အစ္စလာမ့် ရှရီအာဟ် အပိုင်း (၂)

အစ္စလာမ့် ရှရီအာဟ်

အပိုင်း(၂)

မုဖ်သီ ဦးစန်းအောင် (B.Sc)

          အခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဗါဒသ်ပြုရန် ကြွရောက်လာ ကြတဲ့ ဂျမာအသ်သားများခင်ဗျား-

 `အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

           ဒီကနေ့ (၁၀-၁-၂၀၁၄)မှာ ကျနော်တင်ပြမယ့်ခေါင်းစဉ်ကတော့ `အစ္စလာမ့်ရှရီအာဟ်´ အပိုင်း(၂)ဖြစ်ပါ တယ်။ ဒီလိုတင်ပြရာမှာ ရှေးဦးစွာ ကျနော် နိဒါန်းပိုင်းမှာ ရွတ်ဖတ်သွားတဲ့ ကျမ်းမြတ်ကုရ်အာန်(၄၇း၂၄)ကို ဦးစွာ ရှင်းလင်းပါရစေ။

          “ သို့ဖြစ်ရာ သူတို့သည် ကျမ်းမြတ်ကုရ်အာန်ကို အဘယ်ကြောင့် စေ့စေ့စပ်စပ်၊ အပြန်ပြန်အလှန်လှန် စဉ်းစား၊ သုံးသပ်မှု မပြုကြလေသနည်း။ သို့တည်းမဟုတ် သူတို့၏နှလုံးသားများအပေါ်တွင် သော့ခလောက်များ အထပ်ထပ် ခတ်နှိပ်ထားပါလေသလော။ ”   (ကုရ်အာန် – ၄၇း၂၄)

          အမှန်တကယ်တော့ ဒီအာယသ်တော်ဟာ အထူးသဖြင့် မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကို အလ္လာဟ်အရှင် မြတ်က မေးခွန်းထုတ်ထားခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေဆိုဖို့ မွတ်ဆလင်မ်တစ်ဦးချင်းဆီမှသည် မွတ်ဆလင်မ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုမေးခွန်းဆိုင်ရာ အာယသ်ကိုသုံးသပ်ခြင်းအားဖြင့် အလ္လာဟ် အရှင်မြတ်က လူသားတွေကို အထူးသဖြင့် ကျမ်းမြတ်ကုရ်အာန်ကို သက်ဝင်ယုံကြည်သူတွေကို စဉ်းစားစေချင် တယ်။ တွေးခေါ်သုံးသပ်စေချင်တယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ အစ္စလာမ်က Blind Faith ကို လက်မခံ ပါဘူး။

          အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီအာယသ်ရဲ့ရည်ညွှန်းချက်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ပါရှိတဲ့အကြောင်းအရာတွေ၊ ဖြစ်စဉ်တွေ၊ ဖော်ပြချက်တွေ၊ ပညာရပ်တွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လမ်း ညွှန်ချက် အစရှိသည်တို့ဟာ လူသားတွေအတွက်တော့ စဉ်းစားထုတ်နှုတ်အဖြေရှာဖို့ အများကြီးကျန်ရှိနေပါသေး တယ်ဆိုတာကို ရည်ညွှန်းဖော်ပြနေပါတယ်။ ဒါကြောင့် ကမ္ဘာ့နောက်ဆုံးနေ့ (ကိယာမသ်)နေ့ထိတိုင် ဒီကျမ်းမြတ် ကုရ်အာန်က လူသားတွေကို ဦးဆောင်လမ်းညွှန်သွားမယ်လို့ ရည်ညွှန်းဆိုလိုနေခြင်းဖြစ်ပါတယ်။ ဒါက ဘာကို ဆို လိုချင်တာလဲဆိုတော့ လူသားတွေဟာ လူ့သက်တမ်းရှိနေသမျှ ကျမ်းမြတ်ကုရ်အာန်အပေါ်မှာ အမြဲတမ်း ဆန်းသစ် တွေးခေါ်နေရမယ်လို့ ပြောနေခြင်းပဲဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ စတင်ကျရောက်ချိန်ကစပြီး တည်ရှိနေတဲ့ မူရင်းအရဗီစာသားသာလျှင် မပြောင်းမလဲ တည်ရှိနေပြီး ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ ဘာသာပြန်ဆိုမှုအပိုင်းတွေ၊ အကျယ်ဖွင့်ဆိုမှုအပိုင်းတွေ၊ ထုတ်နှုတ်သုံးစွဲမှုအပိုင်းမှာ ခေတ်စံနစ်နဲ့အညီ တိုးတက်ပြောင်းလဲ ဆန်းသစ်နေရမယ် လို့ ရည်ညွှန်းနေခြင်းပဲဖြစ်ပါတယ်။

