှင့် သားတော်အီစ်မာအီလ်(အ)တို့အား တာဝန်အပ်နှင်းပေးခဲ့ပါတယ်။ တစ်ဆက်တည်း မှာပင် ယင်းအိမ်တော်အတွင်း၌ တစ်ဦးကတစ်ဦးကို လှည့်ဖျားခြင်း၊ တစ်ဦးနှင့်တစ်ဦးရန်ပြုခြင်း၊ ရုပ်ဝါဒကို ကိုးကွယ် ခြင်း၊ မဆည်းကပ်သင့်သည်များကို ဆည်းကပ်ခြင်းအစရှိသော မိစ္ဆာအယူမှားများကို ရှင်းလင်းဖယ်ရှားထုတ်ပြီး `သောင်ဟီးဒ်´တရားကိုသာ အခြေပြုစေရန် အီဘရာဟင်မ်(အ)နှင့် အီစ်မာအီလ်(အ)တို့ကို မှာကြားခဲ့ပြန်ပါတယ်။

သို့ဆိုလျှင် ယနေ့ အလ္လာဟ်အိမ်တော်ကြီးတွင် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၌ တစ်ဦးကတစ်ဦးကို လှည့်ဖျားခြင်းကင်းနေပြီးလော။ တစ်ဦးနှင့်တစ်ဦးခိုက်ရန်ပြုခြင်း ကင်းဝေးသွားပြီးလော။ ရုပ်ဝါဒကို ကိုးကွယ်ခြင်း မဆည်းကပ်ရမည်များကို ဆည်းကပ်ခြင်းများ ကင်းစင်သွားပြီလော။ အလ္လာဟ်တစ်ပါးတည်း အနှိုင်းမဲ့စွာဖြင့် တည်ရှိသော`သောင်ဟီးဒ်´တရားစစ်မှန်စွာ ထွန်းကားနေပြီလော။ ထိုမလိုလားအပ်သော စနစ်များကို တမန်တော် များက `ကအ်ဘာ´အတွင်းမှ ဖယ်ထုတ်ပေးခဲ့သော်လည်း တမန်တော်များ မရှိသည့်နောက်ပိုင်း လူသားတို့က ယင်းစနစ်များကို ပြန်လည်ထည့်သွင်းခဲ့ကြပါတယ်။

`မကာမေ့အီဘရာဟင်မ်´- အီဘရာဟင်မ်(အ)၏ ရပ်တည်ချက်သည်ကား အဘယ်နည်း။

အီဘရာဟင်မ်(အ)၏ ရပ်တည်ချက်ကို ကျမ်းမြတ်ကုရ်အာန်(၆း၇၉)၌ ဤသို့ဖော်ပြထားလေသည်။

`ဧကန်မုချပင် ကျွန်ုပ်၏မျက်နှာ (ဦးတည်ချက်)ကို မဟာစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်အား စီမံဆောင်ရွက် တော်မူခဲ့သော အရှင်မြတ်ဖက်ဆီသို့သာ ဖြောင့်မတ်တည်ကြည်စွာဖြင့် လှည့်ခဲ့ပါပြီ၊ ပြီးနောက်ကျွန်ုပ်သည် တစ်စုံ တစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ`မွတ်ရှ်ရီးက်´များအနက်မှ မဟုတ်ပေ။´    (ကုရ်အာန်-၆း၇၉)

အထက်ဖော်ပြပါ တမန်တော်အီဘရာဟင်မ်(အ)ရပ်တည်ချက် (မကာမေအီဘရာဟင်မ်)ကို မွတ်ဆလင်မ် တိုင်းအတွက် ဘ၀တည်ဆောက်ရာ၏ အခင်းအကျင်းအဖြစ် မှတ်ယူထားရပေမည်။ `သောင်ဟီးဒ်´တရားကို ဖော် ဆောင်လက်ကိုင်ပြုရပေမည်။ `သောင်ဟီးဒ်´တရားပျောက်လျှင် `မွတ်ရှရီးက်´အမှားက နေရာဝင်ယူလာမည်ဖြစ် ကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။