အစ္စလာမ့်ပညာရေးစနစ် ကုရ်အာန်သုတေသီ ဦးမြင့်အောင်
အစ္စလာမ့်ပညာရေးစနစ်
ကုရ်အာန်သုတေသီ ဦးမြင့်အောင်
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော်ယခုတင်ပြမယ့်ခေါင်းစဉ်ကတော့ `အစ္စလာမ့်ပညာရေးစနစ်´ဖြစ်ပါတယ်။ ကျွန်တော်ဒီခေါင်းစဉ် ကို တင်ပြရတဲ့အကြောင်းအရင်းကတော့ အချက်(၃)ချက်ရှိပါတယ်။
(၁) အလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားတဲ့ ပညာရှင်တွေထံမှာ ဘယ်လိုအရည်အသွေး၊ အရည်အချင်းတွေရှိရ မလဲဆိုတာ သိရှိနိုင်ကြရန်
(၂) လူသားအားလုံး(အထူးသဖြင့်) မုအ်မင်န်မွတ်ဆလင်မ်တွေ၊ မျိုးဆက်သစ်လူငယ်တွေအတွက် အသိပညာနှင့် တွေးခေါ်ဆင်ခြင်မှုဟာ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတဲ့နေရာမှာ အရေးပါအရာရောက်ပုံကို သိရှိနိုင်ကြရန်
(၃) မုအ်မင်န်တွေရဲ့အရည်အသွေး၊ အရည်အချင်းတွေကို အများမွတ်ဆလင်မ်တွေ သိရှိနိုင်ကြရန် တင်ပြလိုခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့ခင်ဗျား- ခေတ်ကာလအသီးသီးမှာ အသိပညာဟာ လူသားတစ်ဦးချင်း တစ်ဦးချင်းစီရဲ့ တွေးခေါ်မျှော်မြင်မှုမှ စတင်ခဲ့ခြင်းသာလျှင်ဖြစ်ပါတယ်။ အဲဒီလိုတွေးခေါ်မျှော်မြင် မှုမှ သိရှိလာတဲ့ အသိပညာရပ်တစ်ခုကို လူသားတစ်ဦး၊ လူ့အဖွဲ့အစည်းတစ်ရပ်ကို သိရှိနားလည်အောင် တင်ပြ၊ ပြောဆို၊ ရေးသားထားသောပညာရပ်ကို အသိပညာလို့ခေါ်ပါတယ်။ အဲဒီပညာရပ်ကို လူသားတစ်ယောက်ကိုဖြစ်စေ လူ့အဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ ကျွမ်းကျင်တတ်မြောက် နားလည်သဘောပေါက်အောင် သင်ကြားပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။
လူသားတိုင်းဟာ နား၊ မျက်စိတို့ကို အသုံးပြုပြီးတော့ အသိပညာရပ်တွေကို ရှာဖွေနိုင်သလို၊ မိမိတို့ကိုယ် ပိုင်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင် တွေးခေါ်မျှော်မြင်ပြီးတော့လည်း ရှာဖွေရရှိနိုင်ပါတယ်။ ဘယ်လိုပဲ အသိပညာရပ် တွေကို ရှာဖွေရရှိနိုင်ပေမယ့် မိမိတို့သိရှိထားတဲ့အသိပညာဟာ ခိုင်လုံတဲ့သက်သေ အထောက်အထား၊ ယုတ္တိဆန် တဲ့ ကျိုးကြောင်းဆီလျှော် စပ်ဟက်မှုမရှိဘူးဆိုရင်တော့ မည်သည့်အသိပညာရပ်ကိုမဆို မည်သူတစ်ဦးတစ် ယောက်ကမှ အခိုင်အမာ ယုံကြည်လက်ခံလာနိုင်မှာမဟုတ်ပါဘူး။ (တစ်နည်းအားဖြင့်) အသိပညာလို့လည်း သတ်မှတ်လို့မရပါဘူး။
ဘာကြောင့်လဲဆိုတော့ အကြောင်းအရာကိစ္စတစ်ခုကို သေသေချာချာ၊ ဂဃဏနမသိရှိဘဲ အသေစွဲကိုင် လိုက်နာကျင့်သုံးခြင်းမျိုးကို အစ္စလာမ်က လုံးဝခွင့်မပြုလို့ဘဲဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန် ဆူရာဟ်(၁၇) အာယတ် (၃၆)မှာ ယခုလိုဖော်ပြထားပါတယ်။
“ သင်ကိုယ်တိုင် ခိုင်ခိုင်လုံလုံ သိရှိနားလည်ခြင်းမရှိတဲ့ အကြောင်းအရာတစ်ခုကို အသေစွဲကိုင်မထားနှင့်။ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားတဲ့ အကြားစွမ်းရည်၊ အမြင်စွမ်းရည်၊ စဉ်းစားဆင်ခြင် တွေးခေါ်နိုင်တဲ့စွမ်းရည်တို့ကို အသုံးချပြီး ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာ သိရှိနားလည်လာတဲ့ `အသိ´ဖြစ်တာကို အစစ်ဆေးခံနိုင်ရမှာဖြစ်ပါ တယ် ” (၁၇း၃၆)
