ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်ခြင်း (Religious Harmony)
ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်ခြင်း
(Religious Harmony)
၂၃.၈.၂၀၁၉
ဒီကနေ့ (၂ဝ၁၉)ခုနှစ်၊ သြဂုတ်လ၊ (၂၃) ရက်မှာကျရောက်တဲ့ ယောဝ်မွလ် ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုလုပ်ရန်ကြွရောက်လာကြသူ မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား…..
အတ်ဆလာမ်းမုအလိုင်းကွမ်း
ဒီကနေ့ ကျနော်တင်ပြဖို့ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့‘ဘာသာရေးဆိုင်ရာသဟဇာတဖြစ်ခြင်း’
(Religious Harmony) ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။
ဒီခေါင်းစဉ်ကို ကျနော်တင်ပြဖို့ရည်ရွယ်တာကတော့ ယနေ့ကျနော်တို့ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံတော်ကြီးဟာ ဒီမိုကရေစီလမ်းကြောင်းဖက်ကို ပြည်သူတို့ရဲ့ဆန္ဒနှင့်အညီ ဦးတည် လျှောက်လှမ်းဖို့ပြင်ဆင်လျှက်ရှိပါတယ်။ ဒီလိုပြင်ဆင်လျှောက်လှမ်းရာမှာ အဆင်ပြေမှုတွေရှိသလို အဆင်မပြေမှုတွေကလည်း အများအပြားရှိနေတာကို တွေ့ရပါတယ်။ ဘာတွေအဆင်မပြေ ဖြစ်နေတာကိုလည်း ပြည်သူအားလုံးကသိနေပါတယ်။ ဒီလိုအဆင်မပြေမှုတွေကို ကုစားရာမှာ ဒီမိုကရေစီအကူးအပြောင်းကာလမှာ လူတွေရဲ့ပယောဂကြောင့်ဖြစ်ပေါ်လာရတဲ့ ဘာသာရေး ဆိုင်ရာပဋိပက္ခတွေ၊ ဘာသာရေးအကြမ်းဖက်မှုတွေဟာလည်း ကုစားဖြေရှင်းရမဲ့ပြဿနာတစ်ရပ်၊ အကြောင်းအရာတစ်ရပ် ဖြစ်နေရပါတယ်။ အထူးသဖြင့် ဘာသာတရားကို အလေးအနက် ထားကြတဲ့ ကျနော်တို့လိုမြန်မာနိုင်ငံမျိုးမှာ နိုင်ငံရေးကစားကွက်ဖေါ်ဖို့အရေးမှာ ဘာသာရေးကို ခုတုံးလုပ် အသုံးချတာကလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်လို့ ပြောရမလို ဖြစ်နေပါတယ်။
ဒါကြောင့် ကျနော်တို့မြန်မာနိုင်ငံကြီး ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းမှာတည်ရှိနေတဲ့ ဘာသာတရားတွေအကြားမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လေးစားရေး၊ အပြန်အလှန်အသိအမှတ်ပြုနိုင်ရေး၊ သဟဇာတ ဖြစ်နိုင်ရေးအတွက် ကျနော်သည် အစ္စလာမ်ဘာသာဝင်နိုင်ငံသားတစ်ဦးဖြစ်သည်နှင့်အညီ အစ္စလာမ်ဘာသာတရားက‘ဘာသာရေးဆိုင်ရာသဟဇာတဖြစ်ခြင်း’ (Religious Harmony) ဆိုတာကို ဘယ်လိုပြဌာန်းပေးထားသလဲဆိုတာနှင့်ပတ်သက်ပြီး တတ်နိုင်သမျှအကျဉ်းချုပ်တင်ပြဟောကြားပေးသွားမှာဖြစ်ပါတယ်။
