ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁) မှ (၁၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁)
الٓمٓ
အလ္လာဟ်အရှင်မြတ်မှ မုဟမ္မဒ်(ဆွ) ထံသို့ ထုတ်ဖော်မြွက်ဟချက်။ (ဘကရာဟ် – ၁)
ရှင်းလင်းချက် ။ ။ ကျမ်းမြတ်ကုရ်အာန် အချို့စူရာဟ်တော်များ၏ အစဦးဆုံးတွင် “ဟူရူးဖွလ်မုကတ်သွအာဟ်” ဟု ခေါ်သော “သရ” မပါသည့်ဗျည်းများဖြင့် အစပြုထားသည်ကို တွေ့ရှိရလေသည်။ ထိုဗျည်းများ၏ အနက်သဘောကို ကုရ်အာန်လေ့လာသူများက မိမိတို့နားလည်သလို အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး ပြန်လည်ဖွင့်ဆိုလေ့ရှိကြသည်။ အချို့ ပညာရှင်များကလည်း ပြန်လည်ဖွင့်ဆိုခြင်း မပြုနေကြတော့ဘဲ အလ္လာဟ်အရှင်မြတ်သည်သာ ယင်း၏အနက်သဘောကို အသိဆုံးဖြစ်သည်ဟု မှတ်ယူကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ယင်းစကားလုံးများ၏ အနက်သဘောကို ဖွင့်ဆိုသော ဖွင့်ဆိုချက် အမျိုးမျိုးသည် ဖွင့်ဆိုသူ၏ အယူအဆတစ်ရပ်သာ ဖြစ်ပါသည်။
လတ်တလောအနေအထားတွင် အကောင်းဆုံး၊ အထိမိဆုံးသော ဖွင့်ဆိုချက်များကို လက်ခံထားပြီး ပို၍ကောင်းမွန်သော ဖွင့်ဆိုချက်များကို မျှော်လင့် တောင်းဆိုသင့်ပေသည်။ “အလီဖ်း – လာမ် – မီမ်း” ဟူသော စကားလုံးများကို အနက်ဖွင့်ဆိုမည်ဆိုပါက (အယူအဆတစ်ရပ်အရ) အောက်ပါအတိုင်း တွေ့ရှိရပေမည်။ “အလီဖ်း” သည် “အလ္လာဟ်” အလ္လာဟ်အရှင်မြတ်ကို ကိုယ်စားပြုလေသည်။ “လာမ်” သည် အရဗီဝေါဟာရ “လာဖ်းဇွဟ်” ကို ကိုယ်စားပြုနေသည်။ “လာဖ်းဇွဟ်” ၏အဓိပ္ပါယ်မှာ “ထုတ်ဖော်မြွက်ဟချက်” ဟူသော အဓိပ္ပါယ်ကိုရရှိလေသည်။ လာဖ်းဇွဟ် – Utterance (The Act of expressing something in words) “မီမ်း” သည် “မုဟမ္မဒ်(ဆွ)” ကို ရည်ညွှန်းကိုယ်စားပြုလေသည်။ ထို့ကြောင့် “အလီဖ်း-လာမ်- မီမ်း” ဟူသောစကားလုံးများ၏ အနက်သဘောကို “အလ္လာဟ်အရှင်မြတ်မှ မုဟမ္မဒ်(ဆွ) ထံသို့ ထုတ်ဖော်မြွက်ဟချက်” ဟူသော အနီးစပ်ဆုံး အနက်အဓိပ္ပါယ် ကောက်ယူနိုင်ပေသည်။ အလ္လာဟ်အရှင်မြတ်က မုဟမ္မဒ်(ဆွ) ထံသို့ မည်သည်ကို ထုတ်ဖော်မြွက်ဟခဲ့လေသနည်း။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂)
ذَٲلِكَ ٱلۡڪِتَـٰبُ لَا رَيۡبَۛ فِيهِۛ هُدً۬ى لِّلۡمُتَّقِينَ
ယင်းသည်ကား (အလ္လာဟ်အရှင်ထံမှ ထုတ်ပြန်ပို့ချထားသော) ကျမ်းဂန်တစ်စောင်ဖြစ်ပြီး ယင်းကျမ်းဂန်ထဲ၌ ယုံမှားသံသယဖြစ်ဖွယ်ရာသော အကြောင်းအရာလုံးဝမရှိပေ။ ယင်းကျမ်းဂန်သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထားသော ရှောင်ရန်တို့ကို ရှောင်ကျဉ်ပြီး၊ ဆောင်ရန်တို့ကိုဆောင်သူ “မွတ္တကီးန်” သူတော်စင်တို့အတွက် လမ်းညွှန်ချက်လည်း ဖြစ်ပေသည်။ (ဘကရာဟ် – ၂)
ရှင်းလင်းချက် ။ ။ အရဗီသဒ္ဒါတွင် အနီးတွင်ရှိသောအရာကို ရည်ညွှန်းလျှင် “ဟားဇ” (This) ကိုသုံးပြီး၊ အဝေးတွင် ရှိသောအရာကို ရည်ညွှန်းလျှင် “ဇားလိက” (That) ကို သုံးစွဲရလေသည်။ သို့သော် အထက်ပါအာယသ်တော်၌ ကျမ်းမြတ် ကုရ်အာန်ကို မိမိလက်ဝယ် လက်ကိုင်ပြု ဖတ်ရှုနေသူတစ်ဦးအတွက် ကျမ်းမြတ်ကုရ်အာန်သည် မိမိအနီးအနား၌ပင် ရှိပါလျက် အနီးပြစကားလုံး “ဟားဇ” (This) ကိုမသုံးဘဲ အဝေးပြစကားလုံး “ဇားလိက” (That) ကို အဘယ်ကြောင့် သုံးစွဲရသနည်း။
ဤနေရာတွင် အရဗီသဒ္ဒါ အသုံးအနှုန်းထက် အရဗီစာပေဆိုင်ရာ အသုံးအနှုန်း (Arabic Literature) ကို ဦးစားပေး လေ့လာရပေမည်။ အရဗီစာပေဆိုင်ရာ အသုံးအနှုန်းတွင် အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ရပ်သည် မိမိနှင့် ရင်းနှီး ကျွမ်းဝင်ပြီးလျှင်ယင်းအကြောင်းအရာ (သို့မဟုတ်) ကိစ္စကိုရည်ညွှန်းပါက “ဟားဇ” (This)(ဤအရာ) ဟူသောစကားကို သုံးနှုန်း၍ မိမိနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးသော အကြောင်းအရာ (သို့မဟုတ်) ကိစ္စကို ရည်ညွှန်းပါက “ဇားလိက” (That) (ထိုအရာ-ယင်းအရာ) ဟူသောစကားလုံးကို သုံးနှုန်းရလေသည်။ နေရာအထားအသို နီးခြင်း၊ ဝေးခြင်းနှင့် မသက်ဆိုင်တော့ပေ။ မိမိ၏အနီးတွင် ရှိစေကာမူ ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပါက “ဇားလိက” (That) ဟူသော အဝေးပြ အညွှန်းနာမ်စားကိုသာ သုံးနှုန်းရပေသည်။
စူရာဟ်ဘကရာဟ်သည် ကျမ်းမြတ်ကုရ်အာန်၏ အစဦးပိုင်းတွင် ပါရှိလေသည်။ သို့ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်ကို စတင်လေ့လာသူ တစ်ဦးအတွက် ကျမ်းမြတ်ကုရ်အာန်ကို ရင်းနှီးကျွမ်းဝင်နှံ့စပ်ခြင်း မရှိခင်ကာလ၌ ကျမ်းမြတ် ကုရ်အာန်သည် မိမိ၏လက်တွင်း၌ရှိသော်လည်း ကောင်းစွာရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့်အပေါ် “ဇားလိက (That) ဟု သုံးနှုန်းထား ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရလေသည်။ အခြားတစ်ဖက်က သုံးသပ်မည်ဆိုလျှင်လည်း ကျမ်းမြတ်ကုရ်အာန်ကို စတင်လေ့လာ ကျွမ်းဝင်လိုသူ တစ်ဦးအတွက် ကုရ်အာန်က အောက်ပါသတင်းစကား (၂)ရပ်ကို ဦးစွာပထမသတင်းပေး လိုက်ကြောင်း လေ့လာတွေ့ရှိရလေသည်။
(၁) ကျမ်းမြတ်ကုရ်အာန်သည် ယုံမှားသံသယဖြစ်ဖွယ် တစ်စုံတစ်ရာမျှမရှိပေ။
