ကျမ်းတော်မြတ်ကုရ်အာန်အပေါ်ထားရှိရမည့် မွတ်ဆလင်မ်တို့၏ သဘောထားနှင့် တာဝန်ဝတ္တရားများ ကုရ်အာန်သုတေသီ ဦးမြင့်အောင်
ကျမ်းတော်မြတ်ကုရ်အာန်အပေါ်ထားရှိရမည့် မွတ်ဆလင်မ်တို့၏ သဘောထားနှင့် တာဝန်ဝတ္တရားများ
ကုရ်အာန်သုတေသီ ဦးမြင့်အောင်
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော်ယခုတင်ပြမဲ့ခေါင်းစဉ်ကတော့ `ကျမ်းတော်မြတ်ကုရ်အာန်အပေါ်ထားရှိရမည့် မွတ်ဆလင်မ်တို့ ၏ သဘောထားနှင့်တာဝန်ဝတ္တရားများ´ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ကျွန်တော် အဲဒီခေါင်းစဉ်ကို ဘာကြောင့် တင်ပြရသလဲဆိုတော့ ရည်ရွယ်ချက်ရှိပါတယ်။
ယနေ့ခေတ် မွတ်ဆလင်မ်အသိုင်းအ၀ိုင်းမှာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပတ်သက်လာရင် ဘယ်လို သဘောထားတွေရှိနေကြတယ်ဆိုတာကို လေ့လာသုံးသပ်နိုင်ကြဖို့။ မုအ်မင်န်မွတ်ဆလင်မ်တိုင်းအပေါ်မှာရှိတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ရာ တာဝန်နှင့်ဝတ္တရားတွေကို သိရှိနိုင်ကြဖို့။ ယနေ့ခေတ် မွတ်ဆလင်မ်အသိုင်း အ၀ိုင်းမှာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အသိပညာ၊ အသိတရား၊ လမ်းညွှန်ချက်တွေဟာ အထူးလိုအပ်နေပြီ ဖြစ်တယ်ဆိုတာကို တင်ပြလိုတဲ့အတွက်ကြောင့် ဤခေါင်းစဉ်ကို တင်ပြရခြင်းဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်အပေါ်ထားရှိရမည့် မွတ်ဆလင်မ်တို့၏ သဘောထားနှင့် တာဝန်ဝတ္တရားများကို မတင်ပြမီ ယနေ့ခေတ်မွတ်ဆလင်မ်ဆိုသူတွေရဲ့ အသိုင်းအ၀ိုင်းမှာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပတ်သက်လာလျှင် ဘယ်လိုသဘောထားတွေရှိကြသလဲဆိုတာကို ဦးစွာလေ့လာကြည့်ကြပါစို့။ မွတ်ဆလင်မ်ဆိုသူတစ်ဦးတစ်ယောက် ကို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပတ်သက်ပြီး မေးခွန်း၅ခုကို မေးပြီး သူ့ရဲ့ဖြေဆိုချက်တွေကို သုံးသပ်ကြည့်မယ် ဆိုရင်တော့ သူတို့ရဲ့သဘောထားတွေကို သိရှိနိုင်မယ်လို့ ကျွန်တော့်ဘက်က ခံစားတင်ပြချင်ပါတယ်။
မေးခွန်း(၁)။ ကျမ်းတော်မြတ်ကုရ်အာန်ကိုယုံကြည်လေးစားမှု အပြည့်အ၀ရှိရဲ့လား။
အဖြေ (၁)။ ယုံကြည်တာပေါ့။ လေးစားမြတ်နိုးမှု၊ အပြည့်အ၀ရှိလို့လည်း ကျမ်းတော်မြတ်ကုရ်အာန်ကို ကိုယ်ခန္ဓာ သန့်ရှင်းတဲ့အချိန်မှာသာ ကိုင်တွယ်ဖတ်ရှုလေ့ရှိပြီး၊ ဖတ်ပြီးရင်လဲ သန့်စင်တဲ့အ၀တ်နဲ့ သေချာထုတ်ပြီး အမြင့်ဆုံး မှာ တင်ထားတာပေါ့။
မေးခွန်း (၂)။ ကျမ်းတော်မြတ်ကုရ်အာန်ကို တစ်နေ့ဘယ်နှခေါက်လောက်ဖတ်သလဲ။
အဖြေ (၂)။ အချိန်ရတိုင်းဖတ်တာပေါ့။ အချိန်မရရင်တောင် အချိန်ယူပြီးဖတ်တာပေါ့။
မေးခွန်း (၃)။ ကျမ်းတော်မြတ်ကုရ်အာန်ဖတ်တဲ့အခါ အဓိပ္ပါယ်ရော နားလည်ရဲ့လား။
အဖြေ (၃)။ ဒါတော့ ဘယ်လွယ်မလဲ။ ပညာရှင် ဆရာသခင်ကြီးတွေပဲ နားလည်နိုင်မှာပေါ့။ ကျွန်တော်တို့လို စာမတတ်၊ ပေမတတ် `အ၀မ်´တွေ ဘယ်နားလည်နိုင်ပ့ါမလဲ။
မေးခွန်း (၄)။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်။ ဘ၀နေနည်းအတိုင်းရော လိုက်နာကျင့်သုံးရဲ့လား။
အဖြေ (၄)။ ကျမ်းတော်မြတ်ကုရ်အာန်ကို ကျွန်တော်တို့မှ နားမလည်နိုင်တာ ဘယ်လိုလိုက်နာကျင့်သုံးရမလဲ။ ပညာရှင် ဆရာသခင်ကြီးတွေရဲ့ အဆိုအမိန့်တွေအပေါ်မှာတော့ တတ်နိုင်သလောက် လိုက်နာပါတယ်။
မေးခွန်း (၅)။ ကျမ်းတော်မြတ်ကုရ်အာန်ကိုရော ဖြန့်ချိရဲ့လား။
အဖြေ (၅)။ ကျမ်းတော်မြတ်ကုရ်အာန်ကို ကျွန်တော်တို့မှ နားမလည်တာ ဘယ်လိုလုပ်ရှင်းလင်းတင်ပြ ဖြန့်ချိမှာလဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ပညာရှင် ဆရာသခင်ကြီးတွေရဲ့ အဆိုအမိန့်တွေကို တဆင့်ပြန်လည် တင်ပြဖြန့်ချိ ပါတယ်။