ရှေးဦးစွာ ခွတ္တဗါဟ်ရဲ့နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်ခဲ့တဲ့ကျမ်းမြတ်ကုရ်အာန်ဆူရာဟ် (၁ဝ၉) အကြောင်းကို တင်ပြပါရစေ။
“ သင်တမန်တော်ကြေညာလိုက်ပါလေ။
အို… ‘ကာဖိရ်’အပေါင်းတို့၊(၁၀၉း၁)
ငါ (တမန်တော်)သည်သင်တို့ဆည်းကပ်ကိုးကွယ်ရာကို ဆည်းကပ်ကိုးကွယ်နာခံမည်မဟုတ်ပေ။ (၁ဝ၉း၂)
သင်တို့ကလည်း ငါတမန်တော်ဆည်းကပ်ကိုးကွယ်နာခံနေသည်ကို
ဆည်းကပ်ကိုးကွယ်နာခံမည်မဟုတ်ပေ။ (၁ဝ၉း၃)
ငါတမန်တော်သည်သင်တို့ဆည်းကပ်ကိုးကွယ်နေမှုကို
နာခံသူကိုးကွယ်သူ တစ်ယောက်မဟုတ်ပေ။ (၁ဝ၉း၄)
သင်တို့ကလည်း ငါတမန်တော်ဆည်းကပ်ကိုးကွယ်နာခံနေသည်ကို
ဆည်းကပ်ကိုးကွယ်နာခံမည်မဟုတ်ပေ။ (၁ဝ၉း၅)
သင်တို့အတွက်သင်တို့ဆည်းကပ်ကိုးကွယ်ရာလမ်းစဉ်နှင့်သင်တို့ရပ်တည်နေကြသလို
ငါသည်လည်း ငါကိုးကွယ်ဆည်းကပ်နာခံရိုကျိုးရာလမ်းစဉ်အပေါ်ငါရပ်တည်လျှက်ရှိနေပေပြီး။” (၁ဝ၉း၆)
ဒီ ဆူရာဟ်ဟာ တမန်တော်မြတ် (ဆွ)ရဲ့အစ္စလာမ်ဘာသာရေးဆိုင်ရာ ဘဝရပ်တည်မှုကို ပုံဖေါ်ပြသနေတဲ့ဆူရာဟ်တစ်ပုဒ်ဖြစ်ပါတယ်။
တမန်တော်မြတ်ကြီးရဲ့ခေတ်အခါသမယ မက္ကာဟ်ဒေသမှာ ဘာသာရေးယုံကြည်ချက်နှင့်ပတ်သက်လာရင်လူအုပ်စု (၂) စုပဲရှိပါတယ်။တစ်အုပ်စုက တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ သက်ဝင်ယုံကြည်နာခံရိုကျိုးတဲ့ (Monotheism)လို့ခေါ်တဲ့တမန်တော်မြတ် ကြီးနှင့် ဆွဟာဘာကြီးများပါဝင်သော လူ့အဖွဲ့အစည်းဝင်အုပ်စုပါ။တစ်နည်းအားဖြင့်ပြောရရင်‘ယုံကြည်သူ (မုအ်မင်န်)’ အုပ်စုပါ။နောက်အုပ်စုတစ်စုကတော့ကိုးကွယ်ရာအရှင်သခင် အများအပြားဝါဒကို လက်ခံယုံကြည်ကိုးကွယ်တဲ့ (Polytheism) လို့ခေါ်တဲ့ ‘မယုံကြည်သူ (ကာဖိရ်)’လူ့အဖွဲ့အစည်းဝင်အုပ်စုပါ။ ဒီအုပ်စု (၂) စုလုံးဟာ အရဗ်အမျိုးသားတွေပါ။
အထက်ပါဆူရာဟ်အမှတ် (၁ဝ၉)အရဆိုရင်တမန်တော်မြတ်ရဲ့ကုရ်အာန်ဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီဖြစ်သော သူ့သဘောထားဖေါ်ထုတ်ချက်က –
