အစာအာဟာရအတွက် ပြဿနာ (အပိုင်း-၁၃) ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

အစာအာဟာရအတွက် ပြဿနာ (အပိုင်း-၁၃)

ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

                ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိ ချက် များကို တင်ပြခွင့်ရတဲ့အတွက် အလ်ဟမ်ဒုလိလ္လာဟ် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာ ပြုရင်းနဲ့ ကျေးဇူး တင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချ ကူညီပံ့ပိုးပေးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်း တြင်ပခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ ခါဒီမွန်လို့ခေါ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာ ကြတဲ့ အမျိုးသား၊ အမျိုးသမီးများကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမည့် အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ ကျွန်တော်တြင်ပနေကျ အခန်းဆက် အစာအာဟာရ အတွက် ပြဿနာ အပိုင်း(၁၃)ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများ ခင်ဗျား ကျွန်တော် ရဲ့ တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

အတ်စလားမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟု

မည်သူမဆို ဘယ်သူဘဲဖြစ်ဖြစ် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တစ်ယောက်ကို တမင်သက်သက် ကြံစည်ပြီး သတ်ဖြတ်မည်ဆိုရင် အဲဒီလိုသတ်ဖြတ်သူ လူသတ်သမားအတွက် သတ်ဖြတ်မှုရဲ့အကျိုးဆက်ရလဒ်ကတော့ သူဂျဟန္နမ်ထဲကို ဝင်ရမည်ဖြစ်ပြီး အဲဒီလို သတ်ဖြတ်သူလူသတ်သမားဟာ ဂျဟန္နမ်ထဲမှာ ယာယီခေတ္တခဏနေပြီး ပြန်ထွက်နိုင်မှာမဟုတ်ပဲ အဲဒီ လူသတ်သမားဟာ ဂျဟန္နမ်ဆိုတဲ့ ငရဲထဲမှာ ထာဝရလောင်ကြွမ်းနေမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အလ္လာဟ်အရှင်မြတ်က အဲဒီလူသတ်သမားအပေါ်မှာ အမျက်တော်ထားတဲ့အတွက်ကြောင့် အဲ့ဒီလူသတ်သမားဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ရဟ်မသ်ဂရုဏာတော်မှ ကင်းဝေးစေပြီး အဲ့ဒီလူသတ်သမားအတွက် အလ္လာဟ်အရှင်မြတ်က ကြီးကျယ်သော အပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားမည်လို့ ကုရ်အာန်(၄း၉၃)မှာ ထုတ်ပြန်ထားပါတယ်။ ဒါကတော့ မုအ်မင်န်တစ်ယောက်ကို တမင်သက်သက် ကြံစည်ပြီး သတ်ဖြတ်မှုရဲ့ အပြစ်ဒဏ်ဖြစ်ပါတယ်။    

ကျွန်တော် ဒီအကြောင်းအရာတွေကို (၁၆-၈-၂၀၁၉)ရက်နေ့မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု အစာအာဟာရအတွက် ပြဿနာ ဆိုတဲ့ အပိုင်း(၁၃)ကို ဆက်လက်တင်ပြပါမည်။ လူသားတစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်မှုနှင့် ရှင်သန်မှုဟာ အဲ့ဒီလောက်တန်ဖိုးရှိတယ်ဆိုရင် အဲ့ဒီလူသားရဲ့ဘဝ တိုးတက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်နေတဲ့ ဘဝရဲ့လိုအပ်ချက် အစာအာဟာရဟာ အလွန်မတန် တန်ဖိုးရှိတယ်ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။  ဒါကြောင့် လူ့ဘဝရဲ့လိုအပ်ချက်တွေကို ကျမ်းတော်မြတ်ကုရ်အာန်မှာ (ရီဇီက်)ဆိုပြီးတော့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ အဲ့ဒီတော့ အာရဗီ ရီဇီက် နှင့် အူရ်ဒူ ရိဇီက် ကတော့ မတူဘူးခင်ဗျား။ အူရ်ဒူ ရိဇီက် က စားစရာ သောက်စရာဖြစ်ပြီး အာရဗီ ရိဇီက်ကတော့ ဘဝရဲ့လိုအပ်ချက် အားလုံးကို ပြောတာ ဖြစ်ပါတယ်။

ဒါကြောင့် လူ့ဘဝရဲ့လိုအပ်ချက် အစာအာဟာရအတွက် ပြဿနာကိုဖြေရှင်းဖို့ အလွန်အရေးကြီးတဲ့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာလူသားတွေကို ဆုမွန်ဒုဝါ အဖြစ် ဒုအားစိုက်ပြီး ရှာဖွေနည်းကို သင်ပေးထားပါတယ်။ ကုရ်အာန်အဖွင့်ကဏ္ဍ စူရာဟ် ဖှတွေဟအ် စူရာဟ်(၁) အာယသ်(၄+၆)မှာ ဘာပြောထားလဲ။ (အီယာက နအ်ဗူဒူ)သင်အရှင်မြတ်ကိုသာ ကျွန်တော်မျိုးတို့ (အေဗဒသ်) နာခံရိုကျိုးလိုက်နာပါ၏။ (ဝအီယာက နဆ်သာအင်န်) အသင် အရှင်မြတ်ထံတော်မှ ကျွန်တော်မျိုးတို့၏ လိုအပ်ချက်ကို တောင်းခံပါ၏။ (တစ်နည်း) ပြောရရင် ကျွန်တော်မျိုးတို့ အသင် အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို နာခံရိုကျိုးလိုက်နာပြီး အသင်အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက်အတိုင်း ဘဝရဲ့လိုအပ်ချက်တွေကို ကျွန်တော်မျိုးတို့ ရှာဖွေရယူပါ၏

