အစ္စလာမ်ဟူသည် အပိုင်း(၆)(16.5.2014) ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား- `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´ ကျွန်တော့်အနေနဲ့ ယခင်အပတ်က `အစ္စလာမ်ဟူသည်´ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်း-၁ကနေ အပိုင်း-၅ အထိ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ အစ္စလာမ်ရဲ့တန်ဖိုးတွေကို ဖော်ပြခဲ့ပါတယ်။ ယုံကြည်ချက်ပိုင်းဆိုင်ရာမှာလည်း အစ္စလာမ်ဟာ အတင်းအဓမ္မယုံကြည်ခိုင်းတာမဟုတ်ကြောင်းကိုသာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ယနေ့ ၁၆.၅.၂၀၁၄ နေ့မှာတော့ ယုံကြည်ချက်ပိုင်းဆိုင်ရာတာဝန်ကို တင်ပြဖို့ရည်ရွယ်ပါတယ်။ ဒီတာဝန်ပိုင်းနဲ့ပတ်သက်ပြီးတော့ အများမွတ်ဆလင်မ်တွေ နားလည်ထားတဲ့အသိနဲ့ ကုရ်အာန်ကပေးတဲ့ အသိကို နှိုင်းယှဉ်တင်ပြလိုပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်အများစုက တာဝန်ပိုင်းနဲ့ပတ်သက်လို့ (ဟူကူလ် ကူလာ) နဲ့ (ဟူကူလ်ကုလ်အေဘာဒ်)ဆိုပြီးတော့ အလ္လာဟ်နဲ့ပတ်သက်တဲ့ တာဝန်တွေ၊ လူသားတွေနဲ့ပတ်သက်တဲ့ တာဝန်တွေဆိုပြီးတော့ ခွဲခြားနားလည်ထားကြပါတယ်။ သူတို့ပြောတာက အလ္လာဟ်နဲ့ပတ်သက်တဲ့ တာဝန်ဆိုတာ ဆွလာသ်၊ ဇကားသ်၊ ဆွီယာမ်နဲ့ ဟာဂ်ျပဲဖြစ်ပါ တယ်။ လူသားတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ပရဟိတလုပ်ငန်းတွေဟာ (ဟူကူကုလ်အေဘာဒ်)ဖြစ်တယ် ဆိုပြီး ကျွန်တော်တို့ ကြားနာမှတ်သားရပါတယ်။ အလ္လာဟ်နဲ့ပတ်သက်တဲ့ တာဝန်ကိုမကျေပွန်ရင် အလ္လာဟ်အရှင် မြတ်က ခွင့်လွှတ်ကောင်းခွင့်လွှတ်နိုင်မယ်။ ဒါပေမယ့် လူသားတွေနဲ့ပတ်သက်တဲ့တာဝန်ကို မကျေပွန်ရင် အလ္လာဟ် အရှင်မြတ်က လုံးဝခွင့်မလွှတ်ဘူးဆိုတဲ့ အယူအဆ ကျွန်တော်တို့ မွတ်ဆလင်မ်တွေမှာ ရှိပါတယ်။ ဒီအယူအဆဟာ အင်မတန်ကောင်းတဲ့ အယူအဆဖြစ်ပါတယ်။ ဒါပေမယ့် စောစောကပြောသလို ဆွလာသ်တို့၊ ဇကားသ်တို့၊ ဆွီယာမ်တို့၊ ဟာဂ်ျတို့ဆိုတာ အလ္လာဟ်နဲ့ပတ်သက်တဲ့ တာဝန်လို့ဆိုထားတာကို ကျွန် တော် ပြန်လည်သုံးသပ်လေ့လာတင်ပြလိုပါတယ်။ ဆွလာသ်ဆိုတာက လူ့ဘောင်လောကဖွံ့ဖြိုးဝေဆာဖို့ ဆောင်ရွက်တဲ့တာဝန်၊ ဇကားသ်ဆိုတာ ဆင်းရဲချမ်းသာဆိုတဲ့ Gap (ဂက်ပ်)ကွာဟမှုကို ကျဉ်းမြောင်းစေဖို့ ဆောင် ရွက်ရတဲ့တာဝန်ဖြစ်ပါတယ်။ ဆွီယာမ်ဆိုတာက လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်သီလ တိုးတက်မြင့်မားဖို့ ဆောင်ရွက် ရတဲ့ တာဝန်ဖြစ်ပါတယ်။ ဟာဂ်ျဆိုတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ ရေးရာတွေကို စုရုံး၊ တိုင်ပင်ဖြေရှင်း ဖို့ ဖြစ်တယ်ဆိုတာကို ကျမ်းမြတ်ကုရ်အာန်ကို လေ့လာထားသူတိုင်း သဘောပေါက်နားလည်ထားကြပါတယ်။ ဒီတာဝန်တွေအားလုံးဟာ လူတစ်ဦးချင်းစီနဲ့ လောကကြီးမှာရှိတဲ့ လူ့အဖွဲ့အစည်းဝင်တွေအားလုံး တိုး တက်သာယာငြိမ်းချမ်းဖို့ဖြစ်ပါတယ်။ အလ္လာဟ်အတွက်၊ အလ္လာဟ်အတွက်ပြောနေတာ ကျွန်တော် သိပ်ပြီးတော့ နားမလည်ဘူးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ်ရဲ့ဂုဏ်တော်တွေကို နားလည်မှုလွဲမှားနေကြသလား လို့ ကျွန်တော်ခံစားရလို့ပါ။ ဘာကြောင့်လဲဆိုရင် အလ္လာဟ်အရှင်မြတ်ဟာ `ဂနီးယွန်´ပြည့်စုံကုံလုံတဲ့အရှင် ဖြစ် တယ်။ အလ္လာဟ်အရှင်မြတ်ဟာ `ဆွမဒွန်´လိုအပ်ချက်တွေကနေ ကင်းစင်တော်မူသောအရှင်ဖြစ်တယ်။ အလ္လာဟ် အတွက် လူသားတွေလုပ်ပေးရမယ့် တာဝန်တွေဆိုတာမရှိပါဘူး။ အလ္လာဟ်အရှင်မြတ်ဟာ ပြည့်စုံကုံလုံတဲ့အရှင် ဖြစ်ပါတယ်။ လူသားတွေသာလျှင် လိုအပ်ချက်တွေအမြဲရှိနေတဲ့သူတွေ ဖြစ်ပါတယ်။ လူသားတွေဟာ မိမိလိုအပ်ချက် ကို မိမိဖြည့်ဆည်းနေရခြင်းကိုက အလ္လာဟ်ချမှတ်ထားတဲ့တာဝန်တွေ ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ လူကြီးမင်းတို့ အားလုံးသိပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ `လိလ္လာဟ်´ဆိုတဲ့ အသုံးအနှုန်းပါရှိပါတယ်။ လုံးကောက် အဓိပ္ပာယ်ကို ကြည့် မယ်ဆိုရင် `လိလ္လာဟ်´ဆိုတာ အလ္လာဟ်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျမ်းမြတ်ကုရ်အာန်ရဲ့ဝေါဟာရ တစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လုံးကောက်အဓိပ္ပာယ်ကို အခြေခံထားပြီးတော့ အခြားအခြားသော အာယတ်တွေနဲ့ ချိတ်ဆက်စဉ်းစား သုံးသပ်နားလည်ရပါတယ်။ ကျမ်းမြတ်ကုရ်အာန်က အလ္လာဟ်ရဲ့စကားဖြစ်ပါတယ်။ အလ္လာဟ်နဲ့လူသားတွေဆိုတာ ဘယ်လိုမှ နှိုင်းယှဉ် လို့မရပါဘူး။ အလ္လာဟ်ပြောတဲ့ စကားတစ်ခွန်းကို ကျွန်တော်တို့လူတွေ သိထားတဲ့အသိတစ်ခုတည်းနဲ့ အဓိပ္ပာယ် ဖွင့်မယ်ဆိုရင် အလ္လာဟ်ရဲ့ဆိုလိုရင်းကို မရောက်နိုင်ပါဘူး။ တစ်ခါတစ်ခါကျရင် လုံးကောက်အဓိပ္ပာယ်တစ်ခုတည်း နဲ့ဖွင့်ဆိုလိုက်တဲ့အတွက် အလ္လာဟ်ရဲ့ဆိုလိုရင်းနဲ့ အင်မတန်ဝေးကွာသွားတဲ့အပြင် ဆန့်ကျင်ဘက်ပါ ဖြစ်သွားတတ် ပါတယ်။ ကုရ်အာန်အာယတ်တွေကို ချိတ်ဆက်ပြီးတော့ စဉ်းစားသုံးသပ်မယ်ဆိုရင် လိလ္လာဆိုတာ အလ္လာဟ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းစနစ်နဲ့အညီလို့ ကျွန်တော် သဘောပေါက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆူရာဟ် (၅) အာယတ် (၁၂၀)မှာ- “ မိုး၊ မြေ အဲဒီ နှစ်ခုကြားမှာရှိတဲ့ အရာခပ်သိမ်းတို့တွင် အချုပ်အခြာအာဏာဟာ အလ္လာဟ်အတွက် ဖြစ်တယ်။ အလ္လာဟ်ဟာ ခပ်သိမ်းကုန်သော အရာအားလုံးအတွက် စည်းဘောင် သတ်မှတ်ထားပါတယ် ” လို့ဖော်ပြ ထားပါတယ်။ ဒီအာယတ်မှာ `လိလ္လာဟုမွလ်က်´ဆိုတာ အချုပ်အခြာအာဏာဟာ အလ္လာဟ်အတွက် ဖြစ်တယ်။ မိုးနဲ့ မြေ နှစ်ခုကြားမှာရှိတဲ့ ခပ်သိမ်းကုန်သော အရာအားလုံးဟာ အလ္လာဟ်ရဲ့ အချုပ်အခြာအာဏာ သက်ရောက်နေ တယ်။ အလ္လာဟ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းဘောင်ကို မိုး၊ မြေနဲ့ အဲဒီနှစ်ခုကြားမှာရှိတဲ့ ခပ်သိမ်းကုန်သောအရာ တွေဟာ လိုက်နာနေကြရတယ်။ တစ်ခုချင်း တစ်ခုချင်းအတွက် စည်းစနစ်ဘောင်တွေကို အလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားပါတယ်။ ဥပမာ ကမ္ဘာကြီးက မိမိရဲ့ဝင်ရိုးပေါ်မှာ ဘယ်လိုလည်ပတ်ရမယ်၊ တခြားတခြားသော ဂြိုဟ်တွေ၊ နက္ခတ်တာရာတွေကလည်း ဘယ်လိုလည်ပတ်နေရမယ်ဆိုတာ အလ္လာဟ်က စည်းဘောင်သတ်မှတ်ပေး ထားပြီးသားဖြစ်ပါတယ်။ ဒီ စည်းဘောင်တွေဟာ တကယ်တော့ အလ္လာဟ်အရှင်မြတ်ရဲ့ အချုပ်အခြာအာဏာပဲဖြစ်ပါတယ်။ သဘောကတော့ မိုး၊ မြေ၊ နေ၊ လ၊ စကြ၀ဠာ၊ ဂြိုဟ်၊ နက္ခတ်တာရာတွေဟာ အလ္လာဟ်ရဲ့အချုပ်အခြာအာဏာ စည်း ဘောင်အတိုင်း လိုက်နာနေကြတဲ့အတွက် သူတို့ဟာ တည်တံ့နေကြခြင်းပဲ ဖြစ်ပါတယ်။ အလ္လာဟ်ရဲ့ အချုပ်အခြာ အာဏာ စည်းဘောင်နဲ့ နည်းနည်းလေး တိမ်းစောင်းလွဲမှားသွားတာနဲ့ သူတို့ဟာ လုံးဝပျက်စီးသွားမှာ ဖြစ်ပါတယ်။ အဲဒါ အလ္လာဟ်အတွက် (လိလ္လာဟ်)ဖြစ်ပါတယ်။ အလ္လာဟ်အတွက် အချုပ်အခြာအာဏာဆိုတာ သူတို့ရဲ့ တည်တံ့ခိုင်မြဲမှု၊ ရှင်သန်မှုအတွက် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ နောက်တစ်ခါ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၆၊ အာယတ် ၁၆၂မှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)ရဲ့ တာဝန်ကို ဖော်ပြထား ပါတယ်။ “ အို…တမန်တော် ကြေညာလိုက်ပါ။ ငါ့ရဲ့ ဆွလာသ်တည်ဆောက်မှု၊ ငါ့ရဲ့စွန့်လွှတ်မှု၊ ငါ့ရဲ့ရှင်သန်မှု၊ ငါ့ရဲ့သေဆုံးမှုတို့အားလုံးဟာ စကြ၀ဠာခပ်သိမ်းကို ဖြစ်ထွန်းပေါ်ပေါက်စေတဲ့ အလ္လာဟ်အတွက်ပဲ ဖြစ်တယ် ” ကျွန်တော်တို့အားလုံး သိပါတယ်။ တမန်တော်မြတ်ရဲ့ ဆွလာသ်၊ တမန်တော်မြတ်ရဲ့ အစ္စလာမ်လူ့ဘောင် ကို တည်ဆောက်ခဲ့မှု၊ တမန်တော်မြတ်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ အစ္စလာမ်အတွက်ပဲ ဖြစ်တယ်။ အစ္စလာမ် ရဲ့ ရှင်သန်မှုအတွက်ဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းဟာ အလ္လာဟ်အတွက်ဖြစ်တယ်လို့ တမန်တော်မြတ် ကြေညာခဲ့ ခြင်းဟာ တမန်တော်မြတ် ဒီလို တာဝန်တွေကို ထမ်းဆောင်ခဲ့ခြင်းဟာ အလ္လာဟ်အတွက်ဖြစ်တယ်။ အဲဒီလို တာဝန် ထမ်းဆောင်တဲ့အတွက် အစ္စလာမ်ဟာ ကမ္ဘာအနှံ့မှာ ဒီကနေ့အထိ ပြန့်ပွားတည်တံ့နေခြင်းပဲဖြစ်တယ်။ လူသားတွေ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေတယ်။ လူသားတွေကြားမှာ သစ္စာတရားပေါ်ထွန်းလာစေခဲ့တယ်။ ဒါကိုပင် တမန် တော်မြတ်က အလ္လာဟ်အတွက်လို့ပြောခဲ့တယ်။ ဒီအာယတ်ကို လေ့လာကြည့်ရင် အလ္လာဟ်အတွက်ဆိုတာ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ခြင်းဆိုတာ ထင်ရှားပါတယ်။ တမန်တော်မြတ်ရဲ့ လောကခပ်သိမ်း စည်ပင်ဝပြောဖို့ ဆောင်ရွက်ချက်တွေ၊ ဖိနှိပ်ခံ တွေအတွက် စွန့်လွှတ်အနစ်နာခံမှုတွေ၊ တမန်တော်မြတ်ရဲ့ရှင်သန်မှု၊ သေဆုံးမှုဟာ လောကကို ပြုစုပျိုးထောင်တဲ့ အရှင်ရဲ့ စနစ်ဇယားအတိုင်း လိုင်နာခြင်းပဲဖြစ်ပါတယ်လို့ တမန်တော်မြတ်က ကြေညာနေခြင်းပဲ ဖြစ် ပါတယ်။ အလ္လာဟ်က တမန်တော်မြတ်ကို ကြေညာခိုင်းခြင်းပဲ ဖြစ်ပါတယ်။ တမန်တော်မြတ်ဟာ အလ္လာဟ် ကြေညာခိုင်းတ့အတိုင်း ကြေညာခဲ့ပြီး ကြေညာခဲ့တဲ့အတိုင်းလည်း တသွေ မတိမ်း လိုက်နာကျင့်သုံးအကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော် ယခင် ခွတ္တဗာဟ်တွေမှာတင်ပြခဲ့သလို မွတ် ဆလင်မ်ဆိုတာ ပေးဆပ်ခြင်းအတွက် တာဝန်ယူထားတဲ့လူတွေ ဖြစ်ပါတယ်။ ဒီလို ပေးဆပ်မှုတွေမပြုလုပ်ရင် လူ တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆုံးသွားလိမ့်မယ်ဆိုတာကို ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄၇၊ အာယတ် ၃၈မှာ သတိပေးထားပါတယ်။ လူဟာ လိုအပ်ချက်တွေရှိတဲ့တွက် ပေးဆပ်စွန့်လွှတ်မှုများနဲ့ မိမိကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ရမှာဖြစ်ပါ တယ်။ လူဟာ လိုအပ်ချက်တွေရှိတယ်။ ဒီလိုအပ်ချက်တွေကို ရယူခြင်းနဲ့၊ မဖြည့်ဆည်းဘဲနဲ့ မိမိရဲ့ပေးဆပ်မှု၊ မိမိရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ဆောင်ရွက်ပြီး မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်ရမှာဖြစ်ပါတယ်။ ဒီလို ကိုယ်ရည် ကိုယ်သွေးမြင့်တဲ့လူတွေ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ `နာဖ်(စ)´ပိုင်ရှင်တွေမှသာလျှင် `ဂျန္နသ်´ကိုတည် ဆောက်နိုင်မယ့်သူတွေဖြစ်မှာပါ။ အဲဒီလိုဆောင်ရွက်ခြင်းဟာ (မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို မြင့်အောင်ဆောင် ရွက်ခြင်းဟာ) အလ္လာဟ်အတွက်ဖြစ်တယ်လို့ ကျမ်းမြတ်ကုရ်အာန်ကသုံးပါတယ်။ အလ္လာဟ်အတွက် ဆောင်ရွက် ရတာမဟုတ်၊ အလ္လာဟ်ကို ပူဇော်ပသဖို့အတွက် ဆောင်ရွက်ရတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလ္လာဟ်က `ဂနီးယွန်´ဖြစ်တယ်။ `ဆွမဒွန်း´ဖြစ်တယ်။ ဒါကြောင့် အများမွတ်ဆလင်မ်တွေပြောနေတဲ့ အလ္လာဟ်နဲ့ပတ်သက်တဲ့တာဝန် (ဟုကုကူလ္လာ)ဆိုတာ လောကကိုအကျိုးပြုတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။ အများမွတ်ဆလင်မ်တွေက ဆွလာသ်၊ ဇကားသ်၊ ဆွီယာမ်၊ ဟာဂ်ျစတာတွေဟာ အလ္လာဟ့်အတွက်ဆိုပြီး အလ္လာဟ်ကို ပူဇော်ပသခြင်းလို့ ယူဆနေကြမှာစိုးရိမ်လို့ ဒီအကြောင်း ကို တင်ပြရခြင်းပဲဖြစ်ပါတယ်။ လူဆိုတာ လောကကောင်းကျိုးကို ဆောင်ရွက်ရင်းနဲ့ မိမိရဲ့စွမ်းရည်ကိုမြှင့်တင်ရပါမယ်။ ဆွလာသ်၊ ဇကားသ်၊ ဆွီယာမ်၊ ဟာဂ်ျဆိုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်စေခြင်းဟာ လောကကြီး ငြိမ်းချမ်းသာယာမှုကိုဖြစ်စေ သလို လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး (Capacity) တွေ မြင့်မားစေတယ်လို့ အစ္စလာမ်က ခံယူထားပါ တယ်။ ကျွန်တော်တို့ဟာ ဆွလာသ်တွေ တည်ဆောက်ကြတယ်။ ဇကားသ်တွေ ပေးကြတယ်။ ဆွီယာမ်တွေ စောင့် ထိန်းကြတယ်။ ဟာဂ်ျ အကြိမ်ကြိမ်သွားကြတယ်။ ဒါပေမယ့် အဲဒီလို လုပ်နေကြရင်းနဲ့ ကျွန်တော်တို့ရဲ့ (Capacity) တွေ တိုးတက်မလာဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ ငြိမ်းချမ်းမှုပပျောက်ပြီး လုံခြုံမှုတွေကင်းမဲ့လာတယ်။ ဒါဆိုရင် ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းတိုင်းဟာ `လိလ္လာဟ်´ဆိုတဲ့ အလ္လာဟ်ရဲ့ စနစ်ဇယား စည်းဘောင်းအတိုင်း ဖြစ်ပါရဲ့ လား။ တစ်ခုခုများ မှားနေသလား ပြန်လည်စဉ်းစား၊ ဆန်းစစ်ဖို့ လိုပါတယ်။ လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား- `အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးလမ်းစဉ်´ဖြစ်တယ်။ အစ္စလာမ်လူ့အဖွဲ့အစည်းဝင်ဖြစ်တဲ့ မွတ်ဆလင်မ် တွေဟာ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ ကြိုးစားနေကြသူတွေဖြစ်တယ်။ `မုအ်မင်(န်)´ဆိုတာက ငြိမ်းချမ်းရေးဝါဒီ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း ငြိမ်းချမ်းနေပြီး မိမိကြောင့် အခြားသူတွေကိုလည်း ငြိမ်းချမ်းရေးရဲ့ရသကို ခံစားစေ သူတွေကို