မြတ်တမန်၏ ဦးဆောင်မှုအခန်းကဏ္ဍ(အပိုင်း-၂) မုဖ်သီ ဦးသန်းအောင် (LL.B)
မြတ်တမန်၏ ဦးဆောင်မှုအခန်းကဏ္ဍ(အပိုင်း-၂)
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအဟ်ခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ အခုအပတ်လည်း ကျွန်တော့်ဆရာ ဦးစန်းအောင် ကျန်းမာရေးမကောင်းလို့ အစားဝင် ရောက်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်တင်ပြမယ့် ခေါင်းစဉ်ကတော့ “မြတ်တမန်၏ ဦးဆောင်မှုအခန်းကဏ္ဍ” (အပိုင်း-၂)ဖြစ်ပါတယ်။
လူကြီးမင်းများ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အခုဆိုရင် ဟစ်ဂျရီသက္ကရာဇ်ရဲ့ ရဗီအုလ်အောင်ဝလ်လရောက်လျက်ရှိနေပါတယ်။ အဲ့ဒီရဗီအုလ်အောင်ဝလ်လဟာ ကျွန်တော်တို့အားလုံးရဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့တဲ့လဖြစ်ကြောင်း ကျွန်တော်တို့အားလုံး သိရှိပြိးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ‘မြတ်တမန်၏ဦးဆောင်မှု အခန်းအကဏ္ဍ’ကို ဆက်လက်တင်ပြပါမယ်။
စကြဝဠာမိုးကောင်းကင်များနဲ့ ကမ္ဘာဂြိုဟ်တို့ရဲ့ နူးရ်လင်းရောင်ခြည်၊ လောကလူသားခပ်သိမ်းတို့ကို တရားရောင်ခြည်ပေးတော်မူတဲ့ အလ္လာဟ်အရှင်မြတ်က လူသားတို့ရဲ့ မြေကမ္ဘာပေါ်မှာ လူသားရယ်လို့ စတင်ထင် ရှားဖြစ်ထွန်းပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ ဘဝအေးချမ်းသာယာပြီး အောင်မြင်ဖြစ်ထွန်း၊ ဖွံ့ဖြိုးတိုးတက် စေဖို့ ခေတ်အဆက်ဆက်၊ မျိုးနွယ်အသီးသီးတို့အတွက် လူသားတွေအနက်က နဗီရစူလ်တမန်တော်မြတ်များကို အလ္လာဟ်အရှင်မြတ်ရဲ့ ဓမ္မလင်းရောင်ခြည် တရားဒေသနာတော်၊ ကျမ်းဂန်ဝဟီများနဲ့တကွ ရွေးချယ်စေလွှတ် ပွင့် ပေါ်စေခဲ့ပါတယ်။ ထိုနဗီ၊ ရစူလ်တမန်တော်မြတ်များဟာ မိမိတို့ပွင့်ပေါ်ရာဒေသရှိ လူသားတို့နားလည်သဘော ပေါက်ပြောဆိုသုံးစွဲတဲ့ ဘာသာစကားများဖြင့်သာ အလ္လာဟ်အမိန့်တော်(ဝဟီ)များကို ထင်ရှားစွာ ပြောဆို၊ ဟောကြားဖိတ်ခေါ်၊ အသိပေးနှိုးဆော်ခဲ့ကြပါတယ်။
ခေတ်အဆက်ဆက် ဒေသအသီးသီးမှာ မြောက်မြားစွာသော နဗီ၊ ရစူလ်တမန်တော်မြတ်များ ပွင့်ပေါ်ခဲ့ကြ ပြီး၊ အခြေခံသဘောအားဖြင့် စကြဝဠာနှင့်ယှဉ်သော အမှန်သစ္စာတရားတည်းဟူသော “သောင်ဟီးဒ်” တဆူတည်း သောအရှင် အလ္လာဟ်ရဲ့ အမိန့်တော်ကိုသာ နာခံအပ်နှင်းလျက် အိဘာဒသ်ပြု သြဇာခံဘဝတည်ဆောက်ရန် ဟော ကြားခဲ့ကြပါတယ်။
အလ္လာဟ်အရှင်မြတ်၊ နဗီ၊ ရစူလ် တမန်တော်မြတ်တွေ မရှိကြတော့တဲ့ နောက်ပိုင်းမှာ လူသားတွေဟာ နဗီရစူလ် တမန်တော်တွေ ဟောကြားတင်ပြခဲ့တဲ့ အလ္လာဟ်လမ်းညွှန်ချက်အတိုင်း ယုံကြည်သက်ဝင်နာခံအပ်နှင်း လိုက်နာ ကျင့်သုံးဘဝတည်ဆောက်ကြမယ့်အစား၊ ၎င်းတို့ရဲ့ ခေတ်၊ကာလ၊ အချိန်ပြောင်းလဲမှုကြောင့်ဖြစ်ဖြစ်၊ မိမိတို့ရဲ့ စိတ် ကူးအလိုဆန္ဒ၊ ဖြစ်ချင်တဲ့ လိုလားချက်တွေနဲ့အညီ မိမိတို့ဖြစ်ချင်တာတွေကို ရှေ့တန်းတင် ဦးစားပေးပြီးတော့ အလ္လာဟ်ကျမ်းဂန်ဒေသနာတော်တွေကို လိုသလို ပြုပြင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ လိုတိုးပိုလျှော့ လုပ်လာလိုက်ကြ တာ အလ္လာဟ်ထုတ်ပြန်ပေးခဲ့တဲ့ မူရင်းကျမ်းဂန်ဒေသနာတွေရဲ့အရှိတရား၊ အနှစ်သာရတွေဟာ ပျက်ပြယ်ပျောက် ကွယ်၊ ပျက်စီးလာရပါတယ်။ အဲ့ဒီလို ဖြစ်ပျက်လာတဲ့ အချိန်အခါဟာ လူ့ဘောင်လောက တခွင်တပြင်လုံးဟာ အဆိုးဝါးဆုံး၊ အမိုက်မှောင်ဆုံး၊ အမိုက်မှောင်ထုထဲ အကျရောက်ဆုံးဆိုတဲ့ အရဗီလို “ဂျာဟေလီယာသ်” အင်္ဂလိပ် လို (Dark Ages)အခြေအနေကို ရောက်ခဲ့ပြီး လူသားတွေဟာ အမှောင်ထုအတွင်းမှာ ရှင်သန်လှုပ်ရှား၊ အသက်ရှင် နေထိုင်လျက်ရှိနေကြရပါတော့တယ်။ ဘယ်လမ်းလိုက်လို့ ဘယ်လမ်းလျှောက်ရမှန်းမသိ၊ လမ်းမပေါက်၊ လမ်း ပျောက်လျက်ရှိနေကြပါတယ်။
