ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ် (အပိုင်း-၅)
မုဖ်သီ ဦးသန်းအောင် (LL.B)
“လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့ခင်ဗျား ”
“အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟ်”
ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအာဟ် ခွတ္တဗာဟ် ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရဝပြု ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကြွရောက်အားပေး နားသောတဆင်နေကြပါသော လူကြီးမင်းများ အားလုံးကို ကျေးဇူးတင် ဂါရဝပြုပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော် ဒီအပတ်တင်ပြသွားမှာကတော့ “ကုရ်အာန်က ညွှန်ပြသောလူမှုကျင့်ဝတ် (အပိုင်း-၅)” ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ကျတဲ့ (၂၂-၁၁-၂ဝ၁၉)ရက်နေ့က အပိုင်း-၄ အနေနဲ့ ကျွန်တော် တင်ပြတဲ့အခါမှာ လူ့အဖွဲ့အစည်းဝင် အချင်းချင်းမှာ ရှိနေတဲ့ နှုတ်ခွန်းဆက်သခြင်း၊ လူမှုပတ်ဝန်းကျင် တစ်ခုလုံးကို ငြိမ်းချမ်းသာယာဝပြောမှု ရှိစေရန်အတွက် မိမိကိုယ်တိုင်က စတင်ဆောင်ရွက်တတ်ခြင်း၊ လူမှုပတ်ဝန်းကျင်တွင် သွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက်ရာမှာ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ ယဉ်ကျေး သိမ်မွေ့စွာနဲ့ သွားလာနေထိုင်တတ်ရန်၊ လူမှုဆက်ဆံရေးမှာ ကြမ်းတမ်းခက်ထန် မာကြောပြီး ရိုင်းစိုင်းစွာ ပြုမူ ဆောင်ရွက်မုှ မပြုရန်၊ စကားအပြောအဆို လေယူလေသိမ်း အနိမ့်အမြင့်၊ အသံရဲ့ အနေအထားကစပြီး သတိပြုဘွယ်ရာတွေကို ကျမ်းတော်မြတ် ကုရ်အာန်က သွန်သင်ဆုံးမ လမ်းညွှန်ပြသထားတဲ့ အာယသ်တော်တွေနဲ့ ကျွန်တော် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီအပတ်မှာလည်း အဲ့ဒီ အကြောင်းအရာတွေရဲ့အဆက်ကို ဆက်လက် တင်ပြမှာ ဖြစ်ပါတယ်။ လူသားတွေ လူရယ်လို့ ဖြစ်လာကာစ တစ်နှစ်ခွဲ၊ နှစ်နှစ်သားကတည်းက (ဆွံ့အသူ ကလေးသူငယ်ကလွဲရင်) စကားစပြီး ပြောလာကြပါတယ်။ သာမန်အားဖြင့် နောက်ဆုံးထွက်သက်အထိ အနည်းဆုံးတော့ ကလီမာဟ် (လားအိလာဟ အစ်လ္လလ္လာဟ်၊ မုဟမ္မဒူရ် ရဆူလွလ္လဟ်) အလ္လာဟ် ကလာမ်ကို သတိရရင်းနဲ့ နောက်ဆုံးထွက်သက်အထိ စကား ပြောဆိုလျှက် ရှိနေကြပါတယ်။ အဲ့ဒီစကားဆိုတာကို ကျွန်တော်တို့ စာပေနယ်ပယ်မှာ ကြည့်လိုက်တဲ့အခါမှာ စကားဆိုတာ အသံကို ကြားပြီးတော့၊ အဲ့ဒီ အသံကို အစွဲပြုပြီး ရေးသားထားတဲ့ စကားနဲ့စာကို ပြောဆိုနေကြတာ ဖတ်နေကြတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဲ့ဒီအသံကို မူတည်ပြီးတော့မှ စကားဆိုတာ ဖြစ်လာတာပါ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ရင်သွေးငယ်တွေ မွေးလာပြီဆိုရင်၊ အဲ့ဒီ မွေးကင်းစကနေ တစ်နှစ်၊ တစ်နှစ်ခွဲသားလောက် ရောက်ရင်၊ လူကြီးသူမတွေက အဲ့ဒီ ကလေးတွေကို ချိုသာတဲ့ စကားလုံးလေးတွေနဲ့ စတင်မိတ်ဆက်ပြောဆိုပေးရပါမယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေမှာ ထူးခြားတာက ဘယ်အချိန်မှာ သူ့ကိုစပြီးတော့ အသံနဲ့ နီးစပ်စေလိုက်သလဲဆိုရင် မွေးဖွားပြီးတော့ မီးတွင်းကနေထွက်ပြီး (တစ်ချို့ဆို တစ်ရက်၊ တစ်ချို့ဆို အဲ့ဒီနေ့မှာဘဲ) ပထမဦးဆုံး ကလေးရဲ့ နားနှစ်ဖက်မှာ (အလ္လာဟ် ဟု အက္ကဗရ်)ဆိုတဲ့ အာဇန်ဆိုပေးပြီး၊ အသံကို စတင် မိတ်ဆက်ပေးစေပါတယ်။
