Ramdan Evaluation ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
Ramdan Evaluation
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား
အခုလိုမျိုး သောကြာဆွလားသ်နဲ့ ခွတ္တဗာဟ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ကို အထူးကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်အနေနဲ့ ကြွရောက်လာကြ တဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း လူကြီးမင်းများအားလုံးအပေါ်သို့ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေကြောင်း ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု
ဒီကနေ့ ကျွန်တော်တင်ပြဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဉ်က Ramadan Evaluation တနည်းအားဖြင့် ရမဒွါန်စစ်တမ်း ပေါ့။ ကျွန်တော်တို့ အလုပ်တစ်ခုခု၊ လုပ်ပြီးပြီဆိုတာနဲ့ အဲဒီအလုပ်နဲ့ပတ်သက်လို့ အကျိုးကျေးဇူး ဘယ်လောက်ရှိသလဲ။ ဘယ်လောက်ရလိုက်သလဲ။ ဘယ်လောက် တည်တံ့အောင် ထိန်းသိမ်းနိုင်သလဲ။ ဒါတွေကို သုံးသပ်ကြည့်ရအောင်ဆိုတဲ့ စိတ်ကူးရတဲ့အတွက် ဒီခေါင်းစဉ်ကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က အခုဆိုရင် ရမဒွါန်ပြီးသွားပြီ။ တကယ်ဘဲ အလုပ်ဖြစ်ခဲ့ရဲ့လား။ လိုချင်တဲ့ပန်းတိုင်ကို တကယ်ဘဲ ရောက်ခဲ့ရဲ့လား။ ကျွန်တော်တို့က် အီးဒ်ကို ကျော်ပြီးတာနဲ့ မေ့သွားရော။ ရမဒွါန်မှာ ကျော်ဖြတ်ခဲ့တာတွေလည်း အတွေးထဲမှာ မရှိတော့ဘူး။
ကျွန်တော်တို့ ဘာသာရေးအသိုင်းအဝိုင်းမှာရှိတဲ့ စကားတစ်ခွန်းက ရမဒွါန်ပြီးတာနဲ့ ရှိုင်တွာန်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီတဲ့။ ရှိုင်တွာန်က ရမဒွါန်မှာ ထောင်တစ်လကျတယ်လို့ ပြောကြတယ်လေ။ ဘာသာရေး ရှုထောင့်ကကြည့်ရင် ရမဒွါန်တစ်လမှာ အများကြီး ထိန်းထိန်းသိမ်းသိမ်းရှိတယ်။ ရမဒွါန်ပြီးတာနဲ့ ရှိုင်တွာန်တွေနဲ့ နှစ်ပါးသွား ရမယ်ဆိုတဲ့ အိုင်ဒီယာ မက်ဆေ့ချ်မျိုးက ကျွန်တော်တို့ သင်ယူလာခဲ့တဲ့လမ်းကြောင်း တစ်လျှောက်မှာ ရှိခဲ့တယ်။ ရမဒွါန်လမှာ တောင် တစ်ချို့က ဆွီယာမ်ဥပုသ်ကို အကြောင်းမဲ့ပျက်ကွက်တာ၊ ပြစ်မှုဒုစရိုက်ကျူးလွန်တာတွေ ရှိတယ်။ ဒါက တော်တော် ဆိုးဝါးတာပေါ့လေ။ ဘာလို့လဲဆိုတော့ ရှိုင်တွာန်မရှိတာတောင် ဒီလောက်ဆိုးဝါးနေတယ်ဆိုတော့ ရှိုင်တွာန်သာရှိလို့ကတော့ ပိုပြီးဆိုးမှာဘဲ။
အဲဒီတော့ ရမဒွါန်မှာ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့သလဲဆိုတာ နည်းနည်းလေး Review လုပ်ကြည့်မယ်။ ရမဒွါန် တစ်လလုံး အမလ်၊ အိဗာဒသ်တွေလုပ်ခဲ့ကြတယ်။ အဲဒီထဲမှာ ဘာတွေပါလဲဆိုရင် ဆွလားသ်ဝတ်ပြုမှုတွေ ပါတယ်။ နေ့စဉ် ပုံမှန် ဆွလားသ်ထက်ကို ပိုလုပ်ကြတယ်။ သာရာဝီ ဆွလားသ်၊ သဟ်ဂျွဒ်ဆွလားသ် စတဲ့အများကြီးသော ဆွလားသ်တွေကို ပြုလုပ်ကြတယ်။ ပြီးရင် ကုရ်အာန်သေလာဝသ်တွေ လုပ်ကြတယ်။ ကုရ်အာန် သေလာဝသ်လုပ်တာမှာ နှစ်ပိုင်းရှိတယ်။ တစ်ချို့က ကုရ်အာန်ကို အဓိပ္ပါယ်နားလည်စွာနဲ့ ရွတ်ဖတ်ပြီး၊ သေလာဝသ်လုပ်တယ်။ ဒီလမှာ ကုရ်အာန်ဘာသာပြန်ကို တစ်လုံး သေလာဝသ်လုပ်ဆိုတဲ့ ခံယူချက်ထားတဲ့ လူတွေလည်း ရှိတယ်။ တစ်ချို့က ဘာသာပြန်မဖတ်ဘဲ ကုရ်အာန်မူရင်း အရဗီအတိုင်းဘဲ တစ်ခသမ်ဖြစ်အောင်လုပ်ကြတယ်။ ဒါက ဘယ်လိုဖြစ်ဖြစ် ကောင်းမှုကုသိုလ်လုပ်တဲ့ စာရင်းထဲမှာပါတယ်။ နောက်ပြီးတော့ ဇိကိရ်တွေလုပ်တယ်။ နယ်ပယ် အသီးသီးကလူတွေက ဇိကိရ်တွေလုပ်တယ်။ ဘယ်လို မဇ်ဟဗ်ဘဲဖြစ်ဖြစ်၊ ဘယ်လိုဂိုဏ်းဂဏဘဲဖြစ်ဖြစ် ဇိကိရ်တွေရှိတယ်။ နောက်တစ်ခုက ဇကားသ်ပေးတယ်။ ဒါကတော့ သတ်မှတ်ထားတဲ့ ငွေကြေးအတိုင်းအတာတစ်ခု ပြည့်မီတဲ့ လူတွေ ပေးတာပေါ့။