          ဒါပေမဲ့ ခက်တာက မွတ်ဆလင်မ်လူ့အဖွဲ့အစည်းဝင်တစ်ချို့ဟာ ဒီအနေအထားကို သဘောမပေါက်တဲ့ အပြင် ဒီလိုဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ ကုရ်အာန်အပါအ၀င် ဘာသာရေးဆိုင်ရာကိစ္စတွေကို လေ့လာဖြေရှင်း တဲ့အခါမှာ `ဗိဒ်အသ်´ဆိုပြီး ဆန့်ကျင်ရှုတ်ချလျက်ရှိတာကို တွေ့ရပါတယ်။ မစဉ်းစားရဘူး။ မတွေးခေါ်ရဘူး။ မဆန်းသစ်ရဘူး။ ရှေးက ပြောခဲ့တဲ့ပညာရှင်ကြီးတွေပြောတဲ့အတိုင်း ပုံစံမပျက်၊ တစ်သွေမတိမ်း၊ တစ်ထစ်ချ၊ လှေနံ ဓါးထစ် မှတ်သားနာယူရမယ်။ ဒီလိုသာ လက်မခံဘူးဆိုရင် သာသနာ့ဘောင်အပြင်ကိုရောက်သွားမယ်။ ကာဖိရ်ဖြစ် သွားမယ်။ သေခြင်းဆိုးနဲ့သေသွားမယ် အစရှိသဖြင့် ပုံစံအမျိုးမျိုး၊ အမိန့်အမျိုးမျိုးနဲ့ ကန့်သတ်ပိတ်ပင်ကြပါတယ်။ နဂိုကမှ တွေးခေါ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းကိုကြောက်နေတဲ့ အချို့သောလူတန်းစားတွေအတွက်တော့ ဒီလိုကန့် သတ်ပိတ်ပင်ခြင်းကို အကောင်းမြင်လာပါတယ်။ အချို့ကတော့ ဒီလိုပိတ်ပင်တားဆီးခြင်းကို မလိုလားအပ်တဲ့ တားဆီးမှုလို့မြင်လာပါတယ်။ ဒီနေရာမှာတင်ပဲ မွတ်ဆလင်မ်လူ့အဖွဲ့အ စည်းအတွင်းမှာ လူအုပ်စု(၂)ရပ် ကွဲထွက်လာပါတော့တယ်။

