ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၁) မှ (၁၅၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၁)
تِلۡكَ أُمَّةٌ۬ قَدۡ خَلَتۡۖ لَهَا مَا كَسَبَتۡ وَلَكُم مَّا كَسَبۡتُمۡۖ وَلَا تُسۡـَٔلُونَ عَمَّا كَانُواْ يَعۡمَلُونَ
ထိုလူ့အဖွဲ့အစည်းသည်ကား လွန်ခဲ့လေပြီ။ ထိုလွန်ခဲ့ပြီးသော လူ့အဖွဲ့အစည်းအတွက် သူတို့၏ကျင့် ကြံအားထုတ် ဆည်းပူးခဲ့မှုသည် သူတို့အတွက်သာဖြစ်၍ သင်တို့၏ ကျင့်ကြံအားထုတ် ဆည်းပူးမှုသည်လည်း သင်တို့အတွက်ပင်ဖြစ်သည်။ သူတို့လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ သင်တို့မေးမြန်းစစ်ဆေးခြင်း ခံရမည် မဟုတ်ပေ။ (ဘကရာဟ် – ၁၄၁)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၂)
سَيَقُولُ ٱلسُّفَهَآءُ مِنَ ٱلنَّاسِ مَا وَلَّٮٰهُمۡ عَن قِبۡلَتِہِمُ ٱلَّتِى كَانُواْ
عَلَيۡهَاۚ قُل لِّلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ يَہۡدِى مَن يَشَآءُ إِلَىٰ صِرَٲطٍ۬ مُّسۡتَقِيمٍ۬
လူသားတို့အနက်မှ အသိဉာဏ်ချို့တဲ့သူများက “အဘယ်အရာသည် သူတို့လက်ရှိ ဦးတည်ရည်မှန်း ချက်ထားရာကို အလှည့်အပြောင်း လုပ်ပေးမည်နည်း” ဟု ပြောဆိုလျက် ရှိကြလေသည်။ သင်တမန်တော် ကြေညာလိုက်ပါ။ “အရှေ့အရပ် တစ်ခွင်တစ်ပြင်နှင့် အနောက်အရပ် တစ်ခွင်တစ်ပြင်ကို စိုးပိုင်တော်မူသော အလ္လာဟ် အရှင်မြတ်သည် သူအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သော လမ်းဆီသို့ ညွှန်ကြားပြသတော်မူပေမည်။” (ဘကရာဟ် – ၁၄၂)
ရှင်းလင်းချက်။ ။ လူတိုင်းသည် မိမိလျှောက်လှမ်းရာ ဘ၀ခရီးတွင် ဦးတည်ချက်၊ ရည်မှန်းချက်များကို အသီးသီးထား ရှိကြလေသည်။ ယင်းသို့ထားရှိရာတွင် မှန်ကန်သော ဦးတည်ရည်မှန်းချက်ရှိသလို မှားယွင်းအချီးအနှီးဖြစ်စေသော ဦးတည်ရည်မှန်းချက်များလည်း ရှိပေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်ကို ယုံပုံလွှဲအပ် နာခံရိုကျိုးသူတို့ကို အလ္လာဟ် အရှင်မြတ်က အလိုရှိတော်မူသည်ဖြစ်ရာ ထိုပုဂ္ဂိုလ်များအတွက် အလ္လာဟ်အရှင်မြတ်က မှန်ကန်သော ဦးတည်ရည်မှန်းချက်(ကစ်ဗလာ) ဆီသို့ လမ်းညွှန်ပေးလိုက်မည်သာဖြစ်သည်။ ဤသည်မှာ စဉ်းစားစရာမလိုသော၊ မေးခွန်းထုတ်စရာ မလိုသော အခြေအနေတစ်ရပ်ပင်ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၃)
