ပညာရေးအတွေးစများ (အပိုင်း-၄) ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
ပညာရေးအတွေးစများ (အပိုင်း-၄)
ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
ကျွန်တော့်အနေနဲ့ ပညာရေးအတွေးစများဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာရေးအကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ယခုဆို အပိုင်း(၄)ရှိပါပြီ။ ပြီးခဲ့တုန်းက ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ခု အောင်မြင်အောင် ထူထောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ပညာရေးရဲ့ ရည်ရွယ်ချက်များ၊ ပညာသင်ကြားခြင်းသည် စဉ်းစားတွေးခေါ်လာတတ်အောင် စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါ သည်။
ပညာသင်ယူခြင်း အခန်းကဏ္ဍတွင် သိမှုအတွက်သင်ယူခြင်း (Learning to know)၊ လုပ်ကိုင်နိုင်မှု အတွက်သင်ယူခြင်း (Learning to do)၊ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး (Learning to live together) ဆိုသည့် ကဏ္ဍကလည်း အရေးကြီးသည့် နေရာကလည်း ပါဝင်ပါသည်။ Learning to know သိမှုအတွက် သင်ယူ ခြင်းသည် အရာရာကို နားလည်ရန်၊ သိနားလည်ဖို့နှင့် ရှာဖွေလေ့လာတတ်ရန်အတွက်ဖြစ်သည်။ ဗဟုသုတ များလေလေ၊ ကျွန်ုပ်တို့ ပတ်ဝန်းကျင်၏ မတူညီသောအမြင် အမျိုးမျိုးကို ပို၍နားလည်လေလေ ဖြစ်ပါသည်။ သိမှု အတွက်သင်ယူခြင်းသည် စူးစမ်းလိုစိတ်များနှင့် စွမ်းရည်များကို တိုးတက်လာရန် ပြုလုပ်ပေးပါသည်။ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း တိုးတက်စေပါသည်။ လုပ်ကိုင်နိုင်မှုအတွက် သင်ယူခြင်း(Learning to do)သည် လုပ်ငန်းပိုင်းဆိုင်ရာ၊ လုပ်ကိုင်ဆောင်ရွက်မှုများ၌ တိကျသော လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန်၊ အချိန်အတိုင်း အတာတစ်ခုအထိ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။ အနာဂါတ်အတွက် လိုအပ်သော ကျွမ်းကျင်မှု၊ စွမ်းရည် များ ရရှိနိုင်ရန် ရည်ရွယ်ပါသည်။ ကျွမ်းကျင်မှုများကို လေ့ကျင့်ပေးခြင်းသည် လိုအပ်သည့် အသိပညာ၊ ဗဟုသုတ များကို မျှဝေပေးခြင်းတစ်မျိုးဖြစ်သည်။
