အစ္စလာမ့်ဟူသည် အပိုင်း(၇) (6.6.2014)ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အစ္စလာမ့်ဟူသည် အပိုင်း(၇)
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
၂၀၁၄ မေလ(၁၆)ရက်နေ့က ခွတ္တဗါဟ်မှာ အစ္စလာမ်လူ့အဖွဲ့အစည်းဝင်ဖြစ်ဖို့ မွတ်ဆလင်မ်ဖြစ်ရမယ်၊ မုအ်မင်ဖြစ် ရမယ်။ ဒါပေမဲ့ မွတ်ဆလင်မ်၊ မုအ်မင်တွေဟာ အစ္စလာမ်မဟုတ်တဲ့ အခြားလူ့အဖွဲ့အစည်းဝင်တွေကို မလှောင် ပြောင်ရဘူး။ လူအချင်းချင်း သိက္ခာမချရဘူး၊ နာမည်မဖျက်ရဘူးဆိုတဲ့ ကျင့်ဝတ်တွေကို လိုက်နာရပါတယ်ဆိုတဲ့ အချက်တွေကိုတင်ပြခဲ့ပါတယ်။ “ အစ္စလာမ်ဟူသည် … အခြားလူ့အဖွဲ့အစည်းများကို လည်း အသိအမှတ်ပြု လေးစားရသည် ” ဆိုတဲ့ အစ္စလာမ့်တန်ဖိုးတစ်ခုကို တင်ပြခဲ့တာပါ။
ဒီနေ့ ၆-၆-၂၀၁၄နေ့မှာတော့ အစ္စလာမ် လူ့အဖွဲ့အစည်းရဲ့မြင့်မားရမှု၊ နိမ့်ကျရမှုအကြောင်းတွေကို တစေ့ တစောင်း လေ့လာတင်ပြသွားပါမယ်။ ကမ္ဘာမှာ အမျိုးမျိုးသောလူ့အဖွဲ့အစည်းတွေ ရှိပါတယ်။ အကောင်းဆုံးလူ့ အဖွဲ့အစည်းဆိုတာကို ကုရ်အာန်က အခုလိုသတ်မှတ်ပါတယ်။ (၃း၁၁၀)မှာ
“လူသားတို့အား တရားမျှတမှုကို ဆင့်ဆိုကြသူများ၊ မကြားဝံ့မနာသာသောအမှုတို့မှ တားမြစ်ကြသူများ အလ္လာဟ်ကို ယုံကြည်သက်ဝင်ကြသူများသည် အကောင်းဆုံးလူ့အဖွဲ့အစည်းဝင်များ ဖြစ်ကြသည်”
(၃း၁၀၄)မှာ
“ကောင်းမှုဘက်သို့ဖိတ်ခေါ်သော၊ တရားမျှတမှုကို ဆင့်ဆိုသော မကောင်းမှုမှ ဟန့်တားသော လူ့အဖွဲ့အ စည်းသည်သာ အောင်မြင်လိမ့်မည်”
(၃း၁၀၅)မှာ
“ရှင်းလင်းချက်များ လက်ခံရရှိပြီးသော်လည်း အချင်းချင်းကွဲပြားသူများကဲ့သို့ မဖြစ်ကြလေနှင့်။ စည်းလုံးညီ ညွတ်မှုမရှိသော အဖွဲ့အစည်းများသည် ကြီးမားသောဆုံးရှုံးမှုနှင့် ကြုံတွေ့ကြရပေမည်”
အစ္စလာမ်က တရားမျှတမှုကို အထူးအလေးပေးထားပါတယ်။ မကောင်းမှုတွေကနေတားဆီးပြီး ကောင်းမှု တွေဘက်ကို ဖိတ်ခေါ်ရမယ်။ စည်းလုံးညီညွတ်မှုရှိရမယ်။ ဒါဟာ အကောင်းဆုံးသော လူ့အဖွဲ့အစည်းများရဲ့ စံနှုန်း
တွေပါ။ အစ္စလာမ်နဲ့ အခြားလူ့အဖွဲ့အစည်းတွေရဲ့ ခြားနားချက်ကတော့ အလ္လာဟ်ကို ယုံကြည်ခြင်းပါ။ အလ္လာဟ် ကို ယုံကြည်ဖို့ ခိုင်မာတဲ့အထောက်အထားတွေကိုလည်း အခုလို ဖော်ပြထားပါတယ်။ (၄၅း ၃-၄-၅။ တို့မှာပါ)
“ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ မုအ်မင်များအတွက် စကြ၀ဠာနှင့် မြေကမ္ဘာတွင် သက်သေလက္ခဏာများ ရှိ၏”
“လူသားတို့ ဖြစ်ထွန်းစေခြင်းနှင့် သတ္တ၀ါအပေါင်း ပေါက်ဖွားပျံ့နှံ့စေခြင်းများသည် မျက်မှောက်ပြုသူများအ တွက် သက်သေလက္ခဏာများပင် ဖြစ်၏”
“နေ့နှင့်ည ပြောင်းလဲစေခြင်း၊ ကောင်းကင်မှ ရွာသောမိုးရေကြောင့် ခြောက်သွေ့ပတ်ကြားအက်နေသော မြေများရှင်သန်ပြီး စားနပ်ရိက္ခာများ ထွက်ပေါ်စေခြင်း၊ လေများတိုက်ခတ်စေခြင်းများ၌ တွေးခေါ်စဉ်းစားတတ်သူတို့ အတွက် သက်သေလက္ခဏာများ ရှိနေ၏”
လူတွေ၊ သတ္တ၀ါတွေ ဖြစ်ထွန်းပေါ်ပေါက်ပြီး ပေါက်ဖွားပျံ့နှံ့မှုတွေက၊ နေ့နဲ့ညရဲ့ ပြောင်းလဲမှုတွေက၊ ရွာ သွန်းတဲ့မိုး၊ တိုက်ခတ်နေတဲ့လေတွေက အလ္လာဟ်ရဲ့တည်ရှိမှုကို ခိုင်မာစွာသက်သေခံနေတယ်ဆိုတာ မိုးကောင်း ကင်နဲ့ မြေကမ္ဘာရဲ့ဝန်းကျင်ဒေသကို စူးစမ်းလေ့လာသူတွေ ကောင်းစွာသိရှိနားလည်ကြပါတယ်။
အလ္လာဟ်ကို ယုံကြည်ဖို့ကို အတင်းအဓမ္မတောင်းဆိုနေတာမဟုတ်ဘူး။ ပတ်ဝန်းကျင်ရဲ့ သဘောသဘာဝ ကို လေ့လာစူးစမ်းတွေးခေါ်စဉ်းစားပြီးမှ လက်ခံဖို့ ကုရ်အာန်က တောင်းဆိုတာပါ။ လောကရဲ့သစ္စာတရားကို မြင် အောင်ကြည့်တတ်ဖို့ သွန်သင်ပြသတာပါ။ လူ့အကျိုးကို သယ်ပိုးထမ်းဆောင်မည့်အဖွဲ့အစည်းများသည် သစ္စာ တရားကို သိမြင်နားလည်ထားဖို့ အရေးကြီးပါတယ်။ သစ္စာတရားကိုမသိရင် အကန်းနဲ့တူပါလိမ့်မယ်။ တမန်တော် မြတ်က အခုလို အသိပေးထားပါတယ်။ (၆း၁၀၄)မှာပါ။
“သင်တို့ထံ၌ ခိုင်မာသောအထောက်အထားများရှိနေပေပြီ။ ထိုအထောက်အထားများကို တွေးခေါ်ဆင်ခြင် သူတို့သည်ကား အကျိုးကျေးဇူးများဖြင့် စံစားရအံ့။ ကန်းနေသူများက သူတို့တာဝန်ရှိသည်အလျောက် ခံစားရမည် သာ။ ကျွန်ုပ် တမန်တော်သည်ကား သင်တို့ကို အုပ်ထိန်းစောင့်ရှောက်သူမဟုတ်ပါ”
ဆိုလိုတာက တမန်တော်မြတ်ဟာ အုပ်ထိန်းသူတစ်ယောက်က မိမိရင်သွေးကို လမ်းပြနေသလိုမျိုး တိုက် တွန်းနေတာမဟုတ်။ ခိုင်မာသောအထောက်အထားနဲ့ သစ္စာတရားဆီသို့ လမ်းညွှန်နေတာပါတဲ့။ သဘာဝဓမ္မက
အလ္လာဟ်ရှိတယ်ဆိုတဲ့ အထောက်အထားတွေ ပေးနေတာပါ။ ဒီနေရာမှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ (George Washinton Graver) ရဲ့ သုံးသပ်ချက်လေးကိုလည်း မျှဝေပေးချင်ပါတယ်။