အဲ့ဒီလိုနဲ့ တစ်နှစ်ခွဲလောက်ရောက်တော့ စကားတွတ်တီတွတ်တာ ပြောဘို့လိုပြီဆိုတဲ့ အချိန်မှာ ကလေးကို စကားပြောလို့ ကလေးက လှည့်မကြည့်ဘူးဆိုရင် သေချာပေါက် အဲ့ဒီကလေးကို ဆရာဝန်နဲ့ ပြသရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် အဲ့ဒီကလေးဟာ အကြားအာရုံ ချို့ယွင်းနေလို့ ဖြစ်ပါတယ်။ အဲ့ဒီ အကြားအာရုံချို့ယွင်းရင် သေချာတာက အသံမကြားလို့ နှုတ်ကလည်း မလှုပ်ဘဲ “အ” တယ် ဆိုတာ ဖြစ်လာပါမယ်။ ဒါကြောင့် ဆွံ့အနဲ့ နားမကြားက တွဲနေတာ ဖြစ်ပါတယ်။ အမှန်က နားမကြားတာကနေ ဆွံ့အခြင်းဖြစ်စေတာပါ။ ဒါကြောင့် အကြားအာရုံက အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်က ဖော်ပြတဲ့အခါမှာ Sense တွေ ရှိတဲ့အထဲမှာ လူသားမှာ အရင်ဆုံး အလုပ်လုပ်တဲ့ Sense က အကြားအာရုံ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
(အင်းန်နပ်စ်စမ်းမ်အ၊ ဝလ်ဗဆွရ) အကြားအာရုံက အရင် အလုပ်လုပ်ပြီးမှ အမြင်အာရုံက အလုပ်လုပ်ပါတယ်။ ကလေးက မွေးမွေးခြင်းမှာ ဘာမှ မမြင်ရသေးဘဲ တကယ်တမ်း အလုပ်လုပ်နေတာက အကြားအာရုံသာ ဖြစ်တယ်။ အဲ့ဒီအသံကို မူတည်ပြီးတော့ ကျွန်တော်တို့ စကားတွေ ပြောလာကြတယ်။ အဲ့ဒီကနေ တဆင့် တက်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ဒီကနေ့ သဒ္ဒါလို့ပြောတဲ့ သဒ္ဒါပညာရပ် ပေါ်လာပါတယ်။ သဒ္ဒဆိုတဲ့ စကားလုံးဝေါဟာရကနေ ဆင်းသက် လာပါတယ်။ မြန်မာမှုမှာ သူ့ရဲ့အဓိပ္ပါယ်က “အသံ” လို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် အသံကိုအစွဲပြုပြီး ပြောဆိုရေးသား ထားတဲ့ စကားနှင့်စာကို လေ့လာတဲ့ပညာရပ်ကို သဒ္ဒါပညာလို့ ခေါ်ဆိုပါတယ်။
ဒါကြောင့် သေသေခြာခြာလေ့လာကြည့်ရင် လူ့လောကမှာ လူရယ်လို့ဖြစ်လာပြီး ဟိုးကမ္ဘာဦး အစကစလို့ ကြည့်လိုက်ရင် လူတွေဟာ စာကို အရင်ဖတ်တာ မဟုတ်ပါဘူး။ စကားကို အရင်ပြောတာသာ ဖြစ်ပါတယ်။ ရှေးဦး လူတွေက ပထမတော့ “ဟန်” စကားနဲ့ ပြောကြတာပါ။ ဟန်စကားဆိုတာက လက်ဟန်၊ ခြေဟန်၊ အမူအရာနဲ့ ပြသတာကို ပြောတာပါ။ အခုထက်တိုင် စွဲမြဲနေသေးတာတွေ ရှိတဲ့အထဲက တစ်ခုကိုပြရရင် လူတစ်ယောက်က လူတစ်ယောက်ကို အပ်စလာမု အလိုင်းကွန်းမ် လို့ စလာမ်ပေး နုှတ်ဆက်လိုက်တဲ့အခါ များသောအားဖြင့် အပေးခံရသူက လက်ကို နဖူးလောက်အထိ မြှောက်ပြီး တုန့်ပြန်ကြတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားသတင်းထုတ်ပြန်ချက်တွေ ကြည့်ရင်လည်း ဟန် စကားက ယနေ့အထိ အသက်ဝင် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ အဲ့ဒီ စကားတွေ ပြောနေရင်းနဲ့ အဲ့ဒီစကားတွေကို ဝေါဟာရတွေ ပေါင်းစပ်ပြီးတော့ စာတွေဖြစ်လာအောင် လူသားတွေကဘဲ တီထွင် လိုက်တာပါ။ အဲ့ဒီကနေ စာပေပညာရပ်ဆိုတာ ပေါ်လာတာ ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
ပညာရပ်ဆိုင်ရာ လေ့လာကြည့်ရင် စကားပြောခြင်းသည် အတတ်ပညာတစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ အဲ့ဒီ စကားတစ်ခွန်းကြောင့် ချစ်သူ၊ ခင်သူ၊ ရင်းနှီးသူ၊ မိတ်ဆွေ အပေါင်းအသင်း ပေါများလာနိုင်သလို၊ အဲ့ဒီ စကားတစ်ခွန်းကြောင့်ဘဲ မုန်းသူ၊ ရန်သူ ပေါများလာနိုင်ပါတယ်။ ချစ်ခင်နှစ်လိုဖွယ်စကား၊ မေတ္တာတရားပေါ်အခြေခံထားတဲ့စကား၊ လူ့ဘောင်လောက အေးချမ်း သာယာဝပြောစေမယ့် ငြိမ်းချမ်းရေးတရား၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေမယ့် စကားတွေဟာ လူ့ဘောင်လောက တစ်ခုလုံးကို အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ အမုန်းတရား၊ အမုန်းစကားတွေ (ဒီကနေ့ ခေတ်စားနေတဲ့ Hate Speech) ပြောခြင်းဖြင့် ငြိမ်းချမ်းစွာ အပြန်အလှန်လေးစား အသိအမှတ်ပြု အတူယှဉ်တွဲ နေထိုင်လျှက် ရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းဝင်တွေကြားမှာ ပြဿနာ၊ ပဋိပက္ခတွေ ဖြစ်ပြီး လူသားတွေများစွာ ဘေးဒုက္ခ အန္တရာယ်ဖြစ်၊ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးပြီး မငြိမ်းနိုင်သော မီးတွေနဲ့ သောကမျိုးစုံ၊ ဒုက္ခမျိုးစုံ ကြုံတွေ့စေရတာတွေဟာလည်း စကားတစ်ခွန်းကြောင့် ဖြစ်နိုင်ပါတယ်။
