အမျိုးသားရေးဝါဒ ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အမျိုးသားရေးဝါဒ
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ပြီးခဲ့တဲ့အပတ်က ခွတ္တဗာဟ်မှာ လူဆိုတာအင်န်ဆာန်ဖြစ်တယ်။ အာဒမ်ဖြစ်တယ်။ ကမ္ဘာဂြိုဟ်ကို စိုးမိုး ချယ်လှယ်ခွင့်ရထားတဲ့ ခလီဖာဖြစ်တယ်။ ကိုယ်ပိုင်အသိ အာရုံခံစားမှုများနှင့် ဆင်ခြင်တုံတရားအပြင် အလ္လာဟ်ထံက ၀ဟီကို တမန်တော်များမှတဆင့် လက်ခံရရှိထားသူဖြစ်တယ်။ ဒါကြောင့် မိမိရဲ့ဗီဇဥာဉ်(နာဖ်စ်)နဲ့ ကမ္ဘာလောကကို ထိန်းသိမ်းစောင့် ရှောက်သူဖြစ်တယ်ဆိုတာ တင်ပြခဲ့ပါတယ်။ ဒီနေ့ (၂၀-၁-၂၀၁၅)နေ့မှာတော့ အဲဒီလူသားတွေက တီထွင်ဖန်တီးခဲ့တဲ့ အမျိုးသားရေးစိတ်ဓါတ်အကြောင်းကို လေ့လာတင်ပြသွားမှာဖြစ်ပါတယ်။
အမျိုးသားရေးစိတ်ဓါတ်ဆိုတာ မိမိနိုင်ငံနယ်ချဲ့လက်အောက်မှ လွတ်မြောက်ဖို့ ကြိုးစားရာမှာဖြစ်စေ၊ ဘာသာစကားနှင့် ဓလေ့ထုံးစံခြင်းနီးစပ်တဲ့ နိုင်ငံတွေပေါင်းစည်းရာမှာဖြစ်စေ အင်မတန်အသုံးတည့်တဲ့စိတ်ဓါတ် ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာစကားအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံကွဲပြားစုံလင်နေသော တိုင်းရင်းသားများရှိနေတဲ့ နိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လွန်ကဲလာရင်တော့ နိုင်ငံပြိုကွဲပျက်စီးစေမှုကို ဦးတည်သွားနိုင်ပါ တယ်။ ယူဂိုစလားဗီးယား ပြိုကွဲသွားမှုက သက်သေပါပဲ။ အစွန်းရောက်အမျိုးသားရေးဝါဒီတွေ ရှိနေတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေသည်ပင်လျှင် နှိမ့်ချဆက်ဆံခြင်း ခံနေကြရပါတယ်။
တကယ်တော့ မျိုးချစ်စိတ်(အမျိုးသားရေးစိတ်ဓါတ်)လို့ လူတွေအသုံးပြုလာတာက လူ့သမိုင်းနဲ့ယှဉ်ကြည့် ရင် သိပ်မကြာသေးဖူးလို့ ပြောရမှာပါ။ မြေရှင်ပဒေသရာဇ်ခေတ်မှာ အုပ်ချုပ်ခံပြည်သူတွေဟာ မျိုးချစ်စိတ်ဓါတ် အခံ ထက် အုပ်ချုပ်မင်းလုပ်နေသူကို သစ္စာရှိရမယ်ဆိုတဲ့ အသိနဲ့ဘုရင့်ပိုင်နက်ထဲမှာ နေထိုင်ခဲ့ကြတာပါ။ ဒီလို နေထိုင် ရင်းနဲ့ တစ်မြေတည်း(သို့) နန်းစဉ်နန်းဆက် ပိုင်နက်တစ်ခုတည်းမှာ မွေးဖွားလာကြသူတွေကို နိုင်ငံသား(Nation) လို့ သုံးစွဲလာခဲ့ကြပြီး ဂရိစကား Natio ဆိုတဲ့ ရင်းမြစ်ကဆင်းသက်လာခဲ့တာပါ။ တစ်မြေတည်းတွင် မွေးဖွားခြင်း ခံခဲ့ ရသူများလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကနေမှ အမျိုးသားရေးဝါဒ Nationalism ပေါ်ပေါက်လာခဲ့ပါတယ်။ အမျိုးသားရေးဝါဒဆိုတာကို ပြင်သစ်ဘုန်းတော်ကြီး သြဂတ်စတင်းဘာရုက စတင်သုံးစွဲခဲ့တာလို့ အဆိုရှိပါတယ်။ ပြင်သစ်ကို အင်္ဂလန်ပြည် ဂျိမ်းဘုရင်၏ အာဏာလွှမ်းမိုးမှုကို ဆန့်ကျင်ရာမှ ကျော်ကြားလာတဲ့ စကားလုံး ဖြစ်ပါတယ်။ အဲ့ဒါက ၁၇ ရာစုမှာပါ။ အဲ့ဒီကနေ ၁၈ရာစုရောက်တော့ နပိုလီယံက ဥရောပတစ်တိုက် လုံးကို သိမ်းပိုက်ခဲ့ရာကနေ အဲဒီနိုင်ငံတွေမှာ ပြင်သစ်ကို မုန်းတီးမှုနှင့်အတူ အမျိုးသားရေးစိတ်ဓါတ်တွေ ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဥရောပကို ရောမနှင့်အင်္ဂလန်က သြဇာလွှမ်းမိုးခဲ့ပါတယ်။ ၁၉ရာစုရောက်တော့ ဥရောပနိုင်ငံအသီးသီးဟာ ရောမနဲ့အင်္ဂလန်ရဲ့ သြဇာလွှမ်းမိုးမှုကို လက်မခံတော့ဘဲ သီးခြားဘုရင့်နိုင်ငံများ ထူထောင်လာကြတယ်။ ဘာသာစကားခြင်းတူတဲ့ အီတလီနိုင်ငံငယ်များရဲ့ပေါင်းစည်းမှု၊ ဂျာမန်စကားပြောနိုင်ငံများရဲ့ ပေါင်းစည်းမှုတွေကလည်း အမျိုးသားရေး ရည်မှန်းချက်တွေကို ပိုမိုပြင်းထန်လာစေခဲ့တယ်။ ဒီနိုင်ငံတွေဟာ သူ့လူမျိုးတွေရဲ့ စုစည်းညီညွတ်နေဖို့စည်းရုံးကြရာမှာ နိုင်ငံရေးလွတ်လပ်ခွင့်(သို့မဟုတ်) ဒီမိုကရေစီ အယူအဆတွေကို အသုံးမပြုခဲ့ကြဘူး။ မျိုးချစ်စိတ်ဓါတ်ဆိုတဲ့ လောင်စာတွေကို အသုံးပြုခဲ့ကြတယ်။ ဥရောပမှာ ဥာဏ်သစ်လောင်းအရေးတော်ပုံ (ရီနေးဆန့်) ခေတ်ကြီးပေါ်ပေါက်ပြီး စက်မှုတော်လှန်ရေးကြီး ဖြစ်ပွား ခဲ့ပါတယ်။
အဲဒီတော်လှန်ရေးနှင့်အတူ အတိတ်ကကြီးကျယ်ခမ်းနားခဲ့တဲ့ အောင်မြင်မှုတွေ၊ ကိုယ့်လူမျိုးရဲ့ဘာသာစကား၊ ယဉ်ကျေးမှုစာပေနဲ့ ထုံးတမ်းစဉ်လာတွေဟာ အခြားသူတွေထက်သာလွန် မြင့်မြတ်တယ်လို့ အလေးပေးပြောဆိုလာကြတယ်။ ဒီလိုနဲ့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လာတဲ့ ဥရောပနိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အာရှ၊ အာဖရိက တိုင်းနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာကို အကြောင်းပြုပြီး အဲဒီနိုင်ငံတွေကို ကိုလိုနီပြုနယ်ချဲ့ခဲ့ကြတယ်။ မြန်မာနိုင်ငံသည်ပင်လျှင် ဗြိတိသျှကိုလိုနီတို့နဲ့ သုံးကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ပြီး ၁၈၈၅ခုနှစ်မှာ တစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့တယ်။ နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ ဗြိတိသျှတို့က မြန်မာနိုင်ငံကို ဗြိတိသျှဘုရင်မကြီးအား ခရစ်စမတ်လက်ဆောင်အဖြစ် ပေးအပ်လိုက်သည်လို့ ဂုဏ်ယူစွာကြေငြာခဲ့ကြတယ်။ အဲဒီခေတ် အဲဒီအခါက ကိုလိုနီနယ်မြေတွေ မြောက်မြားစွာပိုင်ဆိုင်လေ၊ နိုင်ငံ့ဂုဏ်ကျက်သရေ တိုးတက်လေဖြစ်တယ်။
ဥရောပနိုင်ငံများရဲ့ ကိုလိုနီချဲ့တွင်ရေးတွေဟာ ပိုမိုပြင်းထန်လာတာနဲ့အမျှ ၁၉၁၄မှာ ပထမကမ္ဘာစစ်ကြီး ပေါ်ပေါက်ခဲ့ရတယ်။ ပထမကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ဂျာမနီနဲ့ အီတလီ၊ ဂျပန်စတဲ့နိုင်ငံတွေမှာ အစွန်းရောက် အမျိုးသားရေးဝါဒဖြစ်တဲ့ ဖက်ဆစ်စနစ် ပေါ်ပေါက်လာခဲ့တယ်။ ၁၉၃၉ခုနှစ်မှာ တခါ ဒုတိယကမ္ဘာစစ်ကြီးတွေဖြစ်ခဲ့ရတယ်။ ကမ္ဘာ့လူသတ်ပွဲကြီးတွေဖြစ်ခဲ့တဲ့ ကမ္ဘာစစ်နှစ်ခုစလုံး ဖြစ်ပွားရတဲ့အကြောင်းရင်းတွေ မြောက်မြားစွာရှိပါတယ်။ အဲဒီမှာ မျိုးချစ်စိတ်ဓါတ်များ လွန်ကဲလာရခြင်းဟာလည်း