အဟဒီးစ်ငြင်းဆန် ကာဖွင်ရ်မှန်၏ မှုအခင်းတစ်ခုနှင့် ပတ်သက်၍မေးမြန်းဆွေးနွေးချက်။
မေးမြန်းဆွေးနွေးသူ။ ။ကိုကြည်စိုး
ကိုယ်တော်မြတ်ကြီး လက်ထက်တော် အခါသမယ တွင် ရဟူဒီတစ်ယောက်နှင့် မွတ်စလင်မ်တစ်ယောက် သည် အဟဒီးစ်ငြင်းဆန် ကာဖွင်ရ်မှန်၏ မှုအခင်းတစ်ခု ဖြစ်ခဲ့၏။ နောက်ဆုံးထိုအမှုနှင့်စပ်လျဉ်းပြီးတရားမျှတစွာ အဆုံးအဖြတ်ပေးပါရန် နှစ်ဦးနှစ်ဖက် ၏ လျှောက်တင်ချက်အရ အမှုအခင်းကို စ-လယ်-ဆုံး ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သုံးသပ်တော်မူပြီးယဟူဒီအားအနိုင်ပေးဆုံးဖြတ်တော်မူခဲ့လေသည်။ ကိုယ်တော်မြတ်ကြီး၏ စီရင်ချက်ကို ကြားနားပြီးနောက် အမှုရှုံးသော မွတ်စ်လင်မ်သည် ဟဇရသ် အိုမရ် သခင်ကြီး နေထိုင်သော အိမ်တော် အနီးမှ ဖြတ်သွားကာ ဟဇရသ်အိုမရ် သခင်ကြီး၏ နေအိမ်တွင် ခေတ္တခဏ နားလျက်အမှုအခင်းနှင့်စပ်လျဉ်းပြီး ပြန်လည် ပြောပြခဲ့လေသည်။ နောက်ဆုံး တွင် ဟဇရသ် အိုမရ်သခင်ကြီးအား အသင်သည် တချိန်က အာရဗ်နိုင်ငံတွင် ထင်ရှားကျော်ဇော သော တရားသူကြီးတစ်ဦးဖြစ်ခဲ့ပါသည်။ ကျွန်ုပ် တို့၏ အမှုကို ပြန်လှန်သုံးသပ် စစ်ဆေးပေးပါဟု လျှောက်ထားရာ သခင်ကြီးက ခေတ္တခဏ ဆိုင်းငံ့ ဦးလော့ ဟု ဆိုပြီးနောက် အိမ်တော်အတွင်းသို့ ၀င်ရောက်သွားပြီးနောက် ဓါးရှည်ကို ယူဆောင်လာကာ ကိုယ်တော်မြတ်ကြီး၏ ဆုံးဖြတ်မှုကိုပယ်လျက် အယူခံဝင်သော သူ၏ လည်ပင်းကို ပိုင်းဖြတ်တော်မူလေသည်။ ယင်းအကြောင်းကို ကိုယ်တော်မြတ်ကြီးကြားတော်မူရာ အဘယ်ကြောင့် ဤသို့ ပြုရသနည်းဟုမေးရာ အိုမရ် သခင်ကြီးက ယာရစူလ်လွလ်လာ ထိုသူသည် မိမိကိုယ်ကို မွတ်စ်လင်မ် သက်ဝင်ယုံကြည်ပါသည်ဟု ဆိုလျက် နဗီသခင်၏ အဆုံးအဖြတ်စကားကိုပယ်သောသူဖြစ်ပါသည်။ မွတ်စ်လင်မ် ဟုကြွေးကြော်ထားပြီးနောက်ရစူလ် ကိုယ်တော်မြတ်၏ အမိန့်စကား သြ၀ါဒ ကို ပစ်ပယ်လျှင် အဘယ်မှာလျှင်စစ်မှန်သော ယုံကြည်သူ ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့ နဗီသခင်ကြီး၏ စကားကို ပယ်ဖျက် ပြစ်မှားသောသူအား မထားလိုသောကြောင့် သုတ်သင်လိုက်ပါကြောင်း လျှောက်ထားရာ ကိုယ်တော်မြတ်ကြီး နာကြားတော်မူပြီး ဆိတ်ဆိတ်နေတော်မူသည်။ နဗီရစူလ် စကားကို ငြင်းပယ် ဖျက်သူသည် သာသနာ၏ ပြင်ပ သို့ ရောက်ရှိနေသူဖြစ်သောကြောင့် အိုမရ်သခင်က ကွပ်မျက်ထိုက်သူဖြစ်သဖြင့် သုတ်သင်ခဲ့လေသည်။ ယနေ့ ဟဒီးစ်တော်များအား အမျိုးမျိုး စွပ်စွဲပုတ်ခပ်နေသော အသင်းသားများအား အာလင်မ် များလက်တွင် သတ်ပိုင်ခွင့်အာဏာမရှိသည့်အတွက် အာလင်မ်များက ကာဖွရ်အမိန့်ပေးခြင်းအဘယ်အပြစ်တင်ရန် ထိုက်သနည်း။ တဒ်ဝီးနေ့ ဟဒီးစ်ကျမ်း။
ဖြေ။ ။မုဖ်သီဦးစန်းအောင် (B.Sc)
စလာမ်ပို့သအပ်ပါတယ်။ ကိုကြည်စိုးတင်ပြတဲ့“တဒ်ဝီးနေဟဒီးစ်”ကျမ်းပါအဖြစ်အပျက်ကိုလေ့လာခွင့်ရတော့ ကျနော်အတော်လေး တုန်လှုပ်ခြောက်ချားရပါတယ်။ ကိုကြည်စိုးတင်ပြတဲ့ အကြောင်းအရာထဲမှာ “မွတ်စလင်မ်ဟု ကြွေးကြော်ထားပြီးနောက်…………………………………………………… အုမရ်သခင်က ကွပ်မျက်ထိုက်သူဖြစ်သဖြင့် သုတ်သင်ခဲ့လေသည်” ဆိုတဲ့အပိုဒ်ကိုမှတ်မှတ်သားသား ဖတ်ရှုလိုက် ရပါတယ်။ ဒီအချိန်မှာ အင်မတန်မှခိုင်လုံလှပါသော “ဘိုခါရီ ဟဒီးစ်” ကျမ်းပါဟဒီးစ်တစ်ပုဒ်ကို ကျနော် ချက်ခြင်းသတိရလိုက်ပါတယ်။ “ကိသားဗုလ် အိလင်မ်”ဆိုတဲ့ အခန်းကဏ္ဍ ဟဒီးစ်အမှတ် (၁၁၄)မှာ ဖြစ်ပါတယ်။ အဲ့ဒီဟဒီးစ်ကို အောက်ပါအတိုင်းမြန်မာပြန်ဆိုလိုက်ပါတယ်။ “အိဗ်နေ အဗ္ဗါဆ်(ရဒွီ)မှတစ်ဆင့်ကြားသိခဲ့ရသည်။ တမန်တော်မြတ်(ဆွ)သည် မကျန်းမမာ ဖြစ်နေရာ တမန်တော်မြတ်က “ငါ့ထံသို့ ရေးမှတ်စရာတစ်ခုယူလာကြပါ။ သင်တို့အတွက်မှာတမ်း တစ်ရပ်ကိုငါရေးပေးမည်။ ငါမရှိသည့်နောက် သင်တို့အဲ့ဒီ မှာတမ်းကလွဲချော်မသွားကြလေနှင့်” ဟု အမိန့်ပေးလိုက်သည်။ထိုအခါ ဟဇရသ်အုမရ်သခင်က- “ကိုယ်တော်မြတ်ကို ရောဂါကဖိစီးလျက်ရှိပေပြီ။ ကျွန်ုပ်တို့ထံ၌ အလ္လာဟ်ကျမ်းရှိနေပြီးဖြစ်ရာ ကျွန်ုပ်တို့အဖို့ရာလုံလောက်ပြီးဖြစ်သည်” ဟုပြန်လျှောက်လိုက်လေသည်။ သို့ဖြစ်ရာ ဆွဟဘာ သာဝ ကကြီးများအကြား အငြင်းပွားသံများနှင့်ဆူညံသွားလေတော့သည်။ ထိုအခါ တမန်တော်မြတ်(ဆွ)က “သင်တို့ရပ်လိုက်ကြပါ။ပြီးနောက် ငါ့ထံမှ ထွက်သွားကြ။ ငါ့ထံအငြင်းအခုံမလုပ်ကြနှင့်” ဟုမိန့်ဆိုလိုက် လေသည်။ သာဝကကြီး အိဗ်နေ အဗ္ဗါဆ် (ရဒွီ)သည် ထထွက်လာပြီးနောက်“ဧကန်အမှန် ကိုယ်ကျိုးနည်းရပေပြီ။ ရဆူလ်ကိုယ်တော်မြတ်နှင့်သူ၏ မှာတမ်းအကြား၌ မည်သည်က စည်းခြားပေးလိုက်ပါသနည်း” ဟုပြောဆိုငြီးတွားလေသည်။ ကိုကြည်စိုးရေ- ဒီဘိုခါရီကျမ်းပါဟဒီးစ်အရဆိုလျှင် တမန်တော်မြတ်(ဆွ)ရဲ့ အမိန့်တော်တစ်ရပ်ကို အစ္စလာမ်ဒုတိယ မြောက်သမတကြီးဖြစ်တဲ့ ဟဇရသ်အုမရ် (ရဒွီ)ကဆန့်ကျင်လိုက်ပေပြီ။ဆွဟဘာများလည်း အတော်စိတ်ပျက်သွားကြပြီး တမန်တော်စကားကို ငြင်းဆန်လိုက်တဲ့ ဟဇရသ်အုမရ်ကို ဘယ်သူက ဘယ်ကိုစီရင်ချက်ချမလဲ။ အဲ့ဒီ ဆွဟဘာအစုအဖွဲ့ထဲမှာ အကယ်၍ “တဒ်ဝီးနေ ဟဒီးစ်” ကျမ်းကိုပြုစုသူနဲ့ အဲ့ဒီကျမ်းကို နှစ်သက်စွာ ရွတ်ဖတ်ကြသူတွေ ရှိနေကြမယ်ဆိုရင်တော့ ဟဇရသ်အုမရ်ရဲ့ ရှေ့ရေးဟာမတွေးဝံ့စရာပါ။
ဦးစန်းအောင် (B.Sc)