          ကျမ်းမြတ်ကုရ်အာန်အရပဲဖြစ်စေ၊ အခြားဘာသာရေးဆိုင်ရာ ရှုထောင့်တစ်ရပ်အရပဲဖြစ်စေ၊ စဉ်းစားသုံး သပ်၊ တွေးခေါ်ဆန်းသစ်ခြင်းနဲ့ပတ်သက်ပြီး ဥပမာတစ်ရပ်ကို သုံးသပ်တင်ပြပါရစေ။ အရဗီလို `ဗရ်က်´  ဆိုတဲ့ စကားလုံးတစ်လုံးရှိပါတယ်။ ဒီစကားလုံးဟာ ကျမ်းမြတ်ကုရ်အာန်(၂း၂၀)မှာလည်း ပါရှိပါတယ်။ သူ့ရဲ့အဓိပ္ပါယ်က Lightning `လျှပ်စီးလက်ခြင်း´လို့ဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ ဒီစကားလုံးကို ရှေးပညာရှင်တွေက အဓိပ္ပါယ်ရှင်းပြတဲ့အခါမှာ လူတွေ အလွယ်တကူနားလည်နိုင်အောင် မိမိပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကို ခိုင်းနှိုင်း တင်ပြလေ့ရှိပါတယ်။ ဒီ `ဗရ်က်´ဆိုတဲ့ လျှပ်စီးလက်ခြင်းဆိုတာက အလွန်မတန် လျှင်မြန်တဲ့နှုံးနဲ့သွားတာဖြစ် တယ်။ တမန်တော်မြတ်က `မေ့အ်ရာဂ်ျ´ခရီးစဉ်ကို ကြွမြန်းတဲ့အခါမှာ `ဗရ်က်´အားဖြင့်သွားတယ်လို့ ရှေးကျမ်း တွေမှာ ဖော်ပြထားတယ်။

          တစ်နည်းအားဖြင့် `ဗရ်က်´ကို `ဗိုရာက်´လို့ အများကခေါ်ကြတယ်။ အဲဒီတော့ လူတွေက ပညာရှင်ကြီး တွေကို `ဗိုရာက်´ဆိုတာ ဘာလဲလို့မေးကြတယ်။ ပညာရှင်ကြီးတွေကလည်း သိပ္ပံပညာ မတိုးတက်သေးတဲ့ အဲဒီ ခေတ်အခါမှာ `ဗိုရာက်´ဆိုတာ အင်မတန်လျင်မြန်တဲ့သဘောကိုပြောချင်တော့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အပြေး မြန်တဲ့ မြင်းသတ္တ၀ါကို ကိုယ်စားပြုပြီး `ဗိုရာက်´ဆိုတာ မြင်းသတ္တ၀ါလို့ပြောကြတယ်။ ပိုပြီးလျင်မြန်တဲ့သဘော၊ မိုးပေါ်ကိုလည်း ပျံတက်နိုင်တဲ့သဘောကို ပြချင်တော့ မြင်းကိုအတောင်ပံ တပ်ပေးလိုက်တယ်။ အဲဒီတော့ `ဗရ်က်´ လို့ခေါ်တဲ့ `ဗိုရာက်´ကို ရှေးခေတ်ပညာရှင်တွေက သူတို့ခေတ်အခါနဲ့အညီ `မြင်းပျံကြီး´တစ်ကောင်အဖြစ် သရုပ် ဖော်ပေးလိုက်ပါတယ်။ ပန်းချီဆရာတွေကလည်း မြင်းခေါင်းကိုဖြုတ်ပြီး မိန်းမခေါင်းတစ်ခု ဖန်တီးရေးဆွဲပေးလိုက်ပါ တယ်။ အဲဒီတော့ တမန်တော်မြတ်က ကမ္ဘာပေါ်ကနေပြီး `မေ့အ်ရာဂ်ျ´ခရီးစဉ် (ကောင်းကင်ခရီးစဉ်)ကိုသွားတော့ ဒီမြင်းပျံမကြီးကို စီးသွားတယ်ပေါ့ဗျာ။ ဒါကတော့ `ဗရ်က်´ဆိုတဲ့ အရဗီဝေါဟာရကို ရှေးပညာရှင်တွေက သူတို့ခေတ် သူတို့အခါမှာ လူတွေကို သူတို့နားလည်သလိုရှင်းပြတာပေါ့ဗျာ။