အဓိကကျတဲ့ အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေက မတူကွဲပြားခြားနားမှုတွေကို လက်ခံလာပြီး လူ့အခွင့်အရေးကို အလေးထားတဲ့ အမျိုးသားရေး တန်းတူညီမှုနှင့် နိုင်ငံဖွံ့ဖြိုးရေးကို တည်ဆောက်ခဲ့ကြတယ်။ ကိုလိုနီလက်အောက်ကျရောက်နေတဲ့နိုင်ငံတွေမှာတော့ အမျိုးဘာသာ၊ သာသနာဆိုတဲ့ အမျိုးသားရေးဝါဒတွေကို ရှေ့တန်းတင်ပြီး လွတ်လပ်ရေး အတွက် ဆော်သြခဲ့တယ်။ ကိုလိုနီလက်အောက်က လွတ်လပ်လာတဲ့နိုင်ငံတွေကလည်း လွတ်လပ်မှုနဲ့တန်းတူအခွင့်အရေးတွေနှင့်အတူ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်မဲ့ အမျိုးသားရေးဝါဒအပေါ် အခြေမခံဘဲကိုယ့်လူမျိုး၊ ကိုယ့်ဘာသာသာလျှင် မြင့်မြတ်တယ်၊ အခြားလူမျိုး၊ အခြားဘာသာတွေဟာ နိမ့်ကျသူတွေဖြစ်တယ်ဆိုတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒတွေကို အခြေခံလိုက်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ခေတ်မှာ ရက်စက်ကြမ်းကြုတ် တဲ့မြင်ကွင်းတွေကို တွေ့လာနေကြရတယ်။ အထင်ရှားဆုံးဖြစ်ရပ်တွေကတော့ ယူဂိုဆလားဗီးယားနဲ့ ရ၀မ်ဒါမှာ ဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ သီရိလင်္ကာမှာဖြစ်ခဲ့တဲ့ ဆင်ဟာလာတွေက တမီလ်တွေကို နှိပ်ကွပ်ခဲ့တဲ့ သွေး ချောင်းစီးဖြစ်ရပ်တွေ၊ မြန်မာနိုင်ငံမှာ အာဏာကိုလက်မလွှတ်လိုကြသူတွေက ကြိုးကိုင်ခဲ့တဲ့ ရခိုင်၊ မိတ္ထီလာ၊ မန္တ လေးက အကြမ်းဖက်မှုတွေ အနောက်တိုင်းကဆိုရင် ပညာရေးကိုပါ ဆန့်ကျင်တဲ့ အာဖရိက ဘိုကိုဟာရမ်တို့ရဲ့ လုပ်ရပ်တွေ၊ အစ္စလာမစ်နိုင်ငံလို့ ကြွေးကြော်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြတဲ့ ISIS တွေ၊ ကိုယ်နဲ့မတူ သူတိုင်းကို ရန်သူလို့သတ်မှတ်နေတဲ့၊ အမျိုးသမီးတွေ ပညာသင်ခွင့်ကို တားနေတဲ့တာလီဘန်တွေဟာ အစွန်း ရောက် အမျိုးသားရေးဝါဒီတွေပါဘဲ။
ယနေ့ကမ္ဘာပေါ်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲ့ဒီနိုင်ငံတွေမှာ အများစုကခရစ်ယာန်ဘာသာဝင်တွေဖြစ်နေပေမယ့် ခရစ်ယာန်ဘာသာကို ရှေ့တန်းတင်ထားတာ မဟုတ်ဘဲနိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ရရှိထားပါတယ်။
လူမျိုးနဲ့ဘာသာအပေါ် အခြေခံတည်ဆောက်ထားတဲ့ ဆော်ဒီလိုနိုင်ငံမှာ အမျိုးသမီးတွေဟာ အိမ်ပြင်သို့ လွတ်လပ်စွာထွက်ခွင့်မရ။ ကားမောင်းခွင့်မရ။ လွတ်လပ်စွာတရားစီရင်ခွင့်မရှိ ဖြစ်နေတာပါ။ တလောကမြန်မာနွယ်ဖွား အမျိုးသမီးတစ်ဦးကို လူပုံအလယ်မှာ သေဒဏ်စီရင်တော့ အဲဒီအမျိုးသမီးက ကျွန်မဘာအပြစ်မှ မကျူးလွန်ပါဘူး။ ကျွန်မကိုကယ်ကြပါဆိုပြီး အော်ဟစ်နေတာကို မီဒီယာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ဘာသာရေးခေါင်းဆောင်တွေ လွှမ်းမိုးအုပ်ချုပ်နေတဲ့ အီရန်မှာ ပြည်သူတွေဟာ ကိုယ့်ဘာသာ၊ သာသနာ ကြောင့် လွတ်လပ်ပျော်ရွှင်နေကြလို့လား၊ ဘယ်တော့စစ်ဖြစ်မလဲဆိုတဲ့စိတ်နဲ့ ကျီးလန့်စာ စားနေရတဲ့ဘ၀မျိုးသာ ပိုင်ဆိုင်နေကြရတာပါ။ ဆော်ဒီရော၊ အီရန်ရောဟာ အစ္စလာမ်ဘာသာဝင် အများစုဖြစ်ပြီး အုပ်စိုးတဲ့ အစိုးရတွေက မျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးစံတွေကို အာဏာရှင်ဆန်ဆန် အုပ်စိုးနေကြတာကိုတွေ့ကြရမှာပါ။