وَكَذَٲلِكَ جَعَلۡنَـٰكُمۡ أُمَّةً۬ وَسَطً۬ا لِّتَڪُونُواْ شُہَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ
عَلَيۡكُمۡ شَهِيدً۬اۗ وَمَا جَعَلۡنَا ٱلۡقِبۡلَةَ ٱلَّتِى كُنتَ عَلَيۡہَآ إِلَّا لِنَعۡلَمَ
مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيۡهِۚ وَإِن كَانَتۡ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ
هَدَى ٱللَّهُۗ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَـٰنَكُمۡۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ۬ رَّحِيمٌ۬
ထိုနည်းတူစွာ ငါအရှင်မြတ်က သင်တို့ကို မျှခြေရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရခြင်းမှာ သင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် စံနမူနာယူ အသိအမှတ်ပြုနိုင်ရန်အတွက် လည်းကောင်း၊ ရစူလ် တမန်တော်မြတ်သည်လည်း သင်တို့အတွက် စံနမူနာယူ အသိအမှတ်ပြုနိုင်ရန်အတွက် လည်းကောင်းဖြစ်ပေသည်။ ငါအလ္လာဟ်အရှင်မြတ်က ဦးတည်ရည်မှန်းချက် (ကစ်ဗလာ – Direction) တစ်ရပ်ကို လူ့အဖွဲ့အစည်း တစ်ရပ်အပေါ် ချမှတ်ပြဋ္ဌာန်းလိုက်ခြင်းမှာ မည်သူသည် ရစူလ်တမန်တော်မြတ်ကို ဖ၀ါးခြေထပ်လိုက်နာ သနည်းဆိုသည်ကို လည်းကောင်း၊ မည်သူသည် သူ၏နောက်ကြောင်း ပြန်လှည့်ပြေးသည်ကို လည်းကောင်း၊ ငါအရှင်မြတ်ကိုယ်တိုင်က ခွဲခြားပြလိုက်ခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံမှ လမ်းညွှန်ချက်ရရှိထားပြီးသူမှလွဲ၍ အခြားသူများအတွက် ဤပြဋ္ဌာန်းချက်သည် ကြီးကျယ်ခမ်းနားသော ဒုက္ခကြီးတစ်ရပ် ဖြစ်နေရပေပြီ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အီမာန်ယုံ ကြည်ချက်ကို ဘယ်သောအခါမျှ အချီးအနှီးဖြစ်စေမည် မဟုတ်ပေ။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ကြင်နာယုယမှုကို ပေးတော်မူသောအရှင်၊ စဉ်ဆက်မပြတ် ထောက်ပံ့ဖြည့်ဆည်းတော်မူ သောအရှင်ဖြစ်သည်။ (ဘကရာဟ် – ၁၄၃)
ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်အီဘရာဟင်မ် (အ) ၏သားတော် တမန်တော်အီစ်ဟာက် (အ) ဖက်မှ အဆင့်ဆင့်သော တမန်တော်ပွင့်ပေါ်မှုကို တမန်တော်အီစာ (အ) တွင် ရပ်ဆိုင်းလိုက်လေသည်။ ပြီးနောက် တမန်တော်အီဘရာဟင်မ် (အ) ၏ ကျန်သားတော်တစ်ပါးဖြစ်သော အီစ်မာအီလ်း (အ) ဖက်မှ နောက်ဆုံး တမန်တော်မုဟမ္မဒ် (ဆွ) ကို