“ကျွန်ုပ်သည် သဘာဝဖြစ်ပျက်မှုများကို ကုန်ဆုံးခြင်းမရှိသော အသိတရားများအဖြစ် ခံယူပါတယ်။ ယင်း သဘာဝတရားများဖြင့် အလ္လာဟ်သည် ကျွန်ုပ်တို့နှင့် အဆက်မပြတ် စကားပြောနေပေသည်။ ထိုအသံကို ကြားနိုင် သော အစွမ်းသတ္တိ ကျွန်ုပ်တိုပထံမှာ ရှိရပါမည်”
သဘာဝတရားကြီးက အလ္လာဟ်ရှိတယ်၊ အလ္လာဟ်ရှိတယ်လို့ ကျွန်တော်တို့ကို အဆက်မပြတ် အသိပေး နေတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလိုအသံကိုကြားနိုင်စွမ်း အရည်အသွေးတွေရှိဖို့ လိုပါတယ်။ ဒီလို အရည်အချင်း ရှိတဲ့သူတွေသာ သဘာဝနဲ့လိုက်လျောညီထွေနေထိုင် ရှင်သန်နိုင်ပါလိမ့်မယ်။ အလ္လာဟ်ကို ယုံကြည်တယ်ဆိုတာ သဘာဝနဲ့လိုက်လျောညီထွေနေထိုင်ခြင်းလည်း ဖြစ်တယ်လို့ ကုရ်အာန်ကို လေ့လာသူတစ်ဦးအနေနဲ့ အသိပေး လိုပါတယ်။ သဘာဝကိုဆန့်ကျင်နေခြင်းဟာ အလ္လာဟ်ကို ပုန်ကန်ခြင်းပါ။ သဘာဝကို လောကကောင်းကျိုးအ တွက် အသုံးချနိုင်တယ်။ သဘာဝကိုမဖျက်ဆီးရဘူး၊ မဆန့်ကျင်ရဘူး။ သဘာဝဓမ္မဆိုတာ ကြီးကျယ်မြင့်မြတ်ပြီး ဥာဏ်တော်အနန္တနဲ့ ပြည့်စုံတော်မူသော အလ္လာဟ်ရဲ့ လက်ရာတော်ပါ။ သဘာဝကို အသုံးချစေစားခွင့်အာဏာကို လူသားထံ အပ်နှင်းထားတာပါ။ သဘာဝကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်လည်း လူသားထံရှိပါတယ်။ ဒီလို ခံယူထားတဲ့ လူသားသာလျှင် အလ္လာဟ်ကို ယုံကြည်သူဖြစ်ပါတယ်။ ဒါဟာ သစ္စာတရား ကို သိမြင်ခြင်းဖြစ်ပါတယ်။
အလ္လာဟ်၊ အလ္လာဟ်ကို နှုတ်ကရွတ်ဆိုနေရုံ၊ နဖူးနဲ့ ကြမ်းပြင်ထိအောင် ဦးချရှိခိုးနေရုံ၊ ရမဒွါန်လမှာ အစာ ငတ်ခံနေရုံ ငွေတစ်ရာကို အပုံ (၄၀)ပုံပြီး တစ်ပုံကို လှူဒါန်းရုံ၊ ကအ်ဗာဟ်ကျောင်းတော်က ကျောက်နက်တုံးကြီးကို တွဝါးဖ်လှည့်နေရုံကတော့ ဟန်အမူအရာတွေနဲ့ အလ္လာဟ်ကို ယုံကြည်ကြောင်းပြသနေတာပါ။ အမှန်တကယ် ယုံ ကြည်သူဆိုတာ လောကငြိမ်းချမ်းသာယာရေးကို ဆောင်ရွက်နိုင်သူသာ ဖြစ်ပါတယ်။ အဲဒီလူကိုသာ မုအ်မင်လို့ သတ်မှတ်တာပါ။
တစ်ဦးကဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုကြောင့်ဖြစ်စေ အခြားလူတွေ၊ အခြားလူ့အဖွဲ့အစည်းတွေ ထိတ် လန့်စိုးရိမ်နေရ ၊ဒုက္ခတွေ တွေ့နေရတယ်ဆိုတာ အဲဒီလူက မုအ်မင်မဖြစ်နိုင်ဘူး။ အဲဒီ အဖွဲ့အစည်းကို အစ္စလာမ့် လူ့အဖွဲ့အစည်းလို့ မသတ်မှတ်နိုင်ပါ။ အစ္စလာမ် လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ ရှိပါတယ်။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို အစ္စလာမ်က ရန်သူလို့မမြင်ရ၊ မသတ်မှတ်ရပါ။ လောကအကျိုးကို
