နမာဇ်(ခေါ်)ဆွလာသ် ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
နမာဇ်(ခေါ်)ဆွလာသ်
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်းတင်ပြခွင့် ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `နမာဇ်(ခေါ်)ဆွလာသ်´ ဖြစ်ပါတယ်။ လေးစား အပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ ရင် ဂျုမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ ဆူရာဟ်(၁၀၇) မှာ ဆွလာသ်တည်ဆောက်မှုနှင့် ယသိမ်နှင့် မိဆ်ကိးန် တွေရဲ့ ဘ၀ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်ပေးရမည်အကြောင်းပါရှိတာ တွှေ့ရပါတယ်။ အဲဒီ အဆ်ဆွလားသ်ရဲ့ ဇစ်မြစ်အက္ခရာစုမှာ ဆွ၊လ၊၀ ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ အဆ်ဆွလားသ် ရဲ့ စကားလုံးပုံစံအတိုင်းအကြိမ်းပေါင်း (၆၇) ကြိမ်ပါရှိပါတယ်။ အဆ်ဆွလားသ်ရဲ့ ဆင့်ပွားပုံစံ (Derivative) မုရှ်သီကာတွန်း အဖြစ် အကြိမ်ပေါင်း (၁၈၀) ပါရှိပါတယ်။
ဝေါဟာရအနက်အဓိပ္ပါယ်မှာ တိရစ္ဆာန် တစ်ကောင်ရဲ့အမြီးထွက်ရာတ၀ိုက်(တစ်နည်း)တင်ပါးကို ဆွလ်ဝါတွန်းလို့ခေါ်ပါတယ်။ မြင်းတွေတစ်ကောင်နှင့် တစ်ကောင်ပြေးရာမှာ ရှေ့ဆုံးမြင်းရဲ့တင်ပါးနှင့် ဒုတိယမြင်းရဲ့ နားရွက်ဟာ ထိကပ်လျက်ရှိပြီး ဒုတိယမြင်းဟာ မြင်းနှင့် အနီးကပ် ထပ်ကြမကွာလိုက်ပြီး ပြေးတာကို သုံးနှုန်းခဲ့တာဖြစ်ပါတယ်။
ကုရိုက်(ရှ်)အာရဗ်တွေရဲ့ နေ့စဉ်သုံးစကားမှာ ရှေ့ဆုံးကမြင်းကို ဆာဗီကွန် ရှေ့ဆုံးမှပြေးနေသူဟု ခေါ်ပြီး ဒုထိယမြင်းကို (ထက်ကြပ်မကွာ နောက်မှလိုက်လာသူ)ကို အလ်မွတ်ဆွလ္လီလို့ ခေါ်ပါတယ်။
အဲဒီ ဆွလ်လာ သူနောက်မှ ထပ်ကြပ်မကွာကပ်ပြီးလိုက်လာတဲ့ဆိုတဲ့ စကားဟာ အစ္စလာမ်သမိုင်း အာရဗီ စာသမိုင်းအနေအထားအရ ဆဗကူရစူလွလ္လာဟ် အလ္လာဟ်အအရှင်မြတ်ရဲ့ တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ရှေ့ဆုံးမှာ သွားခဲ့တယ်။ ၀ဆွလ္လီအဘူဘက္ကရ် အဘူဘက္ကရ်နောက်မှထပ်ကြပ်မကွာလိုက်သွားခဲ့တယ်။ ၀ဆလာဆအူမရ် အူမရ်ဖာရုခ် တတိယနေရာယူခဲ့တယ်။ ၀ဂျဗသွသ်နာဖိသ်နာ ရုံးရင်ဆန်ခပ်မှုဟာ ကျွန်ုပ်တို့ထဲမှာ ပေါ်ပေါက်ခဲ့တယ် လို့ အလီသခင်က ပြောဆိုခဲ့ကြောင်း သမိုင်းသင်ခန်းစာတွေထဲမှာ အထင်အရှားတွေ့ရှိရပါတယ်။ တာဂ်ျအဘိဓါန်အရ သိရပါတယ်။
ဆ၊ဘ၊က ဆိုတာသူရှေ့ဆုံးမှ ပြေးခဲတယ်။ အိဆ်ဆဘကဆိုတာ သူအပြိုင်အဆိုင်ပြေးခဲ့တယ်။ ကုရ်အာန် ဆူရာဟ်(၅) အာယသ် (၄၈)မှာ ဖဆ်သဘိကူလ် ခိုင်ရားသ် ဒါကြောင့်အသင်တို့ ကောင်းကျိုးကောင်းရာတွေကို သူ့ထက်ငါသာအောင်လုပ်ရမည်။ (တစ်နည်း) အဆိုးတစ်စုံတစ်ရာ မဖြစ်ရလေအောင် လူတွေရဲ့အကျိုးဆုတ်ယုတ် စေမဲ့ လုပ်ရပ်ကို ရှောင်ကြဉ်ပြီး ဖွင့်ဖြိုးတိုးတက်အောင်လုပ်ရမည်။