အဲဒီလို လူသားထုတစ်ရပ်လုံး အမှောင်ထုဝဲဂယက်တွေထဲမှာ တဝဲလည်လည်ဖြစ်နေချိန်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၄ဝဝ)ကျော်၊ ခရစ်နှစ်အားဖြင့် (၅၇၁)ခုနှစ်မှာ နဗီ၊ ရစူလ်ခေါ် သာသနာအလင်းပြ ပုဂ္ဂိုလ်ကြီးများအနက် နောက်ဆုံးအန္တိမတမန်တော်မြတ်(ခါသမန်နဗီယီးန်) မုဟမ္မဒ်(ဆွ)ဟာ ကမ္ဘာလောက ခပ်သိမ်းကို အလင်းပြ အလှဆင်ဖို့ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါတယ်။
တမန်တော်မြတ်ကြီးဟာ ငယ်စဉ်ကတည်းက (အဆ်ဆွဒီးက်)သစ္စာရှင်၊ (အလ်အမီးန်) ယုံကြည်စိတ်ချရ သူ၊ မုသားစကားအလျင်းမဆိုခဲ့သူ၊ မဟုတ်မှန်မလုပ်သူအဖြစ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးက အသိ အမှတ်ပြု ဂုဏ်ပေးခံခဲ့ရသူဖြစ်ပါတယ်။ ခရစ်နှစ်(၆၁ဝ)မှာတော့ အလ္လာဟ်ထံကနေ နောက်ဆုံးနဲ့ပြီးပြည့်စုံ၍ တိကျ သေချာခိုင်မာတဲ့ စနစ်တကျ ရှင်းလင်းထားပြီးဖြစ်သော ကုရ်အာန်ကျမ်းဓမ္မလင်းရောင်ခြည် ဝဟီကို နောက်ဆုံး တမန်တော်ကနေတဆင့် ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ခေတ်တိုင်းအတွက် ကိယာမသ်အထိရှိနေမယ့် လူတိုင်းအတွက် အလ္လာဟ်ထံကနေ ဝဟီအားဖြင့် ထင်ထင်ရှားရှား ထုတ်ပြန်ပို့ချပေးတော်မူခဲ့ပါတယ်။
ဒီနေရာမှာ နဗီရဲ့အဓိပ္ပါယ်နဲ့ ရစူလ်ရဲ့အဓိပ္ပါယ်သိထားဖို့လိုမယ်လို့ ယူဆပါတယ်။ နဗီဆိုတာ အလ္လာဟ် အရှင်မြတ်ထံတော်ကနေ အဆင့်မြင့်အသိတရား လက်ခံရရှိသူကို နဗီလို့ခေါ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ထံတော် ကနေ လက်ခံရရှိထားတဲ့ အဆင့်မြင့်အသိတရားကို လူသားတွေထံပေးပို့သူကို ရစူလ်လို့ခေါ်ပါတယ်။ ကျမ်းမြတ် ကုရ်အာန် စူရာ ၃၃၊ အာယသ် ၄၅မှာ အလ္လာဟ်အရှင်မြတ်က အခုလို မိန့်တော်မူထားပါတယ်။
“အို- အလ္လာဟ်အရှင်မြတ်ထံတော်မှ အဆင့်မြင့်အသိတရားလက်ခံရရှိသူ နဗီတမန်တော် ဧကန်မုချ ငါအရှင်မြတ်သည် အသင်တမန်တော်ကို(ရှာဟီးဒ်) သက်သေခံသူအဖြစ်လည်းကောင်း၊ အလ္လာဟ်အမိန့်လမ်းညွှန် ပြဌာန်းချက်ကို တိကျစွာလိုက်နာကျင့်သုံး အကောင်အထည်ဖော်တဲ့လူတွေ လူ့အဖွဲ့အစည်းဝင်တွေကို သတင်း ကောင်းပေးသူအဖြစ်လည်းကောင်း၊ အလ္လာဟ်လမ်းညွှန်အမိန့်ပြဌာန်းချက်ကို မလိုက်နာမကျင့်သုံးပျက်ကွက်ရင် တွေ့ကြုံလာရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ အသေအချာပဲ စေလွှတ် တော်မူခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။” (၃၃း၄၅)
ဒါ့အပြင်တမန်တော်မြတ်(ဆွ)ရဲ့ တာဝန်ကိုထပ်ဖော်ပြတဲ့အခါမှာ-
“အလ္လာဟ်လမ်းညွှန်ပြဌာန်းချက် အမိန့်တော်နဲ့အညီ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ဘက်ဆီကို လူတွေကိုဖိတ်ခေါ်သူအဖြစ်လည်း စေလွှတ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ရှင်းလင်းထင်ရှားပြီး လင်းဝင်းတောက်ပတဲ့ မီးရှူးမီးတိုင်(တနည်းအားဖြင့် တမန်တော်မြတ်ရဲ့ လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်တဲ့ ဘဝတည်ဆောက် မှုကို ပြသတဲ့စံနမူဟာ ကျွန်တော်တို့အွမ္မသ်သားမြေးတွေအပါအဝင် လူသားအားလုံးအတွက် မီးရှူးတန်ဆောင်) အလင်းရောင်အဖြစ် တည်ရှိနေပါတယ်။” (၃၃း၄၆) ဒါ့အပြင်-
