ခိမ်းသံ အပိုင်း ( ၅ )
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
လေးစားအပ်သော လူကြီးမင်းများခင်ဗျား
ယနေ့မှာ အပိုင်းလေးအထိ လေ့လာတင်ပြခဲ့တာတွေထဲက ကျွန်တော် အထူးမှတ်သားမိတဲ့ အချက်အလက်တွေကို ပြန်လည် ကောက်နှုတ် ပြောပြချင်ပါတယ်၊ ပထမဆုံးဖေါ်ပြထားတာက အလ္လာဟ်အရှင်မြတ်ထံတော်မှ တမန်တော်မြတ်ထံ ပို့ချပေးခဲ့တဲ့ သစ္စာတရားကို လူအများစုက ယုံကြည်လိုက်နာကြမှာ မဟုတ်ဘူး၊ ဒီတော့ကာ ကမ္ဘာလောကမှာ မွတ်စလင်မ်ဟာ ဘယ်တော့ လူအများစု မဖြစ်နိုင်ဘူးလို့ နားလည်ရပါတယ်၊
နောက်ထပ် လေ့လာခဲ့ရတဲ့အထဲမှာ မိမိကိုယ်ကို မပြောင်းလဲရင် အလ္လာဟ်အရှင်ကလည်း ပြောင်းလဲပေးမှာမဟုတ် ဆိုတဲ့ အချက်ဖြစ်ပါတယ်၊ ပါဠိလိုဆိုရရင် အတ္တဟိ အတ္တာနော နာထော ပါ၊ မိမိကိုယ်သာ ကိုးကွယ်ရာ ပါတဲ့။ လုပ်ရပ် မှန်သမျှ လူသားကိုယ်တိုင် စလုပ်တာပါ၊ အလ္လာဟ်ပြဌာန်းထားတဲ့ အကျိုးဆက်က နောက်ကလိုက်လာတာပါ၊ ဒါကို သဘောမပေါက်တော့ လူဆိုး လူကောင်းဖြစ်တာကပဲ အလ္လာဟ်က ကြိုတင်သတ်မှတ်ထားသလိုမျိုး ကြီးကျယ် မြင့်မြတ်တော်မူသော အရှင်ကို ယိုးစွတ်ကြတာပါ။ တတိယအချက် မီးမောင်းထိုးပြချင်တာကတော့ တဒင်္ဂ ထင်ပေါ် ကျော်ကြားမှုကို လိုလားသူများဟာ ရေမြှုပ်များပမာ ခဏတာပဲခံမယ်၊ လောက လူသားအကျိုးကို ရိုးသားစွာ ဆောင်ရွက်သူများသာ ရေရှည်တည်တန့်သော ကောင်းကျိုးချမ်းသာများ ခံစားနိုင်သည့် အလ္လာဟ်ပြဌာန်းထားသော စနစ်တစ်ခုကို စူရာ ရအ်ဒ် မှာ ရေမြှပ်တို့ သံချေးတို့ကို ဥပမာပေး ဖေါ်ပြထားခြင်းပါ။ ကျွန်တော်တို့အားလုံး အလေးအနက် ဆင်ခြင်ကြရမှာပါ။
အပိုင်း ၄ မှာ အာယတ်တော် ၂၇ ပါးအထိ လေ့လာတင်ပြခဲ့ပြီးပါပြီ။ ၁၃း၂၇ မှာ တမန်တော်မြတ် (ဆွလ္လ)ကို ရစူလ်ဖြစ်ကြောင်း သက်သေလက္ခဏာတစ်ခု ချပေးပါလို့ တောင်းဆိုကြပါတယ်၊ ရစူလ်တမန်တော်ဖြစ်ခြင်းရဲ့ အကြီးကျယ်ဆုံး သက်သေလက္ခဏာဟာ (အဇ္ဇိကုရ်လ္လာဟ်) ကုရ်အာန်ကျမ်းတော်မြတ်ဖြစ်ကြောင်း သူတို့ နားမလည်နိုင် ကြဘူး၊ တမန်တော်မြတ်နဲ့ ကုရ်အာန်ဟာ ခွဲခြားလို့မရအောင် တစ်သားတည်းဖြစ်နေတာပါ၊ ကုရ်အာန်ကြောင့် မုဟမ္မဒ် (ဆွလ္လ) ရစူလ်တမန်တော်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်တာပါ၊ တမန်တော်မြတ်ကြောင့် ကုရ်အာန်ကျမ်းမြတ်သည် code of life အဖြစ် ထင်ရှားစေတာပါ။ ကုရ်အာန်မှာ လူ့ဘဝအတွက် အလိုအပ်ဆုံး ဥပဒေသများကို ဖေါ်ပြထားပါတယ်။
ကုရ်အာန်သည် မရှိမဖြစ်လိုအပ်သောအချက်များကို သတိပေးနှိုးဆော်သောကျမ်းဂန် (အင်းန ဟာဇေဟိ သဇ်ကိရဟ်) ဖြစ်ပါတယ်။၊ (၇၆း၂၉)
ဒီနေ့မှာတော့ ၁၃း၂၈ ကို ဆက်လက် လေ့လာကြပါမယ်၊ ဒီအာယတ်တော်က ဇိကရုလ္လဟ်ဖြစ်သော ကုရ်အာန်ရဲ့ (ဖဇီလသ် ) အကျိုးကျေးဇူးတွေထဲက တစ်ခုသော ဖဇီလသ်ကို တင်ပြထားတာပါ။
ယုံကြည်သက်ဝင်ကြသူများသည် အလ္လာဟ်အရှင်မြတ်၏ (ဇိကိရ်) စေ့ဆော်လမ်းပြထားမှုများကို ဦးထိပ် ပန်ဆင်ခြင်းဖြင့် နှလုံးစိတ်ဝမ်းချမ်းမြေ့မှုကို ရရှိကြလေသည်၊ အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်(ဇိကိရ်)ကို မျက်မှောက်ပြု ထားခြင်းဖြင့်သာ နှလုံးသားကို ချမ်မြေ့တည်ငြိမ်စေ၏။ (၁၃း၂၈)၊
ဇိကိရ်ဆိုတာ နိုးနိုးကြားကြားသတိရနေခြင်း၊ ဦးထိပ်ပန်ဆင်မျက်မှောက်ပြုနေခြင်းပါ။ ဇိကရုလ္လာဟ်လို့သုံးနှုံးရင် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်လို့သဘောပေါက်ရမှာပါ။ ကုရ်အာန်အရ လူ့ဘဝမှာ ကျိန်းသေကြုံတွေ့ရမည့် အခက်အခဲတွေ conflict တွေ, problem တွေကို မရှောင်လွှဲပဲ၊ အလ္လာဟ်၏ လမ်းညွှန်ချက်နှင့်အညီ မှန်မှန်ကန်ကန် ရင်ဆိုင် ဖြေရှင်းခြင်းသည် ဇိကိရ်၊ ဥပမာပေးရရင် ၈း၄၂ မှာ ဗဒရ်စစ်ပွဲက တစ်ဖက်မှာ မက္ကာသားကုန်သည်တွေ၊ တစ်ဖက်မှာက မက္ကာသားစစ်သည်တော်တွေ၊ မွတ်စလင်တွေက အင်အား ၃၀၀ ကျော်ကျော်လေးပဲ ရှိနေတာမို့ အုပ်စုတစ်ခုနဲ့ပဲ ရင်ဆိုင်နိုင်တယ်၊ သာမန်အတွေးနဲ့ဆိုရင် လက်နက်မရှိတဲ့ ကုန်သည်အုပ်စုကို တိုက်ရင်လွယ်ကူပြီး တဖက်ရန်သူကို ရိက္ခာဖြတ်တောက်ရာ ဖြစ်သွားမယ်၊ ဒါပေမဲ့ အလ္လာဟ်အရှင်ရဲ့ စီမံချက်အရ မွတ်စလင်မ်တွေထက် လက်နက်အင်အားသာလွန်ပြီး စစ်သည်အင်အား ၃ ဆကြီးတဲ့ မက္ကာ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်စေခဲ့တယ်။ လက်နက်မဲ့သူ ကုန်သည်တွေဟာ မက္ကာသားတွေ ဖြစ်ပါတယ်၊ သူတို့အားလုံးဟာ တမန်တော်မြတ်နဲ့ မွတ်စလင်မ်တွေကို ဆန့်ကျင်တဲ့သူတွေပါ။ ဒါပေမဲ့လည်း ကုန်သည်တွေဟာ စစ်တပ်နှစ်ခုကြားရောက် နေတဲ့ လက်နက်မဲ့အုပ်စု ဖြစ်ပါတယ်၊ အလ္လာဟ်အရှင်မြတ်က စစ်ပွဲမှာ လက်နက်မကိုင်ထားတဲ့အုပ်စုကို မထိခိုက်စေလိုပါ။ ဒါကို ကုရ်အာန်ထဲမှာ ဒီလို ထားပါတယ်…
… အုပ်စုနှစ်ခုအနက် သင်တို့သည် လက်နက်မဲ့အုပ်စုကိုသာ တိုက်လိုကြသည်၊ အလ္လာဟ်အရှင်သည် အရှင်မြတ်၏ သစ္စာဓမ္မအားဖြင့် (လက်နက်ကိုင်အုပ်စု) ကိုသာ အမြစ်ဖြတ်တောက်စေလို၏။ (၈း၇)
အို သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အင်အားစု တစ်ခုခုနှင့် ထိတွေ့ရသည်ရှိသော် ကြံ့ခိုင်စွာဖြင့် အလ္လာဟ်ရှင်မြတ်၏ညွှန်ကြားချက် (ဇိကုရ်လ္လာဟ်)ကို များစွာနှလုံးသွင်းကြကုန်၊ သို့မှသာ သင်တို့အောင်မြင်ကြပေမည် ။ (၈း၄၅)၊
(ဇိကုရ်လ္လာဟ်) ဆိုတာအလ္လာဟ်ရှင်မြတ်ရဲ့ ညွှန်ကြားချက်၊ ကျွန်တော်တို့အတွက်က ကျမ်းမြတ်ကုရ်အာန်ပါ။
အစ္စလာမ်ကို ဆန့်ကျင်သူတိုင်း ရန်သူမဟုတ်၊ အမှန်တစ်ကယ်ရန်ပြုသူများကိုသာ မည်မျှအင်အား ကြီးမားသည်ဖြစ်စေ၊ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့ အသိကိုပေးပါတယ်၊ အလ္လာဟ်အရှင်မြတ် အလိုတော်အတိုင်း လက်နက်အင်အားများစွာ သာလွန်တဲ့ စစ်တပ်အုပ်စုကို ရင်ဆိုင်ခဲ့ခြင်းဖြင့် အလ္လာဟ်အရှင်ကို ဇိကိရ်လုပ်ခဲ့ကြပါတယ်။
အစ္စလာမ်သမိုင်းဟာ စစ်ပွဲယဉ်ကျေးမှုများရဲ့သမိုင်းမဟုတ်ပါ၊ ငြိမ်းချမ်းရေး ထူထောင်မှု သမိုင်းစဉ်ဖြစ်ပါတယ်၊ တမန်တော်မြတ် (ဆွလ္လ)နှင့် သာဝကတော်များဟာ မက္ကာမြို့မှာ ၁၂ နှစ်တိုင်တိုင် အစ္စလာမ်လူ့အဖွဲ့အစည်းကို ထူထောင်ဖို့ လက်နက်မဲ့ ကြိုးပမ်းခဲ့ကြတာပါ၊ မက္ကာသားတွေရဲ့နှိပ်စက်ညှင်းပမ်းမှုများကို ခုခံမှုလုံးဝမပြုဘဲ ၁၀ နှစ်ကျော် ကြံ့ကြံ့ခံခဲ့ကြ တာပါ၊ အမြစ်ပြတ်ချေမှုန်းခံရလုဆဲ အခြေအနေမှာ မက္ကာမြို့ကို ဟစ်ဂျရတ်ပြုစွန့်ခွာပြီး မဒီနာကို