ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၁) မှ (၄၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၁)
أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ أَنَّہُمۡ إِلَيۡہِمۡ لَا يَرۡجِعُونَ
သူတို့အလျင်က လူမျိုးဆက် မည်မျှကို ငါအရှင်မြတ်က ချေမှုန်းဖျက်ဆီးခဲ့သည်ကို သူတို့မလေ့လာ၊ မစူးစမ်းကြပေဖူးလော့။ ထိုဖျက်ဆီးခံ မျိုးဆက်တို့သည် သူတို့ထံ လုံးဝ ပြန်လာကြတော့မည်မဟုတ်ပေ။
(ကုရ်အာန် – ၃၆း၃၁)
ရှင်းလင်းချက် ။ ။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံလူသားများအနက်မှ အချို့မျိုးဆက်များသည် လူ့ပတ်ဝန်း ကျင်ကို မတည်ငြိမ်အောင်၊ တရားမျှတမှုမဲ့စွာဖြင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင် အဓိကထားပြီး ဆောင်ရွက်လျက် ရှိကြသည်။ သူတို့၏လုပ်ရပ်ကြောင့် သစ္စာဝါဒီများ အမှန်တရားကို လိုလားသူများ၏ အကျိုးစီးပွားများ ပျက်စီးခဲ့ရသည်။ ဥပမာအားဖြင့် ဖိရ်အောင်၊ ဟစ်တလာ အစရှိသော အာဏာရှင်များသည် ကမ္ဘာမြေကို ဖျက်လိုဖျက်ဆီးပြုခဲ့ကြသူများ၊ တရားမဲ့သူများ၊ လူမျိုးရေး အစွဲကြီးသူများ ဖြစ်ကြလေသည်။ အလားတူ သမိုင်းတွင်လည်း `အာဒ်၊ ဆမုဒ်´အစရှိသော တရားမဲ့သူများနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်ထဲတွင် ဖော်ပြထားလေသည်။
သို့သော် ယင်းမျိုးဆက်တို့၏ ဖိနှိပ်ရက်စက်မှုကို အလ္လာဟ်အရှင်မြတ်က ချေမှုန်းဖျက်ဆီးခဲ့လေသည်။ ဥပမာ- `ဘနီအစ္စရာအီလ်´တို့ကို ကျွန်သဘောက်သဖွယ် ဆက်ဆံ၊ ဖိနှိပ်အုပ်ချုပ်ခဲ့သူ အာဏာရှင် `ဖိရ်အောင်´ကို အလ္လာဟ် အရှင်မြတ်က ပင်လယ်နီထဲ၌ နစ်မြုပ်သွားစေရန် တမန်တော်မူဆာအားဖြင့် အကြောင်းဖန်ပေးခဲ့လေသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမြင်မှားနေသော ဘာသာခြားတို့က `သင်တို့အလ္လာဟ်အရှင်မြတ်သည် အလွန်ရက်စက်သူဖြစ်သည်။ သူဖန်ဆင်းထားသော လူသားများကို သနားကြင်နာမှုကင်းမဲ့စွာဖြင့် ဖျက်ဆီးပစ်နေခြင်း မှာ မဟာကရုဏာနှင့်ပြည့်စုံသူအဖြစ် မည်ကဲ့သို့ဆိုနိုင်မည်နည်း´ဟု ကဲ့ရဲ့ပြစ်တင်လေ့ရှိသည်။
အမှန်တကယ်၌မူ လူရမ်းကားတစ်စုကို ခွင့်လွှတ်ကြင်နာခြင်းသည် ရိုးသားစွာနေထိုင်သူအများစုကို ရက်စက် စွာ ဖိနှိပ်လိုက်ခြင်းသာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ခေတ်ကာလတိုင်း၌ ပေါ်ထွန်းလာခဲ့သော လူရမ်းကားများ ကို စေတမန်များစေလွှတ်ပြီး သတိပေးဆုံးမ တရားပြမှုများရှိခဲ့လေသည်။ သို့သော် ထိုလူရမ်းကားတို့က အလ္လာဟ့် စေတမန်များကို စော်ကားဆန့်ကျင်ကြလေသည်။ အလ္လာဟ်အရှင်မြတ်က တမန်တော်များထံမှတစ်ဆင့် သတိပေး သည်။ အချိန်ပေးသည်။ ယင်းလူရမ်းကားတို့ကို မနှိပ်ကွပ်ပါက လူနှင့်လူ့ပတ်ဝန်းကျင်တစ်ခုလုံး ပျက်ဆီးဆုံးရှုံးသွား မည်သာဖြစ်သည်။ ရည်မွန်သော၊ သနားကြင်နာတတ်သော၊ ဂုဏ်သိက္ခာရှိသော မည်သည့်လူသားတစ်ဦးတစ်ယောက် ကမျှ ယင်းကဲ့သို့ ဆုံးရှုံးပျက်ဆီးသွားမှုကို လက်ခံလိုကြမည်မဟုတ်ပေ။
ယင်းအချက်နှင့်ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန် (၂၆း၁၆၅-၁၆၆-၁၆၇-၁၆၈) နှင့် (၂၆း၁၇၃) တို့ကို ဥပမာပေး တင်ပြလိုပါသည်။ တမန်တော်`လူးသ်´နဗီခေတ်ရှိ လူရမ်းကားအုပ်စုတစ်စုသည် အလ္လာဟ့်ပြဋ္ဌာန်းချက်ကို ဖီဆန်ပြီး၊ ယောက်ျားအချင်းချင်း ကာမဂုဏ်ခံစားလိုကြသည်။ ထိုအခါ တမန်တော်`လူးသ်´က ယင်းသူတို့အား ဤသို့ မိန့်တော်မူလေသည်။
