ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၁) မှ (၈၃) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၁)
أَوَلَمۡ يَرَوۡاْ أَنَّا خَلَقۡنَا لَهُم مِّمَّا عَمِلَتۡ أَيۡدِينَآ أَنۡعَـٰمً۬ا فَهُمۡ لَهَا مَـٰلِكُونَ
ငါအလ္လာဟ်အရှင်မြတ်သည် ငါ၏အမိန့်အာဏာတော်အားဖြင့် သူတို့အကျိုးငှာ ကျွဲ၊ နွား၊ တိရစ္ဆာန် အစရှိသည်တို့ကို စီရင်ဖြစ်ထွန်းစေတော်မူခဲ့သည်။ ပြီးနောက် ယင်းနှင့်ပတ်သက်သော ပိုင်ဆိုင်မှုများကို သူတို့ အား ပေးခဲ့သည်ကို အသိအမြင်မရှိခဲ့ကြလေသလော။ (ကုရ်အာန် – ၃၆း၇၁)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၂)
وَذَلَّلۡنَـٰهَا لَهُمۡ فَمِنۡہَا رَكُوبُہُمۡ وَمِنۡہَا يَأۡكُلُونَ
ထို့ပြင်မက ယင်းတိရစ္ဆာန်များအပေါ် လူသားတို့က လွှမ်းမိုးခြယ်လှယ်စေနိုင်ပြီး အချို့ကို အစီးအနင်း အဖြစ် ထားရှိတော်မူခဲ့၏။ အချို့ကိုမူ စားသုံးရန်အတွက်ဖြစ်သည်။ (ကုရ်အာန် – ၃၆း၇၂)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၃)
وَلَهُمۡ فِيہَا مَنَـٰفِعُ وَمَشَارِبُۖ أَفَلَا يَشۡكُرُونَ
ယင်းလူသားတို့အတွက် ထိုတိရစ္ဆာန်များတွင် အသုံးဝင်အကျိုးရှိမှုများရှိသလို သောက်သုံးရန်(နို့ရည်) တို့လည်းရှိပေသည်။ သို့ပေရာ သူတို့ ကျေးဇူးတရားကို မသိတတ်လေကြသလော။ (ကုရ်အာန် – ၃၆း၇၃)
ရှင်းလင်းချက် ။ ။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် အပင်နှင့်သစ်သီးဝလံအမျိုးမျိုး၊ ဆန်စပါး၊ ဂျုံ အစရှိသော ကောက်ပဲသီးနှံများကို ဖြစ်ထွန်းထားစေခဲ့သလို တိရစ္ဆာန်တို့၏ နို့၊ အသား အစရှိသည်တို့ကိုလည်း လူသား ကို မှီဝဲစားသုံးနိုင်ကြစေရန် စီရင်ဖြစ်ထွန်းထားစေခဲ့သည်။ သို့သော်ငြားလည်း လူသားသည် အစစ်အမှန်ကို မေ့လျော့ လျက် အတုအယောင်များအပေါ်တွင် ကိုးကွယ်အားထား၊ ဆည်းကပ်ပူဇော်နေကြခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရားကို မေ့လျော့လျက်ရှိပေသည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၄)
وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةً۬ لَّعَلَّهُمۡ يُنصَرُونَ
ယင်းလူသားတို့သည် မိမိတို့အတွက် အကူအညီရရှိမည်ဟု မျှော်လင့်လျက် အလ္လာဟ်အရှင်မြတ်ကို ပစ်ပယ်ခြင်း၊ အခြားအရာများကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် အားထားလျက်ရှိလေသည်။ (ကုရ်အာန် – ၃၆း၇၄)
