တန်ဘိုးကြီးသူများ မုဖ်သီ ဦးသန်းအောင် (LL.B)
တန်ဘိုးကြီးသူများ
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို သောကြာခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ် အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်ဒီကနေ့ တင်ပြမဲ့ခေါင်းစဉ်ကတော့ `တန်ဘိုးကြီးသူများ´ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ဒီကနေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် `ကမ္ဘာ့ကုလသမဂ္ဂနေ့´ဖြစ်ပါတယ်။ ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ကြီးကနေ ကြီးမှူးပြီးတော့ အပြည်ပြည်ဆိုင်ရာ နေ့တွေကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း နေ့စဉ်ထုတ်သတင်းစာများအရသိပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသားတစ်ရပ်လုံးအတွက် စိန်ခေါ်မှုရဲ့ အကျိုး ဆက်ဟာ ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် လုံးဝမကောင်းပါဘူး။ တစ်နေ့တစ်ခြား ဆိုးကျိုးတွေသာ ပိုမို ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့ကို `အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးလျော့ပါးရေးနေ့´ဆိုပြီးတော့ `သက်ကြီးရွယ်အိုများနေ့´နဲ့ ပေါင်းစပ်ပြီးတော့ ကျင်းပခဲ့ပါတယ်။
နှစ်စဉ်အလေးထားဆောင်ရွက်မဲ့ ဦးတည်ချက်တွေကို ဆောင်ပုဒ်တွေ ချမှတ်ဆောင်ရွက်ခဲ့ရာမှာ-
၂၀၁၁ – ခုနှစ် ကလေးသူငယ်နှင့်လူငယ်များ
၂၀၁၂ – ခုနှစ် အမျိုးသမီးနှင့်မိန်းကလေးများ
၂၀၁၃ – ခုနှစ် မသန်စွမ်းသူများ
၂၀၁၄ ခုနှစ် အလှည့်ကျအုပ်စုက `သက်ကြီးရွယ်အိုများ´ ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ထူးထူးခြားခြား သက်ကြီး ရွယ်အိုတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဖော်ပြပါတယ်။ လာမယ့်နှစ် ၂၀၁၅ ခုနှစ်ဆိုရင် ၂၅ နှစ် မြောက် ငွေရတုတိုင်တဲ့ကာလကို ရောက်တော့မှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှူးပြီး `သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ကမ္ဘာ့ညီလာခံကြီး´ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
သဘာဝဘေးလျော့ပါးရေး အပါအ၀င်လုပ်ငန်းတော်တော်များများ ဆောင်ရွက်ကြရမှာ သက်ကြီးရွယ်အို တွေရဲ့ အတွေ့အကြုံနဲ့ အသိပညာ၊ ဗဟုသုတတို့ကို ရယူပြီးလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေရဲ့ အရေးပါအရာရောက်မှုကို ကျွန်တော်တို့လူ့အဖွဲ့အစည်းဝင်တွေက သတိမူမိကြဖို့ လိုအပ် မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အနီးကပ်ဆုံးပြောရရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်တွေထဲမှာ လူငယ်လူရွယ်တွေ တော်တော်များများ သက်ကြီးရွယ်အိုတွေ အသက်(၆၀)ပြည့်လို့ ပင်စင်ယူလိုက်ပြီဆိုတာနဲ့ အင်္ဂလိပ်လိုခေါ်တဲ့ စကားလုံး(Pensioner)(အငြိမ်းစား)ကနေ မြန်မာမှုပြုပြီး `ပင်စင်နာ´ဆိုပြီး ပို့လျက်ရှိနေကြပါတယ်။