ရွေးချယ်လိုက်ခြင်းဖြင့် လူသားထုတစ်ရပ်လုံး၏ အာရုံကို အလှည့်အပြောင်း ပြုလုပ်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို နာခံသူတစ်ဦးအတွက် ယင်းအလှည့်အပြောင်းသည် မည်သို့မျှ ပြဿနာမရှိသော်လည်း လူမျိုးစွဲ၊ အုပ်စုစွဲ၊ အယူအဆစွဲ ရှိသူတို့အတွက်မူ ကြီးကျယ်လှစွာသော ပြဿနာတစ်ရပ်ဖြစ်ရတော့သည်။ အထူးသဖြင့် ဂျူးနှင့် ခရစ်ယာန်တို့အတွက် အခဲမကြေစရာ ဖြစ်နေရလေသည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) ကို ရွေးချယ်ပြီးနောက် တမန်တော်အီဘရာဟင်မ် (အ)နှင့် တမန်တော်အီစ်မာအီလ်း (အ) တို့ မွမ်းမံတည်ဆောက်ခဲ့သော မက္ကာဟ်ဒေသရှိ `ကအ်ဘာ´အလ္လာဟ့်အိမ် တော်ကို လူသားထုတစ်ရပ်လုံးအတွက် ဘူမိနက်သန်နေရာမှန်အဖြစ် ရွေးချယ်ပြီး၊ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ ချပေးလိုက်လေသည်။ ဤတွင် ဂျူးနှင့်ခရစ်ယာန်တို့အတွက် ပို၍အကြပ်အတည်း ဖြစ်ရလေတော့သည်။
အလ္လာဟ်အရှင်မြတ်က ဂျူးနှင့်ခရစ်ယာန်တို့အတွက် ထုတ်ပြန်ထားသော သက်ဆိုင်ရာ၊ ဒေသဆိုင်ရာ လူမျိုးစုဆိုင်ရာ ကျမ်းများကို ရုပ်သိမ်းပြီး၊ လူသားထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခဲ့လေသည်။ ထို့နောက် ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်ချက်များကို လူသားတို့အတွက် ဦးတည်ရည်မှန်းချက် (ကစ်ဗလာ) အဖြစ်ထားရှိခဲ့သလို တမန်တော်ပွင့်ပေါ်ရာ ကျမ်းမြတ်ကုရ်အာန် ကျရောက်ရာဒေသရှိ `ကအ်ဘာ´အလ္လာဟ့်အိမ် တော်ကြီးကိုလည်း လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၊ အကျိုးတရားဖြစ်ထွန်းရာ ဒေသအဖြစ် ပြဋ္ဌာန်းသတ်မှတ်ခဲ့လေသည်။ ထိုသောအခါ လူတန်းစား(၂)ရပ် ပေါ်ထွန်းလာရတော့သည်။ လူတန်းစားတစ်ရပ်က အလ္လာဟ်အရှင်မြတ်၏ အလိုဆန္ဒတော်ဖက်ဆီသို့ မျက်နှာမူပြီး ကျန်လူတန်းစားတစ်ရပ်ကမူ သူတို့၏ဖနောင့်ရှိရာဖက်ဆီသို့ နောက်ကြောင်းပြန် မျက်နှာမူကြလေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၄)
قَدۡ نَرَىٰ تَقَلُّبَ وَجۡهِكَ فِى ٱلسَّمَآءِۖ فَلَنُوَلِّيَنَّكَ قِبۡلَةً۬ تَرۡضَٮٰهَاۚ فَوَلِّ وَجۡهَكَ
شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ وُجُوهَكُمۡ شَطۡرَهُ ۥۗ وَإِنَّ ٱلَّذِينَ
أُوتُواْ ٱلۡكِتَـٰبَ لَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا يَعۡمَلُونَ