          ဒါပေမဲ့ အင်မတန်မှကြီးကျယ်လှတဲ့ တမန်တော်မြတ်ကြီးရဲ့ `မေ့အ်ရာဂ်ျ´သဘောကို `ဗရ်က်´ ခေါ် `ဗိုရာက်´ဆိုတဲ့ မြင်းပျံမတစ်ကောင်နဲ့ရှင်းပြတာကတော့ အခုလိုသိပ္ပံပညာတိုးတက်လာတဲ့ခေတ်မှာ ယုတ္တိမတန် တော့ပါဘူး။ အခုအချိန်မှာ ကုရ်အာန်မှာဖော်ပြထားတဲ့ `ဗရ်က်´ရဲ့သဘောကို အတော်လေး တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ပါပြီ။ အလင်းရဲ့အမြန်နှုန်းကို တွက်ချက်လို့ရပါပြီ။ အလင်းနှစ်နဲ့ အင်မတန်မှဝေးလံလှတဲ့ အကွာအဝေးတွေကို တိုင်းထွာနိုင်ပါပြီ။ ဒါတွေဟာ တိုးတက်လာတဲ့၊ ဆန်းသစ်လာတဲ့ ပညာရပ်တွေပါ။ အတွေးအ ခေါ်တွေပါ။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုတဲ့နေရာမှာ ဒီလိုဆန်းသစ်လာတဲ့ ပညာရပ်တွေ၊ အတွေးအခေါ်တွေကို ဖယ်ထုတ်ပြီး၊ `ဗီဒ်အသ်´ဆိုပြီး ကျောခိုင်းစဉ်းစားလို့မရတော့ပါဘူး။ ကျမ်းမြတ်ကုရ်အာန်မှာ စဉ်းစားဖို့၊ တွေးခေါ်ဖို့၊ ဆန်းသစ်ဖို့ ပြထားတဲ့အာယသ်တွေအများကြီးပါ။ ကျမ်းမြတ်ကုရ်အာန်မှာ မစဉ်းစားရဘူး။ မတွေးခေါ်ရဘူး။ မဆန်း သစ်ရဘူးလို့ ပြဌာန်းထားတဲ့အာယသ်တွေ ရှိရင်ထုတ်ပြပါ။

          ဒီနေ့ ခွတ္တဗါဟ်မှာ ကျနော်အမှန်တကယ်တင်ပြမှာက `အစ္စလာမ့်ရှရီအာဟ်´အကြောင်းပါ။ ဒါပေမဲ့ စဉ်းစား၊ တွေးခေါ်မှုအကြောင်းကို ကျနော့်အနေနဲ့ အဓိကထားပြီး တင်ပြနေရခြင်းဟာ အစ္စလာမ့်ဥပဒေ၊ `အစ္စလာမ့် ရှရီအာဟ်´ရဲ့ အဓိကပင်မဒေါက်တိုင်ဟာ စဉ်းစားတွေးခေါ်ခြင်းအပေါ်မှာ အခြေပြုထားလို့ပဲဖြစ်ပါတယ်။ အားလုံး သိရှိထားပြီးတဲ့အတိုင်း `အစ္စလာမ့်ရှရီအာဟ်´ဆိုရင် လူ့အဖွဲ့အစည်းတော်တော်များများက ဆန့်ကျင်ကြပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုထဲကို `အစ္စလာမ်ရှရီအာဟ်´၀င်ရောက်နေရာယူလာမယ့်အရေးကို လူတွေက အတော် ကြောက်လန့်ကြပါတယ်။ ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲ။ အစ္စလာမ့်ရှရီအာဟ်ဆိုတာ တကယ်ပဲမကောင်းလို့လား။ လူတွကို အန္တရာယ်ပေးနိုင်လို့လား။ အမှန်တကယ်မှာတော့ အစ္စလာမ့်ရှရီအာဟ်ဆိုတာ အင်မတန်မှ တရားမျှတပါ တယ်။ ဒါပေမဲ့ လူတွေရဲ့အသုံးချမှု မှားယွင်းတဲ့အပေါ်မှာ ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့အပိုင်းတွေ အများကြီးရှိနေလို့ ပါ။ ဥပမာပေါ့ဗျာ။ သူခိုးကို လက်ဖြတ်လိုက်တာတို့၊ ကိုယ်နဲ့တစ်သက်လုံး ပေါင်းလာတဲ့မိန်းမကို ပါးစပ်က သုံးကြိမ် `တွလားက်´ပေးလိုက်ရုံနဲ့ ကွာရှင်းပြတ်စဲမှုဖြစ်သွားတာတို့ ဆိုတာတွေက လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ကိစ္စတွေပါ။ သို့သော်ငြားလည်း ဒီလိုကိစ္စမျိုးတွေက ` အစ္စလာမ့်ရှရီအာဟ်´ဆိုတဲ့ခေါင်းစွပ်စွပ်ပြီး မွတ်ဆလင်မ်လူ့အဖွဲ့အစည်းထဲမှာ ခိုင်ခိုင်မာမာနေရာယူထားတာကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။