ဆိုလိုတာက လူ့ဗီဇအရင်းအမြစ်ကောင်းအောင်လုပ်ရမည့်လုပ်ရပ်တွေကို အသင်တို့သူ့ထက်ငါသာအောင် အပြိုင်အဆိုင်လုပ်ရမည်။ ဒါကြောင့် မတ်စ်ဂျိဒ် လီကျောင်းတော်ဆိုတာ လူသားအားလုံးအတွက် ကောင်းကျိုးချမ်း သာဖြစ်စေမည့် လုပ်ရပ်ကို စုစည်းစုရုံးပြီး အကောင်အထည်ဖော်ဆောင်တဲ့နေရာ၊ အမိန့်အတိုင်းထပ်ကြပ်မကွာ ရိုကျိုးလိုက်နာရမည့်နေရာ၊ စုပေါင်းတည်ဆောက် ရိုင်းပင်းကူညီရမည့် နေရာဖြစ်ပါတယ်။
အီမာမ်ရာဂိဘ် က ကုရ်အာန်ဆူရာဟ် ၇၄ အာယသ် ၄၃ အရ ဘာပြောခဲ့လည်ဆိုရင် လမ်နကူမိနလ် မွဆ်ဆွလိးန်။ ဒီအာယသ်တော်ကို အများဘာသာပြန်အရပြောရရင် `ကျွန်ုပ်တို့သည် ဆွလာသ်ဝတ်ပြုသူတို့တွင် ပါဝင်ခဲ့ကြသည်မဟုတ်ပေ။´
ဆိုလိုတာက ကျွန်ုပ်တို့ဆွလာသ်တည်ဆောက်သူတို့ထဲမှာ ပါဝင်ခဲ့တာမဟုတ် (တစ်နည်း) ကျွန်ုပ်တို့ တမန် တော်မြတ်တို့ရဲ့ နောက်ကို ထပ်ကြမကွာလိုက်နာခဲ့တဲ့ သူတို့အထဲမှာ ပါဝင်ခဲ့တာမဟုတ်ဘူးလို့ပြောခဲ့တယ်။
ဆွလားသ်တည်ဆောက်ခဲ့တယ်ဆိုတာ အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေသအတိုင်း ထပ်ကြပ်မကွာလိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒီလိုထပ်ကြပ်မကွာလိုက်နာခြင်းဟာ ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုအထိတော့မဟုတ်ဘူးနော်၊ အသက်အရွယ်ကြီးမှ အမျိုးသားတွေပဲသက်သက်လုပ်ရမှာမဟုတ်ဘဲ၊ အရွယ် ရောက်တဲ့အမျိုးသား အမျိုးသမီးအားလုံး၊ ဘ၀ရဲ့စ၊ အလယ်၊ ဆုံး ဘ၀တစ်လျှောက်လုံး အလ္လာဟ်အရှင်မြတ်ရဲ့ သတ်မှတ်ပြဌားန်းချက်ကို လိုက်နာကျင့်သုံးခြင်းဟာ ဒီးန် စနစ်ဇယားကို ယုံကြည်လိုက်နာခြင်းဖြစ်တယ်။ ဆွလာသ် စနစ်ကိုတည်ဆောက်မှသာလျှင် ဒီးန် စနစ်ဇယားကို တည်ဆောက်အကောင်အထည်ဖော်ရာ ရောက်မည်။
အဲဒီတော့ ဒီးန်စနစ်ဇယားကို တည်ဆောက်အကောင်အထည်ဖော်မှုမှာ ကျွန်ုပ်တို့ နှုတ်ကျိုးနေတဲ့ နမားဇ်(ခေါ်)ဆွလားသ်ကို ဖါရ်စီ ပါရှန်းဘာသာစကားအရ နမာဇ် ဖတ်တာ၊ ဟိန္ဒိဘာသာစကားအရ ပူဂျာပါသ် လုပ်တာ၊ မြန်မာဘာသာစကားအရ ဘုရားရှိခိုးတာ၊ အင်္ဂလိပ်ဘာသာစကားအရ ၀ါရှိပင်န် လုပ်တယ်လို့ ပြောနေကြတယ်။
ဒါပေမယ့် ဒီဘာသာစကား(၄)မျိုးအရ ရုပ်ပိုင်းဆိုင်ရာ၊ အချိန်ပိုင်းဆိုင်ရာ၊ (form) ပိုင်းဆိုင်ရာ လက်တွေ့သရုပ်ဖော် ဆွလားသ်တည်ဆောက်မှုရဲ့ အဓိပ္ပာယ်ကို ဘာသာပြန်ဆိုမှုအရ ကွဲပြားနေမှာဖြစ်တယ်။ အဲဒီတော့ ဖတ်တာပဲ ပြောပြော ၀တ်ပြုတာပဲ ပြောပြော တည်ဆောက်တာပဲ ပြောပြော ဖါရ်စီ စကားလုံးရဲ့အခေါ် အဝေါ်အရ၊ နမားဇ်ဟာ အထက်ပါဆွလားသ်တည်ဆောက်မှု စနစ်ဇယားရဲ့အစိတ်အပိုင်းတစ်ခု(တစ်နည်း) ပတ်ဝန်းကျင်မှာရှိတဲ့ လူသားမျိုးနွယ်တွေရဲ့ လိုအပ်ချက်တွေကို ဆွေးနွေးတိုင်ပင်ပြီး ဖြည့်ဆည်းပေးဖို့အတွက် နမားဇ်ဟာ တံခါးပေါက်ကိုဝင်ရောက်ခြင်းဖြစ်တယ်လို့ မွဖ်သီဆရာဦးစန်းအောင် မိုဟမ္မဒ်ကာဆင်က ဥပမာပေးပြီး ထပ်ခါတလဲလဲ ရှင်းပြခဲ့တာဖြစ်တယ်။