အပြိုင်အဆိုင် သယ်ပိုးနေတဲ့ လေ့ကျင့်ဘက်များအဖြစ် ခံယူထားပါတယ်။ အကောင်းဆုံး လူ့အဖွဲ့အစည်းဖြစ်ချင် ရင် အစ္စလာမ်မဟုတ်တဲ့ အခြားအဖွဲ့အစည်းတွေထက်သာအောင် လောကအကျိုးကို သယ်ပိုးဖို့ ကုရ်အာန်လမ်း ညွှန်ထားပါတယ်။ (၂း၁၄၈)မှာပါ။
“လူ့အဖွဲ့အစည်းတိုင်းတွင် ဦးတည်ရှေ့ရှုချက် ကိုယ်စီရှိကြ၏။ လောကကျောင်းကျိုးကို သူ့ထက်ငါ သာ အောင် အပြိုင်အဆိုင် ဆောင်ရွက်ကြကုန်”
အစ္စလာမ်မဟုတ်တဲ့ အခြားအဖွဲ့အစည်းတွေဟာ သူတို့ကိုယ်ပိုင် ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေနဲ့ လောကအကျိုးသက်ပိုးနေကြတယ်ဆိုတာကို အစ္စလာမ်က လက်ခံပါတယ်။ အစ္စလာမ်လူ့အဖွဲ့အစည်းက သူတို့ ထက်သာအောင် လောကကောင်းကျိုးကို အပြိုင်အဆိုင်ဆောင်ရွက်ရမယ်။ လိုအပ်ရင် သူတို့နဲ့ပူးပေါင်းပြီး လောကကောင်းကျိုးကို သယ်ပိုးဆောင်ရွက် ရပါမယ်။ လူတွေဟာ သစ္စာတရားကိုမသိပါဘဲလျက် ကောင်းခြင်း၊ ဆိုးခြင်းဆိုတာကို ရော်ရမ်းမှန်းဆသတ်မှတ် လုပ်ကိုင်ဆောင်ရွက်နေကြတာပါ။ လူ့သမိုင်းတစ်လျှောက် သစ္စာ တရားဟာ မကြာခဏ လျစ်လျူရှုခံနေရပါတယ်။ ဒါကြောင့် ရက်စက်ယုတ်မာတဲ့ ဖိနှိပ်ညှင်းပန်းမှုတွေ၊ လွဲမှားစွာ စီမံခန့်ခွဲမှုတွေကြောင့် သဘာ၀၀န်းကျင် ယိုယွင်းပျက်စီးပြီး ရာသီဥတုဖောက်ပြန်မှုတွေ၊ အသေခံဗုံးခွဲပြီး မိမိအပါ အ၀င် အပြစ်မဲ့တဲ့သူတွေကိုပါ သတ်ဖြတ်တဲ့အကြမ်းဖက်လုပ်ရပ်တွေ၊ ပညာသင်ကြားခွင့်ကို တားဆီးပိတ်ပင် ဟန့်တားမှုတွေ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာ ဖြစ်ပွားနေတာပါ။
ဒါတွေဟာ အလ္လာဟ်ရဲ့ ဂုဏ်တော်တွေကို မှားယွင်းစွာ သဘောပေါက်ထားတဲ့ လူသားတွေရဲ့ လွဲမှား ချွတ်ချော်စွာ ဆောင်ရွက်မှုတွေပါ။ အကောင်းဆုံးလူ့အဖွဲ့အစည်းအတွက် အလ္လာဟ်ကို မှန်မှန်ကန်ကယုံကြည် လက်ခံဖို့ဆိုတာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် သက်ဝင်ယုံကြည်မှုဟာ အလ္လာဟ်တစ်ပါးတည်း နိစ္စထာဝရတည် ရှိမှုကို နားလည်လက်ခံခြင်းလည်း ဖြစ်ပါတယ်။ ရှိရှိသမျှ အရာအားလုံးဟာ သူ့စည်းစနစ်နဲ့ သူရှိနေတာဟာ အလ္လာဟ်ရဲ့ပြဋ္ဌာန်းသတ်မှတ်ချက် ဖြစ်ပါတယ်။ ဒါကို အရဗီလို သောင်ဟီးဒ်လို့ ပညာရှင်များက ခေါ်ဆိုပါတယ်။ အဲဒီသောင်ဟီးဒ်သဘောတရားကို ပညာရှင်များက ပိုပြီး သဘောပေါက်နားလည်ပါတယ်လို့လည်း ကုရ်အာန်က အသိပေးထားပါတယ်။ (၃း၁၈)မှာပါ။
