အစ္စလာမ် နှင့် ဝဟီ ကုရ်အာန်သုတေသီ ဦးတင် ဝင်း(LL.B)

“လေးစားအပ်ပါသော ကြွရောက်လာကြသည့် လူကြီးမင်းများခင်ဗျား”
ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျူမုအာဟ်မှာ အေးချမ်းတည်ငြိမ်စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုခွင့် ရရှိတဲ့အပေါ်မှာ ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုရမှာဖြစ်ပါတယ်။ “အလ်ဟမ်ဒုလိလ္လာဟ်” ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ကို အရဗီဘာသာစာပေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို အခြေခံကစပြီး စနစ်တကျ နားလည်တတ်ကျွမ်းလာအောင် ပညာသင်ပေးခဲ့ကြတဲ့ ဆရာများအားလုံးကိုလည်းကောင်း၊ ကြွရောက်ချီးမြှင့်အားပေးကြတဲ့ လူကြီးမင်းများကိုလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
“အတ်စလားမု အလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ၊ ဝဗရကာသုဟု”
ကျွန်တော်ဒီကနေ့ တင်ပြမယ့် ခေါင်းစဉ်ကတော့ “ အစ္စလာမ် နှင့် ဝဟီ ” ဖြစ်ပါတယ်။ မွတ်စလင်မ်များ ယုံကြည်ရမယ့် အီမာန်ထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ ဝဟီ ဆိုတဲ့ ကဏ္ဍလည်းပါပါတယ်။ ပြီးတော့ အဲဒီ ဝဟီကို ယုံကြည်ပြီးတဲ့ နောက်မှာ ကျွန်တော်တို့က မိမိကိုယ်ကို မွတ်စလင်မ်အဖြစ်နဲ့နေရမယ့် တာဝန်ရှိလာပါတယ်။ ဒါကြောင့် စောစောက ရွတ်ဖတ်သွားတဲ့ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၂ အာယသ် ၂၀၈ မှာ အလ္လာဟ်အရှင်မြတ် အမိန့်ရှိတာက “ အို…. အီမာန် သက်ဝင်ယုံကြည်သူအပေါင်းတို့ …….. ” (ယာ၊ အိုက်ယူဟလ် လဇီးန၊ အာမနူ) အပြင်လူကို ပြောတာမဟုတ်ဘူး။ မယုံကြည်တဲ့ လူတွေကို ပြောတာမဟုတ်ဘူး။ အလ္လာဟ်စနစ်ကို ရင်ဘတ်ထဲကနေ စွဲမြဲစွာသက်ဝင်ယုံကြည်တဲ့ (ယာ၊ အိုက်ယူဟလ် လဇီးန၊ အာမနူ) လို့ပြောတာ။ ( အုဒ် ခူ လူ ) “ ဝင်ရောက်ကြလေကုန်။ ” မွတ်စလင်မ်ဖြစ်တဲ့လူတွေကို ပြောနေတာ။ ဘယ်အထဲကို ဝင်ရောက်ကြရမှာလဲ။ ( ဗီစ် ဆီလ် မိ ) အစ္စလာမ်ထဲကို။ ကျွန်တော်တို့က လွယ်လွယ်လေး ဘာသာပြန်ကြတယ်။ “မွတ်စလင်မ်တွေ အစ္စလာမ်ထဲကို ဝင်ရောက်ကြ ” မွတ်စလင်မ်တွေကို အစ္စလာမ်ထဲ ဘာကိစ္စဝင်ရောက်ခိုင်းတာလဲ။ ပြီးတော့ နောက်ဆက်တွဲ စကားလုံးတစ်လုံး ပြောထားတာရှိတယ်။ “ ကာဖ်ဖဟ် ” ( ပြည့်ပြည့်ဝဝ ဝင်ရောက်ကြ ) ရော့တိရော့ရဲ မဝင်ကြနဲ့။ နှစ်ပိုင်းတစ်ပိုင်း၊ ဟိုမရောက် ဒီမရောက်ပုံစံ မဖြစ်စေနဲ့။ အပြည့်အဝ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ အစ္စလာမ်ကို လက်ခံလို့ပြောနေတာ။ အကြွင်းမဲ့သိတဲ့ အလ္လာဟ်က ဒီဘန္ဒာတွေ၊ သူဖန်ဆင်းထားတဲ့ မွတ်စလင်မ်တွေ၊ သူ့ကိုယုံကြည်တဲ့ လူတွေဟာ ဘယ်လိုမျိုး မွတ်စလင်မ်တွေလဲဆိုတာ သူကောင်းကောင်းသိတော်မူတယ်။ မိရိုးဖလာ မွတ်စလင်မ်လား၊ အစ္စလာမ်ကို တကယ်ထဲထဲဝင်ဝင် လေ့လာပြီးသွားမှ ဖြစ်နေတဲ့ မွတ်စလင်မ်လားဆိုတာ အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့ သိတော်မူတယ်။