ဒါကြောင့် ယနေ့ခေတ် မွတ်ဆလင်မ်ဆိုသူတွေရဲ့ ကျမ်းတော်မြတ်ကုရ်အာန်အပေါ် ထားရှိရမည့် သဘော ထားနှင့် တာဝန်ဝတ္တရားများကို တစ်ဦးချင်းဆီက ဘယ်လောက်ကျေပွန်စွာ ထမ်းဆောင်ပြီးပြီလဲဆိုတာ (ယခုလို) မေးမြန်းလေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ကျမ်းတော်မြတ်ကုရ်အာန်အပေါ် ယုံကြည်လေးစားမှုနှင့် နှုတ်မှ အသံ ထွက်ဖတ်ရုံကနေပြီးတော့ အဆင့်မတတ်တော့ပါဘူး။ (တနည်းအားဖြင့် ပြောရမယ်ဆိုရင်) ကုရ်အာန်တွင် ပါရှိသော ဗျည်းအက္ခရာတစ်လုံးကို အသံထုတ်ပြီး၊ အသံထွက်ဖတ်လိုက်မယ်ဆိုရင် အကျိုးစ၀ါးဗ်ဆယ်ဆ ရမယ်ဆို တဲ့ အဆင့်တွင်သာရပ်တန့်နေပြီး အဓိပ္ပါယ်နားလည်ရန်မလို၊ လိုက်နာကျင့်သုံးဖို့မလို၊ ရှင်းလင်းတင်ပြဖြန့်ချိရန် မလို ဟု မှားယွင်းစွာထင်မြင်ယူဆထားကြတာကို တွေ့ရှိရပါတယ်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ ဆန္ဒတော်(မရှီရသ်)နှင့်အညီ ကျမ်းတော်မြတ်ကုရ်အာန်အပေါ်မှာ တာဝန်နဲ့ဝတ္တရားများကို ကျွန်တော်လေ့လာမိသလောက် အာယသ်အထောက်အထားများနှင့်တကွ ဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို အပြည့်အ၀ယုံကြည်လေးစားမှုရှိဖို့အတွက် ကျမ်းတော်မြတ် ကုရ်အာန်ဟာ ဘာလဲဆိုတာကို ဦးစွာပထမတင်ပြဖို့ လို့အပ်မယ်လို့ထင်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ဟာ အလ္လာဟ်အရှင်မြတ်ထံကနေ ကျွန်တော်တို့ လူသားအားလုံး (အထူးသဖြင့်) မွတ်ဆလင်မ်တိုင်းအတွက် နောက်ဆုံးတမန်တော်ချုပ်အဖြစ် ရွေးချယ်စေလွှတ်ခြင်း ခံရတဲ့ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွ)ထံကို လူ့ဘ၀တည်ဆောက်မှုလမ်းညွှန်ချက်အဖြစ် ထုတ်ပြန်ပို့ချခြင်းခံရတဲ့ (၀ဟီ)လမ်းညွှန်ချက်ဖြစ်ပါတယ်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ထံမှ ၀ဟီလမ်းညွှန်ချက်ဟာ လူသားအားလုံးအနက်မှ ရွေးချယ်ခြင်းခံရ သော နဗူဝသ်ရရှိသူ နဗီထံသို့ ပေးပို့ခြင်းခံရသော လမ်းညွှန်ချက်ဖြစ်ပါတယ်။ အဲဒီလို အလ္လာဟ်အရှင်မြတ်ထံမှ တိုက်ရိုက်ပေးပို့ခြင်းခံရတဲ့ (၀ဟီ)လမ်းညွှန်ချက်ကို (ရိဆာလသ်)တစ်ဆင့်ဖြန့်ချိသူကို (ရစူလ်)လို့ခေါ်ပါတယ်။ အဲဒီလို အလ္လာဟ်အရှင်မြတ်ထံမှ ၀ဟီရရှိနိုင်သည့် သဘောသဘာဝနည်းလမ်းကိုလည်း နဗီရစူလ်များသာ သိရှိခွင့် ရှိပါတယ်။ အခြားမည်သည့် ပုဂ္ဂိုလ်လူသားမှ သိရှိနိုင်ရန် အခွင့်အလမ်းမရှိပါဘူး။ မိမိဘက်မှ ကြိုးစားအားထုတ်ပြီး လည်း ၀ဟီလမ်းညွှန်ချက်ကို ရယူနိုင်စွမ်းမရှိပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ မွတ်ဆလင်မ်ဆိုသူတွေရဲ့ အသိုင်းအ၀ိုင်းမှာက နဗီရစူလ်တွေထံ ချပေးတဲ့ ၀ဟီ လမ်းညွှန်ချက်အပြင် နဗီရစူလ်တွေထံ ချပေးတဲ့ ၀ဟီလမ်းညွှန်ချက်အပြင် မိမိတို့ဘက်မှ ကြိုးပမ်းအားထုတ်ခြင်း အားဖြင့် အခြားနည်းလမ်းများဖြစ်တဲ့ (ကရှ်ဖ်)တို့၊ (အိလ်ဟာမ်)ဆိုတဲ့ နည်းလမ်းတွေနဲ့ ရရှိနိုင်သေးတယ်လို့ မှားယွင်းစွာ ထင်မြင်ယူဆထားကြပါတယ်။
ဝဟီဟာ လူသားကျင့်ကြံအားထုတ်ပြီး ရရှိလာသော အရာ(Subjectivity) မဟုတ်ပါဘူး။ လူသားရဲ့ ပြင်ပမှ ရရှိသော အရာ(Objectivity) သာဖြစ်ပါတယ်။ ၀ဟီကို(ကရှ်ဖ်)တို့၊ (အိလ်ဟာမ်)တို့စတဲ့ နည်းလမ်းတွေနဲ့ ရရှိနိုင် သေးတယ်ဆိုတာ ကုရ်အာန်ရဲ့ မည့်သည့်နေရာမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ အဲဒီလိုပဲ ကုရ်အာန်ပြင်ပ အသိ၊ စာပေ၊ ကျမ်းဂန်များမက ၀ဟီအဖြစ်သတ်မှတ်လို့ လုံးဝမရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်တည်းသာ လျှင် အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချသောအရာ(၀ဟီ) လမ်းညွှန်ချက်ဖြစ်ပါတယ်။
ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် ၆ အာယသ် ၁၉ မှာ ယခုလိုဖော်ပြထားခြင်းဖြစ်ပါတယ်။
` အကျွန်ုပ်(တမန်တော်) ထံသို့ ၀ဟီအဖြစ်ထုတ်ပြန်ပို့ချသောအရာမှာ ကုရ်အာန်တစ်အုပ်တည်းသာ ဖြစ်ပါတယ်။ သင်တို့နှင့် (သင်တို့နောက်) ဤကုရ်အာန်နှင့် တွေ့ဆုံရမည့်သူတို့အား ဤကုရ်အာန်ကျမ်းမြတ်ဖြင့် ကြိုတင်သတိပေးနှိုးဆော်ရန်ဖြစ်သည်။´