အလင်းပြကျမ်း အတွဲ(၁) စာမျက်နှာ(၁၇)မှာ တင်ပြထားတဲ့အတိုင်း ပြောရရင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော်မူပါရန် ကိုယ်တော်အရှင်မြတ်အထံတော်၌သာလျှင် ဆုတောင်းပါ၏ဟု ကတိခံဝန်ချက်ပေးထားသည်နှင့် အညီ “ဝလီ” သူတော်စင်များကို ထားဘိဦး။ အလ္လာဟ်အရှင်မြတ်၏ အကြည်တော်များဖြစ်သော နဗီတမန်တော်များထံမှ ဆုတောင်းခြင်းကို မပြုလုပ်ရဟု ကောင်းစွာအမြဲနှလုံးသွင်းကြပါလို့ နှိုးဆော်ထားတာ တွေ့ရပါတယ်။ (အိဟ်ဒီနာ)ဆိုတာ ကျွန်တော်မျိုးတို့အား ညွှန်ကြားပြသတော်မူပါ။ (အဆ်ဆွေရာသ်)ဆိုတဲ့လမ်းကို ဘယ်လိုလမ်းလဲ၊ (အာလ်မွတ်စ်တကိမ်း) တည်ကြည် ဖြောင့်မတ်တဲ့လမ်းကို (၁း၅) ဒီအာယသ်တော်မှာ အလ္လာဟ်အရှင်မြတ်က ညွှန်ပြထားတဲ့ လမ်းစဉ်ဟာ ဖြောင့်မတ်တယ်၊ တည်ကြည်တယ်၊ အကွေ့အကောက်ကင်းမဲ့တဲ့လမ်းဟာ ရှေ့ကိုသွားရင် အမြင့်ကို တက်ရောက်နိုင်တဲ့လမ်း ဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို (ဆွေရာတွလ်မွတ်စ်တကိမ်း)ဖြစ်တဲ့လမ်းကို ညွှန်ကြားပြသတော် မူပါလို့ ဒုအာအဖြစ် သင်ပေးထားတာဖြစ်ပါတယ်။

(“ဆွေရာတွလ် လဇီနာ အာန်အာမ်တအာလိုင်ဟိမ်”) “အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့သော သူမွန်သူမြတ်တို့၏လမ်းကို ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။” (၁း၆) ဒီအာယသ်တော်(၁း၆)အရ (ဆွေရာတွလ်မွတ်စ်တကိမ်း) လမ်းစဉ်ပေါ်မှာ ရောက်ပြီးတော့ အကျိုးကျေးဇူးကို ခံစားခဲ့တဲ့ လူတွေရဲ့လမ်းစဉ်ကို ကျွန်တော်တို့ကိုညွှန်ပြပါလို့ ကျွန်တော်တို့က နေ့စဉ် ဆွလားသ်တည်ဆောက်တိုင်း တောင်းဆိုနေ ကြတယ် မဟုတ်လား။ အဲဒီတော့ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ Form ပိုင်းဆိုင်ရာ ဆွလားသ်တည်ဆောက်တိုင်း ဥပမာ နှုတ်ချိုနေသော အီရန်မှာ ဖါရ်ဆီလို့ပြောနေကြတဲ့ နမာဇ်ဖတ်တဲ့အခါ ဖတ်ရွတ်တဲ့အာယသ်တော်တွေကို နားလည်လား၊ နားမလည်ရင် နားလည်ဖို့ မိမိတို့ပေါ်မှာ ဖရဇ် တာဝန်ရှိတယ်။ အနည်းဆုံး ကုရ်အာန်ဘာသာပြန်ဖတ်ပြီး သိနားလည်ရမည်။

ကျွန်တော်တို့ဖတ်လိုက်တဲ့ အာယသ်တော်ရဲ့ အနက်အဓိပ္ပါယ်၊ ဆိုလိုရင်း တရားသဘောက ဘာလဲ၊ အလ္လာဟ်က ကုရ်အာန်ကို ဘာ့ကြောင့်ချပေးတာလဲ၊ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန် စူရာဟ် (၄၇)၊ အာယသ်(၂၄)မှာ ဘာပြောထားလဲ။ (“အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ!)လူတွေ ကျမ်းတော်မြတ်ကုရ်အာန်ကို သေသေချာချာလေ့လာ စဉ်းစားဆင်ခြင် သုံးသပ်ခြင်း၊ သုတေသနမလုပ်ဘူးလား၊ ဒါမှမဟုတ် သူတို့ရဲ့နှလုံးသားပေါ်မှာ  သော့ခလောက်တွေ အထပ်ထပ် ခတ်ထားသလား။” (၄ရး၂၄)