“ အသင်တို့သည် ဖန်ဆင်းခံဝေနေယျ သတ္တ၀ါတို့အနက် (အဖို)ယောက်ျားအချင်းချင်းကိုသာ ကာမဂုဏ်ခံစား လိုကြပေသလော ” (ကုရ်အာန် – ၂၆း၁၆၅)
“ မိမိတို့အတွက် မွေးမြူစောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်မြတ်က စီရင်ပြုစုထားသည့် ဇနီး၊ မိန်းမများ ကိုမူ အသင်တို့ စွန့်လွှတ်ထားကြလေသလော၊ သို့ဆိုလျှင် သင်တို့သည် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက် ကျူးလွန်မှု ပြုကြသူများဖြစ်ကြ၏ ” (ကုရ်အာန် – ၂၆း၁၆၆)
“ ထိုအခါ ယင်းလူရမ်းကားတို့က ပြောသည်မှာ `အို…လူးသ်၊ သင်သည် ကျွန်ုပ်တို့အား ကန့်ကွက်ဆန့်ကျင် လျှင် ဧကန်မလွဲ တိုင်းပြည်မှ နှင်ထုတ်ခံရသူများတွင် အသင်သည် တစ်ဦးအပါအ၀င် ဖြစ်သွားတော့ပေမည် ” (ကုရ်အာန် – ၂၆း၁၆၇)
“ ထိုအခါ `လူးသ်´တမန်တော်က ဧကန်အမှန်ပင် ငါသည် သင်တို့၏လုပ်ရပ်၊ လုပ်ငန်းစဉ်များကို လုံးဝဆန့် ကျင်ရှုံ့ချသည် ” (ကုရ်အာန် – ၂၆း၁၆၈)
“ ငါအရှင်မြတ်က ယင်းလူရမ်းကားတို့အပေါ်သို့ ထစ်ချုန်းမက ထစ်ချုန်းသော မိုးမဲကြီးရွာသွန်းချပေးလိုက် သည်။ ယင်းထစ်ချုန်းမိုးက ယင်းသတိပေးခံရသော လူရမ်းကားတို့အဖို့ ဆိုးရွားသွားရလေပြီ ” (ကုရ်အာန် – ၂၆း၁၇၃)
ကျမ်းတော်မြတ်ကုရ်အာန်ထဲ၌ ဤကမ္ဘာပထ၀ီမြေ အေးချမ်းသာယာရေးအတွက် ခေတ်အဆက်ဆက် ပေါ် ထွန်းလာရသော လူရမ်းကားတို့ကို အလ္လာဟ်အရှင်မြတ်က နှိမ်နင်းခဲ့မှုများနှင့်ပတ်သက်ပြီး သာဓကအမြောက်အများ ပါရှိသည်ကို ကုရ်အာန် (၃၆း၃၁)က ရည်ညွှန်းဖော်ပြနေခြင်းဖြစ်သည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၂)
وَإِن كُلٌّ۬ لَّمَّا جَمِيعٌ۬ لَّدَيۡنَا مُحۡضَرُونَ
မည်သို့ပင်ဆိုစေကာမူ လူသားတစ်ဦးချင်း၊ တစ်ဦးချင်းသည် ငါအလ္လာဟ်အရှင်မြတ်၏ ရှေ့တော် မှောက်သို့ ရောက်ရှိလာကြမည်သာဖြစ်သည်။ (ကုရ်အာန် – ၃၆း၃၂)
ရှင်းလင်းချက် ။ ။ လူသားတို့သည် သေခြင်းဟူသော တံခါးပေါက်ကိုဖြတ်သန်း၍ မိမိတို့အား မွေးမြူဖန်ဆင်းတော် မူသော အလ္လာဟ်အရှင်မြတ်ထံသို့သာ နောက်ဆုံးရောက်ရှိရမည်ဖြစ်ကြောင်း၊ အာယသ်တော် အမြောက်အများရှိသည့် အနက် အောက်ပါအာယသ်တော်ကို ဥပမာပေးလိုပါ၏။
“ သက်ရှိတိုင်းသည် သေခြင်းတရားကို မြည်းစမ်းကြရပေမည်။ ပြီးနောက် သူတို့သည် ငါအလ္လာဟ်အရှင်မြတ် ထံတော်သို့သာ ပြန်လာကြရပေလိမ့်မည် ” (ကုရ်အာန် – ၂၉း၅၇)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၃)
وَءَايَةٌ۬ لَّهُمُ ٱلۡأَرۡضُ ٱلۡمَيۡتَةُ أَحۡيَيۡنَـٰهَا وَأَخۡرَجۡنَا مِنۡہَا حَبًّ۬ا فَمِنۡهُ يَأۡڪُلُونَ
သွေ့ခြောက်ပြီး အပင်မပေါက်နိုင်လောက်အောင် သေနေသော ပထ၀ီမြေသည်ကား သူတို့အတွက် သက်သေလက္ခဏာ တစ်ရပ်ပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ယင်းမြေဆီ၊ မြေနှစ်မရှိသော မြေကြီးကို မြေဆီ၊ မြေနှစ်ထည့်သွင်းပြီး ရှင်သန်စေခဲ့သည်။ ပြီးနောက် ယင်းမြေမှ ကောက်ပဲသီးနှံများကို ပေါက်ရောက်ဖြစ်ထွန်း စေပြီး ယင်းကောက်ပဲသီးနှံများကို သူတို့ စားသုံးမှီဝဲလျက် ရှိကြလေသည်။