တစ်ခါသူတို့မှာ နာယကဂုဏ် ၆ ပါးနဲ့ ပြည့်စုံပါလျက်နဲ့ နာယက ဂုဏ် ၆ပါးနဲ့အညီ မြှောက်စား ဂုဏ်ပြု ရမဲ့အစား၊ သူတို့ကို `နံရံကပ်´ထားလိုက်ရင် ကောင်းမယ်ဆိုပြီးတော့ နာယကတံဆိပ်လေးကပ်ပေးပြီး နံရံမှာကပ် တာတွေလည်း ရှိပါတယ်။ တစ်ခါ ဒီလောက်တောင် အိုလာပြီပဲ။ စဉ်းစားလို့ မရတော့တဲ့ အခြေအနေရောက်နေမှ တော့ `နေရာမပေးနဲ့´ပယ်ထားလိုက်ရင် ကောင်းမှာပဲဆိုပြီးတော့ အိုလာတဲ့လူတွေ ပယ်လိုပြီး `အိုပယ်´ စာရင်းသွင်းလာကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ဆရာကြီးနှစ်ပါးဖြစ်တဲ့ ဆရာကြီး အလ်ဟဂ်ျမုဖ်သီ ဦးသူရ(Pensioner- မြန်မာ့မီးရထား)နဲ့ ဆရာကြီး မုဖ်သီ ဦးမြတ်သူ(Pensioner – ဆေးတက္ကသိုလ်-၂)တို့ တစ်ယောက်နဲ့တစ်ယောက် ပြောတဲ့စကားလေးကို ကျွန်တော်မျှဝေချင်ပါတယ်။
ဆရာကြီး မုဖ်သီဦးမြတ်သူက ဒီမှာသင်တန်းပို့ချတဲ့အခါ သင်တန်းမှူးချုပ်အနေနဲ့ သူ့အကိုဆရာ ဦးသူရကို ကျောင်းအုပ်ကြီးဆိုပြီးတော့ ဂုဏ်ပြုပါတယ်။ နှစ်ယောက်စလုံးက(Pensioner)အငြိမ်းစားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဆရာ ဦးသူရက အမြဲတမ်းပြောလေ့ရှိတာက၊ `ငါက ကျောင်းအုပ်ကြီး မဟုတ်ဘူးကွ၊ ငါက ကြောင်အိုကြီး ပါ´ လို့ ပြန်ပြောလေ့ရှိတယ်။ ကျွန်တော်တို့ လူကြီးတွေကို လူငယ်တွေက `ကြောင်အိုကြီး´တွေ တနည်းအားဖြင့် `ကြောင်အိုရင် ကြွက်မကြောက်´ဆိုတဲ့နေရာကို ပို့တတ်ကြပါတယ်။ တကယ်ဆိုရင် ကမ္ဘာ့ လူဦးရေရဲ့ အရေအတွက်မှာ သက်ကြီးရွယ်အိုတွေရဲ့ အရေအတွက်ဟာ တရိပ်ရိပ် တိုးတက်လာနေပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ သက်ကြီးရွယ်အိုတွေရဲ့ သုံးသပ်လေ့လာမှု၊ ဥာဏ်အမြော်အမြင်ရှိမှု၊ အသိ ပညာကြွယ်ဝမှု၊ လုံ့လ၀ီရိယ ရှိမှု၊ အတွေ့အကြုံနှင့် လောကဒဏ်ကို ဖြတ်သန်းခဲ့ရမှုစတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို အပြည့်အ၀ အသုံးချပြီး ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်ရန် `သက်ကြီးရွယ်စုံ မြှင့်တင်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့´ဆိုပြီး နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့မှာ `အပြည်ပြည်ဆိုရာ သက်ကြီး ရွယ်အိုများနေ့´ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ် ကျင်းပလျက်ရှိပါတယ်။
လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုအရေအတွက်ဟာ ၁၀ နှစ်အောက် ကလေးသူငယ်ဦးရေထက် ပိုများလာတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၀%(၁.၄ ဘီလီယံ) သက်ကြီးရွယ် အိုဘ၀ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကိစ္စအ၀၀တွင် သက်ကြီးရွယ်အိုများ ပါဝင်ဆောင်ရွက်ကြ တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် ဒီစကားပြောရတာ၊ ဒီခေါင်းစဉ်ကို ရွေးရခြင်းထဲမှာ `အင်န်ရှာအလ္လာဟ်ဟု သအာလာ´ အလ္လာဟ်အရှင်မြတ်သာ ကျွန်တော့်ကို အသက်ထင်ရှားထားခဲ့ဦးမယ်ဆိုရင် ကျွန်တော် အသက်ယခု ၅၁နှစ်ဆိုတော့ ၂၀၃၀ ခုနှစ်ဆိုရင် ကျွန်တော်ဟာ ၆၀ ကျော် သက်ကြီးရွယ်အိုစာရင်းထဲမှာ ပါသွားတော့မှာ ဖြစ်ပါ တယ်။ အခုကတည်းက ကြိုတင်ပြီး တင်ြပထားခြင်းဖြစ် ပါတယ်။