စကားပြောဆိုသူရဲ့ အပြောအဆိုကို ကြည့်ခြင်းအားဖြင့် သူဟာ ယဉ်ကျေးသိမ်မွေ့မှုရှိတဲ့ အဝန်းအဝိုင်းကလူလား၊ မယဉ်ကျေးသေးတဲ့ လူမှုအဝန်းအဝိုင်းက လူလား ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ မြန်မာစာပေနယ်ပယ်မှာ အခြေအနေ၊ အချိန်အခါ အကြောင်းခြင်းရာ၊ အဖြစ်အပျက်၊ အကျိုးအပြစ်တို့ အပေါ်မူတည်ပြီး စကားပြောဆိုပုံကို နည်းလမ်းများစွာဖြင့် ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဥပဒေပညာရပ်မှာ သင်ပေးခဲ့တဲ့ “စကားကြီးဆယ်မျိုး” ကို ပြန်လည်ဝေမျှချင် ပါတယ်။ စကားကြီး ဆယ်မျိုးဆိုတာ (၁)ရေကူးညာတင်။ (၂)ကောက်ပင်ရိတ်လှီး။ (၃)ရေစီး ဖောင်ဆန်။ (၄)အိုးတန် ဆန်ခတ်။ (၅)ဆီပွတ် ကျည်ပွေ့။ (၆)ဆင်ဝှေ့ ရန်ရှောင်။ (၇)တောင်သူ ယာခုတ်၊ (၈) ကြက်ဆုတ် ခွပ်ပစ်။ (၉)ရေစစ်ကရား။ ရေသွားသောသွင်။ (၁၀)စက်တင်မောင်းနင်း တို့ ဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ပါ အရဗီစာစကားမှာ ပါရှိတဲ့စကားနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို မျှဝေချင် ပါတယ်။ (လုဂါးသွန်းန်) အဓိပ္ပါယ်က စကား။ တိုက်ရိုက် နောက်အဓိပ္ပါယ် တစ်ခုက အသံမှ ဖြစ်ပေါ်လာသောစကား။ နောက်တစ်လုံးက (လဂ်ဝန်န်)။ (လဂ်ဝန်န်) က စကားတော့ စကားဖြစ်ပေမယ့်၊ အဲ့ဒီ စကားက အဓိပ္ပါယ်မဲ့သော၊ အချည်းအနှီးသော စကား ဖြစ််ပါတယ်။ နောက်တစ်လုံးက (ကလိမာဟ်)။ (ကလိမာဟ်) ဆိုတာကတော့ ကျွန်တော်တို့ စကားတွေ စပြောတတ်ပြီဆိုတဲ့ အရွယ်မှာကတည်းက ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးလာတဲ့ စကားလုံး။ အဓိပ္ပါယ်က စကား၊ မုက္ခပါဌ်၊ အမိန့်လမ်းညွှန်ချက်၊ စကားပြောခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲဒီမှာ ဘာတွေပါလာလဲဆိုရင် (ဘဝ အတွေးအမြင်၊ အတွေးအခေါ်ရှင်သန်မုှ၊ အယူအဆ အယူဝါဒ) တစ်နည်းအားဖြင့် ယုံကြည်ချက်နဲ့ ပတ်သက်တဲ့ စကားတွေ ဖြစ်ပါတယ်။ ဥပမာ (ကလိမသွလ္လာဟ်၊ ကလားမွလ္လာဟ်) တို့ ဖြစ်ပါတယ်။ နောက်တစ်လုံးက (လိဆားနူးန်) တိုက်ရိုက် အဓိပ္ပါယ်က လျှာ။ လျှာနဲ့ လှုပ်ပြီးတော့ အသံထွက်စေလိုက်တဲ့အတွက် ဘာသာစကားဆိုတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။
(ဟာဇာ လီစာနူးန် အရဗီယွန်န် မုဗီးန်) ဤအရာ(ကုရ်အာန်)သည် အရဗီစာစကားနဲ့ ဖြစ်တည်နေသည်လို့ အဓိပ္ပါယ် ရပါတယ်။ ပြီးတော့ ဂုဏ်သတင်းဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ရစေပါတယ်။ နောက်တစ်လုံးက (ဝအ်ဇွန်န်)။ ကျွန်တော်တို့နဲ့ ယဉ်ပါးနေတဲ့စကားလုံး ဖြစ်ပါတယ်။ ဆရာ ဝအ်ဇ် လုပ်မယ်။ ဝအ်ဇ် လုပ်ခြင်း၊ တရားဟောခြင်း၊ အဓိပ္ပါယ်က ကောင်းကျိုး၊ ဆိုးကျိုးများဖြင့် အသိပေးခြင်း၊ သွန်သင်ဆုံးမခြင်း၊ ကုရ်အာန်ထဲမှာ၊ တရားတော်မှာ ဘယ်လို ဘယ်ပုံ သွန်သင်၊ ဆုံးမ၊ လမ်းညွှန်ပြသထားကြောင်း ဆုံးမသွန်သင် တရားရေအေး တိုက်ကျွေးခြင်း။ နောက်တစ်ခုက (နတွ်ကွန်)။ အဓိပ္ပါယ် နားလည်စေရန် အသံရှိသည့် အက္ခရာ စကားလုံးဖြင့် ပြောဆိုခြင်း၊ (ဘာသာစကားကို နားလည်ခြင်း) (နတွ်ကွန်) ဆိုတာက ရိုးရိုးစကားတင် မဟုတ်ဘဲနဲ့ လူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အသံတွေ မျိုးစုံကို ကြားခြင်းအားဖြင့် သိနိုင်ခြင်း။ ဥပမာ- ကျီးကန်းအော်သံ၊ စာကလေးအသံ မြည်တွန်သံ၊ ခွေးဟောင်သံ၊ နွားအော်သံ၊ ကြက်တွန်သံ၊ မြင်းဟီသံ၊ ခိုညည်းသံ စသဖြင့် အသံမျိုးစုံကို ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်ခြင်း။