ဒီကနေ့ အစ္စလာမ်ဟာ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်မှာလဲလို့ မေးယူရလောက်အောင် အစ္စလာမ်ဟာ ပျောက်ဆုံးနေတယ်။ အစ္စလာမ် ဘယ်မှာလဲ။ လက်ညှိုးထိုးကြည့်လိုက်။ တစ်နေရာမှာ အဟ်လေစွန္နသ် ဝလ်ဂျမ္မအသ်၊ နောက်တစ်နေရာမှာ ဆလမ်၊ နောက်တစ်နေရာမှာ သရီကာ၊ အဲ့ဒီလိုဘဲ လက်ညှိုးထိုးလိုက်တိုင်း ခေါင်းစဉ်ကွဲတွေနဲ့ဘဲ တွေ့နေရမယ်။ ဘယ်မှာလဲ အစ္စလာမ်။ အစ္စလာမ်ပျောက်နေတယ်။ ဂိုဏ်းဂနတွေ ပေါ်ထွန်းနေတယ်။ မဇဟဗ်ကြီးတွေ ထွန်းကားနေတယ်။ လှေကြီးပေါ်မှာ လှေငယ်တွေ အများကြီးဆောက်နေကြတယ်။ ကောင်းပြီ။ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်ထဲကို အပြည့်အဝ ဝင်ရောက်ကြလို့ ကုရ်အာန်ထဲမှာ ဖေါ်ပြထားတဲ့အတွက် ကျွန်တော်တို့သည် မိမိကိုယ်မိမိ မပိုင်ဘူး။ ကျွန်တော်တို့ရဲ့တာဝန်က အစ္စလာမ်ကို မိမိက မွတ်စလင်မ်ဖြစ်ပြီဆိုလို့ရှိရင်၊ မွတ်စလင်မ်အဖြစ်နဲ့ နေမယ်ဆိုလို့ရှိရင်၊ အလ္လာဟ်အရှင်မြတ်ပြောတဲ့ အစ္စလာမ်ထဲကို အပြည့်အဝ ဝင်ကြပါ။ ဒါဆိုရင်အစ္စလာမ်ထဲမှာ တင်းပြည့်ကျပ်ပြည့် မွတ်စလင်မ် ဖြစ်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။ ဘယ်လိုမျိုးလဲ။ ဂိုဏ်းဂန တစ်ခုခု၊ တစ်ဖွဲ့ဖွဲ့ကို လက်ခံယုံကြည် အီမာန်ယူဖို့ လိုအပ်ပါသလား။ အစ္စလာမ်မှာ ဂိုဏ်းတွေအများကြီး ရှိတယ်။ အပြည့်အဝ မွတ်စလင်မ်ဖြစ်ဖို့အတွက် ဂိုဏ်းတစ်ခုခုရဲ့ လမ်းစဉ် တစ်ခုအောက်ကနေ ကျင့်သုံးမှ ဖြစ်မှာလား။ ဒါတွေဟာ ကျွန်တော်တို့အတွက် မြောက်များစွာသော မေးခွန်းတွေဖြစ်ပါတယ်။
စောစောပြောတဲ့ အစ္စလာမ်ပျောက်ဆုံးသွားတယ်ဆိုတာက လုံးလုံးလျားလျား ပျောက်သွားတာ မဟုတ်ပါဘူး။ ကုရ်အာန်မှာတော့ စာလုံးတစ်လုံး ဝေါဟာရတစ်ခုအနေနဲ့ဘဲ ရှိပါတယ်။ အပြင်မှာသွားရှာရင် နာမည်တူ ခေါင်းစဉ်ကွဲတွေ အများကြီးတွေ့လိမ့်မယ်။ နှစ်ပေါင်း ၁၄၀၀ ကြာမြင့်ပြီဖြစ်တဲ့ အစ္စလာမ်ဟာ ကုရ်အာန်ထဲမှာ အစ္စလာမ်ဆိုတဲ့ စကားလုံးကို တိတိကျကျ ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က ဘာအမိန့်ရှိလဲ။ ကုရ်အာန်ထဲမှာ ဖေါ်ပြထားတာက (အင်းန်နဒ်ဒီးန၊ အင်န်ဒလ်လားဟိ၊ အစ္စလာမ်) (အင်းန်နဒ် ဒီးန) ငါ၏ သာသနာလို့ မပြောဘူး၊ ဒီးန် ဟာ သာသနာ မဟုတ်ပါ။ ဘဝတည်ဆောက်မှုလမ်းစဉ်၊ စနစ်၊ လမ်းညွှန် CODE OF LIFE ဖြစ်တယ်။ ဘဝဆိုတာ ငယ်စဉ်ကနေ သေဆုံးကွယ်လွန်သည် အထိ မိမိကပိုင်တယ်။ ငယ်စဉ်ဘဝကနေ အရွယ်တစ်ခုရောက်တဲ့အခါ ပညာသင်ကြတယ်။ ပြီးတော့ လုပ်ငန်းခွင်ဝင်တယ်။ စီးပွားရှာတယ်။ အိမ်ထောင်ပြုကြတယ်။
ဆိုလိုတာက ကျွန်တာ်တို့ဟာ မွေးဖွားရာကနေ သေဆုံးကွယ်လွန်တဲ့အထိ ဘဝတစ်ခုကို ပိုင်ဆိုင်ကြတယ်။ အဲဒီဘဝမှာ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဖြစ်စဉ်၊ ကာလကြီးဟာ အဲ့ဒါဘဝတစ်ခုဖြစ်တယ်။ အဲ့ဒီဘဝကို ကျွန်တော်တို့ ဘယ်လိုတည်ဆောက်ပါသလဲ။ အဲ့ဒီတည်ဆောက်မှုကို ကုရ်အာန်က အရဗီဘာသာစာပေနဲ့ ဖော်ပြထားတဲ့စကားလုံးက ဒီန် ဖြစ်တယ်။ ဒီန် လို့ခေါ်တယ်။မိမိဟာ မိမိရဲ့ဘဝမှာ နမော်နမဲ့နဲ့ နေမယ်၊ ဘာမှလည်း မယုံကြည်ဘူးဆိုရင် ရလား။ ရပါတယ်။ အဲ့ဒါကို မွတ်စလင်မ်လို့ ပြောနေတာ မဟုတ်ဘူးနော်။ ဒါမှမဟုတ် အစ္စလာမ်ကို ပစ်ပယ်ပြီးတဲ့နောက် တခြားအယူဝါဒတစ်ခုနဲ့၊ အဲ့ဒီလမ်းစဉ်ကို နှစ်ခြိုက်လို့ မိမိက အဲ့ဒီလမ်းစဉ်အတိုင်းဘဲ ဘဝကို တည်ဆောက်မယ်၊ လျှောက်လှမ်းမယ် ဆိုရင်လည်းရလား၊ ရပါတယ်။ ကျွန်တော်က ဒီန် ဆိုတာကို ပုံဖော်ပြနေတာပါ။ ဒီန် ဆိုတာ မိမိဘဝမှာ ပြဌာန်းထားတဲ့ စနစ်တစ်ခုကို လိုက်နာ ကျင့်သုံးခြင်းဟာ ဒီန် ဖြစ်ပါတယ်။ သူ့စကားလုံးရဲ့ အဓိပ္ပါယ်။ အဲ့ဒီလိုမျိုး လျှောက်လှမ်းနေတဲ့ ဒီန် ဟာ ကုရ်အာန်မှာ ပြောထားတာက (အင်းန်န ဒီန၊ အင်န် ဒလ် လားဟီလ် အစ္စလာမ်)။ လူ့ဘဝတည်ဆောက်မှု စနစ်။