အလှူဒါနတွေ လုပ်တယ်။ ပြီးတော့ ကိုယ်ကျင့်သီလကို အထူးစောင့်ထိန်းကြတယ်။ တတ်နိုင်သလောက် လိမ်မပြော ဘူး။ မှန်မှန်ကန်ကန် စီးပွားရေးလုပ်တယ်။ စီးပွားရေးသမားတစ်ယောက် ကျွန်တော်တွေ့ဘူးတယ်။ သူကဈေးရောင်းတယ်။ သူက အရောင်းကျွမ်းကျင်တယ်။ စကားပြောကောင်းတယ်။ ဒါပေမယ့် ရမဒွါန်လမှာ သူမရောင်းဘူး။ သူကောင်တာမှာ ဘဲ ထိုင်နေတယ်။ ဝန်ထမ်းတွေဘဲ ရောင်းတယ်။ ကျွန်တော်နဲ့ ရင်းနှီးတော့ မေးကြည့်တယ်။ ဘာလို့ ကိုယ်တိုင်မရောင်း သလဲပေါ့။ ဘာဖြစ်လို့ မရောင်းသလဲဆိုရင် လိမ်ရတာတွေ၊ လင်္ကာချောအောင်မုသားသုံးရတာတွေ ပါနေတော့ ရမဒွါန်လမှာ မဖြစ်ဘူးတဲ့။ မွတ်စလင်မ်တွေ ဂရုစိုက်တာကို ပြောတာပါ။ သူပြောတာကို နားထောင်ပြီးတော့ နောက်ဆို လမ်းသွားရင်တောင် ကျွန်တော်သတိထားသွားတယ်။ မျဉ်းကြားက မကူးရင် စည်းကမ်းဖောက်တာလဲလေ။ ဝါများပျက်သွားမလား။ တွေးကြည့်တာ ပေါ့။ စည်းကမ်းတွေ အများကြီးရှိတယ်။ အဲဒီစည်းကမ်းတွေကို ဖောက်ဖျက်ရင် ဒါက ကိုယ်ကျင့်သီလပျက်စီးစေတာဘဲလေ။ ပျက်စီးတယ်ဆိုလိုရှိရင် ဆွီယာမ်ဥပုသ်သီလ စောင့်ထိန်းခြင်းကို မထိခိုက်နိုင်ဘူးလား။ ကျွန်တော့်အတွေးပါ။ လူကြီးမင်းများ လည်း စဉ်းစားကြည့်ပါ။
နောက်တစ်ခုက အစ္စလာမ့်သမိုင်းဆိုင်ရာ ဘာသာရေးဆိုင်ရာ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုကြတယ်။ နောက်တစ်ချက်က ပလီတိုင်းလိုလိုမှာ တရားဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အဲဒါတွေကို ကျွန်တော်တို့က ရမဒွါန်တစ်လလုံးမှာ လုပ်ခဲ့ကြတယ်။ အခုရမဒွါန် ပြီးပြီ။ ရမဒွါန်လမှာ ထိန်းသိမ်းခဲ့တဲ့ ကိုယ်ကျင့်သီလနဲ့ပတ်သက်တဲ့ ကိစ္စတွေ ဆက်စောင့်ထိန်းကြမှာလား။ စောစောကပြောတဲ့ ဈေးရောင်းတဲ့လူလိုပေါ့။ သူရမဒွါန်ပြီးပြီဆိုတော့ ဈေးပြန်ရောင်းတော့မယ်။ သူပြောသလို မုသားမပါ လင်္ကာမချောဆိုတဲ့ အတိုင်း သူလုပ်မှာလား။
ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုဆက်လက်ထိန်းသိမ်း ရမှာလဲ။ တစ်နှစ်ပတ်လုံး ဆွီယာမ်ဥပုသ်သီလ ဆောက်တည်ရမှာလား။ အဲဒီလိုလည်း မဟုတ်သေးဘူး။ ကျွန်တေ်ာတို့ကို အလ္လာဟ်အရှင်မြတ်က ဆွီယာမ်ဥပုသ်သီလ ဆောက်တည်ဖို့အတွက် ရည်ရွယ်ချက် ခိုင်ခိုင်မာမာ ပေးထားတယ်။ ကျန်တဲ့ ၁၁ လမှာ ဆွီယာမ်ဥပုသ်သီလ စောင့်ထိန်းဖို့ မလိုဘူး။ ဒါဘေယ်လို အမလ်၊ အေဗာဒသ်တွေ လုပ်ခဲ့သလဲ။ ဘာတွေဆောင်ပြီး၊ ဘာတွေရှောင်သလဲ အဲဒီ အမူအကျင့်တွေကို ကျန်တဲ့ ၁၁ လကို Carry On လုပ်ရမယ်။
ဆွီယာမ်ရဲ့အနှစ်သာရနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၈၃ မှာ (အို အီမာန်သက်ဝင်ယုံကြည်သူ အမျိုးသားအပေါင်းတို့) ဒီနေရာမှာ အားမနူလို့သုံးထားပြီး အာမီနားသ် လို့ မသုံးထားတော့ ဒီဆွီယာမ်ဥပုသ်သီလ ဆောက်တည်ဖို့ အတွက် အမျိုးသားတွေမှာဘဲ တာဝန်ရှိတာလား။ ကျွန်တော်အဲဒီလို မေးခွန်းထုတ်ရင် ဘယ်သူကမှ ဟုတ်ပါတယ်လို မဖြေဘူး။ အလ္လာဟ်က အမျိုးသားတွေကိုဘဲ ရည်ရွယ်ပြီး ပြောထားပေမယ့် ဒီအရဗီ ဘာသာစာပေဝေါဟာရရဲ့ အဓိပ္ပါယ်က အမျိုးသားရော၊ အမျိုးသမီးရော အကုန်ပါတယ်။ နိုင်ငံတော်က အမျိုးသား အမှတ်လက္ခဏာလို့ သတ်မှတ်တာရှိတယ်။ အမျိုးသားနေ့ ဆိုတာရှိတယ်။ ပြောချင်တာက National ဆိုတဲ့ ဝေါဟာရရဲ့ သဘောသဘာဝကို ပြောတာ။ (အသင်တို့ အပေါ်မှာ ငါအရှင်က ဆွီယာမ်ဥပုသ်သီလ ဆောက်တည်ဖို့ ပြဌာန်းလိုက်ပြီ။)