ဒါကြောင့် အလ္လာဟ်အရှင်မြတ်က လူသားတွေကို မိမိဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ အရာခပ်သိမ်းတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေကို သင်ယူဆည်းပူး လေ့လာနိုင်စွမ်းကို လူသားတွေရဲ့ (ဇာတိ၊ ဗီဇ) စွမ်းအားအရင်း အမြစ်အဖြစ် စိတ်နှလုံးထဲမှာ တွေးခေါ်နိုင်စွမ်း၊ သိရှိနိုင်စွမ်း၊ တတ်မြောက်နိုင်စွမ်း၊ ရှင်းလင်းဖော်ပြ၊ ပြောဆိုရေးသား၊ ဖြန့်ချိနိုင်စွမ်း စတဲ့ စွမ်းအားအရည်အသွေးတွေကို လူသားစတင်ဖြစ်ထွန်းပေါ်ပေါက်စေတဲ့ အချိန် ကနေစပြီးတော့ ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ကမ္ဘာဂြိုဟ်ကို အမွေဆက်ခံသူလူသားတွေဟာ အသိပညာရပ်တွေကို မှန်ကန်ခိုင်လုံတဲ့ အရှိတရားဖြစ်အောင် လေ့လာဆည်းပူးဖို့တာဝန်ရှိပါတယ်။ တစ်နည်းအား ဖြင့် လူသားတိုင်း လူသားတိုင်း (အထူးသဖြင့်) မုအ်မင်န်မွတ်ဆလင်မ်တိုင်း `အုလမာ´ပညာရှင်များဖြစ်အောင် လေ့လာဆည်းပူးသင်ယူကြဖို့ တာဝန်ရှိပါတယ်။
ပညာရည်ပြည့်ဝတဲ့ ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ဦးစွာပထမ စဉ်းစားတွေးခေါ်မှုဟာ အဓိက ပဓာန ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတစ်ယောက်ရဲ့ `အာမာလေဆွာလေဟ´ကောင်းမြတ်တဲ့၊ ဘက်မျှခြေ ရှိတဲ့၊ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတိုင်းဟာ တွေးခေါ်မျှော်မြင်တတ်မှသာ အမှန်တရားဘက်ကို ဦးတည်နိုင်မှာဖြစ် ပါတယ်။
ပညာဆည်းပူးရာမှာလည်း အတွေ့အကြုံ၊ လူနှင့်လူ့ပတ်ဝန်းကျင် သဘောသဘာဝတွေ၊ ဝေဖန်ပိုင်းခြား တွေးခေါ်မျှော်မြင်ခြင်းတွေကို အသုံးချခြင်းဟာ ပညာကို ဖြည့်တင်းပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် ပညာဟာ မိမိတို့သင်ယူပြီး တတ်သိထားတဲ့အသိပညာနဲ့သာ မလုံလောက်သေးဘဲ ဆက်လက်ပြီး အသိပညာတွေ တိုးပွားများပြားလာဖို့အတွက် စဉ်ဆက်မပျက် စဉ်းစားတွေးခေါ်နေဖို့လည်း လိုအပ်ပါတယ်။
အဲဒီအတွက်ကြောင့် အသိပညာရဲ့အစဟာ စဉ်းစားတွေးခေါ်မှုဖြစ်သလို အသိပညာရှာဖွေရင်းနဲ့လည်း စဉ်ဆက်မပျက် စဉ်းစားတွေးခေါ်နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စဉ်းစားရင်းနဲ့ပဲ အချိန်တွေမကုန်သွားဖို့ အရေးကြီးပါ တယ်။ ဒါကြောင့် စဉ်းစားရင်း အသိပညာများကိုရှာဖွေ၊ အသိပညာရှာဖွေရင်း မိမိနှင့် မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က စဉ်းစားတွေခေါ်မှုနဲ့ပတ်သက်ပြီးတော့ တမန်တော်မြတ်မှတဆင့် ယခုလိုလမ်းညွှန် ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၃၄) အာယတ်(၄၆)မှာ-
“ အသင်တမန်တော် ကြေငြာပြောကြား အသိပေးလိုက်ပါ။ ကျွန်ုပ် အသင်တို့အား အချက်တစ်ချက်တည်းကို တိုက်တွန်းပြောကြားရမယ်ဆိုရင် အသင်တို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းမှုစနစ်နှင့်ပတ်သက်ပြီး တစ်ဦးချင်း ဖြစ်စေ၊ နှစ်ဦးချင်းဖြစ်စေ၊ နိုးနိုးကြားကြား ကြိုးစားမှုအပြည့်နဲ့ စဉ်းစားတွေးခေါ်ဆင်ခြင်ကြပါ ” (၃၄း၄၆)
အလ္လာဟ်အရှင်မြတ်က စဉ်းစားတွေးခေါ်မှုအသိဉာဏ်ကို အသုံးမချတဲ့လူဟာ တိရစ္ဆာန်ထက် သေးသိမ်ညံ့ ဖျင်းသူ၊ လမ်းလွဲလမ်းမှားနေသူများ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ကုရ်အာန် ဆူရာဟ်(၇) အာယတ်(၁၇၉)မှာ ယခုလိုဖော်ပြထားပါတယ်။
“ စဉ်းစားတွေးခေါ်မှုအသိဉာဏ်ကို အသုံးမချသောသူများသည်သာလျှင် တိရစ္ဆာန်ထက် သေးသိမ်ညံ့ဖျင်းသူ၊ လမ်းလွဲလမ်းမှားသူများဖြစ်ပါတယ် ” လို့ဆိုထားပါတယ်။ ဒါကြောင့် လူသားတိုင်းလူသားတိုင်း (အထူးသဖြင့်) မုအ်မင်န်မွတ်ဆလင်မ်တိုင်းမှာ စဉ်းစားတွေးခေါ်မှုဟာ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး၊ အရည်အချင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