(ကုရ်အာန် – ၃၆း၃၃)
ရှင်းလင်းချက် ။ ။ ကမ္ဘာပေါ်ရှိ သက်ရှိအများစုသည် စားရေရိက္ခာအတွက် အဓိကအားဖြင့် သစ်သီး၊ သစ်ဥ၊ သစ်ဖု များကို အများဆုံး မှီဝဲစားသောက်လျက်ရှိ၏။ ယင်းသစ်ပင်၊ သစ်သီးဝလံ၊ စပါး၊ ကောက်ပဲသီးနှံအမျိုးမျိုးတို့သည် မြေ မှာပေါက်ရောက်ကြ၏။ ယင်းကဲ့သို့ သီးနှံများ ဖြစ်ထွန်းစေရေးအတွက် မြေဆီ၊ မြေနှစ်များ လိုအပ်ပေသည်။
လူသားတစ်ဦးအနေဖြင့် မိမိစိုက်ပျိုးလိုက်သော သစ်စေ့မှ အဖူး၊ အရွက်၊ အသီးများ ဆင့်ကဲဖြစ်ထွန်းလာ အောင် အလ္လာဟ်အရှင်မြတ်က တင်ကြိုသတ်မှတ် တွက်ချက်မှုပြုလုပ်ပေးထားခဲ့ပြီးဖြစ်သည်။ စပါးစေ့ထဲ၌ ဆန်စေ့ဖြစ် တည်လာအောင် မည်သည့်လူသားကမျှ မည်သည့်သိပ္ပံစမ်းသပ်ခန်းတွင်မှ စမ်းသပ်ထုတ်လုပ် တီထွင်နိုင်ခြင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ထားသော ကျေးဇူးတော်တစ်ရပ်သာလျှင်ဖြစ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ် တည်ရှိနေမှုကို ငြင်းပယ်နေသူများအတွက် ယင်းပထ၀ီမြေနှင့် ယင်းသစ်သီးဝလံ၊ သစ်ဥ၊ သစ်ဖုများက သက်သေ လက္ခဏာတစ်ရပ် မဟုတ်လေသလော။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၄)
وَجَعَلۡنَا فِيهَا جَنَّـٰتٍ۬ مِّن نَّخِيلٍ۬ وَأَعۡنَـٰبٍ۬ وَفَجَّرۡنَا فِيہَا مِنَ ٱلۡعُيُونِ
ထို့ပြင်မက ငါအရှင်မြတ်သည် ယင်းပထ၀ီမြေ၌ စွန်ပလွံဥယျာဉ်ကိုလည်းကောင်း၊ စပျစ်ဥယျာဉ်ကို လည်းကောင်း၊ ပြုလုပ်ဆောင်ရွက်ထားပြီးဖြစ်သည်။ ပြီးနောက် စိမ့်စမ်း၊ ချောင်း၊ မြောင်း အသွယ်သွယ်ကိုလည်း တူးဖော်ထားခဲ့လေသည်။ (ကုရ်အာန် – ၃၆း၃၄)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၅)
لِيَأۡڪُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۖ أَفَلَا يَشۡڪُرُونَ
ထိုဥယျာဉ်မြေမှ ပေါ်ထွက်လာသော အသီးအပွင့်များကို သူတို့ မှီဝဲစားသုံးကြစေရန်အတွက်ဖြစ် သည်။ အမှန်တကယ်၌ ထိုအသီးအပွင့်များ ဖြစ်ပေါ်လာရန် သူတို့၏လက်များနှင့် ပြုလုပ်ခဲ့ကြသည်မဟုတ်ပေ။ သို့ပါလျက် သူတို့သည် ကျေးဇူးမသိတတ်ကြလေသလော။
(ကုရ်အာန် ၃၆း၃၅)
ရှင်းလင်းချက် ။ ။ လူသားတို့အနေဖြင့် ထွန်ယက်၊ မျိုးစေ့ချ၊ စိုက်ပျိုး၊ ပေါင်းသင်၊ ရေလောင်းသည့် အပေါ်ယံ တာဝန်ကိုသာ ထမ်းဆောင်ရလေသည်။ အပင်တစ်ပင်မှ အသီးအရွက်များ၊ အစေ့အဆံများ၊ အကိုင်းအခက်များ၊ စဉ် ဆက်မပြတ် တိုးပွားကြီးထွားလာအောင် အလ္လာဟ်အရှင်မြတ်က ကြိုတင်စီမံထားပေးထားပြီးဖြစ်သည်။ ဥပမာအားဖြင့် စပျစ်သီးထဲရှိ အရသာကို လူသားတို့က ပြုလုပ်ထားသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်က စီမံထားခြင်းသာဖြစ် သည်။ ကျေးဇူးတရားကို သိတတ်သူတို့အဖို့ ယင်းအချက်ကို နားလည်သဘောပေါက်ရန် လိုအပ်လေသည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၆)
سُبۡحَـٰنَ ٱلَّذِى خَلَقَ ٱلۡأَزۡوَٲجَ ڪُلَّهَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ وَمِنۡ أَنفُسِهِمۡ وَمِمَّا لَا يَعۡلَمُونَ