ကျွန်တော်တို့ ပညာသင်တယ်။ ပညာရေးမှာ လိုက်နာရမယ့် အချက်တွေရှိတယ်။ ကျွန်တော်တို့ စီးပွားရေးလုပ်တယ်။ စီးပွားရေးရဲ့ ကျင့်ဝတ် Ethic တွေရှိတယ်။ အဲ့ဒီ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်တွေ အစ္စလာမ်မှာရှိတယ်။ ကျွန်တော်တို့ အသက်အရွယ်ရလာတယ်။ မိဘတွေဖြစ်လာတယ်။ ကျွန်တော်တို့ မွေးဖွားတဲ့ သားသမီးတွေအပေါ်မှာ စောင့်ရှောက်ရမယ့် တာဝန်ကို အစ္စလာမ်က ပြဌာန်းထားတယ်။ ကျွန်တော်တို့ကလည်း သားသမီးတွေဖြစ်တယ်။ မိဘတွေရှိတယ်။ ကျွန်တော်တို့ကို မွေးဖွားခဲ့တဲ့ မိဘတွေအပေါ်မှာ ကျွန်တော်တို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ တာဝန်ဝတ္တရားတွေ ရှိတယ်။ ကျွန်တော်တို့က တစ်ဦးတည်းတစ်ယောက်တည်း နေတာမဟုတ်ဘူး။ ကျွန်တော်တို့အပြင် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့နဲ့ အတူ နေထိုင်နေတဲ့လူတွေ၊ မိသားစုတွေ ရှိတယ်။ အဲ့ဒီလူတွေအတွက် ဟာက် တာဝန် ကျွန်တော်တို့မှာ ရှိတယ်။ အဲ့ဒီလူတွေထဲမှာ ဒုက္ခရောက်နေတဲ့လူတွေ ရှိတယ်။ စားဖို့ သောက်ဖို့ အခက်အခဲ အကြပ်အတည်း ရောက်နေတဲ့လူတွေ ရှိတယ်။ အဲ့ဒီလို အနေအထားတွေကို ကျွန်တော်တို့ မသိချင်ယောင်ဆောင်နေလို့ မရပါ။ အဲ့ဒီလူတွေကို ကျွန်တော်တို့ တတ်စွမ်းနို်င်သလောက် ကူညီစောင်မပေးရမယ့် တာဝန်တွေရှိတယ်။
မွတ်စလင်မ် တစ်ယောက်ဖြစ်လာပြီ ဆိုပါက ဘယ်လို မွတ်စလင်မ် ဖြစ်ရမှာလဲ။ ကုရ်အာန်က ပြဌာန်းသတ်မှတ် ထားတဲ့ မွတ်စလင်မ် ဖြစ်ချင်တယ်ဆိုရင်တော့ ကုရ်အာန်က ပြောထား ညွှန်ကြားထားတဲ့ တာဝန်တွေကို ကျွန်တော်တို့ ယူရမယ်။ ကျေပွန်အောင် ဆောင်ရွက်ရမယ်။ မလိုချင်ပါဘူးလို့ ပြောလို့မရဘူး။ အစ္စလာမ်ကို စပြီးလက်ခံကတည်းက ကျွန်တော်တို့က နှလုံးသားထဲက လက်ခံတယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ နှလုံးသားထဲက လက်ခံတယ်ဆိုတာ အဲ့ဒါကို ကြိုက်လို့။ မကြိုက်ဘဲနဲ့ လက်ခံရင် ဘာမွတ်စလင်မ် ဖြစ်မလဲ။ မိရိုးဖလာ မွတ်စလင်မ်။ ဘာဖြစ်လို့ မိရိုးဖလာ မွတ်စလင်မ်လဲ။ ကျွန်တော့်အဖေ မွတ်စလင်မ်ဖြစ်တယ်။ ကျွန်တော့်အမေ မွတ်စလင်မ်ဖြစ်တယ်။ ကျွန်တော်လည်း ဒါကြောင့် မွတ်စလင်မ် ဖြစ်တယ်။
အခြားဘာဘာတရားမှာ ရှိတဲ့ဟာနဲ့ နှိုင်းယှဉ်ပြီး ကြည့်လိုက်ပါ။ သူ့အဖေ ခရစ်ယာန် ဖြစ်တယ်။ သူ့အမေ ခရစ်ယာန် ဖြစ်တယ်။ ဒါကြောင့် သူလည်းဘဲ ခရစ်ယာန် ဖြစ်နေတယ်။ အဲ့ဒီတော့ ဘာထူးခြားလည်း။ ပြီးတော့မှ ကျွန်တော်တို့မှာ Choice တွေရှိလာတယ်။ ရွေးချယ်ခွင့် ရှိလာတယ်။ မိမိသည် အဲ့ဒီအရာကို ကြိုက်လား၊ မကြိုက်ဘူးလား။ ကြိုက်တယ်။ ကြိုက်တယ် ဆိုလို့ရှိရင် အဲ့ဒီအရာရဲ့ မူလပိုင်ရှင်ဟာဘယ်သူလဲ။ အဲ့ဒီစနစ်က ဘယ်ကလာသလဲ။ အဲ့ဒီလိုမေးခွန်းတွေ ကျွန်တော်တို့ တည်ဆောက်ယူရမယ်။ အဲ့ဒီမေးခွန်းတွေ မေးပြီးသွားမှ အဲ့ဒီစနစ်တွေကိုလေ့လာ၊ စူးစမ်း၊ သုတေသန အလီလီ အထပ်ထပ်ပြုပြီး၊ စဉ်းစားဆင်ခြင် တွေးခေါ် မြော်မြင်ပြီးကာမှ စိတ်ထဲရင်ထဲ နှလုံးသားထဲက ကြိုက်ပြီဆိုမှ အဲဒါကို လက်ခံတာကအဓိပ္ပါယ်ရှိမှာပါ။ ဒါ့ကြောင့် ကုရ်အာန်က ပြောနေတာ။ (ယာ အိုက်ယူဟလ်လဇီးန ၊ အာမနူ) အို အီမာန်သက်ဝင် ယုံကြည်ပြီးသူ အပေါင်းတို့။ (အုဒ် ခူလူ၊ ဖိစ်ဆိလ်မေ၊ ကဖ္ဖ) အစ္စလာမ်ထဲကို အပြည့်အဝ ဝင်ကြပါ။ မွတ်စလင်မ်တွေကို အစ္စလာမ်ထဲကို ဝင်ခိုင်းတယ်ဆိုတာ ဘာကို ပြောတာလဲလို့ ကျွန်တော်က High Light လုပ်ပြနေတာပါ။ အဲ့ဒီတော့ အရှေ့မှာပြောတဲ့ မွတ်စလင်မ်ဆိုတာ ဘယ်လိုမွတ်စလင်မ် ဖြစ်မှာလဲ။ ဘယ်လိုမွတ်စလင်မ်ဘဲ ဖြစ်ဖြစ်၊ ဘယ်ဂိုဏ်းဂနကဘဲ ဖြစ်ဖြစ်၊ အစ္စလာမ်ဖြစ်နေပြီဆိုရင် ကုရ်အာန်ကို ယုံကြည်ပြီ၊ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီဆိုလို့ရှိရင် အစ္စလာမ်ထဲကို အပြည့်အဝ ဝင်ပါလို့ပြောတာ။
အစ္စလာမ်ဆိုတာဘာလဲ။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ တစ်နေရာမှာ ဖော်ပြထားတာက (အင်းန်န ဒီန၊ အင်န် ဒလ် လားဟီလ် အစ္စလာမ်)။ ကျွန်တော်တို့ မွေးဖွားတဲ့အချိန်ကနေစပြီး၊ ကျွန်တော်တို့ အသိတရား ရှိလာတဲ့အချိန်ကစလို့ မိမိရဲ့ဘဝမှာ အလ္လာဟ်အရှင်မြတ် ဖြစ်စေလိုတဲ့ဆန္ဒအတိုင်း၊ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက် (ကုရ်အာန်)အတိုင်း၊ နေထိုင်စားသောက် ဘဝတည်ဆောက်ခြင်းသည် အစ္စလာမ်ဖြစ်တယ်။ အစ္စလာမ်နဲ့ ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၅ ၊ အာယသ် ၃ မှာ (အလ်ယောင်းမ်) ဒီနေ့၊ ဒီအချိန်၊ ဒီအခါ ဒီလိုမျိုး နေ့ကာလမှာ (အာက်မာလ်သု၊ လကွန်မ်၊ ဒီးနကွန်မ်) ( အာက်မာလ်သု ) ပြီးပြည့်စုံစေခဲ့ပြီး ဖြစ်သည်။ ပြည့်စုံသွားပြီ။ လိုအပ်ချက်ဘာမှ မရှိတော့ဘူး။ နောက်ထပ် အပြင်က ဘာမှ ထပ်ထည့်စရာ မလိုအပ်တော့ဘူးလို့ ပြောနေတာ။ ( လကွန်မ် ) အသင်တို့အတွက်။ ( ဒီးနိကွန်မ် ) အသင်တို့ အတွက် ဒီန်က ပြီးပြည့်စုံသွားပြီ။ (ဝအသ်မမ်သု၊ အလိုင်ကွန်မ်၊ နိအ်မသီ) ငါအလ္လာဟ်အရှင်မြတ်ရဲ့ နိအ်မသ်ကို အသင်တို့အပေါ်မှာ ငါအရှင်က ပြည့်ဝစုံလင်တော်မူခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်ရဲ့ နိအ်မသ်ကလာပြီးသွားပြီ။ အဲ့ဒီ အကြီးဆုံးသောနိအ်မသ်က ဘာလဲ။ အလ္လာဟ်က ရစူလ် နဗီတမန်တော်မြတ်ကြီး(ဆွ)ကို စေလွှတ်တယ်။ ဝဟီအဖြစ် ကုရ်အာန်ကိုချပေးသနားတော်မူတယ်။ ကျွန်တော်တို့အတွက် မြတ်နဗီရယ်၊ အလ္လာဟ်ကျမ်းဂန် မြတ်ကုရ်အာန်ရယ်က အလ္လာဟ်ရဲ့ နိအ်မသ်ဖြစ်ပြီး ကျွန်တော်တို့ ဘဝတစ်သက်တာအတွက် ပြီးပြည့်စုံပြီ။ ဘာဖြစ်လို့လဲ။ (ဝရဒွီးသု၊ လကုမုလ်၊ အစ္စလာမ ဒီးနန်းန်) ငါအရှင် သဘောတူတော်မူလေပြီ။ ငါအရှင်ကျေနပ်သွားပြီ။ အစ္စလာမ်ကို ဘဝတည်ဆောက်မှုစနစ် အဖြစ် အလ္လာဟ်အရှင်မြတ်က သဘောတူလိုက်ပြီလို့ မိန့်ကြားထားတာပါ။
ဒီကနေ့မှာ ပြောနေကြတဲ့ စကားရှိတယ်။ ဒီအာယသ်က ပြောနေတာက အစ္စလာမ်က ပြီးပြည့်စုံသွားပြီလို့ ပြောနေတာနော်။ ဘယ်လိုနားလည်ပါသလဲ။ အစ္စလာမ် ပြည့်စုံတယ်ဆိုတာ ဘာကို ပြောတာလဲ။ အလ္လာဟ်အရှင်မြတ်ကတမန်တော်ကို ရွေးချယ်စေလွှတ်ခဲ့တယ်။ ပြီးတော့ ဝဟီ ကုရ်အာန်ကို ချပေးတော်မူတယ်။ တမန်တော်က ရေစာလသ် လုပ် ပြောဟော၊ လက်တွေ့လိုက်နာကျင့်သုံးပြခဲ့တယ်။ ဒါကဘဲ အစ္စလာမ်ပြည့်စုံသွားပြီ။ ဒီလောက်ဘဲ။ ကောင်းပြီ။ အခုတမန်တော် မရှိတော့ဘူး။ အစ္စလာမ်က တမန်တော်ရှိနေမှ၊ တမန်တော် ထာဝရရှိနေမှ အစ္စလာမ်က ပြည့်စုံနေမှာလား။ဒီကနေ့ခေတ်မှာ တမန်တော်မရှိတော့ဘူး။ ဒါဆိုရင် အစ္စလာမ်မပြည့်စုံဘူးလို့ ကျွန်တော်တို့ပြောမယ်ဆိုရင် ရမလား။ ကျွန်တော်တို့ နဲနဲလေး တွေးဖို့၊ ဦးနှောက်ကို အသုံးချဖို့ ပြောတာ။ တမန်တော်ရှိခြင်း၊ မရှိခြင်း၊ အစ္စလာမ် ပြည့်စုံခြင်း၊ မပြည့်စုံခြင်း၊ အဲ့ဒီနှစ်ခုကို ကျွန်တော်တို့စဉ်းစားဖို့ ကျွန်တော်ပြောနေတာပါ။