ရွေ့ပြောင်း အခြေစိုက်ခဲ့ရတာပါ၊ မဒီနာမှာ ရှိနေတဲ့ ဂျူးတွေ၊ မီးကိုးကွယ်တဲ့ မဂျူစီတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စာချုပ်များ ချုပ်ဆိုခဲ့ပါတယ်၊ အဲဒီကတစ်ဆင့် မဒီနာမြို့ပြဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ထွက်လာပြီး ကမ္ဘာမှာ ယနေ့တိုင်ထင်ရှားကျော်ကြားနေဆဲပါ။ ဒါကို မရှုစိမ့်၊ မနာလိုကြလို့ မက္ကာသားတွေက မဒီနာရှိ မွတ်စလင်မ်များကို ရန်ပြု တိုက်ခိုက်လာလို့ ဗဒရ်စစ်ပွဲဖြစ်ရတာပါ။
သမိုင်းစဉ်တလျှောက် လူသားမျိုးနွယ်ဝင်တို့၏ ဆောင်ရွက်မှုများ၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို လေ့လာဆည်းပူး သင်္ခန်းစာယူခြင်းသည်လည်းကောင်း အဖျက်သမားများကို သတ္တိရှိရှိ ရင်ဆိုင် ဖြေရှင်းရဲသလို၊ ခံစားချက်ကို ဦးစားမပေးဘဲ များစွာအနစ်နာခံပြီး ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ခြင်းသည် လည်းကောင်း ဇိကိရ် ဖြစ်ပါတယ်၊ ဒါကို တမန်တော်မြတ်(ဆွလ္လ)က ဟုဒိုင်ဗီယာ ငြိမ်းချမ်ရေးစာချုပ်နဲ့ လက်တွေ့ စံနမူနာ ပြသခဲ့ပါတယ်။ တမန်တ်ာမြတ်လက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ၊ ခရူးဆိတ် စစ်ပွဲကာလမှာ ဆလာအွဒ္ဒင်း နဲ့ ရစ်ချတ်ဘုရင်တို့ရဲ့ စစ်ပွဲ အဆုံးသတ်ရေး စာချုပ်များက အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးလမ်းစဉ် ဖြစ်ကြောင်း ထင်ရှားပေါ်လွင်လှပါတယ်။
ကုရ်အာန်ထဲမှာလည်း သမိုင်းသင်္ခန်းစာ အမြောက်အများ ဖေါ်ပြထားပါတယ်။ အဲဒါတွေထဲက တစ်ခုကို ဥပမာ ပေးရရင် ၂၀း၃၃ မှ ၇၈ အထိကို လေ့လာကြည့်ပါက မူစာ(အ.စ) နှင့် ဟာရွန်(အ.စ) တို့က မင်းဆိုးမင်းညစ် ဖွေရ်အောင်အား အလ္လာဟ်အရှင်၏ ဇိကိရ်ဖြင့် သတိပေးနှိုးဆော်ခဲ့သော်လည်း မလိုက်နာခဲ့မှုကြောင့် ဩဇာအာဏာ ကြီးမားသော မင်းဧကရာဇ်သည်ပင်လျင် ပျက်စီးရပုံကို သင်္ခန်းစာ ရနိုင်ပါသည်။
သဘာဝရဲ့ဖြစ်ပျက်ပြောင်းလဲမှုများကို လေ့လာပြီး လောကကောင်းကျိုးအတွက် အသုံးချခြင်းသည်လည်း ဇိကိရ် ဖြစ်ပါတယ်၊ ၁၆း၁၃ မှာ