မုအ်မင်န်ယုံကြည်သူနှင့် ကာဖိရ်မယုံကြည်သူဆိုပြီး ယုံကြည်ချက်ကွဲပြားခြားနား သော်လည်း မိမိတို့ယုံကြည်ချက်အတိုင်းမိမိတို့တစ်သီးတစ်ခြား လွတ်လပ်စွာရပ်တည် နေထိုင်ရေးကို အဆိုပြုနေတယ်လို့ကျနော်နားလည်မိပါတယ်။ယုံကြည်ချက် (၂)ခုဟာ သိသာထင်ရှားစွာကွဲပြားနေသော်လည်း တစ်နည်းအားဖြင့်ဘယ်လိုမှပေါင်းစပ်ညှိနှိုင်းလို့ မရနိုင်သော်လည်းပဲ တစ်ဖက်နှင့်တစ်ဖက်စော်ကားတိုက်ခိုက်ခြင်းမပြုကြပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို တိုက်တွန်းနှိုးဆော်နေတယ်လို့ကျနော်ယုံကြည်ပါတယ်။ယုံကြည်ချက်တစ်ခုနှင့်တစ်ခုဟာလည်း လွှမ်းမိုးချုပ်ကိုင်မှုမရှိစေရေးကို ဦးတည်နေပြီး
“သင်တို့အတွက်သင်တို့ဆည်းကပ်ကိုးကွယ်ရာ လမ်းစဉ်နှင့်သင်တို့ရပ်တည်နေကြသလို ငါသည်လည်း ငါကိုးကွယ်ဆည်းကပ်နာခံရိုကျိုးရာလမ်းစဉ်အပေါ်ငါရပ်တည်လျှက်ရှိနေပေပြီး။”
ဆိုတဲ့သဘောက ကိုယ်ယုံကြည်ရာအပေါ်မှာ ကိုယ်ရပ်တည်ကြပါစို့ဆိုတဲ့သဘောထားကို ပိုပြီး ထင်ဟပ်ပေါ်လွင်စေပါတယ်။ဒီဆူရာဟ်တော်မှာ သေသေခြာခြာလေ့လာကြည့်မယ်ဆိုရင်‘ငါတို့နှင့်မတူညီတဲ့မင်းတို့ရဲ့ယုံကြည်ချက်တွေ၊ရပ်တည်ချက်တွေဖျက်သိမ်းပစ်ကြ၊စွန့်လွှတ်ကြ’ ဆိုတဲ့စကားရပ်လုံးဝပါဝင်ခြင်းမရှိတာကိုတွေ့ရပါလိမ့်မယ်။
ဒီအခန်းကဏ္ဍကိုလေ့လာမယ်ဆိုရင်အစ္စလာမ်ဘာသာဝင်တို့ရဲ့တမန်တော်မြတ်ကြီး (ဆွ) ဟာ ငြိမ်းချမ်းရေးကိုဖေါ်ဆောင်ခဲ့သူဖြစ်ကြောင်းကို ကျနော်တို့လေ့လာတွေ့ရှိရပါတယ်။
ဆက်လက်ပြီး ကျနော့အနေနှင့်ကျနော့ခေါင်းစဉ်ဖြစ်တဲ့ ‘ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်ခြင်း’ (Religious Harmony) အပိုင်းကို ဆက်လက်တင်ပြသွားပါမယ်။
ဘာသာတရားဆိုသည်မှာအဘယ်နည်း။
ဘာသာတရား (Religion) ဆိုသည်မှာ ပြီးပြည့်စုံသောလူသားတစ်ဦး ဖြစ်တည်မှု အတွက်အဓိကလိုအပ်သော အခန်းကဏ္ဍကပါဝင်နေပါတယ်။ လူသားတစ်ဦးသည်စိတ်ချမ်းသာစွာဘဝတည်ဆောက်လိုလျှင်သူ၏နှလုံးသားမှာ ငြိမ်းချမ်းခြင်းကိုတည်ဆောက်ရပါလိမ့်မယ်။ နိုင်ငံတစ်ခု၊ နေရာဒေသတစ်ခုမှာ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုကို အတောမသတ် လိုလားတပ်မက်နေတဲ့ လူတွေရဲ့အတ္တစိတ်ကို မလျှော့ချနိုင်သမျှကာလပတ်လုံး အဲဒီနိုင်ငံ၊ အဲဒီဒေသဟာ ငြိမ်းချမ်းနိုင်မည်မဟုတ်ပါဘူး။ လူမှုဆိုင်ရာအတိုက်အခံဖြစ်ခြင်းများ၊ ကျင့်ကြံ လုပ်ကိုင်မှုဆိုင်ရာ ဝိရောဓိဖြစ်ခြင်းတွေက လူသားအားလုံးအတွက် ငြိမ်းချမ်းသောကမ္ဘာကြီးကို တည်ဆောက်ရေးမှာ အနှောက်အယှက်ဖြစ်နေရပေလိမ့်မယ်။ လူသားအားလုံးသည်ညီညွတ်မျှတသဟဇာတဖြစ်စွာ မှန်ကန်သောစိတ်ထားဖြင့်ပူးပေါင်းဆောင်ရွက်ခြင်းကသာ ငြိမ်းချမ်းရေး ရပ်ဝန်းတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ဒါကြောင့်လူသားတွေရဲ့လောဘ၊ မောဟ၊ ဒေါသ၊ မာန်မာနတွေကိုဖြေလျှော့ပေးတဲ့ Teachingသင်ကြားချက်တွေကို ‘ဘာသာတရား’ လို့ ခေါ်ပါတယ်။
ဘာသာတရားဆိုသည်မှာ လူတစ်ဦးချင်းမှသည်လူ့အဖွဲ့အစည်းတစ်ရပ်၊နိုင်ငံတစ်နိုင်ငံ အထိ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူမှုအဆောက်အအုံမှာ အလွန်မတန်အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ထို့ပြင်မက ဘာသာတရားများသည်လူ့အဖွဲ့အစည်းတစ်ရပ်ကို အကောင်းဆုံးသော လူနေမှုဘဝတည်ဆောက်နိုင်ရန်ကိုလည်း ပုံဖေါ်ပေးပါတယ်။ အဓိက အားဖြင့်တော့ဘာသာတရားတွေဟာ လူတစ်ဦးချင်းဆီမှသည်လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ငြိမ်းချမ်းရေးဆီကို ဦးတည်စေပါတယ်။ အလားတူ အစ္စလာမ်သည်လည်း ဘာသာတရားများ အနက်မှဘာသာတရားတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးကိုဖက်တွယ်ထားပြီး လူ့အဖွဲ့အစည်းတစ်ရပ် လုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ အတူတကွလျှောက်လှမ်းနိုင်အောင်တည်ဆောက် ထားတဲ့ ဘာသာတရားတစ်ခုဖြစ်ပါတယ်။
ဘာသာတရားရဲ့အနက်အဓိပ္ပါယ်ကို ပညာရှင်အပေါင်းက အမျိုးမျိုးဖွင့်ဆိုကြပေမဲ့ဖွင့်ဆိုမှုအားလုံးလိုလိုကို ခြုံငုံသုံးသပ် ကြည့်လိုက်မည်ဆိုလျှင်…
*ဘာသာတရားဆိုသည်မှာ စည်းမျဉ်းဥပဒေတစ်ရပ်ဖြစ်ပြီး လူတို့၏ဘဝနေထိုင်မှုကို ထိုစည်းမျဉ်းဥပဒေတို့က ပြောင်းလဲပေးစေပါသည်။အချို့ကလည်း ဘာသာတရားဆိုသည်မှာ အလွန်မတန်ကြီးမားသော အင်အားတစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင်စစ်မှန်သော အရွေ့စွမ်းအား တစ်ရပ်ဖြစ်သည်ဟု ဆိုကြသည်။
အယူမှားတစ်ရပ်က ဘာသာတရားဆိုသည်မှာ ကိုးကွယ်ဝတ်ပြုနည်းများကိုသာ သင်ပြနေခြင်းဖြစ်ပြီး အခြားဘာမှအကျိုးမရှိဟု စွပ်စွဲနေခြင်းဖြစ်သည်။ကမ္ဘာ့ဘာသာတရား အသီးသီးက စစ်မှန်သောဥပဒေနှင့် ကိုယ်ကျင့်တရားစံနှုံးများကို သင်ပြနေသည်ဖြစ်ရာ ထိုသင်ပြချက်များက မှန်ကန်သောလူနေမှုစနစ်ကို အားဖြည့်ပေးလျက်ရှိလေသည်။
ဒါပေမဲ့ ဒီကနေ့ကျနော်တို့ပတ်ဝန်းကျင်မှာဖြစ်နေတာက –