အဲဒီတော့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်က ရယက ရုံးဟာ တစ်ရက်မှာ တစ်ချိန်ဘဲဖွင့်တယ်။ လူသားမျိုးနွယ်တွေ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မစ်ဂျိဒ် ဗလီကျောင်းတော်တွေဟာ တစ်ရက်မှာ (၅)ချိန်ဖွင့်တယ်။ တမန်တော်ရဲ့ မစ်ဂျိဒ် နဗ၀ီဟာ(၂၄)နာရီဖွင့်ခဲ့တယ်။ အခုတော့ အဲဒီစနစ်မရှိတော့ဘူး၊ ဇေယာရသ်လုပ်ရန်နှင့် နမားဇ်ဖတ်ရန် ပုံဖော်ခြင်းခံလိုက်ရတယ်မဟုတ်လား။
လေးစားအပ်ပါသော မွတ်စလင်မ် အမျိုးသား အမျိုးသမီးများခင်ဗျား ကုရ်အာန် (၄း၁၀၃)မှာ အလ္လာဟ်အရှင်မြတ်က
ဧကန်အမှန် ဆွလားသ်တည်ဆောက်မှုဟာ မွတ်စလင်မ်တွေ အပေါ်မှာ အချိန်ကာလပိုင်းခြားပြီးသတ်မှတ် ပြဌာန်းထားတဲ့ တာဝန်တစ်ရပ်ဖြစ်တယ်။ (တစ်နည်း) ဆွလားသ် အစုအဝေးဟာ အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေ အပေါ်မှာ အချိန်ကာလပိုင်းခြားသတ်မှတ်ပြီး ဆောင်ရွက်ဖို့အတွက် ဆွလားသ်အစုအဝေးမှာ ပါဝင်ဖို့ အတွက် မုအ်မင်န်တွေ ပေါ်မှာတာဝန်ရှိတယ်။
အလ္လာဟ်က ဘာကြောင့်လက်တွေ့သရုပ်ဖော် ဆွလားသ်ရဲ့ Form အချိန်ကာလကို မသတ်မှတ်ပေးတာနှင့် ပတ်သက်ပြီး စောဒကတက်ကြတယ်။ လူအချို့က နားလည်မှုလွဲမှားတယ်။ လူအချို့က ဘာပြောကြလဲဆိုရင် လုပ်စရာမလိုအပ်လို့ ဒါမှမဟုတ် နာအူဇုဘိလ္လာဟ် အလ္လာဟ်မေ့သွားလို့ မသတ်မှတ်ခဲ့တာဖြစ် မည်တဲ့။ ဒါဆိုရင် အလ္လာဟ်က ဇကားသ် ကို ဘယ်လောက်ပေးရမည်ဆိုပြီး အသေးစိတ်သတ်မှတ်မပေးထားလို့ ဇကားသ် ပေးစရာမလိုဘူးလို့ ပြောချင်တာလား၊ နောက်ပြီးတော့ လူအချို့က ကျွန်ုပ်တို့ကို အလ္လာဟ်က အငတ်မနေခိုင်ဘူးဆိုပြီး ဆွီယာမ် ဥပုသ်မစောင့်ထိန်းသော အုပ်စုတစ်စုပ်ါနေတာ ကြားရပါတယ်။
သမိုင်းကြောင်းအရပြောရရင် တချိန်တုန်းက အီရန်က ဖါရ်စီဘာသာစာပေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလာဒေရှ့်၊ မြန်မာနိုင်ငံက မွတ်စ္စလင်မ်လောကမှာ ဖါရ်စီစာပေ ဖါရ်စီ ကဗျာလွှမ်းမိုးခဲ့တယ်။ အဲဒီအချိန်ကနေ ဆွလားသ်ကို နမားဇ်၊ ဆွီယာမ်ကို ရိုဇာ၊ အဲဒီကနေတဆင့် အူရ်ဒူစာပေလည်း အလားတူဖြစ်တယ်။
အာရဗီဇေယာရသ်က တစ်ဦးတစ်ယောက်ဆီကိုအလည်အပတ်သွားတာ အူရ်ဒူဇေယာရသ်က သင်ချိုင်း ကဗရစ္စတန်ကို သွားတာ အာရဗီဒါအ်ဝသ်က အစ္စလာမ်ဘက်ကိုဖိတ်ခေါ်တာ အုရ်ဒူဒါအ်ဝသ်က စားဖို့သောက်ဖို့ ဖိတ်ခေါ်တာ၊ အဓိပ္ပါယ်မတူဘူးခင်ဗျ။
အဲဒီတော့ Form ပိုင်းဆိုင်ရာ သရုပ်ဖော် ဆွလားသ်၊ ဇကားသ်နှင့် ဆွီယာမ်ကို စောဒကတက်နေကြတဲ့ လူတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အာယသ်တစ်ခုကို တင်ပြမယ်။ ကုရ်အာန် (၄၉း၁၆)မှာ အလ္လာဟ်အရှင်မြတ်က
အို. . . တမန်တော် သင်လူတွေကိုပြောလိုက် အသိပေးကြေငြာလိုက်ပါ၊ အသင်တို့ လူ့ဘ၀တည်ဆောက် မှု ဒီးန် စနစ်ဇယားနှင့် ပတ်သက်ပြီး သင်တို့ အလ္လာဟ်အရှင်မြတ်ကို အသိပညာတွေ သင်ပေးမလို့လား. . . ဆိုပြီးမေးမြန်ထားတယ်။ လူတွေအလ္လာဟ်ကို ကျူရှင်ပေးနေတယ်လို့ မုဖ်သီ ဆရာဦးမြတ်သူက ပြောခဲ့တယ်။