အဲ့ဒီတော့ အလ္လာဟ်အရှင်မြတ်က (ဆွေရာတွလ်မွတ်စ်တကိမ်း)တည်းဟူသော လမ်းစဉ်ကိုချီးမြှင့်ထားပြီးပြီ။ အလ္လာဟ်ချီးမြှင့်ထားတဲ့  အဲ့ဒီ (ဆွေရာတွလ်မွတ်စ်တကိမ်း) လမ်းစဉ်ကတော့ လူ့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ထာဝရ ပြဌာန်းချက်ဖြစ်တဲ့ ဥပဒေပေါင်းချုပ် ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ရှိပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ စ-လယ်-ဆုံး တစ်အုပ်လုံးကို ဖတ်ရွတ်လေ့လာ သိရှိနားလည်ပြီး  လိုက်နာကျင့်သုံးခြင်းဟာ (ဆွေရာတွလ်မွတ်စ်တကိမ်း) လမ်းစဉ်ပေါ်မှာ လိုက်နာခြင်းဖြစ်ပါတယ်။ အဲ့ဒီလို မလိုက်နာတဲ့လူတွေဟာ မိမိတို့ကိုယ်ကို မွတ်စလင်မ်ဖြစ်ပါတယ်လို့ ဘယ်လောက်ပဲ ပြောဆိုတာဖြစ်စေ၊ မွတ်စလင်မ်ဆိုသူများပဲ ဖြစ်မည်။ အလ္လာဟ်ပြောထားတဲ့ မွတ်စလင်မ်၊ အလ္လာဟ်ရဲ့အမိန့်တော်ကို နာခံတဲ့ မွတ်စလင်မ်ဖြစ်ချင်ရင် ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အာယသ်တော်တွေကိုသာ ယုံကြည်လိုက်နာကျင့်သုံးရမည်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ နည်းပေးလမ်းညွှန်တဲ့ ဒီးန်စနစ်ဇယား၊ အစ္စလာမ်လူနေမှုစနစ်ကနေ မျက်နှာလွှဲပြီးတော့ အခြား အခြားလူလုပ်စနစ်လမ်းစဉ်တွေကို လိုက်နာမည်ဆိုရင် (ဒွါလာလသ်) လွဲမှားတဲ့ လမ်းစဉ်ဖက်ကို ရောက်သွားမည်။ အဲ့ဒီတော့ (ဆွေရာတွလ်မွတ်စ်တကိမ်း) လမ်းစဉ်ပေါ်မှာ လိုက်နာမည်ဆိုရင် ဘာရမှာလဲ၊ ဘေးရန်ကင်းပြီး ဘဝရဲ့လိုအပ်ချက် အစာအာဟာရတွေကို ဖောဖောသီသီ အလျှံအပယ်ရရှိမည်။ (ဆွေရာတွလ်မွတ်စ်တကိမ်း) လမ်းစဉ်ကို မျက်နှာလွဲှပြီးတော့ ကျောခိုင်းသွားမည်ဆိုရင်၊ ဒါမှမဟုတ် ကုရ်အာန်ကိုတော့ယုံတယ်၊ ဒါပေမယ့် ယုံကြည်ချက်ပိုင်းဆိုင်ရာ၊ ဟိုဟိုဒီဒီ ဆရာသခင်ဆိုသူတွေ ရေးသားထားတဲ့ကျမ်းစာတွေလိုတယ်၊ ဒါမှမဟုတ် လူ့စိတ်ကူးနှင့် ဖော်ဆောင်ထားတဲ့ ဥပမာ – ယဟူးဒီ နှင့် နဆွရာနီ တွေရဲ့လွဲမှားတဲ့ လမ်းစဉ်တွေကို တွဲဖက်နှိုင်းယှဉ်ပြီး လိုက်နာမည်ဆိုရင် လှေနံနှစ်ဖက် ခွစီးကြမည့်လူ မွတ်စလင်မ် ဆိုသူများဟာ မျက်ကန်းဘဝနှင့် ကြောက်ရွံ့စိုးရိမ်ခြင်း၊ ဆာလောင်ငတ်ပြတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်။

ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာ စစ်ပွဲနှင့်အစာအာဟာရအတွက် ပြဿနာကြောင့် မိမိမူရင်းနိုင်ငံကနေ ရွှေ့ပြောင်းနေရတာ၊ ထွက်ပြေးနေရတာ၊ လူကုန်ကူးခြင်းခံနေရတာ၊ စက်လှေတွေ၊ သင်္ဘောတွေ နစ်မြုပ်ပြီး သေဆုံးနေတာ၊ ဒုက္ခသည်ဘဝမှာ ပြဿနာမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေတာ မွတ်စလင်မ် အများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့မွတ်စလင်မ်တွေ၊ ဥပမာ- အရှေ့ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှမှာ ရှိတဲ့ မွတ်စလင်မ်နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ အမိန့်ကိုမနာခံပဲ ခြေတစ်လှမ်းတောင် မလှမ်းနိုင်ဘူး။ အဲ့ဒီ အင်အားကြီး နိုင်ငံတွေရဲ့ ချုပ်ကိုင်မှုအောက်မှာ ခေါင်းငုံ့ခံနေရတယ်ဆိုတာ ကမ္ဘာ့သတင်းမီဒီယာကို လေ့လာတဲ့လူတွေ အသိဆုံးဖြစ်တယ်။

ဘာကြောင့် ကျွန်တော်တို့ မွတ်စလင်မ်တွေ ဒီလိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်နေရတာလဲ။ ကျမ်းတော်မြတ်ကုရ်အာန်ကို အမြဲ စဉ်းစားဆင်ခြင် တွေးတောခဲ့တဲ့ (၂၀)ရာစု အတွေးအခေါ်ပညာရှင် အလ္လမ ဒေါက်တာ အက်ဘာလ် က ကဗျာစပ်ဆိုရင်နေ (ယိဟ်ဧက်ဆွစ်ဂျ်ဒါ ဂျေဆေသုဂရန် ဆမဂျ်သာဟေ အို့ဟ်ဟဇာရ် ဆစ်ဂျ်ဒယ်ဆေဒယ်သဟေ အာဒ်မိကိုနေဂျာသ်) တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံရိုကျိုးလိုက်နာမည်ဆိုရင် မြောက်မြားစွာသော အတုအယောင် အာဏာရှင်တွေရဲ့အမိန့် နာခံမှုမှ လွတ်မြောက်သွားမည်။ ဒါပေမယ့် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံရိုကျိုးလိုက်နာခြင်း မရှိတဲ့အတွက်ကြောင့် မြောက်မြားစွာသော အာဏာရှင်တွေရဲ့ အမိန့်တော်ကို နာခံနေရတာ ဖြစ်တယ်။