အဲဒီလိုမျိုး အာယသ်မျိုး စူရာဟ် ဂျူမာဟ်မှာပါတယ်။ (အို အီမာန်သက်ဝင်ယုံကြည်သူ အမျိုးသားအပေါင်းတို့ အသင်တို့ ပလီက ဖိတ်ခေါ်သံကြားရင် အလုပ်တွေကို လွှတ်ပြီး ပလီကို အမြန်လာကြပါ။) ဘာဖြစ်လို့ အမျိုးသမီးတွေ မလာကြ တာလဲ။ အမျိုးသမီးတွေမှာ တာဝန်မရှိဘူးလား။ စဉ်းစားဖို့ပါ။ မလာရင် တာဝန်ပျက်ကွက်မှုစာရင်းထဲမှာပါမယ်။ အပေါ်က ဆွီယာမ်နဲ့ ပတ်သက်တဲ့ အာယသ်မှာ အမျိုးသမီးတွေလည်း ဆွီယာမ်ဆောက်တည်ဖို့ တာဝန်ရှိတယ်လို့ ယူဆမယ်ဆိုရင် ဂျူမုအာဟ်နဲ့ပတ်သက်တဲ့ အာယသ်မှာလည်း ဒီအတိုင်းဘဲ ဖြစ်ရမယ်။ ဘာချွင်းချက်မှ မရှိစေရဘူး။ အမျိုးသမီးများမှအပ လို့မရေးထားဘူး။ ကုရ်အာန်အာယသ်တွေကို ချိတ်ဆက်ပြီး လေ့လာမယ်ဆိုရင် အမျိုးသမီးတွေမှာလည်း တာဝန် ရှိတယ်ဆိုတာ တွေ့ရပါမယ်။ ကျန်းမာရေးနဲ့ အခြေအနေတစ်ခုခုကြောင့်မှအပ ပလပ်ခွင့်မရှိပါဘူး။
အဲဒီတော့ အလ္လာဟ်က ကျွန်တော်တို့ကို ဘာကြောင့် ဆွီယာမ်ဥပုသ်သီလ ဆောက်တည်ခိုင်းရတာလဲ။ ဘာလို့ အချိန်တစ်ခုအတွင်း အစာငတ်ခံခိုင်းထားရတာလဲ။ ဆရာဝန်တွေ ပညာရှင်တွေ လေ့လာတွေ့ရှိချက်အရကတော့ ရမဒွါန်လရဲ့ ဆွီယာမ်တည်ဆောက်ခြင်းဖြင့် ကျန်းမာရေး ဘယ်လိုကောင်းကြောင်းတွေကိုတော့ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီလောက် လေးနဲ့ အလ္လာဟ်က ခိုင်းတာမဟုတ်ဘူး။ အလ္လာဟ်က သူလိုချင်တဲ့ ပုံစံ၊ သူဖြစ်စေချင်တဲ့ ပုံစံကို ဒီအာယသ်မှာဘဲ ပြောထား တယ်။ (လအလ္လကွန်းမ်၊ သသ်သကူးန်) အဓိပ္ပါယ်က သက္ကဝါတရားရရှိဖို့ဖြစ်တယ်။ ဒါကြောင့် သက္ကဝါဘာလဲဆိုတာ ကျွန်တော် တို့ လေ့လာဖို့လိုအပ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့က သက္ကဝါရှင်ကြီးတွေဆိုရင် ဘယ်လိုထင်မြင်ယူဆထားကြပါ သလဲ။ ဘယ်လိုအနေအထားမျိုးကို လက်ခံထားကြပါသလဲ။ ကမ္ဘာပေါ်မှာ သက္ကဝါအမြင့်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ပလီထဲမှာပဲ ရှိနေမယ်ပေါ့။ ပလီထဲမှာ နမားဇ်နဲ့ ကလာမ်နဲ့ ဇိကိရ်နဲ့ အမလ် အီဗာဒသ်နဲ့ ရှိနေမယ်ပေါ့။ အဲလိုပဲထင်နေကြတယ်။
ဒါပေမယ့် ကုရ်အာန် စူရာဟ် ဂျူမုအာဟ်မှာ အလ္လာဟ်က ဘယ်လိုလမ်းညွှန်ထားသလဲ။ သောကြာနေ့ ဂျူမုအာဟ် ဆွလားသ်ပြီးတာနဲ့ ပြန်ကြ၊ စီးပွားရေးပြန်လုပ်လို့ ပြောတယ်။ ပလီထဲမှာဘဲ ထိုင်နေပါလို့ ပြောမထားဘူး။ အဲဒီတော့ များသော အားဖြင့် သက္ကဝါရှင်ဆိုတာ ကျွန်တော်တို့က ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲမှာပဲ မြင်ကြတယ်။ ရမဒွါန်လမှာလည်း အဲဒီလိုဘဲ မြင်ပြီး အဲဒီပုံစံအတိုင်းဘဲနေကြတယ်။ အားလုံးကောင်းပါတယ်။ ကျွန်တော်က မကောင်းဘူးပြောနေတာ မဟုတ်ပါ ဘူး။ ဒါပေမယ့် အခု ရမဒွါန်လည်းပြီးပြီ။ ပလီထဲကနေ အပြင်ကိုထွက်ပြီ။ ဘယ်လို လုပ်ကြမလဲ။ သက္ကဝါဝတ်ရုံချွတ်ပစ်လိုက် တော့မှာလား။
ပထမဦးဆုံး ကျွန်တော်တို့ သက္ကဝါဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ်ကို နည်းနည်းလေး လေ့လာကြည့်ရအောင်။ သက္ကဝါဆိုတာ လိုရင်းအနှစ်ချုပ်လိုက်ရင် ထိန်းသိမ်း၊ ကာကွယ် စောင့်ရှောက်ခြင်း။ အဲဒီတော့ ကောင်းတာတွေကို ဆက် ဆောင်မယ်။ မကောင်းတာတွေကို စောင့်ရှောက်ကာကွယ်မယ်။ ဒါက သက္ကဝါရဲ့သဘောသဘာဝ။ ကျွန်တော်တို့ ကောင်းတဲ့ အလုပ်တွေကို လုပ်မယ်။ မကောင်းတဲ့ အလုပ်တွေကို ရှောင်ကြဉ်မယ်။