“အို- တမန်တော် အသင်မုအ်မင်န်ဆိုတဲ့ အလ္လာဟ်အမိန့်ကို သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးတဲ့ အလ္လာဟ်အမိန့်ကို သက်ဝင်ယုံကြည်လိုက်နာ ကျင့်သုံးတဲ့လူတွေကို၊ ယခုလိုသတင်းကောင်း ထပ်ပေးလိုက်ပါဦး။ ဧကန်စင်စစ် အလ္လာဟ်လမ်းညွှန်အမိန့်ပြဌာန်းချက်(ကုရ်အာန်)ကို သက်ဝင်ယုံကြည်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်တဲ့ လူတွေအတွက် အလ္လာဟ်အရှင်မြတ်ထံတော်ကနေ ကြီးကဲထွဋ်မြတ်လှစွာသော ကျေးဇူး တော် အသေအချာရှိတယ်ဆိုတဲ့ အကြောင်းလည်း သတင်းကောင်းပါးလိုက်ပါဦး။” (၃၃း၄၇)
အလ္လာဟ်ဥပဒေပြဌာန်းချက်ကို လက်တွေ့လိုက်နာကျင့်သုံးအကောင်အထည်ဖော်တဲ့အခါမှာ လူတန်းစား (နှစ်)ရပ်ရဲ့ အသွင်သဏ္ဍာန်ကို မရောက်သွားဖို့အခုလိုတားမြစ်ထားပါတယ။်
“ဒါ့အပြင် အသင်တမန်တော်ဟာ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်(ကုရ်အာန်)ကို သက်ဝင်ယုံကြည်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်တဲ့အခါမှာ ကာဖိရ်လို့ပြောတဲ့ အလ္လာဟ်လမ်းညွှန်အမိန့် ပြဌာန်း ချက်ကို ဆန့်ကျင်ဖီလာ ဖုံးကွယ်ကျင့်သုံးတဲ့လူတွေ၊ ဒါ့အပြင်မုနာဖိက်(ဟန်ဆောင်သက်ဝင်ယုံကြည်သူ)တွေရဲ့ လမ်းစဉ်ကို မလိုက်လေနှင့်”
(မုနာဖိက်မှာ ဆရာကြီးဃာဇီမုဟမ္မဒ်ဟာရှင်မ်ရဲ့ မုနာဖိက်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ ဖော်ပြချက် က ကျွန်တော်တို့ တော်တော်များများက မုနာဖိက်ဆိုရင်ယုံကြည်ချက်ဆိုင်ရာ မုနာဖိက်ကိုပဲ သတိထားမိကြပါ တယ်။ တကယ်က မုနာဖိက်လို့ပြောတဲ့အထဲမှာ လူမှုရေးဆိုင်ရာ မုနာဖိက်၊ စီးပွားရေးဆိုင်ရာ မုနာဖိက်၊ နိုင်ငံရေး ဆိုင်ရာ မုနာဖိက်အဲဒီလို မုနာဖိက်မျိုးစုံရှိတယ်ဆိုတာကို သတိပြုဖို့ဆရာကြီး ဃာဇီကဖော်ပြခဲ့ပါတယ်။)
မုနာဖိက်လို့ပြောလိုက်ရင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ အဲ့ဒီလိုလုပ်တတ်တယ်။ အဲ့ဒီလို စီးပွားရေး၊ နိုင်ငံ ရေး၊ လူမှုရေး၊ ဘာသာရေးစတဲ့ အရေးအရာပေါင်းများစွာမှာ မုနာဖိက်တွေရှိနေကြတဲ့ ခေတ်ကြီးထဲမှာ ကျင်လည် နေထိုင်နေကြရတဲ့ ကျွန်တော်တို့သတိထားဖို့ လွန်ခဲ့တဲ့နှစ်ပေါင်း(၆ဝ) ၁၉၅ဝ-၅၁ ခုနှစ်က သီဗ်ယာနုလ်ကုရ်အာန် ကို ဘာသာပြန်ထုတ်ဝေခဲ့တဲ့ ဆရာကြီးမုဟမ္မဒ်ဃာဇီဟာရှင်မ်က မုနာဖိက်ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာကို ကျွန်တော် လေ့လာတွေ့ရှိကြောင်းကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
“လူတွေ၊ လူတွေကြားထဲမှာ တစ်စိပ်ကိုတစ်အိတ်လုပ်ပြီး နည်းလမ်းမျိုးစုံနဲ့ သပုတ်လေလွင့် မတော် မတရား ပြောတတ်တဲ့လူတွေရှိတယ်။ အဲ့ဒီလို လူတွေရဲ့ပြောဆို၊ ပြုမူ၊ လုပ်ကိုင်ထိပါးမှုတွေကို လျစ်လျူရှုထား လိုက်ပါ။ ဥပက္ခာပြုလိုက်ပါ။ အလ္လာဟ်လမ်းညွှန် အမိန့်ပြဌာန်းချက်(ကုရ်အာန်)အပေါ်မှာ အလ္လာဟ်အပေါ်မှာ (သဝါက္ကလ်) ယုံမှတ်၊ ပုံအပ်လိုက်ပါ။ အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးအတွက် အားကိုးရာအရှင်အဖြစ် လုံလောက်တော်မူပြီးဖြစ်ပါတယ်။” (၃၃း၄၈)
အားကိုးအားထိုက်ရာ လူတစ်ဦး၊ လူတွေမှာရှိသလို အလ္လာဟ်က လူတွေအားလုံးအားကိုးဖို့ လုံလောက်တဲ့ အရှင်သခင်ဖြစ်တယ်။ ကိစ္စအရေးမှန်သမျှကို ဆောင်ရွက်ပေးစွမ်းနိုင်တဲ့ ဝကီလ်အဖြစ် အလ္လာဟ်ကို အားကိုးယုံနဲ့ လုံလောက်ပါတယ်။
