ခေတ်ကာလ၊ အချိန် မုဖ်သီ ဦးသန်းအောင် (LL.B)
ခေတ်ကာလ၊ အချိန်
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ကြားဖြတ်ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီနေရာကနေ ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
အခုလို သီးခံခွင့်လွှတ်နားသောတဆင်ပေးတဲ့ လူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ။် ကျွန်တော့်အနေနဲ့ အခုလိုဖြစ်ပျက်သွားတဲ့ အချိန်၊ အခြေအနေနဲ့ လိုက်လျောညီထွေရှိနေ မယ့် ခေါင်းစဉ်ကို ရွေးပြီးတင်ပြလိုပါတယ်။
`ခေတ်ကာလ၊ အချိန်´ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးသိတဲ့ အတိုင်းပဲ၊ ကျွန်တော်တို့ ငယ်ငယ်လေးထဲကသိတယ်။ `အချိန်ရှိခိုက်၊ လုံ့လစိုက်´`အချိန်နှင့်ဒီရေသည် လူကို မစောင့်´ဘူး။ ဒီလိုနဲ့တဆင့်မြင့်ပြီး Time(အချိန်)ကို ခေတ်ဆိုပြီးတော့လည်း သဘောပေါက်လာကြပါတယ်။ အဲ့ဒီ အချိန်၊ အဲ့ဒီအချိန်ကြောင့်ဖြစ်ပေါ်လာသောခေတ်၊ အဲ့ဒီအချိန်နဲ့ အဲ့ဒီခေတ်ကြောင့် ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ အချိန်အခါတွေရဲ့ လိုက်လျောညီထွေရှိမှုအပေါ်မှာ လူတစ်ဦးခြင်းကနေဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ မလိုက်နိုင်ဘူးဆိုရင် အဲ့ဒီလူရော၊ လူ့အဖွဲ့အစည်းဝင်တွေဟာ တစ်နည်းအားဖြင့် ခေတ်နောက်ကျခဲ့တယ်။ ခေတ် နောက်ပြန်စွဲခဲ့တယ်။ သို့မဟုတ် ကမ္ဘာကြီးက ၂၁ ရာစုကို ရောက်နေတဲ့အချိန်မှာ အဲ့ဒီလူ့အဖွဲ့အစည်းဝင်တွေဟာ ကျောက်ခေတ်မှာ ကျန်ခဲ့တယ်လို့ ကျွန်တော်တို့အားလုံးပြောဆိုလေ့ရှိပါတယ်။
အဲ့ဒါဘာလဲဆိုရင် ကျွန်တော်တို့ ခေတ်နဲ့အမီ၊ မလိုက်နိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးဆရာကြီး တွေကရေးတဲ့အခါ `ယုန်တောင်ပြေး၊ ခွေးမြောက်လိုက်´ဆိုပြီး ရေးကြပါတယ်။ စာရေးဆရာတစ်ယောက် ဥာဏ်ကွန့် မြူးပြီးတော့ `ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်´ဆိုပြီး လူဟာအမြဲတမ်း ခေတ်နဲ့အညီ လိုက်လျောညီထွေရှိစွာနဲ့ မိမိရဲ့ဘ၀၊ မိမိတို့လူ့အဖွဲ့အစည်းဝင်တွေရဲ့ တန်ဘိုးတွေမြင့်မားလာအောင် ဆောင်ရွက်ဖို့ ဆိုပြိးတော့ တာဝန်ရှိ တယ်၊ တာဝန်သိစိတ်ရှိပြီး တာဝန်နဲ့အညီဆောင်ရွက်ရမယ် တာဝန်ယူရမယ်၊ တာဝန်ခံရမယ် လို့ ဖြော်ပထားတာကို တွေ့ရပါတယ်။
ကျမ်းမြတ်ကုရ်အာန်ဟာ လူသားခပ်သိမ်းအတွက် ခေတ်အဆက်ဆက် ခေတ်စနစ်နဲ့လျော်ညီစွာ လမ်းညွှန် မိန့်ကြားထားပါတယ်လို့ အလ္လာဟ်အရှင်မြတ်ရဲ့ ကတိတော်လာစကားအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကတည်းက တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ကို ထုတ်ပြန်ပို့ချတည်းက ခေတ်နဲ့အညီ၊ ခေတ်နဲ့အမီ၊ အချိန်နဲ့ တစ်ပြေးညီ လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေ ဆောင်ရွက်ရမှာကို သွန်သင် ဆုံးမလမ်းညွှန်ပြခဲ့ပါတယ်။
ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ်အရှည်ဆုံးဟာ ဆူရာသွလ်ဘက္ကရာ (ဆူရာဟ် အမှတ် ၂)ဖြစ်ပြီး၊ အတိုဆုံး ဆူရာဟ် နှစ်ပုဒ်ရှိပါတယ်။ အဲ့ဒီထဲက ဆူရာဟ် အမှတ် ၁၀၃နှင့် ဆူရာဟ်အမှတ် ၁၀၈(အာယသ်တော် ၃ ခုပဲရှိပါတယ်။) ဆူရာသွလ်အဆွရ် လွန်ခဲ့တဲ့ ၁၉၈၂၊ ၁၉၈၃ လောက်က ကျွန်တော့်ဦးလေး မုဟမ္မဒ် ဟာရှင်မ် မဒါရီ အပါအ၀င် ဒီကနေ့ အမေရိကား ရောက်နေတဲ့ ဆူလေမန်ဘိုင်လို့ခေါ်တဲ့ ဦးစိုးလွင်(ငြိမ်းချမ်း လျှပ်စစ်)တို့ ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်ဆီမှာ ပညာရည်နို့သောက်နေတဲ့ အချိန်တုန်းက ဆရာကြီးဃာဇီ မုဟမ္မဒ်ဟာရှင်က သူတို့အဖွဲ့တွေကို ပထမဦးဆုံးသင် ကြားပေးတဲ့ ဆူရာဟ်အာယသ်ဟာ ဒီသုံးအာယသ်ပါတဲ့ ဆူရာဟ် ၁၀၃ ပဲ ဖြစ် ပါတယ်။
အဲ့ဒီသုံးအာယသ်ကို စနစ်တကျ သင်ပေးပြီးတဲ့နောက်မှာ ဆရာကြီးဃာဇီက သူ့ရဲ့တပည့်တွေကို မှာတဲ့ စကား တစ်ခွန်းရှိပါတယ်။ ဆူရာဟ် အမှတ် ၁၀၃၊ ဆူရာသွလ်အဆွရ်(ခေတ်ကာလ)ဆိုတဲ့ ဆူရာဟ်ကို မည်သည့် လူသား၊ လူ့အဖွဲ့အစည်းတစ်ဦးတစ်ဖွဲ့မဆို လက်တွေ့လိုက်နာကျင့်သုံး၊ အကောင်အထည် ဖော်နိုင်ပြီဆိုရင် အဲ့ဒီ လူ၊ လူ့အဖွဲ့အစည်းဝင်တွေဟာ အောင်မြင်ဖွံ့ဖြိုးတိုးတက်တဲ့ လူ၊ လူ့အဖွဲ့အစည်းဝင်တွေ ဖြစ်လိမ့်မယ်လို့ သင်ပေး ပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်က ကျွန်တော့်ဦးလေးဆီမှာ အလုပ်လုပ်နေရင်းနဲ့ ပညာတဆင့်သင်နေစဉ်မှာ သူတို့ဒီဆူရာဟ်ကို သင်ပေးသင်ယူပြုရင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အရင်ကတည်းက သူတို့တစ်တွေဟာ လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြပါတယ်။ အာယသ်က (၃)အာယသ်ပဲရှိပါတယ်။ ဆူရာ ၁၀၃၊ အာယသ် ၁ `၀လ် – အဆွရ်´ `ငါအရှင်မြတ်သည ခေတ်ကာလ(အချိန်)ကို တိုင်တည်သက်သေထူတော်မူ သည်။´
အဲ့ဒီမှာပါတဲ့ `ဝေါင်ဝ်´က တိုင်တည်၊ ကျိန်တွယ်တဲ့အခါမှာသုံးတဲ့ `ဝေါင်ဝ်´ပါ။ အလ္လာဟ်အရှင်မြတ်က အခုလို တိုင်တည်ပြီးပြောတယ်။ `အလ် အဆ်ရိ´ `အဆရ်´ရဲ့ အဓိပ္ပါယ်က ညှစ်ခြင်း။ အဲ့ဒီတော့ နောက် တစ်ဆင့်တက်လာတဲ့အခါ အဆွရ် အချိန်မှာဆို`နေ´ဟာ ကျွန်တော်တို့စကားနဲ့ပြောရရင် နေ၀င်တော့မယ်ပေါ့။ နေညိုချိန်တိမ်တောက်တယ်ပေါ့။ အဲ့ဒီမှာ နေဟာသူ့မှာရှိတဲ့ အလင်းရောင်ကို ညှစ်ထုတ်ပြီး ဖြန့်ဝေပေးတဲ့ သဘော ပေါ့။ တစ်နည်းအားဖြင့် `အဆွရ်´ကို `နေညိုချိန်´လို့လည်း သုံးပါတယ်။ နောက်တစ်ခါ၊ `အဆွရ်´ကို Time(အချိန်)၊ ခေတ် ဆိုတဲ့ အဓိပ္ပါယ်ကိုလည်းပေးပါတယ်။ ရိုးရိုးလေး ဘာသာပြန်ရမယ်ဆိုရင် အလ္လာဟ်အရှင် မြတ်သည် ခေတ်စနစ်ကို တိုင်တည်ပြီးတော့ မိန့်တော်မူပါတယ်။
နောက်တစ်ခါ `အင်န်နလ် အင်န်ဆားန လဖီးခွတ်စ်ရိ´ (၁၀၃း၂)
`လူသားဟာ သူ့ရဲ့ပင်ကိုယ် အခြေအနေမှန်အရ ပျက်စီးဆုံးရှုံးမှု ဘောင်ထဲမှာပဲ အသေအခြာရှိနေတယ်။´