          အဲဒီတော့ ဒီနေ့ `အစ္စလာမ့်ရှရီအာဟ်´အပိုင်း(၂) ခွတ္တဗါဟ်မှာ ကျနော်အဓိကတင်ပြလိုတဲ့အချက်၊ သတင်းစကားကတော့ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ အစ္စလာမ့်ရှရီအာဟ်၊ အစ္စလာမ့်ဥပဒေကို အမှန်တကယ် အသုံးပြုချင်တယ်ဆိုရင်တော့ ပိတ်ဆို့ခြင်းခံထားရတဲ့ `အိဂ်ျတေဟာဒ်´တံခါးကို ပြန်ဖွင့်ရပါလိမ့်မယ်။ ကျနော် နားလည်သလောက်တော့ ` အိဂ်ျတေဟာဒ်´သဘောမပါရှိဘဲ အစ္စလာမ့်ဥပဒေကို သုံးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ္စလာမ့်ဥပဒေဖြစ်စေ၊ ဘယ်ဥပဒေဖြစ်စေ၊ တွေးတောဆင်ခြင်သုံးသပ်မှုအပေါ် အခြေခံ ထားလို့ပဲဖြစ်ပါတယ်။ ` အိဂ်ျတေဟာဒ်´ရဲ့အခြေခံသဘောကလည်း ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် တွေးတော ဆင်ခြင်သုံးသပ်မှုအပေါ် အခြေခံထားပါတယ်။ များစွာသော စောဒကတွေအပေါ်မှာ လက်ခံစဉ်းစားသုံးသပ်တဲ့ သဘော ပါရှိပါတယ်။

          ဒီနေရာမှာ ကျနော့်အနေနဲ့ ` အိဂ်ျတေဟာဒ်´ရဲ့အဓိပ္ပါယ်သတ်မှတ်ချက်ကို တင်ပြပါရစေ။

အိဂ်ျတေဟာဒ်      =    Independent judgment in a legal or theological question, based on the                               interpretation and application of the Quran (as opposed to taqlid)

          ( ဥပဒေဆိုင်ရာမေးခွန်း (သို့မဟုတ်) ဘာသာရေးဆိုင်ရာ မေးခွန်းတစ်ရပ်၊ ပြသနာတစ်ရပ်ကို ကျမ်းတော် မြတ်ကုရ်အာန်၏ ဘာသာပြန်ဆိုချက်နှင့် ရည်ညွှန်းဖွင့်ဆိုချက်တို့အပေါ် အခြေပြု၍ လွတ်လပ်ကျယ်ပြန့်စွာ တွေးတောဆုံးဖြတ်ခြင်း။ `မဇ်ဟာဗ်´ကျောင်းတော်ဝါဒတစ်ခုခု၏ ပုံသေဆုံးဖြတ်ချက်ကို မလိုက်နာခြင်း )      