အစ္စလာမ့်ဥပဒေရဲ့ ပြစ်ဒဏ်တွေက ပြစ်မှုကျူးလွန်သူတွေကို နောင်တရပြီးနောက်ထပ် မကျူးလွန်စေရန် ရည်ရွယ်ပါတယ်။ ကာမဖောက်ပြန်သူများကို ကြိမ်ဒဏ်ပေးရန်သာ ပြဌာန်းပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံမှာ ကာမ ဖောက်ပြန်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတွေကို အရှင်လတ်လတ် ခဲနဲ့ထုသတ်တဲ့ ပြစ်ဒဏ်တွေပေးနေပါတယ်။ ခဲထုသတ်တယ်ဆိုတာ တမန်တော်မုဟမ္မဒ်မပွင့်ပေါ်ခင်က ကျင့်သုံးခဲ့တဲ့ မျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးစံဖြစ်ပါတယ်။
ဆော်ဒီတို့ ၊အီရန်တို့ဟာ အစ္စလာမ်ဘသာဝင်အများစုဖြစ်ပေမယ့် အုပ်စိုးတဲ့အစိုးရတွေက တမန်တော် မုဟမ္မဒ်မတိုင်မီက မျိုးနွယ်စုတွေကျင့်သုံးခဲ့တဲ့ အမိုက်ခေတ်က ဓလေ့ထုံးစံတွေကို အစ္စလာမ့်ဥပဒေ(ရှရီအာဟ်)လို့ သတ်မှတ်ပြီး အာဏာရှင်ဆန်ဆန် အုပ်စိုးနေတာကို စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရပါတယ်။
အလားတူ ISIS တို့၊ ဘိုကိုဟာရမ်တို့၊ တာလီဘန်တို့လို အစ္စလာမ်မစ်အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း တွေဟာ အမိုက်ခေတ်ဓလေ့ထုံးစံတွေကို (ရှရီအာဟ်)ဥပဒေလို့ ကြေညာပြီး၊ အစ္စလာမ်ကို ခုတုံးလုပ်အသုံးချနေကြ တာပါ။
ဒါကြောင့် ဒီနေရာမှာ အစ္စလာမ်လူ့အဖွဲ့အစည်းအတွက်(ရှရီအာဟ်) အခြေခံဥပဒေဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင်ကြားချက်တွေကို လေ့လာတင်ပြပါ့မယ်။ ကုရ်အာန်(၂း၁၁၂)မှာ
`—- အစ္စလာမ်လူ့အဖွဲ့အစည်းဝင်များသည် မိမိတို့၏ အတ္တစိတ်များကို ပယ်ဖျက်ပြီး အလ္လာဟ်၏လမ်းညွှန် မှုများကို ဦးထိပ်ပန်ဆင်ရာထားသော လောကကောင်းကျိုးကို ဆောင်ရွက်သူများဖြစ်တယ်။´
အစ္စလာမ်ဆိုတာ မိမိ၏ခံစားချက်များကို လျစ်လျူရှုပြီး အလ္လာဟ်ရဲ့လမ်းညွှန်ချက်ကိုပဲ လိုက်နာကျင့်သုံးသူ များဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ယုံကြည်ချက်က
`အလ္လာဟ်မှတစ်ပါး အခြားအားထားရာအရှင်မရှိ။´ ကုရ်အာန်(၄၇း၁၉)
ကမ္ဘာ၊ စကြာဝဠာနဲ့ ရှိရှိသမျှအားလုံးဟာ သူ့စည်းစနစ်နဲ့သူရှိနေကြတယ်။ ဘရာဇီးလ်နိုင်ငံ– သစ်တောကြီး ထဲက လိပ်ပြာလေးတစ်ကောင်ရဲ့ တောင်ပံခတ်မှုကြောင့် အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ် ရတယ်လို့ သဘာဝဓမ္မပညာရှင်တွေက တွက်ဆပြသပါတယ်။ ဒီဖြစ်စဉ်တွေဟာ ပရမ်းပတာနိုင်လွန်းတယ်လို့ ထင်ရ ပေမဲ့ ကမ္ဘာနဲ့စကြာဝဠာမှာ ဖြစ်ပျက်နေသမျှ အားလုံးဟာတစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်ဆိုတာ ကျွန်တော်တို့ကို အသိပေးနေပါတယ်။ လိပ်ပြာလေးတစ်ကောင်ရဲ့ တောင်ပံခတ်မှုကြောင့် မုန်တိုင်းကြီးတစ်ခု ပေါ်ပေါက် နိုင်တယ်ဆိုရင် လူတစ်ဦးခြင်းစီရဲ့ဆောင်ရွက်လုပ်ကိုင်မှုတွေဟာ မိသားစုအတွင်း အဖွဲ့အစည်းအတွင်း နိုင်ငံတော် အတွင်း ကောင်းကျိုးဆိုးကျိုးတွေ သက်ရောက်နိုင်တယ်ဆိုတဲ့ အသိရှိဖို့လိုပါတယ်။ စကြာဝဠာရဲ့ ဘယ်နေရာမှာရှိတဲ့ အရာမဆိုတစ်သီးတစ်ခြား မဟုတ်ဘူး။ အားလုံးဟာ ပြဌာန်းချက် ကိုယ်စီနဲ့ မိမိတာဝန်ကို မိမိထမ်းဆောင်နေကြတယ်။ သဘာဝမှာ သတ်မှတ်ပြဌာန်းထားတဲ့စနစ်(ဓမ္မ) ရှိတယ်။ ဒီဓမ္မရဲ့ဇစ်မြစ်ဟာ အလ္လာဟ်ဖြစ်တယ်။ ဒါကြောင့် လာအိလားဟ အိလ္လလ်လားဟ်´ အလ္လာဟ်မှတစ်ပါး ကိုးကွယ်ရာမရှိလို့ မွတ်ဆလင်မ်များက ခံယူတာပါ။
အလ္လာဟ်ရဲ့လမ်းညွှန်ချက်ကို ပြီးပြည့်စုံစွာ သင်ကြားပို့ချပေးခဲ့သူက မုဟမ္မဒ်(ဆွ)ဖြစ်တယ်လို့ ယုံကြည်သူ များလည်းဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်ပြဌာန်းသတ်မှတ်ချက်တွေကို လူသားထုကို အသိ ပေးရာမှာ ရှေးယခင် တမန်တော်များရဲ့ သင်ကြားချက်တွေကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ် မှာ ပေါ်ထွန်းလာသော ဘာသာတရားများ၏ ဓမ္မအသီးသီးဟာ အလ္လာဟ်တစ်ပါးတည်းရဲ့ ပြဌာန်းချက်များဖြစ် တယ်။ လူသားများရဲ့ စိတ်အလိုလိုက်ပြီး သွေဖည်ခဲ့မှုကြောင့်သာ သစ္စာတရားများ ပျက်ယွင်းခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့လက်ထက်မှာ ဒီဓမ္မတွေကို ဘယ်တော့မှမပျောက်ပျက်သောကျမ်းအံ ကုရ်အာန်အဖြစ်လူသားများထံကို ပို့ချပေးခဲ့တယ်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ သင်ကြားချက်များဟာ အလ္လာဟ်ရဲ့ ပြဌာန်းချက်များဖြစ်တယ်လို့ ခံယူပြီး `မုဟမ္မဒ်ဒွလ် ရစူလွလ္လာဟ်´(၄၇း၂၉) `မုဟမ္မဒ်သခင်(ဆွ)သည် အလ္လာဟ်၏ ပြဌာန်းချက်များကို ယူဆောင်လာသော တမန်တော်ဖြစ်သည်´လို့ ကြွေးကြော်ကြတာပါ။ တမန်တော် မြတ် မုဟမ္မဒ်ဟာ လူ့ဘ၀ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို လူသားတွေကို သင်ကြားပေးခဲ့ ပေမယ့် သူဟာ အခြားတမန်တော်တွေလို လူသားစင်စစ်သာဖြစ်တယ်၊ လူသားတို့ ကိုးကွယ်ရတဲ့ဘုရားရှင် မဟုတ် ဘူးလို့ ၀န်ခံခဲ့ပါတယ်။ (ကုရ်အာန်(၂၃း၃၃)ကိုကြည့်)။ ဒါကြောင့် သောမတ်စ်ကာလိုင်းက တမန်တော်မုဟမ္မဒ်(ဆွ) နောက်ပိုင်းမှာ ဘယ်လူသားတစ်ဦးတစ်ယောက်ကမျှ ငါသည်သင်တို့၏ ကိုးကွယ်အားထားရာ ဘုရားရှင်လို့ မကြေ ညာရဲတော့ပေလို့ သူ့ရဲ့ Heroes and Heroes Workship စာအုပ်ထဲမှာ ဝေဖန်သုံးသပ်ထားပါတယ်။
မွတ်ဆလင်မ်များဟာ ကုရ်အာန်အတိုင်း မိမိဘ၀ကိုပုံဖော်နေထိုင်ကြပါတယ်။ ဒီကုရ်အာန်ရဲ့ သင်ကြား ချက်တွေထဲမှာ `လူတိုင်းသည်လူသားဖြစ်ခြင်းကြောင့် ဂုဏ်သိက္ခာရှိပြီးဖြစ်တယ်´လို့ (၁၇း၇၀)မှာ ဖော်ပြထားပါ တယ်။
