ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ် (အပိုင်း-၄) မုဖ်သီ ဦးသန်းအောင် (LL.B)
ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ် (အပိုင်း-၄)
မုဖ်သီ ဦးသန်းအောင် (LL.B)
“လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့ခင်ဗျား ”
“အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟ်”
ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအာဟ် ခွတ္တဗာဟ် ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရဝပြု ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကြွရောက်အားပေး နားသောတဆင်နေကြပါသော လူကြီးမင်းများ အားလုံးကို ကျေးဇူးတင် ဂါရဝပြုပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ အခုအပတ်မှာ ကျွန်တော်တင်ပြလျှက်ရှိတဲ့ “ကုရ်အာန်ကညွှန်ပြသော လူမှုကျင့်ဝတ် (အပိုင်း-၄)” ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ လူကြီးမင်းများသိတော်မူကြတဲ့အတိုင်း အစ္စလာမ်ဆိုတဲ့ ဒီန် ဘဝတည်ဆောက်မှု လမ်းစဉ်ကို လက်တွေ့လိုက်နာကျင့်သုံးဖို့ အလ္လာဟ်အရှင်မြတ်နဲ့ ကတိပဋိဉာဉ်ခံယူလိုက်တဲ့အချိန်မှာ အီမာန်သက်ဝင် ယုံကြည်မှုနဲ့အတူ (အမ္မလေ ဆွာလေဟာသ်) လို့ ခေါ်တဲ့ ကောင်းမြတ်တဲ့ လုပ်ငန်းဆောင်တာတွေကို လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်ဖို့ တပြိုင်နက်ထဲ တာဝန်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီနေရာမှာ အီမာန်၊ အေဗာဒသ်၊ အမ္မလေ ဆွာလေဟာသ်၊ ဆွလာသ်၊ ဇကားသ်၊ ဆွီယာမ်၊ ဟဂျ်၊ အွမ္မရာဟ် စတဲ့ ကျင့်ဝတ်စည်းကမ်းတာဝန်တွေကို ထမ်းရွက်ရင်းနဲ့ လူနဲ့လူ့ပတ်ဝန်းကျင်မှာ နေထိုင်သက်ရှင် ဘဝတည်ဆောက်ရင်းနဲ့ လူတွေကြားထဲမှာ ကြုံတွေ့လာရမယ့် လုပ်ငန်းတွေ၊ အခြေအနေတွေ၊ အကြောင်းခြင်းရာတွေ၊ အဖြစ်အပျက်တွေ၊ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ အလ္လာဟ်အရှင်မြတ်က နောက်ဆုံးနဲ့ အန္တိမ တမန်တော်မြတ်ကြီးဖြစ်တဲ့ မုဟမ္မဒ်(ဆွ) ထံကို နောက်ဆုံးနဲ့ အပြီးပြည့်စုံဆုံးဖြစ်တဲ့ မြတ်သောကျမ်းဂန် အလ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးရင်နဲ့ အဲ့ဒီ နဗီရဆူလ် တမန်တော်မြတ်ကို လမ်းညွှန်ပြသပြီး အဲဒီကုရ်အာန်ရောက်ရှိရာ အရပ်ဒေသအသီးသီးမှာရှိတဲ့ လူသားခပ်သိမ်းကို လမ်းညွှန်ဖို့ အတွက် အာယသ်ဒေသနာတော်တွေကို ရှင်းရှင်းလင်းလင်း မိန့်ကြားထားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအထဲကမှ လူတွေကြားထဲမှာ နေထိုင်တဲ့လူတွေအနေနဲ့ လူသားဖြစ်တဲ့အားလျော်စွာ လူ့ကျင့်ဝတ်တွေနဲ့ နေထိုင်အသက်ရှင်ဖို့ လိုအပ်မှာဖြစ်တာကို အကြွင်းမဲ့သိတော်မူတဲ့ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ တမန်တော်မြတ်ကြီး(ဆွ)ကို ဦးတည်ပြီးတော့ လူ့ကျင့်ဝတ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။ အဲဒီဖော်ပြချက်တွေထဲက အချို့သော အချက်အလက်တွေကို ကျွန်တော်တင်ပြလာတာဟာ အပိုင်း(၃)အထိ ပြီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအပတ်မှာ အပိုင်း(၄)ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူနှစ်ယောက်တွေ့ဆုံမှုစတဲ့အခါ၊ လူ့အဖွဲ့အစည်းဝင်တွေ အချင်းချင်းတွေ့ဆုံမှုတွေ စတဲ့အခါမှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး နှုတ်ခွန်းဆက်သမှု ပြုကြပါတယ်။ အရဗ်တွေအကြောင်းကို စပြီးပြောပြရမယ်ဆိုရင် ကျမ်းတော်မြတ်ကုရ်အာန် စပြီးထုတ်ပြန်ပို့ချခြင်းမခံရခင်က အရဗ်တွေနဲ့ ယဉ်ကျေးမှုမှာ တစ်ယောက်နဲ့တစ်ယောက် သို့မဟုတ် လူ့အဖွဲ့အစည်းကြားထဲကို တစုံတယောက်က ရောက်ရှိလာပြီဆိုရင် သူတို့အချင်းချင်းမှာ နှုတ်ခွန်းဆက်သလေ့ရှိကြ တယ်။ (ဟိုက်ယာကလ္လာဟ်)။ မြန်မာဘာသာပြန်က (အသင့်ကို အရှင်မြတ် အသက်ရှည်စေတော် မူပါစေ။) ဆိုပြီးတော့ နှုတ်ခွန်းဆက်သကြပါတယ်။ အဲ့ဒီကနေ တဆင့်တက်လာတဲ့အခါမှာ သိပ်ရင်းနှီးလို့ဖြစ်စေ၊ သို့မဟုတ် လူကြီးတွေက လူငယ်တွေကို ဆုပေးတဲ့အခါမျိုးမှာ ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် နှုတ်ခွန်းဆက်သဖို့ ကြုံလာပြီဆိုရင် သူတို့ဟာ ဘယ်လိုနှုတ်ခွန်းဆက်သကြသလဲဆိုရင် “အရှ် အလ်ဖဆနဟ်” ၊ မြန်မာမှုမှာက သက်တော်ရာကျော် ရှည်ပါစေလို့ ပြောကြတယ်။ အရဗ်တွေကတော့(အသက်နှစ်ပေါင်းတစ်ထောင်ရှည်ပါစေ)လို့ပြောကြတယ်။ အရဗ်ထုံးစံမှာ ပြောခဲ့ကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာကြည့်လိုက်ရင် မြန်မာနိုင်ငံက အများစု နှုတ်ခွန်းဆက်သတာက (မင်္ဂလာပါ) ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးကို သူတို့အသုံးပြုတဲ့ဘာသာစကားနဲ့ နှုတ်ခွန်းဆက်သမယ်။ သူတို့ဘာသာစကားကို တတ်သလောက် မှတ်သလောက် ပြောမယ်ဆိုရင် အဲ့ဒီလူမျိုးတွေနဲ့ ရင်းနှီးနွေးထွေးမှု၊ ခင်မင်မှုတွေ ပိုရတတ်ပါတယ်။ ဟိန္နူတွေ၊ ကျူလီယာတွေ အသိုင်းအဝိုင်းကို သွားမယ်ဆိုရင် (ဝနကွန်းမ်)။ ဟိန္နူ အသိုင်းအဝိုင်းကို သွားမယ်ဆိုရင် (နမရှ်ကား)။ တရုတ်တွေဆီ သွားမယ်ဆိုရင်တော့ (နိဟောင်မား)။ ယိုးဒယားသွားတာနဲ့ သေချာပေါက်ကြားရမှာက (ဆဝါဒီခ)။ ဂျပန်သွားရင် (အာရိကသု ကုဇိုက်မ) ကြားရမှာပေါ့။ ကိုးရီးယားသွားရင် (အညောဆေရော) ကြားရမှာပေါ့။ အဲ့ဒီလို နေရာဒေသ၊ လူမျိုးအလိုက် နှုတ်ခွန်း ဆက်သမှုတွေ အမျိုးမျိုးရှိကြပါတယ်။ Good Morning အသိုင်းအဝိုင်းရောက်ရင် Good Morning ပေါ့ဗျာ။
အလ္လာဟ်အရှင်မြတ်က လူ့အသိုင်းအဝိုင်းမှာ ဝင်ဆန့်မယ့်လူတွေ၊ တနည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်ကို ယုံပါတယ်လို့ပြောတဲ့ မွတ်စလင်မ်တွေကို အခုလိုသင်ပေးပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၄ ၊ အာယသ် ၈၆ မှာ “အသင်တို့သည် တနည်းနည်းဖြင့် နှုတ်ခွန်းဆက်သခြင်းခံရသောအခါ ထိုနှုတ်ခွန်းဆက်သခြင်းထက် သာလွန်ကောင်းမြတ် သောနည်းလမ်းဖြင့် နှုတ်ခွန်းဆက်သကြလေကုန်။ သို့တည်းမဟုတ် ထိုနှုတ်ခွန်းဆက်သခြင်းခံရသည့်အတိုင်းပင် တုန့်ပြန်ကြ လေကုန် ” (၄း၈၆)၊ ဆက်လက်ပြီး “ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်နေကြသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး စစ်ဆေးတော်မူမည့် အရှင် ဖြစ်တော်မူသည် ” လို့ ဖော်ပြထားပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ပြဌာန်းချက်က စာရင်းအင်း (ဟိဆာဗ်)လုပ်မယ်ဆိုတော့ နှုတ်ခွန်းဆက်သတာနဲ့ စာရင်းအင်းလုပ်တာနဲ့ ရုတ်တရက်ကြည့်ရင် တမျိုးကြီး ဘဲပေါ့။ နှုတ်ခွန်းဆက်သတဲ့အချိန်မှာ တုန့်ပြန်မှု၊ ရင်းနှီးနွေးထွေးမှုတွေရလာတဲ့အခါမှာ အဆင့်၊ ရင်းနှီးမှု၊ ရလဒ်တွေတိုးပွား လာပါတယ်။ ကျွန်တော်တို့ ရုံးတွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ ရုံးထဲကို ဝင်သွားပြီဆိုတာနဲ့ ပထမဦးဆုံး လုပ်ရာမှာက မျက်နှာကို အသေအခြာ ပြုံးထားရပါမယ်။ အဲ့ဒီလိုပြုံးပြီး မင်္ဂလာပါလို့ဝင်သွားလိုက်တာနဲ့ ရုံးထဲရှိတဲ့လူတွေက ကိုယ့်ကို အာရုံစိုက်ကြည့် လာပါမယ်။ အဲ့ဒီမှာရှိတဲ့လူတွေကလည်း မင်္ဂလာပါလို့ တုန့်ပြန်လာပါလိမ့်မယ်။ ဒါက နှုတ်ခွန်းဆက်သတဲ့အတိုင်း ပြန်နှုတ်ခွန်း ဆက်သပါလို့ပြောတာ။
တမန်တော်မြတ်(ဆွ)ထံကို ကုရ်အာန်ဝဟီ ရောက်လာတဲ့အချိန်မှာ စောစောက အရဗ်ကျင့်ထုံးရှိနေတဲ့ (ဟိုက်ယာ ကလ္လာဟ်) ရပ်သွားတယ်။ အသက်နှစ်ပေါင်းတစ်ထောင် ရှည်ပါစေလို့ပြောတဲ့ (အရှ် အလ်ဖဆနဟ်)လည်း ရပ်သွားတယ်။ ဘာ အစားထိုးပြီး ရောက်လာသလဲဆိုတော့ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၆း၅၄ မှာ “ အသင်ထံကို ငါအရှင်မြတ်ရဲ့ အာယသ် ဒေသနာတော်များကို အကြွင်းမဲ့၊ သံသယမဲ့ သက်ဝင်ယုံကြည်တဲ့ လူတွေရောက်လာပြီဆိုရင် (ကုလ်) အသင် ပြောကြားပါလေ (ဆလာမွန်န်၊ အလိုင်းကွန်မ်) အသင်တို့အပေါ်မှာ ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေသတည်း” (သင်တို့ရဲ့ဘဝ ငြိမ်းချမ်းသာယာ ဘေးကင်းလုံခြုံတာကိုဘဲ ငါကိုယ်တော် လိုလားဆန္ဒရှိပါတယ်လို့ ပြောတာဖြစ်ပါတယ်)
ဒီနေရာမှာ အနည်းငယ် စဉ်းစားဖို့ ကျွန်တော်အချက်အလက်လေးတွေ ဖော်ပြပါမယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ဘဝမှတ်တမ်းတင်ထားမှုတွေကို ကြည့်လိုက်ရင် ကိုယ်တော် မုဟမ္မဒ်ကို (ဆလာမ်) ဦးစွာပေးချင်လို့ ကြိုးစားခဲ့တဲ့လူတွေ၊ စောင့်နေခဲ့တဲ့လူတွေ အများကြီးရှိခဲ့တယ်။ တချို့ဆို ဖဂျရ် မတိုင်ခင် အမှောင်ထုကနေ လာမယ့် ကိုယ်တော်ကို သွားရောက် စောင့်ဆိုင်းနေတဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် မှတ်တမ်းတွေအရတော့ ကိုယ်တော်ကဘဲ ဦးစွာ ဆလာမ်ပေးခဲ့တယ်လို့ဘဲ တွေ့ရှိရပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ကိုယ်တော်ရဲ့စန္နသ်ကို လက်တွေ့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ကြိုးစားကြပါသလား။ ကျွန်တော်တို့က ဒီကနေ့ ငါက အသက်ပိုကြီးတယ်၊ ဝါ ပိုကြီးတယ်၊ ငါက ဟာဂျီဆပ်၊ ငါကဆရာ၊ ငါက အဖေ၊ ငါက အမေ၊ ငါက ဆရာသခင် ကျေးဇူးရှင်၊ ငါက သူဌေးကြီး တို့ ဆိုတဲ့ လူတွေက တမန်တော်ရဲ့ စွန္နသ်ကို မေ့ထားကြတယ်။ မလိုက်နာနိုင်ကြဘူး။ ကိုယ်ကစပြီး စလာမ်မေတ္တာပို့သ နှုတ်ခွန်းဆက်သမှုပြုဖို့ သတိပြုသင့်ပါတယ်။
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ရဆူလ် နဗီတမန်တော်တစ်ပါး ဖြစ်ပါရက်နဲ့ လူတွေကို ဦးစွာ ဆလာမ်ဆိုခဲ့ပါတယ်။ နှုတ်ခွန်းဆက်သမှု ပြုခဲ့တယ်။ ကျွန်တော်တို့ကတော့ သူများက ကိုယ့်ကို ဆလာမ်ပေးမှာကို စောင့်မျှော်နေကြတယ်။ မပေးရင်တောင် စိတ်ဆိုးကြသေးတယ်။ ပိုဆိုးတာက သူတပါးကပေးတဲ့ ဆလာမ်ကို ဂျဝါဗ် မပြန်တာဘဲ။ ကျွန်တော်တို့က တခါတရံမှာ ပြောရင်းဆိုရင်း၊ သွားရင်းလာရင်း၊ နေရင်းထိုင်ရင်းနဲ့ တချို့သော ကုရ်အာန် အာယသ် လမ်းညွှန်မှုတွေ မလေးမစား၊ မခန့်လေးစားပြုမိနေတယ်။ ကုရ်အာန်က ဘာသင်ပေးထားပါသလဲ။ (ထိုကဲ့သို့ နှုတ်ခွန်းဆက်သခြင်းထက် သာလွန်ကောင်းမြတ်သောနည်းလမ်းဖြင့် နှုတ်ခွန်းဆက်သကြ) လို့ အလ္လာဟ်ကလမ်းညွှန်နေတာ။ (အတ်စလားမု အလိုင်းကွန်းမ်) လို့ နှုတ်ခွန်းဆက်သခြင်းခံရတဲ့အခါ၊ ဂျဝါဗ် ယူရမည့်လူက (ဝအ်လိုင်ကွန်မ် ဆလာမ်)၊ ရပြီ။ သူ့ထက်ပိုကောင်းပါလို့ ပြောတဲ့အတွက် (ဝရဟ်မသုလ့်လားဟိ)၊ (ဝဗရကသုဟု)လို့ ပြန်လည် တုန့်ပြန်ပါလို့ပြောတာ။
ဒါကို သေသေခြာခြာကြည့်ရင် မွတ်စလင်မ်ဆိုသူတွေဟာ မေတ္တာတရားကို လက်ကိုင်ထားတဲ့သူတွေ၊ ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးတဲ့သူတွေ၊ ငြိမ်းချမ်းမှုကို လိုလားတဲ့သူတွေ ဖြစ်ကြောင်း သေသေခြာခြာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီနှုတ်ခွန်းဆက်သမှုကို အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို သေသေခြာခြာ သင်ပေးထား၊ လမ်းညွှန်မိန့်ကြား ထားပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ နားလည်လို့ရသွားပါပြီ။ မည်သူမဆို ကျွန်တော်တို့ကို နှုတ်ခွန်းဆက်သလာပြီဆိုရင် မင်္ဂလာပါဆိုတဲ့ အသိုင်းအဝိုင်းရောက်သွားရင် မင်္ဂလာပါ ဖြစ်သွားရပါမယ်။ အမေရိကန် သမ္မတအိုဘားမား ဗမာပြည် ရောက်တော့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောတော့ စပြောတာက (မင်္ဂလာပါ မြန်မာနိုင်ငံ)ဆိုတော့ မြန်မာနိုင်ငံသားတွေ သဘောကျသွားတာပေါ့။ ဒါက ကျွန်တော်တို့ မွတ်စလင်မ်တွေ သွားရင်းလာရင်း နေရင်းထိုင်ရင်းနဲ့ အလ္လာဟ့်အမိန့် လမ်းညွှန်ချက်ကုရ်အာန်ကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်လို့ရတယ်ဆိုတာကို သင်ကြားပြသပေးထား တာဖြစ်ပါတယ်။
ဆက်လက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်ပါ သုခမိန်ကြီး လွက်မာန်ဟကင်မ် က သူ့ရဲ့သားကို ဆုံးမတဲ့ကိစ္စထဲက အာယသ်နှစ်ခုကို တင်ပြသွားမှာဖြစ်ပါတယ်။ လူငယ်တွေဟာ ပညာရည်ပြည့်ဝလာတဲ့အချိန်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အချိန်မှာ၊ သူတို့ခြေထောက်ပေါ် သူတို့ မားမားမတ်မတ် ရပ်တည်လာနိုင်ပြီးတော့ ဝင်ငွေရလမ်းကောင်း လာတယ်။ မိဘအသိုင်းအဝိုင်းက ပံ့ပိုးလိုက်တဲ့အတွက် အဆင်ပြေလာတဲ့ အနာဂတ်ခေါင်းဆောင် လူငယ်တွေကို ဦးတည် ပြီးတော့ သားကို ဆုံးမသင်ကြားပေးတာဖြစ်တယ်။
ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၃၁ ၊ အာယသ် ၁၈ “ (အိုချစ်သား) အသင်သည် လူတို့၏ ရှေ့ဝယ် မာန်မာန ထောင်လွှားလျက် မျက်နှာကို စူမထားလေနှင့် ” မျက်နှာ။ ဒီမျက်နှာက တော်တော်အရေးကြီးပါတယ်။ လူတစ်ယောက်က မာန်မာန ထောင်လာပြီဆိုရင် သူ့ရဲ့မျက်နှာအနေအထားက ကျွန်တော်တို့ ဗမာပြည်မှာ လက်တွေ့ ၊ အပြောများနေတဲ့ စကားလေး ပြောရရင် (ဒီလူ့မျက်နှာက မသိရင် တလောကလုံးက သူ့လုပ်စာထိုင်စားနေရတဲ့ ပုံပေါက်တယ်)လို့ ပြောကြတယ်။ မျက်နှာအထားအသိုက အစ ကုရ်အာန်က ကျွန်တော်တို့ကိုသင်ပေးတာ။ လွက်မာန်ဟကင်မ် က သူ့သားကို သင်ပေးလိုက်တဲ့ ဟာက စကြာဝဠာနိဂုံးချုပ်တဲ့အထိ အရေးပါမယ့် ကိစ္စရပ်ဖြစ်တဲ့အတွက် လူတွေအတွက် အရေးကြီးလို့ ကုရ်အာန်ထဲမှာ အလ္လာဟ်က ပြန်ထည့်ပြီး လမ်းညွှန်ပြသပေးထားတာပါ။
ပြီးတော့ (လူမှုပတ်ဝန်းကျင်မှ မျက်နှာမလွှဲလေနှင့်၊ မျက်နှာထားတင်းတင်း မထားနဲ့။) လူ့အဖွဲ့အစည်းဝင်တွေမှာ တခုခုအရေးပေါ်လိုအပ်လာပြီဆိုရင် မိမိတတ်နိုင်တဲ့အနေအထားနဲ့ အဲ့ဒီ လူ့အဖွဲ့အစည်းဝင်တွေကို ပံ့ပိုး၊ ဖြည့်ဆည်းထောက်ပံ့ ပေးရမယ်။ ဖြေရှင်းပေးရမယ်။ ကူညီပေးရမယ်။ နှုတ်၏စောင်မခြင်း၊ လက်၏ စောင်မခြင်း လုပ်ဆောင်ပေးရမယ်။ (ထို့ပြင် အသင်သည် ကမ္ဘာမြေပေါ်ဝယ် မော်ကြွားလျက် လမ်းမလျှောက်လေနှင့်။) လူတွေအနေနဲ့အလုပ်အကိုင် အခွင့်အလမ်း ပြေလည်ပြီး၊ အောင်မြင်လာပြီဆိုရင် အောက်ခြေလွတ် ဘဝင်မြင့်လာတတ်ကြတယ်။ အဲ့ဒါကို သတိပေးဆုံးမထားခြင်း ဖြစ်တယ်။ လူတစ်ဖက်သားကို အထင်မသေးရန်၊ မောက်မာစွာ မဆက်ဆံရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား တန်ဖိုးထား ဆက်ဆံရန် သင်ကြားပေးခြင်းဖြစ်ပါတယ်။ စိတ်ကြီးမဝင်နဲ့၊ ဘဝင်မမြင့်နဲ့။ ဘာဖြစ်လို့လဲ။ ဧကန်စင်စစ် (အလ္လာဟ် အရှင်မြတ်သည် မည်သည့် စိတ်ကြီးဝင်ဘဝင်မြင့်မောက်မာသူ၊ ဝါကြွားဂုဏ်မောက်သူတို့ကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။)