ချို့ယွင်းချွတ်ချော်မှုအရပ်ရပ်မှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်း၌ ဆန့် ကျင်ဖက်စုံတွဲ (ဒွိစုံ)သဘောကို စီရင်ဖြစ်ထွန်းစေခဲ့သည်။ ယင်းဒွိစုံ၏သဘောကို မြေမှပေါက်ရောက်သော အရာများတွင်လည်းကောင်း၊ လူတို့၏ စိတ်နှင့်ရုပ်သဘောတို့တွင်လည်းကောင်း၊ သူတို့မသိသေးသည့် အကြောင်းအရာများတွင်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။ (ကုရ်အာန် – ၃၆း၃၆)
ရှင်းလင်းချက် ။ ။ လွန်ခဲ့သော နှစ်ပေါင်း(၁၄၀၀)ကျော်က ပို့ချခြင်းခံခဲ့ရသော ကုရ်အာန်ကျမ်းမြတ်တွင် ယခုသိပ္ပံ ပညာရှင်တို့ တွေ့ရှိထားသော `အရာရာတိုင်း၌ ဒွိစုံသဘောရှိသည်´ဟူသည့် အချက်ပါဝင်ခဲ့ပေသည်။ ထိုခေတ်၊ ထိုအခါက အရဗ်တို့အနေနှင့် ယင်းအချက်ကို မသိကြသေးချေ။ ထို့ပြင်မက လူသားတို့ စူးစမ်းရှာဖွေ မတွေ့နိုင်သေး သော အကြောင်းအရာများတွင်လည်း `ဒွိစုံ´သဘောရှိသည်ဟု ဗျာဒိတ်ပေးထားခြင်းက ကုရ်အာန်သည် သိပ္ပံပညာရပ် ၏ ရှေ့ပြေးဖြစ်ကြောင်းကို ထင်ဟပ်လှစ်ဟလျက်ရှိပေသည်။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၇)
وَءَايَةٌ۬ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّہَارَ فَإِذَا هُم مُّظۡلِمُونَ
ညအမှောင်သည်လည်း သူတို့အတွက် သက်သေလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် ယင်းညအမှောင်မှ နေ့အလင်းရောင်ကို ဖယ်ခွာထုတ်လိုက်သောအခါ သူတို့သည် အမှောင်ထုထဲ၌ ကျန်ခဲ့ကြ လေသည်။
(ကုရ်အာန် – ၃၆း၃၇)
ရှင်းလင်းချက် ။ ။ အလ္လာဟ်အရှင်မြတ် တည်ရှိကြောင်းကို မယုံကြည်သူတို့အတွက် ကျမ်းမြတ်ကုရ်အာန်က အထောက်အထား အများအပြားကို တင်ပြထားလေသည်။ ထိုအထောက်အထားများအနက် အလင်းနှင့်အမှောင်သည် လည်း ထင်ရှားသော သက်သေလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ အလင်းနှင့်အမှောင်သည် ဆန့်ကျင်ဘက်သဘော တရားနှစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က နေ့နှင့်ညကို အဘယ့်ကြောင့် စီရင်ဖြစ်ထွန်းစေရသနည်း။ ကျမ်းမြတ် ကုရ်အာန် (၁၇း၁၂)တွင်-
“ ငါအရှင်မြတ်သည် နေ့နှင့်ညကို (ငါတည်ရှိနေကြောင်း) သက်သေလက္ခဏာနှစ်ရပ်အဖြစ် ဆောင်ရွက်ထားခဲ့ လေသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာကို မှောင်မိုက်စေပြီး၊ နေ့၏သက်သေလက္ခဏာကို အမြင်အာရုံ စွမ်းဆောင်နိုင်စေရန် လင်းဝင်းစေခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့ရခြင်းမှာ သင်တို့အနေဖြင့် သင်တို့ကို မွေးမြူ ဖန်ဆင်း စောင့်ရှောက်လမ်းညွှန်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရားများကို ရှာဖွေရယူသုံးစွဲနိုင်ရန်နှင့် နှစ်ကာလများ၏ အရေအတွက်များကို တွက်ချက်သိမြင် ပိုင်းခြားနိုင်ရေးအတွက်ဖြစ်သည်။ ငါအလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို အသေးစိတ်၊ အနုစိတ် ရှင်းလင်းဖော်ပြထားပြီးဖြစ်သည် ” (ကုရ်အာန် – ၁၇း၁၂)
အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း တစ်နည်းအားဖြင့် ဖန်ဆင်းရှင် (Creator) ရှိကြောင်းကို ကျမ်း တော်မြတ်ကုရ်အာန်၌ နေရာအမြောက်အများတွင် ဖော်ပြထားလေသည်။ အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း ကို မယုံကြည်ကြသူများအနေဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရားကို မသိတတ်ကြသူများအနေ နှင့်လည်းကောင်း၊ ယင်းကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ အစီအမံများအနက်မှ တစ်ရပ်ဖြစ်သော နေ့နှင့်ညပြောင်းလဲနေ ခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိပါလေသလော။