အဲဒီတော့ ကြည့်လိုက်ရင် အရှေ့မှာ ခေတ်စနစ် ပြီးတော့ လူသားဟာ ပျက်စီးဆုံးရှုံးမှုဘောင်ထဲမှာပဲ ရှိတယ်လို့ ပြောတယ်။ ဒါကြောင့် လူတွေဟာ အရင်ပေါ်တာလား၊ တရားတော်ကအရင်ပေါ်တာလား၊ ကျွန်တော်တို့ ဆက်စပ်စဉ်းစားလို့ ရပါတယ်။ လူတွေအားလုံးရှိနေတဲ့ အချိန်မှာ သူတို့စိတ်ကူး၊ သူတို့ဆန္ဒ၊ သူတို့သဘော၊ သူတို့ အယူအဆတွေနဲ့ သူတို့ယုံကြည်ကိုးကွယ် လိုက်နာကျင့်သုံး ဘ၀တည်ဆောက်ကြတဲ့ အနေအထားတွေဟာ သူတို့ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ အခြေအနေတွေမှာ သူတို့ ဘယ်လောက်ပဲကောင်းပါတယ်လို့ ပြောနေလင့်ကစား အလ္လာဟ်အရှင်မြတ်က ရွေးချယ်စေလွှတ်လိုက်တဲ့ ရစူလ်တမန်တော်မြတ်တွေ ရောက်ရှိလာပြီးတဲ့နောက် အဲ့ဒီ ရစူလ်တမန်တော်မြတ်တွေနဲ့အတူ အလ္လာဟ်ထုတ်ပြန်ပေးလိုက်တဲ့ `၀ဟီ´ဗျာဒိတ်တော် လမ်းညွှန်ချက်များနဲ့အညီ မိမိဘ၀ကို တည့်မတ်ပြီးတော့ ပုံဖော်ဘ၀တည်ဆောက်ခြင်းအားဖြင့် မူလ ကိုယ့်စိတ်ကူးစိတ်သန်း၊ ကိုယ့်ဆရာများ ရဲ့ စိတ်ကူးစိတ်သန်း၊ ကိုယ့်ရဲ့ အထက်လူကြီးတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ မိရိုးဖလာ အစွဲအလန်းကြောင့်ဖြစ်စေ၊ လူမျိုးစွဲကြောင့် ဖြစ်စေ၊ ဘိုးဘွားအစဉ်အလာအရဖြစ်စေ (သို့) လူတွေရဲ့ လက်တွေနဲ့ ရေးထားတဲ့ လူ့စကား၊ လူ့ တရားမှာ ပါဝင်လို့ လိုက်နာရပါတယ်လို့ပြောပြီး လုပ်ကိုင်ဆောင်ရွက်ရင် အဲ့ဒီလူတွေဟာ ပျက်စီးဆုံးရှုံးမှုဘောင်ထဲ မှာပဲ ရှိနေမှာပါ။ ဒါကြောင့် နဗီရဆူလ်တမန်တော်တွေရဲ့ ဆုံးမသွန်သင်ချက် အလ္လာဟ်ဝတီနဲ့အညီ ဘ၀တည် ဆောက်မှသာ ပျက်စီးဆုံးရှုံးသူတွေ မပါဝင်နိုင်တော့မှာဖြစ်ပါတယ်။
တစ်ခါလူ့အရည်အသွေးကို အလ္လာဟ်က ဖော်ပြပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်အမှတ် (၇၀)မှာ လူသားရဲ့ အရည်အသွေးကို ဘာပြလဲဆိုရင် အမှန်စင်စစ် လူသားဟာ လောကြီးသူ၊ စိတ်မရှည်သူဖြစ်တယ်။ လူသားဟာကောင်းခြင်းနဲ့ တွေ့တဲ့အခါမှာ `ငါကွ´လို့ ထအော်ပြီး လက်မထောင်တတ်လေ့ရှိပြီး၊ စေးနဲတွန့်တိုတတ်ကာ သူ့ကို ပျက်စီးဆုံးရှုံး(သို့မဟုတ်) ထိခိုက်နစ်နာမှု၊ လူမှုဒုက္ခ တစ်စုံတစ်ရာနဲ့ ကြုံတွေ့ပြီဆိုရင် တော့ စိတ်ရှည်သည်းခံနိုင်စွမ်းမရှိဘဲ သူဟာအင်မတန်စိတ်ဓါတ်ကျလွယ်တဲ့ လူလည်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ တစ်ခါကောင်းတဲ့အချက်မှာ ဘာရှိလဲဆိုရင် လူသားဟာ မိမိရဲ့ပျော့ညံ့အားနည်းချက်ရှိလာတဲ့အခါမှာ သူ့မှာဝန်ခံတတ်တဲ့စိတ်ရှိတယ်။ သူ့ကိုယ် သူ အပြစ်တင်တတ်တဲ့ စိတ်ရှိတယ်။ ပြုပြင်ချင်တဲ့ ဆန္ဒရှိတယ်။ အဲ့ဒီမှာ လူသားနဲ့`အီဘလီစ်´လို့ခေါ်တဲ့ `အဖျက် စွမ်းအားစု´စိတ်ဓါတ်ပိုင်ရှင်တွေနဲ့ ကွဲပြားသွားပါတယ်။ လူစိတ်ရှိတဲ့လူတွေ၊ လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်သုံး ဘ၀တည်ဆောက်ပြီး လူ့ဘောင်မှာ ရပ်တည်နေတဲ့ လူတွေဟာအမှားကို အမှားလို့ဝန်ခံတတ်တဲ့ စိတ်ဓါတ်ပိုင်ရှင် တွေပါ။
