ဟဂ်ျအကြောင်း(အပိုင်း- ၃) မုဖ်သီဦးစန်းအောင် (B.Sc)

ဟဂ်ျအကြောင်း(အပိုင်း- ၃)

မုဖ်သီဦးစန်းအောင် (B.Sc)

          ဒီကနေ့(၁၆.၁.၂ဝ၁၅)နေ့မှာ ကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား……

အတ်စလာမုအလိုင်းကွန်း(မ်) ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု

ဒီကနေ့ ကျနော်တင်ပြမဲ့ခေါင်းစဉ်ကတော့ ကျနော်အခန်းဆက်အဖြစ် တင်ပြနေတဲ့ `ဟဂ်ျအကြောင်း´(အပိုင်း-၃) ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျနော့်အနေနဲ့ ဟဂ်ျကျင့်စဉ်ကို ဆောင်ရွက်ရာနေရာဖြစ်တဲ့ ‘ကအ်ဘာ’ ကျောင်းတော်အကြောင်းကို တင်ပြလိုပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ ကအ်ဘာကျောင်းတော်ကြီးနဲ့ပတ်သက်ပြီး အာယသ်တော်တွေအများအပြား ပါဝင်ပေမဲ့ ကျနော့်အနေနဲ့တော့ အာယသ်တော်အချို့ကိုသာ တင်ပြသွားပါ့မယ်။

ရှေးဦးစွာ ခွတ္တဗာဟ်ရဲ့ နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်သွားတဲ့ (၂း၁၂၇)ကိုရှင်းပြပါရစေ။

“တစ်ချိန်တစ်ခါက တမန်တော်အီဘရာဟင်မ်(အ)သည် သားတော် အီစ်မာအီးလ်(အ)နှင့်အတူ ကအ်ဘာအိမ်တော်ကြီး၏ အုတ်မြစ်ကို ပင့်မြှောက်၍ တောင်းဆုပြုခဲ့သည်မှာ — ကျွန်ုပ်တို့အား ပြုစုပျိုးထောင် လမ်းညွှန်တော်မူသောအရှင် ကျွန်ုပ်တို့အား လက်ခံသဘောတူတော်မူပါ။ ဧကန်မုချအသင်သည် အကြွင်းမဲ့ကြားတော်မူသော၊ သိတော်မူသောအရှင်မြတ်ဖြစ်သည်။”                                                                                                        (ကုရ်အာန် ၂း၁၂၇)

ဒီလိုတမန်တော်အီဘရာဟင်မ်(အ)ရဲ့ ဒုအာကို ယနေ့ကျနော်တို့ မွတ်ဆလင်မ်တွေ အမြဲတမ်းလိုလို တောင်းဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဒီဒုအာရဲ့လေးနက်မှု၊ အရေးပါမှုတွေကိုတော့ သိမြင်နားလည်သူ၊ သတိထားမိသူ အလွန်နည်းပါတယ်။

ဆက်လက်ပြီး ကုရ်အာန်(၂း၁၂၆)ကိုပါ တင်ပြလိုပါတယ်။

“ ကျွန်တော်မျိုးအား ပြုစု၊ စောင့်ရှောက်လမ်းညွှန်တော်မူသောအရှင်၊ ဤဒေသကို လုံခြုံအေးချမ်းအောင် ပြုပေးတော်မူပါ။ ဤဒေသခံများအနက် အလ္လာဟ်အရှင်မြတ်နှင့် အနာဂါတ်ကာလ(အာခိရသ်)ကို အီမာန်သက်ဝင်ယုံကြည်သူတို့အား ထူးကဲမြင့်မြတ်သောအကျိုးကို ခံစားခွင့်ကို ထောက်ပံ့ပေးတော်မူပါ’ ဟု တောင်းဆုပြုလေသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်က လက်ခံပြီး ဤသို့မိန့်တော်မူခဲ့လေသည်။

‘သွေဖီငြင်းပယ်သူကိုမူ ငါအရှင်မြတ်က နွမ်းပါးချို့တဲ့သော ဘဝနေထိုင်မှုကိုသာ ရရှိစေပြီး သူ၏ငြင်းပယ်မှုက သူ့အားပူလောင်ပြင်းပြသော အပူမီးဆီသို့ မောင်းနှင်ဖို့ဆောင်ပေးမည်ဖြစ်သည်။ သူတို့၏ သွားရမည့် ခရီးလမ်းဆုံးက ဆိုးရွားလှပေသည်။”  (ကုရ်အာန်-၂း၁၂၆)