တမန်တော်မြတ်(ဆွ)သည် ကတိသစ္စာကို မည်သို့သောအခြေအနေ၊ အချိန်အခါတွင်မဆို ချိုးဖောက်လေ့ မရှိပါ။ တစ်ကြိမ်ကလုပ်ရန်၊ မလုပ်ရန်နှင့်ပတ်သက်ပြီး မိန့်ဆိုခဲ့ခြင်းအပေါ် တသမတ်ထဲ မဆုတ်မနစ် အတိအကျ ရပ်တည်ခဲ့ပါတယ်။ အစ္စလာမ်ကို ဖြန့်ချိမှုနှင့်အဆ်ဟာဗ် ရဲဘော်ရဲဘက် ယုံကြည်သူတွေရဲ့ ကောင်းရာကောင်း ကျိုးကို စောင့်ရှောက်သယ်ပိုးရာမှာ မနားတမ်း မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မည်သည့်အခါတွင်မှ ပေါ့ပေါ့တန်တန်မနေခဲ့ပါ။ သတိလက်လွတ် တရားလက်လွတ်နေခြင်းမျိုး လုံးဝမရှိခဲ့ပါ။ ဘဝသက်တမ်း တစ်လျှောက် အရေးကိစ္စတိုင်းကို ကြိုကြိုတင်တင်၊ တွေးတွေးဆဆ စီမံပြင်ဆင်အကွက်ချပြီး စနစ်တကျစီမံဆောင်ရွက်လေ့ရှိပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာ ၉၊ အာယသ် ၁၂၈မှာ-
“အသေအချာပဲ – အသင်တို့ထံကို အသင်တို့အနက် ရဆူလ်(အလ္လာဟ်ထံမှ အဆင့်မြင့် အသိတရား လက်ခံရရှိပြီး လူသားတို့ထံ ပို့ဆောင်ဖြန့်ချိပေးသူ) တမန်တော်တစ်ပါး အသေအချာပဲ ရောက်ခဲ့ပြီးဖြစ်ပါတယ်။”
ကျွန်တော်ရစူလ်တမန်တော် တစ်ပါးလို့ စကားလုံးကို ပြောရတဲ့အကြောင်းအရင်းရှိပါတယ်။ ကျွန်တော်တို့ ရဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီး မပွင့်ပေါ်ခင် ဒုတိယနောက်ဆုံးတမန်တော်ဖြစ်ခဲ့တဲ့ အီဆာ(အ)က သူ့ရဲ့ အမျိုးသားတွေကို သူ့ထံထုတ်ပြန်ပို့ချပေးခြင်းခံရတဲ့ အီန်ဂျင်လ်ကျမ်းမှာ “ငါ၏နောက်မှာ ရစူလ်တမန်တော် တစ်ပါး ပွင့်လိမ့်မယ်။ (အိစ္စ်မုဟု အဟ်မဒ်) အီဘ်ရာနီ ဘာသာစကား အဟ်မဒ်နာမည်ပါ တစ်ခါတည်း ဖော်ပြခဲ့ပြီးဖြစ် တယ်။”အီဘ်ရာနီဘာသာစကားက အဟ်မဒ်က အရဗီဘာသာစကားမှာ မုဟမ္မဒ်ဖြစ်သွားပါတယ်။ ဒါကြောင့် အီန် ဂျီလ်ကျမ်းမှာ တမန်တော်မြတ်အီဆာ(အ)က သူ့နောက်မှာ ရစူလ်တမန်တော်တစ်ပါး ပွင့်မယ်လို့သတင်းကောင်းပါး ခဲ့တယ်။ အဲဒီ ရစူလ်တမန်တော်တစ်ပါးအဖြစ် နောက်ဆုံးတမန်တော်မုဟမ္မဒ်(ဆွ)ပွင့်ပေါ်ခဲ့တယ်။ အလ္လာဟ် ကလည်း၊ မင်းတို့ထံကို ရဆူလ်တမန်တော်တစ်ပါး အသေအချာရောက်ခဲ့ပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်။
တမန်တော်မြတ် အီဘရာဟင်မ်(အ)နဲ့ သားတော် တမန်တော်မြတ် အီစ္စမာအီလ်(အ)တို့ကလည်း ဟိုးလွန် ခဲ့တဲ့ နှစ်ပေါင်း(၄ဝဝဝ)လောက်က ကအ်ဗာဟ်ကျောင်းတော်ကြီးကို ပြင်ဆင်မွမ်းမံပြီးတဲ့နောက် “ကျွန်တော်မျိုးတို့ ၏သားစဉ်မြေးဆက်အနက်မှ ရစူလ်တမန်တော်တစ်ပါးကို ပွင့်ပေါ်စေတော်မူပါလို့ ဆုပန်ခဲ့ပါတယ်။” အဲဒီ ဆုတောင်းက ဘယ်အချိန်မှ လာပြည့်လဲဆိုတော့ နောက်ဆုံးအန္တိမတမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ အစ္စမာအီလ် မျိုးနွယ်ဆက်ရဲ့ တမန်တော်မြတ်တစ်ပါးအဖြစ် ပွင့်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က တမန်တော်မြတ်မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်ရွေးချယ်စေလွှတ်တော်မူတဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ဖြစ်တယ်လို့ ကျမ်းမြတ်ကုရ်အာန် အထောက်အထားနဲ့တင်ပြရခြင်းဖြစ်ပါတယ်။ တမန်တော် မြတ်ရဲ့ စံနမူနာထဲမှာ ကျွန်တော်တို့အတွက် “အသင်တို့တွေ့ကြုံရတဲ့ ဒုက္ခတွေကို ပူဆွေးမဆုံး ရတက်မအေး ဖြစ် လေတယ်။ အသင်တို့ရဲ့ ကောင်းရာကောင်းကြောင်းများအတွက် ဆန္ဒပြင်းပြလျက်ရှိတယ်။ ဒီ့အပြင် မုအ်မင်န် သက်ဝင်ယုံကြည်တဲ့ လူတွေကိုလည်း သိမ်မွေ့နူးညံ့ချစ်ခင်မေတ္တာထားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး တယ်။” (၉း၁၂၈)