အဲဒီတော့ ဆွလားသ်အစုအဝေးရဲ့ အချိန်ကို ကုရ်အာန်မှာ အသေးစိတ်သတ်မှတ်ပိုင်ခြားပေးထားမယ်ဆို ရင် လူတွေအဲဒီအချိန်ကာလကို အပြောင်းအလဲလုပ်နိုင်မှာမဟုတ်ဘဲ အစဉ်အမြဲဖြစ်နေမှာဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်က ဘာကြောင့်အသေးစိတ်သတ်မှတ် မပေးတာလဲ၊ နေ့နဲ့ည၊ နေ၀င်နေထွက်၊ လောင်းဂျီတွဒ် လတ္တိတွဒ်၊ နွေ၊ မိုး၊ ဆောင် ရာသီဥတုနှင့် ပထ၀ီဝင် အနိမ့်အမြင့်စတဲ့ အနေအထားအမျိုးမျိုး မတူကွဲပြားမှုအတွက် ပုံသေကားချပ် ဆွလားသ်အစုအဝေးများတွက် အချိန်ပိုင်းခြားမှု မတူညီနိုင်ဘဲ ကွားခြား နေမည်မှာ သဘာဝပင်ဖြစ်တယ်။ ကုရ်အာန်ပြည့်စုံတယ်ဆိုတာ ဒါကိုပြောတာပါ။
ဥပမာအားဖြင့် သူ့ဒေသ သူ့ကာလနှင့် အဆင်ပြေဆုံး သတ်ဆိုင်ရာဒေသမှာ နေထိုင်ကြတဲ့လူတွေ သူတို့ရဲ့ နေနှင့်ည ဆွလားသ်အစုအဝေးအတွက် အချင်းချင်းအပြန်အလှန်ဆွေးနွေးတိုင်ပင် နှီးနှော်ပြီး လိုအပ်သလို အချိန်စာရင်း ရေးဆွဲယူနိုင်ရန် အလ္လာဟ်အရှင်မြတ်က ဒီကိစ္စအတွက် ကုရ်အာန်မှာအသေးစိတ်ပုံသေကားချပ် သတ်မှတ်ပိုင်းခြားပြီး မပေးတာဖြစ်တယ်။
ယုတ်စွအဆုံးပြောရရင် အစ္စလာမ်ခေတ်ဦးက ရှိခဲ့တဲ့ အူလိလ်အာမရ် ကုရ်အာန်နည်းကျ အုပ်ချုပ်ရေးစနစ်ဟာ မွတ်စလင်မ်တွေရဲ့ ဗဟိုဦးတည်ရာဖြစ်တယ်။ မက္ကာဟ်မြို့မှာ (တစ်နည်း) ဆောဒီအာရဗျနိုင်ငံမှာ ကုရ်အာန်နည်းကျ အာဏာပိုင်အဖွဲ့အစည်းက အကယ်လို့ ဆွလားသ်အစုအဝေးကို တစ်နေ့ (၄)ချိန်၊ ဒါမှမဟုတ် (၃)ချိန် တည်ဆောက်မယ်လို့ သတ်မှတ်ရင် မွတ်စလင်မ်တွေ အားလုံးလက်ခံရမှာဖြစ် တယ်။ အခုတော့ အူလိလ်အာမရ် ကုရ်အာန်နည်းကျအုပ်ချုပ်မှုစနစ်ဟာ ကမ္ဘာဘယ်နေရာမှာမှ မရှိတော့ဘူး။
အဲဒီလိုအကြိမ်ပိုင်းဆိုင်ရာ လက်တွေ့သရုပ်ဖော် ဆွလားသ်တည်ဆောက်မှုကို ပြီးဆုံးတယ်ဆိုပြီး ဘောင်ကန့်သတ်မှတ်ထားတာမဟုတ်ဘူးနော်။ ဆွလားသ်တည်ဆောက်မှုစနစ်ဟာ လူ့ဘ၀တစ်လျှောက်လုံးကို လွှမ်းခြုံထားတာဖြစ်တယ်။ ကျွန်ုပ်တို့က ဖါရ်စီစကားအရ နှုတ်ကျိုးနေသော နမားဇ်ကို ဖတ်ရွတ်ပြီးတာနဲ့ ဆွလားသ် တည်ဆောက်မှုဆိုင်ရာတာဝန်ကနေ လုံးဝလွတ်ကင်းတယ်လို့ ယူဆမှုဟာ မှားယွင်းမှုသာဖြစ်တယ်။ ဆွလားသ်ရဲ့ တာဝန်ပိုင်ဆိုင် အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ နားလည်သဘောပေါက်ရမှာဖြစ်တယ်။
အဲဒီတော့ ဆွလားသ်တည်ဆောက်မှုရဲ့တာဝန် ဘယ်တော့ပြီးဆုံးမှာလဲ။ အလ္လာဟ်အရှင်မြတ် ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာကျင့်သုံးရင်နဲ့ အသက်ရှုရပ်သွားမှသာ ပြီးဆုံးမှာ ဖြစ်တယ်။ ကုရ်အာန် ဆူရာဟ် ၂ အာယသ် ၃၂ မှာ တမန်တော်မြတ်အိဗ်ရာဟီးမ်က သူ့ရဲ့သား၊မြေးတွေကို ဘာပြောခဲ့လည်း ဆိုရင်
`အသင်တို့ အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌားန်ထားတဲ့ အမိန့်တော်ကို နာခံရိုးကျိုးလိုက်နာသူ မွတ်စလင်မ် အဖြစ်နှင့်သာ ဘ၀နိဂုံးချုပ် ရမည်´. . . လို့ ပြောခဲ့ပါတယ်။