သင် (မုဟမ္မဒ်) ၏မျက်နှာမူရာ (ဦးတည်ရာ) အတည်တကျမရှိဘဲ ထွေပြားကွဲလွဲနေသည်ကို ငါအရှင်က မြင်တော်မူလေသည်။ သို့ဖြစ်ရာ ငါအရှင်က သင် (မုဟမ္မဒ်) အား ဦးတည်ရည်မှန်းချက်တစ်ရပ် (ကစ်ဗလာတစ်ရပ်) ဆီသို့ ဧကန်မလွဲ သတ်မှတ်လှည့်ပြောင်း ပေးမည်ဖြစ်ရာ ထိုဦးတည်ချက်ကို သင်ကလည်း နှစ်သက်ကျေနပ်ပေလိမ့်မည်။ ထို့ကြောင့် သင်သည် သင်၏မျက်နှာကို “မဆ်ဂျီဒေဟရာမ်” (ခေါ်) အလ္လာဟ်အိမ်တော်ဖက် ဆီသို့ လှည့်လိုက်ပါ။ သင်တို့ (လူသားထုတစ်ရပ်လုံး) သည်လည်း မည်သည့်အခြေအနေ၊ မည်သည့်အယူအဆများကို လက်ကိုင်စွဲထားစေကာမူ (ထိုသည်တို့ကို စွန့်လွှတ်၍) “မဆ်ဂျီဒေဟရာမ်” ဖက်ဆီသို့ လှည့်လိုက်ကြပါ။ ဧကန် အမှန်ပင် ကျမ်းရပုဂ္ဂိုလ်တို့သည် ထိုသို့မျက်နှာမူ ဦးတည်ချက်ထားရှိခြင်းမှာ သူတို့ကို မရှိရာမှ ရှိရာသို့ ပြုစု ပျိုးထောင်လမ်းညွှန်တော်မူသော သူတို့၏အရှင်မြတ်ထံမှ ရောက်ရှိလာသည့် အမှန်သစ္စာတရားဆိုသည်ကို သိရှိကြပြီးဖြစ်လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံခဲ့သည်များနှင့် ပတ်သက်၍ လျစ်လျူရှု ထားမည်တော့မဟုတ်ပေ။ (ဘကရာဟ် – ၁၄၄)
ရှင်းလင်းချက်။ ။ တမန်တော်မုဟမ္မဒ် (ဆွ) အနေနှင့် အလ္လာဟ့်ဝဟီမရခင်၌ ဖြောင့်မတ်မှန်ကန်သော ဦးတည်ရည် မှန်းချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို ၀ဟီအဖြစ်ထုတ်ပြန်ပြီး နောက်ဝယ် ဖြောင့်မတ်မှန်ကန်သော ဦးတည်ရည်မှန်းချက် (ကစ်ဗလာ) တစ်ရပ် ရရှိခဲ့လေသည်။
အလ္လာဟ်အရှင်မြတ်က ယင်းဝဟီအား မဆ်ဂျီဒီဟရာမ် (ခေါ်) အလ္လာဟ့်အိမ်တော်ကို ဗဟိုပြု၍ချပေးခဲ့လေသည်။ ထိုဝဟီအားဖြင့်သာ တမန်တော်မြတ်နှင့်တကွ လူသားထုတစ်ရပ်လုံး မိမိတို့၏ဘ၀ခရီးကို ဦးတည်လျှောက်လှမ်းရန် လမ်းညွှန်ခဲ့လေသည်။ တမန်တော်မြတ်ကလည်း ထိုဦးတည်ချက်ကို နှစ်သက်ခြင်းများစွာဖြင့် နှစ်သက်ခဲ့လေသည်။ နာခံလျှောက်လှမ်းခဲ့လေသည်။ ကျမ်းမြတ်ကုရ်အာန် (၉၃း၇)၌လည်း ဤသို့ဖော်ပြထားသည်။
“ထို့ပြင် သူ (အလ္လာဟ်အရှင်မြတ်) က သင် (မုဟမ္မဒ်) ကို အချည်းအနှီးဖြစ်စေသော လမ်းကြောင်းပေါ်တွင် တွေ့ရှိရာ “ဟေဒါယသ်” လမ်းမှန်ဆီသို့ ညွှန်ပြခဲ့လေသည်” (ကုရ်အာန် – ၉၃း၇)