ဥပမာ တောင်တက်သမားတစ်ယောက် တောင်ထိပ်တက်ပြီး အလံစိုက်နိူင်ခြင်းဟာ သူလိုချင်တဲ့ အန္တိမရည်မှန်းချက်၊ ပန်းတိုင်။ အဲဒီတောင်ထိပ်ရောက်အောင် သွားဖို့အတွက်ကို လမ်းခရီးမှာ ဒုက္ခတွေရောက်မယ်။ အေးခဲတဲ့ဒဏ်၊ မောပန်းတဲ့ ဒဏ် စတဲ့အခက်အခဲ ဘေးဒုက္ခတွေ အများကြီးရှိမယ်။ အဲဒီအတွက် လိုအပ်တဲ့အဆောင်၊ အကာအကွယ်အတွက် ပစ္စည်းတွေကို ယူပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားရမယ်။ ကျော်ဖြတ်ရမယ်။အဲဒီသဘောပဲ။ အခုရမဒွါန်လ ပြီးသွားပြီ။ ရမဒွါန်လမှာ ရရှိလိုက်တဲ့ ကိုယ်ကျင့်သိက္ခာတွေ၊ ကိုယ်ကျင့်တရားတွေ ရရှိလိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိူးကျေးဇူး တွေ။ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးက ရမဒွါန်လမှာ ဝိတ်ကျတယ်။ ကိုယ်ရည်စစ်သွားတယ်။ အဲဒါကို ကျွန်တော်တို့ ဆက်ထိန်း ထားမယ်။ မဟုတ်ဘဲနဲ့ ရမဒွါန်လပြီးလို့ တစ်လ နှစ်လ အတွင်းနှစ်ဆပြန်ဝသွားတယ်ဆိုရင် မဖြစ်သေးဘူး။ ဒါက ရုပ်ပိုင်းဆိုင်ကိုဘဲ ပြောတာ။
ရမဒွါန်လမှာတော့ မဆဲဘူး။ မမှန်တာ မပြောဘူး။ မဟုတ်တာ မလုပ်ဘူး။ ရမဒွါန်လည်း ပြီးရော အဲဒါတွေကို ဆက်ပြိး မထိန်းသိမ်းဘူးဆိုရင် ဒါဟာ ရမဒွါန်လရဲ့ အကျိူးဆက်ကို ဖြတ်လိုက်တာဘဲ။ ကျွန်တော်တို့က ရမဒွါန်တစ်လမှာဘဲ သက္ကဝါရှင် ကြီးလုပ်ကြတယ်။ ရမဒွါန်လလည်း ပြီးရော ပိုနေမြဲ၊ ကျားနေမြဲ ။ နေချင်သလိုနေ၊ စားချင်သလိုစား၊ လုပ်ချင်သလို လုပ်လို့ မရဘူး။ ရမဒွါန်မှာနေခဲ့စားခဲ့ ကျင့်ကြံခဲ့တာတွေကို ဆက်ပြီး သယ်ဆောင်လာခဲ့ရမယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂ အာယသ် ၂၀၁ မှာ ဖော်ပြထားတာက (အို ကျွန်တော်မျိုးအား မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း (နှစ်ဘဝလုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော်မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါ။) ဒီအာယသ်က ကျွန်တော်တို့ နေ့စဉ်လိုလို ဖတ်ရွတ် ဆုတောင်းနေတဲ့ ဒိုအာတစ်ပုဒ်ပါ။ ဒီအာယသ်မှာပါတဲ့ (ဝကိနာ) ဆိုတဲ့ အရဗီဝေါဟာရလေးမှာ (ကိ) ဆိုတဲ့ စကားလုံးက ဝါကျ တစ်ခုဖြစ်နေတယ်။ (ဝကိနာ အဇားဗန်နားရ်) ပူလောင်ပြင်းပြသော (မီးကဲ့သို) ပြစ်ဒဏ်မှ ကာကွယ်စောင့်ရှောက်ပေးပါ။ (ဝကိနာ) ဒါက သက္ကဝါရဲ့ဝေါဟာရ။ သက္ကဝါကပေးတဲ့ မက်ဆေ့ချ်ဖြစ်တယ်။
ကျွန်တော်တို့က ဒိုအာကို ဒီအတိုင်းထိုင်တောင်းနေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ လက်တွေ့လုပ်ဖို့ လိုတယ်လေ။ လောက ကြီးမှာ ကောင်းကျိုးချမ်းသာတွေ လုပ်မယ။် ဒါဆိုရင် ကောင်းကျိုးချမ်းသာတွေ ခံစားရမယ်။ အနာဂါတ်အတွက် သယ်ဆောင် သွားမယ်။ (ဝကိနာ အဇားဗန်နားရ်) ကျွန်တော်တို့ ပူလောင်ပြင်းပြတဲ့ ဝေဒနာတွေကို မခံစားချင်ဘူး။ မခံစားချင်ရင် မခံစားရ အောင် လုပ်မယ။် အဲဒါ သက္ကဝါဘဲ။ ကျွန်တော်တို့ တစ်ဦးချင်းစီအတွက် ဘေးဒုက္ခရောက်စေမယ့် အန္တရာယ် ရန်စွယ်တွေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားခြင်းဟာ သက္ကဝါဖြစ်သလို၊ ကျွန်တော်တို့ community တစ်ခုလုံးအတွက် ရောက်ရှိလာ မယ့် ဘေးပယောဂတွေ၊ ဘေးအန္တရာယ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း စသဖြင့် ကျွန်တော်တို့ ရမဒွါန်ပြီးလို့ ကျန်တဲ့လတွေ၊ နောက်ဆုံးဘဝသက်တမ်းတစ်လျှောက် ဘယ်လိုနေထိုင်၊ စားသောက်၊ လုံခြုံဘေးကင်းအောင် နေထိုင်သွားကြ မလဲဆိုတဲ့ အသိကို ရရမှာဖြစ်တယ်။