`အီဘလီစ်´လို့ခေါ်တဲ့ အဖျက်စွမ်းအားစုကို ပိုင်ထားတဲ့ ငါတကောကောပြီး၊ ငါလုပ်သမျှ အမြဲမှန်တယ်၊ ဘယ်တော့မှငါမမှားဘူး၊ ငါဆိုတဲ့ အတ္တကို ရှေ့တန်းတင်တဲ့ လူ့အဖွဲ့အစည်းဝင်တွေနဲ့ လူတန်းစားတစ်ရပ်မှာ အဲ့ဒီ လိုလူမျိုးတွေရှိလာပြီဆိုရင် အဲ့ဒီလူတွေဟာ ၀န်ခံတတ်တဲ့စိတ် ဘယ်တော့မှမရှိဘူး။ သူတို့ရဲ့ကျင့်ဝတ်က ဘယ်သူ နဲ့တူသလဲဆိုရင် `အီဘလီစ်´နဲ့တူတယ်။ `အီဘလီစ်´နဲ့`အင်န်ဆန်´ရဲ့ ကွာဟချက်။ `အင်န်ဆန်´က အမှားကို မှားမှန်းသိရင် ပြုပြင်တတ်တဲ့စိတ်ရှိတယ်။ စိတ်ဓါတ်ကျလွယ်တယ်။ စိတ်ထောင်လွယ်တယ်။ ကျွန်တော်တို့ ဒီပလီ ကိုလာတဲ့စိတ် ပညာအထူးကု Dr ဦးမောင်ကို ဆိုတဲ့ ဆရာကြီးလာတော့ ဆရာမုဖ်သီ ဦးမြတ်သူကို ပြောတယ်။ လူ့စိတ်က နှစ် မျိုးပဲ ရှိတယ်တဲ့။ ကျွန်တော်လည်း ဒီပညာရှင်ကြီးပြောမှ ကြားဖူးတယ်။ တည့်မတ်ရှိနေတဲ့လူက ဖြောင့်မတ်တဲ့လူ။ စိတ်ဖြောင့်၊ လူဖြောင့်၊ လူမှန်။ တည်ငြိမ်အေးချမ်းတဲ့ စိတ်ပိုင်ရှင်။ ဘေးဒုက္ခမျိုးစုံ လောကဓံ အခက်အခဲနဲ့ ဘယ်လို တွေ့တွေ့၊ ဘယ်လောက်ပဲတွေ့တွေ့ တည်တည်ငြိမ်ငြိမ်၊ အေးချမ်းစွာနဲ့ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ စိတ်ဓါတ်ပိုင်ရှင်၊ နောက်တစ်မျိုးကကြတော့ စိတ်ကြီးဝင်၊ ဘ၀င်မြင့်နေတဲ့ စိတ်ဓါတ်ပိုင်ရှင်။ နောက်တစ်မျိုးက စိတ်ကျလွယ်တဲ့ ကိုယ့်ကိုယ်ကို အားငယ်၊ သိမ်းငယ်တတ်တဲ့ စိတ်ဓါတ်ပိုင်ရှင်။ စိတ်ဓါတ်ပျော့ညံ့၊ စိတ်ဓါတ်ကျလွယ်တဲ့လူ။
ဒီတော့ စိတ်ကြီးဝင်၊ ဘ၀င်မြင့်၊ မောက်မာမောက်ကြွားစိတ်ရှိပြီဆိုရင် ဒါဟာ`အီဘလီစ်´စိတ်ဓါတ်။ `အာဘာ ၀ါစ်သဂ္ဂဘရာ´ဆိုတဲ့ ငါမှငါဆိုတဲ့ စိတ်ကြီးဝင်၊ ဘ၀မြင့်တယ်။ တဖက်ကို ကြည့်ရင်စိတ်ဓါတ်ကျတယ်။ စိတ်ဓါတ်ကျတော့ လူသားမဆန်ဘူး။ အဲ့ဒီတော့ အဲ့ဒီစိတ်ဓါတ်ကျတဲ့ လူတွေကိုလည်း အလ္လာဟ်အရှင်မြတ်က စိတ်ဓါတ်မကျဖို့ အားပေးတဲ့အာယသ် ကုရ်အာန်မှာရှိတယ်။ `လာသက္ကနသူ မီန်းရဟ်မသီလ္လာဟ်´
`အလ္လာဟ်ရဲ့ ရဟ်မသ်တော်ကနေ ကင်းဝေးသွားပြီလို့ ဘယ်တော့မှ မထင်လိုက်နဲ့တဲ့´
`အလ္လာဟ်ရဲ့ ရဟ်မသ်တော်ကနေ လူသားဟာဘယ်တော့မှ မကင်းဝေးစေဘူး။ စိတ်ဓါတ်မကျနဲ့။ အဲ့ဒီ အပေါ်မှာ အလ္လာဟ်က အားပေးတယ်။ အလ္လာဟ်ရဲ့ ရဟ်မသ်နဲ့မြင့်မားတဲ့ စိတ်ဓါတ်ပိုင်ရှင်ဖြစ်လာအောင် စိတ်ဓါတ် ခွန်အားတိုးပွားလာအောင် အလ္လာဟ်အကူအညီရယူပြီး ကြိုးစားဆောင်ရွက် တည်ဆောက်ရမယ်။ ခေတ်နဲ့ လျော်ညီစွာ နေထိုင်ကျင့်သုံး ဘ၀တည်ဆောက်မှုမလုပ်ဘူး (သို့) အဲ့ဒီခေတ်နဲ့အညီ မလိုက်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်နည်းအားဖြင့် ပညာရေးနယ်ပယ်ကနေကြည့်ရင် ကျွန်တော်တို့ငယ်စဉ်ကကြားဖူးတာပါ။ လွတ်လပ်ရေးရပြီး နောက် ၁၉၅၈-၅၉ ၀န်းကျင်ကနေ ၁၉၆၃-၆၄- ၆၅-၆၆ လောက်အထိမှာ ဒီကနေ့ အာဆီယံလို့ခေါ်နေတဲ့ အရှေ့တောင်အာရှနဲ့ အခြားနိုင်ငံတော်တော်များများက ပညာသင်ချင်တဲ့ကျောင်းသား ကျောင်းသူတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိနေတဲ့(ရန်ကုန်တက္ကသိုလ်) ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်(RASU)မှာ လာရောက်ပြီး ပညာသင်ယူခဲ့ကြရပါတယ်။ အဲ့ဒီအချိန်တုန်းက ရန်ကုန် တက္ကသိုလ်ဆိုတာ အဲ့ဒီလောက် အဆင့်မြင့်ခဲ့တယ်။