တမန်တော်မြတ်(ဆွ) အလ္လာဟ်ဝဟီကို ရရှိလာတဲ့အခါ သက်ဝင်ယုံကြည်ဖို့ ဖိတ်ကြားလိုက်တဲ့အခါ မယုံ ကြည်၊ မလိုက်နာသူတွေလည်း ရှိခဲ့တယ်။ လူအချင်းချင်းကြားမှာ လူ့ပယောဂကြောင့် ဖြစ်ပေါ်နေတဲ့ လူမှုဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေအတွက် ကိုယ်တော်က ပူဆွေးမဆုံး၊ ရတက်မအေးဖြစ်တယ်။ ပြီးတော့ ကိုယ်တော်ဟာ အသင်တို့ရဲ့ ကောင်းရာကောင်းကြောင်းအတွက်လည်း ဆန္ဒပြင်းပြလျက်ရှိတယ်။ ကျွန်တော်တို့ လူတွေကြားမှာ လူ့အဖွဲ့အစည်းဝင်တွေကြားမှာ လုပ်ကိုင်ဆောင်ရွက်တော့မယ်ဆိုရင် မိမိတို့ရဲ့ မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုအဖွဲ့ အစည်းတွေကြားမှာ ဖြစ်ပေါ်လာနိုင်တဲ့ လူမှုဒုက္ခအမျိုးမျိုးကို လူတွေမကြုံတွေ့ရလေအောင် ပူပင်သောကရှိဖို့ ကျွန်တော်တို့မှာ လိုအပ်တယ်။
ဒီလိုပဲ အဲ့ဒီလူတွေနဲ့ လူ့အဖွဲ့အစည်းဝင်တွေ ကောင်းရာကောင်းကျိုးကို ဖြစ်စေမယ့် လုပ်ငန်းတွေအတွက် ကျွန်တော်တို့ အားထုတ်ကြိုးစားလုပ်ကိုင် ဆောင်ရွက်ဖို့ အစ္စလာမ်က သင်ပေးတဲ့ တမန်တော်မြတ်(ဆွ)ရဲ့ စိတ်နေ သဘောထားကို ဖော်ပြတယ်။ ဒီအချက်ကိုကြည့်ရင် ကျွန်တော်တို့ အစ္စလာမ်ကို မလိုမုန်းထားတဲ့လူတွေ၊ တမန် တော်မြတ်(ဆွ)ကို မလိုလားမနှစ်သက်သူတွေက ပြောဟောနေတဲ့ ဓါးမိုးပြီး အစ္စလာမ်သာသနာကို ဖြန့်တယ်၊ ဆိုတဲ့ ပြောဟောချက်နဲ့ တခြားစီဖြစ်နေတာကို တွေ့ရမှာပါ။ ဒီနေရာမှာ ကုရ်အာန်ရဲ့ဖော်ပြချက်ကိုကြည့်ရင် သင် တို့လူတွေ ဒုက္ခရောက်နေတဲ့ ဒုက္ခတွေအတွက် ပူဆွေးမဆုံးဖြစ်ပြီး သင်တို့ရဲ့ကောင်းရာကောင်းကြောင်းတွေ အတွက်ဘဲ ဆန္ဒပြင်းပြလျက်ရှိတယ်လို့ ဖော်ပြပါတယ်။ လူတွေအားလုံးအတွက် ဆန္ဒရှိနေသလို မုအ်မင်န်သက်ဝင် ယုံကြည်သူတွေအတွက်လည်း တမန်တော်မြတ်(ဆွ)ဟာ ရတက်မအေးရှိသလို ကောင်းရာကောင်းကျိုးအတွက် လည်း ဆန္ဒပြင်းပြလျက်ရှိတယ်။ မေတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းလို့ ကျွန်တော်သတ်မှတ်သိရှိရပါတယ်။
ပြီးတော့ – ရအူးဖူးရ် ရဟီးမ်လို့ အဆုံးသတ်ထားပါတယ်။ ဒီနေရာမှာ တော်တော်အံ့သြစရာကောင်းတဲ့ အဆုံးသတ်ပါ။ ရအူးဖ်ဆိုတဲ့ သိမ်မွေ့နူးညံ့ချစ်ခင်မေတ္တာထားမှု ရဟီးမ်လို့ခေါ်တဲ့ လိုအပ်ချက်တွေဖြည့်ဆည်း ထောက်ပံ့ပေးမှု အဲဒီဂုဏ်တော်နှစ်ခုက အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်တွေဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်နှစ်ခု တမန်တော်မြတ်(ဆွ)ထံမှာ ရှိတာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် တမန်တော်မြတ်(ဆွ)ရဲ့ဖဝါးခြေထပ် လိုက်နာနေပါတယ်ဆိုတဲ့ အွမ္မသ်သားမြေးတွေပါလို့ပြောတဲ့ ကျွန်တော်တို့ကလည်း အဲ့ဒီဂုဏ်တော်တွေနဲ့အညီ နေထိုင်ကျင့်သုံးဘ၀တည်ဆောက် အသက်ရှင်ဖို့လိုအပ်ပါတယ်။ လူတွေကို အကျိုးပြုတဲ့လူတွေဖြစ်ရမယ်။ ချစ်ခြင်းမေတ္တာတရားကို ရှေ့တန်းတင်ကြရမယ်။ မေတ္တာတရားနဲ့ လူတွေရဲ့ဘဝ တိုးတက်ရာတိုးတက်ကြောင်းလုပ်ဆောင် ပေးကြရမယ်။ သူများတွေ ဘယ်လောက်ပဲ အမုန်းပွားနေပါစေ ကိုယ်တွေက မေတ္တာတရားထားရမယ်။ အဲ့ဒီလို မေတ္တာထားပြီး အစ္စလာမ်ဘက်ကို ဖိတ်ခေါ်ခဲ့တဲ့ တမန်တော်မြတ်အကြောင်း ပါလာတာတွေ့ရပါတယ်။ ပြီးတော့ လူတွေရဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပေးတယ်။ လူတွေရဲ့အကျိုးကို ပရဟိတာ များများလုပ်ပြီး ကိုယ့်ကို(ရှုဟာဒါးအ အလန်းန်နားစ်) ကိုယ့်ရဲ့ပြောဆိုပြုမူ လုပ်ကိုင်ဆောင် ရွက်ချက်တွေဟာလူတွေရဲ့ ကြည်ညို၊ လေးစားခင်မင်မှုတွေ တိုးပွားလာပြီးတော့ ချီးမွမ်းမှုတွေဖြစ်စေမှာဖြစ်ပါတယ်။