ရှင်းလင်းချက် ။ ။ ကျမ်းတော်မြတ်ကုရ်အာန် (၄၁း၅၁)တွင် ဤသို့ပြဆိုထား၏။
“ငါအလ္လာဟ်အရှင်မြတ်က လူသားအပေါ် ထောက်ပံ့အကျိုးပြုသောအခါ ယင်းလူသားသည် ကျေးဇူးတရားကို မေ့လျော့ကာ မျက်နှာလွှဲဖယ်သွားလေသည်။ သို့သော် သူ့အပေါ်သို့ ဘေးဒုက္ခတစ်စုံတစ်ရာ ကျရောက်ပြီဆိုလျှင် ရှည် လျားစွာဖြင့် ဆုမွန်ဒုအာတောင်းလေတော့သည်” ( ကုရ်အာန် – ၄၁း၅၁ )
လူသား၏ စိတ်အခြေအနေတစ်ရပ်မှာကား အဆင်ပြေချောမွေ့နေလျှင် ကျေးဇူးတရားကို မေ့လျော့တတ်ကြ သည်။ `ငါနှင့်ငါသာ မနှိုင်းရာ´ဟု ထင်မြင်ယူဆတတ်ကြ၏။ မာနထားပြီး ဂုဏ်မောက်ကြသည်။ သို့သော် ဘေးဒုက္ခ တစ်စုံတစ်ရာ ကျရောက်လာပြီဆိုလျှင် တတ်ထားသမျှ၊ သိထားသမျှ၊ ဂါထာမန္တရားများကို ပါးစပ်မှ အမြုပ်ထွက်အောင် ဖတ်ရွတ်လေတော့သည်။ ရသမျှဒုအာများကို ရှည်လျားစွာဖြင့် လက်တစ်ဆုံးမြှောက်ပြီး တောင်းကြလေတော့သည်။
ယနေ့မွတ်စလင်မ်ပတ်ဝန်းကျင်တွင် ထင်ရှားသော သွင်ပြင်လက္ခဏာတစ်ရပ်ကို တွေ့ရပေသည်။ လူတစ် ယောက်သည် စီးပွားရေး အဆင်ပြေနေပြီိဆိုပါက အလ္လာဟ်ကိုလည်း မေ့သည်။ ရစူလ်ကိုလည်း မေ့သည်။ မိမိ၏ပတ် ၀န်းကျင် လူမှုရေးတာဝန်များကိုလည်း မေ့သည်။ နောက်ဆုံး မိမိ၏ဘ၀အမှန်ကိုပါ မေ့ပစ်လိုက်ပြီး မာနထောင်လွှား လာတော့သည်။ ဂုဏ်မောက်လာတော့သည်။ စကားအသံကလည်း မာထန်လာသည်။ မိမိကိုယ်မိမိ ကိုးကွယ်လာသည်။
သို့သော် မမျှော်လင့်ဘဲ ဘေးဒုက္ခတစ်စုံတစ်ရာကြောင့် စီးပွားရေးထိခိုက်လာပြီဆိုပါက `ပုတီးတစ်ကုံးကို လက်ကကိုင်၍ ဦးထုပ်တစ်လုံးဆောင်းကာ ဗလီသို့ (၅)ကြိမ်မှန်မှန် ပြေးလေတော့သည်။´ တရားကျဖွယ် ကောင်းလှပါသည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၅)
لَا يَسۡتَطِيعُونَ نَصۡرَهُمۡ وَهُمۡ لَهُمۡ جُندٌ۬ مُّحۡضَرُونَ
သူတို့အား အကူအညီပေးမည်ဟု ထင်ထားသော ကိုးကွယ်ရာများသည် ပြဿနာတစ်ရပ်ကို မျက်မှောက်၌ ကြုံဆုံရပြီဆိုလျှင် တစ်စုံတစ်ရာကို အကူအညီပေးရန် အမှန်တကယ်ပင် တတ်စွမ်းနိုင်ခြင်းမရှိ ပေ။ (ကုရ်အာန် – ၃၆း၇၅)
ရှင်းလင်းချက် ။ ။ မိမိလက်ဖြင့် မိမိဖန်တီး၊ ဖန်ဆင်းလိုက်သော ကိုးကွယ်ရာဆိုသည်မှာ မိမိအပေါ်တွင် ယင်း အရာက အားကိုးအားထားနေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိက ဖန်ဆင်းရှင်ဖြစ်နေသောကြောင့် ဖြစ်ပေ သည်။ မိမိအားသာလျှင် သူက အားသာနေမည်ဖြစ်ပြီး၊ မိမိအားနည်းသွားလျှင် သူကလည်း ချိနဲ့သွားမည်သာဖြစ် သည်။ ထိုကဲ့သို့သော မိမိ၏ဖန်ဆင်းခံ ကိုးကွယ်ရာများက မိမိကို အဘယ်ကဲ့သို့ ကူညီပံ့ပိုးပေးနိုင်မည်နည်း။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၆)
فَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّا نَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ
သို့ဖြစ်ရာ သူတို့၏လုပ်ကြံပြောဆိုမှုသည် အသင့်အား စိတ်သောကဖြစ်စေရန် အကြောင်းတစ်စုံတစ် ရာမျှပင် ရှိမည်မဟုတ်ပေ။ ဧကန်မုချ ငါအလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်စွာလုပ်ကြံမှုများကို သိရှိ သလို ပေါ်လွင်ထင်ရှားစွာသော ဆောင်ရွက်မှုများကိုလည်း သိရှိတော်မူလေသည်။ (ကုရ်အာန် – ၃၆း၇၆)
ရှင်းလင်းချက် ။ ။ သစ္စာတရား၊ အမှန်တရားအပေါ် လျှောက်လှမ်းနေသူတစ်ဦးအတွက် မဟုတ်မမှန် ပြောဆိုခံရမှု များ၊ လုပ်ကြံဖန်တီးမှုများ၊ သွားပုပ်လေလွင့် ပြောဆိုခံရမှုများကို အမှန်တကယ်ပင် ကြုံတွေ့ရမည်ဖြစ်သည်။ မိမိသာ အမှန်တရားပေါ်တွင် ခိုင်ခိုင်မြဲမြဲ ရပ်တည်နေမည်ဆိုပါက ယင်းသို့သော လုပ်ကြံပြောဆိုမှုများမှာ ရေပွက်ပမာ ပျောက် ကွယ်သွားပေမည်။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်ဖြစ်သည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၇)
أَوَلَمۡ يَرَ ٱلۡإِنسَـٰنُ أَنَّا خَلَقۡنَـٰهُ مِن نُّطۡفَةٍ۬ فَإِذَا هُوَ خَصِيمٌ۬ مُّبِينٌ۬
ငါအရှင်မြတ်က မနုဿလူသားတို့အတွက် ကာလလ ရေကြည်တစ်စက်တစ်ပေါက်မှ စီရင်ဖြစ်ထွန်း စေခဲ့သည်ကို ယင်းလူသားသည် မစူးစမ်းမလေ့လာမိလေသလော။ သို့ပေငြားလည်း ကာလလ ရေကြည် အဆင့်မှ လူသားအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားသောအခါ ဂုဏ်မောက်ပြီး အလွန်အမင်း အငြင်းသန်သူ၊ အတိုက်အခံပြုသူ အထင်အရှားဖြစ်သွားလေတော့သည်။ (ကုရ်အာန် – ၃၆း၇၇)
ရှင်းလင်းချက် ။ ။ လူသားသည် မိမိဘ၀အမှန်ကို မေ့လျော့တတ်သူဖြစ်သည်။ အခြေအနေအရ အကျိုးပေးသည့် အပေါ် အဆင်ပြေလာလျှင် ဂုဏ်မောက်ကြတော့သည်။ သို့ဖြစ်ပေရာ အထက်ပါအာယသ်တော်က လူသား၏ မူလ အခြေအနေမှန်ကို သိမြင်နိုင်ရန် ညွှန်ပြနေခြင်းသာဖြစ်သည်။ ချမ်းသာသူသည်လည်းကောင်း၊ ဆင်းရဲသူသည်လည်း ကောင်း၊ ရုပ်ချောသူသည်လည်းကောင်း၊ ရုပ်ဆိုးသူသည်လည်းကောင်း၊ အုပ်ချုပ်သူသည်လည်းကောင်း၊ အုပ်ချုပ်ခံ သည်လည်းကောင်း၊ ပညာတတ်သူသည်လည်းကောင်း၊ ပညာမဲ့သူသည်လည်းကောင်း၊ ယောက်ျားသည်လည်း ကောင်း၊ မိန်းမသည်လည်းကောင်း၊ အားလုံးသောလူသားတို့၏ အစဖြစ်တည်ရာမှာ ကာလလ ရေကြည်တစ်စက်တစ် ပေါက်မှသာလျှင်ဖြစ်သည်။ သို့သော် လူသည် မိမိ၏မူလအစဖြစ်တည်ရာကို ဘယ်သောအခါမျှ ပြန်လည်သုံးသပ် တွေး မြင်ခြင်းမရှိချေ။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၈)