မိမိတို့ကိုယ်တိုင်ကိုယ်ကျ အလ္လာဟ်အရှင်မြတ် စီမံသတ်မှတ်ထားသော နေ့နှင့်ညပြောင်းလဲခြင်းအပေါ် ဖြစ်ပေါ်လာသော အကျိုးကျေးဇူးများကို ခံစားနေပြီးသကာလ အဘယ့်ကြောင့် အလ္လာဟ်အရှင်မြတ်(ဖန်ဆင်းရှင်)ကို ငြင်းပယ်၊ အန်တု ဆန့်ကျင်နေကြပါသနည်း။
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၈)
وَٱلشَّمۡسُ تَجۡرِى لِمُسۡتَقَرٍّ۬ لَّهَاۚ ذَٲلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ
ထို့ပြင် နေမင်းသည် သူ့အပေါ် သတ်မှတ်ထားပြီးဖြစ်သော နေပတ်လမ်းကြောင်းအတိုင်း လှုပ်ရှား သွားလာလျက်ရှိပေသည်။ ယင်းအချက်သည်ကား အလွန်တရာ နိုင်နင်းစိုးမိုးတော်မူသော၊ အကြွင်းမဲ့သိမြင် တော်မူသော အလ္လာဟ်အရှင်မြတ်၏ တိုင်းတာ စီမံသတ်မှတ်ထားချက်ဖြစ်သည်။
(ကုရ်အာန် – ၃၆း၃၈)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃၉)
وَٱلۡقَمَرَ قَدَّرۡنَـٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلۡعُرۡجُونِ ٱلۡقَدِيمِ
ငါအရှင်မြတ်သည် လစန္ဒာကိုလည်း သူ၏လပတ်လမ်းကြောင်းအလိုက် စခန်းများသတ်မှတ်ပြီး လှုပ် ရှားသွားလာစေလျက်ရှိသည်။ ယင်းကဲ့သို့ စခန်းများသတ်မှတ်၍ လှုပ်ရှားသွားလာစေခြင်းအားဖြင့် ၀ိုင်းစက် ပြည့်ဝနေသော လပြည့်ဝန်းသည် နောက်ဆုံးတွင် မျက်တောင်ကွေးကဲ့သို့သော လဆုတ်ရက် အနေအထား သို့ ပြန်လည်ရောက်ရှိသွားစေရ၏။ (ကုရ်အာန် – ၃၆း၃၉)
ရှင်းလင်းချက် ။ ။ ကျမ်းမြတ်ကုရ်အာန် (၃၁း ၂၉)၌ အောက်ပါအတိုင်းဖေါ်ပြထားသည်။
“ အသင်သည် စူးစမ်းသုံးသပ်မှု မပြုလေသလော။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ညဥ့်ကို နေ့၏ အချိန်ပိုင်းအတွင်း ထိုးဖောက်ဝင်ရောက်စေပြီး၊ နေ့ကိုလည်း ညဥ့်၏အချိန်ပိုင်းအတွင်း ထိုးဖောက်ဝင်ရောက်စေတော်မူ၏ အလ္လာဟ်အရှင်မြတ်သည် နေနှင့်လကိုလည်း စနစ်တကျ လှုပ်ရှားသွားလာစေလျက်ရှိသည်။ ထို့ပြင်မက အရာရာတိုင်း သည်လည်း အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ပြဋ္ဌာန်းချက်နှင့်အညီ ပြေးလွှားစီးဆင်း လှုပ်ရှားလျက်ရှိသည်။ အလ္လာဟ် အရှင်မြတ်သည် သင်တို့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အကြွင်းမဲ့ကြားသိတော်မူပေသည် ” ( ကုရ်အာန် – ၃၁း၂၉ )
ကျမ်းတော်မြတ်ကုရ်အာန်တွင် တစ်နှစ်လျှင်(၁၂)လရှိကြောင်း ဖော်ပြထားပြီးဖြစ်သည်။ ကမ္ဘာသည် နေကို တစ်ပတ်ပတ်ပြီးချိန်တွင် လသည် ကမ္ဘာကို (၁၂)ပတ်ပတ်ပြီးဖြစ်၍ ယင်းကို `တစ်နှစ်တာ´ကာလဟု သတ်မှတ်ထား လေသည်။ ဆိုလိုသည်မှာ အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန် (၃၁း၂၉)အတိုင်း နေ၊ လ၊ ကမ္ဘာ အစရှိသည်တို့မှာ သူတို့၏ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်သွားလာခြင်းအားဖြင့် နေ့နှင့်ည စဉ်ဆက်မပြတ် ပြောင်း လဲခြင်းများ၊ ဥတုရာသီပြောင်းလဲခြင်းများသည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်နှင့်အညီဖြစ်ကြောင်းကို ရည် ညွှန်းဆိုလိုနေခြင်းဖြစ်သည်။
တစ်နှစ်တာကာလနှင့်ပတ်သက်ပြီး တွက်ချက်ရာတွင် ရက်အရေအတွက် သတ်မှတ်ခြင်းအား နေကို အခြေခံသည့်ပြက္ခဒိန် (Solar Calendar) နှင့် လကိုအခြေခံသည့်ပြက္ခဒိန် (Lunar Calendar) ဟူ၍ နှစ်မျိုးနှစ်စားရှိပေ သည်။ နေကိုအခြေခံသည့်ပြက္ခဒိန်အရ တစ်နှစ်တွင် (၃၆၅)ရက်နှင့် (၆)နာရီခန့်ရှိသည်ဟု တွက်ချက်ထားပေသည်။ လကိုအခြေခံသည့် ပြက္ခဒိန်အရမူ တစ်နှစ်တွင် (၃၅၄)ရက်၊ (၁၂)နာရီနှင့် (၄၀)မိနစ်ရှိသည်ဟု တွက်ချက်သတ်မှတ် ထားလေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကမ္ဘာသည်နေကို တစ်ပတ်ပြည့်အောင်ပတ်နိုင်ရန် (၃၆၅)ရက်နှင့် (၆) နာရီခန့်ကြာမြင့်ပြီး၊ လသည်ကမ္ဘာကို (၁၂)ပတ်ပတ်နိုင်ရန် (၃၅၄)ရက်၊ (၁၂)နာရီနှင့် (၄၀)မိနစ်မျှ ကြာမြင့်လေသည်။
နေကို အခြေခံတွက်ချက်သည့် Solar Calendar အရ၊ တစ်နှစ်တွင် (၁၂)လရှိလေသည်။ ယင်း(၁၂)လတွင် ဧပြီလ၊ ဇွန်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် ရက်ပေါင်း(၃၀)နှင့် တစ်လတာကို အဆုံးသတ်လေသည်။ ဖေဖေါ်ဝါရီလတွင်မှ ရက်ပေါင်း(၂၈)ရက်နှင့် တစ်လတာကို အဆုံးသတ်လေသည်။ ကျန်လများဖြစ်သော ဇန်န၀ါရီလ၊ မတ်၊ မေ၊ ဇူလိုင်၊ သြဂုတ်၊ အောက်တိုဘာနှင့် ဒီဇင်ဘာလများတွင် ရက်ပေါင်း(၃၁)ရက်အားဖြင့် တစ်လတာကို အဆုံး သတ်ထားလေသည်။ ထို့ကြောင့် —
ရက်ပေါင်း (၃၀)နှင့် အဆုံးသတ်သောလ (၄)လ = ၁၂၀ ရက်
ရက်ပေါင်း (၂၈)နှင့် အဆုံးသတ်သောလ (၁)လ = ၂၈ ရက်
ရက်ပေါင်း (၃၁)နှင့် အဆုံးသတ်သောလ (၇)လ = ၂၁၇ ရက်
စုစုပေါင်း ၃၆၅ ရက်
နေကို အခြေခံတွက်ချက်ထားသည့် ပြက္ခဒိန်အရ တစ်နှစ်လျှင်(၃၆၅)ရက်ရှိသည်ဟု တွက်ချက်ထားနိုင်ပေ သည်။ သို့သော် ကမ္ဘာသည် နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်နိုင်ရန် (သို့) တစ်နှစ်တာကာလပြည့်ရန် (၃၆၅) ရက်နှင့် (၆)နာရီခန့်မျှကြာသောကြောင့် ပြက္ခဒိန်တွက်ချက်မှုအရ တစ်နှစ်တာလျှင် (၃၆၅)ရက်ဟုတွက်ချက်ပါက တစ်နှစ်လျှင်ပိုနေသော(၆)နာရီကို (၄)နှစ်စာပေါင်းပြီး၊ ရရှိလာသော (၂၄)နာရီကို (၄)နှစ်လျှင်တစ်ကြိမ်၊ ဖော်ဖေါ်ဝါရီလ၌ (၂၉)ရက်အဖြစ် တစ်ရက် (၂၄ နာရီ) တိုးသတ်မှတ်၍ အချိန်ကို ကိုက်ညှိသွားလေသည်။
လကို အခြေခံတွက်ချက်သည့် Lunar Calendar အရ တစ်နှစ်တွင် (၃၅၄)ရက်၊ (၁၂)နာရီနှင့် မိနစ်(၄၀)ခန့် ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားလေသည်။ Lunar Calendar အရ လသည် ကမ္ဘာကို တစ်ပတ်ပတ်ပြီးချိန်ကို တစ်လ တာအဖြစ် သတ်မှတ်ထားပြီး၊ တစ်လတာကို ရက်အားဖြင့် အချို့လများကို (၂၉)ရက်အဖြစ် သတ်မှတ်ထားပြီး၊ အချို့ လများကို (၃ဝ)ရက်အဖြစ် သတ်မှတ်ထားလေသည်။ ယင်းသို့ တစ်လနှင့်တစ်လ ရက်ကွဲပြားခြားနားရခြင်းမှာ နေနှင့် ကမ္ဘာ၏အကွာအဝေး၊ နေနှင့်လ၏ အကွာအဝေး၊ ကမ္ဘာနှင့်လတို့၏အကွာအဝေး ပြောင်းလဲနေခြင်းကြောင့်ဖြစ်သည်။ သို့ဆိုလျှင် Lunar Calendar အရ –
(၁) `တစ်လ´တာဟူသော အချိန်ကာလသည် မည်သည့်အချိန်က စတင်၍ မည်သည့်အချိန်တွင် အဆုံးသတ်မည် နည်း။ ကျမ်းမြတ်ကုရ်အာန် (၂း၁၈၉)၌
“ ဆန်းဦးစလ (Cresent Moon) နှင့်ပတ်သက်၍ အသင်တမန်တော်ကို သူတို့က မေးမြန်းကြပေလိမ့်မည်။ ထိုဆန်းဦးစလသည် လူသားတို့အဖို့ အချိန်ကာလကို သတ်မှတ်နိုင်ရန်နှင့် ဟဂ်ျပြုရန် သတ်မှတ်ထားသောကာလကို သိရှိနိုင်ရန်ဖြစ်သည်ဟု အသင်တမန်တော် ကြေညာလိုက်ပါ ” (ကုရ်အာန် – ၂း၁၈၉)