ဒီအာယသ်ရဲ့ ထုတ်ဖော်ရည်ညွှန်းချက်အရတော့ တစ်ချိန်တစ်ခါက အလွန်ခြောက်သွေ့တဲ့ သဲကန္တာရနှင့် အတိပြီးတဲ့ ယခု‘ကအ်ဘာ’ကျောင်းတော်ကြီး တည်ရှိရာဒေသဟာ တမန်တော်အီဘရာဟင်မ်(အ)နဲ့ မိသားစုတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ယခုအခါမှာတော့ စိမ်းလန်းစိုပြေပြီး ပေါများကြွယ်ဝသော၊ အလွန်ခေတ်မီသော ဒေသကြီးတစ်ခုဖြစ်နေပါပြီ။

ကဲ– ဒါဆိုရင် ကျနော်သုံးသပ်ချက်တစ်ခု ပေးချင်ပါတယ်။ ဟဂ်ျပြုခြင်းဆိုတာက တမန်တော်အီဘရာဟင်မ်(အ)ရဲ့ ကျင့်စဉ်တစ်ရပ်ကို ဖဝါးခြေထပ် ဆောင်ရွက်ခြင်းပါ။ တမန်တော်အီဘရာဟင်မ်(အ)ဟာ သူ့ရဲ့မိသားစုနဲ့အတူ လူ့အဖွဲ့အစည်းတစ်ခု၊ နေရာဒေသတစ်ခုကို ငြိမ်းချမ်းသာယာအောင် တိုးတက်စည်ပင်အောင် အားထုတ်ဆောင်ကြဉ်းပေးခဲ့ပါတယ်။