ဒါဆိုရင် အစ္စလာမ်ပြည့်စုံတယ်ဆိုတာ ဘာလဲ။ တမန်တော် မရှိတော့ဘူး။ ပြည့်စုံပြီလား။ ဒါမှမဟုတ် မပြည့်စုံသေးဘူးလား။ အစ္စလာမ်က ဘာနဲ့ပြည့်စုံတာလဲ။ ဘယ်လိုပြည့်စုံတာလဲဆိုတာကို ကျွန်တော်တို့၊အထူးသဖြင့် မွတ်စလင်မ် ဆိုသူတွေ သိဖို့လိုအပ်ပါတယ်။ ကုရ်အာန်ရဲ့တစ်နေရာမှာ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတယ်။ (ဝသမ္မသ် ကလီမာသု ရဗ္ဗီက ဆွီဒ်ဂေါင်း ဝအဒ်လန်န်) (ဝသမ္မသ်) ပြီးပြည့်စုံသွားပြီ။ ထပ်ထည့်လို့မရဘူး။ လျော့သွားစရာလည်းမရှိဘူး။ (ကလီမာသု ရဗ္ဗီက) အသင့်ရဲ့ ပြုစုပျိုးထောင်ရှင်ရဲ့ (ကလီမာ) စကားဟာ ပြီးပြည့်စုံသွားပြီ။ အဲ့ဒီစကားဟာ (ဆွီဒ်ဂေါင်း) ဖြောင့်မတ်မှန်ကန်တဲ့ အမှန်တရား ဖြစ်ပေတယ်။ (ဝအဒ်လန်န်) တရားမျှတမှုနဲ့ ပြည့်စုံတာ။ ဒါကြောင့် ပြီးပြည့်စုံတဲ့အချက်ကို ဒီအာယသ်အရ ကျွန်တော်တို့ နားလည်လို့ရတယ်။
တမန်တော်ရှိနေမှ အစ္စလာမ်က ပြည့်စုံရမှာလား။ တမန်တော်က ကမ္ဘာပျက်မယ့်ကိယာမသ်နေ့အထိ နေပေးရ မှာလား။ ဒီအာယသ်မှာသုံးထားတာက ကလီမသု ရဗ္ဗီက။ ကလီမသုလ္လာဟ် (အလ္လာဟ်ရဲ့စကား) လို့ သုံးလို့ရပေမယ့် မသုံးထားဘူး။ ဒီနေရာမှာသုံးထားတဲ့ ကဖ် က တမန်တော်ကိုပြောတာ။ အသင်တမန်တော်ရဲ့ ပြုစုပျိုးထောင်ရှင်ရဲ့စကားလို့ ပြောတာ။ အဲ့လို ဘာကြောင့် ပြောသလဲဆိုရင် ဒီစကားတွေက တိုက်ရိုက် ကျွန်တော်တို့ဆီ မလာဘူး။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို တဆင့်ခံထားတယ်။ ဒီတော့ အဲ့ဒီတမန်တော် မရှိတော့ဘူးဆိုရင် အဲ့ဒီစကားတွေ ပျောက်သွားမလား။ ရှိနေမလား။ ရှိနေတယ်။ ဒါကြောင့် တမန်တော် သက်ရှိထင်ရှား ရှိခြင်း၊ မရှိခြင်းဟာ အစ္စလာမ် ပြည့်စုံခြင်းနဲ့မဆိုင်ဘူး။ ဘာနဲ့ဆိုင်သလဲ။ အလ္လာဟ်စကား၊ အလ္လာဟ်တရားဖြစ်တဲ့ ကုရ်အာန်တည်ရှိနေမှုနဲ့ ဆိုင်ပါတယ်။ ကုရ်အာန်ရှိနေရင် အစ္စလာမ် ပြည့်စုံမယ်။ ကုရ်အာန်ပျောက်သွားရင် အစ္စလာမ်မရှိတော့ဘူး။
ဒီကနေ့ ကျွန်တော်တု့ို ပြောနေကြတယ်။ဘာပြောလဲ။ အစ္စလာမ်ပြည့်စုံတယ်ဆိုတာ ဟဒီးစ်ကျမ်းတွေလိုတယ်တဲ့။ ဟဒီးစ်နဲ့ ကုရ်အာန် ဘယ်အရာက အရင်ပေါ်သလဲ။ ဟဒီးစ်ကို တကယ် ယုံကြည်တဲ့လူ၊လမ်းဘေးက ပုဂ္ဂိုလ်မဟုတ်ပါ။တကယ့် ဆရာကြီးတွေက ပြောနေတာ ဟဒီးစ်အရင်ပေါ်တာတဲ့။ ဒုက္ခပါဘဲ။ ကုရ်အာန်ကို မယုံချင်ရင်လည်း မယုံကြပါနဲ့။ဟဒီးစ်ကို ယုံချင်လား။ ဟဒီးစ် ကောင်းတယ်လို့ ပြောချင်လား။ ပြောပါ။ ပြဿနာမရှိဘူး။ ဒါပေမယ့် ဟဒီးစ်ကောင်းတယ်လို့ ပြောဖို့အတွက် ကုရ်အာန်ကိုသေးသိမ်အောင်၊ မှေးမှိန်အောင်တော့ မလုပ်ရဘူး။ကုရ်အာန်ကို ထိခိုက်နစ်နာအောင်မလုပ်ရဘူး။ဟဒီးစ်ကောင်းကြောင်း ကြိုက်သလောက်ပြော၊ အဲ့ဒီဟဒီးစ်တွေကို ဖက်ပြီးသေလိုက်လို့ရတယ်။ ပြဿနာမဟုတ်ပါ။ အဲ့ဒီဟဒီးစ်တွေ မှန်ကန်ကြောင်း ပြောဖို့အတွက် ကုရ်အာန်နဲ့ တန်းမညှိကြပါနဲ့။ ဟဒီးစ်ရှိမှ ကုရ်အာန်ရပ်တည်လို့ရမယ်လို့ ပြောရင် သုံးပါးတစ်ဆူ ဖြစ်နေမယ်။ Trinity လို့ခေါ်တယ်။ Trinity ဆိုတာဘာလဲ သိလား။ သုံးပါးပေါင်းမှ တစ်ဆူဖြစ်မှာ။ အလ္လာဟ်စကားက တစ်ကျမ်း၊ တစ်ဆူ။ ဒီကနေ့ တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် ချပေးလိုက်တဲ့ ကုရ်အာန်ဟာ ပြီးပြည့်စုံခဲ့ပြီလို့ အလ္လာဟ်အရှင်မြတ်က ပြောတယ်။ တမန်တော်မြတ်က သူ့အပေါ်ချပေးခဲ့တဲ့ ကုရ်အာန်ကို သူဘာလုပ်ခဲ့သလဲ။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို အမိန့်ပေးတယ်။