အထက်ပါ ကုရ်အာန်(၂း၁၈၉)အရ ဆန်းဦးစလ(၀ါ) လဆန်း(၁)ရက်သည် `တစ်လ´တာကာလ (A Month) ၏ အစကနဦးအချိန်ဖြစ်သည်။ လကွယ်၏နောက်ဆုံးအချိန် (သို့မဟုတ်) နောက်တစ်ကြိမ် ဆန်းဦးစလကို မြင်ရချိန် သည် `တစ်လ´တာကာလ၏ နောက်ဆုံးအချိန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဆန်းဦးစလတစ်ကြိမ်နှင့်တစ်ကြိမ် ထွက် ပေါ်လာသည့်ကြားကာလသည် `တစ်လ´တာကာလဖြစ်သည်။
(၂) မည်သည့်လသည် (၂၉)ရက်ဖြစ်၍ မည်သည့်လသည် ရက်(၃၀)ဖြစ်မည်နည်း။
ဆန်းဦးစလ (၀ါ) လဆန်း(၁)ရက်၏လကို တစ်ကြိမ်နှင့်တစ်ကြိမ် မြင်ရချိန်ကြားကာလသည် (၂၉)ရက်ဖြစ် လျှင် ယင်းလ(Month) သည် (၂၉)ရက်နှင့်အဆုံးသတ်သော လဖြစ်ပြီး၊ ကြားကာလသည် ရက်(၃၀)ဖြစ်လျှင် ယင်းလ သည် ရက်(၃၀)နှင့်အဆုံးသတ်သော Month ဖြစ်သည်။
တစ်နှစ်တာကာလ၌ လပေါင်း(၁၂)လရှိကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် (၉း၃၆)၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။
“ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်ထံတော်၌ လများ၏အရေအတွက်သည် (၁၂)လရှိလေသည် ” (ကုရ်အာန် – ၉း၃၆)
အထက်ပါအာယသ်တော်အရ တစ်နှစ်တွင် (၁၂)လရှိကြောင်း၊ တစ်နည်းအားဖြင့် တစ်နှစ်တာကာလတွင် (Moon) လသည် ကမ္ဘာကို (၁၂)ပတ်,ပတ်ကြောင်း သိရှိရပေသည်။ ထို့ကြောင့် အရဗီလ(၁၂)လရှိသည်ဖြစ်ရာ တစ်လ ချင်းအပေါ် အောက်ပါအတိုင်း အမည်သညာ သတ်မှတ်မှည့်ခေါ်ထားလေသည်။
(၁) မုဟရ်ရမ်လ
(၂) ဆွဖရ်လ
(၃) ရဗီအွလ်အောင်ဝလ်
(၄) ရဗီအွဆ်ဆာနီ
(၅) ဂျူမာဒွလ်အောင်ဝလ်
(၆) ဂျူမာဒွဆ်ဆာနီ
(၇) ရဂျဗ်
(၈) ရှာအ်ဗာန်
(၉) ရမဒွါန်
(၁၀) ရှောင်ဝလ်
(၁၁) ဇွလ်ကအ်ဒါဟ်
(၁၂) ဇွလ်ဟဂ်ျ
လသည် ကမ္ဘာကို တစ်ပတ်ပြည့်အောင်ပတ်ရာတွင် လနှင့်ကမ္ဘာအကြား အကွာအဝေးနှင့် အနေအထားအမျိုး မျိုးအရ လဆန်း၊ လပြည့်၊ လဆုတ်၊ လကွယ်ဟူ၍ သတ်မှတ်ထားချက်များရှိလေသည်။ ယင်းသတ်မှတ်ချက်များနှင့် အညီ ကမ္ဘာမြေပြင်ပေါ်မှ လမင်းကြီးကို မတူကွဲပြားခြားနားသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့မြင်ရလေသည်။ ကွေး ညွတ်ပြီး သေးငယ်လှသော လဆန်း၏ လအသွင်သဏ္ဍာန်သည် တဖြည်းဖြည်းနှင့် ကြီးမားလုံးဝန်းလာပြီး၊ လပြည့်ည၌ လုံးဝ ၀ိုင်းစက်သွားလေသည်။ လပြည့်ပြီးနောက် တဖြည်းဖြည်းနှင့် လဆုတ်ရက်များတွင် ပြန်ပြီးသေးငယ်ကွေးညွတ် သွားရာ နောက်ဆုံးလကွယ်ရက်၌ လုံးဝပျောက်ကွယ်သွားလေတော့သည်။ ဤသို့အားဖြင့် တစ်လတာ (A Month) ပြီးမြောက်သွားရသည်။ ယင်းသို့သော ဖြစ်စဉ်ဖြစ်ရပ်ကို ဆူရာဟ် ယာဆီးန်၊ အာယသ်တော်(၃၉)က ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
ငါအရှင်မြတ်သည် လစန္ဒာကို သူ၏လ,ပတ်လမ်းကြောင်းအလိုက် စခန်းများ (လဆန်း၊ လပြည့်၊ လဆုတ်၊ လကွယ်)သတ်မှတ်ပြီး၊ လှုပ်ရှားသွားလာစေလျက်ရှိသည်။ ယင်းကဲ့သို့ လှုပ်ရှားသွားလာစေလျက်ရှိခြင်းအားဖြင့် လပြည့်လအဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲရောက်ရှိလာခဲ့သည်။ ထိုမှတစ်ဖန် ယင်းဝိုင်းစက်သော လပြည့်လ၀န်းသည် နောက်ဆုံးတွင် ကွေးညွတ်သေးငယ်သော မျက်တောင်ကွေးကဲ့သို့ `လဆုတ်´ရက်အနေအထားသို့ ပြန်လည်ရောက်ရှိ သွားလေသည်။ (ကုရ်အာန် – ၃၆း၃၉)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၄၀)