ငယ်စဉ်က စာသင်ကျောင်းမှာ သင်ကြားခဲ့ရတာက `ခေါင်းတစ်ရာသားကိုစားပါ။ တစ်နေ့ပုဆိုး သုံးခါလဲပါ။ အိမ်နောက်ဘေးတွင် ဈေးဆိုင်တည်ပါ။ ဦးခေါင်းသုံးလုံးရှိသူကို ချဉ်းကပ်၊ ဆည်းကပ်ပါ။´ ဆိုပြီး သင်ရပါတယ်။ အဲ့ဒီခေါင်းသုံးလုံးရှိသူဆိုတာ သက်ကြီးရွယ်အိုတွေကို ဖော်ညွှန်းတယ်ဆိုတာ ကျွန်တော်တို့ သင်ယူခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အကြံဥာဏ်ကောင်းတွေ၊ ဆန္ဒသဘောထားတွေကို ကျွန်တော်တို့က ရယူပြီးတော့ တန်ဖိုး ကြီးမားလှတဲ့ ၎င်းတို့ရဲ့အတွေ့အကြုံတွေ၊ ဘ၀သက်တမ်းတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခအမျိုးမျိုး ကို ရင်ဆိုင်အန်တုကာ အခက်အခဲ၊ အကျပ်အတည်း၊ တရားမဲ့ပြုကျင့်မှု၊ အနိုင်ကျင့်စော်ကားမှု၊ ဒုက္ခဆင်းရဲမျိုးစုံကို ဖြတ်ကျော်ရင်ဆိုင်ခဲ့ကြတဲ့ အဖိုးတန်အတွေ့အကြုံတွေ သက်ကြီးရွယ်အိုတွေထံမှာ အများကြီးရှိကြပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အိုများမှာ အသိပညာ၊ အတွေ့အကြုံ၊ ဗဟုသုတနှင့်အမြင်၊ အရည်အသွေး၊ အရည်အချင်းစသည့် စွမ်းအားများရှိနေကြဆဲဖြစ်ကြောင်း ကျွန်တော်တို့အသိအမှတ်ပြုကြရပါမယ်။ အသက်အရွယ် ကြီးရင့်လာသည့်အခါ မျက်စိမှုန်၊ နားထိုင်း၊ ခါးကိုင်း၊ မှတ်ဥာဏ်ချို့ယွင်းမှုကြောင့် မေ့တတ်ခြင်း၊ ဒေါသဖြစ်လွယ် ခြင်း၊ စိတ်တိုတတ်လာခြင်းစတဲ့ အားနည်းချက်တွေ ရှိလာမှာဖြစ်ပါတယ်။ ဇရာထောင်းပြီး အရွယ်ကြီးရင့်လာတဲ့ အခါ ခေတ်ကာလအခြေအနေကွာခြားမှု၊ ၀င်ငွေရလမ်းနည်းပါးလာခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်တို့မှ အမှတ် မထင်ပစ်ပယ်ခံရမှု၊ အထီးကျန်ဖြစ်စေမှုစတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း သက်ကြီးရွယ်အိုတွေ တွေ့ကြုံခံစားလာ ကြပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးက သက်ကြီးရွယ်အိုများဘ၀စိုပြေ သာယာလှပရေးအတွက် အခြေခံမှု ငါးရပ် ချမှတ်ပေးထားပါတယ်။
(၁) အမှီအခိုကင်း၍ လွတ်လပ်ခွင့် အပြည့်အ၀ရရှိရေး။ (Independence)
(၂) ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး (Participation)
(၃) အပြန်အလှန် စောင့်ရှောက်မှုပြုရေး (Care)
(၄) မိမိကိုယ်တိုင် ဖြည့်စွမ်းနိုင်ရေး (Self-Fulfillment)
(၅) ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရရှိရေး (Dignity)
အထက်ပါမူများဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး တစ်ဦးတစ်ယောက်မကျန် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု ဆောင်ရွက်ကြရမှာ သက်ကြီးရွယ်အိုတို့အပေါ်မှာ ထားရှိအပ်သော သဘာဝသဘောထားများဘဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ဆည်းဆာချိန်ကိုရောက်လာချိန်မှာ ၎င်းတို့၏စားဝတ်နေရေး၊ ကျန်းမာရေးတို့အပြင် ထိုက်သင့်တဲ့ အလုပ်အကိုင်ဝင်ငွေရရှိရေး၊ ဘ၀တသက်တာ သင်ယူလေ့လာဆည်းပူးခွင့် ရရှိရေးနဲ့ အနှောင်အဖွဲ့ အမှီအခိုကင်းတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိရေးတွေ ရရှိခံစားကြရအောင် ကျန်တဲ့မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းဝင်တွေက လက်တွဲခေါ်ဆောင်ပေးခြင်းဖြင့် ပျော်ရွှင်တက်ကြွတဲ့ သက်ကြီးရွယ်အို ဘ၀ပိုင်ရှင်တွေ ဖြစ်အောင် ဖန်တီးပေးရမှာဖြစ်ပါတယ်။