ဒါကြောင့်မွတ်ဆလင်မ်များသည် တိုင်းပြည်၊ ဒေသ၊ လူမျိုးစု၊ ဘာသာစကား၊ အသွေးအရောင်၊ အယူဝါဒ အရ လူသားများကို ခွဲခြားဆက်ဆံမှု မပြုရ။ လူသားဖြစ်ခြင်းကြောင့် မည်သူ့ကိုမဆို ဂုဏ်သိက္ခာပေး ဆက်ဆံရပါ တယ်။ မိန်းမ ယောက်ကျားဆိုပြီး လိင်အရခွဲခြားမှုလည်း မရှိဘူးလို့ ကုရ်အာန်ဆူရာဟ် ၃ အာယသ်တော် ၁၉၅မှာ
`မိန်းမနှင့် ယောက်ကျားတို့သည်လည်း လူ့အဆင့်အတန်းအရ တစ်ပြေးညီသာဖြစ်၏။ မိန်းမနှင့် ယောက်ကျားတို့သည် တစ်ဦးနှင့်တစ်ဦး တစ်သီးတစ်ခြားမဟုတ် အချင်းချင်း ဆက်နွယ်လျှက်ရှိနေပေသည်။ ကမ္ဘာ့လူသားအားလုံးထဲမှာ မည်သည့်မျိုးနွယ်မှဖြစ်စေ၊ ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အကျင့်သီလ အကောင်းဆုံးသူသာ အမြင့်မြတ်ဆုံးဖြစ်တယ်လို့ ကုရ်အာန် (၄၉း၁၃)မှာ ပြဌာန်းထားပါတယ်။
ဒါကြောင့် မိမိအယူဝါဒသာ အခြားသူတွေထက်သာလွန်မြင့်မြတ်တယ်။ ယောက်ကျားတွေဟာ မိန်းမတွေ ထက်မြင့်မြတ်တယ်လို့ ပြောနေသူတွေဟာ အစ္စလာမ်ဖြစ်ပါတယ်လို့ ကိုယ်နှစ်ခြမ်းဗြန်းဗြန်းကွဲအောင် အော်ဟစ်နေပါစေ။ အစ္စလာမ်ရဲ့သင်္ကေတတွေကို ကိုယ်နှင့်မကွာအောင် ကိုင်ဆွဲထားပါစေ။ စစ်မှန်တဲ့ အစ္စလာမ်မဟုတ်ပါ။ သူတို့ဟာ လောကကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားတွေသာ ဖြစ်ပါတယ်လို့ မှန်မှန်ကန်ကန် သဘောပေါက်နားလည်သင့်ပါတယ်။
မျိုးနွယ်စုတွေ သူတလူ ငါတမင်းနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒနဲ့ သောင်းကျန်းနေတဲ့ အာရေဗျ ဒေသမှာ တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင်ကြားချက်အတိုင်း လူသားဝါဒကို အစားထိုးခဲ့ တယ်။ အဲဒီတုန်းက အာရေဗျဒေသရှိ ဂျူးများ၊ ခရစ်ယာန်များအတွက် သူတို့၏ထုံးဓလေ့များအတိုင်း သူတို့ရဲ့အဖွဲ့ အစည်းဝင်များကို အုပ်ချုပ်ခွင့်ပေးခဲ့တယ်။ ၎င်းတို့၏ ပစ္စည်းဥစ္စာများကို ကာကွယ်ပေးခဲ့တယ်။ တမန်တော်မုဟမ္မဒ် (ဆွ)က ခရစ်ယာန်ဘာသာဝင်ထုနှင့် ပတ်သက်ပြီး၊ ဟစ်ဂျရီ(၂)ခုနှစ် မုဟ်ရမ်လ(၃)ရက်(အေဒီ ၆၂၈)က ချုပ်ဆိုခဲ့ သော စာချုပ်တွင် ခရစ်ယာန်ဘာသာဝင်တို့၏ မြေပစ္စည်းနှင့် ပိုင်ဆိုင်သမျှကို မွတ်ဆလင်မ်တို့က ကမ္ဘာပျက်သုဉ်း မည့်နေ့အထိ ကာကွယ်ပေးမည့်အကြောင်းနှင့် အခွန်လွတ်ငြိမ်းခွင့်ပြုမည့်အကြောင်း ပါရှိပါတယ်။ အဲဒီစာချုပ်ကို နပိုလီယံက အီဂျစ်ကိုသိမ်းပိုက်တဲ့အခါ သိမ်းဆည်းရမိတဲ့ စာချုပ်အဖြစ် ပြင်သစ်မှာရှိနေပါတယ်။
အဲဒီစာချုပ်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်၊ မိမိတို့ဘာသာအယူအလိုက် တရားသူကြီးများနှင့် သာသနာပိုင် များ ခန့်အပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်၊ စစ်မက်ကာလတွင် အကာအကွယ်ရပိုင် ခွင့်၊ လွတ်လပ်စွာထိမ်းမြားခွင့်များ ပါဝင်ပါတယ်။ ဒါကြောင့်လည်း `အရှေ့တိုင်းသား တွေးခေါ်ရှင် မွတ်ဆလင်မ်တို့ သည် မိမိ၏ပြိုင်ဘက်များပင် ရှက်သွေးဖြာသွားစေသော ဥပဒေကို ပြဌာန်းခဲ့ကြသည်။ ဘာသာမတူသူများကို သ ဘောထားကြီးခဲ့ကြသည်။ စာနာနားလည်ပေးခဲ့ကြသည်။ မွတ်ဆလင်မ်တို့ ပြဌာန်းခဲ့သော ဥပဒေမျိုးကို ပြုစုနိုင်ရန် အနောက်တိုင်းသားတို့က နှစ် ၁၀၀၀ အထိ စောင့်စားခဲ့ကြရသည်။´ လို့ ၁၉၂၇ နှစ် လန်ဒန်မြို့ထုတ် အော့ဗ်စထ ရောင်းရေးတဲ့ The Angora Reform စာမျက်နှာ (၃၀-၃၁)မှာ ရေးသားထားပါတယ်။