“ကအ်ဘာ” ကျောင်းတော်ကြီး၏ ပရ၀ုဏ်၌ ဤတစ်ကြိမ် တမန်တော် (ဆွ) အပေါ် ၀ဟီကျခဲ့ခြင်းမှာ ဒုတိယအကြိမ် ကျရောက်ခြင်းဖြစ်သည်။ ပထမအကြိမ်က ဤကအ်ဘာကျောင်းတော်၌ပင် တမန်တော်အီဗရာဟင်မ် (အ) နှင့်သားတော် အီစ်မာအီလ်း (အ) တို့အပေါ် အလ္လာဟ်အရှင်မြတ်က ၀ဟီထုတ်ပြန်ပို့ချခဲ့လေသည်။ ဤသည်ကို ဂျူး နှင့် ခရစ်ယာန်တို့ အမှန်တကယ် သိရှိပြီးဖြစ်လေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၅)
وَلَٮِٕنۡ أَتَيۡتَ ٱلَّذِينَ أُوتُواْ ٱلۡكِتَـٰبَ بِكُلِّ ءَايَةٍ۬ مَّا تَبِعُواْ قِبۡلَتَكَۚ وَمَآ أَنتَ
بِتَابِعٍ۬ قِبۡلَتَہُمۡۚ وَمَا بَعۡضُهُم بِتَابِعٍ۬ قِبۡلَةَ بَعۡضٍ۬ۚ وَلَٮِٕنِ ٱتَّبَعۡتَ أَهۡوَآءَهُم
مِّنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِۙ إِنَّكَ إِذً۬ا لَّمِنَ ٱلظَّـٰلِمِينَ
အကယ်၍ သင်တမန်တော်က ထိုကျမ်းရပုဂ္ဂိုလ်များထံသို့ မည်သို့သော သက်သေလက္ခဏာကိုမဆို ယူဆောင်လာသည်ဖြစ်စေ၊ သင်တမန်တော်၏ ဦးတည်ရည်မှန်းချက် (ကစ်ဗလာ) ကို သူတို့ လိုက်နာလျှောက် လှမ်းကြမည်မဟုတ်ပေ။ သင်တမန်တော်ကလည်း ထိုသူတို့၏ ဦးတည်ရည်မှန်းချက် (ကစ်ဗလာ) ကို လျှောက် လှမ်းသူတစ်ဦးမဖြစ်နိုင်ပေ။ သူတို့အချင်းချင်း၌ပင် တစ်ဦး၏ ဦးတည်ရည်မှန်းချက်ကို ကျန်သူများက လိုက်နာ ကြလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်တမန်တော်ထံ အသိတရားရောက်ရှိလာပြီး နောက်မှပင် သူတို့၏ဆန္ဒကို အသင် လိုက်နာ အကောင်အထည်ဖော်ခဲ့ပါလျှင် ဧကန်အမှန် သင်သည် မတော်မတရား ကျူးလွန်သူတို့အနက်မှ ဖြစ် သွားပေလိမ့်မည်။ (ဘကရာဟ် – ၁၄၅)
ရှင်းလင်းချက်။ ။ လူတို့သည် မိမိတို့ထင်ရာမြင်ရာကို ရမ်းဆပြီး မိမိတို့၏ ဦးတည်ချက်ပန်းတိုင်အဖြစ် သတ်မှတ် လျှောက်လှမ်းနေပုံက မြစ်ကိုအလျားလိုက် ကူးနေသကဲ့သို့ဖြစ်နေလေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၆)
ٱلَّذِينَ ءَاتَيۡنَـٰهُمُ ٱلۡكِتَـٰبَ يَعۡرِفُونَهُ ۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمۡۖ
وَإِنَّ فَرِيقً۬ا مِّنۡهُمۡ لَيَكۡتُمُونَ ٱلۡحَقَّ وَهُمۡ يَعۡلَمُونَ
ရှေးကျမ်းရပုဂ္ဂိုလ်များသည် သူတို့၏သားစဉ်မြေးဆက်ကို သူတို့သိကြသလို အမှန်တရား၊ သစ္စာ တရားကိုလည်း သူတို့ သိရှိနေကြလေသည်။ သို့သော်ငြားလည်း သူတို့အနက်မှ လူတစ်စုက အမှန်တရား၊ သစ္စာတရားကို အမှန်တကယ်ပင် ဖုံးကွယ်ထိမ်ချန်လျက် ရှိကြလေသည်။ ဤသည်ကို သူတို့ကိုယ်တိုင်လည်း နားလည်လျက်ရှိပေသည်။ (ဘကရာဟ် – ၁၄၆)