(၂) ကျမ်းမြတ်ကုရ်အာန်သည် “မွတ္တကီးန်” သူတော်စင်များအတွက် လမ်းညွှန်ချက်ဖြစ်သည့်အားလျော်စွာ မိမိကိုယ် မိမိ “မွတ္တကီးန်” ဖြစ်လိုသူတို့အတွက် လက်ကိုင်ပြုအားထားရာ ကျမ်းဂန်တစ်စောင်ဖြစ်သည်။
အထက်ပါကဲ့သို့ အာမခံချက်ပေးထားသောကျမ်းမှာ ကျမ်းမြတ်ကုရ်အာန် တစ်စောင်တည်းသာ ဖြစ်သည်။ အခြားကျမ်းများ၌ ဤသို့သော အာမခံချက်မျိုး မတွေ့ရှိနိုင်ပေ။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၃)
ٱلَّذِينَ يُؤۡمِنُونَ بِٱلۡغَيۡبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَـٰهُمۡ يُنفِقُونَ
ယင်းမွတ္တကီးန်သူတော်စင်တို့သည် “ဂိုက်(ဘ)” ဟုခေါ်သော သာမန်အမြင်အာရုံဖြင့် မခံစား မထိတွေ့နိုင်သော်ငြားလည်း အကွယ်၌ အမှန်တကယ် တည်ရှိနေသော အရာတို့ကို အီမာန်သက်ဝင် ယုံကြည်ကြလေသည်။ ပြီးနောက် ကုရ်အာန်က ဖော်ထုတ်ရည်ညွှန်း ပြသနေသော “ဆွလာသ်” စနစ်ကို (လူ့အဖွဲ့ အစည်းအတွင်း) အခိုင်အမာ စိုက်ထူ တည်ဆောက်လျက်ရှိသည်။ ထို့ပြင် မိမိတို့ ကြိုးပမ်းရှာဖွေမှုအပေါ် အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ထောက်ပံ့ထားသော အားသာချက်များကို အားနည်းချက်ရှိသူများထံ မျှဝေ၊ ခွဲဝေ သုံးစွဲလျက်ရှိပေသည်။ (ဘကရာဟ် – ၃)
ရှင်းလင်းချက် ။ ။ လူသားတစ်ဦး၏ အမြင်အာရုံဆိုသည်မှာ သတ်မှတ်ကန့်သတ်ဘောင် အတွင်း၌သာ ရှိလေသည်။ “မြင်မှလက်ခံမည်၊ မြင်မှယုံကြည်မည်” ဟုဆိုလျှင် သူ၏မျက်စေ့ (၀ါ) သူ၏အမြင်အာရုံကို ကိုးကွယ်ဆည်းကပ် အားထားသူ ဖြစ်သွားပေလိမ့်မည်။ ဤလောကကြီးတွင် သာမန်မျက်စေ့ကို အသုံးပြုရသလို ဉာဏ်မျက်စေ့ကို အသုံးချ၍ မျက်ကွယ်၌ရှိသည့် သဘောတရားများကို မှတ်သားနာယူရပေမည်။ ဥပမာ – “မနက်ဖြန်” ဆိုသည်ကို သာမန်မျက်စေ့ဖြင့် မြင်နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် “မနက်ဖြန်” သည် မျက်ကွယ်၌ ရှိသောကြောင့်ဖြစ်သည်။ “မြင်မှ လက်ခံမည်၊ မြင်မှယုံကြည်မည်” ဟုဆိုလျှင် “မနက်ဖြန်” ဟူသော အနာဂတ်ကာလသည် ယုံကြည်ဖွယ်ရာ အလျဉ်း မဟုတ်တော့ပေ။
ကျမ်းမြတ်ကုရ်အာန်က “ဆွလာသ်း” ကို သန့်ရှင်းစင်ကြယ်သော၊ မြင့်မားတိုးတက်သော လူ့အဖွဲ့အစည်းတစ် ရပ်အဖြစ်သို့ ပြောင်းလဲသွားစေရန် စနစ်တစ်ရပ်အဖြစ် ကုရ်အာန် (၂၉း၄၅)၌ အောက်ပါအတိုင်း ပုံဖော်ပြဋ္ဌာန်းထားလေသည်။
“ဧကန်မုချပင် ‘ဆွလာသ်’ သည် ပါပညစ်ကျူးမှုနှင့် အကြံအဖန်လီဆယ်မှုကို တားမြစ်လေသည်” (ကုရ်အာန် – ၂၉း၄၅)