လူသားတို့အတွက် လောကကမ္ဘာ၌ အသွေးအရောင်အမျိုးမျိုးကို စုံလင်ကွဲပြားစွာ စီစဉ်ထား၏။ ၄င်း၌ (ကောင်းမေ့ယဇ္ဇက္ကရူးန်) အသိတရားကို ရှာဖွေဆည်းပူးသူတို့အဖို့ သက်သေလက္ခဏာ အထောက်အထားများ ရှိနေလေသည်။ (၁၆း၁၃)
ကောင်းမေ့ယဇ္ဇက္ကရူးန်ဆိုတဲ့ အသိတရား ရှာဖွေတဲ့သူတွေဟာ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိရှိနားလည်ပြီး ဘဝမှာ ဘယ်လိုနေထိုင်ကျင့်ကြံရမယ်ဆိုတာ သဘောပေါက်ကြတယ်။ ကျွန်တော်တို့တတွေ ၂း၁၅၂ က အာယတ်တော် တစ်ပါး မကြာခဏ ရွတ်ဖတ်လေ့ရှိတယ်။
ဖဇ်ကုရုနီ အဇ်ကုရုကွန်မ် ဝရှုကုရုလီ ဝလာသ(က်)ဖုရူးန်
သင်တို့ အလ္လာဟ်အရှင်မြတ်ကို ဇိကိရ်လုပ်လျင် အလ္လာဟ်အရှင်မြတ်ကလည်း သင်တို့ကို ဇိကိရ် လုပ်မည်၊ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးဆပ်ကြလေကုန်၊ ကျေးဇူးမကန်းကြကုန်လင့်။
ကျွန်တော်တို့က အလ္လာဟ်အရှင်မြတ်ကို ဇိကိရ်လုပ်တယ်ဆိုတာက အလ္လာဟ် သတ်မှတ်ပြဌာန်ထားသော စည်းမျဉ်းများနှင့်အညီ ဘဝကိုတည်ဆောက်ကျင့်ကြံခြင်း ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ဇိကိရ် လုပ်တယ်ဆိုတာက အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်စည်းကမ်းများနှင့်အညီ ဘဝတည်ဆောက်သော လူသားကို သူနှင့် ထိုက်တန်သော အကျိုးရလဒ်ကို အလျှံပယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။
(၁၆း၇၈)မှာ သင်တို့သည် မိခင်ဝမ်းမှ မွေးဖွားကာစအချိန်တွင် ဘာတစ်ခုမှ သိနားလည်ခြင်း မရှိကြချေ။ အသင်တို့ ကျေးဇူးတရား သိရှိကြရန် အလို့ငှာ အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ကြားခြင်း၊ မြင်ခြင်း နှင့် အသိတရားများ ချီးမြှင့် ပေးခဲ့လေသည်။
လူသားတွေကို ပြုစုပျိုးထောင်ရှင် အလ္လာဟ်က ကိုယ်၊ စိတ်၊ နှလုံးတွေအပြင် အရာရာကို စူးစမ်းလေ့လာနိုင်စွမ်း သိရှိနားလည်နိုင်စွမ်းတွေ ချီးမြှင့်ပြီး ကျေးဇူးပြုထားပါတယ်၊ ဒီအစွမ်းသတ္တိတွေကို အသုံးမချတဲ့လူဟာ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးကန်းခြင်းဖြစ်ပါတယ်။ မိမိရဲ့အသိတရားတွေ၊ ဥာဏ်ပညာအမျှာ်အမြင်တွေ၊ ဇွဲ၊ လုံ့လ၊ ဝိရိယ တွေကို အသုံးချပြီး ကိုယ့်ဘဝကို ပြစုပျိုးထောင်တဲ့သူ၊ လောကကောင်းကျိုးကို ဆောင်ရွက်တဲ့သူတွေ ဖြစ်မှသာလျှင် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးဆပ်နိုင်သူဖြစ်ပါတယ်။
ဒီလိုဇိကိရ်မျိုးကို လုပ်နိုင်ပါမှ နှလုံးစိတ်ဝမ်း သာယာချမ်းမြေ့မှု ဖြစ်လာပါလိမ့်မယ်၊။ ယုံကြည်ချက်နဲ့ လက်တွေ့ လိုက်နာဆောင်ရွက်ပါမှ အနာဂါတ် အာခေရသ်ခရီး သာယာအေးချမ်းပါမယ်။ ၁၃း၂၉ မှာ ဆက်လက်အသိပေးထားတာက
ယုံကြည်သက်ဝင်လျက် လက်တွေ့ကျင့်သုံး အကောင်အထည်ဖေါ်သူများအတွက် ကောင်းကျိုးများနှင့်အတူ ကောင်းမွန်သော အပြန်ခရီးရှိနေပေသည်။ (၁၃း၂၉)
ဒီလိုကျင့်ကြံတဲ့သူတွေသာ အနာဂါတ်မှာ စိတ်အေးရပါမယ်လို့ ၈၉း၂၇ မှာဆိုထားပါတယ်။
အို… ချမ်းမြေ့သောစိတ်ထားရှင် (မုသ်မအင်နဟ်) သင်သည်ည်မိမိအရှင်၏ စည်းမျဉ်းများကို ကျေနပ်စွာ လိုက်နာ၍ အရှင်၏ နှစ်သက်မှုကို ရယူလျက် ပြန်လာလော့၊ အလ္လာဟ်အရှင်၏ နာခံတော်များတွင် ပါဝင်လော့၊ ဂျန္နသ် သုခဘုသို့ ဝင်ရောက်လေလော့။
အထက် အာယတ်တော်က လူ့အဖွဲ့အစည်းဝင်တွေအတွက် ဖြစ်ပါတယ်၊ အခု တင်ပြမည့် ၁၃း၃၀ က တမန်တော်မြတ်ရဲ့ တာဝန်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတဲ့ အာယတ်တော်တစ်ပါးပါ။
မယုံကြည်သူတွေက တမန်တော်မြတ်(ဆွလ္လ)ကို အလ္လာဟ်ရဲ့ တမန်တော်အဖြစ်ကို လက်ခံဖို့ ငြင်းဆန်ကြပါတယ်။ ၁၃း၃၀ မှာ ဒီလိုငြင်းဆန်မှုတွေဟာ အထူးအဆန်းမဟုတ်၊ ခေတ်အဆက်ဆက်က မိမိတို့ကို ပြုစုပျိုးထောင်ရှင်အား သွေဖီငြင်းဆန်သူတွေရဲ့ ဆင်ခြေသာဖြစ်ကြောင်း အားပေးစကားပြောကြားပြီး သောင်ဟီးဒ် (အားထား ယုံကြည်ရမည့်သူမှာ ပြူစုပျိုးထောင်ရှင် အလ္လာဟ် တစ်ပါးတည်းဖြစ်ကြောင်း) ကို သူတို့ကို အသိပေးရန်ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အခြားတမန်တော်များကဲ့သို့ပင် သင် မုဟမ္မဒ် (ဆွလ္လ)အား ဝဟီဗျာဒိတ်ပေး၍ လူ့အဖွဲ့အစည်းဝင်များကို ဖတ်ကြား တင်ပြရန် စေလွှတ်ခဲ့ခြင်း ဖြစ်လေသည်။ ၎င်းဝဟီမှာ “ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ပြုစုပျိုးထောင်ရှင် ဖြစ်သည်။ အလ္လာဟ်မှတစ်ပါး အခြားအားထားထိုက်သော အရှင်ဟူ၍ မရှိပြီ။ အလ္လာဟ်အရှင်မြတ်ကိုသာ ယုံပုံကိုးစားကြလေကုန်။ ထိုအရှင်ထံသို့သာ အနာဂတ်(အာခေရသ်)၏ အပြန်ခရီးရှိနေပေသည်” ဟူ၍ ဖြစ်သည်။
တမန်တော်မြတ်ရဲ့တာဝန်ကို အသိပေးပြီးနောက် ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်၏ စီမံချက်များကို ဖော်ပြသော ကျမ်းဂန်ဆိုတာကို ၁၃း၃၁ မှာ ဆက်လက် ရှင်းပြပါတယ်။
အကယ်၍ ကုရ်အာန်ကျမ်းမြတ်သည် တောင်များကို ရွေ့လျားစေခြင်း၊ မြေကမ္ဘာကို အပိုင်းပိုင်း ပြတ်တောက် စေခြင်း၊ သူသေများကို စကားပြောဆိုခြင်းများ ဖြစ်စေခဲ့သည်ရှိသော် အလုံးစုံသည် အလ္လာဟ်အရှင်မြတ်၏ အစီအမံများသာဖြစ်၏။ အလ္လာဟ်ရှင်သတ်မှတ်ထားသော စံချိန်ပြည့်မီသူများအားလုံးသည် လမ်းမှန်၌ ရှိနေကြမည် ဖြစ်ပေသည်၊ ငြင်းဆန်သွေဖည်သူများတွင် ၄င်းတို့၏ လုပ်ရပ်များကြောင့် အလ္လာဟ်အရှင်၏ ဂတိတော်နှင့်အညီ ဆိုးကျိုးများ အဆက်မပြတ်ဆိုက်ရောက်နေခြင်း သို့တည်းမဟုတ် ဘေးဒုက္ခများသည် ၄င်းတို့ နေရာဒေသများသို့ ဆိုက်ရောက်လုဆဲ အခြေအနေများဖြင့် သောကများဖိစီးလျက် ဖြစ်နေကြပေမည်၊ အလ္လာဟ်အရှင်၏ ဂတိတော်ကား ဧကန်အမှန် ပြည့်ဝ မည်သာ ဖြစ်ပေသတည်း။ (၁၃း၃၁)
ကုရ်အာန်ကချမှတ်ထားတဲ့ စံချိန်နဲ့ ဆန့်ကျင်နေပြီဆိုရင် မိမိတို့ရဲ့ သြဇာအာဏာကို တောင်တွေလို အခိုင်အမာ စိုက်ထူထားဦးတော့ ရွေ့လျားသွားမယ်၊ ဖယ်ရှားခံရလိမ့်မယ်၊ မြေကမ္ဘာအပိုင်းပိုင်း ပြတ်တောက်သလိုမျိုး တိုင်း၊ နိုင်ငံ နယ်နိမိတ်တွေပြောင်းလဲသွားကြလိမ့်မယ်၊ ဖိနှိပ်ချုပ်ချယ်ခံထားရလို့ သူသေတွေလို မပြောမဆိုနိုင် ဖြစ်နေကြသူတွေရဲ့ အသံတွေ ကြားလာကြလိမ့်မယ်။ ဒီလိုဖြစ်လာရင်လည်း အလ္လာဟ်ရဲ့ အစီအမံတွေ ဖြစ်လို့ ဘာမှ အံ့သြစရာ မရှိပါဘူး။