နောက်တစ်ခါ နဗီဆိုတဲ့ ဝေါဟာရ ဖြစ်လာစေတဲ့ (နဗအွန်န်) News သတင်းစကား၊ လူတွေကို အကျိုးပြုစေမယ့် သတင်းစကား၊ ပညာရစေမယ့် သတင်းစကား၊ အမှန်တရား သစ္စာတရားကို သတင်းပေးခြင်းမှာ ဖော်ပြသုံးနှုန်းပါတယ်။ နောက် စကားလုံးက အခု ကျွန်တော်ပြောနေတဲ့ ခွတ္တဗာဟ် ဖြစ်လာတဲ့ စကားလုံး (ခသ်ဗာဟ်)။ အဲ့ဒီ ခွတ္တဗာဟ် ဖြစ်လာတဲ့ စကားလုံးက သုံးမျိုးသုံးထားတာ တွေ့ရပါတယ်။ ခွတ္တဗာဟ်၊ ခသ်ဗာဟ်၊ ခိသ်ဗာဟ် ဆိုတာတွေ့ရှိပါတယ်။ ခိသ်ဗာဟ်က နှစ်ဦး နှစ်ဖက်၊ ဥပမာ- ကမ်းလှမ်းတယ်၊ လက်ခံတယ်၊ စကားပြောတယ်။ ဥပမာ- စေ့စပ်ကြောင်းလှမ်းခြင်း၊ လက်ခံခြင်း၊ စကားပြောခြင်းတို့ ပါဝင်ပါတယ်။ အဲ့ဒီကနေ တဆင့်တက်လာတော့ သဝဏ်လွှာပို့ခြင်း။ နောက်တစ်လုံးက (ကောင်းဝ်လွန်န်)။ ကျမ်းတော်မြတ်ကုရ်အာန်မှာ (ကွားလ၊ ယကူးလု၊ ကောင်းလန်န်) ဆိုတဲ့ စကားလုံးတွေဟာ အသုံးအများဆုံး ပြုထားတာ တွေ့ရပါတယ်။ စကားပြောဆိုခြင်း၊ လျှောက်လဲချက်၊ ပြီးတော့ ယုံကြည်ချက်၊ သဘောထားအတွေးအမြင်တို့ကို ပြောဆိုခြင်းလို့ အဓိပ္ပါယ် ရရှိပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ စကားပြောဆိုခြင်းကို အတတ်ပညာ တစ်ခုအဖြစ် ဖော်ပြထားပါတယ်။ အဲ့ဒီ စကားပြောတဲ့ အထဲမှာမှ ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ စူရာဟ် အမှတ်-၁၄၊ အာယသ်တော် ၂၄-၂၅-၂၆-၂၇ တွေမှာ ဖော်ပြထားတဲ့ အာယသ် ၄ ခုက ဘယ်လိုစကားမျိုးကပြောပြီး၊ ဘယ်လိုစကားမျိုးကိုတော့ မပြောသင့်ဘူး၊ စကားရဲ့ အခြေအနေတွေကို ဘယ်လိုဘယ်ပုံဆိုတာကို ကျွန်တော်တို့ကို သင်ပေးနေခြင်း ဖြစ်ပါတယ်။
“အို၊ နဗီတမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် ဥပမာ ပုံဆောင်ချက်တစ်ရပ်ကို မည်သို့ခိုင်းနှိုင်း ဖော်ပြတော်မူခဲ့ သည်ကို အသင်သိမြင်သဘောပေါက်ခြင်း မရှိလေသလော။ နက်နဲသိမ်မွေ့ စင်ကြယ်သန့်ရှင်း အပြစ်ကင်းစင်သော စကားသည် သန့်ရှင်းစင်ကြယ်သော သစ်ပင်နှင့် အလားသဏ္ဍာန် တူလေသည်။ ယင်းသစ်ပင်၏ အမြင့်သည် မြဲမြဲခိုင်ခန့်၍ ၄င်း၏ အကိုင်းအခက်တို့သည် ကောင်းကင်သို့ ထိလုနီးပါး ဖြစ်လေသည်။” (၁၄း၂၄)၊ စကားအရာနှင့် ပတ်သက်ပြီးတော့ တမန်တော် မုဟမ္မဒ်(ဆွ)ကနေတဆင့် ကျွန်တော်တို့ကို သင်ပေးတာ။ ကိုယ်တော်မြတ်ရဲ့ အွမ္မသ်လို့ပြောတဲ့ ကျွန်တော်တို့က တမန်တော်မြတ်ရဲ့ လမ်းစဉ်ကို လိုက်ပြီဆိုရင် ဒီအာယသ်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ လိုက်နာ ကျင့်သုံးဘို့ တာဝန်ရှိသွားပါတယ်။
(အလမ်သရ၊ ကိုင်းဖ) အသင် (တမန်တော်) မမြင်ဘူးလား၊ မသိဘူးလား၊ မတွေးမိဘူးလား၊ မလေ့လာမိဘူးလား။ (ဒွရဗလ်လားဟု၊ မစလန်န်) အလ္လာဟ်အရှင်မြတ်က ဘယ်လို ဥပမာပုံဆောင်ချက်ကို ခိုင်းနှိုင်းပြပြီး၊ မည်သည်ကိုလဲဆိုတော့ (ကလိမသန်န်၊ သွိုက်ယိဗသန်န်) စင်ကြယ်သန့်ရှင်း အပြစ်ကင်း နက်နဲသိမ်မွေ့သော စကားရဲ့အနေအထား၊ အဲ့ဒီစကားဟာ စင်ကြယ်သန့်ရှင်းပြီး၊ အပြစ်လဲကင်း၊ ကောင်းမွန်လှပ၊ ဘေးဥပါဒ်မဖြစ်၊ လူ့အကျိုးပြုစေတဲ့ စကား၊ ထိုစကားက ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ (ကရှဂျရသင်န် သွိုက်ယိဗသင်န်) အဲ့ဒီ အပင်ဟာ စင်ကြယ်သန့်ရှင်း အပြစ်ကင်းပြီး လူတွေကို အကျိုးဖြစ်ထွန်းစေတဲ့၊ ဘေးဥပါဒ် မဖြစ်စေတဲ့ အပင်တစ်ပင်ကဲ့သို့ ဖြစ်ပါတယ်။ အဲ့ဒီ အပင်ဟာ (အပ်စ်လုဟာ စာဗေသွန်း ဝဖရ်အူဟာ ဖီစ်စမာအ်) အမြစ်က အောက်ခြေမှာ ခိုင်ခန့်စွာ တည်ရှိနေတယ်။ ရာသီဥတုဒဏ်၊ လေတိုက်တဲ့ဒဏ်၊ ဘေးဒဏ်မျိုးစုံကို ခံနိုင်ရည်ရှိတယ်။ သူ့ရဲ့ အကိုင်းအခက် ဝေဆာနေတာက အာကာသ မိုးကောင်းကင်ကို ထိလုနီးပါး ဖြစ်နေတယ်။