“ အလ္လာဟ်တစ်ပါးတည်းသာ ကိုးကွယ်အားထားရာဖြစ်ကြောင်း အလ္လာဟ်ကိုယ်တော်တိုင်၊ သဘာဝစွမ်းအား စု (မလာအေကဟ်များ)နှင့် ပညာရှင်များက သက်သေခံနေ၏ ”
အလ္လာဟ်ကိုယ်တော်တိုင် သက်သေခံနေတယ်ဆိုတာကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရေ၊ မြေ၊ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာတွေ တည်ရှိ၊ လည်ပတ်၊ စီးဆင်းနေပုံတွေ၊ နေ့နဲ့ည ပြောင်းလဲမှုတွေ၊ မိုးရွာသွန်း မှု၊ လေတိုက်ခတ်မှုတွေကို သေချာစူးစမ်းလေ့လာကြည့်ရင် တစ်ပါးတည်းသော အလ္လာဟ်ရဲ့ သက်သေလက္ခဏာ များကို တွေ့မြင်နေရပါမယ်။
မလာအေကဟ်(သဘာဝစွမ်းအားစု)တွေက အလင်း၊ အသံ၊ အပူ၊ လျှပ်စစ်တွေဟာ သူတို့ရဲ့စွမ်းရည်တွေနဲ့ တစ်ပါးတည်း အလ္လာဟ်ရဲ့တည်ရှိမှုကို သက်သေခံနေပါတယ်။ ပညာရှင်များက သဘာဝနဲ့ သဘာဝစွမ်းအားစုတွေ ရဲ့ သဘောသဘာဝကို နားလည်သဘောပေါက် အသုံးချစေပြီး လောကအကျိုးပြုခြင်းဖြင့် အလ္လာဟ်တစ်ပါး တည်းကိုးကွယ်အားထားရာဖြစ်ကြောင်း သက်သေခံနေပါတယ်။ ပညာရှင်များရဲ့ သက်သေခံချက်ဟာ အလ္လာဟ်ရဲ့ သက်သေခံချက်၊ မလာအေကဟ်များရဲ့ သက်သေခံချက်ထဲသို့ ထိရောက်မှုရှိသော သက်သေခံချက်အဖြစ် အလ္လာဟ်က အသိအမှတ်ပြုထားတာပါ။
ကုရ်အာန်(၃း၁၈)ဟာ အလ္လာဟ်ရှိကြောင်း ဘယ်လိုသိနိုင်လဲဆိုတဲ့မေးခွန်းရဲ့ အဖြေလည်းဖြစ်ပါတယ်။ သဘာဝတရားရဲ့ဖြစ်စဉ်တွေမှာ သဘာဝစွမ်းအားစုများရဲ့ စွမ်းရည်များမှာ ပညာရှင်များရဲ့ လောကအကျိုးပြု လုပ်ငန်းများထဲမှာ အလ္လာဟ်ရှိကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိနေတာပါ။ ဒီနေရာမှာ ပညာရှင်ဆိုတာ ကျွန်တော်တို့သိနေတဲ့ သာသနာ့ပညာရှင်တွေ၊ ခေတ်ပညာဘွဲ့ထူး၊ ဂုဏ်ထူးရရှိထားသူတွေမဟုတ်ဘဲ လောက သဘာဝကို ဆင်ခြင်သိရှိနားလည်သူများလို့ အလ္လာဟ်က သတ်မှတ်တာပါ။ (၃၅း၂၇)မှာ-
“ ပညာရှင်များသာလျှင် အလ္လာဟ်၏စည်းစနစ်များကို ရိုကျိုးလက်ခံနိုင်စွမ်းရှိပေသည် ” (ကုရ်အာန်-၃၅း၂၇)