မုအ်မင်န်လို့ခေါ်ပါတယ်။ အစ္စလာမ်ဟာ ပြုစုပျိုးထောင်ရှင် အလ္လာဟ်နှစ်သက်တဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ပွင့်လေပြီးသမျှသော တရား ကို သိမြင်တဲ့ ဘုရားရှင်တွေအားလုံးဟာ အစ္စလာမ်ရဲ့လမ်းစဉ်ကိုပဲ တစ်စတစ်စ ပြုစုပျိုးထောင်ခဲ့တာ ဖြစ်တယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)လက်ထက်မှာ ပြီးပြည့်စုံတဲ့ အစ္စလာမ်အဖြစ် အလ္လာဟ်အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်။ ဟိုး ကမ္ဘာဦးအစကတည်းက စေလွှတ်ခြင်းခံခဲ့ရတဲ့ တမန်မြတ်တိုင်းဟာ အစ္စလာမ်ရဲ့မျိုးစေ့ကို ချမှတ်ခဲ့ ကြတာဖြစ်တယ်။ နောက်ဆုံး တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)လက်ထက်မှာ အလ္လာဟ်အရှင်မြတ်က အစ္စလာမ် ဟာ ပြီးပြည့်စုံတဲ့လမ်းစဉ်ဖြစ်တယ်။ လူသားတွေ လိုက်နာကျင့်သုံးဖို့ပဲ လိုတော့တယ်ဆိုပြီး အသိအမှတ်ပြုလိုက် တယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄၉၊ အာယတ် ၁၅မှာ အဲဒီ အာယတ်မှာ `မုအ်မင်န်´ဆိုတာ ဘယ်လို အရည် အသွေးတွေနဲ့ ပြည့်စုံနေရမလဲဆိုတာ ဖော်ပြထားပါတယ်။ “ စစ်မှန်တဲ့ သစ္စာတရားကို ပိုင်တဲ့ပိုင်ရှင်တွေ၊ ငြိမ်းချမ်းရေးဝါဒီ မုအ်မင်န်တွေဆိုတာ အလ္လာဟ်နဲ့ အလ္လာဟ်ရဲ့ တမန်တော်မြတ်ကို သံသယကင်းစွာနဲ့ လက်ခံနာယူသူတွေဖြစ်တယ်။ သူတို့ရဲ့ အသက်အိုးအိမ်၊ စည်းစိမ်၊ ချွေးတွေ၊ သွေးတွေကို၊ လောကကို ကောင်းကျိုးပြုရာမှာ `ဂျီဟာဒ်´ စွမ်းစွမ်းတမံ ပြုမူအသုံးချကြတဲ့သူတွေဖြစ်တယ်။ (အလ္လာဟ် ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း စွမ်းစွမ်းတမံ အသုံးပြုခဲ့သူတွေ ဖြစ်တယ်) ” ပြီးတော့ ဆူရာဟ် (၄၉)၊ အာယတ် (၁၇)မှာပဲ “ မင်းတို့ တကယ် သစ္စာဝါဒီတွေ ဖြစ်ချင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မွတ်ဆလင်မ်အဖြစ်နဲ့ပဲ ကျေနပ်မနေကြဘဲ။ မိမိကိုယ်တိုင်လည်း ငြိမ်းချမ်း၊ အခြားသူတွေကိုလည်း မိမိကြောင့် ငြိမ်းချမ်းစေမယ့် ငြိမ်းချမ်းရေးဝါဒီတွေ (မုအ်မင်န်တွေ) ဖြစ်ကြပါ ” လို့ အလ္လာဟ်က လမ်းညွှန်ထားပါတယ်။ အစ္စလာမ် လူ့ဘောင်အဖွဲ့အစည်းမှာပါဝင်တဲ့ လူတွေအားလုံးဟာ မွတ်ဆလင်မ်တွေ ဖြစ်ရမယ်။ `မုအ်မင်န်´တွေ ဖြစ်ရပါမယ်။ လောကကို ကောင်းကျိုးပြုတဲ့ မွတ်ဆလင်မ်တွေ ဖြစ် ရမယ်။ အဲဒီလို ဖြစ်နိုင်ဖို့အတွက်က အလ္လာဟ်အရှင်မြတ်က လူသားတွေကို ရုပ်ပိုင်းဆိုင်ရာတွေကို ပံ့ပိုးပေးထားသ လို၊ စိတ်ပိုင်းဆိုင်ရာတွေကိုလည်း ပံ့ပိုးပေးထားတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့တော့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်တဲ့ သဘာဝရဲ့စည်းမျဉ်းတွေ၊ သဘာဝမှာ ရှိရှိသမျှ အရာအားလုံး လူသားအကျိုးအတွက် အသုံးချနိုင်အောင် စည်းမျဉ်းတွေ ပြဋ္ဌာန်းထားတယ်။ လောကမှာရှိရှိသမျှ သက်ရှိ၊ သက်မဲ့ အရာအားလုံးဟာ လူသားတွေအကျိုးအ တွက် ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ လောကရဲ့ကောင်းကျိုးကို သယ်ပိုးနိုင်တဲ့စွမ်းရည်များရရှိအောင် ကမ္ဘာဦးအစကနေ နောက်ဆုံး တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)အထိ နဗီ၊ ရစူလ်လို့ခေါ်တဲ့ မြန်မာလို နားလည် အောင်ပြောရရင် ဘုရားရှင်တွေကို အလ္လာဟ်က စေလွှတ်ခဲ့ပါတယ်။ ပွင့်လေပြီးသမျှသော နဗီ၊ ရစူလ် အဲဒီ ဘုရားရှင်တွေရဲ့ စစ် မှန်တဲ့ သွန်သင်ဆုံးမချက်များအားလုံးဟာ ကျမ်းမြတ်ကုရ်အာန်မှာ ပါဝင်ပြီးဖြစ်ပါတယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)ရဲ့တာဝန်က ကုရ်အာန်ကို လူသားတို့အား သွန်သင်ပြသရန်ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၃)၊ အာယတ် (၁၆၄)မှာ “ အလ္လာဟ်က ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်နေတဲ့ မုအ်မင်န်တွေဆီကို သူတို့နဲ့ အသွင်တူတဲ့ တမန်တော်တစ်ပါးကို စေလွှတ်ပွင့်ပေါ်စေတော်မူတယ်။ အဲဒီ လူသားတွေကို ကျေးဇူးပြုတော်မူခဲ့တယ်။ အလ္လာဟ်ရဲ့ တမန်တော်က အလ္လာဟ်ရဲ့ ဒေသနာတော်တွေကိုဖတ်ပြခဲ့တယ်။ အဲဒီ ဒေသနာတော်အတိုင်း တမန်တော်ဟာ လိုက် နာကျင့်သုံးလက်တွေ့အကောင်အထည် ဖော်ပြခဲ့ပြီး လူသားတွေကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ကျမ်းတော်မြတ်ရဲ့ သွန်သင်ဆုံးမချက်တွေ၊ အဆုံးအဖြတ်တွေကို တမန်တော်မြတ်က သင်ကြားပေးခဲ့တယ်။ သူတို့သည် ယခင်က ထင် ရှားစွာ လွဲမှားချွတ်ချော်ခဲ့ကြ၏ ” လို့ဖော်ပြထားပါတယ်။ သူတို့ဟာ ယခင်က (တမန်တော်မပွင့်ခင်က) ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဖြစ်တယ်လို့ဆိုပေမယ့် သူတို့ ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ လွဲမှားချွတ်ချော်နေခဲ့တယ်။ ထင်ထင်ရှားရှား လွဲမှားချွတ်ချော်နေတဲ့အတွက် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကိုစေလွှတ်ပြီး ကျမ်းမြတ်ကုရ်အာန်ကိုပါ ချပေးတော်မူခဲ့တယ်။ လူတို့ရဲ့ လွဲမှားချွတ်ချော်နေမှုကို လမ်းမှန်ဖြစ်စေခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ လူ့ဘောင်ဘ၀ကိုလည်း ငြိမ်းချမ်း သာ ယာစေခဲ့တယ်။ တမန်တော်မြတ်တွေ ပွင့်ပေါ်စေခဲ့တာဟာ အလ္လာဟ်အရှင်မြတ်က လူသားတွေကို ကျေးဇူးပြုထား ခြင်းပဲ ဖြစ်တယ်။ အစ္စလာမ် လူ့ဘောင်ရဲ့ထူးခြားချက်က ကျမ်းမြတ်ကုရ်အာန်နဲ့ လူ့ဘ၀တာဝန်ကို ဆောင်ရွက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်ကို ဘယ်လို ပူဇော်ပသရမယ်လို့ မဖော်ပြထားပါဘူး။ လုံးဝ (လုံးဝ)မဖော်ပြထားပါဘူး။ လူသားတွေရဲ့ နေ့စဉ်ဘ၀ဆိုင်ရာ သိရှိအပ်တဲ့ လူ့ လောကရဲ့ သဘာဝနိယာမတွေ၊ သစ္စာတရားအတွက် စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ အဖိနှိပ်ခံတို့ဘက်က ရပ်တည်ခဲ့ကြ တဲ့ တမန်တော်မြတ်တွေရဲ့ စံနမူနာတွေ ကုရ်အာန်ထဲမှာဖော်ပြထားပါတယ်။ လူသားတွေအတွက် အရေးပါလှတဲ့ အိမ်ထောင်မှုဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေ၊ မိဘတွေထံက ဆက်ခံရရှိတဲ့ အမွေနဲ့ပတ်သက်တဲ့ ကျင့်ထုံးတွေ၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ စစ်မက်ရေးရာမှာ ဆောင်ရွက်လိုက်နာရမှာတွေစတဲ့ အသိပညာနဲ့လူမှု ဘ၀ဆိုင်ရာတွေကို ဖော်ပြထားပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်ကိုလေ့လာရင် အစ္စလာမ်ဟာ ဘာသာတရားတစ်ခုအသွင်နဲ့မဟုတ်ဘဲ Way of life လူ့ဘ၀တည်ဆောက်မှု လမ်းစဉ်ဆိုတာပေါ်လွင်ပါတယ်။ ကျွန်တော်တို့ နားလည်ထားတဲ့ ဘာသာ တရားဆိုတာ မိမိကို ပြုစုပျိုးထောင်ထားတဲ့၊ မိမိကို ဖန်ဆင်းထားတယ်လို့ပြောတဲ့ တန်ခိုးရှင်တွေကို ပူဇော်ပသတဲ့ အယူအဆတွေကို ကျွန်တော်တို့က ဘာသာတရားလို့ သိနားလည်ထားကြတယ်။ အဲဒီရှုထောင့်က နေ ကြည့်လိုက် ရင် အစ္စလာမ်ဟာ ဒီလို ဘာသာတရားမဟုတ်ဘူး။ အလ္လာဟ်ကို ပူဇော်ပသတယ်ဆိုတာ မရှိဘူး။ ငြိမ်းချမ်းရေးဝါဒ အစ္စလာမ်က စစ်မက်ရေးရာကျင့်ထုံးတွေကို သွန်သင်လမ်းညွှန်ထားတာနဲ့ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ လူသားတွေကြားမှာ စစ်မက်တွေမဖြစ်ပွားအောင် ဘယ်လိုမှရှောင်လွှဲလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ အသားအရောင်၊ အတွေးအခေါ်၊ အယူအဆ အမျိုးမျိုးကွဲပြားနေတဲ့အတွက် တိုင်းနိုင်ငံအချင်းချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း တစ်ခါတရံ ပွတ်တိုက်မှုတွေဖြစ်လာပြီး စစ်မက်ဖြစ်ပွားသည် အထိ ဖြစ်ခဲ့လာနိုင်ပါတယ်။ ဒီအခါ မသက်ဆိုင်သူများကို မထိခိုက်အောင် စစ်ကိုဆင်နွှဲပြီး ငြိမ်းချမ်းရေးကို ဘယ်လို ရယူမလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကုရ်အာန်မှာ လမ်းညွှန်ထားခြင်းဖြစ်ပါတယ်။ အဲဒီလို ကျမ်းမြတ်ကုရ်အာန်ရဲ့ ညွှန်ကြားချက်တွေကိုကျော်လွန်ပြီး ဒီကနေ့ ကမ္ဘာပေါ်က မွတ်ဆလင်မ်ဆို သူ အများစုက အသစ်ထွင်ပြီး ဆောင်ရွက်နေသမျှဟာ သူတို့ကိုယ်သူတို့ အစ္စလာမ်လို့ကြွေးကြော်နေပေမယ့် ဒါ ဟာ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုပဲဖြစ်ပါတယ်။ အစ္စလာမ်နဲ့ လားလားမှမသက်ဆိုင်၊ မအပ်စပ်ပါဘူး။ ဒီကနေ့ တချို့ က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင့်ကြံသမျှအားလုံးကို အစ္စလာမ်ဆိုတဲ့ ခေါင်းစဉ်တပ်နေပေမယ့် အစ္စလာမ်ရဲ့ သွန် သင်ချက်တွေလို့ အထင်မမှားသင့်ပါဘူး။ ဒါတွေဟာ အစ္စလာမ့်လမ်းစဉ်လို့ မမှတ်ယူသင့်ပါဘူး။ သူတို့ရဲ့ ကျင့်ကြံမှုတွေဟာ တမန်တော်မြတ်ရဲ့သွန်သင်ချက်တွေ ဟုတ်ရဲ့လား။ `လိလ္လာဟ်´ဆိုတဲ့ အလ္လာဟ်ရဲ့စည်းမျဉ်း စည်းကမ်းနဲ့အညီဖြစ်ရဲ့လားဆိုတာ ကုရ်အာန်နဲ့ မှတ်ကျောက်တင်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မှတ်ကျောက်နဲ့ ဆိုရင် ဒီကနေ့ မိမိတို့ကိုယ်မိမိတို့ အစ္စလာမ်ပါလို့ ကြွေးကြော်နေတဲ့(တာလီဘန်)တို့ရဲ့လုပ်ရပ်တွေ၊ (ဘိုကိုဟာရမ်) တို့ရဲ့လုပ်ရပ်တွေဟာ အစ္စလာမ်သွန်သင်ချက်တွေနဲ့ ဆန့်ကျင်သွေဖည်နေတယ်ဆိုတာ ထင်ထင်ရှားရှားမြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ(တာလီဘန်)တွေက အိန္ဒိယတိုက်မှာ ကြီးစိုးနေတယ်။ (ဘိုကိုဟာရမ်)တို့က အာဖရိကတိုက်မှာ ကြီးစိုး နေတယ်။ သူတို့က အမျိုးသမီးတွေကို ယောက်ျားတွေရဲ့အခိုင်းအစေလို့ သဘောထားကြတယ်။ မိန်းမဆိုတာ လင် ယူ၊ သားမွေး၊ ယောက်ျားတွေကို ပြုစုယုယရမယ့်တာဝန်ပဲရှိတယ်လို့ နားလည်ထားကြတယ်။ ဒါတွေဟာ အစ္စလာမ် က သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေလို့ ကမ္ဘာကိုကြေညာနေကြတယ်။ အမျိုးသမီးတွေ ပညာတတ်ဖြစ်ရင် အနောက်တိုင်း အတွေးအခေါ်လွှမ်းမိုးခံရမယ်။ ယောက်ျားတွေကို ကျွန်လိုလုပ်ကျွေးပြုစုမှာ မဟုတ်တော့ဘူးဆိုပြီး စိုးရိမ်သောကရောက်နေကြတယ်။ `မာလာလာ´လို ဆယ်ကျော်သက်အရွယ် မိန်းကလေးကိုတောင် ဦးခေါင်းကို သေနတ်နဲ့တေ့ပြီးပစ်ခဲ့တဲ့ တာလီဘန်တွေရဲ့အကြောင်းကို အားလုံးသိပြီးသား ပါ။ လူကြီးမင်းတို့ စဉ်းစားကြည့်ပါ။ ဦးခေါင်းကို အနီးကပ် သေနတ်နဲ့တေ့ပြီးပစ်ရင် ဒီလူဟာ သေဖို့ကျိန်းသေ သလောက်ပါ။ ဒါပေမယ့် အလ္လာဟ်ရဲ့စီမံချက်ပါ။ တာလီဘန်တွေက သူတို့ ဒီလိုလုပ်လိုက်ရင် လူတွေကြောက်ရွံ့ပြီး သူတို့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေကို လိုက်နာကြလိမ့်မယ်လို့ သူတို့က ထင်နေကြတယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်က ပြောင်းပြန်လုပ်လိုက်တယ်။ အနီးကပ်သေနတ်ပစ်ခံရတဲ့ `မာလာလာ´ဟာ မကြုံစဖူး၊ ထူးထူးကဲကဲ အသက်ရှင်ခဲ့တယ်။ ပါကစ္စတန်နိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ဘ၀ကို ကမ္ဘာကသိ အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဆိုရိုးစကားတစ်ခု ကြားဖူးတယ်။ `လူသားတွေက ကြံစည်တယ်၊ အလ္လာဟ်က စီမံတယ်´ တစ်ခါတစ်ရံ လူသားတွေရဲ့ကြံစည်ချက်ကို အလ္လာဟ် ပြောင်းပြန်ရလဒ်ကို ဖြစ်ပေါ်စေ တယ်။ အခုလည်း နိုင်ဂျီးရီးယားက Chibok မြို့မှာရှိတဲ့ စာသင်ကျောင်းကို မီးရှို့ပြီး ကျောင်းသူနှစ်ရာကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျွန်အဖြစ်ရောင်းစားမယ်။ ဒီမိန်းကလေးတွေက သုံ့ပန်းတွေ။ သုံ့ပန်းဆိုတာ ကျွန်တွေပဲ ဖြစ်တယ်။ ကျွန်စနစ်ဆိုတာ အစ္စလာမ်မှာရှိတယ်။ မွတ်ဆလင်မ်ညီအစ်ကိုအပေါင်းတို့ ငါတို့ရဲ့လုပ်ရပ်ကို ထောက်ခံ ကြပါလို့ (ဘိုကိုဟာရမ်)အဖွဲ့ရဲ့ခေါင်းဆောင်က ကြေငြာခဲ့တယ်။ အစ္စလာမ်က အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘာဝဓမ္မကို ဆည်းပူးလေ့လာ ခြင်းဟာ ပညာဖြစ်တယ်။ အဲဒီလိုပညာရှင်များသာလျှင် လောကကို အလှဆင်နိုင်ပြီး လောကမှာ ရှင်သန်နေနိုင်ကြ မယ်။ လောကရဲ့ သစ္စာဝါဒီတွေဖြစ်ကြမယ်လို့ ဆူရာဟ်(၃၅) အာယတ်(၂၇ နှင့် ၂၈)မှာ ပညာနဲ့ပတ်သက်ပြီး ဖော်ပြထားပါတယ်။ ပထမဦးဆုံး ပို့ချခဲ့တဲ့လမ်းညွှန်ချက်ဝဟီလို့ မွတ်ဆလင်မ်အများစုက လက်ခံထားကြတဲ့ (၉၆း၁-၅)မှာ- လူသားတိုင်း ကျား၊ မ မရွေး ဖတ်မှတ်လေ့လာဆည်းပူးဖို့ တိုက်တွန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ “ မိခင်ရဲ့သားအိမ်မှာ မျှော့သဏ္ဍာန်အရာမှ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့လူသားဟာ ဖတ်မှတ်ဆည်းပူးလေ့ လာနေရမယ်။ အလ္လာဟ်က လူသားကို ကလောင်ဖြင့် သင်ကြားပြသပေးခဲ့တယ်။ ” ပထမဦးဆုံး တမန်တော်မြတ် အပေါ် ကျရောက်စေတဲ့အာယတ်မှာ အလ္လာဟ်အရှင်မြတ်က ပညာကို သူကိုယ်တိုင် ကလောင်နဲ့သင်ကြား ပေးနေတယ်လို့ ပြောနေတာကို ကျွန်တော်တို့က အမျိုးသမီးတွေ ပညာသင်ကြားခွင့်မရှိဘူးလို့ တားမြစ်နေခြင်းဟာ ကျွန်တော်တို့က အလ္လာဟ်ကို ဆရာလုပ်နေတာများလား။ အမျိုးသမီးတွေ ပညာတတ်ရင် ပျက်စီးကုန်လိမ့် မယ်။ အနောက်တိုင်းအတွေးအခေါ်တွေဝင်လာပြီး မကောင်းမှုဒုစရိုက်တွေ ပြုလုပ်လာလိမ့်မယ်လို့ ပြောနေထင်နေ ကြတာဟာ အလ္လာဟ်က သူတို့လောက် နားမလည်ဘူး၊ သူတို့လောက် မသိဘူးလို့ပြောပြီး