နောက်တစ်ခါ သက်ကြီးရွယ်အိုတို့ဟာ မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူ့အဖွဲ့အစည်းဝင်တွေရဲ့ကောင်းကျိုးတွေ ကို ဆက်လက်သယ်ပိုး ထမ်းရွက်လိုတဲ့ ပရဟိတစိတ်ဓါတ်ပိုင်ရှင်များ ဖြစ်ကြပါတယ်။ မိမိတို့ရဲ့ ဘ၀အတွေ့အကြုံ ဗဟုသုတ၊ ပညာအရည်အသွေး၊ အမြင်စွမ်းရည်တွေကို အသုံးပြုလျက် လူ့အဖွဲ့အစည်းအတွက် အချိန်ပေးတာဝန် ယူကာ လူမှုရေး၊ သာရေးနာရေး၊ လှူဒါန်းကူညီမှုပြုရေးစတဲ့ ပရဟိတလုပ်ငန်းစဉ်တွေမှာ ပါဝင်ထမ်းဆောင်နိုင်ရေး အတွက် ၎င်းတို့နဲ့ထိုက်သင့်သည့်နေရာပေးကာ ဆောင်ရွက်စေခြင်းဖြင့် ၎င်းတို့ရဲ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေရန် အားပေးမြှင့်တင်ကြရမှာဖြစ်ပါတယ်။
ဒါကို ကျွန်တော်တို့ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်အနေနဲ့ အကောင် အထည်ဖော်လျက်ရှိ ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့(ဂေါပက)ကို ကြည့်ရင် အသက် ၉၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ နာယကကြီးအပါအ၀င် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲမှာ သက်ရွယ်အိုများနဲ့ လူလတ်ပိုင်းများ၊ လူငယ်များ အသက်အရွယ်စုံညီ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ ကုရ်အာန်အသိပညာပြန့်ပွားရေး အဖွဲ့၊ ဘိုင်သုလ်မာလ်ကော်မတီမှာလည်း အသက်အရွယ်စုံညီ ပူးပေါင်းပါဝင်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါ တယ်။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ တင်ပြရမယ်ဆိုရင် ကျွန်တော်တို့ဆုတောင်းပြည့်အစ္စလာမ်ဝတ် ကျောင်းတော် ဂေါပကဟောင်းများဖြစ်တဲ့ ရှေးလူကြီးများ သက်ကြီးရွယ်အိုများရဲ့ ဥာဏ်အမြော်အမြင်ကြီးမားစွာနဲ့ ၀ယ်ယူထားခဲ့တဲ့ အမှတ်(၄)၊ ၅၉ လမ်းနဲ့ လမ်း ၆၀မှာ ရှိခဲ့တဲ့ မြေကွက်တွေ ပြန်လည်ရရှိရေး တောင်း ဆိုနေခဲ့ရာမှာ အင်ရှာအလ္လာဟ် မကြာမီမြေနေရာ မဟုတ်ခဲ့ရင်တောင် တိုက်ဆောက်ပြီး တိုက်ခန်းတွေရရှိလာမှာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ယခုဒီမှာရှိနေတဲ့ ဆရာ ဦးကျော်ဇောတို့ ရဲ့ဖခင် ဦးတင်ငွေတို့်၊ ဦးအေးမောင်၊ ဦးစိန်လှအောင်တို့ အပါအ၀င် ကျွန်တော်တို့ရဲ့လက်ရှိ နာယကကြီး အလ်ဟဂ်ျ ဦးသန်းတင်၊ အလ်ဟဂ်ျ ဦးတင်မြိုင်(မရ်ဟွမ်)တို့ရဲ့ စွမ်းဆောင်မှုတွေနဲ့အတူ လက်ရှိလည်း ဦးကျော်ဇောတို့ ကျွန်တော်တို့ကနေ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် လာမယ့်နှစ်ပတ်ခန့်ကြာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အိုနာယကကြီးရဲ့ စွမ်းဆောင် မှုကြောင့် မရမ်းကုန်းမြို့နယ်(၅)ရပ်ကွက်မှာရှိတဲ့ မြေကွက်ကြီးတစ်ကွက်ရဲ့ သုံးပုံနှစ်ပုံကို အလှူရှင်သက်ကြီး ရွယ်အိုတစ်ဦးက ကျွန်တော်တို့ဂျမာအသ်သားများ အရှေ့မှာ(၀ကာဖ်) လှူဒါန်းဖို့ကိုလည်း စီစဉ်ထားပါတယ်။ ဒါတွေဟာ သက်ကြီး ရွယ်အိုများရဲ့ တန်ဘိုးကြီးမားသူများရဲ့ တန်ဘိုးတွေကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများဟာ ၎င်း၏မိသားစုနှင့် ဆွေမျိုးသားချင်းများ၊ မိတ်ဆွေရင်းချာများ၏ ပြုစုစောင့်ရှောက်မှု၊ ရိုသေလေးစားမှုတို့ကို ခံယူ ထိုက်သူများဖြစ်ပါတယ်။ မိသားစုဝင်များ၊ လူ့အဖွဲ့အစည်းဝင်များ အချင်းချင်း အပြန် အလှန် အကျိုးပြုကာ ရိုင်းပင်းကူညီစောင့်ရှောက်မှု ပြုပေးကြရမှာဖြစ်ပါတယ်။
ဒီနေရာမှာ တော်တော်အံ့သြစရာကောင်းတာက ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက် အာယသ် တော်တစ်ပိုဒ်ကို ကျွန်တော်သက်သေပြပါ့မယ်။ မွတ်ဆလင်မ် အယောက်၁၀၀မှာ ၈၀လောက် အလွတ်ရတဲ့ (ဆူရာဟ် ယာစင်န်) ဆူရာ(၃၆)၊ အာယသ်တော်(၆၈)မှာ ကျွန်တော်တို့ အလွတ်ရပြီး သေခါနီးလူတွေအတွက်၊ သေပြီးတဲ့လူတွေအတွက် အကြိမ်များစွာ ဖတ်နေကြပါတယ်။ တကယ်တော့ မသေသေးတဲ့ လူအတွက်ဒီအာယသ် ကိုအသုံးချသင့်တယ်လို့ ကျွန်တော်လေ့လာတွေ့ရှိရပါတယ်။