ဘာသာတရားဆိုသည်မှာ ကိုးကွယ်ဝတ်ပြုနည်းများကိုသာ သင်ကြားပြနေတဲ့သဘောဖက်ကို ပိုပြီးအလေးသာနေတာတွေ့ရတော့ဝမ်းနည်းစရာပါ။
ဆက်လက်ပြီးကျနော့အနေနှင့် ‘သဟဇာတဖြစ်ခြင်း’ (Harmony) ဆိုတာကို အနည်းငယ်ရှင်းလင်းတင်ပြပါရစေ။
သဟဇာတ (Harmony) ဖြစ်ခြင်းဆိုသည်မှာ မတူညီသောဘာသာ တရားများအကြား၊ လူ့အစုအဖွဲ့များအကြား၊ လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ယုံကြည်ချက်၊ခံယူချက်မတူသော် ငြားလည်း အတူတကွသဟဇာတဖြစ်စေသော၊ တစ်ဖက်နှင့်တစ်ဖက်အထောက်အကူ ဖြစ်စေသော၊ တစ်ဖက်နှင့်တစ်ဖက်အပြုသဘောဆောင်သော၊ အကောင်းမြင်မှုအပေါ် အခြေခံသည့်တုံပြန်မှုမျိုးရှိသော အနေအထားသို့ရောက်အောင်အပြန်အလှန်နားလည် မှုများ၊ လေးစားမှုများထား၍ အေးချမ်းစွာအတူတကွနေထိုင်ခြင်းကို ရည်ညွှန်းပါတယ်။
ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်ခြင်း (Religious Harmony) ဆိုတာက ဘာလဲ။
Religious harmony ဆိုသည်မှာ များပြားစုံလင်လှသော ဘာသာတရားများဖြင့်ပါဝင်ဖွဲ့စည်းတည်ဆောက်ထားသည့်နိုင်ငံတစ်နိုင်ငံတွင်အခြေခံလိုအပ်ချက်ဖြစ်တဲ့ စီးပွားရေး (Economy)၊ လူမှုရေး (Social)နှင့် ဒေသဝန်းကျင် (Enviroment) စသည့်အချက် (၃)ချက်ကို မတူညီသောဘာသာဝင်အားလုံးက မိမိတို့၏ရေရှည်အကျိုးစီးပွားတိုးတက်ရေး အခန်းကဏ္ဍတွင်ပါဝင်ခံစား၊ စံစားခွင့်ရရှိအောင်စီမံဆောင်ရွက်ပေးထားခြင်းကိုခေါ်ပါတယ်။
ဒီတော့ ကောင်းမှုအဝဝကို စေ့ဆော်တွန်းပို့နေတဲ့ဘာသာတရားအသီးသီးရဲ့သွန်သင်ဆုံးမချက်များကို အခြေပြုလိုက်နာခြင်းအားဖြင့် Religious Harmonyတစ်ရပ်ဖြစ်အောင် ကျွန်ုပ်တို့ကိုယ်တိုင်က ဖန်တီးတည်ဆောက်ခြင်း၊ မိမိနှင့်မတူကွဲပြားသော အခြားဘာသာ တရားများကို နားလည်လေးစားသမှုပြုခြင်း၊ မတူကွဲပြားသောယုံကြည်ချက်၊ခံယူချက်ရှိသည့် လူ့အစုအဖွဲ့များနှင့် နီးကပ်စွာဆက်ဆံခြင်းမျိုးကို ပုံဖေါ်ဆောင်ရွက်ရပါလိမ့်မယ်။သူတစ်ပါးရဲ့ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ ယုံကြည်ချက်ဆိုင်ရာကိစ္စရပ်များမှာ ဝင်ရောက်စွက်ဖက်ခြင်း၊ ဆန့်ကျင်ခြင်း၊ တစ်လွဲပုံဖေါ်ခြင်းများပြုလုပ်ပြီးတော့ လူ့အဖွဲ့အစည်းအတွင်းမှာ Religious Harmony ပျက်ပြားအောင်လုပ်ဆောင်ခြင်း၊ လှုံ့ဆော်ခြင်း၊ စွပ်စွဲတိုက်ခိုက်ခြင်း စတာတွေကို သက်ဆိုင်ရာဘာသာဝင်အသီးသီးက ရှောင်ရှားရပါလိမ့်မယ်။