အလ္လာဟ်ကို ပညာများ ပြန်သင်ပေးချင်ကြသလား မသိဘူး။ `မာလာလာ´က (ဘိုကိုဟာရမ်)ရဲ့လုပ်ရပ်တွေဟာ အစ္စလာမ်ရဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေအားလုံးက အသံတိတ်မနေဘဲ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြပါလို့ ကြေကွဲ ၀မ်းနည်းစွာ ကမ္ဘာကို ပန်ကြားခဲ့ပါတယ်။ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (OIC) ကလည်း ဘိုကိုဟာရမ်ရဲ့လုပ်ရပ်တွေဟာ တမန်တော်မြတ်ရဲ့သွန်သင်ချက်တွေနဲ့ ဆန့်ကျင်ဖီလာဖြစ်နေတယ်လို့ ထုတ်ပြန် ကြေငြာပြီး အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ကုရ်အာန်ကို လေ့လာနေတဲ့ ကျွန်တော်တို့ကလည်း ဒီလိုလုပ်ရပ်မျိုးတွေ ကျွန်တော်တို့ပတ်ဝန်းကျင်၊ နေရာဒေသ၊ နိုင်ငံတွေမှာ၊ ကမ္ဘာမှာမဖြစ်အောင် အူထဲအသဲထဲကနေ ကန့်ကွက်ကြရမှာဖြစ်ပါတယ်။ ကုရ်အာန်ရဲ့အသိတရား အစစ်အမှန်တွေကို လူသားတွေနားလည်သဘောပေါက်လာအောင် ပြုလုပ်ပေးကြရမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား- အစ္စလာမ်လူ့အဖွဲ့အစည်းထဲကို ၀င်မယ်ဆိုရင် မွတ်ဆလင်မ်ဖြစ်ရမယ်။ မုအ်မင်န်ဖြစ်ရမယ်။ ဒါမှသာလျှင် စစ်မှန်တဲ့အောင်မြင်မှုကိုရဖို့ ကျိန်းသေမယ်လို့ အလ္လာဟ်က ကတိပေးထားတယ်။ ဒါပေမဲ့ မွတ်ဆလင်မ်သာလျှင်၊ မုအ်မင်န်သာလျှင် မြင့်မြတ်တယ်၊ မွတ်ဆလင်မ်၊ မုအ်မင်န်မဟုတ်တဲ့လူတွေဟာ နိမ့်ကျတဲ့လူတွေလို့ သတ်မှတ် ခြင်းကို အလ္လာဟ်က လုံးဝလက်မခံပါဘူး။ မွတ်ဆလင်မ်ဖြစ်ရင်၊ မုအ်မင်န်ဖြစ်ရင် မတူကွဲပြားခြားနားတဲ့ အခြား သောလူ့အဖွဲ့အစည်းတွေကိုလည်း နားလည်လက်ခံပေးရမှာ ဖြစ်ပါတယ်။ သူတို့နဲ့အတူတွဲပြီးတော့ လောကရဲ့ ငြိမ်းချမ်းသာယာမှုကို တည်ဆောက်နိုင်ရမယ်။ ဒါဟာ မွတ်ဆလင်မ်၊ မုအ်မင်န်တွေရဲ့ တာဝန်ဖြစ်တယ်။ မုအ်မင်န်၊ မွတ်ဆလင်မ်တွေက ငါတို့နဲ့မတူညီရင် ကာဖီရ်၊ ဂျဟန္နမ္မီတွေ၊ ငရဲလားမယ့်လူတွေပါလို့ သဘော ထားခြင်းဟာ လူ့လောက ပျက်စီးစေခြင်းဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၄၉)၊ အာယတ် (၁၁)မှာ- “ အို…မုအ်မင်န် ငြိမ်းချမ်းရေးဝါဒီတို့ လူ့အဖွဲ့အစည်းတစ်ခုက အခြားလူ့အဖွဲ့အစည်းတစ်ခုကို မလှောင် ပြောင်ကြနှင့်။ အလှောင်ခံရသူက ပို၍ကောင်းမွန်သည့် လူ့အဖွဲ့အစည်းဖြစ်နေနိုင်ပေသည်။ အမျိုးသမီးများသည် လည်း အခြားအမျိုးသမီးများကို မလှောင်ပြောင်ကြလေနှင့်။ အလှောင်ပြောင်ခံရသူ အမျိုးသမီးက ပို၍ကောင်းမွန်သူ ဖြစ်နေနိုင်ပေသည်။ လူအချင်းချင်း သိက္ခာမချကြနှင့်၊ နာမည်မဖျက်ကြလေနှင့်။ ငြိမ်းချမ်းရေးဝါဒီ (မုအ်မင်န်)ဖြစ်သူ များက နာမည်ဖျက်ခြင်းသည် ယုတ်မာမှုပင်ဖြစ်လေသည်။ အမှားကိုသိပြီး အမှန်ကိုပြင်ကြလော့။ ဧကန်ပင် အလ္လာဟ် သည် သင်ပုန်းချေပေးတော်မူသောအရှင်၊ အကြင်နာရှင်ပင် ဖြစ်ပေသတည်း ” (၄၉း၁၁) ကျနော်တို့က ငါတို့က မုအ်မင်န်တွေ အခြားသူတွေက မိစ္ဆာဒိဌိတွေဆိုပြီး မကဲ့ရဲ့ကြနဲ့၊ မလှောင်ပြောင်ကြ နဲ့။ အဲဒီလိုကဲ့ရဲ့ခံရတဲ့သူတွေဟာ မင်းတို့ထက် ကောင်းမွန်မြင့်မြတ်တဲ့ လူအဖွဲ့အစည်းဝင်တွေ ဖြစ်နိုင်တယ်နော်လို့ ကုရ်အာန်မှာ သတိပေးတားမြစ်ထားပါတယ်။ ငါတို့က မုအ်မင်န်တွေပဲဆိုပြီး ဘ၀င်မမြင့်ကြနဲ့။ သိပ်ပြီးမြောက်မနေ ကြနဲ့လို့ အလ္လာဟ်က သတိပေးထားတာပါ။ မုအ်မင်န်လူ့အဖွဲ့အစည်းကို သတိပေးပြီးတဲ့နောက် အမျိုးသမီးတွေကိုလည်း အလားတူ သတိပေးထားပါ တယ်။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ပြောပြီးပါလျက် အမျိုးသမီးတွေကို လေးလေးနက်နက် ထပ်မံသတိပေးတဲ့ အတွက် အမျိုးသမီးတွေကို ပိုပြီးယုတ်မာတယ်လို့၊ စွပ်စွဲတာပါလို့၊ အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတာပါလို့ အထင်မမှားစေချင်ပါဘူး။ ကုရ်အာန်က လောကရဲ့သဘောသဘာဝကို တင်ပြထားသလို အမျိုးသား၊ အမျိုးသမီးတို့ ရဲ့သဘောသဘာဝကိုလည်း ထင်ဟပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ တစ်ပါးသူကို ကဲ့ရဲ့လှောင်ပြောင်တတ်တဲ့ သဘာဝမှာ အမျိုးသမီးတွေမှာ ပိုပြီးထင်ရှားပါတယ်။ အရှိကိုအရှိအတိုင်းလက်ခံပြီး ထိန်းသိမ်းတတ်ဖို့သာ လိုအပ်ပါ တယ်။ မိမိအားနည်းချက်ကိုပြုပြင်နိုင်ရင် ယောက်ျားတွေထက်သာတဲ့ မိန်းမဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ စကားအလျဉ်းသင့်လို့ အမျိုးသမီးအခွင့်အရေး တောင်းဆိုနေတဲ့သူတွေကိုပြောချင်ပါတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ လူအချင်းချင်း အတူတူပါ။ ဘယ်သူကမှ ဘယ်သူ့ထက် မြင့်မြတ်တယ်ဆိုတာမရှိပါဘူး။ ယောက်ျားတွေမရှိရင် မိန်းမဖြစ်လာဖို့မရှိသလို မိန်းမတွေမရှိဘဲနဲ့လည်း ဘယ်လူသား၊ ဘယ်ယောက်ျားမှ ဖြစ်လာ နိုင်တာမဟုတ်ပါဘူး။ လောကကောင်းကျိုး သယ်ပိုးကြရာမှာ ထမ်းဆောင်နိုင်တဲ့တာဝန်တွေ ကွဲပြားခြားနားနေခြင်း ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြုစုပျိုးထောင်ရာမှာ အမျိုးသမီးတွေက ယောက်ျားသားတွေထက် သာလွန်ပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့မေတ္တာစိတ်ကြောင့် လူတစ်ဦးချင်းကနေ နိုင်ငံတစ်နိုင်ငံလုံး အပြောင်းလဲကြီး ပြောင်းလဲနိုင်ပါတယ်။ ယောက်ျားသားတွေကတော့ ပြုစုပျိုးထောင်ထားတဲ့ လူတစ်ဦးချင်းကို စုစည်းထားတဲ့အဖွဲ့ အစည်းကို ဦးဆောင်တဲ့နေရာမှာ ပိုပြီးထူးချွန်ပါတယ်။ ဒီလိုပြောလို့ ဘယ်လိုမိန်းမတွေကမှ လူ့အဖွဲ့အစည်းကို ဦးမဆောင်နိုင်ဘူး၊ ဘယ်လိုယောက်ျားတွေကမှ လူတစ်ဦးချင်းကို မပြုစု မပျိုးထောင်နိုင်ဘူးလို့ ပြောနေတာမဟုတ်ပါ။ ယေဘုယျအားသာချက်တွေကို ပြောပြနေ တာပါ။ ကြိုးစားရင် မိန်းမတွေထဲကလည်း လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်သူများ ပေါ်ထွန်းနိုင်ပါတယ်။ အင်ဒီရာဂန္ဓီလို၊ မာဂရက်သက်ချာလို၊ အိန်ဂျလာမာကယ်လို၊ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်း ဆောင်တွေဖြစ်နိုင်ပါတယ်။ အမျိုးသားတွေနဲ့နှိုင်းယှဉ်ပြီး အမျိုးသမီးအခွင့်အရေး ပေးပါဆိုပြီးတောင်းနေတာထက် မိမိတို့လည်း တတ်စွမ်းနိုင်ပါတယ်ဆိုတာကို လုပ်ဆောင်ပြပါ။ ယောက်ျားသားတွေ ဆောင်ရွက်နိုင်တာထက် သာလွန်ကြီးမားတဲ့တာဝန်ကြီးတွေကို ထမ်းဆောင်ခွင့်ရလာနိုင်ပါတယ်။ ကြီးကျယ်တဲ့ယောက်ျားသားတွေနောက်မှာ ထူးချွန်ထက်မြတ်တဲ့ မိန်းမသားတွေရှိနေပါတယ်။ ဒီလိုပဲ ကြီး ကျယ်တဲ့မိန်းမသားတွေဟာလည်း ထူးချွန်ထက်မြတ်တဲ့ ယောက်ျားသားတွေရဲ့ ပါရမီဖြည့်ဆီးမှုကို လိုအပ်ပါတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ နေနဲ့ကမ္ဘာလိုပါ။ နေမရှိဘဲနဲ့ ကမ္ဘာမဖြစ်လာဘူး။ ကမ္ဘာမရှိရင်လည်း နေဟာ တန်ဖိုးမဲ့ပါ။ ဒီလိုသဘောသဘာဝကို သိရှိနားလည်ပြီး အမျိုးသားလည်း အမျိုးသားအလျောက် အမျိုးသမီးလည်း အမျိုးသမီး အလျောက် လူ့လောကအကျိုးပြုနိုင်တဲ့ တာဝန်တွေကို ထမ်းရွက်တတ်ဖို့လိုပါတယ်။ (၄၉း၁၁)က လူ့အဖွဲ့အစည်းနဲ့ အမျိုးသမီးများကို သတိပေးပြီးနောက် ငြိမ်းချမ်းရေးဝါဒီ မုအ်မင်န်တစ်ဦး ချင်းကို အထူးထပ်မံတားမြစ်တာကတော့ တစ်ဦးကိုတစ်ဦး လေးစားစွာဆက်ဆံဖို့ နာမည်ဖျက်နဲ့မခေါ်ဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဝါဒီ (မုအ်မင်န်)ဆိုရင် ဒီလိုယုတ်မာတဲ့အကျင့်ကို မကျင့်ဖို့ လေးလေးနက်နက်တားမြစ်ပါတယ်။ ဆက် လက်ပြီး (၄၉း၁၂)မှာ `ထင်မြင်ယူဆချက်တွေကို အားမကိုးဖို့၊ ထင်မြင်ယူဆချက်ဆိုတာဟာ လူ့အရည်အသွေးကို ကျဆင်းစေတဲ့ မကောင်းမှုပါလို့ နက်နက်နဲနဲနဲ့ အသိပေးထားပါတယ်´ လေးစားအပ်ပါသော ညီနောင်သားချင်း မောင်နှမများခင်ဗျား- တာလီဘန်တို့၊ ဘိုကိုဟာရမ်တို့လည်း အစွန်းရောက်အဖွဲ့တွေက အလ္လာဟ်က လေ့လာဆည်းပူးပါလို့ တိုက်တွန်းထားတဲ့ ပညာရေးကို တားမြစ်ကြတယ်။ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံကြတယ်။ ဒီလိုလုပ်ရပ် တွေကြောင့် သူတို့ကို ကမ္ဘာ့လူ့အဖွဲ့အစည်းအားလုံးက အော့နှလုံးနာဖွယ်၊ ရွံရှာဖွယ်အဖြစ် သိမြင်လာနေကြပါပြီ။ သူတို့လိုအစွန်းရောက်လုပ်ရပ်တွေ ကမ္ဘာရဲ့ဘယ်နေရာမှာမှ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့ နေ့ရက်တွေရောက်လာ အောင် ကုရ်အာန်ရဲ့ စစ်မှန်တဲ့သတင်းစကားတွေကို ကျွန်တော်တို့ တတ်စွမ်းနိုင်သလောက် ဖြန့်ချိပေးကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ငြိမ်းချမ်းသာယာတဲ့လောကကြီးအတွက် အေးမြတဲ့ အစ္စလာမ်လေပြေလေညှင်းလေးကို ကမ္ဘာသူကမ္ဘာသားများ ခံစားနိုင်ကြမှာပါ။ လူတိုင်း အစွန်းရောက်အတွေးအခေါ်များမှ ကင်းဝေးစွာ ရပ်တည်နိုင် ကြပါစေ ။ ။