အဲ့ဒါကို မပြောခင် တစ်ခုလောက် မေးချင်ပါတယ်။ လူကြီးမင်းအပေါင်းတို့ စဉ်းစားကြည့်ပါ။တမန်တော်နဲ့ ကုရ်အာန်က ဘယ်သူကဆရာလဲ။ အစ္စလာမ်ကို လက်ခံထားတယ်နော်။ အရေးကြီးပါတယ်။ တမန်တော်ကို ဂုဏ်ပေးနေ ကြတယ်။ ဂုဏ်မပေးရဘူးလို့ မပြောဘူးနော်။ ဒါပေမယ့် တမန်တော်ကို အလ္လာဟ်နေရာမှာ ထားပြီး ဂုဏ်မပေးရဘူး။ ပေးခွင့်မရှိဘူး။ တမန်တော်နဲ့ ကုရ်အာန်က ဘယ်သူကဆရာလဲ။ ဘယ်သူက အရှေ့မှာရှိနေလဲ။ ကုရ်အာန်ဖြစ်ပါတယ်။ တမန်တော်မဟုတ်ဘူး။ ဒီလိုမျိုးပြောလိုက်လို့ တမန်တော်ကို စော်ကားနေတာမဟုတ်ဘူး။ တမန်တော်ကို တမန်တော်နေရာမှာ ထားရင်အကောင်းဆုံးဘဲ။အလ္လာဟ်အရှင်မြတ်ကို ဆွဲလာပြီး တမန်တော်နေရာ မပို့ကြပါနဲ့။ ဒီလိုဘဲ တမန်တော်မြတ်ကိုလည်း အလ္လာဟ်နေရာကို ဆွဲမတင်ကြပါနဲ့။ တမန်တော်ဟာ တမန်တော်ဖြစ်တာ ကုရ်အာန်ကြောင့်ပါ။ ကုရ်အာန်ရဲ့ ဝဟီကို သူဟာစတင်ရရှိမှ သူဟာ တမန်တော်ဖြစ်တာ။
ကျမ်းတော်မြတ်ကုရ်အာန် စူရာ ၆ ၊ အာယသ် ၁ဝ၆ မှာ (အိသ်သဗေ့) အိသ်သေဗာ လုပ်ပါ။ ဘယ်သူ့ကိုပြောတာလဲ။ တမန်တော် မုဟမ္မဒ်(ဆွ)ကို တိုက်ရိုက်ပြောနေတာ။ အမိန့်ပေးနေတာ။(မာအူဟိယာ၊ အိလိုင်က) အသင်တမန်တော်အပေါ် ထုတ်ပြန်ပို့ချပေးလိုက်တဲ့ ဝဟီ။ အဲ့ဒီ ဝဟီ ဘယ်ကလာသလဲ။ (မင်းန် ရဗ္ဗိက်)အသင့်ရဲ့ အရှင်ထံကလာတဲ့ ဝဟီ။ (လာအိလားဟ၊ အိလ္လာဟုဝ)အလ္လာဟ်တစ်ပါးတည်း တည်ရှိတော်မူတယ်။ အလ္လာဟ်တစ်ပါးတည်း တည်ရှိကြောင်းဘယ်လို သိတာလဲ။ မောင်လာနာတွေ ပြောတာလား။ ရှိုက်တွေ ပြောတာလား။ ကုရ်အာန်က ပြောနေတာ။ (ဝအအ်ရီဒ် အနီလ် မုရှ်ရိကီးန်)။ “မုရှ်ရိက်တွေကို ကျောခိုင်းထားလိုက်ပါ” ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၇ ၊ အာယသ် ၃ မှာ (အိသဗိအူ) “အသင်တို့ အိသ်သေဗာ လုပ်ကြပါ” ေ(မာအွန်းန်ဇိလ၊ အိလိုင်းကွန်းမ်၊ မင်းန်ရ် ရဗ္ဗိကွန်မ်) “အသင်တို့ရဲ့ ပြုစုပျိုးထောင်ရှင်ထံမှ အသင်တို့အပေါ်သို့ ချပေးခြင်းခံရသော အရာ(ဝဟီ) ကို အိသ်သေဗာ လုပ်ကြပါ။ ” တမန်တော်ကို ပြောတာက အသင့်အပေါ် ဘာချပေးသလဲ။ အဲ့ဒီအပေါ်မှာ အိသ်သေဗာလုပ်ပါ။ ယုံကြည်သူတွေကိုပြောတယ်။ အသင်တို့ အပေါ်မှာ ဘာချပေးသလဲ။ အဲ့ဒီအပေါ်မှာ အိသ်သေဗာ လုပ်ပါ။ ဒါဆိုရင် တမန်တော်ကို ချပေးတာ တစ်ခုလား၊ ကျွန်တော်တို့ကို ချပေးတာ တစ်ခုလား။ ဒါပေမယ့် တမန်တော်က ကြေညာခဲ့တယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၇ ၊ အာယသ် ၂၀၃ မှာ (ကုလ်အင်န်နမာ ၊ အသ်သဗိအု၊ မာယူဟာ၊ အီလိုင်းယာ၊ မင်းရ် ရဗ္ဗိ) “အို တမန်တော်၊ အသင် ပြောဟော ကြေညာလော့ ” “ငါ၏ ပြုစု ပျိုးထောင်ရှင်ထံမှ ငါ၏ထံသို့ ထုတ်ပြန်ပို့ချပေးခဲ့သော ဝဟီကိုဘဲ ငါတမန်တော် အိသ်သေဗာ လုပ်ပါသည်။ ” ဒါဆိုရင် တမန်တော် ဘာကို အိသ်သေဗာလုပ်သလဲ။ ကုရ်အာန်ကိုဘဲ လုပ်ခဲ့တယ်။ တမန်တော်ပြောခဲ့တဲ့ စကားတိုင်း၊ ဥပမာ အာအိရှာသခင်မကို ပြောခဲ့တာ၊ သူ့ရဲ့ဆွဟဗာတွေကို ပြောခဲ့တာ အားလုံးဟာ ကုရ်အာန် ဝဟီလား။ မတူဘူး။ ကုရ်အာန်မဟုတ်တဲ့ စကားတွေက ကျွန်တော်တို့နဲ့ဘာဆိုင်လဲ။