စူရာဟ် လွက်မာန် (စူရာဟ် ၃၁) မှာ လွက်မာန် ဟကင်မ်က သူ့သားကို ဆုံးမတာကိုဖော်ပြသလိုမျိုး စူရာဟ် ဗနီ အိစ္စရာအီလ် (စူရာဟ် ၁၇)မှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို စံထားပြီးတော့ လူသားတွေကို မှာကြားတာ၊ စူရာဟ် ၁၇ ၊ အာယသ် ၃၇ ၊ “အသင်သည် ကမ္ဘာမြေဝယ် ဟိတ်ဟန်ထုတ် မော်ကြွားလျက် မလျှောက်လေနှင့်။ ဧကန်စင်စစ် အသင်သည် မော်ကြွား၊ ပြင်းထန်စွာ လျှောက်လှမ်းခြင်းဖြင့် ပထဝီမြေကြီးကို ထိုးဖောက်၊ ဖောက်ခွဲနိုင်မည် မဟုတ်ပါ။ ၎င်းပြင် မိမိကိုယ်လုံး ကိုယ်ရပ်ကို မြင့်စွင့်ခြင်းဖြင့် တောင်များကို အလျင်း မီနိုင်မည်မဟုတ်ပေ” (၁ရး၃၇) ဒီအာယသ်က ကျွန်တော်တို့ကို သင်ပေးနေတာက လူမှုပတ်ဝန်းကျင် သွားလာလုပ်ကိုင်ဆောင်ရွက်ရာမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ မာနမထောင်လွှားနဲ့။ အောက်ခြေမလွတ်နဲ့ ။ စိတ်ကြီးဝင် ဘဝင်မမြင့်နဲ့ ၊ မမော်ကြွားနဲ့ ၊ မမောက်မာနဲ့လို့ သင်ပေးထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး စူူရာဟ် ၃၁၊ အာယသ် ၁၉ မှာ “ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှုကို အလယ်အလတ်ပြုပါလေ။ (အိန္ဒြေသိက္ခာရှိစွာ လျှောက်လှမ်းပါ၊ ခြေလှမ်းမကျဲပါလေနှင့်။) ထို့ပြင်အသင်သည် မိမိအသံကို နှိမ့်ချပါလေ။” (လေယူ လေသိမ်း၊ အသံအနိမ့်အမြင့် ယဉ်ကျေးသိမ်မွေ့ပါစေ)။ လူမှုပတ်ဝန်းကျင်မှာ ပြောဆိုပြုမူ လုပ်ကိုင်ဆောင်ရွက်ရာမှာ ကြမ်းတမ်းခက်ထန် မာကျော ရိုင်းစိုင်းမှုမရှိစေဘဲ ယဉ်ကျေးသိမ်မွေ့မှု ရှိစေရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။ ဒီနေရာမှာ ပုံမှန်လမ်းလျှောက်တာကို တစ်ခုတည်း ပြောတယ်လို့ မမြင်ဘဲ ဘဝခရီးတလျှောက် ကြုံတွေ့ရမယ့် ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ နယ်ပယ်အသီးသီးအတွက်လည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ မြန်မာစကားမှာရှိတဲ့ အလှမ်းကျယ် အလယ်လတ်၊ အသွားမတော် တစ်လှမ်း။ တချို့ စီးပွားရေးလုပ်တယ်။ ချေးငှားပြီး လုပ်တယ်။ မနိုင်ဝန် ထမ်းတယ်။ ပြီးတော့ မနိုင်မနင်းဖြစ်ပြီး အပေးအယူမမှန်ဖြစ်ကာ အလုပ်အကိုင်မှားယွင်းမှုတွေ ကြုံတွေ့လာကြတာ တွေ့မြင်ကြရမှာပါ။
ဒီအာယသ်ရဲ့ အဆုံးသတ်မှာ “ဧကန်မုချ စက်ဆုပ်မနှစ်မြို့ဖွယ်အဖြစ်ဆုံး အသံကား မြည်းသတ္တဝါတို့၏ အသံပင် ဖြစ်ပေသတည်း” (၃၁း၁၉)၊ ဒီအာယသ်က ကျွန်တော်တို့ကို သင်ပေးတာ လူ့ဘဝခရီးလမ်းကို လျှောက်လှမ်းတဲ့အခါမှာ အိန္ဒြေသိက္ခာရှိစွာ လျှောက်လှမ်းရမယ်၊ ခြေလှမ်းမကျဲရဘူး။ မိမိလေယူလေသိမ်း အသံအနိမ့်အမြင့် ယဉ်ကျေးသိမ်မွေ့မှု ရှိရမယ်။ လူမှုပတ်ဝန်းကျင်မှာ ပြောဆိုပြုမူလုပ်ကိုင်ဆောင်ရွက်ရာမှာ ကြမ်းတမ်းခက်ထန် မာကြောရင့်သီးမှု၊ ရိုင်းစိုင်းမှု မရှိစေရ။ ယဉ်ကျေးသိမ်မွေ့စေရန်အတွက် အသံအနိမ့်အမြင့်၊ လေယူလေသိမ်းကအစ သင်ကြားပေးခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါက အစ္စလာမ်က ကျွန်တော်တို့ကို သင်ပေးနေတဲ့ ပေါင်းသင်းဆက်ဆံရေး၊ လူမှုကျင့်ဝတ်နဲ့ ယဉ်ကျေးမှုဆိုတဲ့ အနေအထားကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး လူတွေရဲ့ကြားမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေ ဖြစ်ပေါ်လာတဲ့အခါမှာ အကြံပေးရင်ဘဲဖြစ်ဖြစ်၊ အစ္စလာမ် လူ့အဖွဲ့အစည်းမှာ ဖသ်ဝါ ဓမ္မသတ်ထုတ်ပြန်ပေးနိုင်တဲ့ သူတွေဖြစ်ဖြစ်၊ မိသားစုဝင်ထဲမှာ အကြီးအကဲ အဖြစ် ရပ်တည်နေတဲ့သူ ဖြစ်ဖြစ်၊ နောက်ဆုံး မိမိကိုယ်တိုင် မိမိရဲ့အရေးအရာ ကိစ္စကို တာဝန်ယူ ဆုံးဖြတ်စီမံခန့်ခွဲ လုပ်ပိုင်ခွင့်တွေရှိတဲ့အခါမျိုးမှာ ဖြစ်ဖြစ် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တစ်ခုကို ကျွန်တော် ဆက်လက်တင်ပြသွားပါမယ်။
ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၄ ၊ အာယသ် ၁ဝ၅ မှာ – ဒီအာယသ်ကလည်း ကျွန်တော်တို့အားလုံးရဲ့ နောက်ဆုံးနဲ့ အန္တိမ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ကို စံပြုပြီးတော့ ကုရ်အာန်ထဲမှာ အလ္လာဟ်အရှင်မြတ်က နောက်ထပ် လူသားတွေကို သွန်သင်ဆုံးမလမ်းညွှန်ပြနေတဲ့ အာယသ်ဒေသနာ ဖြစ်ပါတယ်။ “အို-တမန်တော်၊ ဧကန်မုချ အသင်သည် လူတို့စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်က အသင့်အား ပြသတော်မူသည့်အတိုင်း တရားစီရင် ဆုံးဖြတ်ပေးရန် ငါအရှင်မြတ်သည် အသင်၏ထံတော်သို့ ကျမ်းဂန်ဒေသနာတော် (ကျမ်းမြတ်ကုရ်အာန်)ကို အလုံးစုံမှန်ကန်မှုနှင့်တကွ ထုတ်ပြန်ပို့ချပေးတော်မူခဲ့ လေသည်။ ၎င်းပြင်အသင်သည် လီဆယ်လှည့်ဖြား၊ အလွဲသုံးစားပြုလုပ်သူ၊ သစ္စာမဲ့သူများအတွက် ကာကွယ်ချေပ ပြောဆိုသူ မဖြစ်ပါလေနှင့်။” (၄း၁ဝ၅) ၊ ဒီအာယသ်မှာ အချက်(၃)ချက်ကို သင်ပေးထားပါတယ်။ တရားစီရင်ဆုံးဖြတ်ခြင်း၊ အလ်ဟာက်၊ အလ်ကိသာဗ်။ ကျမ်းဂန်၊ အဲ့ဒီကျမ်းဂန်ဟာ အလ်ဟာက်ဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်သည် အလ်ဟာက် အလုံးစုံ အမှန်တရားဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် တစ်စောင်တည်းကိုသာလျှင် တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) လက်ထက်တော်ကနေ ကိယာမသ် ကမ္ဘာ့နိဂုံးအဆုံးသတ်မယ့်နေ့အထိ အလ်ဟာက်(အလုံးစုံအမှန်သစ္စာတရားလို့) သုံးထားတာ ဒီကုရ်အာန် တစ်ကျမ်းတည်း ရှိပါတယ်။ ကျန်တဲ့စာအုပ်တွေမှာ ဘယ်နေရာမှာမှ အလ်ဟာက်ပါလို့ ဘယ်ပြုစုသူကမှ ဘယ်နေရာမှာမှ မသုံးထားပါဘူး။ တမန်တော်မြတ်ကြီး(ဆွ)ဟာ လူတွေကြားမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာ အလ္လာဟ် ချပေးတဲ့ အလ်ဟာက်ဆိုတဲ့ကျမ်း ကုရ်အာန်နဲ့ဘဲ တရားစီရင်ဆုံးဖြတ်မှုပြုခဲ့ပါတယ်။ မတရားလုပ်တာတွေ သိပ်များပြီး၊ လူတွေကို ဒုက္ခမျိုးစုံပေး၊ လိမ်လည်လှည့်ဖြားမှုတွေ ကျူးလွန်ပြီး၊ အလွဲသုံးစားတွေလုပ်ပြီး သစ္စာမဲ့တဲ့လူတွေဘက်ကနေ တမန်တော်မြတ်ရဲ့ လမ်းစဉ်ကို ဖဝါးခြေထပ်လိုက်ပါ့မယ်ဆိုတဲ့ ကျွန်တော်တို့ မုအ်မင်န်၊ မွတ်စလင်မ်တွေအနေနဲ့ သူတို့အတွက် ခုခံချေပ၊ ကာကွယ်ပေးဖို့ တာဝန်မရှိဘူး။ ဒါကြောင့် တမန်တော်မြတ်(ဆွ)ဟာ သစ္စာမဲ့တဲ့၊ သစ္စာဖောက်တဲ့လူတွေ၊ ယုံကြည်အပ်နှံမှုကို အလွဲသုံးစားပြုတဲ့လူတွေ၊ လိမ်လည်လှည့်ဖြားတဲ့လူတွေ ဘက်ကနေ ဘယ်သောအခါကမှ မရပ်တည် ပေးခဲ့ဘူး၊ ကာကွယ်ချေပပြောဆိုသူမဖြစ်ခဲ့ပါဘူး။ တမန်တော် မူဆာ(အ)လည်း ဒီလိုဘဲကျင့်သုံးခဲ့တယ်ဆိုတာ စူရာဟ် ၂၈ ကို လေ့လာကြည့်ရင် တွေ့ရမှာပါ။ ဒါက အလ္လာဟ့်တမန်တော် အားလုံးရဲ့ လမ်းစဉ်ဖြစ်ပါတယ်။
ကုရ်အာန် စူရာဟ် ၄း၁ဝ၇ မှာလည်း- “ထို့ပြင် အသင်(တမန်တော်သည် မိမိတို့ကိုယ်ကို လိမ်လည်လှည့်ဖြား အလွဲ သုံးစားလုပ်သူ၊ သစ္စာမဲ့သူတို့ဖက်မှ အချေအတင်ခုခံချေပပြောဆို (ဆောင်ရွက်)ခြင်းမပြုပါလေနှင့်။ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အလွန်သစ္စာမဲ့သူ(အလွဲသုံးစားပြုသူ)၊ အလွန်ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့ကို နှစ်သက်တော်မမူပေ” (၄း၁ဝ၇) ဒီအာယသ်ပါ အစ္စမွန်ဆိုတဲ့စကားလုံးကို လေ့လာကြည့်ရင် အရည်အချင်းပျက်ယွင်းသူ၊ လူ့အရည်အသွေး၊ လူ့ဂုဏ်ရည် ဂုဏ်သွေး ချို့ယွင်းခြင်း၊ လိမ်လည်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တပျက်ယွင်းခြင်း၊ ယုံကြည်အပ်နှံမှု(အမာနသ်)ကို အလွဲသုံးစားပြု(ခယာနသ်)လုပ်ခြင်း၊ အဲ့ဒီလိုကိစ္စတွေ ပြုလုပ်ကြတဲ့လူတွေကို အလ္လာဟ် နှစ်သက်တော်မမူဘူးဆိုတာကို တင်ပြထားတဲ့အတွက် ကျွန်တော်တို့အားလုံး၊ အဆိုပါကိစ္စတွေက ရှောင်ကြဉ်ရမှာဖြစ်ပြီး အလ္လာဟ်အရှင်မြတ် နှစ်သက်သဘောတူ ကျေနပ်လက်ခံတဲ့ လုပ်ငန်းဆောင်တာများဖြစ်တဲ့ (အမ္မလေဆွာလေဟာသ်)များကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်စွမ်း အရှင်မြတ်၊ ကျွန်တော်မျိုးတို့ကို ပေးသနားတော်မူပါစေလို့ ဆန္ဒပြုရင်း ရပ်နားလိုက်ပါတယ်။