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ထံက ထုတ်ပြန်ပို့ချခြင်းခံရတဲ့ ၀ဟီဟာ ကုရ်အာန်တစ်အုပ်တည်းဖြစ်ပါ တယ်။ အဲဒီဥပဒေပြဌာန်းလမ်းညွှန်ချက်တွေဟာ အမှန်တရားနှင့် တရားမျှတမှုပေါ်မူတည်ပြီး၊ ပြီးပြည့်စုံတဲ့ လူ့ဘ၀ တည်ဆောက်မှု လမ်းညွှန်ချက်များဖြစ်ပါတယ်။ အဲဒီအပြင် မည်သူတစ်ဦးတစ်ယောက်ကမှ လိုတိုး၊ ပိုလျှော့ လုပ်ခွင့် မရှိပါဘူး။ လုပ်လို့လည်းရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အလ္လာဟ်အရှင်မြတ်ဟာ အကြွင်းမဲ့ ကြားတော်မူသော အရှင်၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ် ၆ အာယသ် ၁၁၆ မှာ ယခုလိုဖော်ပြထားပါတယ်။
`အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချသော ဥပဒေလမ်းညွှန်ချက်များသည် အမှန်တရားနှင့် တရားမျှတ မှုပေါ်တွင် တည်ရှိပြီးပြည့်စုံနေပြီဖြစ်သည်။ ဤဥပဒေသ လမ်းညွှန်ချက်များကို ပြုပြင်ပြောင်းလဲနိုင်သူတစ်ဦး တစ်ယောက်မျှ အလျဉ်းမရှိ။ အဲဒီအပြင် ထိုကျမ်းကို ပို့ချတော်မူသော အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူ သော အရှင်ဖြစ်တော်မူ၏။´
ဒါကြောင့်ကျမ်းမြတ်ကုရ်အာန်ဟာ အလ္လာဟ်အရှင်မြတ်ထံကနေပြီး မုဟမ္မဒ်(ဆွ)ကိုယ်တော်မြတ်ထံ ထုတ်ပြန်ပို့ချခြင်းခံရတဲ့ တစ်ကျမ်းတည်းသော လူ့ဘ၀တည်ဆောက်မှုလမ်းညွှန်ဖြစ်ပါတယ်။ ဒါကိုလည်း မုအ်မင်န် မွတ်ဆလင်မ်တိုင်း အကြွင်းမဲ့၊ သံသယမဲ့ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာပဲ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် အာမခံချက်ပေးထားပြီးဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ် ၂ အာယသ် ၂ မှာ
`ထိုကျမ်းတော်မြတ်(ကုရ်အာန်)ထဲတွင် ဒွိဟသံသယတစ်စုံတစ်ရာ တွေ့ရှိရမည်မဟုတ်ပါ။´
ဒါကြောင့် ရစူလ်တမန်တော်မြတ်နှင့်တကွ ယုံကြည်သူမုအ်မင်န် မွတ်ဆလင်မ်များအနေနှင့်လည်း ကျမ်း တော်မြတ်ကုရ်အာန်ကို ဒွိဟသံသယမရှိ သက်ဝင်ယုံကြည်ကြပါတယ်။ ကုရ်အာန် ဆူရာဟ် ၂ အာယသ် ၂၈၅မှာ
`ရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)သည် မိမိထံသို့ မိမိအားအဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ် အရှင်ြမတ်ထံမှ ထုတ်ပြန်ပို့ချခြင်းခံရသောအရာ (ကုရ်အာန်)ကို သက်ဝင်ယုံကြည်ပါ၏။ ထို့အတူ အမှန်တရားကို သက်ဝင်ယုံကြည်သူ မုအ်မင်န်မွတ်ဆလင်မ်တို့ကလည်း သက်ဝင်ယုံကြည်ကြကုန်၏။´
ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်ကို ဒွိဟသံသယမရှိ၊ အကြွင်းမဲ့ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးဖြင့် ပထမ ဦးဆုံ့းယုံကြည်သူတွေဟာ တမန်တော်မြတ်ကြီးနှင့်တကွ အဆွေတော်(ဆွဟာဘာ)သာဝကကြီးမျာဖြစ်ကြပါ တယ်။ အဲဒီနောက် အမှန်တရားကို သက်ဝင်ယုံကြည်သူ မုအ်မင်န်မွတ်ဆလင်များဖြစ်ကြပါတယ်။
ကုရ်အာန်ကို ယုံကြည်သူတစ်ယောက်ဟာ နှုတ်ကနေ ယုံကြည်တယ်လို့ ပြောလိုက်ရုံလောက်နဲ့တော့ အဲဒီ သူရဲ့ယုံကြည်ချက်ဟာ စစ်မှန်တဲ့ယုံကြည်ချက်အဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။ ထာဝရအောင်မြင်မှုအတွက် စစ်မှန်တဲ့ အမှန်တရားတစ်ခုကို ယုံကြည်လက်ခံတော့မယ်ဆိုရင် လွယ်လွယ်လေးနဲ့တော့ ဘယ်ရမလဲ။ ကျွန်တော် တို့က မွေးရာပါမွတ်ဆလင်မ်တွေဖြစ်တဲ့အတွက် ယုံကြည်ချက်နဲ့ပတ်သက်လာရင် လွယ်လွယ်လေးနဲ့ရရှိခဲ့တဲ့အပေါ် မှာ တန်ဖိုးမထားကြပါဘူး။ ဒါကြောင့်လည်း ယနေ့ခေတ် မွတ်ဆလင်မ်တွေဟာ မိဘ၊ ဘိုးဘွားတွေရဲ့ ယုံကြည်ချက် တွေအနက် ကျမ်းမြတ်ကုရ်အာန်ယုံကြည်ခြင်းဟြာလည်း မိရိုးဖလာယုံကြည်ချက် အသွင်သဏ္ဍာန်လောက်မှာပဲ ရှိနေရခြင်းဖြစ်ပါတယ်။ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးနဲ့ နှစ်နှစ်ကာကာ ယုံကြည်ပြီးတော့ ကျမ်းတော်မြတ်ကုရ်အာန် က လမ်းညွှန်နေတဲ့လူ့ဘ၀ နေနည်းအတိုင်း မိမိတို့ဘ၀ကို