          ဆိုလိုတာကတော့ `အိဂ်ျတေဟာဒ်´ဆိုတဲ့သဘောဟာ ဘာသာရေးဆိုင်ရာ ပြသနာတစ်ရပ်ကို၊ မေးခွန်း တစ်ရပ်ကို လှေနံဓါးထစ်မယူဆဘဲ Statement လို့ခေါ်တဲ့ ထွက်ဆိုပြောကြားချက်ဆိုင်ရာဖြစ်စဉ်နဲ့ Argumentation လို့ခေါ်တဲ့ ကျိုးကြောင်းဖော်ပြ၍ တွေးခေါ်ဆင်ခြင်ပြီး ကောက်နှုတ်ချက်တွေအပေါ်မှာ ကျမ်းမြတ်ကုရ်အာန်နဲ့ ချိန်ထိုးဆုံးဖြတ် ခြင်းဆိုတဲ့သဘောပါပဲ။ ကျမ်းမြတ်ကုရ်အာန် (၆း၆၇)မှာ ဒီလိုပြဆိုထားပါတယ်။

          “ သတင်းစကားတိုင်းအတွက် (အတည်ပြုနိုင်ရန်) သီးခြားကန့်သတ်ထားသော အချိန်တစ်ရပ်စီရှိသည်။ သင် တို့သည် မကြာမြင့်မီမှာပင် ယင်းသတင်းစကား၏ (အနက်သဘော)ကို သိမြင်လာကြလိမ့်မည် ”   (ကုရ်အာန် – ၆း၆၇)

          အထက်ပါအာယသ်အရဆိုရင် ကုရ်အာန်ဟာ အင်မတန်မှ ကြီးကျယ်မြင့်မြတ်လှတဲ့ သတင်းစကားပေါင်း ချုပ်ကြီးပါ။ ဒီကုရ်အာန်ရဲ့သတင်းစကားတစ်ခုချင်းကို နားလည်သဘောပေါက်ဖို့ အချိန်ကာလတစ်ရပ် လိုအပ် ကြောင်းကို ရည်ညွှန်းနေပါတယ်။ ဟုတ်ပါတယ်။ အချို့ကုရ်အာန်အာယသ် တော်တော်များများဟာ ခေတ်တစ် ခေတ်၊ စံနစ်တစ်ခုကိုရောက်မှ သဘောပေါက်၊ နားလည်သွားတဲ့သဘောရှိပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ် က ကုရ်အာန် (၄၇း၂၄)မှာ “ မင်းတို့ ဘာလို့ အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်မှု မပြုကြလေသလဲ။ မင်းတို့ရဲ့ နှလုံးသားတွေကို သော့တွေ အထပ်ထပ်ခတ်ထားသလား ”  လို့ မေးခွန်းထုတ်ထားခြင်းဖြစ်ပါတယ်။

          အထက်မှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း `အိဂ်ျတေဟာဒ်´ရဲ့သဘောဟာ လှေနံဓါးထစ်၊ တရားသေမဆန် ဘဲ အမြဲတမ်း အပြန်ပြန်အလှန်လှန် သုံးသပ်စဉ်းစား ဆန်းသစ်နေဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ `ဆွလားသ်´တည်ဆောက်တဲ့နေရာမှာ ခရီးသွားနေသူတစ်ဦးအတွက် `ကဆွရ်´ဆိုပြီး ဆွလားသ်ကိုလျှော့ပြီး ဆောင်ရွက်ခွင့်ကို သတ်မှတ်ပြဌာန်းခဲ့ပါတယ်။ ခရီးသွားတယ်ဆိုတဲ့အပိုင်းမှာ ခရီးကို အကွာအဝေးဘယ်လောက် သတ်မှတ်သလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ခရီးမိုင်(၅၀)အကွာအဝေးကိုသွားရင် ခရီးသွားတယ်လို့ သတ်မှတ်ခဲ့ပါ တယ်။ ဒီသတ်မှတ်ချက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀)ကျော်က သတ်မှတ်ချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀)ကျော်က မိုင်(၅၀)ခရီးကို ကုလားအုပ်စီးသွားမယ်ဆိုရင် (၇)နာရီ (၈)နာရီလောက် သွားရပါလိမ့်မယ်။ ဒါကြောင့် မိုင်(၅၀)ခရီးဆိုတာက လူတစ်ယောက်အတွက် အင်မတန်မှ ပင်ပန်းနွမ်းနယ်စရာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် `ဆွလားသ်´ကို `ကဆွရ်´လျှော့တာ မှန်ကန်ပါတယ်။