တမန်တော်မြတ်(ဆွ)ရဲ့ စံနမူများကို ကြည့်ရင် တမန်တော်မြတ်က တရားမျှတမှုရှိရန်၊ သစ္စာရှိရန်၊ ရဲရင့်မှု ရှိရန်၊ လိမ္မာပါးနပ်မှုရှိရန်၊ စိတ်ရှည်သည်းခံကြံ့ခိုင်မှုတရားထားရှိရန်၊ ခွင့်လွှတ်သနားခြင်းစိတ်ထားမြတ်ထားရှိရန်၊ ဇွဲလုံ့လဝီရိယထားရှိရန်၊ ရောင့်ရဲမှုရှိရန်၊ အမှန်သစ္စာတရားအတွက် ဆိုးရွားတဲ့ပတ်ဝန်းကျင်တွေကြားမှာ မယိမ်း မယိုင် မတုန်မလှုပ်ကြံ့ကြံ့ခံရင်ဆိုင်သွားရန်၊ နောက်ဆုံးတစ်နေ့တွင် အောင်ပွဲမုချမသွေ ရကိုရရမယ်ဟု ခံယူချက် ထားရှိရန်၊ စိတ်နှလုံးအတွင်းရှိ အလုံးစုံသောမကောင်းမှု၊ အကောက်ကြံမှု၊ မရိုးသားမှု၊ သေးသိမ်သည့်စိတ်ထား (နဖ်စေ အမ္မရာ)တွေ ကင်းစင်စေရန်နှင့် မိမိ၏အတ္တအလို ဆန္ဒရမက်တွေကို စွန့်လွှတ်၍အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အမိန့်တော်နှင့်အညီ ဖြစ်စေရန် ပြုပြင်လုပ်ကိုင် ကျင့်သုံးသွားကြရန်၊ သို့မှသာအောင်ပန်းဝေဖြာ အောင်မြင်ဖွံ့ဖြိုးတိုးတက်သောသူများ ဖြစ်လာမှာဖြစ် ကြောင်း၊ တမန်တ်ာမြတ်(ဆွ)၏ဘဝသည် ကုရ်အာန်၏ အကောင်းဆုံး၊ အပြည့်စုံဆုံး၊ ဋီကာဖွင့်ဆိုချက်ဖြစ်ပြီး၊ ကုရ်အာန်မှာပါရှိတဲ့အတိုင်း တမန်တော်မြတ်ရဲ့ လမ်းစဉ်အကောင်းဆုံး စံနမူနာတွေ၊ အကျင့်သီလကောင်းတွေကို စံထားလိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ဘဝမှာ အောင်ပွဲအလီလီရမှာဖြစ်ကြောင်း ဟောကြားတင်ပြခဲ့ပါတယ်။ ဒါပေ မယ့် မယုံကြည်သူတွေက တမန်တော်မြတ်ကို နည်းလည်းမျိုးစုံသုံးပြီး စည်းရုံးသိမ်းသွင်း ဆွဲဆောင်တယ်၊ ပြီးတော့ ခြိမ်းခြောက်၊ တားဆီး၊ ဟန့်တား၊ ပိတ်ဆို့၊ ကန့်ကွက်၊ နှောက်ယှက်၊ တိုက်ခိုက်ရန်ပြုခဲ့ကြပါတယ်။ တမန်တော်မြတ် ရဲ့ သူရသတ္တိစွမ်းပကားက ပတ်ဝန်းကျင်အမျိုးမျိုးအောက်မှာ မဆုတ်မနစ် မတုန်မလှုပ်ဘဲ၊ ကြံ့ကြံ့ခံရပ်တည်ခဲ့ပါ တယ်။
တမန်တော်မြတ်ဟာ သစ္စာတရားဆိုတဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မှုနဲ့ပညာရေး၊ လူမှုရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ ဘာသာပေါင်းစုံ အပြန်အလှန် ချစ်ကြည်လေးစားရေး၊ စည်းရုံးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးစတဲ့ ကိစ္စရပ်တွေကို မိမိသက်တမ်း တစ်လျှောက်မှာ စံနမူနာပြနေထိုင်ကျင့်သုံး လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုလုပ်ကိုင်ခဲ့တဲ့အတွက် ပထမဦးဆုံး ကျမ်းမြတ်ကုရ်အာန်ကို စတင်ဟောကြားတင်ပြတဲ့အခါမှာ မိမိရဲ့ ဇနီးသည်အပါအဝင် လူ(၇)ယောက်ပဲ စတင်ယုံကြည်သက်ဝင်ခဲ့ပါတယ်။ အဲ့ဒီလိုအခြေအနေနဲ့ အချိန်(၁၃)နှစ်ခန့် ကြာတဲ့အထိ မက္ကာဟ်အခြေအနေမှာ အီမာန်သက်ဝင်ယုံကြည်သူဟာ ရာဂဏန်းပဲရှိပါတယ်။ ဒီလိုနဲ့ မက္ကာဟ်ကနေ မဒီနာမြို့ကို ဟစ်ဂျရသ်လုပ်(စွန့်ခွ)ခဲ့ပြီးတဲ့နောက်မှာ အစ္စလာမ်ရဲ့မီးရှူးတန်ဆောင် အလင်းရောင်ကို တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က ကျမ်းတော်မြတ်ကုရ်အာန်ကို လမ်းညွှန်ရင်းနဲ့ အဲ့ဒီအမိန့်အတိုင်း မေတ္တာတရားကို ရှေ့တန်းမှာတင် ပြီး လက်တွေ့ဘဝပုံဖော် တည်ဆောက်ပြတဲ့အတွက် နောက်ဆုံးဟဂ်ျ(ဟဂ်ျသုလ်ဝီဒါ)မှာ ဟဂ်ျလုပ်ဖို့တဲ့လာတဲ့လူကြီးပဲ ဆွဟာဗာတစ်သိန်းကျော် တက်ရောက်လာတယ်ဆိုပြီး မှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၆၁၊ အာယသ် ၁၃မှာ-
“အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီရရှိပြီဆိုလျှင် အောင်မြင်မှုသည်နီးကပ်စွာ တည်ရှိလေပြီ။” တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က ကိုယ်တော်မြတ်(ဆွ)ကို အလ္လာဟ်ကိုသာ အားကိုး၊ အလ္လာဟ်လမ်းစဉ်(ကုရ်အာန်)ကိုပဲ လိုက်နာ၊ အလ္လာဟ့်ဥပဒေလမ်းညွှန်ပြဌာန်းချက်(ကုရ်အာန်)နဲ့အညီ၊ မေတ္တာ တရားသိမ်မွေ့နူးညံ့စွာ ဆက်ဆံ၊ လူတွေကိုဒအ်ဝါသ်လုပ် အစ္စလာမ်ရဲ့ လမ်းစဉ်မှာလူတွေကို အတင်းအကျပ် အဓမ္မစည်းရုံးသိမ်းသွင်းစရာမလိုကြောင်းကို ဆူရာဟ် ၂း၂၅၈ မှာ-
ဒီးန်မှာ ဘာမှအတင်းအကြပ်လုပ်နေစရာ မလိုဘူး၊ ဆွယ်နေစရာမလိုဘူး။ ကျွေးမွေးပေးကမ်းနေစရာ မလိုဘူး။ အကြမ်းဖက်နေစရာ မလိုဘူး။ အတင်းအဓမ္မလုပ်နေစရာမလိုဘူး။ ဘာကြောင့်လဲ၊ မှားယွင်းသွေဖီနေတဲ့ လမ်းကြောင်းနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ဟာ သေသေချာချာ၊ ထင်ထင်ရှားရှား၊ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ် သားသား ဖြစ်ခဲ့ပြီးဖြစ်တယ်။ ဒီကနေ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ယာကွတ်တို့ မာမွတ်တို့ အစ္စလာမ်က ထွက်သွား တဲ့အကြောင်းဖော်ပြလို့ ဘာမှဝမ်းနည်းကြေကွဲနေစရာ မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေးဗစ်တွေအများကြီးက ဒါဝူးဒ်အဖြစ်နဲ့ အစ္စလာမ်ထဲကို ရောက်လာလိမ့်မယ်။ ရောက်လည်း ရောက်နေလျက်ရှိကြတယ်။ မယုံရင် ကျွန်တော်သက်သေပြပါ့ မယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၁၁ဝ၊ အာယသ် ၁-၅
“ အလ္လာဟ်ရဲ့ အကူအညီသေချာပေါက် ရောက်လာပြီဆိုရင် အောင်မြင်ခြင်းဟာ အသေအချာ ရောက် လာမယ်။ အလ္လာဟ်ရဲ့ဒီးန် အစ္စလာမ်ရဲ့ဘောင်ထဲကို (တနည်း – အစ္စလာမ်ရဲ့ အေးရိပ်ဆာယာထဲကို အုပ်စုလိုက် အုပ်စုလိုက် ဝင်ရောက်လာလျက်ရှိနေသည်ကို အသင်တမန်တော် သေချာပေါက် တွေ့ခဲ့ရလိမ့်မယ်။”
ကိုယ်တော်မြတ်လက်ထက်မှာတွင်မက ဒီကနေ့ပြောရရင် အမေရိကန်မှာ ၉/၁၁ ဖြစ်ပြီးတဲ့နောက်မှာ ဥရော ပနဲ့အမေရိက တစ်ခွင်မှာ အစ္စလာမ်ရဲ့ အေးရိပ်ဆာယာထဲကို ဝင်ရောက်လာတဲ့ လူတွေဟာ အရင်ကထက် ပိုလို့ များနေတယ်။ ကြည့်လိုက်ရင် လွန်ခဲ့တဲ့နှစ် ၁၄ဝဝကျော်က (၇)ယောက်နဲ့ စတင်ခဲ့တဲ့ တမန်တော်မြတ်ရဲ့ အစ္စလာမ်ကို ဖိတ်ခေါ်သမှုပြုမှုဟာ ဟဂ်ျသုလ်ဝိဒါရောက်တော့ တစ်သိန်းကျော် ဆွဟာဗာတွေတက်ရောက်ခဲ့တယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေ သန်းပေါင်း ရဝဝဝရဲ့ ၅ ပုံ ၁ ပုံက အစ္စလာမ်ရဲ့အေးရိပ်ဆာယာမှာ ဝင်ရောက်နေကြတယ်။ ဒီလိုဘဲ ယာကွတ်တို့ မာမွတ်တို့ အစ္စလာမ်ရဲ့အပြင်ကို ရောက်သွားတာ ကျွန်တော်တို့နဲ့ ဘာဆိုင်လဲ၊ သူတို့ရဲ့ လွတ်လပ်တဲ့ ဆန္ဒ၊ ကျွန်တော်တို့တာဝန်လည်း မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။