မတည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပတ်သက်လာရင် မိရိုးဖလာ ယုံကြည်ချက်အပေါ်မှာ ယုံကြည်လာကြတဲ့ မွတ်ဆလင်မ်ဆိုသူတွေဟာ ဖတ်ရုံ၊ အကျိုးစ၀ါးဗ်ရယုံလောက်သာ လိုက်နာကျင့်သုံးနေကြတာ ကျွန်တော်တို့ တွေ့ မြင်နေကြရပါတယ်။ ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်ကို အပြည့်အ၀ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်ချက် အတိုင်း မိမိဘ၀ကို ပုံဖော်တည်ဆောက်မဲ့ မွတ်ဆလင်မ်တစ်ယောက်အနေနဲ့ ဦးစွာပထမ မိမိမိသားစုနဲ့ထိပ်တိုက် ရင်ဆိုင်ရပါတော့တယ်။ ပြီးနောက် မိမိရဲ့မိတ်ဆွေအပေါင်းအသင်း၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းတွေ အတွက် အဖိအနှိပ်ခံကြရတာကို ကျွနတော်တို့ တွေ့မြင်ကြရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မွတ်ဆလင်မ်ဆိုသူ အသိုင်းအ၀ိုင်းမှာက (ပညာရှင်၊ ပီးရ်ဆပ်)ဆရာသခင်ဆိုသူတွေရဲ့ အဆို အမိန့်တွေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ပြင်ပကကျမ်းကြီး၊ ကျမ်းငယ်တွေကို အမှန်တရားလို့ ထင်မြင်ယူဆနေကြ လို့ပဲဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ဟာ အမြင့်မြတ်ဆုံးနှင့် တုနှိုင်းမဲ့ထာဝရ သစ္စာတရား အလ်ဟက် ဖြစ်ပါတယ်။ ကုရ်အာန်မှာပါတဲ့ အာယသ်တစ်ကြောင်းကိုတောင် မဆိုထားနဲ့ စကားလုံးတစ်လုံးကိုတောင်မှ မယုံကြည်ငြင်းပယ် မယ်ဆိုရင် အမှန်တရားကို ဖုံးကွယ်သူ၊ ငြင်းပယ်သူ၊ ကာဖိရ်ဖြစ်တယ်ဆိုတာကို သူတို့ မသိကြလို့ဘဲဖြစ်မှာပါ။ ဒါကြောင့်စစ်မှန်တဲ့ အမှန်တရား(ကုရ်အာန်)ဘက်က မားမားမတ်မတ်ရပ်တည်ပြီး လိုအပ်ရငိ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း၊ စီးပွားဥစ္စာ၊ နေအိမ်၊ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိမရှိဘူးဆိုရင်တော့ ကုရ်အာန်ကို ယုံကြည်တယ် လို့ မဆိုနိုင်သလို၊ လိုက်နာကျင့်သုံးဖို့ လွယ်မယ်မထင်ပါဘူး။
ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြချင်တာကတော့ မိမိတို့ရဲ့စိတ်နှလုံးများကို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားတွေ ရှိကြသလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။ ဒါပေမယ့် မွတ်ဆလင်မ်ဆိုသူတွေကတော့ မိမိတို့ရဲ့နှလုံးသားအသိဥာဏ်တွေကို မှားယွင်းတဲ့အတွေးအခေါ်တွေ၊ ထင်မြင် ယူဆချက်တွေ၊ မိရိုးဖလာထုံးတမ်းအစဉ်အလာတွေ၊ အယူဝါဒတွေနဲ့ သော့အထပ်ထပ်ခတ်ထားကြပါတယ်။ ဒါကြောင့်လည်း အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလိုမေးခွန်းမေးထားခြင်းဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ် ၄၇ အာယသ် ၂၄ မှာ `သို့ဖြစ်ပေရာ ကုရ်အာန်၌ပါရှိသော အကြောင်းအရာများကို အဘယ် ကြောင့် မစဉ်းစားမဆင်ခြင်ကြသနည်း။ (သို့မဟုတ်ပါက) မိမိတို့၏ သတ်မှတ်ထားကြသော အယူဝါဒ သော့ခ လောက်များဖြင့် မိမိတို့ရဲ့ နှလုံးသားအသိဥာဏ်များကို ပိတ်ထားကြကုန်လေသလော။´
ဒီမေးခွန်းကို မုအ်မင်န်မွတ်ဆလင်မ်တွေ ဘယ်လိုအဖြေပေးကြမလဲ။ ဒါကြောင့် ကျွန်တော်တို့ အမွေရထား တဲ့ ကျမ်းတော်မြတ်ကုရ်အာန်အပေါ်ကို ပေါ့ပေါ့တန်တန် သဘောမထားပဲ လေးလေးနက်နက်နှင့် မွေးရာပါ မွတ်ဆလင်မ်အဖြစ်ကနေ ဆင်ခြင်တုံတရား အသိဥာဏ်ကို အသုံးချပြီး စစ်မှန်တဲ့မွတ်ဆလင်မ်ဖြစ်အောင် ကျွန်တော်တို့ ယခုလက်ရှိအချိန်ကနေစပြီး အသက်ရှင်ရပ်တည်နေတဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ ဘယ်လို ဘ၀နေနည်းပုံစံမျိုးနဲ့ နေထိုင်သင့်တယ်ဆိုတာ ရွေးချယ်ဖို့သင့်ပါပြီလို့ အကြံပြုတင်ပြလိုပါတယ်။ လူသားရဲ့ နှလုံး သားဟာ ကျောက်စိုင်၊ ကျောက်သားလောက်မမာနိုင်ပါဘူး။ ကျောက်တောင်တစ်တောင်ပေါ်ကိုတောင် ကုရ်အာန် ချပေးမယ်ဆိုရင် အဲဒီကျောက်တောင်တစ်တောင်ဟာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံမှု၊ ရိုကျိုးလေးမြတ်မှုတွေ ကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားမယ်ဆိုတာကို ကျမ်းတော်မြတ်ကုရ်အာန်မှာပဲ အလ္လာဟ်အရှင်မြတ်က အလင်္ကာမြောက်စွာ ဖော်ပြထားပါတယ်။