`စင်စစ်ငါအလ္လာဟ်အရှင်မြတ်သည် သက်ရွယ်ကြီးရင့် အိုမင်းစေတော်မူသောသူအား၊ ၎င်း၏ဖြစ်ထွန်းစေ တော်မူခြင်း၌ ပြောင်းပြန်ဖြစ်စေတော်မူလေသည်။ သို့ပါလျက် လူတွေဟာ သိနားလည်သဘောပေါက်ခြင်း မရှိကြ ဘူးလား။´ (၃၆း၆၈)
ဒီအာယသ်ကို ရှင်းတဲ့အခါမှာ အသက်အရွယ်ကြီးရင့်မှုဆီ မသွားခင်၊ မွေးကင်းစအရွယ်ဆီ သွားဖို့လိုအပ်ပါ မယ်။ ပထမဦးဆုံး အမိဝမ်းကကျွတ်တဲ့အခါမှာ ရင်ခွင်ပိုက်၊ အဲ့ဒီရင်ခွင်ပိုက် ကလေးလေးဟာ မိခင်နို့တစ်မျိုးပဲ သောက်ခွင့်ရပါတယ်။ အဲဒီရင်ခွင်ပိုက်ကလေး မမွေးခင်အချိန်မှာ မိခင်ရဲ့ဝမ်းကြာသိုက်ထဲမှာ နေနေတဲ့ အချိန် ကတည်းက(ခလ်က်)ဆိုတဲ့ အလ္လာဟ်အရှင်မြတ်၏ စီရင်ဖြစ်ထွန်းပေါ်ပေါက်စေမှုကို သူရရှိခံစားနေပါတယ်။ ပြီး တော့ အမိဝမ်းကကျွတ်ပြီး ရင်ခွင်ပိုက်အရွယ်မှာ မိခင်နို့ချိုတစ်မျိုးတည်းကို နို့တိုက်ရပါတယ်။ မိခင်ကနို့ချိုတစ်မျိုး တည်းကို တိုက်နေရင်းနဲ့ ၆ လကျော်တဲ့အခါမှာ အင်မတန်နူးညံ့တဲ့ အမှုန့်တစ်မျိုးမျိုးကို အဖတ်အဖြစ်ဆောင်ရွက်ပြီး ကျွေးမွေးရပါတယ်။ ဒီလိုကျွေးနေရင်းနဲ့ တစ်နှစ်လောက်ရှိတော့ ထမင်းနူးနူးပျော့ပျော့ကို သန့်စင်တဲ့အ၀တ်နဲ့ ပွတ် တိုက်ပြီးကျွေးပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ချီပိုး၊ မတ်တပ်စမ်း၊ လက်တွဲခေါ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင် လာပြီး အရွယ်ရောက်လာကြတဲ့ အနေအထားဖြစ်လာကြပါတယ်။
ပြောတတ်၊ ဆိုတတ်၊ မေးတတ်၊ ဖြေတတ်တဲ့အကျင့်တွေကို မိဘအသိုင်းအ၀ိုင်းနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူတတ်မြောက်ပြီး လူလားမြောက် အိမ်ထောင်ပြု သားသမီးမွေးတဲ့အရွယ် မိဘအနေအထားကို ရောက်လာ မှာဖြစ်ပါတယ်။ အဲဒီမိဘအရွယ်ရောက်နေတဲ့ သူရဲ့ မိဘကတော့အရွယ်လွန် ၆၀ ကျော်ဖြစ်လာပြီး အမြင်အာရုံ၊ အကြားအာရုံ လျော့ပါးပြီး မေ့တတ်၊ မမှတ်မိ၊ အသိဥာဏ်ချွတ်ယွင်းစပြုလာပြီး မွေးကာစ ကလေးဘ၀ကဲ့သို့ မူလ အစပြန်ရောက်သလိုဖြစ်လာကြပါတယ်။ အဲ့ဒီလိုအချိန်မှာ အဲ့ဒီအရွယ်လွန်မိဘ ဘိုးဘွားတွေကို၊ မိမိတို့ငယ်စဉ် အချိန်က လိုအပ်ချက်အ၀၀ကို အတတ်နိုင်ဆုံး မငြိုငြင်ပါဘဲ ပြုစုယုယစောင့်ရှောက်ခဲ့ခြင်းကိုမှ မထောက်ထား မညှာတာပါဘဲ မိမိတို့အလှည့်ကြခါမှ စိတ်ရင်းစေတနာ၊ ကျေးဇူးတရားခေါင်းပါးစွာနဲ့ ပြုမူဆက်ဆံလာတတ်ကြပါ တယ်။ သက်ကြီးရွယ်အိုဖြစ်လာတဲ့အခါ လူငယ်တွေကပြန်ပြီး လက်တွဲခေါ်၊ အဖော်ပြု၊ ချီပိုးပေးကြရပါတော့တယ်။ ထမင်းဟင်းစားနေရာက အပျော့စား၊ အဲဒီကမှ အာဟာရမှုန့်၊ နောက်တော့ အရည်(ရေ)ဘဲသောက်လို့၊ တိုက်လို့ ရတော့တဲ့အရွယ်ပြန်ဖြစ်သွားပါတော့တယ်။
မိမိတို့ရင်ခွင်ပိုက်အရွယ်မှာ ကျင်ကြီး၊ ကျင်ငယ်စွန့်လွှတ်မှုပုံစံမျိုး သက်ကြီးရွယ်အိုများလည်း တဖြည်းဖြည်း ရင်ခွင်ပိုက်အရွယ်မှာကဲ့သို့ စွန့်လွှတ်မှုဖြစ်လာတတ်ကြပါတယ်။ ဒီအခါမှာ လူငယ်လူရွယ်တွေအနေနဲ့ `ငါလည်း ငယ်ငယ်က ဒါမျိုးပါလား´ဆိုတဲ့ ကိုယ်ချင်းစာနာတတ်ဖို့လိုပါတယ်။ လူဟာမွေးကာစ ဘာမှမသိသလို၊ အရွယ်လွန် ပြီး အိုမင်းမစွမ်းဖြစ်လာချိန်မှာလည်း တဖြည်းဖြည်းဘာမှ မသိဘူးဖြစ်လာကြောင်းကို ပြောင်းပြန်ဖြစ်စေတော်မူ သည်လို့ ကုရ်အာန် ဆူရာဟ်(၃၆း၆၈)က ရည်ညွှန်းခြင်းပဲဖြစ်ပါတယ်။