အခုခေတ်ကြတော့ မြန်မာနိုင်ငံက ပိုက်ဆံချမ်းသာတဲ့၊ အဆင်ပြေတဲ့ မိသားစုထဲက သားသမီးတွေ ကျောင်းသားကို အနည်းဆုံးဘန်ကောက်၊ စင်္ကာပူ၊ မလေးရှားပို့ပြီး အဆင့်မြင့်ချင်ရင် အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျမှာ သွားသင်ဖို့ ရည်ရွယ်ပို့ဆောင် သင်ကြားနေရတယ်။ ဒါကပညာရေးနယ်ပယ် တစ်ခုပဲရှိသေးတယ်။ မြန်မာနိုင်ငံရဲ့မြင့်မားတိုးတက်ခဲ့တဲ့ ပညာရေးစနစ်ကြီးဟာ ခေတ်နဲ့လျော်ညီစွာ မလိုက်နာမတည်ဆောက်နိုင်ခဲ့လို့ Educationan Institution ပျက်စီး သွားတဲ့အချိန်မှာ ပညာရေးထိပ်တန်းအဆင့်ရောက်နေတဲ့ လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေရဲ့ ဘ၀မြင့်မားတိုးတက် သွားတယ်။ ဒီလိုပဲ ပညာရေးတစ်ခုတည်းပဲ မဟုတ်ပဲစီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးစတာတွေ အားလုံးအတူတူပဲဖြစ်တယ်။
ဒီကနေ့ အစ္စလာမ်ပညာရေးလောကကို ကြည့်ရင်လည်း သူတို့လည်းသူတို့ရဲ့ သင်ရိုးညွှန်းတမ်းကို မပြုပြင်၊ ခေတ်နဲ့လျော်ညီစွာ မပြောင်းလဲပဲ၊ Islamic University က ရောက်လာပြီး ပြန်လည်တင်ပြရန် ခေတ်ဆိုးကြီးထဲမှာ ပျော်မွေ့နေတဲ့ လူတွေကသိပ်မကြိုက်ဘူး။ ကျွန်တော်တို့ ဆရာကြီးဃာဇီမုဟမ္မဒ် ဟာရှင်က ခေတ်ပညာတတ်ပြီး သားလူငယ်တွေကို ကုရ်အာန်ကို နည်းစနစ်တကျသင်ပေးရင် ကောင်းမှာပဲလို့ ရည်ရွယ်ပြီး သင်ပေးခဲ့လို့ ကျွန်တော် တို့လည်း ဒီအခြေအနေကို ရောက်လာရခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဆရာကြီးတွေရဲ့ ခေတ်နှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ခဲ့မှုရဲ့ ရလာဒ်ပါ။
တစ်နည်းအားဖြင့် ခေတ်ပညာလည်း သင်ယူတတ်မြောက်ရမယ်။ အစ္စလာမ်အကြောင်းလည်း သင်ယူ တတ်မြောက်ရမယ်။ ကုရ်အာန်ကို သင်ယူတတ်မြောက်ရမယ်ဆိုတာ ကုရ်အာန်က ခေတ်တိုင်းခေတ်တိုင်း၊ စနစ် တိုင်းစနစ်တိုင်းရဲ့ အရှေ့မှာ ဦးဆောင်လမ်းညွှန်နေလို့ပဲ ဖြစ်ပါတယ်။ သို့သော် မွတ်ဆလင်မ်ဆိုတဲ့လူတွေက ဒီကနေ့ ကမ္ဘာ့သတင်းတွေကို ကြည့်လိုက်တာနဲ့ လူတွေက မွတ်ဆလင်မ်ဆိုရင် ကြောက်စရာကြီးဖြစ်နေတယ်။ ခေတ်နဲ့အညီ လိုက်လျောညီထွေ မလိုက်နိုင်တဲ့အခါ လူတွေဟာတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ပျက်ယွင်းလာတယ်။ မယုံသင်္ကာတွေ ဖြစ်လာတယ်။ အဲ့ဒါဘာလဲဆိုရင် ကျွန်တော်တို့ဟာ ခေတ်စနစ်နဲ့အညီ၊ လူမှန် ရင် လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်သုံးဘ၀တည်ဆောက်ရမယ်။ လူတိုင်းမှာ လူ့တန်ဘိုးရှိတယ်။ အဲ့ဒီလူ့တန်ဘိုး ကို လျော့သွားအောင် လုပ်ပြီဆိုတာနဲ့ အဲ့ဒီလူ့အဖွဲ့အစည်းဝင်တွေဟာ
`အင်န်နလ်အင်န်ဆားန လဖီးခွတ်စ်ရ်´(၁၀၃း၂) ပျက်ဆီးဆုံးရှုံးမှုဘောင်ထဲမှာပဲ ရှိနေမှာပဲ။ ဘာလို့လဲ မည်သူမပြု၊ မိမိမှုပဲ။ မိမိရဲ့ဆုံးရှုံးမှုကို မိမကိုယ်တိုင်မိမိပြုလုပ်ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ နမူနာတစ်ခုကျွန်တော် ပြောပြပါ့မယ်။ လူကြီးမင်းများသိတဲ့အတိုင်းပဲ ဒီအချိန်က စပါးပေါ်တဲ့အချိန်။ စပါးပေါ်တဲ့အချိန် စပါးဈေးကျအောင် ဘယ်သူလုပ်လဲ။ အဲ့ဒီစပါးဈေးကျအောင် လုပ်ခြင်းဟာ လယ်သမားတွေကို ဂုတ်သွေးစုပ်တာနဲ့ အတူတူပဲ။ ငွေကြေး ချမ်းသာတဲ့ ၀ိသမလောဘသား ကုန်သည်ပွဲစားတွေကပဲ လယ်သမားတွေကို ဒုက္ခပေးနေတာ။ ဒီတော့ ဒီလူ့အဖွဲ့အစည်း ဘယ်လိုလာပြီး တိုးတက်မှာ လဲ။ အဲ့ဒီအထဲမှာ ဘယ်သူမပါရဘူးလဲဆိုတာ အလ္လာဟ်ကသင်ပေးတယ်။