ဒီလိုပဲ မောင်ဖြူ၊ မောင်နီ၊ မောင်နက်၊ မ ဘယ်သူ(သို့မဟုတ်) ဘယ်လူမျိုး ဘယ်ဘာသာမဆို အစ္စလာမ်ရဲ့ အေးရိပ်ဆာယာထဲကို ဝင်လာရင် ဝင်လာပါစေပေါ့။ ဒါကျွန်တော်တို့ ကိစ္စမှမဟုတ်တာ၊ သူတို့ကိစ္စ၊ သူတို့ လွတ်လပ် ခွင့်။ လူတစ်ယောက် မွတ်ဆလင်မ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် သူ့ကိစ္စ။ သူ့အကျိုး။ ဒါပေမယ့် လူတစ်ယောက် အစ္စ လာမ်ရဲ့အေးရိပ်ဆာယာထဲကနေ ထွက်သွားပြီး အစ္စလာမ်ရဲ့ကျမ်း(ကုရ်အာန်)နဲ့ မွတ်ဆလင်မ်တွေရဲ့ နောက်ဆုံး အန္တိမတမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ ဘယ်သို့ဘယ်ပုံပါလို့ မဟုတ်မမှန်၊ လုပ်ကြံ၊ လီဆယ်ပြီးပြောလာပြီဆိုရင် တော့ အဲ့ဒီအချိန် အဲ့ဒီလူ အဲ့ဒီအဖွဲ့အစည်းဟာ ကျွန်တော်နဲ့ဆိုင်လာပြီ၊ မွတ်ဆလင်မ်အားလုံးနဲ့လည်း ဆိုင်လာပြီ။ အဲဒီအချိန်မှာ ကျွန်တော်တို့သူ့ကို ယဉ်ကျေးသိမ်မွေ့စွာပြန်လည် ရှင်းလင်းရတော့မယ်။ ကုရ်အာန် (၁၆း၁၂၅)နဲ့ အညီ ဥာဏ်ပညာ၊ အမြော်အမြင်၊ အသိပညာ၊ အလိမ္မာနှင့်လိမ္မာယဉ်ကျေးစွာ အမှန်အတိုင်း တင်ပြချေပရပါလိမ့် မယ်။
သူ့ရဲ့လွတ်လပ်ခွင့်နဲ့သူ၊ သူကြိုက်ရာဘာသာကို ကူးပြောင်းသွားတာဟာ ကျွန်တော်တို့တစ်ယောက်ခြင်းနဲ့ ဘာမှမဆိုင်ဘူး။ ဒီလိုဘဲ အခြားဘာသာတစ်ခုကနေ အစ္စလာမ်ဘောင်ထဲကို ဝင်လာရင်လည်း ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ဒါက ကျွန်တော်ရဲ့အတွေး၊ အမြင်ဖြစ်ပါတယ်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာ ကျွန်တော်တို့ ရဲ့ စံပြတမန်တော်ပါ။ သမိုင်းမှတ်တမ်းတွေကို လေ့လာကြည့်ပါ။ ဘယ်သူတွေ အစ္စလာမ်ကို ဘောင်ထဲကိုဝင်လာ လို့ဆိုပြီး ဘာသာဝင်အခမ်းအနားဆိုပြီး ကျင်းပခဲ့တာကြားဘူးကြပါရဲ့လား။ မလိုအပ်ဘူး။ အစ္စလာမ်ကရှင်းတယ်။ ယုံချင်ယုံ၊ မယုံချင်ရင်လည်းနေ။ သင့်ဆန္ဒ၊ သင်ကြိုက်ရာသင်ရွေး။ အလ္လာဟ်ကဘာပြောလဲ။ ကုရ်အာန်(၁၈း၂၉)မှာ
“အလ်ဟာက် မိးရ်ရဗ္ဗိကွန်းမ်”လို့ ပြောထားတယ်။ “ဖမန်းန် ရှားအ ဖလ်ယုအ်မင်န် ဝမန်းန် ရှားအ ဖလ်ရက်ဖူရ်”—–
အမှန်သစ္စာတရား ဆိုတာ အလ္လာဟ်ထံကဖြစ်တယ်။ ယုံကြည်လိုက ယုံကြည်ပါစေ။ ငြင်းပယ်လိုက ငြင်း ပယ်ပါစေ။ ယုံကြည်တဲ့အတွက်လည်း သူ့ကိစ္စ။ ငြင်းပယ်တဲ့အတွက်လည်း သူ့ကိစ္စ၊ ကျွန်တော်တို့ ဘာပဲလုပ်ရမှာ လဲ။ အလ္လာဟ်ကို အမြဲတမ်းကျွန်တော်တို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ အသက်ရှင်လှုပ်ရှားနေနိုင်သမျှ အလ္လာဟ် အရှင်မြတ်ကို ချီးမွမ်းထောပနာပြုပြီး အလ္လာဟ်ဥပဒေလမ်းညွှန် ပြဌာန်းချက်(ကုရ်အာန်)ကို လိုက်နာကျင့်သုံး အကောင်အထည်ဖော်။ ဘာဖြစ်လို့လဲ၊ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ သိနားလည်သဘောပေါက်ခွင့်၊ နီးစပ်ခွင့်ရ အောင်၊ အခွင့်အရေး အလ္လာဟ်ကကျွန်တော်တို့ကို ပေးလိုက်တဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့လူတွေထက် အလ္လာဟ်ကို ကျွန်တော်တို့ ပိုပြီးကျေးဇူးတင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် လက်လွတ်စပယ်မဖြစ်ရဘူး။ အလ္လာဟ့်ဆီမှာ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့အသက်၊ ကျန်းမာရေး၊ ကိုယ့်ရဲ့အဖက်ဖက်ကနေ လုံခြုံမှုရရှိနေအောင် အလ္လာဟ်ထံမှာ ခိုလှုံမှုပြုပြီး၊ အကာအကွယ်ရယူနေရမယ်။ ဘာဖြစ် လို့လဲ။ အလ္လာဟ်ဟာ မဟာကရုဏာတော်အပြည့်နဲ့၊ ပံ့ပိုးကူညီမှုအပြည့်နဲ့၊ လူတွေဘက်ကို အဖန်တလဲလဲ ပြန် လှည့်တော်မူတဲ့ အရှင်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက် အစစ် အမှန်(ကုရ်အာန်)ကို တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ (အွစ်ဝသွန်ဟစနာ)လို့ခေါ်တဲ့ အကောင်းဆုံးသော စံနမူနာ ကို လေ့လာဆည်းပူးပြိး မိမိတို့ရဲ့ လွတ်လပ်သော သဘောဆန္ဒနဲ့အညီ အစ္စလာမ်ရဲ့ အေးရိပ်ဆာယာကို ဝင်ရောက် နေတဲ့ လူတွေကမ္ဘာတစ်ခွင်မှာ အများကြီးရှိပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။