وَضَرَبَ لَنَا مَثَلاً۬ وَنَسِىَ خَلۡقَهُ ۥۖ قَالَ مَن يُحۡىِ ٱلۡعِظَـٰمَ وَهِىَ رَمِيمٌ۬
ယင်းလူသားသည် သူ၏ မူလစတင်ဖြစ်ထွန်းလာခဲ့မှုကို မေ့လျော့သွားပြီး ဖြစ်သည့်အပြင် ငါအရှင် မြတ်နှင့်ပတ်သက်၍လည်း ပုံဖော်ခိုင်းနှိုင်း ပြောဆိုလေတော့သည်။ ထိုလူသားက `ဆွေးမြေ့ကျိုးကြေသွားပြီ ဖြစ်သော အရိုးများကို မည်သူက ပြန်လည်အသက်သွင်းနိုင်မည်နည်း´ ဟု မေးခွန်းထုတ်လေသည်။ (ကုရ်အာန် – ၃၆း၇၈)
ရှင်းလင်းချက် ။ ။ မိမိ၏ဘ၀အမှန်ကို မေ့လျော့ပြီး ဂုဏ်မောက်နေသူများသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကိုလည်းကောင်း၊ စွမ်းဆောင်နိုင်မှု အ၀၀ကိုလည်းကောင်း၊ မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်ခဲ့မှု အရပ်ရပ်တို့ကို `ကေယာမသ်´နေ့တွင်စစ်ဆေးပြီး ထိုက်တန်စွာ အရေးယူမည်ဆိုသည်ကိုလည်းကောင်း လုံးဝအသိမဲ့ မေ့လျော့နေ ကြလေသည်။ သူတို့က `ငါတို့သည် ကွယ်လွန်သေဆုံး နိဂုံးချုပ်ပြီးနောက် ငါတို့၏အသားများသည် မြေကြီးဖြစ်သွား၍ အရိုးများမှာလည်း ဆွေးမြေ့ သွားမည်သာဖြစ်သည်။ ဘယ်သူကများ ငါတို့၏ပျက်စီးသွားပြီဖြစ်သည့် အရိုးများကို ပြန် လည်အသက်သွင်းနိုင်ပြီး စစ်ဆေးမေးမြန်းနိုင်ပါမည်နည်း´ ဟု ထင်မြင်ယူဆ စောဒကတက်ကြလေသည်။ ဤသည်ကို ကျမ်းမြတ်ကုရ်အာန်၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။
“ငါတို့ သေဆုံးပြီးနောက် ငါတို့၏ အသွေးအသားများ၊ အရိုးများသည် မြေမှုန့်များဖြစ်သွားကြမည်သာဖြစ် သည်။ သို့ဖြစ်ရာ ငါတို့သည် ပြန်လည်အသက်ရှင်နိုင်ပါ့မလားဟု သူတို့က ပြောဆိုလျက်ရှိနေကြပေသည်” (ကုရ်အာန် – ၅၆း၄၇)
သို့သော် လူသားကို မရှိရာမှရှိရာသို့ ဖြစ်ထွန်းစေပြီး ပြုစုပျိုးထောင်ခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည်သာ လျှင်ဖြစ်သလို သက်ရှိမှသက်မဲ့ဘ၀သို့ နိဂုံးချုပ်ပေးလိုက်သည်မှာလည်း အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်ပေသည်။ ထို့ကြောင့် ကွယ်လွန်သေဆုံးသွားသူ တစ်ဦးကို ပြန်လည်ရှင်သန်စေပြီး သူ၏လုပ်ရပ်များနှင့်ပတ်သက်၍ `ကိယာမသ်´ ကမ္ဘာ့တရားစီရင်မည့်နေ့တွင် အဘယ်ကြောင့် တရားခွင့်သို့တင်ရန် မဖြစ်နိုင်ရမည်နည်း။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို တတ်စွမ်းနိုင်သော အရှင်သာလျှင်ဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အာန် (၇၅း၃)နှင့် (၇၅း၎)တို့တွင် ဤသို့ ဖော်ပြထားလေသည်။
