(၅၉)လမ်းဗလီအား ကာဒီယာနီကဲ့သို့ ဂိုဏ်းတဂိုဏ်း ဟုတ်/မဟုတ် မေးမြန်းချက်
မေး။ ။ကိုနေဇော်
မေးခွန်း – စလမ်ပါ၊ 59 လမ်းအဖွဲ့ ဟာ ကာဒီယာနီ လိုပဲဂိုဏ်းတစ်ခုလား?။ လူကြီးမင်းတို့ ရဲ့ အကီဒါ နဲ့  ခံယူချက် ကိုသိချင်ပါတယ်၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါလား။
ဖြေဆိုသူ။ ။မုဖ်သီဦးသန်းအောင်(LL.B)
စလာမ်
ပို့သအပ်ပါတယ်။ ၅၉ လမ်းအဖွဲ့ မဟုတ်ပါ။ ဆုတောင်းပြည့်အိစ်စလာမ်ဝတ်ကျောင်းတော် ကုရ်အာန် အသိပညာ ပြန့်ပွားရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃/၅)၊ ၅၉လမ်းကို အမှတ်သညာပြုပြီး အလွယ်တကူ ၅၉ (ငါးကိုး)လို့ပြောဆို သုံးစွဲနေကြတာပါ။ ဂိုဏ်းဂဏ ခွဲခြားကွဲပြား တာကို ကုရ်အာန်ကခွင့်မပြုထားတဲ့အတွက် ကျနော်တို့မည်သည့် ဂိုဏ်းမှမဟုတ်ပါ။
ယုံကြည်ချက်
အလ္လာဟ်ရှင်မြတ် တစ်ပါတည်းသာ ထာဝရတည်ရှိ ကိုးကွယ်အားထားထိုက်သော အရှင်ဖြစ်ပြီး မုဟမ္မဒ် (ငြိမ်းချမ်းမှုနှင့်ပြည့်စုံသူ)သည် အလ္လာဟ်ရှင်မြတ်၏ နောက်ဆုံး စေလွှတ်တော်မူသော နဗီ ရစူလ် တမန်တော်ဖြစ်ကြောင်း ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်ရှင်မြတ်၏ ၀ဟီလမ်းညွှန်ချက် ဗျာဒိတ်တော် ဖြစ်ကြောင်းစွဲမြဲစွာ သက်ဝင်ယုံကြည်ပါသည်။
ခံယူချက်
ထိုသို့သက်ဝင်ယုံကြည်သည့်အတိုင်း ကျမ်းတော်မြတ်ကုရ်အာန်ပါ ၀ဟီလမ်းညွှန်ချက်များကို နဗီရစူလ်တမန်တော်မြတ် (ဆွ) သက်ဝင်ယုံကြည် ပုံဖော်ခဲ့သည့် အကောင်းဆုံးသော စံနမူနာအတိုင်း လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်ရန် မွတ်စလင်မ်အားလုံးတွင် တာဝန်ရှိသည်ဟု ခံယူပါသည်။
ကော်မတီ၏ရည်ရွယ်ချက်
ကျမ်းတော်မြတ်ကုရ်အာန်သည် အိစ်စလာမ်ဘာသာ သာသနာဝင်တို့အတွက် အကောင်းဆုံး နှင့် အမှန်ကန်ဆုံး လမ်းညွှန်ချက် ဖြစ်သည့်အားလျော်စွာ ကုရ်အာန်၏ တရားသဘော၊ သဘောတရား နှင့် အနှစ်သာရတို့ကို ကိုယ်တိုင်သိရှိနားလည် သဘောပေါက်၍ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ပြီး လိုက်နာကျင့်သုံးကာ တစ်ဆင့်ဖြန့်ချိ သဗ်လိဂ်လုပ်နိုင်ရန် မွန်မြတ်သောဖြူစင်သော ဆန္ဒနှင့် ရည်ရွယ်ချက်များဖြင့် “ကုရ်အာန် အသိပညာ ပြန့်ပွားရေးကော်မတီ” ကို (၂၈-၃-၁၉၉၆) တွင် ဖွဲ့စည်းထား ခြင်းဖြစ်ပါသည်။