နောက်တစ်ခါ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၆)၊ အာယသ်(၇၀)မှာ-
`ထိုအရှင်မြတ်သည်ပင်လျှင် အသင်လူသားတို့ကို ဖြစ်ထွန်းပေါ်ပေါက်စေတော်မူသည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်လူသားတို့ကို သေဆုံးစေတော်မူလျက်ရှိသည်။ ထို့အပြင် အသင်လူသားတို့တွင် အညံ့ဆုံးအသက်အရွယ် ဇရာ(အိုမင်းမစွမ်း၊ သက်ကြီးရွယ်အို)သို့ ပြန်ရောက်စေခြင်းကို ခံရသူများလည်းရှိလေ သည်။ နောက်ဆုံးတွင် အဲဒီသက်ကြီးရွယ်အိုများသည် အလုံးစုံသိပြီးနောက်(သတိပညာ ချို့ယွင်းသွားသော ကြောင့်) မည်သည့်တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်း မရှိတော့ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ သည်။´(၁၆း၇၀)
ဒီလိုပဲ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၃၀း၅၄)မှာလည်း အခုလိုဖော်ပြထားတာတွေ့ရပါတယ်။
`အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အားနည်းရာကလေးသူငယ်အဖြစ် ဖြစ်ထွန်းစေတော်မူ၏။ ထို့ နောက်လူငယ်အရွယ်ရောက် လူကြီး(ခွန်အား)ကို ပေးတော်မူ၏။ ပြီးနောက် အသက်အရွယ်ကြီးရင့်လာပြီး အားနည်းရာ(အိုမင်းမစွမ်း၊ ဘာမှမသိ၊ မမှတ်မိ၊ အသိဥာဏ်ချို့ယွင်းလာ)သက်ကြီးရွယ်အိုများ အဖြစ်သို့ ရောက်စေ တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသော စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။´(၃၀း၅၄)
အလ္လာဟ်အရှင်မြတ်က လူကို မွေးကာစ၊ ဘာမှမသိတဲ့အရွယ်ကနေ တဖြည်းဖြည်း လူငယ်၊ လူရွယ်၊ အရွယ်ရောက်လူကြီးဖြစ်၊ တဖြည်းဖြည်းအရွယ်လွန် သက်ကြီးရွယ်အိုဖြစ်ပြီးနောက်၊ အိုမင်းမစွမ်းဖြစ်လာတဲ့အခါ အမြင်အာရုံ၊ အကြားအာရုံ၊ ခံစားမှုအာရုံ လျော့ပါးလာပြီး မေ့လျော့တတ်လာပြီး မွေးကာစဘာမှမသိတဲ့ အနေ အထားဆီကို ရောက်သွားပါတယ်။ ဒါကိုလည်း ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၆း၇၈)မှာလည်း ဖော်ပြထားပါသေး တယ်။
`အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့သည် တစ်စုံတစ်ရာကိုမျှ မသိကြသေးပေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အနေဖြင့် အရှင်၏ကျေးဇူးတော်များကို သိစွမ်းနိုင်စေရန် ကြားနိုင်စွမ်း၊ မြင်နိုင်စွမ်း၊ စိတ်နှလုံးကိုလည်း ထည့်သွင်းပေးတော်မူ ခဲ့လေသည်။´(၁၆း၇၈)
လူဟာမွေးကာစ ကလေးဘ၀မှာ အကြားအာရုံကစပြီး အလုပ်လုပ်ပါတယ်။ ကုရ်အာန်က နှစ်ပေါင်း ၁၄၀၀ အရင်က ဖွင့်ဆိုခဲ့တာပါ။ သိပ္ပံပညာက မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့တာပါ။ နောက်ဆုံးအရွယ်လွန် အိုမင်း မစွမ်းဖြစ်တော့လည်း အကြားအာရုံတစ်ခုပဲ အလုပ်လုပ်ပါတယ်။ ဒါကြောင့်များ နောက်ဆုံးထွက်သက်ရောက်ခါနီးမှ ကျမ်းစာတွေကို လူတွေရွတ်ဖတ်ပြနေတာလားလို့တောင် ကျွန်တော်တွေးမိပါတယ်။