ဒီနေ့ ကျွန်တော်တို့ မွတ်စလင်မ်အများစုက မသိနားမလည်းဘဲ ဖတ်တဲ့နမားဇ်ဟာ အစဉ်အလာအရ ဖတ်ရွတ်ပြီးတော့ တာဝန်ကျေပြီးလို့ယုံကြည်နေကြတယ်။ ဒီလိုယုံကြည်ကြတဲ့သူတွေက ငါတို့ဝတ်ပြုတဲ့ နမားဇ်ဟာ ဟဒီးစ် အရဖတ်တယ်လို့ပြောနေကြတယ်။
အဲဒီလို့သူတို့က ဟဒီးစ်အရဖတ်ရွက်နေကြတဲ့ နမားဇ်ထဲမှာ ဖတ်ရွတ်တဲ့ဆူရာဟ် ဖှာတေဟာနှင့် အခြားအခြား ဆူရာဟ်တွေ သူတို့ပြောနေတဲ့ ဟဒီးစ်ထဲကဖတ်တာလား။ ဒါမှမဟုတ် ကုရ်အာန်ထဲကဖတ်နေတာ မဟုတ်ဘူးလား။ နောက်ပြီးတော့ သံတော်ဆင့် မုအ်ဇင်က ဟိုင်ယာအလာဆွလားသ် လို့ ဆွလားသ်တည်ဆောက် ဖို့ဖိတ်ခေါ်တာ။ ဟိုင်ယာအလာနမားဇ် လို့ ဖိတ်ခေါ်နေတာမဟုတ်ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့က န၀ိုင်သူအန် အုဆွလ်လိး လို့ နီယသ်ချီတာ န၀ိုင်သူအန် နမားဇ်လို့ နီယသ်ချီတာမဟုတ်ဘူး။ အဲဒီတော့ ဖါရ်စီ စကား အရရိုဇာဆိုတာ ရရင်ရိုဇီ မရရင် အငတ်နေခြင်းဖြစ်တယ်တဲ့။ ဒါကြောင့် ရှကလ် Form ပိုင်ဆိုင်ရာလက်တွေ့ သရုပ်ဖော် ဆွလားသ်တည်ဆောက်စရာမလိုဘူးလို့ ပြောနေကြတဲ့ လူတွေထဲမှာ လူတချို့က ကျွန်ုပ်တို့ကို အလ္လာဟ်ကရိုဇာထားပြီး အငတ်နေခိုင်နေတာမဟုတ်ဘူးဆိုပြီး ဆွီယာမ်တည်ဆောက်မှုကို ငြင်းပယ်နေတာတွေ့ရ ပါတယ်။
လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသား အမျိုးသမီးများခင်ဗျား
ဒီကနေ့ကျွန်ုပ်တို့မွတ်စလင်မ်အများစုက ကုရ်အာန်ပါဆွလားသ် တည်ဆောက်မှုကို အစဉ်အလာအရဖတ် တဲ့ လုပ်ရပ်နှင့်ပတ်သက်ပြီး (၂၀)ရာစု ကုရ်အာန်အတွေးခေါ်ရှင် ဒေါက်တာအိက်ဘားလ်က ကဗျာစပ်ဆိုရင်းနှင့် ဘာပြောခဲ့လဲဆိုရင်
အစဉ်အလာအရ အာဇာန်ဖိတ်ခေါ်မှုသာ ကျန်ရစ်ခဲ့ပြီး တမန်တော်မြတ်ရဲ့ သံတော်ဆင့် ဗီလာလ်သခင်ရဲ့ အသက်ဝိဥာဉ်မှာ လုပ်ရှားခဲ့တဲ့ ခံစားမှုမရှိတော့ဘူး။
ဆိုလိုတာက အစဉ်အလာအရနမားဇ်ဖတ်တယ်၊ အစဉ်အလာအရ ရိုဇာထားတယ်၊ အစဉ်အလာအရ ဇကားသ်ပေးတယ်၊ အစဉ်အလာအရ ဟဂ်ျလုပ်တယ်။ ဒီလိုမသိနားမလည်းဘဲ အသက်မပါဘဲ အစဉ်အလာအရဘဲ လုပ်တဲ့လုပ်ရပ်ကြောင့် ဘာအကျိုးရလဒ်မှ ပေါ်ထွန်းလာတာမတွေ့ရဘူး။ ဒါကြောင့် ကမ္ဘာ တ၀ှန်းမှာရှိတဲ့ မွတ်စလင်မ်တွေကို လေ့လာကြည့်လိုက်၊ အားလုံးဟာ ယဟူဒီနဲ့ နဆွရာနီ တွေရဲ့ နှားခေါင်းပေါက်နဲ့ အသက်ရှု နေတာတွေ့ရပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုအခြေအနေမှာ ရှိလဲဆိုရင် ကုရ်အာန် ဆူရာဟ် ၈၇ အာယသ် ၁၂ နှင့် ၁၃ မှာ
`အကြင်သူဟာ ကြီးကျယ်သောမီးထဲကိုဝင်ရောက်မည်၊ နောက်ပြီးတော့ အဲဒီလူဟာ ရှင်မှာလည်းမဟုတ် သေမှာလည်းမဟုတ်။ ´
ဆိုလိုတာက အခုကမ္ဘာတစ်ဝန်းမှာရှိတဲ့ မွတ်စလင်မ်တွေဟာ ကြီးကျယ်လောင်ကျွမ်းနေတဲ့ ဂျဟန္နမ် အနေအထားမှာ၊ ပြီးတော့သေလည်းမသေဘူး၊ ရှင်လည်းမရှင်ဘူး။ စကရာသ် အခြေအနေမှာဘဲ ရှိတယ် (တစ်နည်း) အပြစ်ဒဏ်က လွတ်ကင်းပြီးတော့ ရှင်သန်ဖွင့်ဖြိုးနေတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းကို မရောက်သေးဘူးလို့ ပြောရမယ်။