ရှင်းလင်းချက်။ ။ လူသားသည် မိမိ၏ မျိုးရိုးစဉ်ဆက်ကို မိမိသိနားလည် အသိအမှတ်ပြုကြသည်။ အထူးသဖြင့် မိမိ၏သား၊ မိမိ၏မြေးကိုပို၍ အသိအမှတ်ပြုသည်။ သို့သော် အမှန်တရား၊ သစ္စာတရားကိုမူ အသိအမှတ်ပြုရန် ၀န် လေးရုံမျှမက ထိမ်ချန်ဖုံးကွယ်ရန်ပင် ကြိုးစားနေကြလေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၇)
ٱلۡحَقُّ مِن رَّبِّكَۖ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ
အမှန်တရား၊ သစ္စာတရားသည် သင့်ကို ပြုစုပျိုးထောင်သော အရှင်မြတ်ထံတော်မှဖြစ်သည်။ သို့ဖြစ်ရာ (သစ္စာတရားနှင့် ပတ်သက်၍) အသင်သည် ဘယ်သောအခါမျှ သံသယပွားသူများတွင် မပါဝင်လေနှင့်။ (ဘကရာဟ် – ၁၄၇)
ရှင်းလင်းချက်။ ။ အမှန်တရား၊ သစ္စာတရားသည် အလ္လာဟ်အရှင်မြတ်ထံ၌သာ ရှိသည်။ ထို့ကြောင့် အလ္လာဟ်အရှင် မြတ်ထံမှ ထုတ်ပြန်ပို့ချသော ကျမ်းမြတ်ကုရ်အာန်သည်သာလျှင် တစ်လုံးတစ်ပါဒမှ အလွဲအမှားမရှိသော၊ ဖြောင့်မတ် မှန်ကန်သော အမှန်တရား၊ သစ္စာတရားဖြစ်သည်။ အီမာန်သက်ဝင် ယုံကြည်ဖွယ်ရာဖြစ်သည်။ ဒွိဟသံသယ တစ်စုံ တစ်ရာပါရှိသော၊ အားနည်းချက် တစ်စုံတစ်ရာပါရှိသော၊ မခိုင်လုံမတိကျမှု တစ်စုံတစ်ရာပါရှိသော ကျမ်းများ၊ အယူအဆများ၊ အတွေးအခေါ်များ၊ အဆိုအမိန့်များမှာမူ ပကတိသစ္စာတရား၊ အမှန်တရားအဆင့်တွင် မရှိသောကြောင့် အီမာန်သက်ဝင် ယုံကြည်ဖွယ်ရာ အဆင့်အတန်းတွင် ထားရှိရေးမှာ အတော်ပင် စဉ်းစားရပေမည်။ အီမာန်သက်ဝင်ယုံကြည်ခြင်းဆိုရာတွင် “အိခ်လာဆွ်း” ဟုခေါ်သော အရောအနှောကင်းမဲ့မှု ဖြူစင်သန့်ရှင်းမှုအပေါ်၌ များစွာအခြေတည်လေသည်။ ထို့ကြောင့် အထက်ပါအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ် (ဆွ) အပါအ၀င် လူသားအားလုံးသည် အမှန်တရား၊ သစ္စာတရားနှင့်ပတ်သက်၍ သံသယပွားဖွယ်ရာများကို ရှောင်ကြဉ်ကြရန် အမိန့်ပေးထား လေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၈)
وَلِكُلٍّ۬ وِجۡهَةٌ هُوَ مُوَلِّيہَاۖ فَٱسۡتَبِقُواْ ٱلۡخَيۡرَٲتِۚ أَيۡنَ مَا تَكُونُواْ
يَأۡتِ بِكُمُ ٱللَّهُ جَمِيعًاۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىۡءٍ۬ قَدِيرٌ۬