အဲဒီတော့ သက္ကဝါဆိုတာမှာ အကြမ်းဖျင်း ဘာတွေပါလဲဆိုတာ လေ့လာလိုက်ရင် လူ့ကျင့်ဝတ်စည်းကမ်း( လမ်းစည်း ကမ်း၊ ယာဉ်စည်းကမ်း၊ အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်းများ စသည်—) အဲဒါတွေဟာ သက္ကဝါရဲ့အခြေခံ အချက်တွေဘဲ။ နောက် စာနာသနားညှာတာထောက်ထားခြင်း၊ ကျွန်တော်တို့က ရမဒွါန်လမှာ အလွန်ဘဲ စာနာတတ်ကြတယ်။ သနားညှာတာတတ်ကြ တယ်။ အဲဒါတွေကို ကျွန်တော်တို့ ကျန်တဲ့လတွေဆီ ထိန်းသိမ်းစောင့်ရှောက်သယ်ဆောင်သွားရမယ်။ ပြီးတော့ တရားမျှတမှု၊ နောက် ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း၊ ဒါတွေကို ကျွန်တော်တို့ ရမဒွါန်တစ်လအတွက်ဘဲ မဟုတ်ဘဲနဲ့၊ ကျန်တဲ့ လတွေမှာပါ လုပ်ဆောင်၊ စောင့်ထိန်းရမှာဖြစ်တယ်။ ပြီးတော့ ကောင်းမှုတွေကို ဆောင်ကျဉ်းမယ်။ ဘေးဒုက္ခတစ်စုံတစ်ရာ မရောက်အောင် ကာကွယ်မယ်။ ကျွန်တော်တို့ကို ဘေးဒုက္ခအန္တရာယ်ကျရောက်စေနိုင်လောက်တဲ့ အပြုအမူမျိုး၊ အပြောအဆိုမျိုး လုပ်ရင် အဲဒါ သက္ကဝါတရားပျက်တယ်။ မွတ္တကီးန်ရဲ့ အရည်အသွေးမဟုတ်ဘူး။
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က မက္ကာကနေ မဒီနာကို ဟစ်ဂျရသ်လုပ်တယ်။ မဒီနာက ကြိုဆိုတယ်။ မဒီနာမြို့ပြက အရမ်းအောင်မြင်တဲ့ လူမှုအဖွဲ့အစည်းကြီးဖြစ်သွားတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ တမန်တော်မြတ်နဲ့အတူတကွ လိုက်ပါ သွားကြတဲ့ ဆွဟဗာတွေရဲ့ သက္ကဝါတွေကြောင့်ဖြစ်တယ်။ သူတို့ဟာ လူမှုအဖွဲ့အစည်းကို ကာကွယ်နိုင်မယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်သလို၊ ဟိုဘက် လူမှုအဖွဲ့အစည်းကလည်း တမန်တော် မုဟမ္မဒ်နဲ့ သူ့ရဲ့ဆွဟာဗာတွေလာရင် လုံခြုံတယ်လို့ခံစားရတဲ့အတွက်၊ အကာအကွယ်ရမယ်လို့ ယုံကြည်တဲ့အတွက် သူတို့ရဲ့ လူမှုဘဝအသိုင်းအဝိုင်း အဆင်ပြေခဲ့တာ။ အဲဒါ ဘယ်လောက်အထိ Carry On ဖြစ်လာသလဲဆိုရင် တမန်တော်မြတ်မရှိတော့ဘူး။ ခိုလာဖာအေ ရာရှေဒီန် ခေတ်မှာတောင် အဲဒီရဲ့ Effective ရှိခဲ့တယ်။ ဟိုး စပိန် အင်ပါယာကို မွတ်စလင်မ်တွေက သွားပြီး သိမ်းပိုက်တယ်လို့ သမိုင်းကပြောတယ်။ အမှန်က စပိန်ကလူတွေက မွတ်စလင်မ်တွေကို ဖိတ်ခေါ်တာ။ မွတ်စလင်မ် အင်ပါယာအောင်မြင်ထွန်းကားနေတဲ့အချိန် စပိန်လိုနေရာမျိုးမှာက ဘုရင်ဆိုး၊ ဘုရင်ယုတ် အာဏာရူး၊ အာဏာရှင်တွေရဲ့ ဂုတ်သွေးစုပ် ခြယ်လှယ်မှုတွေ၊ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုတွေကို မခံနိုင်တဲ့အတွက် တရားမျှတပြီး လုံခြုံဘေးကင်းတဲ့ မွတ်ဆလင်မ်တွေလာအုပ်ချုပ်ပါလို့ လိုလိုလားလား၊ ကြည်ကြည်ဖြူဖြူ ကမ်းလှမ်းခဲ့တယ်လို့ သမိုင်းမှတ်တမ်းမှာ ဖတ်ရပါတယ်။
အဲဒါဘာကြောင့်လဲ သူတို့လုံခြုံမှုရမယ်လို့ ယူဆလို့ပေါ့။ မွတ်စလင်မ်တွေရောက်လာရင်တော့ ငါတို့ အေးချမ်းပြီ၊ Safe ဖြစ်ပြီ၊ မွတ်စလင်မ်ဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်ကိုကလည်း ငြိမ်းချမ်းရေး၊ မွတ်စလင်မ်တွေက မောင်ငြိမ်းချမ်းတွေပေါ့။ အဲဒီအတွက်ကြောင့် သူတို့ ငြိမ်းချမ်းမယ်လို့ ယူဆတဲ့အတွက်ကြောင့် စပိန်ကလူတွေ မွတ်စလင်မ်တွေကို ခေါ်တာဖြစ်တယ်။ ကျွန်တော်တို့ သက္ကဝါရှင်တွေ ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ ရောက်တဲ့အရပ် ငြိမ်းချမ်းရမယ်။ လုံခြုံရမယ်၊ အကာအကွယ်ရှိရမယ်။ ကျွန်တော်တို့ရဲ့ အပြောအဆို တွေကြောင့် ငြိမ်းချမ်းရေးရသွားရမယ်။ မတရားတဲ့ အပြုအမူတွေလျော့ပါး ပပြောက်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ်။ ကျွန်တော်တို့ ရောက်လာတာနဲ့ ဂျဂရာဖြစ်တော့မယ်။ ပြဿနာတက်တော့မယ်ဆိုရင် မဖြစ်သေးဘူး။ မွတ်ဆလင်မ်တစ်ယောက် ကားပေါ် တက်သွားလို့ ကားပေါ်မှာ ရှိနှင့်ပြီးသားလူတွေ ပြေးဆင်းသွားရမယ်ဆိုရင် ဘယ်လိုမှ သက္ကဝါရှင်လို့ ပြောလို့မရဘူး။ ဒီအခြေအနေတွေကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရမယ်။ မွတ်စလင်မ်တွေအပေါ် မလိုမုန်းတီးမှုနဲ့ မတရားစွပ်စွဲပြစ်တင်တာ(ခွဲခြားဆက်ဆံတာ) တွေလည်း ရှိပါတယ်။ ဒါကိုလည်း တရားတဲ့ နည်းလမ်းနဲ့ ဖြေရှင်း ရမှာပါ။
သက္ကဝါရဲ့ ဝေါဟာရ အဓိပ္ပါယ်က ထိန်းသိမ်းတာ၊ ကာကွယ်စောင့်ရှောက်တာ။ မိမိကိုယ်မိမိလည်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမယ်။ ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာမှာ နှစ်ပိုင်းရှိတယ။် တစ်ပိုင်းက ကိုယ့်ဆီကို အန္တရာယ် မရောက်လာအောင် ကာကွယ်ထားမယ်။ နောက်တစ်ပိုင်းက ကိုယ့်ဆီမှာရှိတဲ့ စာနာမှုတွေ၊ ထောက်ထားမှုတွေ၊ တရားမျှတ မှုတွေ၊ ညှာတာသနားမှုတွေ စတဲ့ကောင်းတဲ့ အမူအကျင့်တွေ သီလသမာဓိတွေ မထွက်သွားအောင်လည်း ကာကွယ်ထားရမယ်။ ထိန်းသိမ်းထားရမယ်။ အဲဒီရဲ့ သဘော သက္ကဝါထဲမှာပါတယ်။ ကျွန်တော်တို့ Muslim Community က ဘာသာရေးအသိုင်းအဝိုင်းက များသောအားဖြင့် ကြည့်လိုက်ရင် ပလီထဲကနေပြီးဘဲ စဉ်းစားတာ။ ပလီထဲကနေအပြင် လူ့လောကထဲဝင်ပြီး နှိုင်းယှဉ်သုံးသပ်ကြည့်ရမယ်။ အထက်က အချက်အလက်တွေအားလုံးက ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ နေ့တဓူဝထိတွေ့ဆက်ဆံနေရတာ။ အဲဒါတွေကဘဲ အစ္စလာမ်ကို မွတ်စလင်မ်ကို တခြားကမ္ဘာကြီးက အမြင်ပြောင်းလဲစေတယ်။ မွတ်စလင်မ်တွ မလိမ်ဘူး။ မညာဘူး။ မတရားမလုပ်ဘူ။ ဈေးဝယ်ရင် မွတ်စလင်မ်တွေ ဆိုင်ကဘဲဝယ်၊ ဈေးမှန်၊ အလေးမှန်၊ ပစ္စည်းမှန်ဖြစ်တယ်။ ဒါမျိုးက မွတ်စလင်မ်တွေရဲ့ သက္ကဝါ မြင့်တက်လာမှ ဖြစ်လာမှာ။ မွတ်စလင်မ်တွေရှိနေလား။ ဒါဆိုငြိမ်းချမ်းပြီ။ အဲလိုအမြင်မျိုး ရလာအောင်ကျိုးစားရမှာပါ။
ဟိုးတစ်ချိန်က အဲဒါတွေရှိခဲ့လို့ အစ္စလာမ်က ကမ္ဘာကို ပြန့်နှံ့ခဲ့တာလေ။ မြန်မာပြည်ကို၊ တရုတ်ပြည်ကို ဘယ်လို ရောက်ခဲ့တာလဲ။ ကမ္ဘာအနှံ့သွားလာလှုပ်ရှားခဲ့တဲ့ မွတ်စလင်မ်ပုဂ္ဂိုလ်တွေ သက္ကဝါမြင့်ခဲ့လို့ အဲဒီပုဂ္ဂိုလ်တွေက တစ်နှစ်မှာ တစ်လဘဲ ဝါရှောင်ပြီး ကျန်တဲ့ ၁၁ လကို ကျွန်တော်တို့လို နေချင်သလိုနေ၊ ထိုင်ချင်သလိုထိုင် လုပ်ချင်သလိုလုပ် ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က တစ်နှစ်မှာ ၁ လဝါရှောင်ပြီး၊ ကျန် ၁၁ လ မဟုတ်တာလုပ်တော့ဘဲ။ တစ်လတည်းပဲ ချုပ်တည်း ထားခဲ့တာ။
မွတ်စလင်မ်တွေ ဘယ်လောက်ထိ မှိုင်းတိုက်ခြင်းခံရသလဲဆိုရင် ဒွန္နယာမှာ မရတဲ့ဟာကို ဂျန္နသ်မှာ သွားရှာဖို့ လုပ်ကြတယ်။ ဒွန္နယာမှာ မရတာတွေ အများကြီးရှိတယ်လေ။ မိန်းမ ၄ ယောက် ထက်ပိုယူလို့ မရဘူးလေ။ ဟိုမှာ ၇၂ ယောက် ရမယ်ဆိုဘဲ။ ဒွန္နယာမှာ အရက်သောက်လို့မရဘူ။ မူးယစ်ဆေးလုပ်လို့မရဘူး။ လောင်းကစားလုပ်လို့မရဘူး။ ဟိုမှာ အကုန်လုပ် လို့ရတယ်။ စိတ်ကူးတာနဲ့ရမယ်ဆိုတယ်မျိုးခံယူထားတာ။ ကျွန်တော်တို့က ဒီလိုပုံစံနဲ့ ပုံဖော်တာ။ အဲဒီတော့ ဝါရှောင်လ တစ်လပြီးတာနဲ့ ကျန်တဲ့ ၁၁ လ လုပ်ချင်သလိုလုပ်ကြတယ်။
တကယ်တော့ အဲလိုကောင်းတဲ့အမူအကျင့်တွေ ထိန်းသိမ်းခြင်း မကောင်းတဲ့အမူအကျင့်တွေ ရှောင်ရှားခြင်းကိုပဲ သက္ကဝါလို့ ခေါ်တယ်။ အဲဒီလို မဟုတ်ရင် ရမဒါွန်တစ်လမှာ ရလိုက်တဲ့ သက္ကဝါက အစစ်လို့ပြောလို့မရဘူး။ အီးဒ်ပြီးတာနဲ့ ကုန်သွားပြီ။
ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၂ အစပိုင်းမှာ ( ဒီ (ကုရ်အာန်)ကျမ်းသည် မွတ္တကီးန်တွေကို ဟေဒါယသ်ပေးမယ်)လို့ပြောတယ်။ ပြီးတော့ (ဒီကုရ်အာန်ထဲမှာ ဒွိဟသံသယ ဖြစ်စရာ အလျဉ်းမရှိလို့)ပြောတယ်။ ဒွိဟသံသယဖြစ်စရာမရှိဘူးလို့ ပြောတာက ဒီကုရ်အာန်မှာ လိမ်ထား၊ ညာထားတာတွေ မပါဘူးလို့ သာမန်အတွေးလောက်နဲ့ တွေးရင်မလုံလောက်ပါဘူး။ ပြောချင်တာက ဒီကုရ်အာန်အတိုင်း ဘဝတည်ဆောက်ရင် မင်းတို့ လမ်းမမှားဘူးလို့ ပြောချင်တာ။ လမ်းမလွဲဘူး။ ပြဿနာမရှိဘူး။ အထက်က ပြောသလို ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်လူမှု အဖွဲ့အစည်းကိုဘဲသွားသွား၊ အဆင်ပြေချောမွေ့စေရမယ်လို့ အာမခံထားတာ။ ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံး ဘဝတည် ဆောက်မယ်ဆိုရင် မှားစရာမရှိဘူးလို့ အာမခံထားတာ။
ကုရ်အာန်အတိုင်း ကျန်တဲ့လူမှုအဖွဲ့အစည်း၊ ဘယ်ဘာသာတရားကိုမဆို ကုရ်အာန်ရဲ့အရှိတရားကို ဖွင့်ချဖို့အတွက် ဘာသံသယမှ မထားနဲ့လို့ ပြောတာ။ အောင်မြင်စေရမယ်။ လက်ခံနိုင်လောက်တဲ့ အခြေအနေမှာရှိတယ်။ ကျွန်တော်တို့က ဖုံးကွယ်ထားစရာမလိုဘူး။ သူတို့တွေ ကုရ်အာန်ရဲ့ အရှိတရားကိုသိသွားရင် ဘာတွေများဖြစ်မလဲလို့ တွေးပူစိုးထင့်နေရင်ဘဲ အဲဒါ မိမိ ကိုယ်တိုင်က ကုရ်အာန်ကို သံသယရှိနေတာ။ ကုရ်အာန်ရဲ့ အရှိတရားကို ချပြဖို့အတွက် ဘယ်တော့မှ ကြောက်နေစရာမလိုဘူး။ အခုတော့ ကုရ်အာန်အကြောင်း ပြောဖို့ စိုးရိမ်နေကြတယ်။ ကုရ်အာန်အာယသ်တွေ့ရင် မဖတ်နဲ့ဆိုပြီး ကျော်ခိုင်းလိုက်ကြတယ်။ မှားသွားမလားမသိဘူးတို့၊ ကုရ်အာန်ကို ဘာသာမပြန်နဲ့လို့ ပြောလို့ပြော၊ ဘယ်လိုများ ကုရ်အာန်ကို အကြွင်းမဲ့၊ စောဒကမဲ့၊ သံသယမဲ့၊ ယုံကြည်ပါတယ်လို့ ပြောနေကြတာလဲ။ အံ့သြစရာကောင်းလွန်းတယ်။ ဒီအာယသ်ကပြောတာ ဟေဒါယတ်ကို ဘယ်သူတွေရမှာလဲ။ (မွတ္တကီးန်) သက္ကဝါရှင်တွေဘဲရမှာ။ သက္ကဝါရှင်မဟုတ်တဲ့လူက (လာရိုင်းဘာဖီးဟ်) ဖြစ်ခြင်းကို နားလည်သဘောပေါက်မှာ မဟုတ်ဘူး။
အထက်ကပြောတဲ့ ကုရ်အာန်ထဲမှာ ဘာမှ ဒွိဟသံသယ မရှိဘူးဆိုတာ အနှစ်သာရက အဲဒီကုရ်အာန်နဲ့ လူမှုဘဝတည်ဆောက်လို့ရှိရင်၊ အဲဒီကုရ်အာန်နဲ့ လူနေမှုစနစ် ဘယ်ပုံစံဘဲဖြစ်ဖြစ်၊ ကမ္ဘာရဲ့ ဘယ်နရာ ဘယ်ဒေသမှာဘဲဖြစ်ဖြစ်၊ ဘယ်သူတွေနဲ့ဘဲ ဆက်ဆံဆက်ဆံ ကုရ်အာန်နဲ့ဘဲ ဆက်ဆံပါ။ ကုရ်အာန်နဲ့ ဆက်ဆံရင် အဆင်ပြေ မယ်။ ဒါကို ပြောချင်တာ။
ရမဒွါန်ကုန်သွားပြီ။ ကျန်တဲ့ ၁၁ လ ဘယ်လိုခရီးဆက်မလဲ။ ကုရ်အာန်နဲ့ဘဲ ခရီးဆက်ရမယ်။ ကုရ်အာန်ရဲ့ လမ်းညွှန်ချက်အတိုင်းဘဲ ခရီးဆက်ရမယ်။ ဒါမှလည်းဘဲ ကျွန်တော်တို့ မွတ္တကီးန်ဖြစ်မှာ။ မဟုတ်ရင် တကယ် မွတ္တကီးန် အစစ်ဖြစ်မှာ မဟုတ်ဘူး။
မွတ္တကီးန်တွေ ဘယ်မှာနေရမလဲ။ မွတ္တကီန်တွေရဲ့ နေရာဘယ်မှာလဲဆိုတာကို ကျမ်းမြတ် ကုရ်အာန် စူရာဟ် ၄၄ အာယသ် ၅၁ မှာ ဖော်ပြထားတာက (ဧကန်အမှန် မွတ္တကီးန် သူတော်စင်တို့မှာ ငြိမ်းချမ်းသာယာသော နေရာဌာနတွင် ရှိကြလေသည်။) (၄၄း၅၁)
လူကြီးမင်းတို့၊ ကျွန်တော်တို့ ဒီကနေ့ ငြိမ်းချမ်းသာယာသော ဌာနမှာရှိနေပါရဲ့လား။ မရှိရင် ကျွန်တော်တို့ မွတ္တကီးန်မဟုတ်ဘူး။ ပျော်မွေ့မနေကြနဲ့။ အလ္လာဟ်က ကုရ်အာန်မှာ အတိအလင်း၊ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ပြောထားတာက မွတ္တကီးန်တွေရဲ့ နေရာအမှန်က ငြိမ်းချမ်းသာယာနေရမယ်။ ကျွန်တော်တို့ရဲ့ ဆရာသခင်ကြီးတွေက ဘာပြောလဲ။ (ဒွန္နယာက မုအ်မင်န်တို့အတွက်က ထောင်၊ ကာဖိရ်တွေအတွက်တော့ ဂျန္နသ်) လို့ စိတ်ဖြေပြီး ပြောကြတယ်။ ငါတို့က ဟိုရောက်မှ အေးဆေးနေရမှာလို့ ပြောကြတယ်။