ပါပညစ်ကျူးမှုနှင့် လီဆယ်လုပ်ကြံမှုတို့သည် တိုးတက်သောလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်တည်ထောင်ရေးတွင် မလိုလားအပ်သော အရာများ ဖြစ်လေသည်။
မုအ်မင်န်သက်ဝင်ယုံကြည်သူတို့သည် ပါပညစ်ကျူးမှုနှင့် လီဆယ် လုပ်ကြံမှုတို့မှ ကင်းဝေးရှောင်ခွာနေရပေမည်။
အလ္လာဟ်အရှင်မြတ်က လူ့အဖွဲ့အစည်းအတွင်း၌ အချို့သူများကို ပိုမိုသော အားသာချက်များ ချီးမြှင့်ထားလေသည်။ ဥပမာ- အချို့က ဓနအင်အား သာလွန်ကြသည်။ အချို့က ပညာရေးဆိုင်ရာ၌ သာလွန်၏။ အချို့က ဉာဏ် အမြော်အမြင်၊ အချို့က ရုပ်ခန္ဓာသန်စွမ်းမှု စသည်အားဖြင့် ပိုမိုထူးချွန် သာလွန်လျက် ရှိပေသည်။ ဤသည်တို့မှာ အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ထားသော `အမာနသ်´ (Deposition in Trust) သာလျှင်ဖြစ်သည်။ တစ်နည်းအားဖြင့် ယုံပုံလွှဲအပ်နှံထားခြင်းသာ ဖြစ်သည်။ မူလပိုင်ရှင်မှာ အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ယုံပုံလွှဲအပ်ထားသော အရေအတွက်နှင့် အရည်အချင်းများကို အလွဲသုံးစားလုပ်ပိုင်ခွင့်မရှိပေ။
အမှန်တကယ်၌ အလ္လာဟ်အရှင်မြတ်၏ မူလရည်ရွယ်ချက်မှာ “အမာနသ်” လွှဲအပ်ခြင်းခံရသော အားသာ ချက်ရှိသူများသည် မိမိ၏ အားသာချက်များကို အားနည်းချက် ရှိနေသူများထံသို့ ဝေမျှ ခွဲဝေပေးရန် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် (၂း၂၁၉) ၌ အောက်ပါအတိုင်း ပြဋ္ဌာန်းထားလေသည်။
“အသင်တမန်တော်ကို သူတို့က ‘မည်သည်ကို မည်မျှခန့် လှူဒါန်းသုံးစွဲရမည်နည်း’ ဟု မေးမြန်းကြပေလိမ့်မည်။ သင်တို့အတွက် လိုအပ်သည်ထက် ပိုလျှံသောအရာကို (လှူဒါန်းလိုက်ပါဟု) သင်တမန်တော်ပြောလိုက်ပါ” (ကုရ်အာန် – ၂း၂၁၉ )
လိုအပ်သည်ထက် ပိုလျှံသောအရာ (အရည်အချင်းနှင့် အရေအတွက်) ဆိုသည်မှာ ယေဘုယျအားဖြင့် လှူဒါန်းပေးကမ်းမှု တစ်ရပ်သည် မိမိ၏မူလပိုင်ဆိုင်မှုကို တစ်စုံတစ်ရာ အခက်အခဲ၊ အကြပ်အတည်းမဖြစ်စေသော အနေအထားကို ရည်ညွှန်းလေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၄)
وَٱلَّذِينَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ وَبِٱلۡأَخِرَةِ هُمۡ يُوقِنُونَ
ထို့ပြင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည် သင်တမန်တော်အပေါ် ထုတ်ပြန်ပို့ချသောအရာ (ကျမ်းမြတ်ကုရ်အာန်) ကို အီမာန်သက်ဝင် ယုံကြည်လျက်ရှိသလို သင်တမန်တော် အလျင်က ထုတ်ပြန်ပို့ချပြီး ခဲ့သောအရာ (ရှေးဝဟီကျမ်းများ) ကိုလည်း အီမာန်သက်ဝင် ယုံကြည်လျက်ပင်ရှိသည်။ ပြီးနောက် သူတို့သည် အနာဂတ်ကာလကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ် ခံယူချက် ထားရှိကြလေသည်။ (ဘကရာဟ် – ၄)