အဲ့ဒီတော့ လူတစ်ယောက်ဟာ ကျမ်းတော်မြတ်ကုရ်အာန်ကညွှန်ပြနေသော (ဆွေရာတွလ်မွတ်စ်တကိမ်း) လမ်းစဉ်ကနေ လွဲချော်ပြီး ဒီမျက်မှောက်ကာလမှာ အကန်းဖြစ်မည့်သူဟာ အနာဂတ်ကာလ အာခီရာသ်မှာလည်း အကန်းသာ ဖြစ်မည့်အကြောင်း အလ္လာဟ်အရှင်မြတ်က နှစ်ပေါင်း(၁၄၀၀)ကျော်က ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ဗနီအီစ်ရာအီးလ် စူရာဟ် (၁၇) အာယသ်(၇၂)မှာ “စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင် မျက်စိကန်းသူဖြစ်ခဲ့ရင်၊ ထိုသူသည် နောင်တမလွန်ဘဝတွင်လည်း မျက်စိကန်းသူ ဖြစ်ရုံသာမက မှန်ကန်သော လမ်းမှ ပို၍ဝေးသူလည်းဖြစ်မည်။” (၁ရး၇၂) ဒါကတော့ အများ ကုရ်အာန်ဘာသာပြန် အဓိပ္ပါယ်ဖြစ်ပါတယ်။

အကန်းဖြစ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ အသား မျက်စိကန်းတယ်လို့ ပြောတာမဟုတ်ဘူးနော်။ နှလုံးသား မျက်စိ၊ အသိဉာဏ်ရဲ့မျက်စိကန်းတယ်လို့ ပြောတာ။ (အာလ်ဟာက်) အမှန်တရား၊ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ (ဆွေရာတွလ်မွတ်စ်တကိမ်း) ကနေပြီးတော့ လွဲချော်နေတာကို ပြောတာ။ ကျွန်တော်တို့ရဲ့ဘဝတည်ဆောက်မှုအတွက် အမှန်တရားက ဘယ်ဟာလဲ။ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ နည်းပေးလမ်းညွှန်မှုသာ ဖြစ်ပါတယ်။ ကုရ်အာန်မှာပါတဲ့ နည်းပေးလမ်းညွှန်မှု (ဆွေရာတွလ်မွတ်စ်တကိမ်း) ကနေ လွဲချော်သွားမည်။ လူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ လုံးဝ လွဲမှားသွားမည့်အကြောင်း ကုရ်အာန် စူရာဟ် အာလေ့အိမ်ရာန် စူရာဟ် (၃) အာယသ် (၁၁)မှာ အလ္လာဟ်အရှင်မြတ်ကဘာပြောထားလဲဆိုရင်

“ဤသူများသည် အကြင်သူများပင်တည်း။ ယင်းသူတို့သည် ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် အချည်းနှီး အကျိုးမဲ့ ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။” (၃း၂၂) ဒါကတော့ အများကုရ်အာန် ဘာသာပြန် အဓိပ္ပါယ်ဖြစ်ပါတယ်။ (အိုလာ အီကလ်လဇီနာ) အဲဒီလူတွေဟာ (ဟာဘီသဒ်) အကျိုးမဲ့ အချည်းနှီးဖြစ်တယ်။ (အာအ်မာလဟွမ်) အဲဒီလူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ အကျိုးမဲ့အချည်းနှီး ဖြစ်လေပြီး (ဖိဒ်ဒွးန်ယာ) ဒွးန်ယာ ဆိုတဲ့ အနီးစခန်း မျက်မှောက်ကာလ လောကီဘဝမှာ (ဝလ်အာခိရဟ်) အာခိရသ်ဆိုတဲ့ နောင်လာမည့် အနာဂတ်ကာလမှာ (ဝမာလဟွမ်) အဲဒီလူတွေအတွက် မရှိဘူးတဲ့။ (မင်န်နာဆေရိန်) ကူညီကယ်ဆယ်မည့်သူ တစ်ဦးတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။  ဆိုလိုတဲ့တရားသဘောကတော့ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ (ဂျာမာအာသ်) အုပ်စုလိုက်ဖြစ်စေ၊ အလ္လာဟ် အရှင်မြတ် ထုတ်ပြန်ပို့ချထားတဲ့ ကုရ်အာန်မှာပါတဲ့ ဒီးန်စနစ်ဇယားအစ္စလာမ်ကနေပြီးတော့ လွဲမှားတဲ့စနစ်လမ်းစဉ်တွေကို ယုံကြည်လိုက်နာပြီး ဘဝနိဂုံးချုပ်မည်ဆိုရင်တော့အဲဒီလူတွေမျက်မှောက်ကာလ လောကီဘဝမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေဟာ အကျိုးမဲ့ အချည်းနှီးဖြစ်တဲ့အတွက်ကြောင့် အနာဂတ်ကာလ အာခိရသ်မှာလည်းဘဲ ဘေးဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့ရမည်။ အဲ့ဒီလို ဘေးဒုက္ခနှင့်ရင်ဆိုင်ကြုံတွေ့ရမည့်အချိန်မှာ အားပေးသူ၊ ကူညီကယ်ဆယ်မည့်သူတစ်ဦးတစ်ယောက်မှ ရှိမှာမဟုတ်ဘူးလို့ အလ္လာဟ်အရှင်မြတ်က ကြိုတင်သတိပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတော့ လူတိုင်းလူတိုင်းအတွက် အနာဂတ်ကာလဆိုတာ ရှောင်လွဲှလို့မရတဲ့ အချိန်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ကာလအတွက် ဒီမျက်မှောက်ကာလကို အရင်းတည်ရမည်။ အနာဂတ်ကောင်းဖို့အတွက် အားထုတ်ကြိုးပမ်းရမည်။ အဲ့တော့ မျက်မှောက်ကောင်းမှ အနာဂတ်ကောင်းမည်။ ဒါကြောင့် လက်ရှိအနေအထားမှာ အမြင်ကန်းနေသူတွေဟာ အနာဂတ်ကို ကြိုတင်မြင်နိုင်မှာ မဟုတ်ဘူးနော်။ အနာဂတ်ကောင်းလိုသူတွေအတွက် မိမိတို့ရဲ့လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး လိုအပ်ချက်များကို လိုအပ်သလို ပြင်ဆင်မွမ်းမံရမှာ ဖြစ်တယ်။ 

ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အလ္လာဟ်ရဲ့ အာယသ်သက်သေအထောက်အထား တရားဒေသနာတော်ကို ယုံကြည်လိုက်နာကြတဲ့လူတွေ မဟုတ်မမှန်တာတွေ လုပ်မှာလား။ ဘယ်တော့မှ မလုပ်သလို၊ အရေးမပါ အရာမရောက်တဲ့ လူ့အဖွဲ့အစည်းကို အကျိုးသက်ရောက်မှု မရှိသော လုပ်ရပ်ကိုလည်းလုပ်မှာ မဟုတ်ဘူးလို့ပြောချင်ပါတယ်။   ကုရ်အာန်မှာ ပါတဲ့ အာယသ်တော်တွေကို မယုံတဲ့လူတွေ အနာဂတ်ကာလ အာခိရသ်ဆိုတာလည်း မသိဘူး။ အဲ့တော့ ယုံကြည်ချက်ခိုင်မာမှု မရှိတဲ့လူတွေ ဒီမျက်မှောက်ကာလမှာ ထင်ရာစိုင်းပြီးတလွဲတချော် လွဲမှားတဲ့လုပ်ရပ်ကြောင့် အာခိရသ်မှာ ပြစ်ဒဏ်ပေးခံရမှုမှာလွတ်မြောက်ဖို့အတွက် အကူအညီပေးမည့်သူ ရှိမှာမဟုတ်ကြောင်း အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ ကြိုတင်သတိပေး ထားတာဖြစ်ပါတယ်။

ကျွန်တော်စောစောကတင်ပြထားတဲ့ စူရာဟ်(၃) အာယသ်(၂၂)မှာ ပါတဲ့ (ဟာဘီသဒ်) အကျိုးမဲ့ အချည်းနှီး ဖြစ်မည့်လုပ်ရပ်ကို ကောင်းမွန်တဲ့လုပ်ရပ်ဆိုပြီးတော့ ထင်မြင်ယူဆချက်နှင့် ကုသိုလ်ကောင်းမှုရရှိဖို့၊ လွယ်လွယ်ကူကူ ပေါချောင်ကောင်းဂျန္နသ်ရရှိဖို့ လူသေအလောင်းမြှုပ်ထားတဲ့နေရာ၊ ဥပမာ –  သချိုင်းမှာ လူအများစုဝေးပြီးတော့ တန်ဖိုးရှိတဲ့ ငွေကြေးတွေ၊ အချိန်ကာလကို သုံးဖြုန်းပြီး ပွဲတော်ကျင်းပနေတာသိရပါတယ်။ အဲဒါတွေဟာ ကုရ်အာန်ကျရောက်ခဲ့တဲ့ မက္ကာဟ် နှင့် မဒီနာက ရောက်လာခဲ့တဲ့ ဒီးန်စနစ်ဇယား အစ္စလာမ်မဟုတ်ပါဘူး။ အီရန်၊ ပါရှန်နှင့် အိန္နိယနယ်စပ်ကနေ “ဂျူတီမဆောင်ပဲ ရေဂျိစ်ထာ”မပါဘဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ အလံတင်တာ၊ အချို့က လျှာဖောက်၊ နားဖောက်၊ ကခုန်တီးမှုတ်ပြီး ကြီးကြီးကျယ်ကျယ်တဲ့ အခမ်းအနား ကျင်းပနေတာတွေ့ရပါတယ်။ နောက်ပြီးတော့ အချို့ကတော့ မိမိတို့ရဲ့ လိုအပ်ချက်ဖြစ်တယ်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အတွက် လူသေအလောင်းမြှုပ်နှံထားတဲ့ အုတ်ဂူရှေ့မှာ “ဆဂျိဒါ” ဦးချ ရှိခိုးပြီး တောင်းနေကြတာ တွေ့ရပါတယ်။