ဒါဆိုရင် ကျနော်တို့ဒီကနေ့ ဟာဂျီများအနေနဲ့ရော မိမိအိမ်၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင် မိမိနိုင်ငံကို ဘယ်လောက်အထိ ငြိမ်းချမ်းသာယာအောင် တိုးတက်စည်ပင်အောင် ဆောင်ရွက်နေကြသလဲ။ ကျမ်းမြတ်ကုရ်အာန်အရ တမန်တ်ာအီဘရာဟင်မ်(အ)ဟာ ငြိမ်းချမ်းရေးဖခင်ကြီးပါ။ မတိုးတက်၊ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေကို တိုးတက်စည်ပင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ တည်ဆောက်ရေးသမားကြီးပါ။ ဒီကနေ့ ဟာဂျီတွေ ဟဂ်ျအကြိမ်ကြိမ် သွားမဲ့အစား တစ်ကြိမ်လောက်ပဲသွားပြီး မိမိရဲ့ဓနအင်အားတွေကို ပြည်သူတွေတိုးတက်စည်ပင်အောင် ဆောင်ရွက်ပေးမယ်ဆိုရင် ဒီလုပ်ရပ်ဟာ တမန်တော်အီဘရာဟင်မ်ရဲ့ ‘မိလ်လသ်’ တနည်းအားဖြင့် တမန်တော်အီဘရာ ဟင်မ်ရဲ့ ‘ယုံကြည်ချက်ဆိုင်ရာ လူနေမှုဘဝ’ တစ်ခုကို ဖဝါးခြေထပ်လိုက်နာခြင်းပါပဲ။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာ အခြေခံလူတန်းစားတွေအတွက် လိုအပ်ချက်တွေအမျာကြီးရှိနေပါတယ်။ မြန်မာနိုင်ငံက ဟာဂျီတွေ၊ ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ၊ ကိုယ့်နိုင်ငံရဲ့ ပြည်သူတွေတိုးတက်ဖွံ့ဖြိုးရေးမှာ ရှေ့တန်းက ဦးစီး၊ ဦးဆောင်ပါဝင်သင့်ပါတယ်။ တမန်တော်အီဘရာဟင်မ်(အ)တည်ဆောက်ခဲ့တဲ့ ကအ်ဘာကျောင်းတော်ကြီးရဲ့ သမိုင်းနဲ့ ရည်ရွယ်ချက်က (၁) သောင်ဟီးဒ်လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကိုသာ အိဘာဒသ်၊ နာခံရိုကျိုးဘဝတည်ဆောက်ဖို့၊ (၂) လူ့အဖွဲ့အစည်းရဲ့ တိုးတက်သာယာဝပြောရေးကို ဦးစီး၊ ဦးဆောင်ပါဝင်ဆောင်ရွက်ဖို့၊ ဒီအရေး(၂)ရပ်ကို ပုံဖော် စေခြင်းပဲဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်တွေကို ကျနော်တို့နားလည်သဘောပေါက်ဖို့လိုပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာပါရှိတဲ့ ‘ကအ်ဘာ’ ဆိုတာဘာလဲ။ အရဗီဝေါဟာရ ကအ်ဘာဆိုတာက လေးထောင့် စတုရန်းကျတဲ့ အရာဝတ္ထု၊ အဆောက်အအုံဆိုတဲ့ သဘောကိုရည်ညွှန်းပါတယ်။ ဒီကနေ့ တမန်တော်အီဘရာဟင်မ် (အ)နဲ့ သားတော်အီစ်မာအီလ်(အ)တို့ အုတ်မြစ်ချခဲ့တဲ့ ကအ်ဘာဆိုတာလည်း လေးထောင့်စတုရန်းပုံရှိတဲ့ အဆောက်အအုံငယ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒီအဆောက်အအုံဟာ မက္ကာဟ်မြို့ရှိဗလီကြီးရဲ့ အလယ်ဗဟိုမှာတည်ရှိပြီး မျက်နှာစာဟာ အရှေ့မြောက်ဖက်ကို မျက်နှာမူထားပါတယ်။ မျက်နှာစာမှာ တံခါးပေါက်တစ်ပေါက်ရှိပါတယ်။ ကအ်ဘာ အဆောက်အအုံရဲ့ မျက်နှာစာနဲ့ နောက်ကျောဖက်နံရံဟာ(၄ဝ)ပေ ကျယ်ဝန်းပြီး အဆောက်အအုံရဲ့ ဘေး(၂)ဘက်ကတော့ (၃၅)ပေ လောက်ကျယ်ဝန်းပါတယ်။ အမြင့်ကတော့ ပေ(၅ဝ)လောက်ရှိပါတယ်။ ဒီကအ်ဘာအဆောက်အအုံကို မက္ကာဟ်မြို့ ပတ်ဝန်းကျင်ကျောက်တောင်တွေကရရှိတဲ့ မီးခိုးရောက်ကျောက်တုံးတွေကို အခြေပြုဖောင်ဒေးရှင်းချပြီး တည်ဆောက်ထားတာပါ။ အဲဒီ ကအ်ဘာ အဆောက်အအုံမျက်နှာစာ (၄)ခုရဲ့ အလယ်ကနေပြီး ကအ်ဘာ ပရဝုဏ်ကြီးမှာရှိတဲ့ ဒေါင့်(၄)ထောင့်ဆီကို မျဉ်းလိုင်း(၄)ခု ဆွဲထားပါတယ်။ အဲဒီထောင့်(၄)ခုကို အမည်ပေးထားပါတယ်။ မြောက်ဖက်ဒေါင့်ကို ‘ရွတ်ကနွလ်အီရာကီး’ ဆိုပြီး အနောက်ဖက်ဒေါင့်ကို ‘ရွတ်ကနွလ်ရှာမီး’ဆိုပြီး တောင်ဖက်ဒေါင့်ကို ‘ရွတ်ကနွလ်ယမာနီး’ဆိုပြီး၊ အရှေ့ဖက်ဒေါင့်ကို ‘ရွတ်ကနွလ်အဆ်ဝါဒ်း’ ဆိုပြီး အမည်ပေးထားပါတယ်။