အဲဒီတော့ ကျွန်ုပ်တို့ထဲမှာဘဲ လူတချို့က လက်တွေ့သရုပ်ဖော် ဆွလားသ်အစုအဝေးမှာ မပါဝင်ဘဲ လက်တွေ့သရုပ်ဖော်ဆွလားသ် ၀တ်ပြုစရာမလိုဘူး၊ ဆိုပြီး ငြင်းပယ်ကြတဲ့လူတွေရဲ့ နောက်ကိုလိုက်နေတာတွေ့ရ ပါတယ်။ အဲဒီလိုလုပ်တာဟာ အုပ်စုကွဲအောင် လုပ်နေတာမဟုတ်ဘူးလား။
ကျွန်ုပ်တို့က အလ္လာဟ်ဟုအက်ဘရ် အလ္လာဟ်အရှင်မြတ် အကြီးကျယ်ဆုံး၊ အလ္လာဟ်ပြဌာန်းထားတဲ့ ဥပဒေ စည်းမျဉ်းတွေဟာ အကောင်းဆုံး၊အမွန်မြတ်ဆုံး၊ အတင့်တယ်ဆုံး၊ အလွယ်ကူဆုံးဆိုပြီး သက်သေထွက်ဆိုတာ တစ်မိန့်တစ်သံရဲ့အောက်မှာ လူတန်းစာမခွဲခြားဘဲ ပုခုံးချင်းယှဉ်ပြီး၊ တစ်စည်းတစ်လုံးတည်း စုရုံးပြီး၊ ဆွလားသ် တည်ဆောက်တာဟာ အုပ်စုကွဲအောင်လုပ်တာလား၊ ဒါမှမဟုတ်အလ္လာဟ်အမိန့်တော်ကို ဆန့်ကျင်ပြီး ရှရိက်လုပ် တာလား၊ စဉ်းစားကြည့်ပါအုန်။
လေးစာအပ်ပါသော မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးများခင်ဗျား
ကုရ်အာန်ဆူရာဟ်(၃း၁၀၃)မှာ အလ္လာဟ်က ဘာပြောထားလဲ?
အလ္လာဟ်က `အို. . .မုအ်မင်န်တို့ရဲ့ ဂျမာအာသ် အသင်တို့ကို အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသောကြိုးကို အသင်တို့အားလုံး စုပေါင်းပြီး တစ်စည်းတစ်လုံးတည်း ဆုပ်ကိုင်ထားကြ´ (တစ်နည်း) အလ္လာဟ်ချီးမြှင့်ထားတဲ့ ကုရ်အာန်ပါ လမ်းညွှန်ချက်ကို အသင်တို့အားလုံး စုပေါင်းပြီး တစ်စည်းတစ်လုံးတည်း လိုက်နာရမည်။ နာခံဘ၀တည်ဆောက်ရမည်။ ပြီးတော့ `အသင်တို့အချင်းချင်း အုပ်စုဂိုဏ်းဂဏာ မခွဲကြနှင့်´… လို့ပြော ထားတယ်မဟုတ်လား။
အလ္လာဟ်အရှင်မြတ်က အသင်တို့အချင်းချင်း အုပ်စုဂိုဏ်းဂဏမခွဲကြပါနှင့်လို့ တားမြစ်ထား ပါလျှက် နှင့် ကျွန်ုပ်တို့က အလ္လာဟ်ရဲ့အမိန့် ပြဌာန်းချက်တွေကို မလိုက်နာဘဲ အမိန့်တော်ကိုဖီဆန်မှု၊ ဥပဒေချိုးဖောက်မှုနှင့် ပြစ်ဒဏ်ပေးခြင်းခံရတာမဟုတ်လား။ လေ့လာကြည့်လိုက်၊ ဒီကနေ့ကမ္ဘာတစ်ဝန်းမှာ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရ တာ ဘယ်သူတွေလဲ၊ ကျွန်ုပ်တို့ မွတ်စလင်မ်တွေဘဲ မဟုတ်လား။ ကုရ်အာန် ဆူရာဟ် ၃၀ အာယသ် ၃၀ နှင့် ၃၁မှာ ဘာပြောထားလဲ။
အသင်တို့ အလ္လာဟ်တစ်ပါးထဲရဲ့ လမ်းညွှန်စနစ် ၀လာသကူနု မိနလ်မွရှ်ရေကီးန် `သက်ဝင် ယုံကြည်ပြီးနောက် အခြားလူတွေ၊ သက်ရှိသက်မဲ့တွေကို တွဲဖက်နှိုင်းယှဉ်သူ မွရှ်ရိက်တွေအနက်မှ မဖြစ်စေနဲ့´… လို့ ပြောထားတယ်။ ဘာဖြစ်လို့လဲ မိနလ်လဇီန ဖရကူး ဒီးနဟွန်မ် `အဲဒီလူတွေ သူတို့ဒီးန်စနစ်ဇယားကို အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်ခဲ့တယ်။´ ၀ကားနူရှီယအာ `ပြီးတော့သူတို့က ဂိုဏ်းဂဏပါတီတစ်ခု ဖွဲ့စည်းထူထောင် ခဲ့တယ်။´
ကွလ်လုဟိဇ်ဘင်န် ဗိမာလဒိုင်ဟင်မ် ဖရိဟူး `အဲဒီအုပ်စုဝင်တိုင်းဟာ သူတို့ရဲ့မူဝါဒလမ်းစဉ် မှန်ကန်တယ် ဆိုပြီး ဂုဏ်ယူကြတယ်။ အားရ၀မ်းသာဖြစ်နေကြတယ်။´