အတူတကွ ယှဉ်တွဲနေထိုင်ခြင်းအတွက် သင်ယူခြင်း(Learning to live together)သည် လူသားအချင်း ချင်း၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်အတွက် သင်ယူခြင်းဖြစ်သည်။ ယင်းကိစ္စ တွင် လူမှုရေးဆိုင်ရာလုပ်ငန်းစဉ်များဖြစ်သော၊ ချို့တဲ့သောသူများကို ကူညီခြင်း၊ ပရဟိတလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များလည်း ပါဝင်ပါသည်။ လူသည် လူမှုရေးသတ္တ၀ါ(Social animal) ဖြစ်သော ကြောင့် လူလူချင်းတန်ဖိုးထားခြင်း၊ တစ်ဦးကိုတစ်ဦး စာနာနားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည် မှုတည်ဆောက်ခြင်း၊ တစ်ဦးယဉ်ကျေးမှုကို တစ်ဦးက လေးစားခြင်း၊ လူတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးများ ကို တန်ဖိုးထားခြင်း စသည့်အချက်များ ပါဝင်ပါသည်။
သင်ယူမှုအဆင့်တွင် ထိုအချက်များပါဝင်ရန်အတွက် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများတွင် ဂရုစိုက် ထည့်သွင်းပေးသင့်ပါသည်။ သို့ရာတွင် ၀မ်းနည်းစရာကောင်းသည်က လက်ရှိအစ္စလာမ်ဘာသာရေး အခြေခံစာ သင်ကျောင်းများမှ သင်ရိုးညွှန်းတမ်းများသည် အိန္ဒိယနိုင်ငံ မွဖ်သီချုပ် မော်လာနာမွဖ်သီ ကီဖာယွသွလ္လာဟ်၏ အူရ်ဒူဘာသာဖြင့် ရေးသားထားသည်များကို တိုက်ရိုက်ဘာသာပြန်၍ သင်ကြားနေခြင်းဖြစ်သည်။ ဤနေရာတွင် ဆရာကြီးအား မှားနေသည်ဟု ဆိုချင်သည်မဟုတ်။ ဆရာကြီးသည် မိမိ၏ပတ်ဝန်းကျင်၊ လူမျိုး၊ ယဉ်ကျေးမှုအသိုင်း အ၀ိုင်းနှင့်ကိုက်ညီအောင် ရေးဆွဲထားခြင်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံရှိ၊ မွတ်ဆလင်မ်တို့အတွက် တိုက်ရိုက်ပြန်ဆိုသင်ကြားခြင်းသည် မသင့်လျော်ပေ။ သင်ရိုးညွှန်းတမ်းဆိုသည်မှာ သင်ယူရမည့် ကျောင်းသားများ၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အစရှိသည်တို့ကို ထည့်သွင်းစဉ်းစား၍ ရေးဆွဲရသည် ဖြစ်ရာ၊ ဤအချက်ကို အပြုသဘောဆောင်၍ စဉ်းစားအဖြေရှာသင့်ပါသည်။
သင်ရိုးညွှန်းတမ်းနှင့် စာသင်သားများ မသင့်တော် မကိုက်ညီသောအခါ စာသင်သားအတွက် များစွာ အခက်အခဲရှိနိုင်ပါသည်။ ကျောင်းသားများ ပညာရေး အရည်အသွေးညံ့ဖျင်းကြသည်ဟု ကျောင်းသားများအပေါ် အပြစ်ပုံချကြတော့သည်။ ကျောင်းသားများ စာမကြိုးစားခြင်း၊ ဥာဏ်ရည်မမီခြင်း၊ ဆိုးသွမ်းခြင်းကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ အမှန်စင်စစ်၌ ထိုသို့မဟုတ်။ ပညာသင်ကြားရေးစနစ်တွင် ဆရာဆိုသူများ၏ အခန်းကဏ္ဍက အရေး ကြီးသည့်နေရာမှ ပါဝင်လာပါသည်။ ကျောင်းသားများ ညံ့ဖျင်းရခြင်းသည် ဆရာများအပေါ်၌ အပြည့်အ၀တာဝန်ရှိပါ သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသည်။