`အင်လ္လာလ် လဇီးန အားမနူး´(၁၀၃း၃) `မုအ်မင်န် အီမာန်သက်ဝင်ယုံကြည်ပြီးသူတွေ မပါဘူး။´
`သူတို့တစ်တွေ မပါဘူး။ ပျက်စီးဆုံးရှုံးမှုထဲမှာ ကိုယ်လည်းမပါဘူး။ လူတွေပျက်စီးဆုံးရှုံးအောင်လည်း မလုပ်ဘူး။ သူတို့ဟာ အလ္လာဟ်လမ်းညွှန်၊ ဥပဒေ၊ လူ့ဘ၀တည် ဆောက်မှုစနစ်ဇယား (ကုရ်အာန်)ပေါ်မှာ အီမာန်သက်ဝင် ယုံကြည်သူတွေဖြစ်တယ်။´ ကျွန်တော်တို့ကို မလိုသူတွေက `အမနာပ´ပြောကြ တယ်လေ။ မွတ်ဆလင်မ်တွေဟာ အတိုးမစားရပါ။ မူးယစ်စေတတ်သောအရာကို သုံးစွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း အစရှိသည်တို့ မလုပ်ရပါ။ အပေါင်ဆိုင်ဖွင့်ထားပြီး အတိုးစားနေတဲ့ မွတ်ဆလင်မ်ဆိုင်ရှိလား။ မွတ်ဆလင်မ်ဆိုသူ ဖွင့်ထားသော လောင်းကစားကိစ္စနှင့် သက်ဆိုင်တဲ့လုပ်ငန်း၊ ဘိန်းခန်း၊ ကာရာအိုကေ၊ KTV၊ မာဆတ်၊ Night Club၊ အရက်ဆိုင်၊ ဘီယာဆိုင် ရှိသလား။ မရှိပါ။ သူတပါး၏ ပစ္စည်းဥစ္စာကို သမ္မာအာဇီဝနည်းမှတပါး မတရားသဖြင့် သိမ်းဆည်းခြင်း၊ အပိုင်ကြံခြင်း၊ လိမ်လည်ခြင်း မပြုလုပ်ရပါ။ တရားသဖြင့် အရောင်းအ၀ယ်ပြုလုပ်မှုကို သွားခွင့်ပြု ထားပါတယ်။
ဒီတော့ လူတွေဂုတ်သွေးစုပ်ခံရမယ့် ကိစ္စ၊ ဇေနာလို့ခေါ်တဲ့ ကာမေသုမိစ္ဆာစာရကို ဖြစ်စေမယ့်လုပ်ရပ်။ သူရာမေရိယလို့ခေါ်တဲ့ (မူးယစ်စေသောအရာ) သေရည်၊ သေရက်အပါအ၀င် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေသည်ဟုဆိုသော ဆေးလိပ်၊ အရက်များ၊ ထုတ်လုပ်ရောင်းဝယ်၊ ဖြန့်ဖြူးရောင်းချတဲ့ကိစ္စစတဲ့ မကောင်းမှု မှန်သမျှ မလုပ်ရ။ မကျူးလွန်ရပါဘူးလို့ ၊ လုပ်ပိုင်ခွင့် မရှိစေရလို့ သူတို့ရဲ့တရားတော်(ကုရ်အာန်)နဲ့ အလ္လာဟ်က တားထားတယ်။ မွတ်ဆလင်မ်တွေကဟာသူတို့ ကြိုးစားပမ်းစား အားထုတ်ပြီး တရားတော်နဲ့အညီ တရားသော လုပ်ငန်းများကို ငွေ၊ လုပ်အား၊ စိတ်ကူးအကြံဥာဏ် အရင်းအနှီးပြုပြီး လုပ်ကိုင်ဆောင်ရွက်လို့အောင်မြင်ကြီးပွား တိုးတက်လာတဲ့ကိစ္စကို အခြားသူတွေက မုဒိတာ တရားပွားရပါမယ်။ မနာလိုဝန်တိုမှုဆိုတဲ့ ဣသာမိစ္ဆိရိယ မပွား သင့်ပါ။
အဲ့ဒီတော့ အီမာန်သက်ဝင်ယုံကြည်တဲ့လူတွေက ရှောင်ကြဉ်ရမယ့်ကိစ္စတွေ အများကြီးပဲ။ မလုပ်ရတဲ့ စီးပွားရေးတွေလည်း အများကြီးပဲ။ မစားရမဲ့အစာတွေလည်း အများကြီးပဲ။ မတရား မလုပ်ရလို့တားထားတာတွေ လည်း အများကြီး။ ဒါကြောင့် လူတွေဆုံးရှုံးအောင်၊ ပျက်ဆီးအောင် မွတ်ဆလင်မ်တွေ မလုပ်ရဘူးလို့၊ အလ္လာဟ်က တားထားတယ်။ ကိုယ်ကိုယ်တိုင်လည်း ပျက်စီးအောင် မလုပ်နဲ့၊ သူများကိုလည်း မပျက်စီးစေနဲ့။ မဖျက်ဆီးနဲ့တဲ့။
`၀လာသပ်စ်လေမူးန၊ ၀လာသွပ်စ်လာမူးန်´
သူများကိုလည်း မတရားမလုပ်နဲ့။ ကိုယ့်ကိုလည်းမတရားလုပ်တာ မခံနဲ့။ ဘယ်လောက် တရားမျှတတဲ့ ဥပဒေပြဌာန်းချက်(ကုရ်အာန်)လည်း ဆိုတာ စဉ်းစားပါ။
`၀အမိလွတ်စ် ဆွာလေဟာဟ်´(၁၀၃း၃)