“ ဖတ် ”
ကျမ်းတော်မြတ်ကုရ်အာန်ကို ယုံကြည်ပြီး လိုက်နာကျင့်သုံးမည့် လူသားတစ်ယောက် အထူးသဖြင့် မုအ်မင်န်မွတ်ဆလင်မ်တစ်ယောက်ဟာ ဦးစွာပထမ ကျမ်းတော်မြတ်ကုရ်အာန်ပါ အာယသ်တော်တွေကို ရွတ်ဖတ်ဖို့ တာဝန်ရှိလာပါတယ်။ အဲဒီလိုရွတ်ဖတ်တဲ့အခါမှာ အရဗီဘာသာစာပေအသုံးအနှုံးအရ ဖတ်ရွတ်တဲ့ပုံစံနှစ်မျိုးရှိပါ တယ်။ တစ်မျိုးက (ကိရာအဟ်)လို့ခေါ်ပါတယ်။ အဲဒီလိုဖတ်ခြင်းဟာ ဘယ်စာအုပ်၊ ဘယ်စာပေကိုဘဲ ဖတ်ဖတ် အဲဒီလိုဖတ်ခြင်းကို စာပေကျမ်းဂန်ဖတ်ခြင်းလို့ခေါ်ပြီး၊ အဲဒီလို ဖတ်တဲ့သူကိုလည်း ကာရီလို့ခေါ်ပါတယ်။ အဲဒီလို ဖတ်ခြင်းမှာ ကိရာအဟ်ဖတ်သလို သဂ်ျဝီးသ် စည်းမျဉ်းအပြင် လိုက်နာခြင်း၊ စိတ်နှလုံးသန့်ရှင်းစွာနဲ့ မိမိရဲ့ဘ၀မှာ အဲဒီစာပေကျမ်းဂန်ကပေးတဲ့ အသိတရားတွေ၊ လမ်းညွှန်ချက်တွေအတိုင်း ပုံဖော်အသက်သွင်းခြင်းဆိုတဲ့ တရား သဘောအနှစ်သာရတွေပါရှိပါတယ်။
ဒါကြောင့်ကျမ်းတော်မြတ်ကုရ်အာန်ကို ရွတ်ဖတ်မည့်သူတစ်ယောက်ဟာ သဂ်ျဝီးဒ်စည်းမျဉ်းအပြင် ကုရ်အာန်ကပေးတဲ့ အသိတရားများကို လိုက်နာမည်ဟူသော ဆန္ဒနှင့်ရွတ်ဖတ်ရမှာဖြစ်ပါတယ်။ အဲဒီအပြင် နာယူ သူအတွက်လည်း ရှင်းလင်းပီသစွာနာယူနိုင်ရင် သရ်သီးလ်လို့ခေါ်တဲ့ ရှင်းလင်းပီသအောင် ဖြေးဖြေးမှန်မှန် စနစ် တကျ ဖတ်ရမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ခရားရေလွှတ်၊ မြန်မြန်ဖတ်ခြင်းကို အထူးရှောင်ကျဉ်ဖို့ လိုအပ်ပါ တယ်။ ကုရ်အာန် ဆူရာဟ် ၇၃ အာယသ် ၄ မှာ အလ္လာဟ်အရှင်မြတ်က ယခုလိုသတိပေးလမ်းညွှန်ထားပါတယ်။
`ထို့အပြင် အသင်သည် ကျမ်းတော်မြတ်ကုရ်အာန်ကို ရှင်းလင်းပီသအောင် ဖြည်းဖြည်းမှန်မှန် စနစ်တကျ ရွတ်ဖတ်ပါ။´
“ နားလည် ”
အဲဒီလိုကျမ်းတော်မြတ်ကုရ်အာန်ကို အကြိမ်ကြိမ်ရွတ်ဖတ်ရုံလောက်နဲ့တော့ တာဝန်မကျေသေးပါဘူး။ အရဗီဘာသာစာပေကို ရင်းနှီးကျွမ်းဝင်သူတွေအတွက်ကတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဓိပ္ပါယ်ကို အချိန်အနည်း ငယ်အတွင်းမှ သိရှိနိုင်ပေမဲ့ ကျွန်တော်တို့လို အရဗီဘာသာစာပေနဲ့ ရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့သူတွေအတွက် ကတော့ အချိန်များများယူပြီး အဓိပ္ပါယ်နားလည်အောင် ကြိုးပမ်းအားထုတ်ဖို့လိုအပ်ပါတယ်။
အဲဒီနောက် လေးလေးနက်နက် သုတေသနပြု ဆင်ခြင်သုံးသပ်ခြင်း လုပ်ဖို့အတွက်ကတော့ အချိန်များစွာ ပေးပြီးလုပ်ဆောင်ရမဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။
“ ကျက်မှတ် ”
အဲဒီအပြင် ကျမ်းတော်မြတ်ကုရ်အာန်မှာပါရှိတဲ့ အာယသ်တော်တွေကို မိမိတို့တတ်နိုင်သလောက် အလွတ် ကျက်မှတ်ထားဖို့လည်း လိုအပ်ပါတယ်။ ကုရ်အာန် ဆူရာဟ် ၅၄ အာယသ် ၁၇-၂၂-၃၂-၄၀ တို့မှာ လေးကြိမ် တိုင်တိုင် လေးလေးနက်နက်ဖော်ပြထားပါတယ်။
`ထို့အပြင် ဧကန်ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော် မူခဲ့ ရာ ကျက်မှတ်တရားရယူသူတစ်ဦး တစ်ယောက်ရှိပါသလား။´
ဒါကြောင့်လည်း အလ္လာဟ်အရှင်မြတ်က လူသားအားလုံး(အထူးသဖြင့်) မုအ်မင်န် မွတ်ဆလင်မ်အားလုံး လွယ်လင့်တကူ နားလည်နိုင်ဖိုပအတွက် အခြားဘာသာစာပေများနှင့်မတူတဲ့ လိုရင်း၊ တိုရှင်း၊ ထိထိမိမိ၊ တိတိပပ၊ နက်နဲ၊ နက်ရှိုင်းပြီး ဖော်ပြချင်တဲ့ အချက်အလက် အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း ရိုးရှင်းစွာ ဖော်ပြ နိုင်သည့် အရဗီဘာသာစာပေနဲ့ ချပေးထားခြင်းဖြစ်တယ် ဆိုတာကို ကုရ်အာန် ဆူရာဟ် ၁၂ အာယသ် ၂ မှာ ယခု လိုဖော်ပြထားပါတယ်။
`ဧကန်အမှန် ငါအရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်ကို ရိုးရှင်းပြီး ထိမိတိကျတဲ့ အရဗီဘာသာ စာပေဖြင့် ချပေးခြင်းမှာ အသိဥာဏ်ဆင်ခြင်တုံတရားကို အသုံးချသူတို့နားလည်နိုင်ရန်ဖြစ်သည်။´