လူ့အဖွဲ့အစည်း၏မြင့်မားမှုကို ပညာရှင်များသာလျှင် ဦးဆောင်ဦးရွက်ပြုနိုင်ပါတယ်။ အာဏာရှင်များ၊ ငွေရှင်ကြေးရှင်များ ဦးဆောင်တဲ့ လူ့အဖွဲ့အစည်းတွေဟာ နိမ့်ကျမှုဘက်သို့ ဦးတည်ဖို့များပါတယ်။ လူဟာ လွတ် လပ်စွာ မွေးဖွားလာတာမှန်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့လွှမ်းမိုးမှုကို ခံကြရပါတယ်။ ပညာရှင်များက ပုံဖော် ထားတဲ့ လူ့အဖွဲ့အစည်းဖြစ်ရင် လူတစ်ဦးချင်းရဲ့ အရည်အသွေးတွေလည်း တိုးတက်မြင့်မားလာနိုင်ပါတယ်။
ယခင်က အရည်အသွေးပြည့်ဝတဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းကြောင့် ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေ တိုးတက်ထွန်းကားအောင် ဆောင်ရွက်ခဲ့တဲ့ မွတ်ဆလင်မ်တွေ ပေါ်ထွန်းခဲ့ရပါတယ်။ အစ္စလာမ်
လူ့အဖွဲ့အစည်းဝင်တွေဟာ လူသားတွေကို အကျိုးပြုတဲ့ တီထွင်မှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက မွတ်ဆလင်မ်များရဲ့ တီထွင်မှုအချို့ကိုပဲ ကောက်နုတ်တင်ပြပါမယ်။
အလ္လာဟ်က လူသားတွေကို ကလောင်နဲ့ အဆက်မပြတ်သင်ကြားပေးနေပါတယ်။ သဘာဝလောက ကြီးသည်ပင် ကျွန်တော်တို့ ဖတ်ရှုလို့မကုန်တဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ ကလောင်ဆိုတာ ယခင်က ကညစ်တံကနေ ယနေ့ ကွန်ပျူတာအထိပါဝင်ပါတယ်။ အရင်က ကျောက်တံတွေ၊ ခဲတံတွေနဲ့ ရေးနေရာကနေ ယနေ့ website မှာ facebook တွေမှာ ရေးသားဖော်ပြနေတဲ့ခေတ်ကို ရောက်နေပါပြီ။ ကလောင်တံတစ်မျိုးဖြစ်တဲ့ ဖောင်တိန်ကို ပထမ ဆုံး တီထွင်ခဲ့တာ အီဂျစ်က စူလ်တန်ဘုရင်၊ ခရစ်နှစ် (၉၅၁)ခုနှစ်က ဖြစ်ပါတယ်။ ခရစ်နှစ် (၆၄၃)ခုနှစ်မှာ ပါရှန်း မွတ်ဆလင်မ်တွေက လေစွမ်းအင်သုံးစက်ကိုတီထွင်ပြီး ရေတင်စက်တွေ၊ ဂျုံ၊ ပြောင်း ကြိတ်စက်တွေကို ပြုလုပ် သုံးစွဲနိုင်ခဲ့ပါပြီ။ အဲဒါက ဥရောပထက် နှစ်ပေါင်း(၅၀၀)စောပါတယ်။ အင်္ဂလန်မှာ အိမ်ကြမ်းပြင်ကိုခင်းဖို့ ကျူပင်တွေ ကိုသာ သုံးနေတဲ့အချိန်မှာ မွတ်ဆလင်မ်ကမ္ဘာက နတ်ဘုံနတ်နန်းတမျှ ခမ်းနားလှတဲ့ ကော်ဇောတွေကို သုံးစွဲနေကြ ပါပြီ။
အချို့သော မွတ်ဆလင်မ်ပညာရှင်တွေဟာ သဘာဝစည်းစနစ်တွေကို များစွာ နားလည်တတ်သိသူများ ဖြစ်ကြပါတယ်။ ကံဆိုးစွာပဲ သူတို့ဟာ ပဒေသရာဇ်ဘုရင်တွေရဲ့ ကြီးစိုးတဲ့ခေတ်မှာ ပေါ်ထွန်းခဲ့ကြပါတယ်။ အဲဒီ ပညာရှင်တွေထဲက ခရစ်နှစ် (၈၅၂)ခုနှစ်မှာ လေထီးရဲ့ရှေ့ပြေးပုံစံကို တီထွင်ခဲ့တဲ့ ပညာရှင်ကို မိတ်ဆက်ပေးလိုပါ တယ်။ သူကတော့ မွတ်ဆလင်မ်ကဗျာဆရာလည်းဖြစ်၊ နက္ခတ္တဗေဒပညာရှင်လည်းဖြစ်၊ ဂီတပညာရှင်လည်းဖြစ်၊ အင်ဂျင်နီယာလည်းဖြစ်တဲ့ အဗားစ်အိဗ်နုဖိရ်နားစ် ဖြစ်ပါတယ်။ မွတ်ဆလင်မ်ထဲမှာ သူ့ကို အိုလမာပညာရှင်လို့ သိ သူမရှိသလောက် နည်းပါးပါတယ်။ ကမ္ဘာ့ပညာရှင်များကတော့ လကမ္ဘာက ချိုင့်ကြီးတစ်ခုကို သူ့အမည်ပေးပြီး ဂုဏ်ပြုထားပါတယ်။ ဘဂ္ဂဒက်မြို့ နိုင်ငံတကာလေဆိပ်ကြီးကိုလည်း သူ့အမည်နဲ့ ခေါ်ဝေါ်ထားပါတယ်။ (၁၀)ရာစု က မွတ်ဆလင်မ် သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ နက္ခတ္တဗေဒနဲ့ ရူပဗေဒပညာရှင် အိဗ်နုအိုင်သမ်က ပထမဆုံး ကင်မရာကို တီထွင်ခဲ့သူ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြလိုပါတယ်။
ရှေး ဂရိပညာရှင်တွေဟာ အရာဝတ္ထုတွေကိုမြင်နိုင်တဲ့ မျက်စေ့က လေဆာလို အလင်းတန်းတွေထုတ် လွှတ်ခဲ့ကြတာလို့ ယူဆခဲ့ကြပါတယ်။ အိုလမာပညာရှင်ကြီး အိဗ်နုအိုင်သမ်ကတော့ အရာဝတ္ထုတွေဆီက အလင်း တန်းတွေကသာ မျက်စေ့ထဲဝင်ပြီး ပုံရိပ်ထင်နိုင်ခဲ့တာလို့ သိရှိနားလည်ခဲ့ပြီး ကင်မရာကို တီထွင်နိုင်ခဲ့တာပါ။ အရဗီ
လို “ကမရ”ဆိုတာ အမှောင် (သို့မဟုတ်) ကိုယ်ပိုင်အခန်းလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်ပိုင်အလင်းမရှိတဲ့လကို ကမရွန်လို့ ခေါ်ပါတယ်။ အဲဒီကနေ ကင်မရာလို့ ခေါ်ဝေါ်သုံးစွဲလာကြတာပါ။
အလ္လာဟ်ရဲ့ သဘာဝစည်းမျဉ်း မလာအေကဟ်တွေရဲ့ သဘောတရားကို သိရှိနားလည်တဲ့ ပညာရှင်တွေ က အလ္လာဟ်ကို ရိုကျိုးပြီး လောကအကျိုးကို သယ်ပိုးခဲ့ကြတာပါ။ ပစ္စည်းကိရိယာတွေတီထွင်ပြီး လူသားတွေရဲ့ အ ဆင့်အတန်းကိုမြှင့်တင်ပေးခဲ့ကြတယ်။ လေထီးတို့။ ကင်မရာတို့ ပေါ်ပေါက်လာတာဟာ အိဗ်နုဖိနားစ်တို့လို၊ အိဗ်နု အိုင်သမ်တို့လို အိုလမာပညာရှင်များကြောင့် ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ အစ္စလာမ်လူ့အဖွဲ့အစည်းဝင်တွေ ရဲ့ အိုလမာများက အချို့သောနေရာတွေမှာ ကင်မရာအသုံးပြုခြင်းကို ပိတ်ပင်တားမြစ်နေကြပါတယ်။ ဘယ်သူက အိုလမာအစစ်လဲဆိုတာ ကျွန်တော်တို့ နားလည်ဖို့ကောင်းနေပါပြီ။