အဲဒီလိုမျိုး လုပ်ရပ်ဟာ လူသားကို အထူးသဖြင့် မွတ်စလင်မ်တွေကို ဒီးန်စနစ်ဇယား၊ အစ္စလာမ် လူနေမှုစနစ်ဖက်ကိုလည်းကောင်း၊ လူ့ဘဝရဲ့ လိုအပ်ချက် အစာအာဟာရအတွက် ပြဿနာကို ဖြေရှင်းပြီး တိုးတက်ဖွံ့ဖြိုးဖို့ အတွက်ကိုလည်းကောင်း၊ ဘာဦးတည်ချက်မှမရှိသော ဥရုးစ်ပွဲ၊ တစ်နှစ်တစ်ခါ ကျင်းပကြတဲ့ အများအမြင်မှာ ဒါရ်ဂါ ကုလားဘုရားပွဲလို့ ပြောကြတယ်။ (“ဟာဘီသဒ် အာမာလ်”) အကျိုးမဲ့အချည်းနှီးဖြစ်တဲ့ လုပ်ရပ်ဆိုတာ သိနားလည်ဖို့ လိုပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ဘာလုပ်ရပ်မဆို၊ မိမိတို့ရဲ့ ဥစ္စာပစ္စည်းနှင့် အချိန်ကာလကို အသုံးချမှုဟာ လူ့ဘဝရဲ့လိုအပ်ချက်ဖြစ်တဲ့ အစာအာဟာရအတွက် ပြဿနာကို ဖြေရှင်းပြီး တိုးတက်ဖွံ့ဖြိုးသော ကျမ်းတော်မြတ် ကုရ်အာန်နည်းကျ ဖြစ်ရမည်။ ဒါကြောင့် ဘဝရဲ့လိုအပ်ချက် အစာအာဟာရကို ဖောဖောသီသီ အလျှံအပယ်ရရှိဖို့အတွက် (အာဟ်လေကိသာဗ်) လို့ခေါ်တဲ့ ရှေးကျမ်းရ ယဟူးဒီနှင့် နဆွရာနီ တွေကို တောင်ရာတ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်း၊ ပြီးတော့ ကုရ်အာန်ကျမ်းမြတ်နှင့် ပတ်သက်လို့ အလ္လာဟ်အရှင်မြတ် က ကုရ်အာန်စူရာဟ်(၅) အာယသ်(၆၆)မှာဘာပြောထားလဲဆိုရင် (ဝလောက်) အကယ်၍သာ (အာန်နာဟွမ်) ဧကန်အမှန်အဲ့ဒီလူတွေဟာ (အာကာမူ) ဆိုတာ သူတို့တည်မြဲစောင့်ထိန်းရမည်၊ သူတို့အတည်ပြုလိုက်နာကြမည်ဆိုရင် (အာသ်တောင်ရာသဝလ်အင်န်ဂျိလ) တောင်ရာတ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းစာတွေကို အတည်ပြုလိုက်နာကြမည်ဆိုရင် (ဝမာအွန်ဇီလာ အီလိုက်င်ဟိမ်) သူတို့ဆီကို ထုတ်ပြန်ပို့ချခြင်းခံရသောအရာကို (တစ်နည်း) ပြောရရင် ကုရ်အာန်ကျမ်းမြတ်ကို (မင်န်ရဗ်ဗီဟီမ်) သူတို့ကို အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင် (ရဗ်)ဖြစ်တဲ့ အလ္လာဟ် အရှင်မြတ်ထံမှ (လအာကလူ) မုချအမှန် သူတို့စားသုံးကြရမှဖြစ်တယ်။ (မင်န်ဖောင်ကိဟိမ်) သူတို့ရဲ့အထက်မှာ၊ အထက်မှာ ဘာရှိလဲ၊ အာကာသ မိုးကောင်ကင်ရှိတယ်။ (ဝမင်န်သဟ်သိအာရ်ဂျူလေဟိမ်) ဆိုတာ သူတို့ရဲ့ခြေထောက်အောက်မှာ၊ ခြေထောက်အောက်မှာ ဘာရှိလဲ၊ ပထဝီမြေကြီးရှိတယ်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ရှိတာတွေကို ပြောတာ။ (မင်န်ဟွမ် အွမ္မသွန်) သူတို့အနက်မှ အုပ်စုတစ်စု ရှိတယ်တဲ့။ ဘယ်လိုအုပ်စုလဲ။ (မွက်သဆိဒဟ်) ဆိုတာ ဖြောင့်မတ်တည်၊ တည်ကြည်တယ်။ (ဝကဆီရွမ်မင်န်ဟွမ်) သို့သော် သူတို့အနက်မှ လူအများစုကတော့ (ဆာအာ)ဆိုတာ အလွန်ဆိုးရွားသူတွေ ဖြစ်တယ်။ (မာယာအ်မလွန်) အဲဒီလူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု (အာမလ်)ဟာ အလွန်ဆိုးရွားတယ်လို့ပြောတာ။

(“အလ္လာဟ်က ဘာပြောထားလဲ!) အကယ်၍ ယဟူးဒီနှင့် နဆွရာနီတွေ တောင်ရာတ်ကျမ်းနှင့် အင်န်ဂျိလ် ကျမ်းစာများ အပြင် သူတို့ကို အဆင့်ဆင့်ပြုစုပျိုးထောင် လမ်းညွှန်ရှင် (ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန် ပို့ချခြင်းခံရတဲ့ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အကြောင်းအရာအာယသ်တရားဒေသနာတော်ကို အတည်ပြုလိုက်နာမည် ဆိုရင်၊ ဧကန်အမှန် အဲဒီ ယဟူးဒီနှင့် နဆွရာနီတွေရဲ့ အထက်မှဆိုတဲ့ အာကာသမိုးကောင်းကင်မှာလည်းကောင်း၊ သူတို့ရဲ့ ခြေထောက်အောက်မှဆိုတဲ့ ကမ္ဘာဂြိုလ်ရဲ့ မြေပေါ်မြေအောက်မှာလည်းကောင်း၊ အဲဒီ ယဟူးဒီနှင့် နဆွရာနီတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လိုအပ်ချက်ဖြစ်တဲ့ အစာအာဟာရတွေကို ဖောဖောသီသီ အလျှံအပယ် ရရှိကြမှာဖြစ်တယ်။ သို့သော် သူတို့အနက်မှ (ဂျမာအသ်)အုပ်စုတစ်စုက ဖြောင့်မတ်မှန်ကန်တဲ့လမ်းကို လိုက်နာပေမဲ့ လူအများစုရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကတော့ အလွန်ဆိုးရွားပါတယ်တဲ့။” (၅း၆၆)

အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်း နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မွတ်စလင်မ်တွေကို လေ့လာကြည့်ပါ။ မွတ်စလင်မ် လူနည်းစုက ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ ဒီးန်စနစ်ဇယား အစ္စလာမ်ကို သက်ဝင်ယုံကြည်လိုက်နာပေမယ့် မွတ်စလင်မ် လူအများစုကတော့ကုရ်အာန်ကို ယုံကြည်ပါတယ်လို့ပြောဆိုပြီး လက်တွေ့ဘဝမှာတော့ အခြားအခြား အရာတွေကို ယုံကြည်ရမည်ဆိုတဲ့ သာသနာပိုင်ကျောင်းတော်ဝါဒ မဇ်ဟာဘ်ရဲ့ သွန်သင်ဆုံးမမှု ကျမ်းစာဆိုတဲ့ စာအုပ်တွေကို ယုံကြည်လိုက်နာနေတာ တွေ့ရပါတယ်။ ဒါကြောင့် (အာဟ်လေ့ကိသာဗ်) လို့ခေါ်တဲ့ တောင်ရာတ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းစာတွေကို ရရှိခဲ့တဲ့ ယဟူးဒီ နှင့် နဆွရာနီ ကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်မှာ သတင်းကောင်း ပေးရင်းနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို ရရှိထားတဲ့ ကျွန်တော်တို့မွတ်စလင်မ်တွေ ယဟူးဒီနှင့် နဆွရာနီတွေလို မဖြစ်ရလေအောင် သတိပေးနှိုးဆော်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ကုရ်အာန်စူရာဟ် (၇) အာယသ်(၉၆)မှာ အလ္လာဟ်အရှင်မြတ်က မြို့ရွာမှာနေသူတွေကို ဘဝရဲ့လိုအပ်ချက် အစာအာဟာရနှင့် ပတ်သက်လို့ ဘာပြောထားလဲ။ “အကယ်၍သာ (နဗီတမန်တော်များ ပွင့်ခဲ့ကြလေသော) မြို့ရွာဒေသ၌ မှီတင်းနေထိုင်ကြကုန်သော သူတို့သည် အီမာန်ယုံကြည်ခြင်း သဒါ္ဒတရား ထားရှိကြ၍ ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ခဲ့ကြပါမူ ငါအရှင်မြတ်သည် ထိုသူတို့အဖို့ မိုးကောင်ကင်မှာလည်းကောင်း၊ ပထဝီမြေမှာလည်းကောင်း၊ မင်္ဂလာအဖြာဖြာတို့ကို မုချဖွင့်ပေးတော်မူခဲ့အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (နဗီတမန်တော်အသီးသီးတို့အား) မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသည့် (ပြစ်မှုဒုစရိုက်များ)ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။” (ရး၉၆) ဒါကတော့အများ ကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။

(ဝလောင်ဝ်)အကယ်သာ (အာန်နာအာဟ်လာလ်ကုရာ) မြို့ရွာသားတွေဟာ အာဟ်လာလ်ကုရာ ဆိုတာ ရွာမကြီးသားကို ခေါ်သလို၊ မက္ကာဟ်မြို့သားကိုလည်းခေါ်တယ်။ (အားမနှုး) သူတို့သက်ဝင်ယုံကြည်ပြီး (ဝသ်သကောက်) နောက်ပြီးတော့ သူတို့သက္ကဝါဆိုတဲ့ လိုက်နာစရာတွေကို လိုက်နာဆောင်ရွက်မည်ဆိုရင် (လဖသဟ်နာ) မုချဧကန် ငါအရှင်မြတ် ဖွင့်ပေးတော်မူမည်။ (အာလိုင်န်ဟိမ်) အဲဒီမြို့ရွာသားတွေအပေါ်မှာ (ဘရာကာသိန်) ဘရ်ကတ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျက်သရေ မင်္ဂလာကို တိုးပွားများပြားဖြစ်ထွန်းစေမည်။ဘယ်ကလဲဆိုတာ အလ္လာဟ်က ဆက်ပြောထားတယ်။ (မိနာဆ်ဆမာအေဝလ်အာရ်နေ) အာကာသ မိုးကောင်ကင်နှင့် ကမ္ဘာဂြိုလ်တစ်ခွင်တပြင်လုံးမှာ (ဝလာကင်န်) သို့သော် သူတို့က (ကဇ်ဇာဗူ) အဲဒီလူတွေက အလ္လာဟ်ပြောထားတာတွေကို မဟုတ်မမှန်ဆိုပြီး စွပ်စွဲခဲ့တယ်။ ငြင်းပယ်ခဲ့တယ်။ (ဖ)ဒါကြောင့် (အာခဇ်နာဟွမ်) ဆိုတာ ငါအရှင်မြတ်က ဖမ်းဆီးကွပ်မျက်ခဲ့တယ်။ (ဗိမာ) ဘာကြောင့် အလ္လာဟ်က အဲဒီလိုလုပ်ခဲ့တာလဲ။ (ခါနူယက်ဆေဗုန်) အဲ့ဒီလူတွေ ရှာဖွေဆည်းပူးခဲ့တဲ့ အကြောင်းအရာကြောင့် ဖမ်းဆီးကွပ်မျက်ခဲ့တာဖြစ်တယ်။