အထက်ကပြောခဲ့တဲ့ သက်ကြီးရွယ်အိုများရဲ့ တန်ဘိုးနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၈) အာယသ်တော်(၂၃)မှာ မူဆာ(အ)ရဲ့ဖြစ်ရပ်ကို ဖော်ပြရာမှာ- ` မူဆာ(အ)သည် မဒ်ယါန်မြို့ရဲ့ ရေတွင်း၊ ရေကန်ကို ရောက်တဲ့အခါ ထိုရေတွင်းရေကန်အနီးမှာ ဒေသခံလူတစ်စုသည် မွေးမြူထားသော တိရစ္ဆာန်များကို ရေတိုက်နေ ကြသည်ကို တွေ့ခဲ့လေသည်။ ဒါ့အပြင် ၎င်းတို့နှင့်သီးခြားအမျိုးသမီးနှစ်ဦးကိုလည်း သူတို့ရဲ့တိရစ္ဆာန်တွေကို တား ဆီးထိန်းကျောင်းလျက်ရှိသည်ကို တွေ့မြင်လေသည်။ ထို့ကြောင့် မူစာ(အ)က အသင်မတို့နှစ်ဦး၏အဖြစ်ဟာ ဘာလဲလို့မေးတဲ့အခါ သူမတို့နှစ်ဦးက(အဲဒီ သိုးထိန်းတွေ သူတို့တိရစ္ဆာန်တွေကို ပြန်မထုတ်သွားသရွေ့ ကျွန်မတို့ တိရစ္ဆာန်တွေကို ရေတိုက်ကျွေးမှု မပြုနိုင်ပါဘူး။ ကျွန်မတို့ရဲ့ ဖခင်ဟာလည်း သက်ကြီးရွယ်အို ဖြစ်ပါတယ်။´ လို့ ပြောခဲ့ပါတယ်။
ဒီနေရာမှာ ဒေသခံလူတစ်စုဟာ အမျိုးသမီးလည်းဖြစ်၊ ဖခင်သက်ကြီးရွယ်အိုလည်းဖြစ်တော့ ဒီကနေ့ IS အဖွဲ့လိုပေါ့။ အလ္လာဟ့်အမိန့်ဖီဆန်တဲ့ ဖိရ်အောင်န်ရဲ့မူကို အပြည့်အ၀ အသုံးချနေတာ IS တွေပါ။ ဘာလို့လဲ ဆိုတော့ ဖိရ်အောင်န်က သူ့ခေတ်မှာ ယောက်ကျားတွေကိုသတ်၊ မိန်းမနဲ့ကလေးတွေပဲ အရှင်ထား အခုISကလည်း ယောက်ကျားတွေကို သတ် မိန်းမနဲ့ကလေးတွေကို ငါတို့အတွက်ထား၊ ဒီအတိုင်းပဲ။ ဒါဟာ အစ္စလာမ့်တရား တော်နှင့် ဆန့်ကျင်ဘက်ဖြစ်နေတာ အထင်အရှားပါ။ ဒီနေရာမှာ မူစာ(အ)က ဒေသခံမတရားပြုသူ ယောက်ကျား သားများကို ဖယ်ရှားပြီး အမျိုးသမီးနှစ်ယောက်ရဲ့ တိရစ္ဆာန်တွေကို ရေတိုက်ပေးလိုက်ပါတယ်။ အမျိုးသမီးနှစ် ယောက်က အိမ်ပြန်သွားပြီးမှ မူစာ(အ)ထံ ပြန်လာပါတယ်။ ဒါကို ကုရ်အာန်(၂၈း၂၅-၂၆-၂၇-၂၈)မှာ ဖော်ပြထား ချက်က-
`ထိုအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်သည် မူစာ(အ)ထံသို့ အိနြေ္ဒသိက္ခာရှိစွာရောက်လာပြီး (အသင်သည် ကျွန်ုပ်တို့အား ငဲ့ညှာ၍(ကျွန်ုပ်တို့၏ တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင့်အား ပြန်ဆပ်နိုင်ရေးအတွက် ကျွန်ုပ်တို့၏ ဖခင်ကြီးသည် အသင့် အားဖိတ်ခေါ်နေပါသည်။)ဟုပြောဆိုလေ၏။´ ထို့နောက် မူစာ(အ)သည် အမျိုးသမီးနှစ်ယောက်၏ ဖခင်ထံရောက် သောအခါဖြစ်ကြောင်း ကုန်စင်ရှင်းပြသောအခါ ထိုဖခင်ကြီးက `အသင်မစိုးရိမ်ပါနှင့်၊ အသင်သည် မတရားသော သူတို့၏ရန်မှ လွတ်မြောက်ခဲ့လေပြီဟု ပြောဆိုလေသည်။´(၂၈း၂၅)
ဒီအာယသ်အရ အရွယ်လွန် သက်ကြီးရွယ်အိုဖခင်နဲ့ အရွယ်ကောင်းသမီးများနဲ့ မိသားစုနွေးထွေးတဲ့ ဆက်ဆံရေးတစ်ရပ်ကို တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသမီးဟာ သူ့အဖေအရွယ်လွန် ဘိုးတော်ကြီးကို နေရာထား ဆက်ဆံတာကို တွေ့ရပါမယ်။
`ထိုအမျိုးသမီးနှစ်ယောက်အနက် တစ်ဦးက(အို- ဖခင်၊ ဖခင်သည် သူ့အား(သူရင်းငှား)အဖြစ် ငှားထားပါ။ သူရင်းငှားအဖြစ် တာဝန်ပေးသူသည် ကာယစွမ်းရည် ပြည့်ဝသူ၊ ယုံကြည်စိတ်ချရအပ်သူသည် အကောင်းဆုံးဖြစ် ပါသည်။´ဟုပြောဆိုခဲ့သည်။ (၂၈း၂၆)
ဒီအာယသ်ကို ကြည့်ခြင်းဖြင့် သမီးဖြစ်သူကဖခင်ကြီးကို အကောင်းဆုံး၊ အသင့်တော်ဆုံး အကြံဥာဏ်ကို ပေးတာတွေ့ရပါမယ်။ အလွန်ကောင်းတဲ့ မိသားစုဆက်ဆံရေးကို တွေ့ရပါတယ်။
`ထို(ဖခင်)က ဧကန်အမှန်ပင် ကျွန်ုပ်သည် အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့် အသင်သည် ကျွန်ုပ်ထံရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြားလက်ထပ်ပေးရန် ရည်စူးသည်။ အကယ်၍ အသင်သည်(၁၀)နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ(ကျေးဇူးပြုခြင်း)ပင်ဖြစ်သည်။ ကျွန်ုပ် သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် မလိုလားပါ။ အလ္လာဟ်အလိုတော်ရှိခဲ့ပါက ကျွန်ုပ်သည် သူမွန်သူမြတ် တစ်ဦးဖြစ်ကြောင်း အသင်များမကြာမီ တွေ့မြင်ပါလိမ့်မည်။´(၂၈း၂၇)