လူတိုင်းအတွက် ဦးတည်ချက်တစ်ရပ်စီရှိကြလေသည်။ ထိုသူသည် သူ၏ဦးတည်ချက်၏အရှင်သခင် သာဖြစ်သည်။ သို့ဖြစ်ပေရာ သင်တို့သည် ကောင်းမွန်သော အကျင့်သီလ ဆောက်တည်ရေးအတွက် အပြင်း အထန်၊ အပြိုင်အဆိုင် ကြိုးစားအားထုတ်ကြပါလေ။ သို့ဆိုလျှင် သင်တို့ မည်သည့်နေရာ၊ မည်သည့်အခြေ အနေမဆို ရှိစေကာမူ အလ္လာဟ်အရှင်မြတ်က သင်တို့ကို တစ်စုတစ်စည်းတည်း ဖြစ်စေတော်မူပေလိမ့်မည်။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို တွက်ချက်တိုင်းထွာ စီမံလွှမ်းမိုးနိုင်တော်မူသော အရှင်မြတ်ဖြစ်သည်။ (ဘကရာဟ် – ၁၄၈)
ရှင်းလင်းချက်။ ။ လူသားတို့၌ သူတို့၏ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်ဦးတည်ချက်များ ရှိကြသည်ဖြစ်ရာ အမှန်တကယ်မှာတော့ ထိုရပ်တည်ချက်၊ ထိုဦးတည်ချက်၏ အရှင်သခင်မှာ ထိုသူသာဖြစ်သည်။ ထို့ကြောင့် လူသားတစ်ဦး ချင်းသည် မိမိ၏ဦးတည်ချက်ကို ကောင်းမြတ်သော အကျင့်သီလ၊ သိက္ခာသမာဓိနှင့်ပြည့်စုံသော လူနေမှုအဆင့် အတန်းဆီသို့သာ ဦးတည်ချက် ထားရှိရမည်ဖြစ်သည်။ အကယ်၍ လူသားတစ်ဦးချင်းဆီမှသည် လူ့အဖွဲ့အစည်း အလိုက် ထိုသို့သော ဦးတည်ချက်ထားရှိကြမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်က စည်းလုံးညီညွတ်သော၊ တိုးတက် အောင်မြင်သော၊ လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်ပေးတော်မူမည်ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၄၉)
وَمِنۡ حَيۡثُ خَرَجۡتَ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ
وَإِنَّهُ ۥ لَلۡحَقُّ مِن رَّبِّكَۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعۡمَلُونَ
အသင်(တမန်တော်) မည်သည့်အရပ်သို့ ထွက်ခွာသည်ဖြစ်စေ၊ သင်၏မျက်နှာကို (အလ္လာဟ့် အိမ်တော်) မဆ်ဂျီဒေဟရာမ်ဖက်ဆီသို့သာ ဦးတည်ထားရှိပါလေ။ ဧကန်အမှန်ပင် ထိုအမိန့်တော်သည် သင့်ကို ပြုစုပျိုးထောင်တော်မူသော အသင်၏အရှင်မြတ်ထံမှ တိကျမှန်ကန်သော အမိန့်တော်တစ်ရပ်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ လုပ်ဆောင်နေသမျှနှင့် ပတ်သက်၍ လုံးဝလျစ်လျူရှု ထားတော်မူမည်မဟုတ်ပေ။ (ဘကရာဟ် – ၁၄၉)
ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား မည်သည့်အရပ်၊ မည်သည့် အခြေအနေ ရောက်ရှိ နေသည်မဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်ဥပဒေပြဋ္ဌာန်းချက်ကိုသာ ဦးတည်ရှေးရှု မျက်နှာမူလိုက်နာရန် အမိန့်ပေးထားလေသည်။ အလ္လာဟ့်အမိန့်ကို လိုက်နာနေသလို အခြားတစ်ဖက်တွင်လည်း ကာလံ၊ ဒေသံအရ ရှိနေပြီးဖြစ်သော အမိန့်ပညတ်ချက်များကိုလည်း လိုက်နာရမည်ဟူသည့် အတွေးအခေါ်၊ အယူအဆမျိုးကို တမန်တော်မြတ်ကိုယ်တော်တိုင် ထားရှိခွင့်မရှိကြောင်း ဤအာယသ်တော်က ရည်ညွှန်းပြဆိုနေခြင်းဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၅၀)