`လူနှင့် လူ့ပတ်ဝန်းကျင်ကို စင်ကြယ်ဖွံ့ဖြိုးတိုးတက်စေတဲ့ ကောင်းမြတ်တဲ့ လုပ်ငန်းဆောင်တာတွေကို လက်တွေ့ပြုလုပ် ဆောင်ရွက်ကြပါတယ်။´
အဲဒီလူ့အဖွဲ့အစည်းဝင်တွေဟာ ဘယ်အလုပ်က တရားတယ်။ မတရားဘူး။ ဘယ်အလုပ်က လူငယ်တွေ ပြုစုပျိုးထောင်ရမယ့်အလုပ်။ ဘယ်အလုပ်က သမ္မာအာဇီဝ။ ဘယ်အလုပ်က ပရဟိတ။ စသည်ဖြင့် လူနှင့်လူ့ ပတ်ဝန်းကျင်ကို စင်ကြယ်ဖွံ့ဖြိုးတိုးတက်စေမယ့်လုပ်ရပ်၊ အကျိုးရှိစေမယ့် လုပ်ရပ်တွေဆိုပြီး အလ္လာဟ်က ညွှန်ကြား ထားတဲ့ လမ်းညွှန်(ကုရ်အာန်)နဲ့အညီ လူနှင့်လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးဝေဖြာမယ့် လုပ်ငန်းဆောင်တာများကို အဲ့ဒီလူတွေ အီမာန်သက်ဝင်ယုံကြည်သူတွေ အမြဲတမ်းလုပ်နေတယ်။ စီးပွားရှာလို့ရလာတဲ့ အကျိုး အမြတ်အားလုံး အိပ်ထဲထည့်တဲ့ လူတန်းစားတွေထဲမှာ အီမာန်သက်ဝင်ယုံကြည်သူတွေ မပါရဘူး။ ဘာလို့လဲဆိုတော့
`၀မင်မ်မာ ရဇက္ကနာဟွမ် ရွန်ဖိကွန်းန်´ (၂း၃)
`၎င်းတို့ထံ ငါအရှင်မြတ်ချီးမြှင့်ထားသော အရင်းအမြစ်၊ ဥစ္စာဓနငွေကြေးများကို အခြားသူတို့ထံ မျှဝေပေးလျက်ရှိကြသည်။´
အခြားတစ်ဖက်ကို မျှဝေပေးရမယ်။ မိမိရလာတဲ့ အကျိုးအမြတ်ကို မိမိတစ်ဦးတည်း မသုံးစွဲဘဲနဲ့ အခြား လူနဲ့ လူ့အဖွဲ့အစည်းကို မျှဝေပေးရမယ်။ ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံကို ကျွန်တော်အရမ်းလေးစားတယ်။ အဲ့ဒါဂျပန်နိုင်ငံ။ သေသေချာချာလေ့လာကြည့်။ Islamic Law နဲ့ အရမ်းအပ်စပ်အံဝင်နေတယ်။ သူ့နောက်လိုက် နေတာက နော်ဝေတို့ ဒိန်းမတ်တို့ သြစတေးလျတို့ဖြစ်တယ်။ သူတို့ကိုယ်တိုင် ကြိုးစားရလာတဲ့ အကျိုးအမြတ်တွေ ကို သူတို့လောက် အောင်မြင်မှုမရှိ ဆင်းရဲနိမ့်ကျနေတဲ့ နိုင်ငံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး စတဲ့ အရေးကိစ္စတွေမှာ မျှဝေသုံးစွဲကူညီထောက်ပံ့ပေးတယ်။ မွတ်ဆလင်မ်တွေကိုလည်း ဒီအတိုင်းပဲ ကြိုးစားရှာ ဖွေရလာတဲ့ အကျိုးအမြတ်တွေကို မျှဝေသုံးစွဲဖို့ ကုရ်အာန်ကလမ်းညွှန်ပါတယ်။
`၀သ၀ါစောင် ဘိလ်ဟက်(က) ၀သ၀ါစောင် ဘိစ်ဆွဘရ်´(၁၀၃း၃)
ဘယ်ကိစ္စက အမှန်သစ္စာတရားလဲ။ ဘယ်ကိစ္စက မိစ္ဆာအမှားလဲ၊ တစ်ဦးနဲ့တစ်ဦး ပဲ့ပြင်သွန်သင်တယ်။ ၀စီယသ်လုပ်တယ်။ ဆိုလိုတာက အမှန်ကိုညွှန်၊ အမှားကိုတား။ ယိုင်နေတာကို တည့်မတ်ပေးတာ။ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီ ရိုင်းပင်းစောင့်ရှောက် လမ်းညွှန်ပြသတာ။ လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေ မကောင်းမှုမှာ မွေ့လျော် တယ်။ ဒီကနေ့ မိဘနေရာရောက်နေသူတွေ လူငယ်တွေကို တည့်မတ်လမ်းညွှန်ပေးဖို့ အရမ်းအရေးကြီးနေတာက မူးယစ်ဆေးဝါး(မူးယစ်ဆေးဝါးလို့ ပြောတဲ့အထဲမှာ အားလုံးပါတယ်။ တလောက သူငယ်ချင်းနှစ်ယောက် အရက် သောက်ပြီး ဆိုင်ကအပြန် ကားခပေးတဲ့ကိစ္စနဲ့ စကားများပြီး ဓါးနဲ့ထိုးလိုက်တယ်။ နောက်တစ်ခါ ဂိမ်းဆော့တာ၊ ဒီနေ့မနက်ပဲ ကြားခဲ့တယ်။ ၁၉၈၇ ခုနှစ်ကမွေးတာ။ ဂိမ်းဆော့ရင်းနဲ့ ဦးနှောက်ယိုယွင်းပြီး စိတ်ကျန်းမာရေးဆေးရုံ ကိုပို့လိုက်ရတယ်။ တစ်ခါ ဆိုင်ကယ်ရောဂါ။ ဆိုင်ကယ်စီးချင်တော့ ငွေလိုတယ်။ ဆိုင်ကယ်ဝယ်ဖို့။ ရှာမရတော့ လုမယ်။ ခိုးမယ်။ အကျင့်စာရိတ္တပျက်မယ်။ ထောင်ကျမယ်။ ဘ၀ပျက်မယ်။ ဒါတွေကို ထိန်းသိမ်းတည့်မတ် ပေးဖို့ လိုတယ်။)လူငယ်တွေရဲ့ အရည်အသွေး၊ အရည်အချင်းတွေ မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။