ဒီအာယသ်အရ သားသမီးရဲ့အိမ်ထောင်ရေး ရွေးချယ်မှုအခွင့်အရေး၊ မိဘနဲ့သားသမီး ဆက်ဆံရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်၊ ၀န်ထမ်းခန့်အပ်မှု၊ လူကောင်းလူတော်ရွေးချယ်မှု၊ ပဋိဥာဉ်ပြုမှု၊ ကတိသစ္စာတည် ကြည်မှု၊ အခက်အခဲအကျပ်အတည်း၊ အနှောင်အဖွဲ့များဖြင့် အလုပ်သမားအပေါ် ချည်နှောင်ခြင်းကင်းမဲ့မှု စတဲ့ ကိစ္စရပ်တွေနဲ့ သက်ကြီးရွယ်အိုရဲ့ စွမ်းရည်၊ ဥာဏ်အမြော်အမြင်၊ လူငယ်တွေရဲ့ သက်ကြီးရွယ်အိုများကို နေရာပေး ဂုဏ်ပြုမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။
`ထိုအခါမူစာ(အ)က (ဤစည်းကမ်းချက်များ အတည်ဖြစ်ခဲ့လေပြီ။ ကန့်သတ်ကာလနှစ်ခုအနက် မည်သည့်ကာလကိုမဆို ပြည့်စုံအောင် ကျွန်ုပ်ဆောင်ရွက်ခဲ့ပြီးပါက ကျွန်ုပ်အပေါ်၌ မည်သို့မျှအဓမ္မပြုရန် အကြောင်းမရှိ။ ဤကိစ္စနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် သက်သေဖြစ်တော်မူသည်။´ (၂၈း၂၈)
ဒီအာယသ်တော်အရ ပဋိဥာဉ်ပြုခြင်းနှင့်လေးစားလိုက်နာခြင်း၊ သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်ရှိနေ ကြောင်းနှင့် မည်သို့သော ကတိသစ္စာ၊ ပဋိဥာဉ်များ မပြုသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်၊ မြင်တော်၊ ကြားတော်မူသော အရှင်ဖြစ်ကြောင်းကို တွေ့ရမှာဖြစ်ပါတယ်။ ထို့အပြင် သက်ကြီးရွယ်အိုတို့ အား ၎င်းတို့တွင် ကျန်ရှိနေသောစွမ်းရည်များကို ဖော်ထုတ်ပြသခွင့်ရရှိအောင် ဖန်တီးပေးရပါမည်။ လူ့အဖွဲ့အစည်း အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အပန်းဖြေရေး၊ ပရဟိတကိစ္စများ ဆောင်ရွက်ရေး၊ အနာ ဂါတ်ကာ အာခိရသ်အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှုများကို အသိအမှတ်ပြုပေးကြဖို့ လိုပါမည်။
မိမိနေအိမ်တွင် သက်ကြီးရွယ်အိုတစ်ဦး(သို့) အများရှိနေခြင်းသည် ထိုသူတို့အတွက် မင်္ဂလာတစ်ပါးပင် ဖြစ်သည်။ သက်ကြီးရွယ်အို(မိဘ)များကို ပြုစုစောင့်ရှောက်ရခြင်းပင်လျှင် ကုသိုလ်ထူးဖြစ်ပါသည်။ မိသားစု အကျိုး ကိုငယ်ရွယ်နုပျိုစဉ်က များစွာသယ်ပိုးထမ်းရွက်ခဲ့ပြီးနောက် သက်ကြီးရွယ်အိုဘ၀တွင် မိသားစုအကျိုးကိုများစွာ မသယ်ပိုင်းနိုင်တော့သည့်တိုင် အိမ်နှင့် လုပ်ငန်းခွင်တွင် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ကြပါသေးသည်။ ၎င်းတို့၏ လူငယ်များအပေါ် စိုးရိမ်စိတ်ဖြင့် ပြောဆိုပြုမူဆက်ဆံမှုများအပေါ် ခေတ်မမီသူများ၊ စပ်စုတတ်သူများ အရာရာ နေရာတကာ ၀င်ရောက်စွက်ဖက်တတ်သူများ၊ ဆရာလုပ်သူများဟု သဘောမထားဘဲ လိုက်လျောညီထွေ နေရာ ပေး ဆက်ဆံမှုပြုကြရပါမည်။ ၎င်းတို့၏ ကျန်ရှိနေသေးသော လူ့ဘ၀သက်တမ်းတစ်လျှောက်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှိုးနွမ်းမှုမရှိဘဲ လုံခြုံမှုနွေးထွေးစွာ ဂုဏ်သိက္ခာရှိရှိရပ်တည်နေထိုင်နိုင်သူများဖြစ်အောင် လူငယ် လူရွယ်မျိုးဆက်သစ်များက တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။