ဒီကအ်ဘာ အဆောက်အအုံကို ဘရိုကိတ်ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အနက်ရောင်အဝတ်ကို လိုက်ကာအဖြစ်အုပ်ထားပြီး ဒီအဝတ်ကိုအရဗီလို ‘ကိစ်ဝါ’ လို့ ခေါ်ပါတယ်။ အဝတ်ရဲ့အောက်ခြေကို ကြေးနီကွင်းတွေနဲ့ရစ်ပတ်ပြီး ထိန်းထားပါတယ်။ ဒီအဝတ်ကို အီဂျစ်နိုင်ငံက နှစ်စဉ်ချုပ်ပေးပါတယ်။ ကအ်ဘာအဆောက်အအုံရဲ့ မျက်နှာစာမှာတော့ (၇)ပေလောက်မြင့်တဲ့ တံခါးတစ်ချပ်ရှိပါတယ်။ ကအ်ဘာအဆောက်အအုံထဲကိုဝင်တဲ့ အပေါက်ဖြစ်ပါတယ်။ တံခါးကို ငွေနဲ့ကွပ်ထားပါတယ်။ ကအ်ဘာအဆောက်အအုံရဲ့ အတွင်းဖက်မှာတော့ သစ်သားတိုင်(၃)တိုင်ရှိပြီး၊ ဒီတိုင်တွေဟာ ခေါင်မိုးကိုထောက်မထားတဲ့တိုင်တွေ ဖြစ်ပါတယ်။ အဲဒီတိုင်တွေဘေးမှာ အပေါ်ကိုတက်တဲ့ လှေကားတစ် စင်းရှိပါတယ်။ ကအ်ဘာ အဆောက်အအုံအတွင်းမှာ ရွှေမီးပန်းဆိုင်းတွေ၊ ငွေမီးပန်းဆိုင်းတွေ အများအပြားကို ချိတ်ဆွဲထားပါတယ်။ အတွင်းဖက်နံရံကို မာဘယ်လ်ကျောက်ပြားလွှာတွေ ကပ်ထားပြီး ကျောက်ထွင်းစာတွေ နံရံပေါ်မှာ ရေးသားထားပါတယ်။ ဒီအပိုင်းကို ကျနော်ရှင်းပြရတာက လူအတော်များများဟာ ဒီကအ်ဘာ အဆောက်အအုံထဲမှာ ဘာရှိသလဲဆိုတာကို အင်မတန်သိချင်တဲ့အတွက် ကျနော်လေ့လာ ဖတ်မှတ်ခဲ့ရတဲ့ အကြောင်းတွေထဲကတဆင့် ပြန်လည်မျှဝေတာပါ။

ကအ်ဘာရဲ့ သမိုင်းနဲ့ပတ်သက်လာရင်တော့ အရဗ်လူမျိုးတွေဆီမှာ မှတ်တမ်းမှတ်ရာတွေ သိပ်ပြီးမတွေ့ရပါဘူး။ အရဗ်မဟုတ်သူတွေဆီမှာတော့ ကအ်ဘာရဲ့ သမိုင်းကြောင်းအချို့ကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဥပမာ Snouck Hurgronje (စနုက်းဟာဂရွန်းဂျီး) လိုပုဂ္ဂိုလ်မျိုးက ကအ်ဘာရဲ့သမိုင်းကြောင်းကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဒီပုဂ္ဂိုလ်က ခရစ်ယာန်တစ်ဦးဖြစ်ပါတယ်။ သူရေးခဲ့တဲ့ ‘Makkah in the later part of 19thcentury’ စာအုပ်ထဲမှာ ကအ်ဘာရဲ့သမိုင်းကြောင်းတွေ ရေးထားတာကို တော်တော်များများတွေ့ရပါတယ်။ Snouck Hurgronje ရဲ့အဆိုအရဆိုရင် တမန်တော်အီဘရာဟင်မ်(အ)က ယခုလက်ရှိနေရာမှာ ကအ်ဘာကျောင်းတော်ကြီးကို တည်ဆောက်ဖို့စဉ်းစားခဲ့တာ ဇမ်ဇမ်ရေတွင်းကြောင့် ဖြစ်တယ်လို့သူက မှတ်ချက်ပေးပါတယ်။ သူဆိုလိုချင်တာက အင်မတန်မှ သွေ့ခြောက်ခေါင်သီပြီး ရေပြတ်လတ်နေတဲ့ တောင်ကြားတစ်ခုမှာ ဇမ်ဇမ်ရေထွက်ရှိလာခြင်းက တမန်တော်အီဘရာဟင်မ်(အ)ကို ဒီအရပ်မှာ အခြေချဖြစ်အောင် တိုက်တွန်းစေ့ဆော်ချက်တစ်ရပ်ပဲလို့ သူကရေးသားခဲ့ပါတယ်။

ကုရ်အာန်(၂၂း၂၆)မှာ အလ္လာဟ်အရှင်မြတ်က

“တစ်ရံတစ်ခါက ငါအရှင်မြတ်သည် အီဘရာဟင်မ်(အ)အား ထူးမြတ်သော အိမ်တော်၏နေရာကို ညွှန်ပြပေးအပ်ခဲ့သည်။”

