အစ္စလာမ်နှင့်လွတ်လပ်စွာတွေးခေါ်သူများ (အပိုင်း – ၃) Islam and Freethinkers (3) မုဖ်သီဦးစန်းအောင် (B.Sc)
အစ္စလာမ်နှင့်လွတ်လပ်စွာတွေးခေါ်သူများ (အပိုင်း – ၃)
Islam and Freethinkers (3)
မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့ (၁၈-၁၁-၂ဝ၁၆) ယောင်မွလ်ဂျုမုအာဟ်သောကြာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြု ရန် ကြွရောက်လာကြတဲ့ ဂျမာအသ်သားများခင်ဗျား
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု
ဒီကနေ့ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်ကတော့ ကျွန်တော်အခန်းဆက်တင်ပြနေတဲ့ “အစ္စလာမ်နှင့်စဉ်းစား တွေးခေါ်သူများ” အပိုင်း(၃)ကို ဆက်လက်တင်ပြသွားပါမယ်။ ဒီကနေ့ ကျွန်တော်တင်ပြမယ့်အပိုင်းမှာတော့ အစ္စလာမ့်သမိုင်းမှာ Freethinker လို့ခေါ်တဲ့ လွတ်လပ်စွာဆင်ခြင်တွေးခေါ်မှုပြုခဲ့ကြသူတွေ အများအပြားရှိခဲ့တယ် ဆိုတဲ့အပိုင်းကိုတင်ပြသွားပါမယ်။
ဒီသမိုင်းကြောင်းကိုမတင်ပြခင်မှာ ခွတ္တဗာဟ်ရဲ့နိဒါန်းပိုင်းမှာ ကျွန်တော်ရွတ်ဖတ်ပြခဲ့တဲ့ ကုရ်အာန် (ရး၁၈၅)ကို ဦးစွာရှင်းလင်းတင်ပြပါရစေ။
“သင်တို့သည် အနန္တစကြာဝဠာနှင့် ကမ္ဘာဂြိုဟ်၏ အချုပ်အခြာအာဏာအား ပိုင်စိုးတော်မူခြင်းကိုသော်လည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်၏ စီရင်ဖြစ်ထွန်းစေထားသော အရာအလုံးစုံကိုလည်းကောင်း၊ သူတို့(လူသား) အတွက် သတ်မှတ်ထားသော အချိန်ကာလသည် နီးကပ်လာပြီဖြစ်သည်ကိုသော်လည်းကောင်း မတွေ့မမြင် ဆင်ခြင်သုံးသပ်မှု မပြုလုပ်ကြလေသလော။
သို့ဖြစ်ရာ ဤကုရ်အာန်ကျမ်းတော်မြတ်၏နောက်ဝယ် မည်သည့်ဟဒီးစ်သတင်းစကားကို အီမာန်သက်ဝင် ယုံကြည်ကြပါဦးမည်နည်း။” (ကုရ်အာန် ရး၁၈၅)
ဒီအာယသ်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အလ္လာဟ်အရှင်မြတ်က ယုံကြည်သူ ‘မုအ်မင်န်’ တွေကို အနန္တ စကြဝဠာတစ်ခွင်တစ်ပြင်နဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ မိမိတို့လက်လှမ်းမီသလောက် လေ့လာပြီးစူးစမ်းသုံးသပ်လေ့လာဖို့ အမိန့်ပေးထားတယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်စီရင်ဖြစ်ထွန်းစေတဲ့အရာအားလုံး အပေါ်မှာလည်း တစ်ခုချင်းအလိုက်လေ့လာဆည်းပူး သုံးသပ်ဆင်ခြင်ကြဖို့ ပြဌာန်းထားပါတယ်။
အစ္စလာမ့်သမိုင်းမှာ Islamic Freethinkers တွေ ရာနှင့်ချီပြီးပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်တို့သုံးသပ်ပြီးနားလည်သဘောပေါက်ရမဲ့ အချက်တစ်ချက်တော့ရှိပါတယ်။ ဒီအချက်က မေးခွန်းတစ်ရပ် အသွင်နဲ့ရှိပါတယ်။ မေးခွန်းက Islamic Freethinker တစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ဘယ်လိုအနက်ဖွင့်ဆိုကြမလဲ။ သူ့ကိုဘယ်လိုပေတံနဲ့တိုင်းတာကြမလဲ။ အကယ်၍ လူတစ်ယောက်ဟာ ရှိရင်းစွဲလက်ခံထားတဲ့ ယူအဆတစ်ရပ် ဒါမှမဟုတ် ယုံကြည်ချက်တစ်ရပ်နေရာမှာ ထူးကဲဆန်းကြယ်တဲ့ အယူအဆတစ်ရပ်ကို ဖော်ထုတ်တင်ပြနိုင်ရုံနဲ့ Freethinker တစ်ယောက်ဖြစ်သွားနိုင်ပါ၏လော။ ဒါမှမဟုတ် လူအများစုက ကျင့်သုံးနေတဲ့၊ ယုံကြည်နေတဲ့အရာတွေကို ‘ဒါတွေဟာ မှားယွင်းနေပါတယ်’ လို့ိဆိုပြီး ပြောဆိုနေကြရုံမျှနဲ့ Freethinker တစ်ယောက်ဖြစ်နိုင်ပါသလား။ အမှန်တကယ်တော့ ဒါလောက်နဲ့တင် Freethinker တစ်ယောက်အဖြစ်သတ်မှတ်လို့ မရပါဘူး။ ဒါဟာ Freethinker တစ်ယောက်ရဲ့ အရည်အချင်းမဟုတ်ပါ ဘူး။ ဒါမျိုးက ရမ်းသမ်း၊ ရမ်းတုတ်ပြောဆိုနေခြင်းသာဖြစ်ပါတယ်။
Islamic Freethinker ဆိုတာက သူ့ရဲ့အိုင်ဒီယာတစ်ခုဟာ လက်ရှိမူလရှိရင်းစွဲ အယူအဆတစ်ရပ်၊ ဒါမှမဟုတ် ယုံကြည်ချက်တစ်ရပ်ကို ထောက်ခံအတည်ပြုတာလည်း ဖြစ်နိုင်သလို ဆန့်ကျင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Freethinker တစ်ယောက်ရဲ့သုံးသပ်တွေးခေါ်မှုအပေါ်က ရရှိလိုက်တဲ့ ရလာဒ်တစ်ရပ်ဟာ လူ့အဖွဲ့အစည်းထဲမှာ သဘာဝကျကျ၊ အခြေအမြစ်ကျကျ အချိန်ကာလတစ်ရပ်အထိတော့ အသုံးပြုနိုင်ရပါမယ်။ လူ့အဖွဲ့အစည်းဝင်တွေအတွက် ရှင်းလင်းပြတ်သားရပါလိမ့်မယ်။ ဇဝေဇဝါဖြစ်လို့မရပါဘူး။ ပြီးတော့ ကျမ်းမြတ်ကုရ် အာန်ရဲ့ ဥပဒေသတွေ၊ ပြဌာန်းချက်တွေနဲ့ကိုက်ညီမှုရှိပြီး လက်တွေ့ဆန်ဖို့လိုအပ်ပါလိမ့်မယ်။ အထောက်အထား ပြတဲ့အခါမှာ ခိုင်မာတိကျမှုရှိရပါလိမ့်မယ်။ မသေချာ၊ မရေရာတဲ့သဘောကို ဆောင်လို့မရပါဘူး။ မေးခွန်းထုတ်လာ တဲ့အပေါ်မှာ စောဒကတက်လာတဲ့အပေါ်မှာ ခိုင်မာတိကျမှုရှိရပါလိမ့်မယ်။ မသေချာ မရေရာတဲ့သဘောကို ဆောင်လို့မရပါဘူး။ မေးခွန်းထုတ်တဲ့အပေါ်မှာ စောဒကတက်လာတဲ့အပေါ်မှာ ခိုင်ခိုင်မာမာ လက်တွေ့ကျကျဖြေ ရှင်းပြနိုင်ရပါမယ်။ ဆိုလိုတာက ဒီဟာမဟုတ်ဘူးဆိုရင် ဟုတ်တာဘာလဲဆိုတာကို ခြေခြေမြစ်မြစ်ချပြနိုင်ရပါမယ်။
အစ္စလာမ့်သမိုင်းမှာ Freethinker တွေအများအပြားပေါ်ထွန်းခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေအားလုံးလိုလိုမှာ အခြေခံတူညီတဲ့အချက်တစ်ချက်တော့ရှိပါတယ်။ အဲဒါကတော့ အစ္စလာမ့် Freethinkers တွေအားလုံးလိုလိုဟာ Authoritarianism လို့ခေါ်တဲ့ အာဏာရှင်ပုံစံအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ဝေဖန်ခဲ့ကြပါတယ်။ ဥပမာ (၈)ရာစု လောက်မှာတော့ အစ္စလာမ့်နယ်ပယ်တော်တော်များများမှာ ရှရီအာဥပဒေ ဆိုတာက ပုံစံတစ်ခုအနေနဲ့ ပုံသွင်းခံတည်ရှိနေ ပြီးဖြစ်ပါတယ်။ ဒီအချိန်မှာ ပါရှန်းစာရေးဆရာ တွေးခေါ်ပညာရှင်တစ်ဦးဖြစ်သူ ‘အိဗ်နေမုကဖ်ဖါ’ က –
“ဒီလို ရှရီအာဟ်ဥပဒေကို ပြည်သူတွေအကြားမှာ ရိုက်သွင်းလိုက်တာဟာ အုပ်ချုပ်သူဘုရင်နှင့် ဘာသာ ရေး ဆရာကြီးများက သူတို့ရဲ့သြဇာအာဏာကို ပြည်သူတွေအကြားမှာ ဖိနှိပ်အုပ်ချုပ်နိုင်ရေးစွမ်းအင်တစ်ရပ်ဖြစ်လာ အောင်သေသေချာချာ အသုံးချလာတာပဲဖြစ်တယ်” ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ မွတ်ဆလင်မ် Freethinker တစ်ယောက်ဖြစ်ပါတယ်။
နောက်ထပ်နာမည်ကျော်ပညာရှင် မွတ်ဆလင်မ် Freethinker သမားတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံရသူကတော့ ‘ရေဟန်အလ်ဘိရုနီ’ (Ray့han Al-Biruni)ဖြစ်ပါတယ်။ သူကဘာပြောခဲ့လဲဆိုရင် –
‘အရာရာကို မေးခွန်းထုတ်တတ်ဖို့ လိုတယ်။ ဘာသာရေးကစပြီး ဒဿနိကဗေဒလို့ခေါ်တဲ့ Philosophy အထိကို ဆန်းစစ်မေးခွန်းထုတ်ရမှာဖြစ်တယ်။ ဝေဖန်လေ့လာသုံးသပ်မှုတွေကို လေးစားတန်ဖိုးထားဖို့လိုပါတယ်။ နောက်ဆုံးဘာသာတရားတစ်ခုရဲ့ အဆိုအမိန့် တစ်ရပ် ဖြစ်နေပါစေ။ စဉ်းစားတွေးခေါ်သုံးသပ်ပြီးမှ လက်ခံဖို့လိုအပ်ပါတယ်၊’ လို့ သူကထုတ်ဖော်ကြေညာခဲ့ပါ တယ်။
သဘာဝသိပ္ပံဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ အဘူဘကရ်အလ်ရာဇီ (Abu Bakr Al-Razi) ကဆိုရင် –
“ကျိုးကြောင်း ဆီလျော်မှုမရှိ၊ ဆင်ခြင်သုံးသပ်မှုမရှိတဲ့ အစ္စလာမ်ဆိုရင်တော့ ဘာတန်ဖိုးမရှိမှာမဟုတ်ဘူး၊” လို့ ပြောခဲ့ပါတယ်။
(၁၂)ရာစုမှာပေါ်ထွန်းခဲ့တဲ့ မွတ်ဆလင်မ်ဒဿနိကပညာရှင်ကြီး အိဗ်နေရုရှ်ဒ်(Ibn Rushd)ဆိုရင် သူ့ရဲ့ ဒဿနတွေက ဥရောပတိုက်အထိကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူကဘာပြောသလဲဆိုရင် –
“ယုံကြည်မှုဆိုတဲ့အကြောင်းတရားကို ဆင်ခြင်သုံးသပ်ခြင်းရဲ့ အခြေခံသဘော(Basic of Reason)နဲ့ အထောက်အထားခိုင်မာစွာ ပြသနိုင်မှုအပေါ်မှာပဲ မူတည်ဆုံးဖြတ်သင့်ပါတယ်။”
အခုအထက်မှာ ကျွန်တော်တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အစ္စလာမ့်သမိုင်းမှာ နာမည်ကျော်ကြားခဲ့သော Freethinkers တွေပါ။ သူတို့ရဲ့တွေးခေါ်မြော်မြင်မှုသုံးသပ်ပုံတွေက ပရမ်းပတာမဟုတ်ပဲ အင်မတန်မှစနစ်ကျတဲ့ အတွက် ကမ္ဘာပေါ်မှာ နာမည်ကျော်မွတ်ဆလင်မ် Freethinkers ကြီးများအဖြစ် အသိအမှတ်ပြုခံခဲ့ရတာပါ။
ဒီကနေ့အထိ မွတ်ဆလင်မ်လောကမှာ နာမည်ကျော်ကြားခဲ့တဲ့ မွတ်ဆလင်မ် Freethinker အချို့ကို ဖော်ထုတ် တင်ပြပါရစေ။ ကျွန်တော်တင်ပြမဲ့ ဒီပုဂ္ဂိုလ်ကြီးများက ကျွန်တော့သဘောနဲ့ ကျွန်တော်တင်ပြတာမဟုတ်ဘဲ ယနေ့ အစ္စလာမ်ကမ္ဘာမှာ အများစုက လက်ခံသတ်မှတ်ပေးထားတာပါ။ ပထမဦးဆုံးသော မွတ်ဆလင်မ် Freethinker အဖြစ် အသိအမှတ်ပြုခံခဲ့ရသူကတော့ ‘ဟဇရသ်အုမ္မရ်’ (ရဒွီ) ဖြစ်ပါတယ်။ အစ္စလာမ့်ဒုတိယသမ္မတကြီးအဖြစ် တာဝန်ယူ ခဲ့ပါတယ်။ သမ္မတကြီး ဟဇ်ရသ်အုမ္မရ် (ရဒွီ)ရဲ့ ဘဝကိုလေ့လာကြည့်မယ်ဆိုရင် သူ့ဘဝကိုသူဘယ်လို တိုးတက် အောင်ဆောင်ရွက်ခဲ့တယ်၊ ဘယ်လိုဉာဏ်အမြော်အမြင်တွေနဲ့ ဆင်ခြင်သုံးသပ်သလဲဆိုတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
ဆက်လက်ပြီး လေ့လာနိုင်အောင် မွတ်ဆလင်မ် Freethinker အချို့ကိုအနည်းငယ်တင်ပြပါရစေ။ ခါလိဒ် ဘင်အလ်- ဝလီဒ်း (Khalid Ibn Al-Walid)ကို Freethinker တစ်ယောက်အဖြစ်လက်ခံထားသလို သူဟာ အင်မတန်မှ တော်တဲ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
နောက်ပြီး မွတ်ဆလင်မ်ဖိကာပညာရှင်ကြီးများဖြစ်ကြတဲ့ အေမမ်အဘူဟနီဖာ၊ အေမာမ်မာလီက်း၊ အေမာမ် ရှာဖီအီ၊ အေမာမ် ဟမ်ဗလီတို့ကိုလည်း မွတ်ဆလင်မ် Freethinkers များအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီ အေမာမ်ကြီးတွေဟာ သူတို့ခေတ် သူတို့အခါမှာ အစ္စလာမ့်ရေးရာများနဲ့ပတ်သက်ပြီး နက်နက်နဲနဲကို စဉ်းစားတွေး ခေါ်သုံးသပ်သွားကြသူ Freethinkers ကြီးတွေဖြစ်ကြပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ရပ်ကို မီးမောင်းထိုးပြ ချင်ပါတယ်။ မွတ်ဆလင်မ် Freethinker တွေဟာ သူတို့ရဲ့ခေတ်အခါမှာ သက်ဆိုင်ရာ ဘာသာရေးဆရာကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ကြုံတွေ့ရပါတယ်။ ဝေဖန်အပုပ်ချမှုကို ခံရပါတယ်။ ကာဖိရ်ဆိုတဲ့ ဖတ္တဝါပေးမှုကိုလည်း ခံခဲ့ရပါတယ်။ ဘာသာရေးဆရာကြီးများရဲ့ သက်ဆိုင်ရာအုပ်ချုပ်သူအပေါ် ခြေထိုးခဲ့မှုကြောင့် အကျဉ်းကျခံရသူ တွေ အသတ်ခံရသူတွေရှိပါတယ်။ မွတ်ဆလင်မ်အများပြည်သူနဲ့ Freethinker တွေအကြားမှာ ဘာသာရေး အာဏာပိုင်တွေက သွေးခွဲရန်တိုက်ပေးမှုတွေရှိခဲ့ပါတယ်။ အဲဒီတော့ ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုရင်တော့ မွတ်ဆလင်မ် Freethinker တွေရဲ့ဘဝဟာကြမ်းတမ်းလွန်းလှပါတယ်။ သူတို့ကွယ်လွန်ပြီးမှပဲ သူတို့ရဲ့အကြောင်း တွေ၊ သူတို့ရဲ့နာမည်တွေကို လူတွေကအမှတ်တရဂုဏ်ပြုခွင့်ရခဲ့ပါတယ်။ ဒီအချက်ကို အကျယ်တဝင့်သိလိုတယ် ဆိုရင်တော့ ‘ကာဖိရ်ဖတ္တဝါ၏ အနိဌာရုံမှတ်တမ်း’ ဆိုတဲ့ စာစဉ်လေးမှာလေ့လာနိုင်ပါတယ်။
လက်ရှိအနေအထားမှာလည်း မွတ်ဆလင်မ် Freethinker တွေဟာ ဖိနှိပ်မှုခံနေရတာတွေရှိပါတယ်။ ဥပမာ တစ်ခုကိုတင်ပြရမယ်ဆိုရင် မကြာခင်သောနှစ်တွေမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ဘလော့ဂ်ဂါ (Blogger) တစ်ဦးဖြစ်သူ ‘ရာအီဖ်းဘာဒါဝီ’ (Raif Badawi) ဆိုသူဟာ လက်ရှိအနေအထားတစ်ရပ်ကို ဝေဖန်သုံးသပ်ခဲ့တဲ့ အတွက် ထောင်ဒဏ် (၁ဝ)နှစ်နဲ့ ကြိမ်ဒဏ်(၁ဝဝဝ) ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ဒါပေမယ့် ကြိမ်ဒဏ် (၅ဝ) ရိုက်ခံပြီးတဲ့အခါမှာ ဆက်ပြီးအရိုက်ခံ နိုင်တဲ့အနေအထားမရှိသေးတဲ့အတွက် ဆေးခွင့်နဲ့ကြိမ်ဒဏ်အနားပေးခံထားရပါတယ်။ ဒီကြိမ်ဒဏ်ကို ထောင်(၁ဝ)နှစ်ကျခံနေရတဲ့အချိန်မှာပဲ ပထမပိုင်း(၅)လ ကာလအတွင်းမှာ အချက်(၁ဝဝဝ) အရိုက်ခံရဖို့ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ လူ့အခွင့်အရေးသမားတွေကတော့ ဝေဖန်ချက်တစ်ရပ်အပေါ်မှာ ထောင်(၁ဝ)နှစ်နဲ့ ကြိမ်ဒဏ်(၁ဝဝဝ)ဆိုတာ အင်မတန်မှ ပြင်းထန်တဲ့ မျှတမှုမရှိတဲ့ ပြစ်ဒဏ်အဖြစ်ကန့်ကွက်လျက်ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အလျဉ်းသင့်လို့ အချက်တစ်ချက်ကို တင်ပြလိုပါတယ်။ မွတ်ဆလင်မ်နိုင်ငံ အချို့မှာ Blasphemy လို့ခေါ်တဲ့ မိမိယုံကြည်တဲ့ဘာသာတရားကို တစ်စုံတစ်ရာဝေဖန်ခဲ့မယ်ဆိုရင် Apostasy လို့ခေါ်တဲ့ မိမိယုံကြည်တဲ့ဘာသာတရားကနေ စွန့်ခွာသွားမယ်ဆိုရင်၊ ဥပမာ မွတ်ဆလင်မ် တစ်ယောက်ဟာ ဘာသာပြောင်းသွားရင် သေဒဏ်ပေးရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါဟာ ရှရီအာဟ် ဥပဒေဖြစ်တယ်လို့ အခိုင်အမာပြောဆိုကြပါတယ်။
အစ္စလာမ့်ရှရီအာဟ်ဥပဒေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန် (၁၈း၂၉)မှာ ဒီလိုပြဌာန်းထား ပါတယ်။
“သင်တမန်တော် ကြေညာလိုက်ပါ။ ပကတိသစ္စာတရား၊ အမှန်တရားသည် သင်တို့ကိုပြုစုပျိုးထောင် တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ယင်းသစ္စာတရား၊ အမှန်တရားကို ယုံကြည်လိုက ယုံကြည်ပါစေ။ မည်သူမဆို ယင်းသစ္စာတရား၊ အမှန်တရားကို ငြင်းပယ်လိုကငြင်းပယ်ပါစေ…” (ကုရ်အာန် ၁၈း၂၉)
ဒီအာယသ်တော်အရဆိုရင် ပကတိသစ္စာတရား အမှန်တရားဆိုတာ အလ္လာဟ်အရြှင်မတ်ထံကဖြစ်တယ်။ မည်သူမဆို ယုံကြည်လိုက ယုံကြည်ပါ။ ငြင်းပယ်လိုက ငြင်းပယ်ပါ။ ယုံကြည်သူဟာ ယုံကြည်ခြင်းရဲ့ အကျိုးဆက် ကို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုယုံကြည်ခြင်းနဲ့ ငြင်းပယ်ခြင်းရဲ့အကျိုးဆက်တွေကို အလ္လာဟ်အရှင်မြတ်က ကြိုတင် စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒီအကျိုးဆက်ကို ဖန်တီးဖို့၊ စီမံကွပ်ကဲဖို့ ဘယ်လူသားတစ်ဦးတစ်ယောက်ကိုမှ အလ္လာဟ်အရှင်မြတ်က တာဝန်ပေးခန့်အပ်ထားခြင်းမရှိပါဘူး။ တနည်းပြောရရင် ဒီအာယသ်တော်က ပြောနေတာ က “ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ပြန်ရကြလိမ့်မယ်။”ဆိုတဲ့ သဘောမျိုးပါ။ ဒါကြောင့် ဒီကနေ့ Anti – Muslim အုပ်စုတွေက စွပ်စွဲနေသလို အစ္စလာမ့်ရှရီအာဟ်ဥပဒေအရ Apostasy လို့ခေါ်တဲ့ လူတစ်ယောက် ဟာ မိမိရဲ့မူလယုံကြည်ချက်ကို စွန့်ခွာသွားမယ်ဆိုရင် တနည်းအားဖြင့် အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ အစ္စလာမ် ကို ကျောခိုင်းသွားမယ်ဆိုရင် သေဒဏ်အမိန့်ချမှတ်ပြီး သတ်ပစ်ရမယ်ဆိုတာဟာ မှားယွင်းတဲ့စွပ်စွဲချက်တစ်ရပ်ပါ။
ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဘယ်နေရာမှာမှ ဒီအမိန့်မရှိပါဘူး။
ဒီတစ်ပါတ် ခွတ္တဗာဟ်ရဲ့နိဂုံးပိုင်းမှာ ကျွန်တော်တင်ပြချင်တာကတော့ မွတ်ဆလင်မ် Freethinker များဟာ လွတ်လပ်စွာတွေးခေါ်တယ်ဆိုတဲ့နေရာမှာ နည်းစနစ်တစ်ခု ဒါမှမဟုတ်စနစ်ကျသော နည်းလမ်းတစ်ရပ်အပေါ်မှာ Thinking တွေးခေါ်စဉ်းစားကြတာပါ။ သူတို့ရဲ့တွေးခေါ်စဉ်းစားမှုအပေါ်က ရရှိလာတဲ့အကျိုးဆက် Idea ဟာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အနှေးနဲ့ အမြန်ဆိုသလို အချိန်ကာလတစ်ခုမှာ လူ့အဖွဲ့အစည်းတစ်ရပ်ကို (Change) ပြောင်းလဲသွားစေပါတယ်။ မွတ်ဆလင်မ် Freethinker တွေဟာ မဲမဲမြင်လိုက်ခွေ့နေတဲ့ ကျွဲများကဲ့သို့ ရှိသမျှအရာတွေကို၊ ရှေးယုံကြည်ချက်တိုင်းကို လိုက်ပြီး တိုက်ခိုက်နေသူများမဟုတ်ပါ။ ကျုမ်းမြတ်ကုရ်အာန်နဲ့ မလျော်ကန်တဲ့စနစ်တွေ၊ အယူအဆတွေ၊ အယူသည်းမှုတွေ၊ ယုံကြည်ချက်တွေကို မီးမောင်းထိုးပြပြီး၊ အပြောင်း အလဲတစ်ရပ်ကိုဖော်ဆောင်ပေးနေတာပါ။ ‘မင်းတို့ပြောနေတာတွေ မင်းတို့လုပ်နေတာတွေ မင်းတို့ယုံကြည်ထားတာ တွေဟာမမှန်ဘူး’ လို့ပြောဆိုပြီး မိမိကိုယ်တိုင်လည်း အမှန်ဘာလဲဆိုတာကို အများမွတ်ဆလင်မ်ကို ခိုင်ခိုင်မာမာ မချပြနိုင်ဘူးဆိုရင် သူဟာ Freethinker တစ်ယောက်မဖြစ်နိုင်သေးပါဘူး။ ဝေဖန်၊ လေကန်ရေးသမား အဆင့်ပဲရှိပါ လိမ့်မယ်လို့ ပြောကြားရင်း ဒီတစ်ပါတ်ခွတ္တဗာဟ်ကို နိဂုံးချုပ်လိုက်ပါတယ်။