وَمِنۡ حَيۡثُ خَرَجۡتَ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ
وُجُوهَڪُمۡ شَطۡرَهُ ۥ لِئَلَّا يَكُونَ لِلنَّاسِ عَلَيۡكُمۡ حُجَّةٌ إِلَّا ٱلَّذِينَ
ظَلَمُواْ مِنۡہُمۡ فَلَا تَخۡشَوۡهُمۡ وَٱخۡشَوۡنِى وَلِأُتِمَّ نِعۡمَتِى عَلَيۡكُمۡ وَلَعَلَّكُمۡ تَہۡتَدُونَ
အသင် (တမန်တော်) မည်သည့်အရပ်သို့ ထွက်ခွာသည်ဖြစ်စေ၊ သင်၏မျက်နှာကို (အလ္လာဟ့်အိမ် တော်) မဆ်ဂျီဒေဟရာမ်ဖက်ဆီသို့သာ ဦးတည်ထားရှိပါလေ။ ထို့အပြင် သင်တို့(တမန်တော်မြတ်၏အွမ္မသ်) သည်လည်း မည်သည့်အရပ်၊ မည်သည့်အခြေအနေတွင်ရှိစေကာမူ သင်တို့၏မျက်နှာများကို မဆ်ဂျီဒေ ဟရာမ်ဖက်ဆီသို့သာ ဦးတည်ထားရှိကြပါလေ။ သူတို့အနက် မတော်မတရား ကျူးလွန်ကြသော “ဇွာလင်မ်” တို့မှအပ ကျန်လူသားတို့အပေါ်ဝယ် ထိုသို့ အမိန့်ပြဋ္ဌာန်းရခြင်းမှာ တစ်ဦးနှင့်တစ်ဦးအကြား အငြင်းမပွားကြစေရန်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့ သည် သူတို့ (ဇွာလင်မ်) အား လုံးဝမကြောက်ရွံ့ကြလေနှင့်။ အသင်တို့အနေဖြင့် ငါအရှင်ကိုသာ ချစ်ကြောက် ရိုသေကြပါလေ။ အကယ်၍ သင်တို့ မှန်ကန်သောလမ်းစဉ်ကို ရရှိလျှောက်လှမ်းကြမည်ဆိုပါလျှင် ငါအရှင်က လည်း ငါ၏စည်းစိမ်းဥစ္စာ၊ သုခချမ်းသာကို သင်တို့အပေါ်ဝယ် ပြီးပြည့်စုံစေတော်မူပေလိမ့်မည်။ (ဘကရာဟ် – ၁၅၀)
ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို လူသားတို့အပေါ် ထုတ်ပြန်ပို့ချပေးထားခြင်းမှာ လူသားတို့အနေဖြင့် အငြင်းအခုံဖြစ်ပြီး ကွဲပြဲသွားကြစေရန် မဟုတ်ဘဲ၊ လူသားတို့အနေဖြင့် ယင်းကျမ်းမြတ်ကုရ်အာန် ကိုလိုက်နာပြီး စုစည်းညီညွတ် သွားကြစေရန်သာဖြစ်သည်။ သို့သော် ကျမ်းမြတ်ကုရ်အာန်ကို ဆုပ်ကိုင်ထားပါလျက် ယနေ့လူ့အဖွဲ့အစည်းအတွင်း ငြင်းခုံကွဲပြဲနေကြခြင်းမှာ မိမိတို့၏ဆန္ဒ၊ မိမိတို့၏အတ္တကို ရှေ့တန်းတင်လာသောကြောင့် ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၃၁) မှ (၁၄၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်