“လူသားသည် သူ၏အရိုးများကို ငါအရှင်မြတ်က ပြန်လည်စုစည်းရန် မဖြစ်နိုင်ဟု ထင်မြင်ယူဆနေလေ သလော။” ( ကုရ်အာန် – ၇၅း၃ )
“ထိုသို့ အလျဉ်းမဟုတ်ပေ။ ငါအလ္လာဟ်အရှင်မြတ်သည် သူ၏လက်ဆစ်၊ ခြေဆစ်များကိုပင်လျှင် မူလအတိုင်း ပြန်လည်အချိုးကျစေရန် တတ်စွမ်းနိုင်သောအရှင်ဖြစ်ပေသည်။ ”(ကုရ်အာန် – ၇၅း၎)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇၉)
قُلۡ يُحۡيِيہَا ٱلَّذِىٓ أَنشَأَهَآ أَوَّلَ مَرَّةٍ۬ۖ وَهُوَ بِكُلِّ خَلۡقٍ عَلِيمٌ
အသင်တမန်တော် မြွက်ဟကြေငြာလိုက်ပါ။ ယင်းအရိုးများကို ပထမဦးဆုံး စီရင်ဖြစ်ထွန်းစေခဲ့သော အရှင်မြတ်ကသာလျှင် နောက်တစ်ကြိမ် ပြန်လည်အသက်သွင်းတော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် သည် စီရင်ဖြစ်ထွန်းစေမှုအလုံးစုံကို အကြွင်းမဲ့သိရှိ နားလည်တော်မူပေသည်။ (ကုရ်အာန် – ၃၆း၇၉)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၈၀)
ٱلَّذِى جَعَلَ لَكُم مِّنَ ٱلشَّجَرِ ٱلۡأَخۡضَرِ نَارً۬ا فَإِذَآ أَنتُم مِّنۡهُ تُوقِدُونَ
အလ္လာဟ်အရှင်မြတ်သည် အစိမ်းရောင်ရှိသောသစ်ပင်မှ သင်တို့အတွက် မီးလောင်ကျွမ်းမှုကို စီမံ ဆောင်ရွက်ထားပြီးဖြစ်သည်။ သို့ဖြစ်ပေရာ သင်တို့သည် ယင်းသစ်ပင်မှရရှိသော လောင်ကျွမ်းစေမှုကို မီးမွှေး အသုံးပြုကြလေကုန်သတည်း။ (ကုရ်အာန် – ၃၆း၈၀)
ရှင်းလင်းချက် ။ ။ လူသားသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသက်ရှူထုတ်ကြ၏။ အသက်ရှူသွင်းရာတွင် အောက်ဆီဂျင်ကို ရှူသွင်းကြ၏။ လူသားတို့ ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်များက ရှူသွင်းပြီး အောက်ဆီဂျင်ကို သစ်ပင်များက ပြန်ထုတ်ပေးသည်။ ယင်းအောက်ဆီဂျင်ကို လူသားတို့က ရှူသွင်းပြန်သည်။ ဤသို့ ဖြင့် လူသားနှင့် အစိမ်းရောင်ရှိသောသစ်ပင်၊ သစ်ပင်နှင့် လူသားသည် ဂေဟစနစ်အဖြစ် အပြန်အလှန် အကျိုးပြုလျက် ရှိပေသည်။ လူ၏ခန္ဓာကိုယ်အတွင်း၌ သွေးလှည့်ပတ်မှုစနစ်ရှိသည်ဖြစ်ရာ ရှူသွင်းလိုက်သော အောက်ဆီဂျင်သည် သွေးအတွင်းရှိ ဟီမိုဂလိုဘင်၏ သယ်ဆောင်မှုအားဖြင့် ခန္ဓာကိုယ်အနှံ့အပြားကို ရောက်ရှိသွားလေသည်။ ထိုအောက် ဆီဂျင်ဓါတ်အားဖြင့် လူသားသည် လှုပ်ရှားသွားလာ ရှင်သန်နိုင်ပေသည်။