အဲဒီအတွက် မုအ်မင်န်မွတ်ဆလင်မ်တစ်ယောက်အနေနဲ့ စဉ်းစားတွေးခေါ်ခြင်းလို့ခေါ်တဲ့ (Philosophy) ဒဿနိကဗေဒပညာရပ်ကို တတ်သိနားလည်အောင် လေ့လာဆည်းပူးပြီးတော့ အတွေးအခေါ်ပညာရှင် (Philosopher) ဒဿနိကဗေဒပညာရှင်တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားကြဖို့လိုအပ်ပါတယ်။
တွေးခေါ်မျှော်မြင်မှုကို လက်တွေ့အကောင်အထည်ဖော်တော့မယ်ဆိုရင် အစွဲကင်းရပါမယ်။ ဘာကြောင့် လဲဆိုတော့ အစွဲရှိနေမယ်ဆိုရင် သူ့ရဲ့တွေးခေါ်မှုဟာ တစ်ဖက်စွန်း ရောက်သွားနိုင်ပါတယ်။ အဲဒီလိုအစွဲကင်းမှ လည်း သူ့ရဲ့တွေးခေါ်မျှော်မြင်မှုမှရရှိလာမယ့် အမှန်တရား၊ အသိပညာဟာ တိကျသေချာ မှန်ကန်ခိုင်လုံမှုအပြည့်ရှိ မှာဖြစ်ပါတယ်။ သိရှိလာတဲ့ အမှန်တရားအတွက်လည်း တွေ့ကြုံလာရမယ့်အခက်အခဲ၊ အကျပ်အတည်းများကို စွန့်လွှတ်စွန့်စား ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့သတ္တိ ရှိရမှာဖြစ်ပါတယ်။ အဲဒီလိုသိရှိလာတဲ့ မှန်ကန်သော အသိပညာရပ် တွေကို လူသားအားလုံး သိရှိနားလည်သဘောပေါက်အောင် လုံ့လ၀ိရိယ အားမာန်အပြည့်နဲ့ ကြိုးပမ်းအားထုတ်ရ မှာဖြစ်ပါတယ်။ အဲဒါမှ လူသားများအားလုံး လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာတွေ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်လူသားတိုင်းဟာ ပညာရပ်အသီးသီးကို စူးစမ်းတွေးခေါ် သုတေသနပြုလုပ်ပြီးတော့ ရေးသား၊ ပြောဆိုတင်ပြနိုင်စွမ်းကို အလ္လာဟ်အရှင်မြတ်က ပေးထားခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဇာတိ၊ အရှိကိုတော့ မည်သူ့ကိုမှ ဆင်ခြင်စဉ်းစားနိုင်စွမ်း မပေးထားပါဘူး။ အစ္စလာမ်က သတ်မှတ်ထားတဲ့ `အိလ္လင်မ်´ ပညာဆိုတာဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အချိန်ကာလတွေမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အကြောင်းအရာ ပြသနာရပ်တွေကို ဆင်ခြင်တုံတရားနှင့် အတွေ့အကြုံတွေကို ပေါင်းစပ်အခြေခံပြီး အမှားနှင့်အမှန်ကို ခွဲခြားသိမြင် နားလည်သဘောပေါက်လာအောင် စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်တဲ့ပညာရပ်တွေ၊ သဘာဝနိယာမလို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ် စီရင်ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ သက်ရှိ၊ သက်မဲ့တွေကို စူးစမ်းလေ့လာ ရှာဖွေသုတေသန ပြုနေတဲ့ ပညာရပ်တွေဟာ အစ္စလာမ်က သတ်မှတ်ထားတဲ့ `အိလ္လင်မ်´ပညာရပ်များဖြစ်ပါတယ်။
အဲဒီလို သက်ရှိ၊ သက်မဲ့တွေ စူးစမ်းလေ့လာ သုတေသနပြုခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ် အမှန်တကယ်တည်ရှိကြောင်း သက်သေလက္ခဏာတွေကို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုရှာဖွေဖော် ထုတ်ရင်းနဲ့လည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာဝပြောရေး၊ ထာဝရပြီးပြည့်စုံတဲ့ အောင်မြင်မှုပန်းတိုင်ကို ရရှိရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒါကြောင့် စားသောက်၊ နေထိုင်၊ ကာမဆိုင်ရာပြသနာရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် ဘာသာရေး ကျောင်းကြီး၊ ကျောင်းငယ်တွေမှာ ဖတ္တ၀ါနှင့် ဆရာသခင်ကြီးတွေရဲ့ အဆိုအမိန့်တွေကို သင်ကြားပေးနေခြင်းကို သာ အစ္စလာမ်က `အိလ္လင်မ်´ ပညာလို့ မသတ်မှတ်ထားပါဘူး။ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ဝေဖန် ပိုင်းခြားတတ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်မည့် မည်သည့်ပညာရပ်ကိုမဆို `အိလ္လင်မ်´ ပညာလို့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ယခုခေတ် နိုင်ငံတကာ ခေတ်မှီပညာရေးစနစ်ဟာလည်း အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားတတ်အောင်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် လမ်းကြောင်းပေးနေခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။
အဲဒီအပြင် မုအ်မင်န်မွတ်ဆလင်မ်အားလုံး တိကျမှန်ကန်ပြီး ပြီးပြည့်စုံတဲ့ သစ္စာတရားအဖြစ် အကြွင်းမဲ့၊ သံသယမဲ့၊ လက်ခံယုံကြည်ထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ဟာလည်း အသိပညာရပ်ဆိုင်ရာ အသိတရားများကို ပေးနေသော အထွဋ်အထိပ်အကျဆုံးကျမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ ကျမ်းတော် မြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့ ပညာရပ်ဆိုင်ရာ အသိတရားတွေကို ဦးစွာပထမ လေ့လာသုတေသနပြုဖို့ တာဝန်ရှိပါတယ်။ ကုရ်အာန် ဆူရာဟ်(၄၇) အာယတ်(၂၄)မှာ အလ္လာဟ်အရှင်မြတ်က ယခုလိုမေးခွန်းလေးမေးပြီး တော့ တိုက်တွန်းထားပါတယ်။
“ သို့ဖြစ်ပေရာ ကုရ်အာန်၌ပါရှိသော အကြောင်းအရာများကို အဘယ်ကြောင့် မစဉ်းစားမတွေးခေါ်၊ မစူးစမ်း မဆင်ခြင်ကြသနည်း။ (သို့မဟုတ်ပါက) ၎င်းတို့သည် မိမိတို့၏သတ်မှတ်ထားကြသော အယူဝါဒသော့ခလောက်များ ဖြင့် မိမိတို့၏နှလုံးသား အသိဉာဏ်များကို ပိတ်ထားကြကုန်လေသလော ” ဟု အလ္လာဟ်အရှင်မြတ်က မေးခွန်းမေး ထားပါတယ်။ (အဲဒီမေးခွန်းကို အဖြေပေးဖို့ မုအ်မင်န်မွတ်ဆလင်မ်တိုင်းမှာ တာဝန်ရှိပါတယ်)
အဲဒီလိုမျိုး အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နေရာတော်တော်များများမှာ စဉ်းစားတွေး ခေါ်ရန်၊ စူးစမ်းလေ့လာ သုတေသနပြုရန် တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရှိရပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာ တွေးခေါ်ဆင်ခြင်သုံးသပ်ခြင်း နည်းပညာကို အစဉ်အမြဲ တောက်ပြောင် ထက်မြက်စေခြင်းဟာ အလ္လာဟ်အရှင်မြတ် ရဲ့လမ်းညွှန်ပြသမှု ၀ဟီဟာ အဓိကနှင့် ပဓာနအကျဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။
အဲဒီအတွက်ကြောင့် စစ်မှန်တဲ့လမ်းညွှန်ချက်တွေ၊ တရားဥပဒေတွေ ရှင်သန်နေတဲ့ ခေတ်ကာလတိုင်းမှာ အသိပညာရှင်တွေ၊ သိပ္ပံစွမ်းအားရှင်တွေရဲ့ အတွေးအခေါ်တွေဟာ အမြဲပွင့်လင်းလာနေကြပါတယ်။ အဲဒီအပြင် လူသားကို ပြုစုပျိုးထောင်ရှင် အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတော်များနှင့် အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းသတ်မှတ်ထားတဲ့ သဘာဝနိယာမ အမှန်တရားတွေကို တိုးတက်အောင်မြင်တဲ့ အသိပညာနှင့် အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တဲ့နည်းပညာ များနဲ့ သုတေသနပြု ရှာဖွေဖော်ထုတ်လျက် ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့် လူသားတိုင်း (အထူးသဖြင့်) မုအ်မင်န်မွတ်ဆလင်မ်တိုင်း တွေးခေါ်စူးစမ်း ရှာဖွေသုတေသနပြုဖို့ အတွက် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ ပြဌာန်းလမ်းညွှန်ထားတဲ့ ပညာရပ်အချို့ကို လေ့လာတင် ပြရမယ်ဆိုရင် ကုရ်အာန် ဆူရာဟ်(၁၅) အာယတ်(၁၆)မှာ-