“ထိုသစ်ပင်သည် မိမိအား ပြုစုပျိုးထောင်ရှင်၏ အမိန့်တော်နှင့်အညီ မိမိ၏ အသီးအနှံများကို ဥတုရာသီမရွေး၊ အခါခပ်သိမ်းပေးလျက် ရှိပေသည်။ (နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး အကျိုးပြုလျက် ရှိနေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတို့ ဆင်ခြင်စဉ်းစား သိနားလည်နိုင်စေရန် ဥပမာပုံဆောင်ချက်များကို ပုံဆောင်ခိုင်းနှိုင်း ပြသတော်မူလေသည်။” (၁၄း၂၅)၊ ကျွန်တော်တို့ မြန်မာမှုမှာ (သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်)တယ် ဆိုတဲ့ စကားရှိပါတယ်။ လူတွေအများကြီးကိုလည်း အကျိုးပြုတယ်၊ အောက်စီဂျင်လည်း ထုတ်လုပ်ပေးတယ်၊ လူတွေက ထုတ်ပစ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း သူက စုပ်ယူပေးတယ်။ အရိပ်လည်း ပေးတယ်။ ဥတုရာသီ သုံးပါးစလုံးမှာ လူတွေကို အကျိုးပြုနေတယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ စကားတစ်ခွန်း၊ ကောင်းမြတ်တဲ့ စကား၊ အပြစ်ကင်းစင်တဲ့ စကား၊ ဖွံ့ဖြိုးတိုးတက်စေတဲ့ စကား၊ သန့်ရှင်းစင်ကြယ်တဲ့ စကားရပ် တစ်ခုဟာ လူတွေကို အကျိုးပြုစေမယ်ဆိုရင် လူတွေကို ပြောဘို့အတွက် ဥပမာ၊ ဥပမေယျ နဲ့ ခိုင်းနှိုင်းပြီး လူတွေကို တင်ပြလမ်းညွှန်ထားတာကို တွေ့ရပါတယ်။
ဆန့်ကျင်ဖက်အနေနဲ့ ကုရ်အာန် စူရာဟ် ၁၄း၂၆ မှာ ဖော်ပြချက်က “ညစ်ညမ်းသော၊ အပြစ်ဖြစ်စေသော စကား၏ ဥပမာ ပုံဆောင်ချက်ကား၊ ညစ်ညမ်း အပြစ်ဖြစ်စေသော သစ်ပင်ကဲ့သို့ ဖြစ်သည်။ ထိုသစ်ပင်သည် မြေပြင်ထက်တွင် ရှိနေသဖြင့် အပေါ်ယံမှ နှုတ်ပစ်ခြင်းခံခဲ့ရရာ ၄င်း၏ မြဲမြံခိုင်ခန့်မှု အလျဉ်းမရှိပါ။ (အခြေမခိုင် ယိုင်လဲ၍ အလွယ်တကူ နုှတ်ယူနိုင်သော သစ်ပင်ကဲ့သို့ မတည်မြဲနိုင်ပါ)” (၁၄း၂၆)၊ ဒီအာယသ်မှာပါတဲ့ (ခဗီးစဟ်)ဆိုတာ (သွိုင်ယက်ဗ်)ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အပြစ်ဖြစ်စေတယ်၊ ညစ်ညမ်းတယ်၊ အသုံးမဝင်ဘူး၊ မသန့်ရှင်းဘူး၊ လူတွေကို ပျက်စီးယိုယွင်း စေတယ်။ ကျွန်တော်တို့ နားလည်လွယ်တဲ့ စကားလုံးနဲ့ ပြောရရင် အဆိပ်ပင်၊ အပင်တော့ အပင်ဘဲ၊ လူတွေကို အကျိုးမပြုဘဲ၊ ဘေးဥပါဒ် ဖြစ်စေတယ်။ အောက်ခြေမှာ မခိုင်မြဲ၊ ယိုင်လဲ လွယ်ကူပျက်စီးစေသော မတည်မြဲသောစကား၊ လူနှင့် လူ့ပတ်ဝန်းကျင်ကို အကျိုးမပြုစေတဲ့ စကား၊ လူနှင့် လူ့ပတ်ဝန်းကျင်မှာ ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်စေမယ့် စကားမျိုးရဲ့ အခြေအနေဟာ ဒီ(ကလီမသင်န်၊ ခဗီးစ)လို့ ခေါ်တဲ့ ညစ်ညမ်း အပြစ်ဖြစ်စေတဲ့စကားဆိုပြီးတော့ ဖော်ပြထားပါတယ်။
အာယသ်တော် ၂၇ ကို ရောက်လာတဲ့အခါမှာ “အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား တည်တံ့ ခိုင်မြဲသောစကားအားဖြင့် ပစ္စုပ္ပန်ကာလတွင်လည်းကောင်း၊ အနာဂတ်ကာလတွင်လည်းကောင်း၊ တည်တံ့ခိုင်မြဲစေတော် မူသည်။ သို့ရာတွင် မိမိကိုယ်တိုင်နှင့် သူတပါးတို့အား အကျိုးပျက်စီးသူ၊ တရားမဲ့ပြုကျင့်သူတို့အား ချွတ်ချော်တိမ်းပါး လုပ်ရပ်အကျိုးမဲ့ ဖြစ်စေတော်မူသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသော ကိစ္စရပ်များကို