အလ္လာဟ်က ဟိုရောက်မှ အေးဆေးနေရမယ်လို့ မပြောထားဘူး။ မွတ္တကီးန်ဆိုရင် အမီန်းဖြစ်ရမယ်။ စောစောက ဒိုအာ တောင်းတယ်လေ။ (လောကအတွက်ရော၊ လောကုတ္တရာအတွက်ရောလေ)။ အလ္လာဟ်အရှင်မြတ်က ဒီလောကမှာ ကျရှှုံးသွားတဲ့လူတစ်ယောက်ကို အာခိရသ်မှာ ပန်းကုံးစွပ်ပြီး ကြိုဆိုလိမ့်မှာ မဟုတ်ဘူးနော်။ အဲလိုထင်မနေနဲ့။ မွတ်စလင်မ်က ဘယ်လောက်တောင် ဘာသာရေး ဂျင်းတွေ မိနေသလဲဆို ဒွန္နယာမှာ ဆင်းရဲလေ ကောင်းလေ၊ ဟိုမှာ စာရင်းစစ်တဲ့အခါမကြာဘူးတဲ့။ ဒါတွေနဲ့ မွတ်စလင်မ်တွေကို ဆင်းရဲတွင်းထဲ တွန်းပို့နေကြတယ်။ ဆင်းရဲလေ ကောင်းလေ။ ဘာလဲ အလ္လာဟ်မှာ နောက်ထပ်စစ်ဆေးမယ့်နည်းလမ်း မရှိဘူးလို့ ထင်နေတာလား။ အလ္လာဟ်ကို အထင်သေး တာလား။ ဆင်းရဲတာကဘဲ ပိုကောင်းနေသလို၊ ဒွန္နယာမှာ စုတ်စုတ်ပြတ်ပြတ်နေကြ၊ ငမွဲတွေဖြစ်ကြ၊ သူများတံတွေးခွက်ထဲမှာ နေ၊ ဟိုရောက်ရင် အလ္လာဟ်က နတ်သမီး ၄/၅ ရာနဲ့ စပါယ်ရှယ်ထားမယ်လို့ လွဲမှားတဲံ အတွေးအခေါ်အယူအဆ၊ ခံယူချက်၊ ယုံကြည်ချက်နဲ့ ရှင်သန်နေကြတာ။
အလ္လာဟ်က ကျမ်းြတ်ကုရ်အာန် ၄၄း၅၁ မှာ ပြောနေတာက မွတ္တကီးန်ရှိရင် အဲဒီနေရာငြိမ်းချမ်းနေမယ်။ ဒါကြောင့် ငြိမ်းချမ်းသာယာမှု မရှိ သေးရင် ကျွန်တော်တို့ ခင်ဗျားတို့ မွတ္တကီးန်မဟုတ်သေးလို့ဘဲ။ သက္ကဝါမပြည့်သေးလို့ဘဲ။ လူကြီးမင်းတို့ ကျွန်တော်တို့ရဲ့ ပြည့်ဝတဲ့ သက္ကဝါတရားနဲ့လုပ်မှ အဲဒီနေရာဒေသငြိမ်းချမ်းမှာ။
တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က အလ္လာဟ်အရှင်မြတ်ထံတော် ကနေ ဝဟီ(ကုရ်အာန်) ရပြီးတဲ့နောက် သူ့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် အာရေဗျတခွင် မငြိမ်းချမ်းသွားဘူးလား။
မွတ္တကီးန်တွေနဲ့ ပတ်သက်ပြီး ကုရ်အာန် စူရာဟ် ၄၅း၁၉ မှာ ဖေါ်ပြထားတာက (မတရားကျူးလွန်သူ ဇွာလင်မ်တို့မှာ အချင်းချင်း အဆွေခင်ပွန်ုးများဖြစ်ကြသည်။ မွတ္တကီးန်တို့မှာမူ အလ္လာဟ်အရှင်မြတ်နှင့် အဆွေခင်ပွန်းဖြစ်တော်မူ၏။ )(၄၅း၁၉)
သက္ကဝါရှင် တွေရဲ့ သူငယ်ချင်းမိတ်ဆွေက အလ္လာဟ်ဖြစ်တယ်။ ဇွာလင်မ်ရဲ့မိတ်ဆွေသူငယ်ချင်းက ဇွာလင်မ်ဘဲ။ ပြောချင်တာက ဖျက်လို ဖျက်ဆီးနဲ့ လူ့ဘောင်လောကကို အနှောင့်အယှက်ပေးမယ့် အုပ်စုတွေ၊ အသင်းအဖွဲ့တွေမှာ အရမ်းကို ညီညွတ်ပြီး အားတွေ ကောင်းနေပေမယ့် ကျွန်တော်တို့က အလ္လာဟ်နဲ့ မိတ်ဆွေဖွဲ့ဖို့ဆိုရင် အားမကောင်းဘူး။ ဒါကိုလည်း ကုရ်အာန် ၅း၂ မှာပြော ထားပါတယ်။
(အသင်တို့ဟာ ပြစ်မှုဒုစရိုက်ကျူးလွန်ဖို့အတွက် အချင်းချင်း(မရှ်ဝရာ) ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မလုပ်ကြနဲ့။ အချင်းချင်းတိုက်တွန်းအားပေးခြင်း မလုပ်ကြနဲ့) ကောင်းတာတွေလုပ်ဖို့အတွက် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပါ။
ကျွန်တော်တို့က ကောင်းမွန်သော လူမှုအဖွဲ့အစည်းဖြစ်ဖို့ ဒါတွေလိုအပ်တယ်။ သက္ကဝါရဲ့ အဓိပ္ပါယ်ကို ကျွန်တော်တို့ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ရမဒွါန်လမှာ အလ္လာဟ်ပေးထားတဲ့ သင်ခန်းစာကို ကျွန်တော်တို့က ဆက်လက် သယ်ဆောင် သွားပြီး နေထိုင်ကျင့်ကြံလုပ်ဆောင်ကြမယ်ဆိုရင် မကြာခင်မှာ အောင်မြင်မှုတွေ ရလာမှာပါလို့ ဆန္ဒပြုရင်း ရပ်နားလိုက်ပါတယ်။