“ (အလိုသဘောက) ၎င်းအပြင် ဧကန်မလွဲ ငါအလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေကြီးနှင့် အထက်မိုးကောင်း ကင်ရှိ ဂြိုဟ်နက္ခတ်များကို ပြုလုပ်ဖြစ်ထွန်းပေါ်ပေါက်စေ၍ ယင်းကမ္ဘာမြေကြီးနှင့် အထက်မိုးကောင်းကင်ရှိ ဂြိုဟ်နက္ခတ်များကို ကြည့်ရှုလေ့လာ တွေးခေါ်စူးစမ်း ဆင်ခြင်သူတို့အတွက် မျက်စိပသာဒဖြစ်စေတော်မူခဲ့လေသည် ” ဒီအာယတ်တော်အရ အနန္တစကြာဝဠာနှင့် ကမ္ဘာဂြိုဟ် ပထ၀ီဝင်အကြောင်းကို လေ့လာဆည်းပူးရန် လမ်းညွှန်ထား ပါတယ်။ ကုရ်အာန် ဆူရာဟ်(၃) အာယတ်(၁၉၀)မှာ-
“ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အနန္တစကြ၀ဠာနှင့်ကမ္ဘာဂြိုဟ်ကို အဆင့်ဆင့်ဖြစ်ထွန်းပေါ်ပေါက်စေရာ ၌လည်းကောင်း၊ နေ့နှင့်ညအဆင့်ဆင့်ပြောင်းလဲမှု၌လည်းကောင်း တွေးခေါ်ဆင်ခြင်ဉာဏ်ရှိသူတို့အဖို့ အလ္လာဟ်အရှင် မြတ်တစ်ပါးတည်း အမှန်တကယ်တည်ရှိကြောင်း သက်သေလက္ခဏာများရှိ၏ ” ဒီအာယတ်တော်အရ အနန္တ စကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်၊ နေ့နှင့်ညပြောင်းလဲပုံတို့ကို လေ့လာဆည်းပူးရန် လမ်းညွှန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၈၈) အာယတ်(၁၈-၂၀)မှာ-
“ ထို့အပြင် ငါအလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ကို မည်ကဲ့သို့မြင့်စွင့်စေခြင်း ခံခဲ့ရသည်ကိုလည်း ကောင်း ” “ ထို့အပြင် ငါအလ္လာဟ်အရှင်မြတ်သည် တောင်များကို မည်ကဲ့သို့ စိုက်ထူထားခြင်းခံခဲ့ရသည်ကိုလည်း ကောင်း၊ ” “ ထို့အပြင် ကမ္ဘာဂြိုဟ်ကို စနစ်တကျပြုပြင်စီရင်ထားပုံနှင့် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်တွင် သက်ရှိများ မည်ကဲ့သို့ ပျံ့နှံ့နေထိုင်ကြပုံကိုလည်းကောင်း တွေးခေါ်ဆင်ခြင်၊ စူးစမ်းလေ့လာခြင်းမပြုကြလေသလော ” အဲဒီအာယတ်တွေအရ ခပ်သိမ်းကုန်သော သက်ရှိ၊ သက်မဲ့အရာအားလုံးကို အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်ဟာ ကမ္ဘာဂြိုဟ်ကို မည်ကဲ့သို့စနစ်တကျ ပြုပြင်စီရင်ထားပုံနှင့် သက်ရှိများမည်ကဲ့သို့ ပျံ့နှံ့နေ ထိုင်ကြကြောင်း လေ့လာရန် လမ်းညွှန်ထားခြင်းဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၁၃) အာယတ်(၃)မှာ-
“ ထိုမှတပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေကြီးကို တောတောင်၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများ ဖြင့် ခင်းကျင်းပြုလုပ်ထားတော်မူ၏။ ထို့အပြင် သစ်သီးဝလံအသီးသီးကို နှစ်မျိုးစီ ဖြစ်ထွန်းစေတော်မူခဲ့၏။ ထိုအရှင် မြတ်သည် ညဥ့်ဖြင့်နေ့ကို ဖုံးအုပ်ခဲ့တော်မူ၏။ ဧကန်မုချ ဤသည်တို့၌ စဉ်းစားဆင်ခြင်သူတို့အဖို့ အမှန်ပင် သက်သေ လက္ခဏာများရှိ၏ ” ဒီအာယတ်တော်အရ အလ္လာဟ်အရှင်မြတ်က တောင်တန်းကြီးငယ်များ၊ ပင်လယ်သမုဒ္ဒရာ များကို လေ့လာတဲ့ (ဘူမိဗေဒ၊ အဏ္ဏ၀ါဗေဒ)စတဲ့ပညာရပ်များနှင့် သစ်တော၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍများကိုပါ လေ့လာရန်အတွက် လမ်းညွှန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၃၅) အာယတ်(၂၇-၂၈)မှာ-