မြို့ရွာဒေသတွေမှာ နေထိုင်ကြတဲ့လူတွေ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချထားတဲ့  ကုရ်အာန်ကျမ်းမြတ်မှာပါတဲ့ ပြဌာန်းချက်ဥပဒေစည်းမျဉ်းတွေ မှန်ကန်ကြောင်း သက်ဝင်ယုံကြည်ပြီး လူ့ဘဝတည်ဆောက်မှုမှာ ပျက်စီးဆုံးရှုံးစေမယ့် ရှောင်စရာတွေကိုရှောင်ပြီး ဆောင်ရွက်စရာတွေကို ဆောင်ရွက်မည်ဆိုရင် အလ္လာဟ်အရှင်မြတ်က အာကာသမိုးကောင်းကင် နှင့် ကမ္ဘာဂြိုလ်တစ်ခွင်တပြင်လုံးက ဘရ်ကတ်မင်္ဂလာ တိုးပွား ဖြစ်ထွန်းစေမှာဖြစ်တယ်။ (တစ်နည်းပြောရရင်)  လူ့ဘဝရဲ့လိုအပ်ချက် အစာအာဟာရအတွက် ပြဿနာကိုဖြေရှင်းနိုင်တဲ့ သဘာဝသယံဇာတတွေကို အလျှံပယ်တိုးပွားများပြား စေရန် အလ္လာဟ်အရှင်မြတ်က ဧကန်မလွဲ လမ်းဖွင့်ပေးမှာဖြစ်ပါတယ်။

ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ ဖော်ပြထားတဲ့ မြို့ရွာဒေသခံတွေလို ကျွန်တော်တို့ မွတ်စလင်မ်တွေ အလ္လာဟ်အရှင်မြတ်ချပေးထားတဲ့ ကုရ်အာန်မှာပါတဲ့ အာယသ်တော်တွေကို ဖတ်ရွတ်လေ့လာစဉ်းစား ဆင်ခြင်သုတေသန မလုပ်ပဲ အလ္လာဟ်ကျွေးမွေးစောင့်ရှောက်မည်ဆိုပြီး ဆွလားတွလ် ဟာဂျာတ် နမာဇ်လေး ဖတ်လိုက်ရုံနဲ့ လက်ကလေးဖြန့်ပြီး ဒုဝါလေးတောင်းလိုက်ရုံနဲ့ မိုးကောင်းကင်ပေါ်က စားစရာ သောက်စရာ အထုတ်တွေ ရောက်လာမှာ မဟုတ်ဘူး။ မိမိတို့ရဲ့  အခက်အခဲပြဿနာတွေ အလိုလိုပျက်ပြယ်သွားမှာ မဟုတ်ဘူး။

ဒီနေ့ ကျွန်တော်တို့ မွတ်စလင်မ်လူများစုက လိုရာပြီးမြောက်သွားနိုင်တယ်ဆိုတဲ့ အချောင်လမ်းစဉ်ဖြစ်တဲ့ နည်းနည်းလုပ် များများအကျိုးမျှော်တဲ့ ဉာဏ်မျိုးကိုမွေးတတ်ကြတယ် မဟုတ်လား။ ဘယ်နေရာမဆို၊  ဘယ်အရာကိုမဆို အရင်ရင်းရတဲ့သဘော လွှမ်းမိုးနေတယ်ဆိုတာ သိထားဖို့လိုတယ်။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်စူရာဟ်(၇၆) အာယသ် (၃၀) မှာ ဘာပြောထားလဲ။ (ဝမာသရှာအိုနာအိလ်လာအိုက်န်ယရှာအလ္လာဟ်) စင်စစ် အလ္လာဟ်အရှင်မြတ် အလိုတော်မမူပဲ အသင်တို့သည် အလိုရှိနိုင်ကြမည်မဟုတ်ပေ။ (၇၆း၃၀) ဒါက အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။ အဲ့တော့ အလ္လာဟ် အလိုရှိတဲ့အတိုင်း အလ္လာဟ်အလိုတူတဲ့အတိုင်း ကျွန်တော်တို့အရင်လုပ်မှ အလ္လာဟ်ရဲ့ ဥပဒေသက ကျွန်တော်တို့ရဲ့ လိုရာဆန္ဒကို ဖြည့်ဆည်းပေးမှာဖြစ်တယ်။

နောက်ပြီးတော့ ကျွန်တော်ခွတ္တဗာဟ်ရဲ့ နောက်ဆုံးမှာ ဖတ်ရွတ်ပြမည့် အာယသ်တော်ကို တင်ပြမည်။ ဒီစူရာဟ်(၂) အာယသ်(၁၅၂)မှာ အလ္လာဟ်ကဘာပြောထားလဲ! “သို့ဖြစ်ရာ အသင်တို့ ငါအရှင်မြတ်၏ အမိန့်တော်များကို ရိုသေစွာ လိုက်နာခြင်း အားဖြင့်လည်းကောင်း၊ အောက်မေ့တသ သတိရခြင်း ရှိကြကုန်လော့၊ ငါအရှင်မြတ်သည်လည်း အသင်တို့အား (ကူညီစောင့်ရှောက်တော်မူခြင်းအားဖြင့်) သတိရတော်မူမည်။ ထိုမှတပါး အသင်တို့သည် ငါအရှင်မြတ်၏ ကျေးဇူးတော်ကို သိကြကုန်လော့၊ အသင်တို့သည် ငါအရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။” (၂း၁၅၂) ဒါက အများကုရ်အာန်ဘာသာပြန် ဖြစ်ပါတယ်။ ဒီအာယသ်တော်ကို ကျွန်တော်ရဲ့ နောက်တစ်ခါအလှည့်မှာ သေသေချာချာ ရှင်းပြမည့်အကြောင်း တင်ပြရင်းနဲ့ ကျွန်တော့်ရဲ့တင်ပြမှုကို ဒီနေရာမှာဘဲ ရပ်နားခွင့်ပြုပါ။