မာရီယာမွန်တက်ဆိုရီ (Maria Montessori)သည် အီတလီနိုင်ငံမှ ကျောင်းဆရာမတစ်ဦးဖြစ်သည်။ သူသည် ၁၈၉၄ ခုနှစ်တွင် ရောမတက္ကသိုလ်၌ ဆေးပညာဖြင့် ဘွဲ့ရခဲ့သည့် ဒေါက်တာတစ်ဦးဖြစ်သည်။ တက္ကသိုလ် စိတ်ရောဂါကု ဆေးခန်းတွင် ၀န်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ရာမှ ဥာဏ်ရည်ဖွံ့ဖြိုးမှုနည်းသည့် ကလေး များအား ပညာသင်ကြားပေးခြင်းကို စိတ်ဝင်စားလာခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် မွန်တက်ဆိုရီကို ရောမစိတ်ရောဂါကု ကျောင်းတွင် ကျောင်းအုပ်အဖြစ် ခန့်အပ်လိုက်သည်။ ထိုကျောင်းသည် ဥာဏ်ရည်မမီသည့် ကလေးများအား ကျောင်းအိပ်၊ ကျောင်းစားအဖြစ် လက်ခံကုသပေးသည့်ကျောင်း ဖြစ်သည်။
တစ်နေ့တွင် အီတလီနိုင်ငံ ရောမမြို့ စာသင်ကျောင်းတစ်ခုတွင် စာမေးပွဲတစ်ရပ် ကျင်းပပါသည်။ ထူးခြား သည်မှာ ဥာဏ်ရည်မမီသည့် ကျောင်းသားများနှင့် ပုံမှန်ကျောင်းသားများ အတူရောဖြေရပါသည်။ စာမေးပွဲဖြေချိန် စသည့်အခါ ဥာဏ်ရည်မမီသည့် ကျောင်းသားများသည် လျင်မြန်သွက်လက်စွာဖြင့် ဖြေဆိုနေကြသည်ကို ဆရာများ အားလုံးက အံ့သြစွာဖြင့် ကြည့်နေကြသည်။ ပို၍အံ့သြစရာကောင်းသည်မှာ စာမေးပွဲပြီးသည့်အခါ ရမှတ်ထွက်လာ သည့်အချိန်၌ ဥာဏ်ရည်မမီဟုဆိုသည့် ကလေးများနှင့် ပုံမှန်ကလေးများ ရမှတ်တူနေကြခြင်းဖြစ်သည်။ ထိုအခါမှ ဒေါက်တာ မွန်တက်ဆိုရီအား ဆရာများအားလုံးက ၀ိုင်းဝန်းချီးကျူးကြသည်။ ဒီလောက် ဥာဏ်ရည်မမီတဲ့ ကလေး တွေကို ဆရာမအနေနဲ့ ဘယ်လိုများလေ့ကျင့် သင်ကြားပေးခဲ့သလဲဟု မေးမြန်းရာ ဆရာမက `ကျွန်မအနေနဲ့ ထူးထူးခြားခြား ဘာမှမလုပ်ခဲ့ပါဘူး။ ကလေးတွေရဲ့ သဘာဝကို နားလည်အောင်ကြိုးစားပြီး သူတို့သဘာဝနဲ့ ကိုက်ညီတဲ့ ပညာရေးကို ရှာဖွေပေးခဲ့တာပါ။ ဒါပေမယ့် ကျွန်မအနေနဲ့ တစ်ခုလောက်မေးချင်ပါတယ်။ ဆရာတို့ အနေနဲ့ ဥာဏ်ရည်ဥာဏ်သွေး ပုံမှန်ပကတိကောင်းမွန်နေတဲ့ ကလေးတွေကို ဘယ်လိုညံ့ဖျင်းအောင် သင်ကြားပေး လိုက်တာလဲ။ ကျွန်မသိပါရစေ။´
ဤအကြောင်းအရာကို လေ့လာကြည့်လျှင် ကလေးများသည် မူလကညံ့ဖျင်းကြသည်မဟုတ်။ သူတို့အား တော်တည့်မှန်ကန်အောင် အကောင်းဆုံးသော သင်ကြားရေးနည်းလမ်းများကို အသုံးပြုသင်ကြားရမည်မှာ ဆရာ များအပေါ် တာဝန်ရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့ သင်ယူနေရသည့် သင်ရိုးညွှန်းတမ်းများသည် စာသင်သား များနှင့် ကိုက်ညီသလားဆိုသည်ကို