နောက်တစ်ခုက ကုရ်အာန်ပါ ဝဟီတိုင်းကို ကျွန်တော်တို့ လိုက်နာဖို့တာဝန်ရှိသလား။ ဝဟီဆိုတိုင်း မကြောက်သွား ကြပါနဲ့။ ကုရ်အာန်ကပြောတာ တိရိစ္ဆာန်လည်း ဝဟီ ရတယ်လို့ပြောတယ်။ ကုရ်အာန်အပြင် အခြား ဝဟီရှိတယ်လို့ ယုံကြည်ပါစေဦး။ ကုရ်အာန်အပြင် တမန်တော်အပေါ်ကို အခြားဝဟီချပေးတယ်လို့ အထောက်အထားမရှိဘဲ ပြောကြတယ်။ ကုရ်အာန်အပြင် အခြားဝဟီ ရှိတယ်ဘဲ ထားပါဦး။ အဲ့ဒီ ဝဟီဟာ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လိုက်နာဖို့လည်း တာဝန်မရှိဘူး။ ပျားတွေကိုလည်း အလ္လာဟ်က ဝဟီချပေးခဲ့တယ်။ ကျွန်တော်တို့နဲ့ ဘာဆိုင်လဲ။ သူ့အလုပ် သူလုပ်မှာပေါ့။
တမန်တော်မူဆာ(အ)ရဲ့ မိခင်။ အွမ်မေ မူဆာ၊ ဝဟီရတဲ့ အမျိုးသမီးနော်။ တမန်တော်အီဆာရဲ့မိခင်၊ မယ်ရရမ်သခင်မ ဝဟီရတယ်နော်။ သူတို့ဆီပို့ချတဲ့ ဝဟီ သူတို့ဆောင်ရွက်ရမှာ သူတို့တာဝန်။ အဲ့ဒီခေတ်က လူအားလုံးနဲ့ဆိုင်လား။ ကျွန်တော်တို့နဲ့ဆိုင်လား။ ဒီလိုဘဲ အကယ်၍များ တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် ကုရ်အာန်အပြင် တခြား ဝဟီချပေးခဲ့တယ်ဆိုရင် ဒါဟာ တမန်တော်တစ်ဦးတည်းနဲ့ဘဲဆိုင်ပြီး၊ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဘာကြောင့် မဆိုင်တာလဲ။ မဆိုင်တဲ့ အကြောင်းကို ကုရ်အာန် စူရာဟ် ၆ ၊ အာယသ် ၁၉ မှာပြောတယ်၊ (ဝအူဟိယ၊ အိလိုင်ယ၊ ဟာဇလ် ကုရ်အာန်………) “ငါတမန်တော်အပေါ်မှာ ဝဟီချပေးခြင်းခံရတာက ဒီကုရ်အာန်ဘဲဖြစ်တယ်” ဒီတော့ တခြားဟာရှိရင်လည်း သူဟာသူ Personal ဘဲဖြစ်လိမ့်မယ်။ ကျင့်သုံးဖို့တာဝန်မရှိဘူး။ ဒါပေမယ့်လူတွေက ဝဟီနှစ်မျိုးရှိတယ်။ ဝဟီမသ်လူ နဲ့ ဝဟီဂိုင်းရ်မသ်လူ။ အဲဒါကုရ်အာန်မှာလည်းမပါသလို၊ ဟဒီးစ်ဆိုတဲ့ အထဲတွေမှာလည်း မပါဘူး။ ဝဟီ နှစ်မျိုးရှိပါတယ်ဆိုတဲ့ စာအုပ်ကျွန်တော် မတွေ့ဖူးသေးဘူး။
သူတို့ပြောတာက ဝဟီမသ်လူ ဆိုတာ ဖတ်စရာမလိုဘူးတဲ့။ ဘာကိုညွှန်းတာလဲဆိုတော့ ဟဒီးစ်ကိုညွှန်းတာ။ ဖတ်စရာ မလိုဘူးလို့ပြောပြီး ဝဟီမသ်လူ ဖြစ်တဲ့ ဟဒီးစ်မှာပါတဲ့ (အသ်သဟိရာသူ၊ ဝါစ်စလ်ဝါသု) ကို နမားဇ်ဖတ်ရင် ဖတ်ကြတယ်လေ။ ဘာကြောင့် ဖတ်နေကြတာလဲ။ မလိုဘူးလို့ပြောတယ်လေ၊ စဉ်းစားဖို့ပါ။ ထည့်ထားသမျှ ဂျင်းတွေ အကုန် ထုတ်ထားဖို့ လိုနေပါပြီ။ ကုရ်အာန်နဲ့ အကုန်ရှင်းမယ်။ အစ္စလာမ်က နှစ်ပေါင်းများစွာ ဖြတ်သန်းလာတဲ့အခါ ဒီမဇဟဗ်တွေရဲ့ အောက်မှာ၊ ဆရာသခင်တွေရဲ့အောက်မှာပုံပျက်လာတယ်။ ကုန်ကုန်ပြောရရင် ခလီဖာတွေ လက်ထက်ကစလို့ အစ္စလာမ်ဟာ သိပ်မဟုတ်တော့ဘူး
ဟဇရသ် အဗူဗက္ကရ်(ရ)လက်ထက် “No Problem” ပြဿနာ မရှိသေး။ ဒုတိယခလီဖာကြီး ဟဇရသ်အုမရ် လက်ထက် ရောက်တော့ ဟဇရသ် အုမရ် လုပ်ကြံခံရတယ်။ ပြီးတော့ တတိယခလီဖာ ဟဇရသ်အွစ္စမာန်(ရ) လုပ်ကြံခံရတယ်။ စတုတ္ထနဲ့ နောက်ဆုံး ခလီဖာ ဟဇရသ်အလီ(ရ) လုပ်ကြံခံရတယ်။ ခလီဖာ စနစ်ပျောက်သွားတယ်။ ရိုးရှင်းပါရဲ့လား။ အဲ့ဒီလုပ်ကြံမှုတွေရဲ့နောက်မှာ အာဏာကို ဘယ်သူရသလဲဆိုတာက အရေးကြီးတယ်။ အစ္စလာမ်သမိုင်းကြောင်းကို လေ့လာပါ။ ဘယ်သူအာဏာကို ရသလဲ။ ရတဲ့သူက ဘယ်လိုအုပ်ချုပ်ခဲ့သလဲ။ နိုင်ငံရေးထဲကို ဘာသာရေးမစွက်ဖက်ဖို့ လုပ်ကြံရတယ်။ ဒီကနေ့ ဆော်ဒီအာရေဗျမှာ အစ္စလာမ်နဲ့ ပတ်သက်ပြီး ရှိုက်တွေအများကြီးရှိတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး လိုလေသေးမရှိအောင်စီမံထားတယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့ပတ်သက်ပြီး ထိလို့မရဘူး။ ထိခွင့်မရှိဘူး။ တလောက ဂျာနယ်လစ်သမား ခါရှိုဂီ ဆိုတဲ့ ပုဂ္ဂိုလ် လုပ်ကြံခံရတယ်။ ဆော်ဒီအစိုးရကို ဝေဖန်လို့။