ရှင်းလင်းချက် ။ ။ ကျမ်းမြတ်ကုရ်အာန်ကို တမန်တော်မုဟမ္မဒ်(ဆွ) ထံ “သောင်ရသ်၊ အီန်းဂျိလ်” အစရှိသော ကျမ်းများကို ရှေးတမန်တော်များထံသို့ အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ပို့ချပေးသကဲ့သို့ပင် ထုတ်ပြန်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ အစ္စလာမ်ကို သက်ဝင် ယုံကြည်သူတစ်ဦးအနေနှင့် လက်ရှိကျမ်းမြတ်ကုရ်အာန်ကို လက်ခံယုံကြည်ရသလို ရှေးတမန်တော်များအပေါ် ထုတ်ပြန်ပို့ချပေးခဲ့သော ရှေးဝဟီကျမ်းများကိုလည်း ယုံကြည်သက်ဝင်ရပေမည်။
သို့သော် လက်ရှိမျက်မှောက်ကာလတွင် ရှေးကျမ်းများ မူရင်းအတိုင်း မရှိတော့သည့်အတွက် မွတ်စလင်မ်တစ်ဦး အနေဖြင့် ရှေးကျမ်းများကို မည်သို့ယုံကြည်ရမည်နည်း။ ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာကြည့်မည်ဆိုလျှင် ကုရ်အာန်ထဲ၌ ရှေးကျမ်းများအကြောင်း၊ ရှေးကျမ်းများ၌ပါရှိသော သမိုင်းဖြစ်စဉ်များ၊ ဥပဒေသများ၊ ရှေးကျမ်းများရရှိခဲ့ သော တမန်တော်များအကြောင်း အစရှိသည့်အကြောင်းအရာများ စုံလင်စွာပါရှိသည်ကို တွေ့ရှိနိုင်ပေသည်။ သို့ဖြစ်ရာ မွတ်စလင်မ်တစ်ဦးအတွက် ကျမ်းမြတ်ကုရ်အာန်ကို ယုံယုံကြည်ကြည် လက်ခံလိုက်ခြင်းသည်ပင်လျှင် ရှေးကျမ်းများကိုပါ တစ်ပြိုင်နက် ယုံကြည်လက်ခံပြီး ဖြစ်လေသည်။
ထို့ကြောင့် ဂျူးလူမျိုးတစ်ဦးအတွက် ကျမ်းမြတ်ကုရ်အာန်ကို လက်ခံယုံကြည်ခြင်းသည် သူတို့၏ကယ်တင်ရှင် တမန်တော်မူဆာ(အ) အား ယုံကြည်မှု ပျက်ပြားသွားစရာ အကြောင်းမရှိပေ။ ကျမ်းမြတ်ကုရ်အာန်ထဲ၌ တမန်တော်မူဆာ (အ) ၏ ရဲစွမ်းသတ္တိရှိမှု၊ အနစ်နာခံမှု၊ တာဝန်ကျေပွန်မှုများကို အကျယ်တ၀င့် ဖော်ပြထားပြီးဖြစ်သည်။ အလားတူ ခရစ်ယာန်တစ်ဦး အတွက်လည်း ကျမ်းမြတ်ကုရ်အာန်ကို လက်ခံယုံကြည်လိုက်ခြင်းသည် သူတို့၏ ရှေ့ဆောင် ဦးစီးနာယက ယေရှုသခင်အပေါ် ယုံကြည်ချက် လျော့ပါးသွားစရာ အကြောင်းမရှိပေ။ ကျမ်းမြတ်ကုရ်အာန်၌ “ယေရှုသခင်” ၏ ထူးကဲ စွမ်းဆောင်မှု၊ ကြံ့ကြံ့ခံမှု၊ ထာဝရဘုရားသခင်အပေါ် နာခံရိုကျိုးမှုများကို ထင်သာမြင်သာစွာဖြင့် ရည်ညွှန်းပြသထား လေသည်။ ထို့ပြင်မက မရ်ယမ်သခင်မနှင့် ပတ်သက်၍လည်း ရိုးသားအပြစ်ကင်းသူ အဖြစ်လည်းကောင်း၊ ဘ၀ကို ကြံ့ကြံ့ခံ ရပ်တည်သူ အဖြစ်လည်းကောင်း ဖော်ပြထားပြီး ဖြစ်လေသည်။