“ အသင် မသိမမြင်လေသလော။ ဧကန်မုချ ငါအလ္လာဟ်အရှင်မြတ်ဟာ မိုးကောင်းကင်မှရေကို ချပေးတော်မူ ခဲ့၏။ အဲဒီနောက် ရေဖြင့် အရောင်အသွေးအမျိုးမျိုး ကွဲပြားနေတဲ့ သစ်သီးဝလံများကို (ဖူးပွင့်သီး)စေခဲ့၏။ အဲဒီနည်း အတိုင်းပဲ တောင်များအတွင်းရှိ သတ္တုဒြပ်စင်များကို အနီရောင်ရှိတဲ့ သတ္တုဒြပ်စင်များ၊ အချို့ကို အမဲရောင်ရှိတဲ့ သတ္တုဒြပ်စင်များ စတဲ့ အရောင်အမျိုးမျိုး ကွဲပြားနေတာကို အသင်တို့ တွေးခေါ်စူးစမ်းလေ့လာခြင်း မပြုကြဘူးလား။ ” “ ထိုအပြင် လူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တ၀ါတို့တွင်လည်းကောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များတွင်လည်း ကောင်း၊ အရောင်အဆင်း အမျိုးကွဲပြားလျက်ရှိကြပါတယ်။ ထိုအသိပညာရပ်တွေကို အလ္လာဟ်အရှင်မြတ်ရဲ့ပြဌာန်း လမ်းညွှန်ချက်များကို နာခံဘ၀တည်ဆောက်သူ `အာလင်မ်´ပညာရှင်များသာလျှင် လေ့လာဆည်းပူး သုတေသနပြု ကြကုန်၏။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်ဟာ အရာရာကို နိုင်နှင်းလွှမ်းမိုးတော်မူပြီး ခွင့်လွှတ်ချမ်းသာပြုတော်မူသော အရှင်ဖြစ်တယ် ”
အဲဒီအာယတ်တော်တွေအရ အလ္လာဟ်အရှင်မြတ်က မိုးလေ၀သနှင့်ဇလဗေဒ၊ လယ်ယာစိုက်ပျိုးရေး၊ ရုက္ခ ဗေဒ၊ ဘူမိဗေဒ၊ ဓါတ်သတ္တုရှာဖွေရေး၊ ကျောက်မျက်ရတနာ၊ ဆေးပညာ၊ သတ္တဗေဒ၊ ခန္ဓာဗေဒ စတဲ့ပညာရပ်များ ကို လေ့လာဆည်းပူး သုတေသနပြုဖို့ လမ်းညွှန်ထားခြင်းပဲဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၅၆) အာယတ်(၅၈)မှာ
“ အသင်တို့ စူးစမ်းလေ့လာ၍ ပြောဆိုတင်ပြကြကုန်။ ကာလလရည်ကြည်တစ်စက်မှာ အဆင့်ဆင့်ဖြစ်လာ သော အကြောင်းတရား၊ အကြောင်းအရာနှင့်ပတ်သက်၍ —– ” ဒီအာယတ်တော်အရ အလ္လာဟ်အရှင်မြတ်က သန္ဓေသားဆင့်ကဲကြီးထွားပုံ (သန္ဓေသားဗေဒ)ကို လေ့လာဆည်းပူးရန် လမ်းညွှန်နေခြင်းဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၃၆) အာယတ်(၈၀)မှာ-
“ အလ္လာဟ်အရှင်မြတ်သည် စိမ်းစိုတဲ့သစ်ပင်မှ အသင်တို့အကျိုးအတွက် မီးကို ပြုလုပ်တော်မူခဲ့၏။ ယခုအသင်တို့ သစ်ပင်မှလောင်စာကို ရရှိနေကြသည် ” (ဆိုလိုတာက) အလ္လာဟ်အရှင်မြတ်ဟာ စိမ်းစိုနေတဲ့ သစ်ပင်က အစိမ်းရောင်ခြယ် Chlorophyll နှင့် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)၊ နေရောင်ခြည်ရဲ့ စွမ်းအင် Solar Energy တို့ကို အသုံးပြုပြီးတော့ Photosynthesis ဖိုတိုဆစ်တဆစ်နည်းနဲ့ မီးလောင်ခြင်းကို အားပေးတဲ့၊ မီးတောက်လောင်ဖို့ မရှိမဖြစ်လိုအပ်တဲ့၊ အောက်ဆီဂျင်(O2)ကို ထုတ်လွတ်ပေးနေခြင်းဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ လောင်စာအဖြစ်အသုံးပြုနေတဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့များကိုလည်း အစိမ်းရောင်အပင်များ ကနေ ရရှိတာဖြစ်ပါတယ်။ ဒီအာယတ်တော်အရ အလ္လာဟ်အရှင်မြတ်က မီးတောက်လောင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင် (O2)ဖြစ်ပေါ်လာပုံ၊ ရေနံ၊ သဘာဝဓါတ်ငွေ့ စတဲ့ တွင်းထွက်လောင်စာများကို စူးစမ်း ရှာဖွေလေ့လာ ဖော်ထုတ်သုံးစွဲနိုင်ရန် ကြိုးပမ်းအားထုတ်ရမှာဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၁၂) အာယတ် (၁၁၁)မှာ