အခြားရှုထောင့်တစ်ရပ်မှ ကြည့်မည်ဆိုပြန်လျှင် အောက်ဆီဂျင်သည် မီးလောင်မှုကိုအားပေးသည်။ မီးလောင် မှုကိုအားပေးသော ယင်းအောက်ဆီဂျင်ကို လူသားတို့က အစိမ်းရောင်ရှိသောသစ်ပင်များမှ ရရှိလေသည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၈၁)
أَوَلَيۡسَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٲتِ وَٱلۡأَرۡضَ بِقَـٰدِرٍ عَلَىٰٓ أَن يَخۡلُقَ مِثۡلَهُمۚ بَلَىٰ وَهُوَ ٱلۡخَلَّـٰقُ ٱلۡعَلِيمُ
မဟာစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်ကို စီရင်ဖြစ်ထွန်းစေခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူတို့အား ယင်းကဲ့သို့ပင် ပြန်လည်တည်ဆောက် အသက်သွင်းရန် စွမ်းဆောင်နိုင်သူ မဟုတ်ပေဘူးလော။ ဤသို့ လုံးဝ မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် စီရင်ဖြစ်ထွန်းစေမှုအရပ်ရပ်ကို အကြွင်းမဲ့ သိမြင်တော်မူပေသည်။ (ကုရ်အာန် – ၃၆း၈၁)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၈၂)
إِنَّمَآ أَمۡرُهُ ۥۤ إِذَآ أَرَادَ شَيۡـًٔا أَن يَقُولَ لَهُ ۥ كُن فَيَكُونُ
အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ကား တစ်စုံတစ်ရာကိုဖြစ်တည်ရန် ဆန္ဒရှိရည်စူးသည့်အပေါ် `ဖြစ်စေ´ဟု မိန့်တော်မူလိုက်ရုံမျှဖြင့် ယင်းအရာသည် ဆင့်ကဲဖြစ်ထွန်းလာရလေသည်။ (ကုရ်အာန် – ၃၆း၈၂)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၈၃)
فَسُبۡحَـٰنَ ٱلَّذِى بِيَدِهِۦ مَلَكُوتُ كُلِّ شَىۡءٍ۬ وَإِلَيۡهِ تُرۡجَعُونَ
သို့ဖြစ်ရာ ခပ်သိမ်းကုန်သော အချုပ်အခြာအာဏာသည် ချို့တဲ့ချို့ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူ သော အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိပေသည်။ သင်တို့အားလုံးသည် ထိုအရှင်ထံတော်သို့သာ ဦးတည် ပြန်သွားကြရမည်ဖြစ်သည်။ (ကုရ်အာန် – ၃၆း၈၃)
ရှင်းလင်းချက် ။ ။ လူသားတစ်ဦးချင်းသည် မိမိတို့၏ နောက်ဆုံးပန်းတိုင်ခရီးကို သိရှိရန်လိုအပ်ပေသည်။ ယနေ့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသောပြဿနာအားလုံး၏ အရင်းအမြစ်မှာ ယင်းလူသားတို့သည် မိမိတို့၏နောက်ဆုံး ဦးတည်ရာ ပန်းတိုင်ခရီးကို မေ့လျော့နေခြင်းကြောင့်ပင်ဖြစ်သည်။ နောက်ဆုံးဦးတည်ရာ ပန်းတိုင်ခရီးကို မေ့လျော့နေ ခြင်းမှာ အလ္လာဟ်အရှင်မြတ်ကို မေ့လျော့နေခြင်းသာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို မေ့လျော့နေခြင်းဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အလ္လာဟ်အရှင်မြတ်၏ ချို့ယွင်းမှုအပေါင်းမှ ကင်းစင်မှုတို့ကို သတိမမူခြင်းသာဖြစ်သည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၆၁) မှ (၇၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်
နိဂုံး
ဆူရာဟ်ယာဆီးန်သည် ရည်မှန်းချက်ပျောက်နေသူ၊ ဦးတည်ချက် ပျောက်နေသူ၊ ပန်းတိုင်ပျောက်နေ သူတို့အား ရည်မှန်းချက်အစစ်အမှန်၊ ဦးတည်ချက် တိတိကျကျနှင့် မှန်ကန်သော၊ အတုအယောင်မဟုတ် သော၊ ပန်းတိုင်အစစ်အမှန်ဆီသို့ ဖိတ်ခေါ်ညွှန်ပြေနေပေသည်။ ဤသည်ကား `ဆူရာဟ်ယာဆီးန်´နှင့် ပတ်သက်သည့် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်က `ဆူရာဟ်ယာဆီးန်´ထဲ၌ မိမိသတင်းပေးလိုသော သတင်းများကို ခပ်သိမ်း ကုန်သော လူသားတို့အတွက် ယင်းလူသားတို့၏ လက်တစ်ကမ်း၌သာရှိသော သဘာဝပတ်ဝန်းကျင်ကို အခြေပြုပြီး ဥပမာအလင်္ကာမြောက်စွာဖြင့်တစ်နည်း၊ ဝင်္က၀ုတ္တိအလင်္ကာမြောက်စွာ တင်စားသုံးနှုန်းထားမှု နှင့်တစ်ဖုံ၊ ခိုင်းနှိုင်းဖော်ပြထားလေသည်။ ယင်းခိုင်းနှိုင်းတင်ပြထားချက်များကို နားလည်အောင် ကြိုးစားအား ထုတ်ခြင်းက အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်ကို သိရှိအောင်ပြုလုပ်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် `ဇိကိရ်´ပြုလုပ်ခြင်းဖြစ်သည်။
`ဆူရာဟ်ယာဆီးန်´နှင့်ပတ်သက်၍`ဖဇီလသ်´ခေါ်အကျိုးကျေးဇူးအများအပြားကို ပညာရှင်အချို့က အမျိုးမျိုး အဖုံဖုံတင်ပြထားကြပေသည်။ ဥပမာ `ဆူရာဟ်ယာဆီးန်´ကို အကြိမ်မည်မျှဖတ်လျှင်`ဂျဟန္နမ်´တွင် ငရဲမီးမလောင်ဟုတစ်မျိုး၊ လာဘ်လာဘ မည်ရွေ့မည်မျှဝင်မည်ဟုတစ်ဖုံ၊ မျက်နှာပွင့်မည်ဟုတစ်သွယ်၊ အမျိုးမျိုးတင်ပြ ပြောဆိုကြလေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်ကို သိရှိနားလည်သွား ခြင်းဟူသော `ဖဇီလသ်´အကျိုးကျေးဇူးသည်သာ အမြင့်မြတ်ဆုံးသော `ဖဇီလသ်´အကျိုးကျေးဇူးဖြစ်သည်။
သို့ဖြစ်ရာ `ဆူရာဟ်ယာဆီးန်´ကို အဓိပ္ပါယ်နားမလည်ဘဲ အကြိမ်ထောင်နှင့်ချီ၍ ဖတ်ရွတ်ခြင်းထက် အဓိပ္ပါယ်သိနားလည်စွာဖြင့် တစ်ကြိမ်တည်းဖတ်ရွတ်ပြီး သိရှိနားလည်သည့်အလျောက် လိုက်နာကျင့်သုံး ခြင်းသာ အမြတ်ဆုံးဖြစ်ပါသတည်း။
မုဖ်သီ ဦးစန်းအောင် (B.Sc)