မွတ်စလင်မ်တစ်ဦးအတွက် တမန်တော်မူဆာ(အ)ကိုလည်းကောင်း၊ တမန်တော်အီဆာ(အ)ကိုလည်း ကောင်း၊ ယုံကြည်ရလေသည်။ ငြင်းပယ်ပါက `ကာဖိရ်´သွေဖည်သူဖြစ်သွားပေမည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၅)
أُوْلَـٰٓٮِٕكَ عَلَىٰ هُدً۬ى مِّن رَّبِّهِمۡۖ وَأُوْلَـٰٓٮِٕكَ هُمُ ٱلۡمُفۡلِحُونَ
ယင်းအီမာန် သက်ဝင်ယုံကြည်သူတို့သည် သူတို့ကို ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ လမ်းညွှန်ချက်အပေါ် ရပ်တည်လျက်ရှိကြလေသည်။ ထိုသူတို့သည်သာလျှင် အောင်မြင်ပေါက်မြောက်သူများ ဖြစ်ကြလေသည်။ (ဘကရာဟ် – ၅)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၆)
إِنَّ ٱلَّذِينَ كَفَرُواْ سَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ
ဧကန်အမှန်ပင် (ယုံကြည်သူများနှင့် ဆန့်ကျင်သော) အုပ်စုများ ရှိလေသည်။ သူတို့သည် သွေဖည်ငြင်းပယ်သော `ကာဖိရ်´များဖြစ်ကြလေသည်။ သင်တမန်တော်က သူတို့အပေါ် သတိပေးနှိုးဆော်သည်ဖြစ်စေ၊ သတိမပေးနှိုးဆော်ချက် မထုတ်ပြန်သည်ဖြစ်စေ၊ သူတို့က တူညီသောအဖြေတစ်ခုကိုသာ ပေးကြလေသည်။ ယင်းသည်မှာ `လုံးဝမယုံကြည်ခြင်း’ ပင် ဖြစ်သည်။ (ဘကရာဟ် – ၆)
ရှင်းလင်းချက် ။ ။ အီမာန်သက်ဝင်ယုံကြည်သူများကို ဆန့်ကျင်သော အုပ်စုများက အမြဲပင်ရှိသည်။ သူတို့က သက်ဝင်ယုံကြည်သူများကို ဆန့်ကျင်ရမည်ဆိုလျှင် “အမှန်ကို အမှားပါ” ဟုပြောရန် ၀န်မလေးသူများဖြစ်သည်။ သို့ဖြစ်ရာ ထိုအုပ်စုများကို “ကာဖိရ်” အုပ်စုဟု သတ်မှတ်ရမည်သာ ဖြစ်သည်။ တမန်တော်မြတ်က ကျမ်းမြတ်ကုရ်အာန်အားဖြင့် သူတို့ကို အသိပေး၊ သတိပေး နှိုးဆော်လေသည်။ လမ်းမှန်ကို ညွှန်ကြားပြသသည်။ သို့သော် သူတို့၏စိတ်ဆန္ဒက အမှန်တရားကို လက်ခံရမည်ထက် ဆန့်ကျင်လိုစိတ်က ပိုမိုပြင်းထန်လျက် ရှိလေသည်။ အမှန်တရား၊ သစ္စာတရားဖြစ်သော ကျမ်းမြတ်ကုရ်အာန်ကို ဆန့်ကျင်လိုကြသည်။ အမှန်တရားနှင့် ပတ်သက်လာလျှင် အကြောင်းအမျိုးမျိုးပြကာ အသွင်သဏ္ဍာန် အမျိုးမျိုးနှင့် ငြင်းဆန်နေကြသော်လည်း သူတို့အားလုံး၏ နောက်ဆုံးအဖြေမှာ “မယုံကြည်ခြင်း” ဟူသည့် တူညီသောအဖြေတစ်ရပ်သာလျှင် ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၇)
خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَعَلَىٰ سَمۡعِهِمۡۖ وَعَلَىٰٓ أَبۡصَـٰرِهِمۡ غِشَـٰوَةٌ۬ۖ وَلَهُمۡ عَذَابٌ عَظِيمٌ۬