အစ္စလာမ်ဘာသာဝင်တွေအတွက်ကျမ်းမြတ်ကုရ်အာန် (၆း၁ဝ၈)မှာ ဒီလိုအတိအကျ ပြဌာန်းပေးထားပြီးဖြစ်ပါတယ်။
“ သင်တို့သည်အခြားဘာသာဝင်တို့၏ကိုးကွယ်ယုံကြည်မှုများကို တိုက်ခိုက်၊စွပ်စွဲပြစ်တင် ရှုတ်ချခြင်းမပြုကြလေနှင့်။ သို့မဟုတ်ပါက သူတို့ကလည်း သင်တို့ယုံကြည်ရာ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍အသိမဲ့စွာ ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လာကြပေလိမ့်မည်။ထိုနည်း အတိုင်းပင်ငါအရှင်မြတ်က လူ့အဖွဲ့အစည်းဝင်တိုင်းအတွက်သူတို့၏လုပ်ဆောင်မှုများကို လှပအောင်အဆင်တန်ဆာများ ပြုလုပ်ထားပြီးဖြစ်သည်။နောက်ဆုံးတွင်တော့သူတို့ အားလုံးသည်သူတို့ကိုပြုစုပျိုးထောင်သောအရှင်ထံသို့သာ ပြန်လည်ဦးလှည့်ကြရမှာဖြစ်ပြီး သူတို့၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍သူတို့အပေါ်ဝယ်ထုတ်ဖေါ်ပြသခြင်းခံကြရပေ လိမ့်မည်။” (ကုရ်အာန် – ၆း၁ဝ၈)
ဒီအာယသ်တော်အရဆိုရင်လည်း အစ္စလာမ်က ဘာသာရေးဆိုင်ရာသဟဇာတဖြစ်ခြင်း အခန်းကဏ္ဍကို အရေးပေးတဲ့ဘာသာတရားတစ်ခုဆိုတာ ထင်ရှားပါတယ်။အစ္စလာမ်က ဘာသာ တစ်ခုကိုတစ်ခုက စွပ်စွဲတိုက်ခိုက်ပြောဆိုတာကို လုံးဝလက်မခံကြောင်း သက်သေပြနေပါတယ်။
ဝေါဟာရဆိုင်ရာအနက်အဓိပ္ပါယ်အရ ‘အစ္စလာမ်’ ဟူသောအရဗီစကားလုံးကိုကပင်‘နာခံခြင်း’ (Submit)၊ ‘ငြိမ်းချမ်းခြင်း’ (Peace)၊ ‘ ကြေအေးညှိနှိုင်းခြင်း’ (Conciliate) ဟူသည့်အနက်အဓိပ္ပါယ်ရရှိပါတယ်။ ဒါ့ကြောင့်အစ္စလာမ်သာသနာဟူသည် ငြိမ်းချမ်းရေး သာသနာ (Religion of Peace) ဖြစ်ပြီး လူသားသည်ဘုရားသခင်၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လုံခြုံအေးချမ်းသောလူနေမှုဘဝကို တည်ဆောက်ရန်ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က ဥပဒေနှင့်ဘဝနေနည်းကို သူ၏တမန်တော်များမှတစ်ဆင့်လူသားတို့အပေါ်ထုတ်ပြန်ပေးခြင်းအားဖြင့်လူ့အဖွဲ့အစည်းအတွင်း ချစ်ခင်မြတ်နိုးမှု (Love)၊ ငြိမ်းချမ်းသာယာမှု (Peace)၊တရားမျှတမှု (Justice)၊ညီနောင်စိတ်ထားဖြစ်တည်မှု (Brotherhood)၊တန်းတူညီမျှမှု (Equality)၊ခွင့်လွှတ်မှု (Forgiveness) နှင့် ခန္တီပါရမီရှိမှု (Tolerance) စတာတွေကိုကျယ်ပြန့်စွာ အကောင်အထည်ဖေါ်ေဆောင်စေခဲ့ပါတယ်။ ဒီတော့ မတူညီသောဘာသာဝင်များ၊ အသားအရောင်များ၊ ပြောဆိုသောစကားများ၊ ယဉ်ကျေးမှုများ၊ နယ်နိမိတ်များ၊ မျိုးနွယ်များအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက်အစ္စလာမ်က မည်သို့သောရှူထောင့်အမြင်တွေအားဖြင့်Interfaith Dialogue ကိုလည်းကောင်း၊ Interreligious Dialogue ကိုလည်းကောင်း ဆောင်ရွက်ရန် အားပေးတိုက်တွန်းထားသည်ကို လေ့လာရန်လိုအပ်ပါတယ်။
Interfaith dialogue ဆိုတဲ့ဝေါဟာရသည် ‘ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း’ (Cooperation)၊ ‘မတူညီသောဘာသာတရားနှင့် ဓလေ့ထုံးတမ်းဝင်များမှလူတစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ လူ့အစုအဖွဲ့လိုက်ဖြစ်စေ တူညီသောဘုံအခြေခံတစ်ရပ်အပေါ်ပါဝင်ဆွေးနွေးကြခြင်း၊ တူညီသောဘုံယုံကြည်ချက်တစ်ရပ်အပေါ်အာရုံစူးစိုက်ဆွေးနွေးခြင်း၊ တန်ဘိုးတစ်ရပ်အပေါ်ပါဝင်ဆောင်ရွက်ပေးခြင်းအားဖြင့်အပြန်အလှန်နားလည်မှု၊အပြန်အလှန်လေးစားမှုကိုရယူခြင်း စသည့်အနက်သဘောပဲဖြစ်ပါတယ်။ ဒါပေမဲ့ Interfaith dialogue သည် Syncretismလို့ခေါ်တဲ့ မတူညီသည့်ယုံကြည်ချက်၊မတူညီသည့်ဘာသာတရားတို့ကို တစ်ထပ်တစ်သားတည်ကျအောင်လုပ်ဆောင်သည့်လုပ်ငန်းစဉ်တစ်ရပ်တော့မဟုတ်ပါဘူး။ မတူညီချက်များကို ပေါင်းစည်း ရောမေွှပြီး ယုံကြည်ချက်အသစ်တစ်ရပ်၊ဘာသာတရားအသစ်တစ်ခုပြုလုပ်ခြင်းလည်း မဟုတ် ပါဘူး။ အချုပ်ပြောရမည်ဆိုလျှင်ကမ္ဘာ့ဘာသာတရားကြီးများအကြား အခြေခံတူညီချက်တစ်ရပ်ကိုရှာဖွေပြီး မတူညီသည့်ယုံကြည်ချက်များပင်ဖြစ်လင့်ကစား ပါဝင်ယုံကြည်ကြသူတို့ အကြား တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်နားလည်မှုပေးခြင်း၊ အပြန်အလှန်လေးစားမှုပေးခြင်း စသည်တို့ကို ဆောင်ရွက်မှုမှန်သမျှသည် Interfaith dialogue ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းညီညွတ်ရေးအတွက်တောင်းဆိုချက်တစ်ရပ်က ဘာသာတရား များအကြား အပြန်အလှန်ပြောဆိုရေး (Dialogue) ပဲဖြစ်ပါတယ်။ Dialogue သည် (၂၁)ရာစုအတွက်အပြုသဘောဆောင်ပြီး စနစ်ကျသည့်ပြောင်းလဲရေးဖြစ်စဉ်အတွက်သော့ချက် တစ်ရပ်အဖြစ်မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်လာပါပြီး။ လူသားထုတစ်ရပ်လုံးအနေ Age of Dialogue လို့ခေါ်တဲ့ ‘စကားပြောဆိုသောခေတ်’ဟူသည့်အရွေ့တစ်ခုဆီသို့မဖြစ်မနေ ပြောင်းလဲပေးရတော့မှာဖြစ်ပါတယ်။ သို့မှသာ လူတစ်ဦးချင်း၏စိတ်အစဉ်မှာ ခံစားနေရတဲ့ မိမိနှင့် ဘာသာမတူသူများအပေါ်နားလည်မှုလွဲမှားနေခြင်း၊ စိုးရိမ်ကြောက်ရွံ့နေရခြင်း၊ အမုန်းပွားနေမှုအပေါ်ရန်လိုလာရခြင်း၊ စစ်ပွဲနှင့်သတ်ဖြတ်မှုများ ဖြစ်ပေါ်လာရခြင်း စတာတွေကို အမြင်ရှင်းစွာ သိရှိနားလည်လာနိုင်ပေလိမ့်မယ်။
ဘယ်ဘာသာတရားကမှ Dialogueကို ဖယ်ထုတ်၊ပစ်ပယ်ထားခြင်းမျိုူး လမ်းညွှန်ထားခြင်း မရှိပါဘူး။ Dialogue ရဲ့အဓိကရည်မှန်းချက်မှာ နှစ်ဦးနှစ်ဖက်အကြား အတူတကွလေ့လာ ဖြေရှင်းရေး၊ ညှိနှိုင်းတိုင်ပင်ရေးပဲဖြစ်ပါတယ်။ အခြေခံကျစွာပြောရမည်ဆိုလျှင်ဘက်နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့လာရပြီးဆိုပါက ပထမဦးဆုံး စတင်ဆောင်ရွက်ရမှာက တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်လေ့လာကြရမည်ဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် သင်ကြားပေးမှု၊ရှင်းလင်းပြဆိုမှုများပြုလုပ်ကြရပါမယ်။ Interfaith Dialogue ပြုလုပ်ကြခြင်းဖြင့် ဘာသာရေးဆိုင်ရာတန်ဖိုးများကို အသိအမှတ်ပြုမြှင့်တင်လာနိုင်မည်ဖြစ်သလို တစ်ဖက်ရဲ့ အမြင်များကိုလည်း နောက်တစ်ဖက်က လေးစားတတ်လာမှာဖြစ်ပါတယ်။
Francis Cardinal Arinze ကလည်း Interfaith Dialogue ကို အောက်ပါအတိုင်း အနက်ဖွင့်ဆိုလေသည်။
- “ Interfaith Dialogue သည်မတူညီသောဘာသာတရားအသီးသီးရှိ နောက်လိုက်တို့အကြား နှလုံးသားနှင့် နာမ်ပိုင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ပင်ဖြစ်သည်။ဘာသာတရားတို့အကြား ဆက်သွယ်ရေးလမ်းကြောင်း တစ်ရပ်ဖြစ်သည်။ ၎င်းသည်အမှန်တရားဆီသို့အတူတကွလမ်းလျှောက်ချီတက်ခြင်းဖြစ်၍ဘုံသဘောတူညီထားသော လုပ်ငန်းစဉ်တစ်ရပ်ကို အတူတကွလုပ်ကိုင်ဆောင်ရွက် ကြခြင်းလည်းဖြစ်သည်။”
နိဂုံးချုပ်တင်ပြချင်တာကတော့Global Ethic Foundation ရဲ့ဥက္ကဌဖြစ်သူ Professor Dr. Hans Kung ရဲ့ Religion နဲ့ Peace buildingကိုဆက်စပ်သုံးသပ်ပြသွားတာကို တင်ပြပါရစေ။
- “There will be no peace among the nations without peace among the religions.”
“There will be no peace among the religions without dialogue among the religions ”