လို့ ဖော်ပြထားတဲ့အတွက် ဇမ်ဇမ်ရေ ပန်းထွက်ရှိလာခြင်းဟာ တမန်တော်အီဘရာဟင်မ်ကို အလ္လာဟ်အရှင်မြတ်က ကအ်ဘာရဲ့နေရာကို ညွှန်ပြပေးလိုက်ခြင်းပါပဲ။ ဒါကြောင့် ကအ်ဘာကျောင်းတော်ကြီး အကြောင်းကိုပြောဆိုမယ်ဆိုရင် ဇမ်ဇမ်ရေတွင်းရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အပိုင်းကပါဝင်လာပါတယ်။ ဒီအချက်အလက်အရ ကအ်ဘာအဆောက်အအုံဟာ လူ့သမိုင်းမှာ ခရစ်မပေါ်မီနှစ်ပေါင်း(၂ဝဝဝ)လောက် ကတည်းက အုတ်မြစ်ချခဲ့တာကို အထင်အရှားတွေ့ရပါတယ်။ အခုအချိန်ကဆိုရင် နှစ်ပေါင်း (၄ဝဝဝ)လောက်ပေါ့။

ဒီနေရာမှာကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေမှတ်သားဂုဏ်ယူစရာ အချက်တစ်ခုကို မီးမောင်းထိုးပြလိုပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရားတွေရှိပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း(၄ဝဝဝ) ကျော်ကတည်းက ဘာသာတရားရဲ့ အထိမ်းအမှတ်သင်္ကေတအဖြစ် တည်ရှိခဲ့တာ ဘယ်ဘာသာတရားမှာမှ မရှိခဲ့ပါဘူး။ တမန်တော်အီဘရာဟင်မ်(အ)သည် အစ္စလာမ်အတွက် လွန်ခဲ့သောနှစ်ပေါင်း(၄ဝဝဝ)ကျော်ကတည်းက သာသနာရေးဆိုင်ရာ မှတ်တိုင်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ အခြားဘာသာတွေမှာ ဒီလိုအချိန်ကြာမြင့်လှတဲ့ ဘာသာရေးဆိုင်ရာတွေ မတည်ရှိဘဲပျောက် ကွယ်သွားရပါတယ်။

ဆက်လက်ပြီး တမန်တော်အီဘရာဟင်မ်(အ)နဲ့ သားတော်အီစ်မာအီလ်(အ)တို့ဟာ ကအ်ဘာကျောင်းတော်ကို တည်ဆောက်ဖွံ့ဖြိုးစေပြီးတဲ့နောက် ဒီကအ်ဘာကျောင်းတော်ကြီးဟာ တမန်တ်ာမြတ်မုဟမ္မဒ်(ဆွ)နဲ့ ဘယ်လို၊ ဘယ်ပုံ ဆက်စပ်လာသလဲဆိုတဲ့ အပိုင်းကို တင်ပြပါမယ်။ ရှေးဦးစွာ ကုရ်အာန်အထောက်အထားများကို တင်ပြသွားပါမယ်။ ကုရ်အာန်(၂း၁၂၈)ကိုတင်ပြပါမယ်။

“ကျွန်ုပ်တို့အား မွေးမြူပြုစု စောင့်ရှောက်ထိန်းသိမ်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့အား အမိန့် နာခံသူ မွတ်ဆလင်မ်(၂)ဦးဖြစ်စေတော်မူပါ။ ထိုနည်းတူ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက်ကိုလည်း အရှင့်ကို နာခံသူမွတ်ဆလင်မ် လူ့အဖွဲ့အစည်းအဖြစ်ဆောင်ကြဉ်းပေးတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးတို့အား အရှင်မြတ်ကို နာခံဘဝတည်ဆောက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ပြသတော်မူပါ။ ကျွန်တော်မျိုးတို့ဖက်ဆီသို့ အရှင်မြတ်၏ ခွင့်လွှတ်ချမ်းသာမှုကို လွှမ်းခြုံပေးပါ။ ဧကန်မုချပင် အရှင်မြတ်သည် အဖန်တလဲလဲသော ခွင့်လွှတ်ချမ်းသာမှုကို လွှမ်းခြုံပေးပြီး၊ လိုအပ်ချက်အဝဝကို လိုလေသေးမရှိအောင် ကြိုတင်ထောက်ပံ့ပေးတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။”               (ကုရ်အာန် ၂း၁၂၈)