အစ္စလာမ်ဟာ ခိုင်မာပြီး၊ တရားမျှတတဲ့ ဥပဒေတွေပြဌာန်း ကျင့်သုံးခဲ့လို့ နှစ် ၁၄၀၀ ကျော် ယခုထက်တိုင် ထွန်းကားပြန့်ပွားခဲ့တာပါ။ ဒါပေမယ့်လည်း အစ္စလာမ်က ပေးအပ်ထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို လျစ်လျူရှု ပြီး တာ့ခ်မွတ်ဆလင်မ်တွေက ဂျေရုစလင်ကို လာရောက်လည်ပတ်တဲ့ ခရစ်ယာန်ဘုရားဖူးများကို ပိတ်ပင်ခဲ့တဲ့အတွက် ခရစ်ယာန်တို့နှင့် မွတ်ဆလင်မ်တို့ ခရူးဆိတ်စစ်ပွဲများ ဖြစ်ပွားခဲ့ရပါတယ်။
ခရူးဆိတ်စစ်ပွဲတွေကြောင့် ဥရောပမှာ ရီနေးဆန့်(ခေါ်)ဥာဏ်သစ်လောင်းခေတ် ပေါ်ပေါက်ခဲ့ရပြီး ကမ္ဘာ ကြီးဟာ စက်မှုခေတ်သို့ရောက်ခဲ့ရပါတယ်။ မွတ်ဆလင်မ်တွေကတော့ ခရူးဆိတ်နောက်ပိုင်းမှာ မွန်ဂိုတာတာတို့က ဘဂ္ဂဒက်မြို့တော်ကြီးကို သိမ်းပိုက်ပျက်ဆီးပြစ်လိုက်တာကို ခံရပါတယ်။ တာတာတို့က မွတ်ဆလင်မ်တို့၏ ကမ္ဘာ ကျော်သိပ္ပံပညာ၏ ယဉ်ကျေးမှု ဗဟိုမြို့ကြီးပြကြီးများကို မီးရှို့ဖျက်ဆီးခံခဲ့ကြပြီး ပြာပုံဘ၀ရောက်စေခဲ့ပါတယ်။ တာတာတို့ရဲ့ ခေါင်းဆောင်ဂျင်ဂျစ်ခန်ရဲ့သား ၄ယောက်စလုံးဟာ နောက်ပိုင်းမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းဝင်ရောက်ခဲ့ပါတယ်။
မွတ်ဆလင်မ်တို့ကို ချေမှုန်းခဲ့တဲ့ရန်သူတွေက အစ္စလာမ်ကို အလုံးအရင်းလက်ခံခဲ့ကြတာ အံ့အားသင့်စရာ ပါ။ မွတ်ဆလင်မ်များ ချေမှုန်းခံရချိန်ဟာ ဘဂ္ဂဒက်မြို့ကြီးဆိုတာ ကမ္ဘာမှာခေတ်မှီ အဆန်းပြားဆုံးမြို့ကြီးတစ်ခု ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အလ္လာဟ်ပြဌာန်းတဲ့ရှရီအာဟ်ဥပဒေတွေကို တလွဲအသုံးချနေတဲ့ အချိန်အခါဖြစ်တယ်ဆို တာ အစ္စလာမ့်သမိုင်းက ဖော်ညွှန်းနေပါတယ်။ အဲ့ဒီအချိန်မှာ မွတ်ဆလင်မ်ပညာရှင်တွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွေကို လျစ်လျူရှုနေခဲ့ကြတယ်။ အရေးမပါတဲ့ ကျီးကန်းသားစားခွင့်၊ မစားခွင့်ဆိုတာကို အကြီးအကျယ် အငြင်းပွားနေချိန်ဖြစ်တယ်။ ဒါကြောင့် တာတာတွေရဲ့တိုက်ခိုက်မှုကို အလွယ်တကူအညံ့ခံခဲ့ကြရတာပါ။ ဒါပေမယ့် တာတာတွေဖမ်းဆီးခေါ်ဆောင်သွားတဲ့ မွတ်ဆလင်မ်အမျိုးသမီးတွေရဲ့ အပြုအမူအနေအထိုင်တွေကြောင့် ခေါင်းဆောင်ပိုင်းတွေက အစ္စလာမ်ကို လက်ခံလာပြီးတဲ့နောက် တာတာမျိုးနွယ်စုအလုံးအရင်းအလိုက် အစ္စလာမ် ထဲဝင်ရောက်ခဲ့တာပါ။ ဒီနေရာမှာ မွတ်ဆလင်မ်အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို သတိတရအသိအမှတ်ပြုသင့်ပါ တယ်။ နောက်တစ်ခုက လူမျိုးတစ်မျိုးသည် ပြုပြင်ပြောင်းလဲမှုကို မပြုလုပ်ပါက၊ နောက်လူမျိုးတစ်မျိုးဖြင့် အစားထိုး လိုက်မည်ဆိုတဲ့ ကုရ်အာန်ရဲ့ပြဌားန်ချက်ကိုလည်း သတိရသင့်ပါတယ်။