ပြုလုပ် ဆောင်ရွက်တော်မူပေသည်။” (၁၄း၂၇)၊ ကျွန်တော်တို့ အီမာန်သက်ဝင်ယုံကြည်တဲ့ လူတွေအနေနဲ့ဆိုရင် (ကောင် လီစ် ဆာဗီသ်) ကောင် ဆိုတဲ့စကား၊ အဲ့ဒီစကားက တည်တံ့ခိုင်မြဲရမယ်။ မြန်မာမှုနယ်ပယ်မှာ (ဆိုခဲစေ၊ မြဲစေ)ဆိုပြီးရှိပါတယ်။ စကားလုံးက အမြဲတမ်းတည်နေတဲ့စကားကို ပြောတာ။ တွေ့တဲ့နေရာမှာ၊ တွေ့တဲ့လူနဲ့၊ တွေ့တဲ့အတိုင်း၊ ပြောချင်ရာတွေပြောပြီး မတည်မြဲတဲ့ ကိစ္စမျိုးကို လုပ်ရမှာ မဟုတ်ဘဲနဲ့ ပြောတဲ့အတိုင်း အတည်တကျဖြစ်တာကို ရည်ညွှန်းတာ။ အဲ့ဒီလိုဆိုရင် အဲ့ဒီလူတွေအတွက် ပစ္စုပ္ပန်မှာရော အနာဂတ်မှာရော အမြဲတမ်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့အဆင့် ရလာပါမယ်လို့ ဖော်ပြ ထားပါတယ်။ စကားကိုပြောတဲ့အတိုင်း တည်ကြည်စွာ ဆောင်ရွက်တတ်ကြရန် လိုပါမယ်။
သူ့ရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ (ကလီမသီန် ခဗီစဟ်) ဆိုတဲ့ စကားကိုပြောတဲ့၊ လုပ်တဲ့ လူတွေရဲ့ အနေအထားက မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အကျိုးကို ဖျက်စီးတာဖြစ်တယ်။ စည်းမျဉ်း ဥပဒေသတွေကို ချိုးဖောက်တာ။ မတရားလုပ်တာ။ အဲ့ဒီလိုလူတွေကို အလ္လာဟ်အရှင်မြတ်က သေချာပေါက် လမ်းလွဲလမ်းမှားကို ရောက်စေပြီး သူတို့လုပ်တဲ့ လုပ်ရပ်ဟာ အချည်းနှီး အရာမထင်သော လုပ်ရပ်အဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။ အရှင်မြတ်သည် မိမိအလိုရှိတော်မူတဲ့ ကိစ္စရပ်များကို ပြုလုပ်ဆောင်ရွက်လျှက်ရှိတယ်ဆိုပြီး ဒီအာယသ်က ကျွန်တော်တို့ကို သင်ပေးထားပါတယ်။ ဒီအာယသ်ကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ အသိသတိပြုရမှာက ကျွန်တော်တို့သည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းစင်သောစကား၊ တည်တံ့ခိုင်မာမြဲမြံသော အကျိုးဖြစ်ထွန်းစေသော စကားကိုသာပြောဆိုရန် တာဝန်ရှိပြီး အပြစ်ဖြစ်စေသော၊ ညစ်ညမ်းသော၊ ဘေးဥပါဒ်ဖြစ်စေသော၊ လူနှင့်လူ့ပတ်ဝန်းကျင်ကို ဘေးဒုက္ခအန္တရာယ်ဖြစ်စေသော (Hate Speech)စကား၊ အကျိုးမဲ့သော စကားများကို မပြောဆိုဘို့ အထူးသတိပြုဘို့ လိုအပ်ပါတယ်လို့ ဒီအာယသ်က ကျွန်တော်တို့ကို သင်ပေးထားပါတယ်။
အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်ရှင်လို့ ကျွန်တော်တို့သိထားပြီး ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ရာဟ်မာန်မှာ (အရ် ရဟ်မာန်) ၅၅း၁ ။ (အလ်လမာလ် ကုရ်အာန်) ၅၅း၂ ။ (ခလကာလ် အင်န်စါန်န်) ၅၅း၃ ။ (အလ်လမဟူလ် ဗယာန်န်) ပြီးပြည့်စုံစွာ စီမံခန့်ခွဲ ထောက်ပံ့ချီးမြှင့်တဲ့ ရဟ်မာန် အရှင်၊ ကုရ်အာန်ကို သိနားလည် သဘောပေါက် သင်ယူနိုင်စွမ်း လူသားတွေကို ချီးမြှင့်ထားသောအရှင်။ ထိုအရှင်ကပင် လူသားခပ်သိမ်းအား မရှိရာမှ ရှိရာသို့ ဖြစ်ထွန်းပေါ်ပေါက်စေထားတော်မူခဲ့ပေသည်။ ထိုလူသားကိုပင် အရှင်မြတ်က စကားပြောသော အတတ်ပညာကိုလည်း သင်ပေးတော်မူခဲ့သည်။ ဒါကြောင့် ကျွန်တော်တို့ စကားပြောနေတဲ့ နုှတ်၊ လျှာ ဆိုတာကလည်း အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ နိအ်မသ်တော်၊ ရဟ်မသ်တော် တစ်ခုဖြစ်ပါတယ်။ စကားပြောဆိုခြင်းဟာ လူူသားတွေအတွက် ဘယ်လောက် အရေးပါပြီး ဘယ်လိုဘယ်ပုံ ကောင်းမွန်လှပ ချိုသာသောစကားကို ပြောရမလဲဆိုတာကိုပါ ကုရ်အာန်က သင်ပေးပါတယ်။
အဲ့ဒီစကားတွေထဲမှာ အထွဋ်အထိပ်ကလည်းရှိတယ်။ ကုရ်အာန် စူရာဟ် ၉ အာယသ် ၄ဝ မှာ (ကလိမသွလ် လားဟိ ဟိယာလ်အုလ်ယာ) “အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော် (စကား)သည် အထွဋ်အထိပ် အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်” (၉း၄ဝ)၊ စကားတွေအများကြီး ရှိပါတယ်။ အဲ့ဒီစကားတွေ အများကြီးထဲမှာ အလ္လာဟ်အရှင်မြတ် (ကလိမာဟ်)၊ အလ္လာဟ်အရှင်မြတ်ရဲ့ စကားဟာ အထွဋ်အထိပ်ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ဟာ (ကလိမသွလ်လားဟ်)။ အလ္လာဟ်ရဲ့ ကလာမ်လို့ ကျွန်တော်တို့ ပြောကြတယ်။ အလ္လာဟ်ရဲ့စကား။ အလ္လာဟ်ရဲ့တရား။ သေချာတယ်။ ကြိုက်တဲ့ စကားတွေပြော။ ကြိုက်တဲ့တရားတွေဟော။ အဲ့ဒီ ကြိုက်တဲ့စကားတွေ၊ ကြိုက်တဲ့တရားတွေ အားလုံးရဲ့ အထဋ်အထိပ်ကတော့ အလ္လာဟ်တရား၊ အလ္လာဟ်စကား၊ အလ္လာဟ်ကျမ်းဂန် မြတ်ကုရ်အာန်သာ ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်က လူသားတွေကို သင်ပေးထားပါတယ်။
ဒါကြောင့် ကျွန်တော်တို့ နားလည်သဘောပေါက် သိမြင်ထားရမှာက လူ့အတွေးအခေါ်၊ အတွေးအမြင်၊ စကားတွေ မည်မျှပင် ကောင်းမွန်မှန်ကန်ပါစေ။ အလ္လာဟ်စကား၊ အလ္လာဟ်တရားသည် တိကျမှန်ကန်ဆုံး၊ အထွဋ်အထိပ် အမြင့်မားဆုံး ဖြစ်ပါတယ်။ ကုရ်အာန် စူရာဟ် ၄၊ အာယသ် ၁၂၂ မှာ အလ္လာဟ်အရှင်မြတ်က ဘယ်လိုစိန်ခေါ်ထားသလဲဆိုရင် (ဝမန်းန် အပ်စ်ဒကု မိနလ်လားဟိ ကီးလာ)(၄း၁၂၂)၊ “အမှန်စင်စစ် စကားအရာမှာ အလ္လာဟ် အရှင်မြတ်ထက် ပိုမို၍ မှန်ကန်စွာ ပြောဆိုသောသူ မည်သူရှိမည်နည်း” (၄း၁၂၂)၊
ဒါကြောင့် ကျွန်တော်တို့ နားလည် သဘောပေါက်ထားရမှာက အလ္လာဟ်စကား၊ အလ္လာဟ်တရားထက် မှန်အောင်ပြောဆိုနိုင်တဲ့ လူူ၊ ပုဂ္ဂိုလ် ဘယ်သူ တစ်ဦးတစ်ယောက်မှ မရှိဘူး။ ဒါကြောင့် အလ္လာဟ်တရား၊ အလ္လာဟ်စကား ဖြစ်တဲ့ အလ္လာဟ်ကျမ်းဂန် ကုရ်အာန်သည်သာ အမြင့်မားဆုံး၊ အထွဋ်အထိပ်ဆုံး ဖြစ်တယ်။
ဒါကြောင့် အလ္လာဟ်တရား၊ အလ္လာဟ်စကား ကုရ်အာန်ကျမ်းစာပါ သွန်သင်ဆုံးမ လမ်းညွှန်ပြသချက်ထက် ပိုမိုကောင်းမွန် မှန်ကန်ပါသည်ဆိုသည့် တရားစကားအလျင်းမရှိပါ။ ထို့ကြောင့် စကားပြောဆိုခြင်း အတတ်ပညာကို သင်ကြားပေးသော (တတ်သိနားလည်နိုင်စွမ်း ချီးမြှင့်ပေးတော်မူသော) အလ္လာဟ်အရှင်မြတ်၏ တရားနည်းလမ်းအတိုင်း လူနှင့် လူ့ပတ်ဝန်းကျင်ကို စင်ကြယ်ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာစေသော စကားကိုသာ ပြောဆိုရမည်ဟု လမ်းညွှန်မိန့်ကြား ထားကြောင်း နားလည်သဘောပေါက်ဆင်ခြင်မိပါသည်။ ကျွန်တော်တို့ နေ့စဉ် စကားတွေအများကြီး ပြောနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီစကားပြောတဲ့နေရာမှာ သူငယ်ချင်းအချင်းချင်း ပြောတဲ့စကားရှိတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ဝိုင်းမှာ ပြောတဲ့စကားရှိတယ်။ ကျောင်းမှာ ပြောတဲ့စကားရှိတယ်။ စျေးထဲမှာ ပြောတဲ့ စကားရှိတယ်။ Facebook မှာ ပြောတဲ့စကားရှိတယ်။ ရုံးမှာ ပြောတဲ့စကားရှိတယ်။ အစိုးရဌာနဆိုင်ရာမှာ ပြောတဲ့စကား ရှိတယ်။ တရားရုံးမှာ ပြောတဲ့စကားရှိတယ်။ လွှတ်တော်မှာ ပြောတဲ့စကားရှိတယ်။ နန်းတွင်း မင်းခန်းမင်းနားမှာ ပြောတဲ့စကား ရှိတယ်။
ကုရ်အာန်မှာ ဖိရ်အောင်န်ဆိုတဲ့ အီဂျစ်ဘုရင်ကြီးဆီကို တမန်တော်မူဆာ (အ) ကို အလ္လာဟ်အရှင်မြတ်က စေလွှတ်တော့ မူဆာ(အ)က အလ္လာဟ်ထံပါးမှာ လျှောက်ထားခဲ့တာက ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၈၊ အာယသ် ၃၄မှာ “ကျွနု်ပ်၏ညီနောင် ဟာရူန်သည် (ဟုဝါ အဖ်စွဟု မင်းန်နီလိဆာနန်းန်) စကားအရာမှာ ကျွန်တော်မျိုးထက်ပို၍ ရှင်းလင်းပြတ်သား ကောင်းမွန်ကြွယ်ဝစွာ ချက်ကျလက်ကျ ပြောဆိုတတ်သူ (စကားလုံးရွေးချယ်ကာ ထိထိမိမိပြောဆိုတတ်သူ) ဖြစ်ပါသည်။” ကျွန်တော်တို့ ခေတ်စကားနဲ့ ပြောရရင် ဖိရ်အောင်န်ဘုရင်ကို သွားပြီး Advocacy လုပ်တော့မယ်။ ဘုရင်အရှေ့မှာ ထမင်းစား၊ ရေသောက်၊ လက်ဖက်ရည်ဆိုင်မှာ ပြောတဲ့စကားမျိုး သွားပြောလို့မရဘူး။ နန်းတွင်းသုံးတော်ဝင်တဲ့စကားကို ပြောဆိုရန်လိုအပ်ပါတယ်။