“ မလွဲဧကန် ထိုတမန်တော်များနှင့် ရှေးလူဟောင်းတို့ရဲ့အကြောင်း အတ္ထုပတ္တိများထဲတွင် ဆင်ခြင်သိမြင်နား လည်သူတို့အဖို့ ကြီးမားလှစွာသော သင်ခန်းစာများရှိ၏ ” ဒီအာယတ်တော်အရ အလ္လာဟ်အရှင်မြတ်က တမန်တော်များနှင့် ရှေးလူဟောင်းတို့ရဲ့အကြောင်း အတ္ထုပ္ပတ္တိတွေကို ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ လမ်းညွှန် ပြဌာန်းချက်နှင့်အညီ ဆင်ခြင်သိမြင်နားလည် သဘောပေါက်အောင် ဆည်းပူးလေ့လာရမှာဖြစ်ပါတယ်။ ကျမ်းတော် မြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပြဌာန်းထားတဲ့ ပညာရပ်များနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေမယ့်ပညာရပ်များဟာ လူသားတိုင်း (အထူးသဖြင့်) မုအ်မင်န်မွတ်ဆလင်မ်တိုင်း လေ့လာသင်ယူရမယ့် ပညာရပ်တွေဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ယခင်က သိရှိထားတဲ့ မှားယွင်းတဲ့အသိတွေကို ဘေးဖယ်ထားလိုက်ကြပါတော့။ အလ္လာဟ်အရှင်မြတ်က ဘာတွေလမ်းညွှန်နေသလဲ။ တစ်နည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်က ဘာအသိ တရားတွေပေးနေသလဲဆိုတာသိရှိဖို့ အထူးပဲလိုအပ်လာပါပြီ။ အဲဒီလိုမှ မသိဘူးဆိုရင် ကျွန်တော်တို့မွတ်ဆလင်မ် ဆိုသူတွေ အလိမ်ခံရဖို့ ပြင်ထားကြ၊ အစော်ကားခံရဖို့ ပြင်ထားကြ။ ခက်တာက မွတ်ဆလင်မ်ဆိုသူတွေက မိမိတို့ ကိုယ်တိုင်လည်းမလေ့လာဘူး။ ပညာရှင်တစ်ဦးက ဆန်းသစ်တဲ့စူးစမ်းမှုတွေ၊ ယုတ္တိရှိတဲ့လေ့လာတွေ့ရှိချက်တွေကို တင်ပြအသိပေးလာမယ်ဆိုရင်တောင် ဘာသာရေးအယူဝါဒနဲ့ မကိုက်ညီဘူး။ ရှေးရိုးအစဉ်အလာတွေနဲ့ မကိုက်ညီ ဘူးဆိုပြီး အတင်းအဓမ္မနည်းတွေသုံးပြီး တိုက်ဖျက်ခဲ့ကြပါတယ်။ အဲဒီလို တင်ပြလာသူကိုတောင် တရားအသစ်ထွင် သူ၊ ဘာသာဖျက်လိုသူလို့ စွပ်စွဲကြပါသေးတယ်။
အနန္တစကြ၀ဠာကို လေ့လာခြင်းဟာ အလ္လာဟ်အရှင်မြတ်အမှန်တကယ်တည်ရှိကြောင်း သက်သေလက္ခ ဏာတော်တွေကို ရှာဖွေဖော်ထုတ်ရာရောက်ပါတယ်။
လူ့ပြည်၊ လူ့ရွာ၊ လူ့ကမ္ဘာမှာရှိတဲ့ သဘာဝလောက တစ်ခွင်တစ်ပြင်လုံးကို လေ့လာခြင်းဟာလည်း အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားတဲ့ နိယာမဥပဒေသတွေကို ဖော်ထုတ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ရာရောက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အလ္လာဟ်အရှင်မြတ်ဟာ စကြ၀ဠာနဲ့ကမ္ဘာဂြိုဟ်ကို မရှိရာ(Non-existence) အခြေ အနေမှ ဖြစ်တည်မှု (Existence) အခြေအနေသို့ ရောက်ရှိအောင် ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ (အပြင်) သဘာဝ လောက တစ်ခွင်တစ်ပြင်လုံးနဲ့ သက်ဆိုင်တဲ့နိယာမ၊ ဥပဒေသတွေကို ပြီးပြည့်စုံအောင် စီရင်၊ စီမံပေးထားတော်မူ သော `ရဗ္ဗိလ်အာလမီးန်´ ဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ဟာ လူသားအားလုံးရဲ့ ဖြစ်ထွန်းပေါ်ပေါက်ရေး၊ အသက်ရှင်နေထိုင်ရေး၊ အောင်မြင်ဖွံ့ဖြိုးတိုးတက်တဲ့ ဘ၀ပန်းတိုင်ကို ရောက်ရှိရေးအတွက် ပြုစုပျိုးထောင်ပေးကမ်း လမ်းညွှန်တော်မူသော အရှင်ဖြစ်ပါတယ်။ အဲဒီအတွက် အလ္လာဟ်အရှင်မြတ်ဟာ လူသားအားလုံးရဲ့ ကျေးဇူးမတင်ဘဲ မနေနိုင်လောက် အောင် ကျေးဇူးတင်ထိုက်တဲ့အရှင် ဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၁) အာယတ်(၁)မှာ-
“ အနန္တစကြ၀ဠာအပေါင်းကို ဘာမှမရှိသည့်အခြေအနေမှစ၍ ပြုစုပျိုးထောင်ဖြစ်တည် ပေါ်ပေါက်စေထား တော်မူတဲ့ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အတိုင်းအဆမရှိ ချီးမွမ်းထောပနာပြုမှုအစုစုကို ခံယူထိုက်တော်မူ ကြောင်း ခံစားသိမြင်ယုံကြည်ရပါ၏။ ” ဒါကြောင့် ကျွန်တော်တို့ထင်သလို ပါးစပ်ဖျားကနေ ချီးမွမ်းထောပနာပြု လိုက်ရုံလောက်နဲ့ ကျေးဇူးတင်ရာမရောက်ပါဘူး။