          ဒါပေမဲ့ ဒီကနေ့အချိန်မှာတော့ မိုင်(၅၀)ခရီးဆိုတာ (၂)နာရီလောက်နဲ့ ခရီးနှင်နိုင်ပါပြီ။ အင်မတန်မှ သက် တောင့်သက်သာဖြစ်တဲ့ ယာဉ်တွေနဲ့  သွားနိုင်ပြီဖြစ်လို့ မိုင်(၅၀)ဆိုတဲ့အကွာအဝေးဟာ လူကို ပင်ပန်းစရာအ ကြောင်း မရှိတော့ပါဘူး။ ဆွလားသ်ကို လျှော့ဖို့ဆိုတာ ခရီးမိုင်အကွာအဝေးကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့လိုလာ ပါပြီ။ တစ်ခါ ကျမ်းမြတ်ကုရ်အာန် (၂၂း၂၇)မှာ ဒီလိုပြဆိုထားပါတယ်။

          “ ထို့ပြင် အသင်သည် လူခပ်သိမ်းတို့အား ဟဂ်ျပြုရန်အတွက် ကြေညာဖိတ်ခေါ်ပါလေ။ ထိုသောအခါ လူတို့ သည် အလွန်ဝေးလံသော လမ်းခရီးများမှ ခြေလျင်သော်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုပ်အသီးသီးပေါ် စီးနင်း၍လည်းကောင်း၊ အသင့်ထံသို့ လာရောက်ကြပေမည် ”   (ကုရ်အာန် – ၂၂း၂၇)

          ဒီအာယသ်တော်အရဆိုလျှင် ဟဂ်ျသွားရာခရီးစဉ်မှာ ဟာဂျီလောင်းများဟာ အစီးအနင်းအဖြစ် ကုလားအုပ် စီးသွားရမယ့်သဘောဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနေ့ ဘယ်သူမှ ကုလားအုပ်မစီးဘဲ လေယာဉ်ခရီးစဉ်တွေနဲ့ သွားနေ ပါတယ်။ ဒါဆိုရင် လေယာဉ်စီးပြီး ဟဂ်ျသွားခြင်းဟာ ဒီကုရ်အာန်(၂၂း၂၇)နဲ့ ကိုက်ညီပါရဲ့လားဆိုတဲ့ မေးခွန်းအပေါ် မှာ တွေးတော၊ စဉ်းစား၊ အဖြေထုတ်ရမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ ကျမ်းမြတ်ကုရ်အာန်ကျရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၄၀၀)ကျော်က အစီးအနင်းဆိုလို့ ကုလားအုပ်တွေ၊ မြင်းတွေပဲ ရှိပါတယ်။ အခုတော့ အင်မတန်လျင်မြန်ပြီး လူသက်သာလှတဲ့ လေယာဉ်တွေပေါ်လာပါပြီ။ ဒီနေ့မှာဘယ်သူမှ ကုလားအုပ်စီးစရာ မလိုတော့ပါဘူး။ ဒီလိုတိုးတက်လာတဲ့ခေတ်ကြီးမှာ ကုရ်အာန်ကရည်ညွှန်းသလို ကုလားအုပ်မစီးပဲ လေယာဉ်စီးပြီး ဟဂ်ျခရီးစဉ်သွားခြင်းဟာ ကုရ်အာန်ကို ဆန့်ကျင်ခြင်းမဟုတ်ပဲ ခေတ်မီ ဆန်းသစ် တိုးတက်လာခြင်းကို အသိအမှတ်ပြုနေခြင်းပဲ ဖြစ်ပါတယ် လို့တင်ပြရင်း ဒီမှာပဲ `အစ္စလာမ့်ရှရီအာဟ်´ အပိုင်း(၂) ကိုရပ်နားပါမယ်။