အဲဒီလို အဓိပ္ပါယ်ကို လွယ်လင့်တကူ နားလည်မှလည်း လေးနက်စွာသုတေသနပြု ဆင်ခြင်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အကျယ်ဖွင့်ဆိုချက်တွေဟာ ခေတ်တိုင်းစနစ်တိုင်းမှာ မည်သည့်ပညာ ရှင်၊ သုတေသီမှဖွင့်ဆိုလို့ ကုန်ဆုံးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါဘာကြောင့်လဲဆိုတော့ ကျမ်းတော်မြတ်ကုရ်အာန်ဟာ ခေတ်တိုင်း၊ စနစ်တိုင်းအတွက် ထာဝရအမှန်တရား Absolute Truth ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ယုံကြည်သူ မုအ်မင်န်မွတ်ဆလင်မ်တွေအနေနဲ့ ကုရ်အာန်ကို စေ့ငှသေချာစွာ လေ့လာဆင်ခြင် သုတေသနပြုကြရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ မှားယွင်းတဲ့ မိရိုးဖလာအစွဲတွေနဲ့ မိမိတို့ရဲ့နှလုံးသား အသိဥာဏ်တွေကို သော့ခလောက်တွေ အထပ်ထပ်ခတ်မထားကြပါနဲ့လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ ကုရ်အာန်ကို ဖတ်ပါ၊ မှတ်ပါ၊ လေးလေးနက်နက် သုတေသနပြုဆင်ခြင်သုံးသပ်ကြပါ။ လူသားရဲ့ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် အစာအာဟာရ တွေမှဝဲရသလိုမျိုးပဲ၊ နာမ်ပိုင်းဆိုင်ဖြစ်တဲ့ စိတ်နှလုံးအသိဥာဏ်အတွက်လည်း ကုရ်အာန်အသိပညာဟာ မရှိမဖြစ် လိုအပ်တဲ့အစာအာဟာရဖြစ်ပါတယ်။
စစ်မှန်တဲ့ အသိတရားတွေ၊ အမှန်တရားလမ်းညွှန်ချက်တွေဟာ အလ္လာဟ်အရှင်မြတ်ထံကနေပြီး အန္တိမ နောက်ဆုံးတမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကိုယ်တော်မြတ်ထံ ထုတ်ပြန်ပို့ချခြင်းခံရတဲ့(၀ဟီ) လမ်းညွှန်ချက် မြတ် ကုရ်အာန်တစ်အုပ်တည်းသာလျှင် ဖြစ်ပါတယ်။ နောက်ထပ်လာစရာ ရစူလ်လည်းမရှိတော့ပါဘူး။ ရရှိစရာ ၀ဟီလမ်းညွှန်ချက် အသိတရားလည်း မရှိတော့ပါဘူး။
“ လိုက်နာ ”
ကျွန်တော်တို့မွတ်ဆလင်မ်တိုင်း ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးနဲ့ လေးလေးနက်နက် အကြွင်းမဲ့၊ သံသယ မရှိလက်ခံ ယုံကြည်ထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အသိပညာ၊ အသိတရား၊ လမ်းညွှန်ချက်တွေကို ရှာဖွေ ဖော်ထုတ်၊ လေ့လာဆည်းပူးပြီး ယခုလက်ရှိ အချိန်ကနေစပြီး နောင်လာမဲ့အသက်ရှင် ရပ်တည်နေရတဲ့ သက်တမ်း ကာလမှာ မိမိတို့ရဲ့ဘ၀ကို ကုရ်အာန်နဲ့အညီ တည်ဆောက်ဖို့တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တမန်တော် မြတ်ကြီး ကိုယ်တော်တိုင်ကိုပင်လျှင် ကုရ်အာန်နှင့်အညီ မိမိဘ၀ကိုတည်ဆောက်ပြသရန် အလ္လာဟ်အရှင်မြတ်က လမ်းညွန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ ၁၀ အာယသ် ၁၁၉ မှာ
`အသင်(တမန်တော်)သည် အသင့်ထံသို့ ၀ဟီလမ်းညွှန်ချက်အဖြစ် ထုတ်ပြန်ပို့ချခြင်းခံရသောအရာ (ကျမ်းတော်မြတ်ကုရ်အာန်)ကိုသာ လိုက်နာကျင့်သုံးပါလေ။´
ယုံကြည်သူမုအ်မင်န် မွတ်ဆလင်မ်များအနေနှင့်လည်း အခြား အခြားသော လူလုပ်တရားများနှင့် အယူဝါဒ ကျင့်စဉ်ကျင့်ရပ်များကို လိုက်နာခြင်းမပြုပဲ ကုရ်အာန်နှင့်အညီ မိမိတို့ရဲ့ဘ၀ကို တည်ဆောက်ကြရန် ဆူရာဟ် ၇ အာယသ် ၃ မှာ ယခုလိုလမ်းညွှန်ထားပါတယ်။ `အသင်တို့အား ပြုစုပျိုးထောင်ရှင်ထံမှ အသင်(မုအ်မင်န် မွတ်ဆ လင်မ်)တို့ထံသို့ ထုတ်ပြန်ပို့ချခြင်းခံရသောအရာ (ကုရ်အာန်)ကိုသာ လိုက်နာကြကုန်။ ယင်း (ကုရ်အာန်)မှတစ်ပါး အခြားအရာများကို လိုက်နာကျင့်သုံးခြင်းမပြုကြနှင့်။´
မုအ်မင်န် မွတ်ဆလင်မ်တစ်ယောက်အနေနှင့် မိမိနှင့် မိမိတို့ရဲ့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်အတိုင်း နာခံစီရင်ဆုံးဖြတ် လိုက်နာကျင့်သုံးပုံဖော် အသက်သွင်းရမှာဖြစ်ပါ တယ်။ အဲဒီလိုမဟုတ်ဘဲ မိမိတို့ရဲ့ ဆန္ဒအလျောက်မှားယွင်းတဲ့ အယူဝါဒလမ်းကြောင်းတွေပေါ်မှာ ရှင်သန်ရပ်တည် ကြမည်ဆိုရင်တော့ မှန်ကန်တဲ့လမ်းစဉ်ပေါ်ကို ဘယ်တော့မှ ရောက်ရှိလာမှာမဟုတ်ပါဘူး။ ကျမ်းတော်မြတ်ကုရ် အာန်ကို အကြွင်းမဲ့ သံသယမဲ့ လက်ခံယုံကြည်ပြီး လိုက်နာနာကျင့်သုံးသူတွေကို အလ္လာဟ်အရှင်မြတ်က မုအ်မင်န် မွတ်ဆလင်မ်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ မိမိတို့ရဲ့ မနာလိုမုန်းတီးမှုတွေ၊ မတရားမှုတွေ ကြောင့် အချင်းချင်းအုပ်စုတွေကွဲ၊ ဂိုဏ်းဂနတွေ အမျိုးမျိုးကွဲပြားနေတာ ဖြစ်ပါတယ်။