ကျွန်တော်တို့ခေတ်ကြီးဟာ အတုတွေပေါများတဲ့ခေတ်ကြီးပါ။ လူတွေကလည်း အစစ်တွေထက် အတုကို ပိုပြီးတန်ဖိုးထားနေကြတယ်။ အဲဒီတော့ အစ္စလာမ်လူ့အဖွဲ့အစည်းကြီး နိမ့်ကျနေတာကို ထူးဆန်းတယ်လို့ မပြော နိုင်ပါ။ သိပ်ပြီး ၀မ်းနည်းကြေကွဲစရာလည်း မရှိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်က ပညာရှင်အတုတွေအပေါ် တန်ဖိုး ထား လေးစားလိုက်နာနေခြင်းကြောင့်ပါ။
အခု ကျွန်တော် တင်ပြခဲ့တဲ့ ပညာရှင်များဟာ တမန်တော်မြတ်တို့လို ဆွဟာဗာဟ်ကြီးများလို ပညာပြည့်ဝ နှလုံးလှတဲ့ ပညာရှင်များက အစ္စလာမ်လူ့အဖွဲ့အစည်းကို ခေါင်းဆောင်မှုပေးခဲ့တဲ့ ခေတ်သမယက ပေါ်ထွန်းခဲ့တဲ့ ပုဂ္ဂိုလ်များမဟုတ်ပါ။ အာဏာရှင် ဘုရင်များလက်ထက် ပေါ်ထွန်းခဲ့ကြသူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသိတရားတွေဟာ တမန်တော်မြတ်ကြီးနဲ့ ဆွဟာဗာဟ်ကြီးများရဲ့ ဦးဆောင်မှု အရှိန်အ၀ါနဲ့ ကုရ်အာန်ကို လေ့လာ အသုံးချနိုင်ခဲ့တဲ့ အကျိုးဆက်တွေပဲလို့ ကျွန်တော်ကတော့ ရှင်းရှင်းလင်းလင်း နားလည်မိပါတယ်။ သူတို့တွေဟာ ဘုရင်ခေတ်မှာ ပေါ်ထွန်းခဲ့ကြလို့ ယနေ့အစ္စလာမ်လောကမှာ စစ်မှန်တဲ့ အိုလမာပညာရှင်များအဖြစ် နေရာပေးမခံခဲ့ ကြရပါဘူး။ အစ္စလာမ်လူ့အဖွဲ့အစည်းများရဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့အမှားကြောင့် ယနေ့ အစ္စလာမ်မျိုးဆက် များ ပေးဆပ်ရမှုဟာ အင်မတန်ကြီးမားလှပါတယ်။ လောကကို အကျိုးပြုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် အစ္စလာမ်ကို အ ကြမ်းဖက် လမ်းစဉ်အဖြစ် ကမ္ဘာက ရှုမြင်နေကြပါပြီ။
ကျွန်တော်တို့ အတွေးအခေါ်တွေကို ပြောင်းလဲခြင်းအားဖြင့်သာ အစ္စလာမ်လူ့အဖွဲ့အစည်းကြီးရဲ့အနေအ ထားကို မြှင့်တင်ပေးနိုင်မယ်ဆိုတာ မွတ်ဆလင်မ်တိုင်း သိရှိဖို့လိုအပ်ပါတယ်။
ဆူရာဟ်(၁၀၃)မှာ
ခေတ်ကာလကိုတိုင်တည်ပြီး အလ္လာဟ်က အစ္စလာမ်လူ့အဖွဲ့အစည်းကို အခုလိုလမ်းညွှန်ထားပါတယ်။ “လူသားဟာ ဆုံးရှုံးမှုထဲမှာ နစ်မြောတတ်ပါတယ်။ သစ္စာတရားကိုလက်ကိုင်ပြု၊ အခက်အခဲအကျပ်အတည်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စုစည်းညီညွတ်စွာ ဆွေးနွေးတိုင်ပင်လျက် လောကကောင်းကျိုးကို ဆောင်ရွက်သူများသာ ဆုံး ရှုံးမှု ၀ဲဂယက်ထဲက လွတ်မြောက်ပါမယ် ” … တဲ့။
ကျွန်တော်တို့အားလုံး အစ္စလာမ်လူ့အဖွဲ့အစည်းကြီးကို မြှင့်တင်ပေးနိုင်တဲ့ မွတ်ဆလင်မ်၊ မုအ်မင်များဖြစ် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ ။