အစ္စလာမ် နှင့် ဝဟီ (အပိုင်း-၂) ကုရ်အာန်သုတေသီ ဦးတင်ဝင်း(LL.B)

အစ္စလာမ် နှင့် ဝဟီ (အပိုင်း-၂)

ကုရ်အာန်သုတေသီ ဦးတင်ဝင်း(LL.B)

“လေးစားအပ်ပါသော ကြွရောက်လာကြသည့် လူကြီးမင်းများခင်ဗျား”

ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျူမုအာဟ်မှာ အေးချမ်းတည်ငြိမ်စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုခွင့် ရရှိတဲ့အပေါ်မှာ ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုရမှာဖြစ်ပါတယ်။ “အလ်ဟမ်ဒုလိလ္လာဟ်” ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ကို အရဗီဘာသာစာပေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို အခြေခံကစပြီး စနစ်တကျ နားလည်တတ်ကျွမ်းလာအောင် ပညာသင်ပေးခဲ့ကြတဲ့ ဆရာများအားလုံးကိုလည်းကောင်း၊ ကြွရောက်ချီးမြှင့်အားပေးကြတဲ့ လူကြီးမင်းများကိုလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

“အတ်စလားမု အလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ၊ ဝဗရကာသုဟု”

ကျွန်တော်အနေနဲ့ ဒီအပါတ်မှာ တင်ပြမှာကတော့ “ အစ္စလာမ်နှင့်ဝဟီ(ဒုတိယ)အပိုင်း ”ကို ဆက်လက်တင်ပြ ဆွေးနွေးသွားပါမယ်။ အစ္စလာမ်နှင့်ဝဟီ ပထမပိုင်း ကို (၂၀-၉-၂၀၁၉)သောကြာနေ့မှာ တင်ပြ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အများကြီးရှိပါတယ်။ ဒါကို တချို့က နားလည်ကြပေမယ့်၊ တချို့က ကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာပေါ်မှာ ဇဝေဇဝါ ဖြစ်သွားတာမျိုး တွေ့ရပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ဦးစွာ ဆွေးနွေးပေးသွားပါမယ်။ ပြီးခဲ့တဲ့ ခွတ္တဗာဟ်မှာ ကျွန်တော်က မေးခွန်းထုတ်ခဲ့ပါတယ်။ တမန်တော်နဲ့ ကုရ်အာန်က ဘယ်သူက ဆရာလဲ။ အဲဒီလို အသုံးအနှုံးကို နားထောင်ပြီး တမန်တော်ဟာ ငါတို့ဆရာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးဝင်သွားကြတယ်။ ဒါပေမယ့်၊ ကျွန်တော်ရဲ့ ခွတ္တဗာဟ်ကို လူကြီးမင်းတို့ အစအဆုံး နားထောင်ခဲ့မယ်ဆိုရင် ကျွန်တော်ဘာကို ရည်ရွယ်သလဲဆိုတာကို သေခြာပေါက် သိမှာပါ။ သို့သော် အဲ့ဒီစကား တစ်ခွန်းဘဲပါတာမဟုတ်ဘူး။

            တမန်တော်နဲ့ ကုရ်အာန်ဟာ ဘယ်သူက ဆရာလဲ။ ဘယ်သူက ရှေ့ကလည်းဆိုတာကို တဆက်တည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို တချို့က ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန်တော် ဘယ်သူက ဆရာလဲ။ ဒါဆိုရင် တမန်တော်က မလိုအပ်တော့ဘူးတဲ့လား။ တမန်တော်ဟာ ငါတို့ရဲ့ ဆရာမဟုတ်ဘူလား။ ကျွန်တော့်ရဲ့ခွတ္တဗာဟ်ကို အစအဆုံး သေသေခြာခြာ နားထောင်မယ်ဆိုခဲ့ရင် သဘောပေါက်မှာဖြစ်ပါတယ်။ ကျွန်တော်က တမန်တော်နဲ့ ကုရ်အာန်ကို နှိုင်းယှဉ်ပြီး မေးခွန်းထုတ်သွားတာ။ တမန်တော်နဲ့ ကုရ်အာန်ဟာ ဘယ်သူကငါတို့ရဲ့ဆရာလည်းဆိုပြီး မေးသွားတာ မဟုတ်ဘူး။ တမန်တော်ဟာ ကျွန်တော်တို့ရဲ့ဆရာမဟုတ်ပါဘူးလို့ လုံးဝ(လုံးဝ)မပြောခဲ့ပါဘူး။  တမန်တော်ဟာ မွတ်စလင်မ် တွေ အားလုံးရဲ့ ဆရာဖြစ်တယ်။ အဲ့ဒီအပေါ်မှာ အငြင်းမဝင်ပါဘူး။ ကျွန်တော်ပြောတာ ကုရ်အာန်နဲ့တမန်တော်။ ဘယ်သူက ရှေ့မှာရှိနေလဲ။ ဘယ်သူက သြဇာလွှမ်းမိုးနေလဲ။ ဘယ်သူက ထိပ်မှာရှိနေသလဲ။ အဲ့ဒါကို မေးတာဖြစ်ပါတယ်။

ဒါကို တမန်တော်က ကုရ်အာန်ရဲ့အထက်မှာ ရှိတယ်လို့ တစ်စုံတစ်ယောက်က ပြောလာရင် ဒါက ကျွန်ကေုရ်အာန်ဆိုတာက အဲ့ဒီ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့အပေါ်ကို အလ္လာဟ်အရှင်မြတ်ထံပါးကဝဟီအားဖြင့်ချပေးခဲ့တာ။ အလ္လာဟ်အရှင်မြတ် ချပေးတဲ့ အလ္လာဟ်ရဲ့ဝဟီအောက်မှာ တမန်တော်က အလုပ်လုပ်ရတယ်။ အဲ့ဒီဝဟီဆိုတာက အလ္လာဟ်သတ်မှတ် ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်း၊ စည်းမျဉ်း အခြေခံဥပဒေသာဖြစ်တယ်။ တိုင်းပြည်တစ်ပြည်မှာ၊ ဒေသတစ်ခုမှာ လူ့အဖွဲ့အစည်း တစ်ရပ်မှာ သတ်မှတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေဟာ အသက်ဘဲ ဖြစ်ပါတယ်။ ဘယ်ဝန်ကြီး တက်တက်၊ ဘယ်သမ္မတ တက်တက်၊ သတ်မှတ်ပြဌာန်းထားပြီးဖြစ်တဲ့ အခြေခံဥပဒေကို ကျော်လို့မရဘူး။ ဒီလိုဘဲ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည်ဘဲလည်း အလ္လာဟ်အရှင်ချပေးခဲ့တဲ့ ဝဟီကုရ်အာန်ကို ကျော်လွန်ပြီး တမန်တော်ဆိုတဲ့ Authority ကို သုံးလို့မရဘူး။ သုံးခွင့်ပေးမထားဘူး။ သူက ကုရ်အာန်ကို လွှမ်းမိုးပြီး သူ့စိတ်ကြိုက် ဖြုတ်လို့ ပြင်လို့၊ တိုးလို့ ချဲ့လို့ ဖြည့်လို့ မရဘူး။ ဒါကို ကျွန်တော်က ဆိုလိုရင်းဖြစ်ပါတယ်။

ကုရ်အာန်ရဲ့အောက်ကနေဘဲ ကုရ်အာန်ရဲ့ညွှန်ကြားချက်အတိုင်း တမန်တော်က အလုပ်လုပ်သွားတယ်ဆိုတာ ကျွန်တော်ပြောချင်တာ။ ကျွန်တော်က တစ်စုံတစ်ခုသောအရာကို လက်ညှိုးထိုးပြခဲ့တယ်။ အဲ့ဒီထိုးပြခဲ့တဲ့အရာကို ကျွန်တော်တို့က ကြည့်ရမှာ။ ကိုတင်ဝင်း ဘယ်အရာဝတ္ထုကို လက်ညှိုးထိုးပြခဲ့သလဲ ကြည့်ရမှာ။ ကျွန်တော်ထိုးပြခဲ့တဲ့ လက်ညှိုးကိုကြည့်ပြီး ကိုတင်ဝင်း လက်ညှိုး တိုတယ်၊ ရှည်တယ်၊ ဖြောင့်တယ်၊ ကောက်တယ် ဝေဖန်နေလို့တော့ မရဘူး။

ကျမ်းေ“၎င်းပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယသ်တော်များကို ဖတ်ကြားခဲ့သောအခါ၊ ငါအရှင်မြတ်နှင့် တွေ့ဆုံရန်မမျှော်လင့်သောသူတို့က (အသင်သည် ဤမှတပါး အခြားကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ ပေးပါလေ)ဟု ပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ၊ (အချင်းတို့)ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ၏ စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံ ညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ငါသည် မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကြယ်သော (ကိယာမသ်)နေ့၏ အပြစ်ဒဏ်ကို ငါစိုးရိမ်မိသည်။” (၁၀း၁၅)

(ဝအိဇာ သုလ်လာ အလိုင်းဟင်မ် အာယာသုနာ၊ ဗိုက်ယိနသ်) ငါ အလ္လာဟ်အရှင်မြတ်ရဲ့ ထင်ရှားရှင်းလင်းပြီး ဖြစ်သောအာယသ်(သက်သေလက္ခဏာတော်)များကို ၎င်းတို့အပေါ်မှာ ဖတ်ကြား ပြသတဲ့အခါမှာ . . .(ကာလာလ်လဇီးန၊ လာယရ်ဂျူန၊ လိကာအနာအ်သေ၊ ဗေကုရ်အာနီန်၊ ဂိုင်းရိ ဟာဇာ၊ အောင်ဗဒ်ဒီလ်ဟု) “ငါအရှင်မြတ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ချက် မရှိတဲ့ လူတွေက အခုလိုပြောကြတယ်။ ဟောဒီ ကုရ်အာန်အပြင် (ကုရ်အာန်ကိုဖယ်ပြီး) နောက်ထပ် ကျမ်းတစ်စောင်၊ ကုရ်အာန်နဲ့ အလားတူရှိရင် ယူလာပါ။ သို့တည်းမဟုတ် (ငါတို့လိုချင်တာတွေကို ဖြည့်ပေး၊ မလိုတာတွေကိုဖြုတ်ပေး) ဗဒ်ဒီလ်၊ အပြောင်းအလဲဖြစ်သွားအောင် တောင်းဆိုကြတယ်။ ” ကုရ်အာန်ကို ပြင်ပေးဖို့ တမန်တော်ကို တောင်းဆိုကြတာ။ အာယသ်က ဆက်ပြောထားပါတယ်။

“(ကုလ်) အို တမန်တော် အသင်ပြောလော့၊ ကြေညာလော့၊ (အလ္လာဟ်က တမန်တော်ကို တိုက်ရိုက်အမိန့်ပေး ပါတယ်။) ” (မာ ယကူနု လီအန်န်၊ အုဗဒ်ဒိလဟု၊ မီန်သီလ်ကာအိ နဖ်စီ) “ကုရ်အာန်ကို ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ထုတ်၊ အပြောင်းအလဲလုပ်ဖို့ ငါတမန်တော်ထံမှာ Authority အခွင့်အာဏာ တစ်စုံတစ်ရာ မရှိပါ။” ဆက်လက်ပြီး (အင်န် အသ်သဗိအု အိလ္လာဟ်မာယူဟာ အိလိုင်ယ) “ငါတမန်တော်အပေါ်ကို ထုတ်ပြန်ပို့ချပေးလိုက်တဲ့ ဝဟီ(ကုရ်အာန်)ကိုဘဲ၊ ငါတမန်တော်ဟာ (အိသ်သေဗာ) ဖဝါးခြေထပ် ထက်ကြပ်မကွာလိုက်နာ ကျင့်သုံးပါတယ်။ ” တမန်တော်ရဲ့ ခံဝန်ချက်ဖြစ်ပါတယ်။ တမန်တော် ဘာကျင့်သုံးလဲ၊ အလ်ကုရ်အာန်။ (အင်န်နိ၊ အခါဖု၊ အင်န် အဆွိုင်းသု၊ ရဗ္ဗီ၊ အဇာဗ ယောင်မီန် အဇွင်းမ်) “ငါတမန်တော် (ခေါင်ဖ်) ကြောက်တယ်။” တမန်တော်က ကြောက်တယ်လို့ ပြောတယ်။ အစ္စလာမ်မှာ အမြင့်ဆုံးတမန်တော် တစ်ပါးက ကြောက်တယ်လို့ ပြောပါတယ်။ မုအ်မင်န်တွေရဲ့ခေါင်းဆောင်၊ ဘာကို ကြောက်တာလဲ။

“ အကယ်၍များ အလ္လာဟ်အရှင်မြတ်ရဲ့ဝဟီ ကုရ်အာန်ကို တမန်တော်ဟာ သူ့ရဲ့ ဆန္ဒအရဖြစ်စေ၊ လူအများရဲ့ ဆန္ဒအရဖြစ်စေ၊ ပြင်ဆင်ဖြည့်စွက် ပြုပြင်ဖန်တီးခဲ့မယ်ဆိုရင် ကုရ်အာန်ကို ချိုးဖေါက်ပြီးသား ဖြစ်သွားမယ်။ ဒီအပေါ်မှာ ကြောက်တာ။ အလ္လာဟ်အမိန့်ကို ဆန့်ကျင်မိခဲ့ရင် ငါတမန်တော်သည်ပင်လျှင် ခေါင်ဖ် အနေအထားမှာ  ရှိတယ်။တမန်တော် ချိုးဖေါက်ခဲ့တယ်လို့ ပြောတာမဟုတ်ပါ။ အကယ်၍များဖြစ်ခဲ့ရင် ( If ) တမန်တော်သည်ပင်လျှင် စိုးရိမ်ကြောက်လန့် နေရပါတယ်လို့ပြောတာ”  ကျွန်တော်တို့က တမန်တော်ဖြစ်မှုကဏ္ဍကို ဖယ်ထုတ်နေတာလား၊ တမန်တော်ကို လက်မခံတာ လား။  No ပါ။ မွတ်စလင်မ်တစ်ယောက်က တမန်တော်မုဟမ္မဒ်(ဆွ) ကို တမန်တော်တစ်ပါးအဖြစ် လက်မခံလို့ မွတ်စလင်မ် ဖြစ်၍မရပါ။ ကျွန်တော်က ကုရ်အာန်နဲ့တင် ပြည့်စုံပါပြီ။ တမန်တော်ကို လက်မခံဘူးဆိုလို့ မရပါဘူး။ ဒါကို ကျွန်တော် အပြတ်ပြောပါမယ်။ တမန်တော်ရဲ့ကဏ္ဍကို လုံးဝ(လုံးဝ) ဖျောက်ပစ်လို့မရပါ။  သူ့နေရာနဲ့သူထားဖို့ ကျွန်တော်ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို စွပ်စွဲတယ်။ တမန်တော်ဟာ စာပို့လုလင် Post Man ဆိုပြီး ကျွန်တော်တို့က ပြောတယ်ပေါ့။ လုံးဝ လက်မခံပါဘူး။ စွပ်စွဲတာကတော့ စွပ်စွဲသူရဲ့တာဝန်။ တမန်တော်ကကုရ်အာန်ကို လာပေးပြီးလစ်သွားတဲ့သူတစ်ယောက် မဟုတ်ပါ။

(အင်န် အသ်သဗီအု အိလ္လာဟ် မာယူဟာ အိလိုင်းယ) “ငါတမန်တော်သည် အလ္လာဟ်ဝဟီ ကုရ်အာန်၏ လမ်းညွှန်ချက်ကို ဖဝါးခြေထပ်၊ ထက်ကြပ်မကွာ လိုက်နာကျင့်သုံးပါသည်။ ” အမှန်တကယ်တော့ ကုရ်အာန်နဲ့ တမန်တော်၊ တမန်တော်နဲ့ ကုရ်အာန် ခွဲထုတ်လို့ ရတဲ့အရာမဟုတ်ပါ။ တမန်တော်က ဆရာလား။ ကုရ်အာန်က ဆရာလား။ တမန်တော်က အရင်လား၊ ကုရ်အာန်က အရင်လား၊ တမန်တော်က ရှေ့ကလား၊ ကုရ်အာန်က ရှေ့ကလားဆိုတာ ကုရ်အာန်ကို လေ့လာသူ တစ်ယောက်အတွက် မေးခွန်းမဖြစ်ပါ။ မေးခွန်းမဟုတ်ပါ။ ကောင်းပါပြီ။ ဒီမေးခွန်းဘာကြောင့် ပေါ်ပေါက်လာရပါသလဲ။ လူကြီးမင်းများ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ပါ။ တမန်တော်နဲ့ ကုရ်အာန်ကို ခွဲထုတ်လိုက်လို့ ဒီမေးခွန်းပေါ်လာတာ ဖြစ်တယ်။ ကုရ်အာန်က အလ္လာဟ်ကျမ်း၊ အလ္လာဟ်စကား၊ တမန်တော်စကားက သပ်သပ်၊ ဒီမှာတွေ့ရှိတယ်။ ကျွန်တော်တို့ရဲ့ ခံယူချက်အရဆိုရင် အဲဒီမေးခွန်းပေါ်ပေါက်စရာမရှိဘူး။ အဲ့ဒီစကားလုံးတွေအပေါ်မှာ ကျွန်တော်မေးခွန်းထုတ်လိုက်တာ။ အမှန်က တမန်တော်ရဲ့ဘဝကို မြင်အောင်ကြည့်၊ ကုရ်အာန်ကိုမြင်ရမယ်။ ကုရ်အာန်ကို မြင်အောင်၊ နားလည်အောင် ကြည့်ပါ။ တမန်တော်ရဲ့ ပကတိ Life ကို မြင်ရမယ်။

တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ ဘဝဟာ ကုရ်အာန်ဖြစ်ပြီး၊ ကုရ်အာန်ဟာ တမန်တော်မြတ်ရဲ့ဘဝဖြစ်တယ်။ ခွဲထုတ်လို့ မရပါ။ ကုရ်အာန်က တသီးတခြား၊ တမန်တော်ရဲ့စကားက ကုရ်အာန်အပြင် ရှိသေးတယ်ဆိုရင် ဒီမေးခွန်းထွက်လိမ့်မယ်။ တမန်တော်ရဲ့ ဘဝတည်ဆောက်မှုစနစ်ဟာ ကုရ်အာန်နဲ့ တထပ်တသားတည်းကျတယ် ဆိုတာ ကျွန်တော်တု့ိ တွေ့ရမှာ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၇ ၊ အာယသ်တော် ၂၀၃ မှာ (ကုလ်- အင်န်နမာ အသ်သဗေအု မာယူဟာ အိလိုင်ယ မင်န်ရ် ရဗ္ဗိ)

(ကုလ်) အိုတမန်တော်၊ အသင်ကြေညာလိုက်ပါ။ (အင်န်နမ)ဆိုတာက ကျန်တာမဟုတ်ဘူး။ ဒါဘဲလို့ပြောတာ။ (အသ်သဗေအု) ငါတမန်တော် အိသ်သေဗာဟ် လုပ်ခဲ့တာ။ (မာယူဟာ အိလိုင်ယမင်န်ရ် ရဗ္ဗိ) ငါ၏အရှင်က ငါ့အပေါ် ထုတ်ပြန်တဲ့ဝဟီကိုဘဲ ငါကျင့်သုံးတယ်။  အဲ့ဒီတော့ ကုရ်အာန်မဟုတ်တဲ့ အခြားဝဟီတွေ ရှိပါသေးလား။ အဲ့ဒီလိုပြောတော့ ကျွန်တော်တို့ကို အဟ်လေ ကုရ်အာန်လို့ စွပ်စွဲပြန်ရော။ ထပ်ပြောပါမယ်။ ကျွန်တော်တို့က အဟ်လေကုရ်အာန်မဟုတ်ပါ။  အဟ်လေကုရ်အာန်ဟာ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်နှုတ်ထွက်ပါမယ်။ ကျွန်တော်တို့ဟာ ဂိုဏ်းဃန ထူထောင်လို့မရပါ။ ကျွန်တော်တို့ဟာ မွတ်စလင်မ်တစ်ယောက်ဖြစ်တယ်။ ပြီးပါပြီ။ ပြည့်စုံလုံလောက်ပါပြီ။ ဒီအာယသ်အရ တမန်တော်ဟာ အလ္လာဟ်ရဲ့ဝဟီကိုဘဲ ကျင့်သုံးခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ ခွတ္တဗာဟ်မှာလဲ အဲဒါကို ညွှန်ပြခဲ့တယ်။

ဝဟီဆိုတဲ့နေရာမှာ ကျွန်တော်တို့ကြားဖူးတာက ဝဟီ မသ်လူးနဲ့ ဝဟီ ဂိုင်းရ် မသ်လူး။ ကျွန်တော်ကအဲ့ဒါကို လက်ညှိုး ထိုးပြခဲ့တယ်။ အဲ့ဒီရဲ့အဖြေကို မပေးဘူး။ ဝဟီ မသ်လူးဆိုတာ ကုရ်အာန်ကိုပြောတာ။ ရွတ်ဖတ်လို့ရတဲ့အရာ ဝဟီ။ ဝဟီ ဂိုင်းရ် မသ်လူး ဆိုတာ ရွတ်ဖတ်သရဇ္ဇယ်ခြင်းမခံရတဲ့ ဝဟီကိုပြောတာ။ ဒီဝဟီတွေဟာ သေလာဝသ် လုပ်စရာမလိုဘူးလို့ ပြောကြတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့နမားဇ် ဖတ်တဲ့အခါမှာ ကုရ်အာန်မဟုတ်တဲ့ ဝဟီ ဂိုင်းရ်မသ်လူး ရွတ်ဖတ် သရဇ္ဇယ်စရာမလိုတဲ့ ဝဟီတွေကို ဘာကြောင့် သေလာဝသ်လုပ်နေကြပါသလဲ။ (အသ်သဟိယသု လိလ္လာဟိ၊ ဝစ္စလာဝါသု…) အဲဒီ ဝဟီ ဂိုင်းရ်မသ်လူးဖြစ်ပါတယ်။ ဖတ်စရာမလိုပါဘူးလို့ ပြောထားတဲ့အရာကို လူကြီးမင်းတို့ ဖတ်နေကြတာ၊ ဖတ်ပါ၊ မဖတ်ပါနဲ့လို့ ကျွန်တော်အမိန့်ပေးပိုင်ခွင့်မရှိပါ။ ကျွန်တော့်တာဝန်က ရှင်းပြယုံဘဲ ဖြစ်ပါတယ်။ ဒီကနေ့ ပြဿနာတက်နေပြီ။ ဘုခါရီ ခသမ်ဖတ်လို့ပိုင်၏၊ မပိုင်၏၊ အုပ်စု နှစ်စု ကွဲနေပြီ။ အဲဒီဟာထက်ကို ကျော်လွန်ပြီး အရင်းအမြစ်ကို ကျွန်တော် မေးခွန်းထုတ်ထားတာပါ။ ဖတ်လို့ ပိုင် မပိုင်က အဆင့်နိမ့်ပါသေးတယ်။

အဲ့ဒီနမားဇ်ထဲမှာ ဝဟီ ဂိုင်းရ်မသ်လူးလည်း ပြောတယ်။ ဖတ်စရာမလိုဘူးလည်း ပြောတယ်။ ဘာကြောင့် ဖတ်နေကြ ပါသလဲ။ ကျွန်တော်မေးတာ အဲ့ဒါ၊ အဲ့ဒါကို မဖြေဘူး။ တရားဟောဆရာတွေ တရားဟောတဲ့အခါ ကုရ်အာန် တစ်အာယသ် ဟောပြီး ဟဒီးစ်တွေ အများကြီးထည့်ဟောတော့ ကုရ်အာန်ကို ဦးစားပေးတယ်လို့ ပြောလို့ရမလား။ အဲ့ဒီလို ကျွန်တော်က ထောက်ပြတော့ လိုင်းပေါ်မှာ ကျွန်တော့်ကို ဝိုင်းဆဲကြတယ်၊ ဆဲပါစေ။ ဆဲတဲ့အလုပ်က အဗူဂျာဟီလ်နဲ့ သူ့နောက်လိုက်တွေရဲ့ အလုပ်၊ ကုရ်အာန်ကိုပြောဖို့က တမန်တော်နဲ့ သူ့နောက်လိုက်တွေရဲ့အလုပ်။ ဆဲချင်သလောက်ဆဲပါ။ ကျွန်တော်တို့ တစ်သက်လုံး ဒါဘဲပြောမှာ။ မှားရင်ထောက်ပြကြပါ။ ဒီ ဝဟီ ဂိုင်းရ်မသ်လူး ရှိတယ်ဆိုတာ ကုရ်အာန်ထဲက ဆွဲထုတ်လာတာလို့ ပြောကြတယ်။ သူတို့က ကုရ်အာန်စူရာဟ် ၅၃ ၊ အာယသ် ၁၊ ၂၊ ၃၊ ၄ ကို ထောက်ပြကြပါတယ်။

“(ငါအရှင်မြတ်သည်) ကြယ်တာရာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုကြယ်တာရာသည် ကွယ်ပျောက် သွားလေ၏။”  “အသင်တို့၏အဖေါ် (တမန်တော်မြတ် မုဟမ္မဒ်သည်) လမ်းလွဲနေသည်လည်း မဟုတ်ပေ။ လမ်းမှားကို လိုက်ခဲ့ သည်လည်း မဟုတ်ပေ။”  “ထိုမှတပါး ထိုအဖေါ် (တမန်တော်မြတ် မုဟမ္မဒ်သည်) (မိမိ)စိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ ရှိသည်လည်းမဟုတ်ပေ။” “ယင်းပြောဆိုမှုကား (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ထုတ်ပြန်ခြင်းခံရလေသော ထုတ်ပြန်ချက် သာလျှင် ဖြစ်ပေသည်။”  အဲဒီလို ဘာသာပြန်ကြတယ်။ ဒီအာယသ်တွေကို သေသေခြာခြာလေ့လာကြည့်ရင် အာယသ်တော် ၁ နဲ့ ၂ ကို ထားလိုက်ပါ။  ပြဿနာမရှိပါ။ အာယသ်တော် ၃ မှာ “တမန်တော်ဟာ မိမိဆန္ဒနဲ့ မိမိ ဘယ်သောအခါမှ စကားမပြောဘူး။” အဲဒီအာယသ်ကို အဲ့ဒီလို ဘာသာပြန်ရင်မှားတယ်လို့ ကျွန်တော်ပြောမယ်။ ဒါဆိုဘယ်လိုပြန်ရမှာလဲ။ ကျွန်တော်ရှင်းပြပါမယ်။ လူကြီးမင်းများ သေသေခြာခြာ စဉ်းစားပြီး လက်ခံပါ။ ဒါမှမဟုတ် ငြင်းပယ်ပါ။

(မာ) မာဆိုတာက ငြင်းလိုက်တာ၊ မဟုတ်ဘူးလို့ ပြောတာ။ (ယန်န်သွေကု) ဆိုတာက ရိုးရိုးလေးပြောရင်တော့ စကားပြောတာ။ (အာနိလ် ဟာဝါ)စိတ်ကူးစိတ်သန်းတွေကို တမန်တော်မပြောဘူး။ (အိလ္လာဝဟ်ယွန်းန်ယူဟ) ကျွန်တော်တို့က  ကုရ်အာန်ဆိုပြီးပြန်တယ်။ တမန်တော်ပြောတဲ့ ကုရ်အာန်က ဝဟီဖြစ်တယ်။ သူတို့က တမန်တော်ဟာ သူ့ဆန္ဒနဲ့သူ ဘာမှ မပြောဘူး။ ဒါကြောင့် တမန်တော်ပြောသမျှက ဝဟီလို့ပြောတယ်။ ဒါကြောင့် တမန်တော်ဘာပြောပြော ဝဟီအဖြစ် လက်ခံ ထားတယ်။ ဒီအာယသ်က တကယ်တော့ ကျွန်တော်လေ့လာကြည့်မိသလောက် အဲ့ဒီအဓိပ္ပါယ်မဟုတ်ဘူး။ (တမန်တော် ပြောသမျှဆိုတဲ့ စကားလုံး) ဘယ်ကနေ ယူထားတာလဲ။ အာယသ်က အဲဒီ့အဓိပ္ပါယ် လုံးဝမပေးဘူး။ (မာ)ဆိုတာ ငြင်းတာ။ (ယန်းန် သွေ ကု)ဆိုတာ ပြောတာ။ ပြောသမျှမဟုတ်ဘူး။ ပြောသမျှဆိုတဲ့ စကားလုံးကို ထည့်လိုက်ကြတာ။ သေသေခြာခြာ စဉ်းစားဖို့ လိုတယ်နော်။ ပြောသမျှနဲ့ ပြောတာ အဓိပ္ပါယ်မတူပါဘူး။ (ယန်းန် သွေ ကု)ဆိုတာ သာမန်စကားပြောတာကို ပြောတာမဟုတ်ဘူး။ အရဗီမှာ စကားပြောတယ်ဆိုတဲ့ ဝေါဟာရတွေ အများကြီးရှိတယ်။ (ကလ်လမ၊ ယူကလ်လိမု) (စကားပြောခြင်း) (ကာလ၊ ယာကူလု) စကားပြောသည်။ စကားပြောတာပဲလေ။ ဘာကွာလို့လဲ။  မန်န်သီက် ဆိုတဲ့ စကားလုံး လူကြီးမင်းများကြားဖူးပါမယ်။ မန်န်သီက် ဆိုတာ စကားပြောတာ။ မန်န်သီက် ရဲ့ အဓိပ္ပါယ်က Logic လို့ အဓိပ္ပါယ်ထွက်တယ်။ ယုတ္တိဗေဒကို ပြောတာ။ တစုံတရာကို အကျိုးနဲ့အကြောင်းနဲ့ ပြောဆိုတာလုပ်တာကို (ယန်းန် သွေ ကု)လို့ပြောတာ။

(မာ)နဲ့တွဲလိုက်တော့ တမန်တော်ဟာ အကျိုးအကြောင်း နဲ့ စကားပြောတာ မဟုတ်ဘူး။ (အာနီလ် ဟာဝါ) စိတ်ကူးစိတ်သန်းတွေကို စိတ်ကူးယဉ်မှုတွေကို ယုတ္တိရှိအောင် မန်န်သီက် ဖြစ်အောင် လုပ်ပြီး ပြောနေတာ မဟုတ်ဘူး။ တမန်တော်က အကျိုးအကြောင်းဆီလျော်အောင် လိပ်ပတ်လည်အောင် သေသေခြာခြာ ရှင်းပြခဲ့တာမဟုတ်ဘူး။ ဘာကို မရှင်းပြခဲ့တာလဲ။ စိတ်ကူးယဉ်မှုတွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကို ယုတ္တိဗေဒကျအောင် ပြောခဲ့တာမဟုတ်ဘူး။  ဥပမာတစ်ခု ပေးပါမယ်။ ကျောင်းသားတစ်ယောက် တစ်ရက်ကျောင်းမလာဘူး။ နောက်နေ့ ဆရာက အဲ့ဒီကျောင်းသားကို မနေ့က ဘာလို့ကျောင်းပျက်သလဲလို့ မေးပါတယ်။ ကျောင်းသားက သူ့အမေနေမကောင်းလို့ ဈေးကူရောင်းပေးနေရတဲ့ အတွက် ကျောင်းပျက်ရခြင်းဖြစ်ပါတယ်လို့ ဖြေပါတယ်။ Logic ကျပါသလား။ ကျပါတယ်။ ယုတ္တိရှိပါသလား။ ရှိပါတယ်။ ဒါပေမယ့်အဖြစ်မှန်က ဒီကျောင်းသားက ကျောင်းပြေးခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ချိန်းပြီး တခြားနေရာကို သွားခဲ့တာ။ ဒါပေမယ့်ဆရာကို အကြောင်းပြတော့ Logic  ကျကျ ပြသွားပါတယ်။

တမန်တော်ဟာ စိတ်ကူးယဉ်မှုတွေကို ယုတ္တိမရှိတာကို ယုတ္တိရှိအောင် ပြောခဲ့တာမဟုတ်ဘူးလို့ပြောတာ။ အမှန်ကို ပြောရင် အဲဒါ (ယန်းန် သွေကု)၊ အမှားကို လုပ်ကြံပြီးပြောရင် (ဝမာ ယန်းန် သွေကု)။ ကုရ်အာန်ရဲ့ နောက်တစ်နေရာမှာ (ဟာဇ၊ ကိသာဗုန ယန်းန် သွေကု၊ အာလိုင်ကွန်မ် ဗီလ်ဟာက်) (ဟာဇ) ဒီအရာဟာလေ၊ (ကိသာဗုန)ငါအရှင်မြတ်ရဲ့ ကျမ်းဖြစ်တယ်။ (ယန်းန် သွေကု) ယုတ္တိဗေဒကျအောင်၊ အကျိုးအကြောင်းဆီလျော်အောင် သူကရှင်းပြတယ်။ (အာလိုင်ကွန်မ်) အသင်တို့ အပေါ်မှာ (ဗီလ်ဟာက်) အမှန်တရားအပေါ်မှာ။

ဝဟီဆိုတာ ဘာပါလဲ။ ကုရ်အာန်က ဘယ်လိုပြောပါသလဲ။ စူရာဟ် ၆၊ အာယသ် ၁၉ မှာ (ဝအူဟိယ၊ အိလိုင်းယ၊ ဟာဇလ် ကုရ်အာန်) “ငါတမန်တော်အပေါ် ထုတ်ပြန်ပို့ချပေးခြင်းခံရသော ဝဟီဆိုတာ ဟောဒီကုရ်အာန်ပါ။” by name နဲ့ ဖော်ပြထားတယ်။ အဲ့ဒါကို မရမက ဒါက ကုရ်အာန်ကို ပြောတာမဟုတ်ပါဘူးဆိုလို့ရှိရင်တော့ ဒါကိုကျွန်တော်တို့ကြီးဘဲ ပြောတာ မဟုတ်ပါ။ အီမာမ်သွေဗရီလို ဟဒီးစ်တွေနဲ့ ကုရ်အာန်ကို ဖွင့်ဆိုရှင်းလင်းတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် ဝဟီဆိုတာ ကုရ်အာန်ပါလို့ ယူထားတာ။ ဒါကိုမှ မရမက ဒါက ကုရ်အာန်ကို ညွှန်းတာမဟုတ်ပါဘူးလို့၊ တမန်တော်ရဲ့ပြောဆိုမှု မှန်သမျှကို ရည်ရွယ်တာပါလို့ တစုံတယောက်က ပြောလာမယ်ဆိုရင် စောဒကတက်စရာတွေ၊ မေးခွန်းမေးစရာတွေ အများကြီးရှိပါတယ်။

(၁)        ကုရ်အာန်မဟုတ်တဲ့ ဝဟီဟာ ဘယ်အချိန်က စမှတ်တာလဲ။ ကုရ်အာန်စပြီးကျတဲ့ အချိန်ကလား။ အဲ့ဒီမတိုင်ခင်ကလား။ တမန်တော်ဖြစ်ပြီးမှ ပြောခဲ့တဲ့စကားနဲ့၊ တမန်တော်မဖြစ်ခင် ပြောခဲ့တဲ့စကား ဘယ်လိုခွဲခြားမလဲ။

(၂)        တမန်တော်ပြောသမျှဆိုတဲ့အတွက် ၂၄ နာရီပတ်လုံး၊ သူပြောတဲ့စကား အားလုံးအကျုံးဝင်ပါမယ်။ ဒါဆိုရင် လမ်းခရီးသွားရင်းလမ်းမသိလို့မေးတာမျိုးကော ဝဟီလား။ (အန ဗရှ်ရွန်း)တမန်တော်လည်း လူသားဘဲလေ။ လူသားဆိုတော့ လူ့ဝန်းကျင်မှာ  စကားတွေပြောရမှာဘဲ။ (နေကောင်းလား၊ စားပြီးပြီးလား၊ ဘယ်သွား မလို့လဲ၊ အစဉ်ပြေလား စသည် စသည် စကားတွေပြောမှာဘဲ) အဲ့ဒါတွေအားလုံး ဝဟီလား။ စဉ်းစားဖို့ ပြောတာပါ။ လက်ခံခြင်း၊ လက်မခံခြင်းက ကျွန်တော့်အလုပ်မဟုတ်ပါ။

(၃)        ဝဟီ ဂိုင်းရ် မသ်လူးမှာ ဘယ်ဟဒီးစ်က အရင်ဆုံးကျရောက်သလဲ။ ဘယ်ဟဒီးစ်က ပထမဦးဆုံး တမန်တော် အပေါ်ကျရောက်တာလဲ။

(၄)        အဲဒီမှတ်တမ်းတွေက ဘယ်မှာလဲ။ မှတ်တမ်းရှိစရာမလိုဘူးလေ။ တမန်တော်က အဲ့ဒီတုန်းက စာပေ ရေးသား မှတ်တမ်းမတင်ဘူးလို့ပြောတယ်။ ‘No’ အဲဒါလုံးဝလက်ခံလို့မရပါ။ (အလ္လာဟ်ဟု၊ နဇ္ဇလ အဟ်စနလ် ဟဒီးစ်၊ ကိသာဗန် မုသရှာ ဗိဟန်န် မသာန်) “အလ္လာဟ်အရှင်မြတ်သည် အကောင်းတကာ့ အကောင်းဆုံး ဟဒီးစ်ကို ချပေးခဲ့တယ်။” ဘာအနေအထားနဲ့လဲ၊ ကိသာဗ် အနေနဲ့၊ မှတ်တမ်းအနေနဲ့၊ စာအုပ်အဖြစ်နဲ့ ချပေးခဲ့တယ်။

(၅)        အဲ့ဒီ ဟဒီးစ်ကို စုဆောင်းတဲ့လူက ဘယ်သူလဲ၊ အဲ့ဒီလူရဲ့ကိုယ်ရေးရာဇဝင်ကို ပြောရလိမ့်မယ်။ ဆိုကြပါစို့။ အီမာမ် ဘူခါရီဟာ မွတ်စလင်မ်လား။ ကျွန်တော်မေးပါမယ်။ ဟာ တကမ္ဘာလုံးက လက်ခံထားတာလေ။ စကြာဝဠာတစ်ခုလုံးက လက်ခံထားပါစေ။ အထောက်အထားလိုချင်ပါတယ်။ ဘာဖြစ်လို့လဲ။ Ideology တစ်ခု ချပြမယ်။ ကုရ်အာန်ကို တမန်တော်(မုဟမ္မဒ်)အပေါ် ချပေးတယ်။ တမန်တော်ကပြောမယ်၊ အလ္လာဟ် က ငါ့ကိုရွေးလိုက်လို့သာ၊ အမှန်က ငါကလက်ခံချင်တာ မဟုတ်ဘူးဆိုရင်ရော မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်။ ကျွန်တော်တို့မေးရမှာ၊ လေ့လာရမှာ၊ စဉ်းစားတွေးခေါ်အဖြေရှာရမှာက တမန်တော်ဟာ သူကိုယ်တိုင် လိုလိုလားလား လက်ခံခြင်း ရှိ၊ မရှိ။ အဲ့ဒီရဲ့အဖြေကို ကုရ်အာန်ကဘဲ ပေးထားပါတယ်။ “(အန- အောင်ဝ်ဝလွလ် မွစ်စလေမီန်) တမန်တော်က ပြောနေတာ၊ ငါသည် ပထမဦးဆုံးသော မွတ်စလင်မ် ဖြစ်ပါတယ်။” အီမာမ် ဘူခါရီကို မွတ်စလင်မ် မဟုတ်ဘူးလို့ တင်ဝင်းစွပ်စွဲနေတာ မဟုတ်ဘူးနော်။ အီမာမ် ဘူခါရီ မွတ်စလင်မ်ဖြစ်ချင်းမှာ သံသယရှိတယ်။ သက်သေပြဖို့လိုတယ်။ ဘာဖြစ်လို့လဲ၊ အဲ့ဒီလူက မွတ်စလင်မ် ဖြစ်မှ သူပြောတဲ့စကားကို ဆက်လက်စဉ်းစားဖို့ထိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဟဒီးစ် ဆင့်ပြန်တဲ့ လူတွေကို ကြည့်လိုက်ပါ။ ဟဒီးစ် တစ်ပုဒ် ခိုင်လုံတယ်၊ မခိုင်လုံဘူး ပြောပြီဆိုရင် အဲဒီလူဟာ ရှီအာထဲက ပုဂ္ဂိုလ်ဖြစ်နေရင် အဲ့ဒီဟဒီးစ်ကို မယူဘူး၊ ရှိနေတယ် အထောက်အထားတွေ။ အဲ့ဒီတော့ မုဟဒီစ်တွေက မွတ်စလင်မ် ဖြစ်လား၊ မဖြစ်လား။ အီမာမ် ဘူခါရီ၊ အီမာမ် မွတ်စလင်မ်၊ အီမာမ် အဗူဒါဝတ် အစရှိတဲ့ လူတွေဟာ မွတ်စလင်မ် ဖြစ်ကြောင်း သက်သေပြရမယ်။  ကုရ်အာန်မှာတမန်တော်ကပြောတယ်။ (အန အောင်ဝလ်လုလ် မွတ်စလီမီန်) ကောင်းပါပြီ။ နောက်တစ်ချက်က အဲ့ဒီဟဒီးစ်တွေကို စုဆောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့စုဆောင်းထားတဲ့ ဟဒီးစ်တွေကို သူတို့ကိုယ်တိုင် ယုံကြည်လား၊ မယုံကြည်ဘူးလား။ အဲ့ဒါ အရေးကြီးတယ်။ သူကိုယ်တိုင်တောင် မယုံကြည်တဲ့အရာတစ်ခုကို ကျွန်တော်တို့က ဘာကြောင့် ယုံကြည်ပေးရမှာပါလဲ။ ဥပမာ-အီမာမ်ဘူခါရီဟာ သူစုဆောင်းခဲ့တဲ့ ဟဒီးစ်တွေကို သူအကုန်ယုံပါတယ် ဆိုရင် သက်သေလိုချင်ပါတယ်။ တမန်တော်နဲ့ပတ်သက်ပြီး၊ ကုရ်အာန်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မလား။ သက်သေလိုချင်သလား။ ရှိတယ်။ ရှိပါတယ်။ (အာမနရ် ရစူလု၊ ဗိမာ အွန်န်ဇိလ အီလိုင်းဟိ မီန်ရ်ရဗ္ဗိ) (စူရာဟ် ၂ အာယသ် ၂၈၅) “တမန်တော်ဟာ သူ့အပေါ်မှာချပေးထားတဲ့အရာကို အကြွင်းမဲ့ယုံကြည်ခဲ့ပြီးပြီ” ဟဒီးစ်စုဆောင်းတဲ့လူတွေဟာ အဲ့ဒီဟဒီးစ်တစ်ပုဒ်ကို ယူလာပြီဆိုရင် သူကိုယ်တိုင် ယုံလား၊ မယုံလား အရေးကြီးပါတယ်။ နောက်တစ်ချက်က အဲ့ဒီဟဒီးစ်စုဆောင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေက သူတို့စုဆောင်းခဲ့တဲ့ ဟဒီးစ်တွေဟာ အလ္လာဟ်ရဲ့ ဝဟီဖြစ်ပါတယ်လို့ ကြေညာခဲ့ပါသလား။ သူတောင် မကြေညာဘူးဆိုရင် သူ့ဟဒီးစ်တွေကိုဖတ်ပြီး ကျွန်တော်တို့က ဒါတွေဟာ အလ္လာဟ် ဝဟီဖြစ်ပါတယ်လို့ ဘာအထောက်အထားနဲ့ ပြောနေကြတာပါလဲ။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အာယသ်တော်တစ်ပါးမှာ“ဝသမ်မသ် ကလီမာသု၊ ရဗ္ဗိက၊ ဆွီဒ် ကောင်း ဝအဒ်လန်းန်”  ကုရ်အာန်သည်ပြီးပြည့်စုံသွားပြီလို့ ပြောတာ။ အလ္လာဟ်ရဲ့စကားက ပြီးပြည့်စုံသွားပြီ။ သူတို့စုဆောင်းထားတဲ့ ဟဒီးစ်မှာက အာယသ်လိုပါတယ်လို့ ပြောတယ်။ ဗူခါရီစာအုပ် စာမျက်နှာ ၉၉၁ မှာ – ကုရ်အာန်နှင့်စွန္နာကို စွဲမြဲစွာဆုပ်ကိုင်ထားခြင်း ကဏ္ဍ။ အုမရ်သခင် ဆင့်ပြန်သည်၊ အမှန်တကယ် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို မှန်ကန်မှုနဲ့တကွ စေလွှတ်ခဲ့တယ်။ ၎င်းအပေါ်မှာ ကျမ်းမြတ်ကုရ်အာန်ကိုလည်း ချပေးတော်မူခဲ့တယ်။ အဲ့ဒီချပေးတဲ့ ကျမ်းဂန်ထဲမှာ အိမ်ထောင်ရှင် ဇေနာ တရားမဝင် ကာမမှုကျူးလွန်ရင် ခဲနဲ့ပစ်ပေါက်သတ်ရမယ်ဆိုတဲ့ အာယသ်တော်ပါရှိ တယ်လို့ရေးထားတယ်။ ကုရ်အာန်မှာ အဲဒီအာယသ်မရှိဘူး။ ဒါပေမယ့် သူတို့က ထွက်ပေါက်ရှိနေတယ်။ ဆက်ရေးထားတာက ဒီအာယသ်ရဲ့စာသားဟာ ရွတ်ဖတ်မှုပြုရာမှာ မန်ဆူက်ပလပ်ခံခဲ့ရပြီး အမိန့်လိုက်နာမှု ပြုရမှာ ဆက်လက်အတည်ဖြစ်တယ်။ ဖတ်စရာမလိုတော့ဘူး၊ အမိန့်တွေကိုတော့ လိုက်နာရမယ်လို့ ဆိုထားတယ်။ ကောင်းလိုက်တာ။ စာအုပ်တစ်အုပ်မှာ ရေးထားတဲ့စာသားတွေဟာ ဖတ်ဖို့တောင် မထိုက်တန်ဘူးဆိုရင် အဲ့ဒီဟာကို လိုက်နာဖို့ ထိုက်တန်ဦးမှာလား။ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ကြပါ။ ကုရ်အာန်ကိုရှင်းပါတယ်ဆိုတဲ့ ဟဒီးစ်တွေက ကုရ်အာန်ကို ရှင်းအောင်လုပ်ရာမရောက်ဘဲ၊ ကုရ်အာန်ကို ပိုပြီးရှုတ်ထွေးအောင် လုပ်သလို ဖြစ်နေတယ်။ ဒါဆိုရင်မေးစရာရှိပါတယ်။ ဟဒီးစ်တွေကို လက်မခံဘူးလား လို့မေးခဲ့ရင်၊ ဟုတ်ကဲ့ ရှိသမျှဟဒီးစ်တွေအားလုံး လက်ခံပါတယ်။ ဘာအနေနဲ့လည်း၊ သမိုင်း၊ မှတ်တမ်း မှတ်ရာ၊ တမန်တော်အပေါ် မြင်သောသူတို့၏ အမြင်များဆိုတဲ့အနေနဲ့ လက်ခံပါတယ်။ သူ့နေရာနဲ့သူပေါ့။ ဝဟီအဆင့်ကိုယူလာမယ် ဆိုရင်တော့ မေးခွန်းတွေရှိနေပါတယ်။ ဖြေပြီးမှ ဝဟီလို့ ပြောကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ ရပ်နားလိုက်ပါတယ်။