အဲဒီတော့ Form ပိုင်ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တစ်စုတစ်ဝေးတည် လက်တွေ့သရုပ်ဖော် ဆွလားသ်တည် ဆောက်ခြင်းဟာ အလ္လာဟ်နှင့် ရှရိက်လုပ်တာ မဟုတ်ပါ။ သီးခြားသီးခြား အုပ်စုကွဲအောင်လုပ်တာဟာ ရှရိက်လုပ်ရပ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒီကနေ့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျွန်ုပ်တို့မွတ်စလင်မ်တွေ ဘာကြောင့်အဖြစ်ဆိုးနှင့်ခံနေရတာလဲ၊ အဖြေက တော့ရှင်းတယ်။ အလ္လာဟ်ရဲ့ အမိန့်တော်တွေကို တမန်တော်မြတ်က လက်တွေ့လိုက်နာကျင့်သုံး တည်ဆောက်ပြ သခဲ့သော တစ်မိန့်တစ်သံရဲ့ အောက်မှာ၊ တစ်စည်းတစ်လုံးတည်သော အွမ္မသ်၊ အွမ္မသွန်ဝါဟိဒါ ကိုဆန့်ကျင်ပြီး အုပ်စုအမျိုးမျိုး၊ ဂိုဏ်းဂဏအမျိုးမျိုးရဲ့ လူပုဂ္ဂိုလ်ဆရာသခင်တွေကို ကိုးကွယ်နေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဘယ်နှနှစ်က ဂျပန်လူမျိုးတစ်စုက အစ္စလာမ်ဘက်ကိုလက်ခံကူးပြောင်းချင်တယ်လို့ပြောတော့၊ မွတ်စလင်မ်တွေဘက်က ဟနဖီ၊ ရှာဖီ၊ ဟမ်ဘလီ၊ မာလီကီ စတဲ့ ဘယ်မဇ်ဟာဘ်ရဲ့ တံခါးပေါက်က၀င်မှာလဲလို့ မေးတော့၊ အစ္စလာမ်ဘက်ကို မကူးပြောင်းတော့ဘဲ ပြန်သွားးတယ်မဟုတ်လား။
အလားတူ ဒီ(၅၉)လမ်းက မတ်စ်ဂျိဒ်ကို အပတ်တိုင်း သောကြာနေ့ လူသစ်တွေလာပြီး လေ့လာကြတယ်၊ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အချို့ လုပ်ရပ်ကိုကြည့်ပြီး ပြန်မလာကြတော့ဘူး။ ကုရ်အာန်ဆူရာဟ် ၇၅ အာယသ် ၃၁နှင့်၃၂ မှာ အလ္လာဟ်ဘာပြောထားလဲ။
ဖလားဆွဒ်က ၀လာဆွလ္လာ။ ၀လာကင်န် ကဇ်ဇာဘ ၀သ်သ၀လာ။
`သူဟာအမှန်တရားကို မှန်ကန်ကြောင်း ယုံကြည်ထောက်ခံလိုက်နာတာမဟုတ်ပေ။ သူဟာအမှန်တရားကို မဟုတ်မမှန်ကြောင်း စွပ်ဆွဲငြင်းပယ်ပြီး မျက်နှာလွှဲခဲ့သူဖြစ်တယ်။´ ဒီအာယသ်တော်မှာပါတဲ့ ဆွဒ်ကာ ရဲ့ ဆန့်ကျင် ဘက် ကဇ်ဇာဘသ်ကို တွေ့ရပါတယ်။ ဆွလ္လာရဲ့ ဆန့်ကျင်ဘက် သ၀လာကို တွေု့ရပါတယ်။
အဲဒီတော့ ဆွဒ်ကာ သူမှန်ကန်ကြောင်းကို သက်သေထူပြခဲ့တယ်။ သူဟာအပြောနှင့် အလုပ်ကို တထပ်တည်း၊ တစ်သားတည်း ဖြစ်အောင်ပြုလုပ်ခဲ့တယ်။ ကျမ်းတော်မြတ်ကုရ်အာန်ဟာ အလ္လာဟ်ထံက ဖြစ်တယ်လို့ အမှန်ကန် လက်ခံယုံကြည်သူဖြစ်တယ်။ ကဇ်ဇာဘ သူဟာမဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့တယ်။ သူဟာအပြောနှင့် အလုပ်ကို ကွားခြားနေခြင်းဖြင့် မမှန်ကန်ကြောင်းထုတ်ဖော်ပြသခဲ့တယ်။ ကျမ်းတော်မြတ် ကုရ်အာန်ဟာ အလ္လာဟ်ထံက မဟုတ်ကြောင်းကို အသေအချာဆိုခဲ့သူဖြစ်တယ်။ ဆွလ္လာ သူဟာ အလ္လာဟ့်အမိန့် ပြဌာန်းချက်ကို မိမိတို့ရဲ့ နေ့စဉ်ဘ၀မှာ လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်။ သ၀လာ သူဟာနောက် ဖက်သို့ပြန်လှည့်သွားခဲ့တယ်။ သူဟာကျောခိုင်းထွက်ခွာသွားခဲ့တယ်။
တစ်နည်းပြောရရင် လူသားဟာ တည်ကြည်ဖြောင့်မတ်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရမည့်အစား အမိန့်တော်ကို မနားခံမလိုက်နာဘဲ၊ မျက်နာလွှဲ ကျောခိုင်းပြီးလွဲမှားတဲ့ လမ်းကြောင်းဘက်ကို လျှောက်လှမ်းနေတာ တွေ့ရပါတယ်။
အဲဒီတော့ လူသားကလွဲလို့ သက်ရှိအားလုံးဟာ မွေးရာပါ အသိဥာဏ် (instinct) အားဖြင့် ဘ၀တစ် လျှောက်လုံး ဘယ်လို အသက်ရှင်နေထိုင်ရမည်ကို သိရှိနေကြပြီး လုပ်စရာအားလုံးကို အဲဒီမွေးရာပါ အသိဥာဏ်ရဲ့ ညွှန်ကြားချက်အတိုင်း မပျက်မကွက် တစ်စိုက်မတ်မတ် လက်တွေ့နေထိုင်အသက်ရှင်နေတာတွေ့ရပါတယ်။ ဥပမာ ကြက်နှင့်ဘဲ၊ ကြက်ကရေကို ကြောက်တယ်၊ ရေထဲကိုမဆင်းဘူး၊ ဘဲကတော့ရေတွေ့တာနဲ့ ရေထဲကိုဆင်း တယ်။ ကျားနှင့်ဆိတ်၊ ကျားက ငတ်ပြက်နေရင်လဲ မြက်မစားဘူး၊ အသားဘဲစားတယ်၊ ဆိတ်ကအသားမစားဘူး၊ မြက်ဘဲစားတယ်။ အဲဒီတော့ လူတွေကလွဲပြီး သက်ရှိသတ္တ၀ါတွေ နှင့် ပတ်သက်ပြီး ကုရ်အာန် (၂၄း၄၁)မှာ အလ္လာဟ်ကဘာမေးထားလဲ၊
`ကမ္ဘာဂြိုလ်နှင့် အာကာသတစ်ခွင်လုံးမှာ ရှိရှိသမျှအရာအားလုံးဟာ အလ္လာဟ်အရှင် မြတ်က သူတို့ရဲ့သက်တန်းကာလအတွင်း သတ်မှက်ထားတဲ့ပြဌာန်းချက်အတိုင်း မခိုမကတ်၊ မပျက်မယွင်း၊ တိတိကျကျ တစိုက်မတ်မတ် တည်ဆောက်လျက်အသက်ရှင်နေတာကို အသင်လေ့လာစူးစမ်း သုသေတနမလုပ်ဘူးလား။´ လို့မေးထားပါတယ်။ ဒီအာယသ်တော်မှာ ဆက်ပြီးပြောထားတာက
`လူတွေနဲ့ အနီးဆုံး မိုးကောင်းကင်အာကာသထဲမှာ လှုပ်ရှားပျံသန်း ကူးခတ်သွားလာနေသောအရာ ဥပမာ ငှက်၊ သတ္တ၀ါတွေဟာ ထင်းရှားတဲ့ သက်ရှိတွေဖြစ်တယ်။ အဲဒီငှက်တွေဟာ ထောင်၊သောင်းမက ဝေးလျှံသော မိုးကောင်းကင်အာကာသ ခရီးမှာ အမှတ်အသားလမ်းညွှန်းချက် တစ်ခုတစ်လေမျှ လုံးဝမရှိဘဲ၊ အဲဒီငှက်တွေရဲ့ လိုရာပန်းတိုင်းကို မမှားမယွင်းဘဲပျံသန်းနေကြတာ အံ့သြဖွယ်ရာဖြစ်တယ်။´
`အဲဒီသက်ရှိတွေဟာ သူတို့ထက်ကြပ်မကွာ လက်တွေ့အသုံးချလိုက်နာနေရမည့် သဘာဝနိယာမ ဥပဒေတွေနဲ့ စဉ်ဆက်မပြတ်၊ မတိမ်မစောင်းဘဲ တိတိကျကျ သက်မှတ်ပေးထားတဲ့စနစ် ဆွလားသ်နှင့် သဆ်ဘိဟ် ကို ကောင်းမွန်စွာ သိရှိထားပြီးဖြစ်တယ်။ ´
အဲဒီတော့ လူကလွဲလို့ အခြားသက်ရှိတွေရဲ့ ဆွလားသ်တည်ဆောက်မှုစနစ် မတူတဲ့အကြောင်းကို တင်ပြ မယ်။ ဥပမာ-လူတွေထဲမှာ ယတိမ်တွေ မိဆ်ကီးန် တွေ အိမ်နီးနားချင်းနှင့် ဒုက္ခသယ်တွေကို ထောက်ပံ့ကူညီဖို့ ဥပဒေပြဌားန်ထားတယ်၊ တခြားသက်ရှိတွေမှာတော့ အချင်းချင်းအပြန်အလှန် ထောက်ပံ့ကူညီပေးနိုင်ခြင်း မရှိဘူး။
ဥပမာ လူတစ်ယောက် မကျန်းးမာလို့ မိမိရဲ့ မိသားစုကဘဲဖြစ်ဖြစ်၊ အိမ်နီးနားချင်းရွှေမျိုးသားချင်းကဘဲဖြစ် ဖြစ်၊ ဆေးဝါးကုသပြီးကျွေးမွေးဆောက်ရှောက်ကြတယ်။ တိရိစ္ဆာန်တစ်ကောင်မကျန်းမာလို့ တခြားတစ်ကောင်က ဆေးဝါးကုသပေးနိုင်တာမဟုတ်ပေ။ အေး. . .တစ်ခုတော့ရှိတယ်။ တိရိစ္ဆာန်တွေ အမျိုးတူတဲ့အုပ်စုတစ်စုက တစ်နေရာမှာထိုင်ပြီး ဒါမှမဟုတ် ငှက်သတ္တ၀ါတွေ သစ်ပင်ပေါ်မှာထိုင်ပြီး သူပြောငါပြော အပြန်အလှန်ပြောဆိုရင် နှင့်ပြီးဆုံးမှုဟာ သူတို့သိနေတဲ့ ဘ၀နေနည်း ဆွလားသ်ဖြစ်ပါတယ်…. လို့ တင်ပြရင်း ပထမခွတ္တဗာဟ်ကို ဒီမှာတင် ရပ်နားလိုက်ပါတယ်။