အခုအချိန်မှာတော့ တမန်တော် မုဟမ္မဒ်မတိုင်ခင် အရိုင်းခေတ် ဓလေ့ထုံးစံတွေကျင့်သုံးနေတဲ့ အကြမ်း ဖက်သမားတွေက ငါတို့သာ အစ္စလာမ်ဖြစ်တယ်လို့ ကြွေးကြော်နေပြီး၊ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံ နေတာကို စိတ်မသက်သာစွာ ကြားနေမြင်နေရပါတယ်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)နှင့် အဆွေတော်သာဝကကြီး များဟာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ညွှန်ကြားချက်တွေအတိုင်း လူ့အခွင့်အရေးတွေကို အခြေခံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ခဲ့တာပါ။ဒီအကျိုးကျေးဇူးကြောင့် တမန်တော်မုဟမ္မဒ်ကွယ်လွန်ပြီး နောက်ပိုင်းမှာလည်း အစ္စလာမ်ဟာ တမဟုတ်ချင်း ကြီးမားကျယ်ပြန့်ပြီး အာဖရိက၊ ဥရောပ၊ အာရှတို့မှာ ပျံ့နှံ့ခဲ့တာပါ။
ယခုအချိန်အစ္စလာမ်ကျဆုံးနေတာဟာ တမန်တော်မြတ်(ဆွ)ကွယ်လွန်ပြီးတဲ့ နောက်ပိုင်းပြည်သူ့သမ္မတများ(ခလီဖွာဟ်ကြီး ၄ပါး) (ဟစ်ဂျရီ ၄၀ ခုနှစ် ခရစ်သက္ကရာဇ် ၆၆၀)အထိ ကုရ်အာန်ပါ ပြဌာန်းချက်များအတိုင်း လူသားဝါဒကို အဓိကထား အုပ်ချုပ်နိုင်ပေမယ့် ခရစ်သက္ကရာဇ်(၆၆၀)နောက်ပိုင်းမှာ အစ္စလာမ်အင်ပါယာဟာ အမျိုးသားရေးဝါဒီတို့ လက်ထဲကျရောက်ခဲ့ပြီး ဘုရင်စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။
အဲဒီလူတွေက ကုရ်အာန်ကျမ်းတော်လာ ပြဌာန်းချက်တွေကို နောင်ဘ၀အတွက်သာ ရည်ရွယ်ပြီး၊ ကြက်တူရွေးလို တဖတ်တည်းဖတ်နေတဲ့ အုပ်စုတွေကြီးစိုးလာပါတယ်။ အစ္စလာမ့်ဥပဒေနဲ့ အုပ်ချုပ်ပါတယ်ဆိုတဲ့ ဘ၀ရှင်မင်းတရားကြီးတွေ၊ အာဏာရှင်တွေကတောင် မိမိတို့မျိုးနွယ်တွေ ဓလေ့ထုံးစံအတိုင်း ဥပဒေသတ်မှတ် စီရင်ဆုံးဖြတ်တာကို အစ္စလာမ့်ဥပဒေ ရှရီအာဟ်လို့ သတ်မှတ်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ယနေ့ အစ္စလာမ်သည် ကမ္ဘာပေါ်တွင် အထင်အမြင်လွဲမှားခံရဆုံး သာသနာဖြစ်ခဲ့ရပါတယ်။ အစ္စလာမ်ကို နှလုံးသားထဲက စွဲမြဲယုံကြည်တဲ့ သူတွေကို ဓါးမိုးပြီး သာသနာပြုခံရတဲ့သူတွေ၊ အကြောက်တရားနဲ့အစ္စလာမ်ကို လက်ခံကျင့်သုံးနေရသူတွေဆိုပြီး နှိမ့်ချဆက်ဆံလာကြပါတော့တယ်။
ယခု ကျွန်တော်တင်ပြခဲ့တာဟာ အမျိုးသားရေးဝါဒကြောင့် ကမ္ဘာ့သမိုင်းနဲ့ အစ္စလာမ့်သမိုင်းမှာ သက်ရောက်ခဲ့တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ စစ်မှန်သောအမျိုးသားရေးဝါဒက နိုင်ငံတော်ကို နယ်ချဲ့ လက်အောက်က လွတ်မြောက်ခဲ့ရပေမယ့် လွန်ကဲသော အမျိုးသားရေးဝါဒီများကြောင့် ကမ္ဘာစစ်ကြီးများ ဖြစ်ပွားခဲ့ ရပြီး၊ အကြမ်းဖက်သမားများ ပေါ်ပေါက်လာခြင်း အကြောင်းများကို လေ့လာသုံးသပ်ခဲ့တာပါ။