တချို့ဖုန်းကြောင့် ဒုက္ခရောက်တယ်။ iPad တို့၊ iphone တို့၊ အများက အဆင့်မြင့်ဈေးကြီးတာ ကိုင်တော့ ကိုယ်လည်း ကိုင်ချင်တယ်။ တစ်လောက ကိုယ့်ဘာသာကို တစ်ယောက်တည်း ပုန်းနေပြိး မိဘကို ဖုန်းဆက်တော့ ပြန်ပေးဆွဲသွားတယ်။ သုံးသိန်းနဲ့လာရွေးပါဆိုပြီး၊ သုံးသိန်းရရင် ဖုန်းဝယ်မယ်ပေါ့။ အဲ့ဒီလို မှားယွင်းစေတဲ့ လမ်းလွဲ စေတဲ့ အကျိုးယုတ်စေတဲ့ အရာတွေကနေ လူငယ်တွေကို လမ်းမှန်၊ အကျိုးရှိစေဖို့ ပြုပြင်တည့်မတ်ပေးဖို့ လိုပါတယ်။ အဲဒီလို ပြုပြင်တည့်မတ်ပေးတဲ့အခါမှာ လက်ခံသူရှိမယ်။ လက်မခံသူရှိမယ်။ လက်မခံသူက ကိုယ့်ကိုပြန်လည် တုန့်ပြန်မှုဟာ ကိုယ့်အတွက် စိတ်ညစ်စရာ၊ စိတ်ဒုက္ခဆင်းရဲစရာ ဖြစ်တတ်တယ်။
အဲဒီအခါ ကိုယ်က ဆွဘရ်ဆိုတဲ့ ခန္တီပါရမီရှိဖို့ သည်းခံခွင့်လွှတ်နားလည်ပေးပြီး စိတ်ဓါတ်ကြံ့ကြံ့ခံရပ်တည် ရမယ်။ အဲ့ဒီစိတ်မျိုးမွေးနိုင်အောင်လည်း အလ္လာဟ်ကလည်း စွမ်းအားတွေ ချီးမြှင့်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခေတ်နဲ့အညီ နေထိုင်သက်ရှင်ဘ၀တည်ဆောက်ဖို့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရေးကိစ္စ မှာ ခေတ်နဲ့အညီ မြော်မြင်၊ တွေးခေါ်၊ စဉ်းစားလုပ်ကိုင် ဆောင်ရွက်တတ်ဖို့လိုပါတယ်။ ပြီးတော့ အမှန်သစ္စာတရား အပေါ်မှာ မြဲမြံစွာ ရပ်တည်နေထိုင်ကြဖို့နဲ့ လူမိုက်၊ လူ့ဗာလတွေနဲ့ တွေ့ကြုံလာရနိုင်တဲ့ ကိစ္စတွေမှာ `ဆွဘရ်´ ကြံ့ခိုင်မှုတရား လက်ကိုင်ထားပြီး၊ မယိမ်းမယိုင် ကျောက်စာတိုင်ပမာ ရပ်တည်နိုင်တဲ့လူတွေဖြစ်ဖို့ ကျွန်တော်တို့ အားလုံး ကြိုးစားဖို့လိုပါတယ်။
နိဂုံးချုပ်တင်ပြရလျှင် လူ့ဘ၀သက်တမ်းဟူသည် အချိန်ကာလ သတ်မှတ်ချက်ရှိပါတယ်။ အရွယ်သုံးပါး စလုံးတွင် ပညာ၊ ဥစ္စာ၊ တရားရှာဖွေမှုတွင် အချိန်ကာလနှင့်အညီ အချိန်မီဆောင်ရွက်တတ်ရန်နှင့် ခေတ်စနစ်နှင့် အညီ ဆောင်ရွက်ကြရန် အရေးကြီးပါတယ်။ မိုးလွန်မှထွန်ချလို့မရ။ နေ၀င်မှ စပါးလှန်းလို့မရပါ။ ကုန်လွန်သွားသော အချိန်ပြန်လိုချင်လို့ မရတော့ပါ။ အချိန်နှင့်တပြေးညီ စနစ်တကျ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဆုံးဖြတ် ဆောင်ရွက် တတ်ရန် အရေးကြီးပါတယ်။ ထို့ကြောင့် အချိန်သည် ဘ၀ဖြစ်သည်။ အချိန်သည် လူတို့၏အသက်ဖြစ်သည်။ အချိန်သည် တန်ဖိုးဖြစ်သည်။ အချိန်ဖြုန်းခြင်းသည် မိမိတို့ဘ၀ကို ပျက်ဆီးဆုံးရှုံးမှုဖြစ်စေရန် ဖျက်ဆီးခြင်းဖြစ်သည် ဟု သဘောပေါက်သင့်ပါတယ်။
ထို့ကြောင့် `လူတို့၏ စိတ်ဓါတ်နှင့် ခေတ်ကာလ၊ အချိန်´သည် လူ့အဖွဲ့အစည်းဝင်တို့၏ ဘ၀ဖွံ့ဖြိုးတိုးတက် မှုအတွက် အထူးအရေးပါလှပါကြောင်း တင်ပြလိုက်ပါသည်။