တစ်ချိန်က မွတ်ဆလင်မ်တွေဟာ အရှိန်အ၀ါကြီးမားခဲ့ပေမယ့် ယခုမျက်မှောက် ကမ္ဘာမှာအရှိန်အ၀ါတွေ မှေးမှန်လာတာ ဘာကြောင့်လဲ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အသိပညာတွေကို မွတ်ဆလင်မ်တိုင်း သိရှိခွင့်မရရှိ တော့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ မွတ်ဆလင်မ် စာသင်ကျောင်းတွေမှာ အရဗီစာပေနှင့် ကုရ်အာန်ကို နားလည် အောင် သင်ကြားခွင့်မရရှိခဲ့ကြပဲ ဖတ်ရုံနှင့်ကုရ်အာန်ကို နားလည်အောင် သင်ကြားခွင့်မရရှိခဲ့ကြပဲ ဖတ်ရုံသက်သက် သာ ဆည်းပူးသင်ယူနေကြရရှာပါတယ်။ ကုရ်အာန်ကို နားမလည်တဲ့အတွက်လည်း ကုရ်အာန်ပြင်ပမှ လူတွေ ထင်မြင်ယူဆသတ်မှတ်ထားတဲ့ အမှန်တရားဆိုတဲ့ အဆိုအမိန့်တွေ လူလုပ်တရားတွေကိုသာ စစ်မှန်တဲ့အမှန် တရား ဆိုပြီး လက်ခံနေကြရပါတယ်။
အဲဒီအဆိုအမိန့်တွေ၊ လူလုပ်တရားတွေကြောင့် လောကကြီးကို အပျက်ပြင်၊ စွန့်လွှတ်ကာ သူတပါးရဲ့ အဆိုအမိန့်နှင့်လူလုပ်တရားတွေဟာ မိမိတို့အပေါ်လွှမ်းမိုးဖိနှိပ်ချုပ်ချက်ခံရပြီးတော့ ကုရ်အာန်ကို နားလည်အောင် သင်ကြားခြင်းအဆင့်ကို မရောက်ဘဲ အဟန့်အတားတစ်ခုဖြစ်ခဲ့ရပါတယ်။ ကုရ်အာန်ဟာ အာလင်မ်ပညာရှင်တွေ နဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့ လွဲမှားတဲ့အသိတွေ၊ အတွေးအခေါ်တွေကို မိမိတို့ရဲ့ အသိဥာဏ်နှင့် နှလုံးသားထဲမှ ထုတ်ပစ်သင့်ပါပြီ။ ကုရ်အာန်ကို နားလည်ဖို့အတွက် အရဗီဘာသာစာပေကို နားလည်အောင်သင်ကြားတဲ့ စနစ်ကို မွတ်ဆလင်မ်တွေရဲ့ စာသင်ကျောင်းတိုင်းမှာ ထားသင့်ပါပြီ။ ဥပမာ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က ဖွင့်လှစ်သင်ကြားနေသော ပညာရေးစနစ်အတိုင်း သင်ကြားသင့်ပြီလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။
“ ဖြန့်ချိ ”
မွတ်ဆလင်မ်တိုင်း ကုရ်အာန်ကို သိရှိနားလည်မှသာ အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချထားတဲ့ ၀ဟီလမ်း ညွှန်ချက်တွေကို မိမိနှင့်တကွ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကို လိုက်နာကျင့်သုံးရန် ရှင်းလင်းတင်ပြဖြန့်ချိနိုင်မှာ ဖြစ်ပါတယ်။ ကုရ်အာန်ကို ထုတ်ပြန်ပို့ချထားခြင်းဟာ ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးဘ၀တည်ဆောက်သူများ အတွက် မင်္ဂလာသတင်းကောင်းဖြစ်ပြီး ကုရ်အာန်ကို လိုက်နာကျင့်သုံးခြင်း မရှိသူတွေကို သတိပေးနှိုးဆော်ရန် ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကြီးကို ယခုလိုလမ်းညွှန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ် ၅ အာယသ် ၆၇ မှာ
`အသင်သည် အသင့်ကို မရှိရာမှ ရှိရာသို့ အဆင့်ဆင့်ပြုစုပျိုးထောင်ပေးကမ်း လမ်းညွှန်တော်မူသော အရှင်မြတ်ထံမှ အသင့်ထံသို့ ထုတ်ပြန်ပို့ချသောအရာ (ကုရ်အာန်)ကို ဖြန့်ချိပါလေ။´ အဲဒီလို ရှင်းလင်းတင်ပြဖြန့်ချိ ရာမှာလည်း ဖြန့်ချိရုံနဲ့မပြီးသေးပါဘူး။ မိမိရှင်းလင်းတင်ပြမည့် ပုဂ္ဂိုလ်ဟာ မိမိရှင်းလင်းတင်ပြမှုအပေါ်မှာ ခံယူနိုင် စွမ်း၊ သိရှိနိုင်စွမ်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းစတဲ့ ရှင်းလင်းတင်ပြမဲ့ ပုဂ္ဂိုလ်ရဲ့(I.Q) နျင့် အတွေ့အကြုံတွေကိုလိုက်ပြီး နားလည်အောင်ရှင်းလင်းတင်ပြဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုရ်အာန် ဆူရာဟ် ၁၆ အာယသ် ၄၄ မှာ ယခုလို လမ်းညွှန်ထားပါတယ်။