ကုရ်အာန်ကို သွေဖည်ငြင်းဆန်သူတွေ အနေနဲ့ အခုချက်ချင်း မခံစားရသေးရင်တောင် ငါတို့အပေါ် အန္တရာယ် ဘယ်တော့ ကျရောက်တော့မလဲဆိုတဲ့ သောကတွေ ဖိစီးခံနေရလိမ့်မယ်၊ အလ္လာဟ်အရှင် သတ်မှတ်ထားတဲ့အတိုင်း ကျိန်းသေဆိုက်ရောက်လာမှာဖြစ်တယ်၊ မင်းဧကရာဇ်တွေပဲ ဖြစ်စေ၊ သာမန်လူတစ်ဦးပဲ ဖြစ်စေ ဒီစည်းမျဉ်း ဥပဒေသက အတူတူပဲ သက်ရောက်မှုရှိပါတယ်။
အာယတ်တော် ၁၃း၃၂ က အာယတ်တော် ၃၁ ကိုထပ်မံအတည်ပြုတာပါ။
အလ္လာဟ်အရှင်မြတ်သည် ငြင်းဆန်သူတို့အား အချိန်ပေးထား၍ အချိန်ကျရောက်သော် ထိုက်သင့်သော အကျိုး ရလဒ်ကို ခံစားရစေမည် ဖြစ်ပေသတည်း။
နောက်လာမည့် အာယတ်တော်တွေက လူသားတွေကို သတိပေး ဆုံးမထားတာတွေပါ။ ၁၃း၃၃မှာ
အလ္လာဟ်ရှင်မြတ်သည် တစ်ဦးချင်းစီ၏ ကျင့်ဆောင်မှုများကို စဉ်ဆက်မပြတ်သိရှိတော်မူသောအရှင် ဖြစ်တော်မူသည် မဟုတ်ပါသလော၊ ၄င်းတို့သည် အလ္လာဟ်အရှင်နှင့် ရောပြွန်းကိုးကွယ် အားထားရာကို တီထွင်ခဲ့ ကြလေသည်၊ ၄င်းကိုးကွယ်ရာများ သဘောသဘာဝကို ဖေါ်ပြကြပါဦး၊ လောကကမ္ဘာ၌ အလ္လာဟ်ရှင်မသိသေးသော အရာများရှိနေသေးသည်ဟု ဆိုကြဦးမည်လော၊ သို့တည်းမဟုတ် အနှစ်သာရမဲ့ ပြောဆိုနေကြသလော၊ ၄င်းသွေဖည် ငြင်းဆန်သူတို့၏ ကြံရွယ်ချက်များသည် တင့်တယ်ဟန်ရှိနေပြီး မှန်ကန်သောလမ်းစဉ်မှ လွဲချော်နေသူများ ဖြစ်ကြလေသည်။ အလ္လာဟ်အရှင်မြတ်၏ စနစ်ကို မလိုက်နာသူများကို လမ်းညွှန်နိုင်သူဟူ၍ မရှိပြီ။
ရောပြွန်းကိုးကွယ်နေကြသူတွေပြောတဲ့ ကိုးကွယ်ခံများရဲ့ သဘောသဘာဝဟာ အင်မတန် ယုတ္တိတန် တင့်တယ် လှပနေပေမယ့် အမှန်တရားနှင့် လွဲချော်နေတာပါ။ လွဲမှားစွာ ယုံကြည်နေသူများကို အလ္လာဟ်ရဲ့လမ်းညွှန်ကလွဲပြီး အမှန်တရားကို ညွှန်ပြနိုင်သည့်အရာ မရှိတော့ပါ။
ဒီလို ရောပြွန်းကိုးကွယ်နေကြသူမျာရဲ့လားရာကို ကုရ်အာန်မှာ အခုလို သတိပေးထားတယ်ဆိုတာ တင်ပြရင်း ကျွန်တော့်ရဲ့ ယနေ့ခွတ္တဗာဟ်ကို ရပ်နားလိုက်ပါတယ်။
၎င်းတို့အတွက် ယခုမျက်မှောက်ကာလ၌လည်း ဆိုးကျိုးများခံစားရန် ရှိနေပြီး နောင်အနာဂတ် အာခေရသ် ကာလတွင် ပိုမိုပြင်းထန်သော ဆိုးကျိုးများ ရှိနေပေသည်။ ၎င်းတို့အား အလ္လာဟ်အရှင်၏ စည်းမျဉ်းနှင့် ဆန့်ကျင်လျှက် ကာကွယ်ပေးနိုင်မည့်သူဟူ၍ မရှိချေ။ (၁၃း၃၄)