ဒီအာယသ်တော်ကို လေ့လာကြည့်မယ်ဆိုရင် တမန်တော်အီဘရာဟင်မ်(အ)က အစပြုပြီး၊ သားတော်ကြီး တမန်တော်အီစ်မာအီးလ်(အ)မှတဆင့် သားစဉ်မြေးဆက်ပေါက်ဖွားလာမဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)အထိ၊ ပြီးနောက် တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အွမ်မသ်ဝင် အဆက်ဆက်အထိကို ဒီကအ်ဘာကျောင်းတော်ကြီးကို အကြောင်းခံပြီး မွတ်ဆလင်မ်လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် တမန်တော်အီဘရာဟင်မ်(အ)က အလ္လာဟ်အရှင်မြတ်ထံမှာ တောင်းဆိုခဲ့တဲ့ ဆုမွန်ဒုအာဖြစ်ပါတယ်။

ဒီနေရာမှာ ဂျမာအသ်သားများ၊ အမှတ်ပြန်ရစေမဲ့အကြောင်းတစ်ခုကို ပြန်လည်တင်ပြပါရစေ။ တမန်တော် အီဘရာဟင်မ်(အ)မှာ သားတော်ကြီးအီစ်မာအီးလ်(အ)နဲ့ သားတော်ငယ်အီစ်ဟာက်(အ)ဆိုပြီး သားတော်(၂)ပါးရှိပါတယ်။ သားတော်ကြီး အီစ်မာအီးလ်(အ)ကို ‘ဇဘာဟ်’ ကိစ္စပြုလုပ်ပြီးတဲ့အခါမှာ မိမိရဲ့ဇနီးဖြစ်တဲ့ အီစ်မာအီးလ်(အ) ရဲ့ မိခင် ‘ဟာဂျရာ’ သခင်မနဲ့ သားတော်ကြီးအီစ်မာအီလ်(အ)တို့ကိုခေါ်ပြီး ယခု‘အရေးဗီးယား’လို့ခေါ်တဲ့ဒေသကို ခရီးထွက်လာပါတယ်။ အဲဒီအချိန်မှာ ဒီဒေသဟာ သွေ့ခြောက်ပြီး၊တိုးတက်ဖွံ့ဖြိုးမရှိတဲ့ဒေသတစ်ခုပါ။ ဒီအရေးဗီးယားဒေသကို တမန်တော်အီဘရာဟင်မ်(အ)နဲ့ သူ့မိသားစုဝင်တွေဟာ စိမ်းလန်းစိုပြေစေပြီး၊ တိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ပေးခဲ့ပါတယ်။ ဒီဒေသအတွက် တမန်တော်တစ်ပါးပွင့်ပေါ်စေဖို့ကိုလည်း ဆုပန်ခဲ့ကြပါတယ်။ ဒီလိုဆုပန်ခဲ့တာကို ကုရ်အာန်(၂း၁၂၉)မှာ ဒီလိုပြဆိုထားပါတယ်။

“ကျွန်ုပ်တို့အား မွေးမြူပြုစုပျိုးထောင်လမ်းညွှန်တော်မူသောအရှင်၊ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက်များအား အသင်၏အာယသ်တော်များကို ရွတ်ဖတ်လိုက်နာပြရန်လည်းကောင်း၊ (အရှင်မြတ်ထုတ်ပြန်သော) ကျမ်းဂန်နှင့် ယင်းကျမ်းဂန်၌ပါရှိသော ဥာဏ်အမြော်အမြင်တို့ကို သင်ကြားပြသပေးရန်လည်းကောင်း၊ သူတို့၏နှလုံးသားများ စင်ကြယ်သန့်ရှင်းသွားစေရန်လည်းကောင်း၊ သူတို့၏(သားစဉ်မြေးဆက်)အနက်မှ တမန်တော်တစ်ပါးကို သူတို့အတွက် စေလွှတ်ပွင့်ပေါ်စေတော်မူပါ။ အရှင်မြတ်သည်သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူပြီး၊ အသိထူး၊ အမြင်ထူးနှင့် ဥာဏ်အမြော်အမြင်ပြည့်စုံတော်မူသော အရှင်သခင်ဖြစ်သည်။”                                                                                              (ကုရ်အာန် ၂း၁၂၉)