အလ္လာဟ်အရှင်မြတ်သည် ယင်း “ကာဖိရ်” တို့၏ နှလုံးသားများ အပေါ်၌လည်းကောင်း၊ အကြားအာရုံ အပေါ်၌လည်းကောင်း၊ အမြင်အာရုံများ အပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ် အဆုံးသတ်ပေးလိုက်ပေပြီ။ ယင်းတံဆိပ်ခတ်နှိပ်မှုက ယင်း “ကာဖိရ်” များနှင့် အမှန်တရားတို့အကြား အကာအရံ၊ အတားအဆီးတစ်ရပ် ဖြစ်သွားပေပြီ။ သို့ဖြစ်ရာ ထိုသူတို့အတွက် ကြီးမားလှစွာသော ဒဏ်ခတ်မှုကြီးတစ်ရပ် ဖြစ်သွားရလေသည်။ (ဘကရာဟ် – ၇)
ရှင်းလင်းချက် ။ ။ အမှန်တရားကို သွေဖည် လက်မခံလိုသူတို့အတွက် အလ္လာဟ်အရှင်မြတ်က ကာယကံရှင် အလိုကျအတိုင်း၊ အမှန်တရားနှင့် ထိုသွေဖည်သူတို့ အကြားတွင် အကာအရံ၊ အတားအဆီးတစ်ရပ်ကို စည်းခြားပေးလိုက်လေသည်။ သို့ဖြစ်ရာ “ကာဖိရ်” တစ်ဦးအတွက် သူ၏အမြင်နှင့် သူ၏စဉ်းစားတွေးခေါ်မှုတို့သည် အမှန်တရားနှင့် သွေဖည်သွားပြီသာ ဖြစ်သည်။ သူတို့သည် အပေါ်ယံအရိပ်ကို အစစ်အမှန်ဟု မှတ်ယူကြလေတော့သည်။ ပြဿနာတစ်ရပ်ကို နက်နက် နဲနဲ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ မိမိတို့၏ ကိုယ်ကျိုးစီးပွား အပေါ်သာ အခြေခံပြီး၊ အဂတိတရားကို လက်ကိုင် ပြုလာကြတော့သည်။ သူတို့လက်ကိုင်ပြုထားသော အဂတိတရားသည် သူတို့အတွက် ကြီးလေးသော ပြစ်ဒဏ်အသွင် သို့ ပြောင်းလဲသွားမည်သာ ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၈)
وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلۡيَوۡمِ ٱلۡأَخِرِ وَمَا هُم بِمُؤۡمِنِينَ
လူတို့အနက်မှ အချို့က “ငါတို့သည် အလ္လာဟ်ကိုလည်းကောင်း၊ ‘အာခိရသ်’ (အနာဂါတ်) ကိုလည်းကောင်း၊ ယုံကြည်ခဲ့ကြပါပြီ” ဟု ဟစ်ကြွေးလျက်ရှိပါသည်။ သူတို့သည် အီမာန်သက်ဝင်ယုံကြည်သူများ အလျဉ်းမဟုတ်ကြပေ။ (ဘကရာဟ် – ၈)
ရှင်းလင်းချက် ။ ။ ယုံကြည်ချက်ဆိုသည်မှာ နှုတ်က ကြွေးကြော်ရုံမျှဖြင့် မလုံလောက်ပေ။ တစ်နည်းအားဖြင့် နှုတ်က ကြွေးကြော်ရုံမျှဖြင့် ယုံကြည်သူဟု သတ်မှတ်၍ မရနိုင်ပေ။ နှလုံးသား၌ စွဲမြဲစွာယုံကြည်ပြီး ထိုယုံကြည်ချက်အတိုင်း ဘ၀ကိုတည်ဆောက်ပါမှ ယုံကြည်သူဟု သတ်မှတ်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အယောင်ဆောင်သူ (မိုနာဖိက်) တစ်ဦးအတွက် နှုတ်အားဖြင့် “ယုံကြည်ပါသည်” ဟု ကြွေးကြော်ရေးမှာ အလွန်လွယ်ကူသော ကိစ္စတစ်ရပ်သာ ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၉)
يُخَـٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُواْ وَمَا يَخۡدَعُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ
မယုံကြည်သူတို့က အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်ကို သက်ဝင်ယုံကြည်သူ အီမာန်ရှင်များကိုလည်းကောင်း၊ လှည့်ဖြားကျီစယ်လျက် ရှိကြပေပြီ။ သို့သော် သူတို့ကိုယ်သူတို့ ပြန်လည် လှည့်ဖြားကျီစယ်နေခြင်းသာ ဖြစ်သည်ကိုတော့ သူတို့ကိုယ်တိုင် ခံစားသိရှိနိုင်ခြင်းမရှိကြပေ။ (ဘကရာဟ် – ၉)
ရှင်းလင်းချက် ။ ။ အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အီမာန် သက်ဝင်ယုံကြည်သူများကိုလည်းကောင်း၊ လှည့်ဖြားကျီစယ်ခြင်းဆိုသည်ကို ဥပမာပေးရမည်ဆိုလျှင် လူတစ်ယောက်သည် မှန်တစ်ချပ်ရှေ့၌ရပ်ပြီး မှန်ထဲက ပုဂ္ဂိုလ်ကို ကျီစယ်လှောင်ပြောင်နေသည်နှင့် အလားသဏ္ဍာန်တူပေသည်။ အမှန်တကယ်မှာတော့ ထိုသူသည် ရူးကြောင်နေပြီ ဖြစ်ကြောင်းကို မိမိကိုယ်မိမိ မသိရှိတော့ပေ။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၀)
فِى قُلُوبِهِم مَّرَضٌ۬ فَزَادَهُمُ ٱللَّهُ مَرَضً۬اۖ وَلَهُمۡ عَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡذِبُونَ
မယုံကြည်သူတို့၏ နှလုံးသားထဲတွင် ရောဂါဆိုးတစ်ရပ် ရှိလေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကလည်း ထိုရောဂါဆိုးကို (သူတို့၏ဆန္ဒနှင့်အညီ) တိုးပွားစေလိုက်လေသည်။ သူတို့၏ လီဆယ် လှည့်ဖြား ကောက်ကျစ်မှုက သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်တစ်ရပ်ကို ရရှိစေလိုက်သည်။ (ဘကရာဟ် – ၁၀)
ရှင်းလင်းချက် ။ ။ အမှန်တရား၊ သစ္စာတရားကို မယုံကြည်ခြင်းက ရောဂါဆိုးတစ်ရပ်ပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အမှန်တရားကို မယုံကြည်ခြင်း အဆင့်မှ အမှန်တရားကို ဆန့်ကျင်တိုက်ခိုက်လာသည့် အနေအထားသို့ ကူးပြောင်းလာတော့သည်။ ထိုအခါ အမှန်တရားကို တိုက်ခိုက်ဆန့်ကျင်ဖို့ မိစ္ဆာမှားယွင်းမှုကို အဖော်ပြုရင်းဖြင့် ဘ၀တွင် နစ်မြုပ်သွားရလေတော့သည်။ ကျမ်းမြတ်ကုရ်အာန်၏ ပကတိသစ္စာတရားကို မယုံကြည်ရာမှ နောက်ဆုံး ကျမ်းမြတ်ကုရ်အာန်ကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးပမ်းအားထုတ် လာကြလေသည်။ သို့ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်ကို တိုက်ခိုက်နိုင်ရေးအတွက် ကျမ်းမြတ်ကုရ်အာန်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် စာအုပ်စာတမ်းများ၊ လူပုဂ္ဂိုလ်များအား အဖော်ပြု လာရတော့သည်။ ဤသို့ဖြင့် အစ္စလာမ်၏ပြင်ပသို့ ရောက်သွားသူ အများအပြားရှိလေသည်။ ယုံကြည်ချက် နွမ်းပါးချို့တဲ့သူ အများအပြားလည်း ပေါ်ထွန်းလာရလေသည်။
(ဆက်လက်ဖော်ပြပါမည်)