ဟဒီးစ်တွေက ဆွာဟဗာတွေ လက်ထက်မှာ မရှိခဲ့ဘူး။ ဆွာဟဗာတွေ လက်ထက်မှာ ဟဒီးစ်တွေပေါ်လာတယ်ဆိုရင် ဆွာဟဗာတွေဟာ တာဝန်မကျေပွန်သူတွေ ဖြစ်မယ်။ ကုရ်အာန်ကပြောတာက “အသင့်ရဲ့ ပြုစုပျိုးထောင်ရှင်ရဲ့စကား ပြည့်စုံသွားပြီ” လို့ပြောထားတာ။ ဆွာဟဗာတွေက ဘာလို့ကျန်တဲ့စကား (ဟဒီးစ်)တွေကို ဘာလို့လိုက်ပြီး မစုဆောင်းခဲ့တာလဲ။ ကျွန်တော်တို့က လှမ်းချိတ်ကြတယ်လေ။ တမန်တော်လက်ထက်၊ ဆွာဟဗာတွေလက်ထက်မှာ တမန်တော်မွေးနေ့လုပ်တာ မရှိဘူး။ ဒါကြောင့် မလုပ်ရဘူးလို့ပြောတယ်။ မွေးနေ့လုပ်ဖို့၊ မလုပ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ပြောချင်တာက တစ်ခုခုဆိုရင် တမန်တော်နဲ့ ဆွာဟဗာတွေ လက်ထက်မှာချိတ်တယ်။ မရှိတာကို ဒီခေတ်မှာလုပ်ရင် ဘေဒအသ်။ သတ်မှတ်ချက်တွေက ကြောက်စရာကြီး။ ကောင်းပြီ အဲ့ဒီဟဒီးစ်တွေက တမန်တော်နဲ့ ဆွာဟဗာတွေလက်ထက်မှာ ရှိလား။ မရှိရင် ဘေဒအာသီတွေ ပြုစုထားတာ၊ ခလီဖာတွေကို လုပ်ကြံပြီး အာဏာရတယ်။ အာဏာရပြီးတဲ့နောက်မှာ ဟဒီးစ်တွေပေါ်လာတယ်။ ပေါ်လာတဲ့ ဟဒီးစ်ကျမ်းတွေ ပြုစုတဲ့လူတွေဟာ ပါရှန်းတွေဖြစ်နေတယ်။ ပါရှန်းဆိုတာဘာလဲ။ ကနေ့ သူတို့လက်ညှိုးထိုးနေတဲ့ အီရန်တွေ၊ ရှီအာတွေ၊ သူတို့က အရဗ်တွေမဟုတ်ဘူး။ သူတို့ဘယ်လောက်တော်တော် အမှားပါတတ်တယ်။ တာဝန်ဘယ်သူက ပေးတာလဲ။ အုပ်ချုပ်ရေးအာဏာပိုင်တွေက ပေးတာ။ အဲ့ဒီ အဂျ်မီတွေက ဉာဏ်ကောင်းတယ်။ ပါရှန်းတွေက နှစ်ပေါင်းများစွာ အရင်ထဲက အင်ပါယာနဲ့နေလာတာ။ အရဗ်တွေလို တိုင်းမရှိ ပြည်မရှိမဟုတ်ဘူး။ ဟိုးအရင်က ပြောတာ။ အရဗ်ယဉ်ကျေးမှု မထွန်းကားခင်က ပါရှန်းက အများကြီးဖွံ့ဖြိုးနေခဲ့ပြီ။ တည်ဆောက်မှုတွေ အများကြီးလုပ်ခဲ့ပြီးပြီ။ လူ့ယဉ်ကျေးမှုကို အများကြီး ဖြတ်သန်းခဲ့ပြီးပြီ။
အဲ့ဒီလို အနေအထားမျိုးမှာ ဟဇရသ် အုမ္မရ် က ပါရှန်းကို ဝင်သိမ်းလိုက်တော့ သူတို့ရင်ထဲ အခဲမကျေခဲ့ဘူး။ မွတ်စလင်မ်ဖြစ်သွားပေမယ့်၊ အစ္စလာမ်ကို လက်ခံပေမယ့် အရဗ်တွေကိုမုန်းတယ်။ ဥပမာ- ဘောလုံးပွဲတစ်ပွဲဆိုပါစို့။ အိန္ဒိယနဲ့ ပါကစ္စတန် ကန်ကြမယ်။ အားပေးမှုက အိန္ဒိယမွတ်စလင်မ်နဲ့ ပါကစ္စတန် မွတ်စလင်မ်။ ဘယ်သူက ဘယ်သူ့ကို အားပေးမလဲ။ အိန္ဒိယမွတ်စလင်မ် က အိန္ဒိယကိုအားပေး၊ ပါကစ္စတန် မွတ်စလင်မ်က ပါကစ္စတန်ကို အားပေးမှာပေါ့။ လူမျိုးရေးက လူမျိုးရေး၊ ဘာသာရေးက ဘာသာရေးဘဲ။ မွတ်စလင်မ်ချင်း တူနေရင်တောင်မှ လူမျိုးကကွဲနေမှာဘဲ။ ဒါကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်း၊ ဒေသတိုင်း ဒေသတိုင်းမှာ သွေးထိုးခြင်ရင် အလွယ်ကူဆုံးအရာက လူမျိုးရေးဘဲ။
အစ္စလာမ်ကိုလေ့လာချင်တယ်ဆိုရင် သမိုင်းကြောင်းကိုပါ လေ့လာပါ။ ဘာကြောင့် ဟိုဘက်ခေတ်မှာ မရှိတာ၊ ဒီဘက်ခေတ်မှာ ရှိလာရတာလဲ။ ဘယ်သူတွေ အာဏာရပြီး အုပ်ချုပ်ခဲ့တာလဲ။ ဒီစာအုပ်ကိုပြုစုဖို့ ဘယ်ကပိုက်ဆံတွေ ရတာလဲ။ ဘယ်သူက စပွန်ဆာ ပေးထားတာလဲ။ ကျွန်တော်တို့က မေးခွန်းတွေ မေးသွားပြီးမှ မိမိကိုယ်ကိုယ် “ အုဒ် ခူလူ ၊ ဖိစ်ဆိလ်မေ ၊ ကဖ္ဖ ” အစ္စလာမ်ထဲကို ပြည့်ပြည့်ဝဝ ဝင်တာကမှ အဓိပ္ပါယ်ရှိတယ်ဆိုတာ ပြောကြားရင်း ရပ်နားလိုက်ပါတယ်။