တမန်တော်အီဘရာဟင်မ်(အ)နဲ့ တမန်တော်အီစ်မာအီလ်(အ)တို့ရဲ့ အထက်ပါဒုအာကြောင့် တမန်တော်အီစ်မာအီးလ်(အ)ရဲ့ မျိုးနွယ်ဆက်မှ ‘မုဟမ္မဒ်’ လို့ အမည်တွင်သော တမန်တော်တစ်ပါးဟာ ‘အရေးဗီးယား’ ကျွန်းဆွယ်မှာ အရဗ်မျိုးနွယ်ထဲက ပွင့်ပေါ်ခဲ့ပါတယ်။ ဒီနေရာမှာ သေသေခြာခြာသုံးသပ်ဖို့လိုတဲ့ အချက်တစ်ခုကို မီးမောင်းထိုးပြချင်ပါတယ်။ သမိုင်းကြောင်းမှာ တမန်တော်အီဘရာဟင်မ်(အ)နဲ့ ဇနီးသည် ‘ဆာရာ’ သခင်မတို့က မွေးဖွားလာတဲ့ တမန်တော်အီစ်ဟားက်(အ)ဖက်က တမန်တော်အဆက်ဆက်ပွင့်ခဲ့ပါတယ်။ အဲဒီတမန်တော် အစဉ် အဆက်ဟာ တမန်တော်အီဆာ(အ)ဖြစ်တဲ့ သခင်ယေရှူ အဆုံးသတ်ပါတယ်။ သခင်ယေရှူနောက်မှာ တမန်တော်အီစ်ဟာက်း(အ) အနွယ်ဝင်ဖက်က တမန်တော်ပွင့်တာရပ်ဆိုင်းသွားပါတယ်။

ဒီနောက်မှာတော့ နောက်ဆုံးတမန်တော်ဖြစ်တဲ့ တမန်တော်မုဟမ္မဒ်(ဆွ)ဟာ တမန်တော်အီစ်ဟားက်(အ) အနွယ်က မဟုတ်တော့ပဲ တမန်တော်အီစ်မာအီးလ်(အ)အနွယ်ဖက်က ပေါ်ထွန်းလာပါတယ်။ ဒါဟာ ကုရ်အာန် (၂း၁၂၉)မှာ ပါရှိတဲ့ တမန်တော်အီဘရာဟင်မ်(အ)နဲ့ တမန်တော်အီစ်မာအီလ်(အ)တို့ရဲ့ ဆုမွန်ဒုအာကြောင့်ဖြစ်ပါတယ်။ အဲဒီတော့ ကမ္ဘာ့တမန်တော်ကြီးများရဲ့ သမိုင်းကို ပြန်ကြည့်ရင် တမန်တော်တွေအတော်များများဟာ ဂျူးလူမျိုးတွေနဲ့ ဆက်စပ်နေပါတယ်။ နောက်ဆုံးတမန်တော်သည်သာ အရဗ်မျိုးနွယ်ထဲက တစ်ပါးတည်းပွင့်ပေါ်ခဲ့ပါတယ်။ ထူးခြားတာက ခရစ်ယာန်အနွယ်ဝင်ထဲက တမန်တော်မပွင့်ခဲ့ပါဘူး။ သခင်ယေရှူကိုယ်တိုင်ပင်လျှင် ဂျူး အမျိုးအနွယ်ကဖြစ်ပါတယ်။

နောက်တစ်ချက်တင်ပြလိုတာကတော့ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ သားတော်အီစ်မာအီးလ်(အ) မျိုးနွယ်ဆက်က တမန်တ်ာပွင့်ပေါ်ဖို့ ဆုမွန်ဒုအာပြုခဲ့တာ တမန်တော်တစ်ပါးတည်းသာဖြစ်ကြောင်း အထက်ပါ ကုရ်အာန်(၂း၁၂၉)အရ သိသာထင်ရှားပါတယ်။ ဒါကြောင့်တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ နောက်မှာထပ်မပွင့်ပေါ်စရာတမန်တော်မရှိတော့ကြောင်း ထင်ရှားတဲ့သက်သေတစ်ရပ်ဖြစ်ပါတယ်။

ဒီတစ်ပါတ်မှာတော့ အချိန်ပြည့်သွားပြီဖြစ်လို့ ကျန်ရှိတဲ့အချက်အလက်များကို ကျနော်အလှည့်ကျတဲ့ အပတ်မှာဆက်လက်တင်ပြသွားပါမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆလာမ်း……