لَا ٱلشَّمۡسُ يَنۢبَغِى لَهَآ أَن تُدۡرِكَ ٱلۡقَمَرَ وَلَا ٱلَّيۡلُ سَابِقُ ٱلنَّہَارِۚ وَكُلٌّ۬ فِى فَلَكٍ۬ يَسۡبَحُونَ
သူရိယနေမင်းသည် လစန္ဒာကို အမှီလိုက် ကျော်ဖြတ်သွားနိုင်ခြင်းမရှိသလို နေ့သည်လည်း ညကို မကျော်လွန်နိုင်ပေ။ အရာရာတိုင်းသည် သူတို့အတွက် သတ်မှတ်ထားသောလမ်းကြောင်းပေါ်၌ ကူးလူးပျံခတ် လှုပ်ရှားသွားလာလျက်ရှိသည်။
(ကုရ်အာန် – ၃၆း၄၀)
ရှင်းလင်းချက် ။ ။ အလ္လာဟ်အရှင်မြတ် စီရင်ဖြစ်ထွန်းထားစေပြီးသော မဟာစကြ၀ဠာအတွင်း၌ အရာရာတိုင်း သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဋ္ဌာန်းထားသော လမ်းညွှန်ချက်နှင့်အညီသာ လှုပ်ရှားသွား လာလျက်ရှိကြ၏။ ကျမ်းမြတ်ကုရ်အာန် (၂၁း၃၃)၌လည်း ဤသို့ပြဆိုထားလေသည်။
“ အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ညကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ သူရိယနေမင်းကိုလည်း ကောင်း၊ စန္ဒာလမင်းကိုလည်းကောင်း၊ စီရင်ဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။ အရာရာတိုင်းသည် သူတို့အတွက် သတ်မှတ် ထားပြီးဖြစ်သော လမ်းကြောင်းပေါ်၌ ကူးလူးပျံခတ် လှုပ်ရှားသွားလာလျက်ရှိကြသည် ” (ကုရ်အာန် – ၂၁း၃၃)
အမှားနှင့်အမှန်သည်လည်း ဘယ်သောအခါမှ ဒွေးရောယှက်တင် ရောနှောသွားခြင်းမရှိပေ။ အမှန်တရား သည် သူ့လမ်းကြောင်း၊ သူ့စနစ်နှင့်သူ သွားလာနေသလို မှားယွင်းမှုကလည်း သူ့လမ်းကြောင်း၊ သူ့စနစ်နှင့်သူ သွား လာလှုပ်ရှားလျက်ရှိလေသည်။ တစ်နည်းဆိုသော် အမှန်တရား၌လည်းကောင်း၊ မှားယွင်းမှု၌လည်းကောင်း၊ သူတို့၏ ကိုယ်ပိုင်ဂုဏ်ရည်ဂုဏ်သွေး၊ သတ်မှတ်ချက်နှင့် အစွမ်းသတ္တိများရှိကြပေသည်။ သို့ဖြစ်ရာ မှားယွင်းမှုတစ်ရပ်ကို လူအများက အမှန်ပါဟု ထောက်ခံလိုက်ရုံမျှနှင့် အမှန်တရားဖြစ်မလာသလို၊ အမှန်တရားတစ်ရပ်ကို လူအများစုက အမှားပါဟု ပြောဆိုသတ်မှတ်ပေငြားလည်း မှားယွင်းမှုဖြစ်မသွားပေ။
မဟာအနန္တစကြ၀ဠာအတွင်း၌ ရှိရှိသမျှအရာအားလုံးသည် ပရမ်းပတာမဟုတ်ဘဲ သူတို့အတွက် သတ်မှတ် ထားသော သတ်မှတ်ချက်နှင့်အညီ လှုပ်ရှားနေကြောင်းကို ယနေ့သိပ္ပံပညာက အခိုင်အမာတွေ့ရှိထားပြီးဖြစ်သည်။ ယင်းတွေ့ရှိချက်က ဖန်ဆင်းရှင်တစ်ပါးရှိကြောင်းကို ခိုင်ခိုင်မာမာ ထောက်ခံလိုက်ခြင်းပင်ဖြစ်သည်။ အရာအားလုံး သည် သတ်မှတ်ချက်တစ်ရပ်ကို စနစ်တကျလိုက်နာနေခြင်းသည် ယင်းသတ်မှတ်ချက်ကို ပြဋ္ဌာန်းထားသူတစ်ဦးတစ် ယောက်ရှိနေခြင်းမှာ ထင်ရှားသိသာလှပေသည်။
အကယ်၍ ဖန်ဆင်းရှင်မရှိဘဲ ဤမဟာစကြ၀ဠာကြီးသည် သူ့သဘာဝအတိုင်း အလိုလိုဖြစ်ကာ၊ အလိုလို လှုပ်ရှားနေပြီး၊ အလိုလိုပြောင်းလဲပျက်စီး ကွယ်ပျောက်သွားမည်ဟု ယုံကြည်ထားသူတစ်ဦးတစ်ယောက်အနေနှင့် ယနေ့မဟာစကြ၀ဠာကြီး၏ အစီအစဉ်တကျ လှုပ်ရှားသွားလာနေမှုများအနက်မှ တစ်စုံတစ်ရာကို ပြုပြင်ပြောင်းလဲ ထိန်းချုပ်နိုင်ပါ၏လော။
(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၂၁) မှ (၃၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်