ပြန်လည်ဆန်းစစ်ကြရပါမည်။ အဘယ်ကြောင့်ပါနည်း။ ယနေ့ မွတ်ဆလင်မ် လူငယ်များသည် အနာဂါတ်အတွက် ဦးဆောင်ဦးရွက်ပြုမည့် ပုဂ္ဂိုလ်များသာဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် (၂း၂၀၁)တွင် `မျက်မှောက် ပစ္စုပ္ပန်ကာလတွင်သာမက အနာဂါတ်ကလာတွင် ကောင်းကျိုးချမ်းသာများကို ပေး သနားတော်မူပါ။´ အနာဂါတ်ကို ဦးဆောင်ဦးရွက်ပြုမည့် မွတ်ဆလင်လူငယ်များသည် လုံလောက်သော အရည် အချင်းများ မပြည့်စုံလျှင် အနာဂါတ်ကို မည်ကဲ့သို့ ဦးဆောင်နိုင်ပါမည်နည်း။ ထို့ကြောင့် သင်ကြားပြသမည့် ဆရာ များနှင့် သင်ယူကြရမည့် သင်ရိုးညွှန်းတမ်းများ၏ အရေးကြီးပုံကို တင်ပြနေရခြင်းဖြစ်သည်။ ကျမ်းတော်မြတ်ကုရ် အာန် (၄၇း၁၉)တွင်လည်း
`သင်သည် အလ္လာဟ်မှအပ အားကိုးအားထား ပုံမှတ်အလျဉ်းဘာမှ မရှိကြောင်း သင်ယူဆည်းပူးပါ။´ ထို့ ကြောင့် ကျွန်တော်တို့ မွတ်ဆလင်မ်ထုအတွင်း ပညာရေးနှင့်ပတ်သက်လာလျှင် မည်သည့်အရာများကို လေ့လာ သင်ယူဆည်းပူးနေသနည်း။ ကျွန်ုပ်တို့ ဘာကို သင်ယူဆည်းပူးကြမည်နည်း။ ကျမ်းမြတ်ကုရ်အာန်က ကျွန်ုပ်တို့အား သောင်ဝ်ဟီးဒ်တည်းဟူသော အလ္လာဟ်အရှင်မြတ်၏ ပြီးပြည့်စုံသောစနစ်၊ ကျမ်းမြတ်ကုရ်အာန်၏ ပြဌာန်းချက်ကို သာလျှင် အားသွန်ခွန်စိုက် လေ့လာဆည်းပူးကြရန် ညွှန်ကြားထားပါသည်။ သို့ရာတွင် ယနေ့ကျွန်တော်တို့ အစ္စ လာမ်ဘာသာရေး စာသင်ကျောင်းများတွင် ကျမ်းတော်မြတ်ကုရ်အာန်ကို သိရှိနားလည်သဘောပေါက်ရေးထက် ကျောင်းတော်ကြီးဝါဒ School of thought ဟုခေါ်သည့် ဂိုဏ်းဂဏအသီးသီး၏ အယူဝါဒများကိုသာလျှင် လေ့ကျင့် သင်ကြားပေးနေသည်မှာ ၀မ်းနည်းဖွယ်ရာကောင်းလှပါသည်။ ကျောင်းတော်ကြီးများက ပို့ချသည့် ၀ါဒရေးရာ သဘောတရားများသည်သာလျှင် မွတ်စလင်မ်ထုအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပါတော့သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးစနစ်များအား ပြန်လည်လေ့လာဆန်းစစ်၍ ပြုပြင်စရာ ရှိသည်များကို ပြန်လည်ပြုပြင်သင့်ပါသည်။ ယခုအခါတွင်မူ မြန်မာပြည်တွင်သာမက ကမ္ဘာတွင်ပါ Changeဟူသော စကားလုံးသည် ရေပန်းစားလျှက်ရှိသည်။ မြန်မာပြည်တွင်မူ Time to Change ဟူ၍ ကြွေးကြော်နေကြသည်။ ကျွန်ုပ်တို့ မွတ်ဆလင်မ်ထုအတွက်မူ Time to Change the Islamic Education အစ္စလာမ့်ပညာရေးစနစ် ပြုပြင်ပြောင်း လဲဖို့ အချိန်တန်ပြီ ဟူ၍သာ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။