`ထို့အပြင် ငါအရှင်မြတ်သည် အသင်(တမန်တော်)ထံသို့ ကျမ်းတော်မြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော် မူခဲ့၏။ အသင်သည် လူတို့အား ၎င်းတို့ထံထုတ်ပြန်ပို့ချခြင်းခံရသော ပြဌာန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြသရန် အတွက်ဖြစ်၏။ ၎င်းအပြင် ၎င်းတို့စဉ်းစားဆင်ခြင်နိုင်ကြစေရန် အလို့ငှါဖြစ်ပေသည်။´
အဲဒီလို သေသေချာချာ ဂဃဏန ရှင်းလင်းတင်ပြဖြန့်ချိဖို့ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အပါ အ၀င် မွတ်ဆလင်မ်တို့အပေါ်မှာ တာဝန်တစ်ရပ်အဖြစ် ချမှတ်ပြဌာန်းထားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ကျမ်းတော်မြတ်ကုရ်အာန်ကို သိရှိနားလည်အောင်လည်း မကြိုးစား၊ လိုက်နာကျင့်သုံးခြင်းလည်း မရှိ၊ တဆင့်ဖြန့်ချိ ပို့ချခြင်းလည်းမရှိသူတွေဟာ ကျမ်းစာအုပ်တွေ သယ်ဆောင်ထားတဲ့ မြည်းသတ္တ၀ါတွေနဲ့ တူတယ်လို့ ဥပမာပေး ဖော်ပြထားပါတယ်။ ကုရ်အာန်မတိုင်မီက တာဝန်မကျေပွန်ခဲ့ကြတဲ့ ရှေးကျမ်းရပုဂ္ဂိုလ်တွေဟာ ကျမ်းစာအုပ်တွေ သယ်ဆောင်ထားတဲ့ မြည်းသတ္တ၀ါတွေလို ဆင်ခြင်တုံတရား အသိဥာဏ်ကိုလည်း အသုံးမချခဲ့တဲ့အတွက် မိမိသယ် ဆောင်ထားသော အရာဟာ ၀န်ထုတ်ဝန်ပိုးကြီးဖြစ်ပြီး အဲဒီအရာနှင့်ပတ်သက်ပြီးတော့လည်း သူ့အတွက် မည်သည့် အကျိုးမှ ခံစားရခြင်းမရှိတဲ့အဖြစ်ကို ရောက်ရှိသွားခဲ့ကြပါတယ်။
အဲဒီလို အဖြစ်မျိုးကို ကျမ်းတော်မြတ်ကုရ်အာန်ကို လက်ခံထားတဲ့ မွတ်ဆလင်မ်တွေ မဖြစ်ရလေအောင် သတိပြုမိကြစေရန် အလ္လာဟ်အရှင်မြတ်က ဖော်ပြထားခြင်းဖြစ်ပါတယ်။ (၃း၁၈၇ ၊ ၂း၁၅၆၊ ၆၅း၂၁)
နိဂုံးချုပ်အနေနဲ့ တင်ြပချင်တာကတော့ အာယသ်အထောက်အထားများနှင့်တကွ အထက်မှာ ကျွန်တော် တင်ပြခဲ့တဲ့ ကျမ်းတော်မြတ်ကုရ်အာန်အပေါ် ထားရှိရမဲ့ မွတ်ဆလင်မ်တို့၏ သဘောထားနှင့် တာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ မွတ်ဆလင်မ်ဆိုသူတွေ သတိထားဖို့အတွက် တင်ပြချင်ပါတယ်။ ကုရ်အာန် ဆူရာဟ် ၂၅ အာယသ် ၃၀ မှာ အခုလိုဖော်ပြထားပါတယ်။
`ရစူလ်တမန်တော်က အလ္လာဟ်အရှင်မြတ်ထံသို့ လျှောက်ထားတော်မူမည်။ အို ကျွန်တော်မျိုးအား ပြုစုပျိုးထောင်တော်မူသော အရှင်မြတ် ကျွန်တော်မျိုး၏ လူတို့သည် အမှန်တကယ်ပင် ဤကျမ်းတော်မြတ် ကုရ်အာန်ကို အစွန့်လွှတ်ကြီး စွန့်လွှတ်ထားကြကုန်၏ဟု ဦးတိုက်လျှောက်ထား တိုင်ကြားတော်မူမည်။´
ဒါကြောင့် မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို အကြွင်းမဲ့ သံသယမဲ့ ယုံကြည်ရုံ၊ အကျိုးစ၀ါးဗ်ရဖို့အတွက် နှုတ်မှရွတ်ဆိုရုံသက်သက်နှင့် မပြီးသေးပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်ကို အဓိပ္ပါယ်နှင့် တကွ အကျယ်ပြန်ဆိုရှင်းလင်းချက်များကို သိရှိနားလည်သဘောပေါက်အောင် ဆည်းပူးလေ့လာသုတေသန ပြုဖို့ လည်းလိုပါတယ်။ အဲဒီအပြင် ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်ထားတဲ့ လူ့ဘ၀နေနည်းအတိုင်း မိမိတို့ အသက်ရှင်ရပ်တည်ရမဲ့ လူ့ဘ၀နေနည်းအတိုင်း မိမိတို့ အသက်ရှင်လှုပ်ရှားကြိုးပမ်းအားထုတ်ရင်းဖြင့် မိမိတို့ရဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကိုပါ ကုရ်အာန်ရဲ့ အသိပညာရပ်များကို သိရှိနားလည်သဘောပေါက် လိုက်နာကျင့်သုံးလာနိုင်အောင် ရှင်းလင်းတင်ပြဖြန့်ချိဖို့လည်း တာဝန်ရှိပါတယ်။ အဲဒီလို ကျမ်းတော်မြတ်ကုရ်အာန် ကို ယုံကြည်၊ လိုက်နာကျင့်သုံးသူ၊ ဖြန့်ချိသူများဟာ ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်တွင် ရှိတယ်ဆိုတဲ့ အကြောင်းကို ကုရ်အာန် ဆူရာဟ် ၄၃ အာယသ် ၄၃ မှာ ယခုလိုဖော်ပြထားပါတယ်။
`(အို- ရစူလ်) သင့်ထံသို့ `၀ဟီ´အဖြစ် ထုတ်ပြန်ပို့ချထားသော (ကုရ်အာန်)ကို အသင်စွဲမြဲစွာ ဆုပ်ကိုင် ထားသမျှ ကာလပတ်လုံး အသင်သည် အမှန်တကယ်ပင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်တွင်ရှိမည်။´ ဆိုတာကို တင်ပြရင်းနဲ့ ကျွန်တော့်ရဲ့ပထမ ခွတ္တဗာဟ်ကို ဒီမှာပဲရပ်နားပါတယ်။