အလ္လာဟ်အရှင်မြတ်နဲ့ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းညွှန် (ကုရ်အာန်)ကို ယုံကြည်သူ(မွတ်ဆလင်မ်)တွေ ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ `နေဇွာမွန်း ရဗ္ဗူဗီးယာဟ်´ပြုစုပျိုးထောင်မှုစနစ်ကို မိမိတို့ လူသားအတိုင်းအတာ အတွင်းကနေပြီးတော့ ကုရ်အာန်နှင့်အညီ ပြုစုပျိုးထောင်သူလေးများ ဖြစ်ကြရမှာဖြစ်ပါတယ်။ အဲဒီလို မိမိတို့ကိုယ် တိုင် ပြုစုပျိုးထောင်သူဖြစ်မှ အလုပ်နဲ့သက်သေပြရာ ရောက်မှာဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၃) အာယတ်(၇၈) မှာ-
“ အသင်တို့လည်း ပြုစုပျိုးထောင်သူများ ဖြစ်ကြကုန်။ ကုရ်အာန်တွင် အသင်တို့ သင်ယူဆည်းပူးပြီး ပြန်လည်ပို့ချနေတဲ့ နည်းနာဥပဒေသများနှင့်အညီ လူ့လောက၊ လူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက် လမ်းပြသူများ ဖြစ်ကြရမည် ” ဒါကြောင့် မွတ်ဆလင်မ်တစ်ဦးအနေနဲ့ မိမိနေထိုင်တဲ့ ကမ္ဘာလောက၊ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘာဝနိယာမတရားတွေကို ကုရ်အာန်နှင့်အညီ လေ့လာဆည်းပူးပြီး တော့ မိမိအတွက်ရော၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါ ကောင်းကျိုးချမ်းသာရရှိရေး၊ ငြိမ်းချမ်း တဲ့ လောကသုခဘုံအဖြစ် နေထိုင်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာတို့ကို အသုံးပြုပြီး၊ သုတေသနပြု ရှာဖွေဖော်ထုတ်ရင်းနဲ့ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းထောပနာပြုရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် မုအ်မင်န်မွတ်ဆလင်မ်တိုင်း ရှိသင့်ရှိထိုက်တဲ့ အရည်အသွေး၊ အရည်အချင်းတစ်ရပ်ကို တင်ပြရမယ်ဆိုရင် ကုရ်အာန် ဆူရာဟ်(၂၅) အာယတ်(၇၃) မှာ-
“ မုအ်မင်န်တို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်များကို တင်ပြလာလျှင် မျက်မမြင်၊ နားမကြားသူများကဲ့သို့ ခေါင်းညိတ်လက်ခံကြသည်မဟုတ်ပေ။ (မိမိတို့၏ အသိဉာဏ်ပညာအစွမ်းဖြင့်သာ လက်ခံလေ့ရှိကြသည်) ”
အဲဒီလို အသိဉာဏ်အစွမ်းနဲ့ စူးစမ်းလေ့လာရာ၌လည်း အမြင်ကျဉ်းမြောင်းခြင်းမရှိစေရန် အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၂၁၉) မှာ “ အသိပညာဉာဏ်စွမ်း ဖြင့် စူးစမ်းရာမှာလည်း ပစ္စုပ္ပန်နှင့်အနာဂတ်ကာလအတွက် ယုတ္တိဆန်စွာ တွေးတောဆင်ခြင်နိုင်ကြရန် အလ္လာဟ် အရှင်မြတ်က သက်သေလက္ခဏာများအား အသင်တို့ကို အထင်အရှား ပြသထားတော်မူသည် ”
အဲဒီအတွက် မုအ်မင်န်မွတ်ဆလင်မ်တစ်ယောက်အနေနဲ့ မိမိတို့လက်တကမ်းမှာရှိနေတဲ့ သဘာဝပတ်ဝန်း ကျင်နိယာမတရားများကိုလည်းကောင်း၊ ကျမ်းတော်မြတ်ကုရ်အာန်မှ လမ်းညွှန်ထားတဲ့ ပညာရပ်များကိုလည်း ကောင်း၊ လူ့ဘ၀နေနည်း လမ်းညွှန်ချက်များကိုလည်းကောင်း စူးစမ်းလေ့လာ ရှာဖွေသုတေသနပြုရမှာဖြစ်ပါတယ်။ သိရှိလာတဲ့ အသိပညာရပ်တွေအပေါ်မှာလည်း လက်တွေ့ရုန်းကန် ကြိုးပမ်းအားထုတ်ရမှာဖြစ်ပါတယ်။ အဲဒီအခါကျမှ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ အကျိုးကျေးဇူးများကို ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ဒီမှာပဲ ရပ်နားလိုက်ပါတယ် ။ ။