“ထို့ကြောင့် ကျွန်တော်မျိုးနှင့်အတူ ကျွန်တော်မျိုးအား ထောက်ခံပြောဆိုကာ ကူညီအားပေးသူအဖြစ် စေလွှတ်တော် မူပါ။ မုချဧကန် ကျွန်တော်မျိုးသည် မိမိအား ၄င်းတို့က မဟုတ်မမှန် စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်” ဟု လျှောက်ထား ခဲ့လေသည်။ (၂၈း၃၄)၊ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂ဝ၊ အာယသ် ၄၃၊ ၄၄ မှာ “အသင်တို့ နှစ်ဦးသည် ဖိရ်အောင်န်ထံသို့ သွားကြလေကုန်။ စင်စစ် ၄င်းသည် လွန်စွာမောက်မာဆိုးသွမ်းလျှက်ရှိနေလေပြီ” ဒီအာယသ်မှာပါတဲ့ (သွဂါ)ရဲ့ အဓိပ္ပါယ်က ဥပဒေစည်းမျဉ်း ချိုးဖောက်၊ စည်းဘောင်ကျော် အတိုင်းထက်အလွန် ဆိုးသွမ်း၊ ပုန်ကန်ရက်စက်ကြမ်းကြုတ်ခြင်းလို့ ရပါတယ်။ အာယသ်တော် ၄၄ မှာတော့ စကားပြောဆိုနည်း အတတ်ပညာကို အလ္လာဟ်က သင်ပေးလိုက်ပါတယ်။ “ထို့နောက် အသင်တို့နှစ်ဦးသည် ၄င်းဖိရ်အောင်န်အား နူးညံ့ချိုသာ ပျော့ပျောင်းသောစကားကို ပြောဆိုကြပါလေ။ သို့ဖြစ်ရာ ၄င်းသည် တရားရကောင်း ရပေလိမ့်မည်။ သို့တည်းမဟုတ် ၄င်းသည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဆန့်ကျင်သဖြင့်) တစ်စုံတစ်ရာ ဆုံးရှုံးမည့် ရလာဒ်ကို ကြောက်ရွံ့စိုးရိမ်မှု ဖြစ်ပေါ်လာပေလိမ့်မည်။” (၂ဝး၄၄)
အမြဲတမ်း ထင်ရှားနေတဲ့ အာဏာရှင်ကြီး (ဖိရ်အောင်န်)ကို Advocacy သွားလုပ်မယ့် အချိန်မှာ ချိုသာယဉ်ကျေး သိမ်မွေ့တဲ့စကားကို ပြောပြီး၊ ပြောဆိုတင်ပြပုံ Presentation ကလည်း အရေးကြီးတာကို ပြသပါတယ်။ တစ်ဖက်သား နားလည် သဘောပေါက်လာအောင် ပြောဆိုတတ်တဲ့ကိစ္စလည်း အရေးကြီးတယ်ဆိုတာ ဒီအာယသ်က သင်ပေးပါတယ်။ အဲ့ဒီအတွက် ရရှိလာမယ့် အကျိုးကျေးဇူး နှစ်ခုရှိပါတယ်။ ဖိရ်အောင်န်လိုလူကိုတောင် စကားလုံးရွေးချယ်မှုနဲ့ လိမ္မာ ယဉ်ကျေးစွာနဲ့ ချိုချိုသာသာပြောဆိုတင်ပြရင် (၁)အသိတရား၊ တရားအသိ ရသွားနိုင်တယ်။ (၂)အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို ဆန့်ကျင်ရင် ရရှိလာမယ့် တုန့်ပြန်မှု ရလဒ် အကျိုးဆက်ကို စိုးရိမ်မှု ဖြစ်ပေါ်လာကောင်း ဖြစ်ပေါ်လာလိမ့်မယ်။
တရားဟောတဲ့ အချို့ပုဂ္ဂိုလ်ကြီးတွေ တရားဟောတဲ့အခါ လူတွေကို ဂျဟန္နာမ်နဲ့ ခြောက်တယ်။ ဂျန္နသ်နဲ့ မြှောက်တယ်။ တရားဟောတာ မဟုတ်ဘဲ မတရားဟောတာ ဖြစ်နေတတ်ပါတယ်။ လူတွေကို နားဝင်ပီယံ ချိုသာအေးမြစွာ ပြောဆို ဟောပြောရမယ့်အစား ရန်ဖြစ်နေသလို၊ ဟိန်းဟောက်နေသလို၊ ခြိမ်းခြောက်နေသလိုတွေ ပြောလို့ ဟောလို့ မရဘူးဆိုတာကို ဒီအာယသ်တော်တွေကနေတဆင့် အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို သတိပေးနေခြင်း၊ အသိတရားပေးနေခြင်း ဖြစ်ပါတယ်။ စကားပြောဆိုရာမှာ စကားလုံး ရွေးချယ်မှု မှန်ကန်ရပါမည်။ ပြောကြားချက် ရှင်းလင်းရပါမည်။ စကားလုံး ကျစ်လစ်ရပါမည်။ တိကျမှန်ကန်ပြီး ပြေပြစ်ရပါမည်။ စကားလုံးလှပမှုရှိပြီး ဆွဲဆောင်မုှရှိစွာ တင်ပြပုံကောင်းရပါမည်။ နှစ်လိုဖွယ်ချစ်စဖွယ်စကားကို ပြောဆိုတတ်ရန် အရေးကြီးပြီး ပြောဆိုလိုက်သောစကားသည် လူသားတို့အကျိုးဖြစ်စေသော စကားဖြစ်ရန် အထူးလိုအပ်ပါ ကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန်ကနေ ကျွန်တော်တို့ကို မီးမောင်းထိုးတင်ပြလျှက်ရှိတယ်ဆိုတာကို တင်ပြရင်း ဒီနေရာမှာဘဲ ရပ်နား လိုက်ပါတယ်။