မိုးခြိမ်းသံ (အပိုင်း-၄) ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
မိုးခြိမ်းသံ (အပိုင်း-၄)
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
“အတ်စလားမု အလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဗရကာသုဟု”
ဒီကနေ့မှာ ကျွန်တော် တင်ပြလျှက်ရှိတဲ့ မိုးခြိမ်းသံကဏ္ဍ (စူရာဟ်-၁၃)ဟာ အပိုင်း(၄) ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က ကျမ်းတော််မြတ်ကုရ်အာန်မှာ သူ့ရဲ့သတိပေးချက်တွေ သူရဲ့သတင်းကောင်းတွေကို တင်ပြတဲ့အခါမှာ လူတချို့အတွက် ဒီမိုးခြိမ်းသံဟာ မိုးရွာသွန်းမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝမ်းမြောက်ပျော်ရွှင်ကြရသလို တချိို့လူတွေအတွက် မိုးကြိုးပစ်ခံရမှာ စိုးရိမ်ကြောက်လန့်တဲ့ ခံစားချက်အသီးသီး ဖြစ်ပေါ်စေပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဒေသနာတော်တွေကို ကြားရတဲ့အခါမှာ မျှော်လင့်ချက်တွေ ပေါ်ထွန်းလာစေသလို၊ တချို့ကိုလည်း စိုးရိမ်ထိတ်လန့်မှုတွေ ပေါ်ထွန်းစေတဲ့အတွက် ဒီစူရာဟ်ကဏ္ဍကို မိုးခြိမ်းသံလို့ အမည်ပေးခဲ့ကြောင်းကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။
သက္ကဒီရ်ဆိုတာဟာ အလ္လာဟ်ပြဌာန်းထားတဲ့ စနစ်အတွင်းမှာ လူသားတို့ရဲ့ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ် ဖြစ်တယ်ဆိုတာကိုလည်း တင်ပြခဲ့ပါတယ်။ လူသားရဲ့ သက္ကဒီရ်ဟာ လူသားရဲ့လက်ထဲမှာဘဲ ရှိပါတယ်။ လူသား တစ်ယောက်ဟာ မိမိဘဝကို မိမိကိုယ်တိုင် ပဲ့ကိုင်ထိန်းကျောင်းရမှာ ဖြစ်တယ်။ လူဟာ မိမိရဲ့ကံကြမ္မာရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက် ဒုအာရဲ့သဘောတရား တစ်ခုဖြစ်တဲ့ ဥပမာတစ်ခုကိုလည်း တင်ပြခဲ့ပါတယ်။ စူရာဟ် ၁၃ ရဲ့ အာယသ်တော် ၁၄မှာ အလ္လာဟ်အရှင်မြတ်က ဘယ်လို ဥပမာပေးလဲဆိုရင် (လွဲမှားတဲ့ ဆုတောင်းဟာ ရေရှိရာဘက်ကို လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပါးစပ်ထဲကိုရေရောက်ရှိဖို့တောင်းခံသူများနဲ့ပမာတူပါတယ်)၊ ရေက တော့ ပါးစပ်ထဲရာက်လာမှာ မဟုတ်ဘူးလို့ မိန့်မှာထားပါတယ်။
ပြီးတဲ့နောက်မှာ ကန်းနေတဲ့လူနဲ့ မြင်နေတဲ့လူ မတူနိုင်ပါဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။ ကန်းနေသူဆိုတာ မျက်စိကန်းနေသူကို ရည်ညွှန်းတာမဟုတ်ဘဲ မိမိရဲ့အမြင်ကို အမြင်အတိုင်းဘဲ ထားပြီးတော့ ဆက်လက်တွေးတော ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိတဲ့ လူတွေဟာ ကန်းနေတဲ့သူတွေ ဖြစ်တယ်။ မိမိရဲ့အမြင်ကို ဆက်လက်တွေးခေါ်မြော်မြင်ပြီးတော့ အဆုံးထိမြင်တတ်သွားတဲ့ လူတွေကိုမှ စစ်မှန်စွာမြင်တတ်တဲ့လူတွေ ဖြစ်တယ်ဆိုတာကို ရှေ့အာယသ်တော်တွေမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတဲ့နောက် လူတွေရဲ့ဥပမာကို ရေမြှုပ်တွေနဲ့ ဖော်ပြခဲ့ပါတယ်။ လူသားတွေဟာ မိမိတို့ရဲ့ ထင်ပေါ်ကျော်ကြားလိုစိတ်ဘဲ လိုလားတဲ့လူတွေ၊ ထင်ပေါ် ကျော်ကြားမှုကို ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်တဲ့လူတွေဟာ ရေပေါ်မှာပေါ်နေတဲ့ ရေမြှုပ်တွေလိုဘဲ ခဏတာဘဲခံပြီး နောက်တော့ ပျောက်ကွယ် သွားမယ်။
မမြင်ရတဲ့ ကျောက်သံ၊ ပတ္တမြားတွေဟာ ရေအောက်၊ မြေအောက်ထဲမှာ ဖုံးကွယ်နေပေမယ့် သူတို့ရဲ့ တန်ဖိုးတွေဟာ ရေရှည် တည်တ့ံနေမယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြခဲ့ပြီးဖြစ် ပါတယ်။ နောက်ဆုံး အာယသ်တော် ၂၀ နဲ့ ၂၁ ကို တင်ပြတဲ့ အခါမှာလည်း အလ္လာဟ်နဲ့ ပဋိဉာဉ်လုပ်ထားတဲ့လူတွေအကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီမှာ အလ္လာဟ်အရှင်မြတ်က သူချမှတ်ထားတဲ့ စည်းကမ်းဘောင် အတွင်းကနေပြီးတော့ လူသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့သူတွေဟာ အလ္လာဟ်နဲ့ချုပ်ထားတဲ့ ပဋိဉာဉ်ကို လိုက်နာဆောင်ရွက် အကောင်အထည်ဖော်သူတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း တင်ပြခဲ့ပါတယ်။
အလ္လာဟ်နဲ့ ချုပ်ထားတဲ့ပဋိဉာဉ်ဟာ (လားအိလားဟ၊ အစ်လ်လလ္လာဟ်၊ မုဟမ္မဒ်ဒူရ် ရဆူလူလ္လာဟ်) (အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုးကွယ်အားထားရာ အရှင်သခင်မရှိ၊ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ အလ္လာဟ်ရဲ့ရဆူလ် တမန်တော် တစ်ပါးဖြစ်ပါတယ်ဆိုတဲ့ ခံယူချက်နဲ့ မိမိနှင့်ခံယူချက်မတူတဲ့ လူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ကောင်းတဲ့အကျိုးရလဒ်တွေထွက်အောင် ဆောင်ရွက်ကြ ရမယ်။ အဲ့ဒီလို အလ္လာဟ်အရှင်မြတ်က သွန်သင်ထားတဲ့အကြောင်း တင်ပြရင်း ကျွန်တော်နိဂုံးချုပ်ခဲ့ ပါတယ်။
ယခု ဆက်လက်ပြီး စူရာဟ် ၁၃ အာယသ်တော် ၂၂ မှာ ဖေါ်ညွှန်းထားတာက “၄င်းတို့သည် ပြုစုပျိုးထောင်ရှင်ရဲ့ နှစ်သက်မုှကို (ဆွဗရ်)ကြံကြံခံ ရှာဖွေကြသည်။ ဆွလာသ်တည်ဆောက် ကြသည်။ အလ္လာဟ်ချီးမြှင့်ထားတဲ့ (ရိဇိက်ဆိုတဲ့) အရာတွေထဲက နေပြီးတော့ လျှို့ဝှက်စွာဖြစ်စေ၊ ပေါ်လွင်ထင်ရှားစွာဖြစ်စေ၊ လှူဒါန်း ပေးကမ်းကြသည်။ မကောင်းမှုတွေကို ကောင်းမုှတွေနဲ့ တုန့်ပြန် ကြသည်။ သူတို့ရဲ့အကျိုးရလဒ်က အင်မတန် ကောင်းမွန််တဲ့နေရာ ဌာန ဖြစ်ပါသည်။” လို့ စူရာဟ် ၁၃၊ အာယသ်တော် ၂၂ မှာ ဖော်ပြ ထားတာကို လေ့လာတွေ့ရှိရပါတယ်။ ဒီအာယသ်တော်မှာ အချက် ၄ ချက်ကို အလ္လာဟ်အရှင်မြတ်က တင်ပြထားပါတယ်။ နံပါတ် ၁ အချက်က အလ္လာဟ်ရဲ့နှစ်သက်မုှကို ရှာဖွေရာမှာ ကြံကြံခံ(ဆွဗရ်) လုပ်ပြီးရှာဖွေကြပါ။ ဒုတိယအချက်ကတော့ ဆွလာသ်တည်ဆောက်ကြပါ။ တတိယ အချက်ကတော့ အလ္လာဟ်ချီးမြှင့်ထားတဲ့ (ရိဇီက်) ရိုဇီတွေကို လျှို့ဝှက်စွာဖြစ်စေ၊ ပေါ်လွင်ထင်ရှားစွာဖြစ်စေ၊ တခြားသူတွေကိုလည်း မျှဝေ ပေးကမ်းကြပါ။ စတုတ္ထအချက်ကတော့ မကောင်းမှုတွေကို ကောင်းမှုတွေနဲ့ တုန့်ပြန်ကြပါလို့ ဒီအာယသ်တော်မှာ ဒီအချက် ၄ချက်ကို အလ္လာဟ်အရှင်မြတ်က မီးမောင်းထိုးပြပြီးတော့ ဒါဟာ အလ္လာဟ်နဲ့ချုပ်ထားတဲ့ ပဋ္ဋိဉာဉ်ကို လိုက်နာစောင့်ထိန်းသူတွေရဲ့ အရည်အသွေးတွေ ပါလို့ ဖော်ပြထားပါတယ်။
နံပါတ်(၁)အချက်ကို ပြန်ပြောရမယ်ဆိုရင် အလ္လာဟ်ရဲ့နှစ်သက်မှုကို ရှာဖွေရာမှာ ဆွဗရ်ဆိုတဲ့ ကြံ့ကြံ့ခံမှုနှင့် ရှာဖွေကြပါ။ အလ္လာဟ်ရဲ့နှစ်သက်မှုကို ရှာဖွေတဲ့နေရာမှာ ကျွန်တော်တို့ကို တိုက်ခိုက်တဲ့လူတွေရှိမယ်။ မိမိတို့ရဲ့ စိတ်ဓါတ်တွေကျသွားအောင်လုပ်တဲ့ လူတွေရှိမယ်။ ရေလိုက်ငါးလိုက်နေသွားလိုက်ဖို့ ကောင်းတယ် ဆိုပြီးတော့ ဆွဲဆောင်တဲ့အရာတွေ ရှိမယ်။ ဒါတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတော့ အလ္လာဟ်ရဲ့နှစ်သက်မှုကို ရှာဖွေကြပါ။ (ဆွဗရ်)ဆိုတာ အလျှော့ပေးလိုက်လျောသီးခံပြီးနေတာမဟုတ်၊ မိမိရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ကျောက်စိုင်ကျောက်သားလို ကြံ့ကြံ့ခံရပ်တည်ပြီး အလ္လာဟ်ရဲ့နှစ်သက်မုှကို ရှာဖွေတာဖြစ်တယ်။
နံပါတ် ၂ အချက်ကတော့ ဆွလာသ် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဆွလာသ်ဆိုတဲ့ စကားလုံးက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ဒီနေရာမှာ ဆွလာသ်ဆိုတဲ့ အဓိပ္ပါယ်ကို အားလုံးသိထားတဲ့ ကျမ်းမြတ်ကုရ်အာန် စူရာဟ် မာအူးန် (စူရာဟ် ၁၀၇) မှာ ဖော်ပြထားတာကို ညွှန်းလိုပါတယ်။ အဲဒီစူရာဟ်မှာ (အလ္လာဟ်ပေးထားတဲ့ ပေါများကြွယ်ဝစွာရှိနေတဲ့ ခံစားခွင့်တွေကို လွတ်လပ်စွာ သုံးစွဲခွင့်ပြု မှု(ဥပမာ-ရေ၊ လေ၊ မြေ)၊ အားနည်းချို့တဲ့သူတွေကို ဂရုစိုက်ပြုစုပျိုးထောင်မှုတွေဟာ ဆွလာသ်တည်ဆောက်မုှကို ပီပြင်စေ တယ်။)လို့ ဖော်ပြထားပါတယ်။ ဆွလာသ်တည်ဆောက်တယ်လို့ ပြောပြီးတော့ အားနည်းချို့တဲ့သူတွေဖြစ်တဲ့ မိဘမဲ့တွေ၊ ဘဝပျက်နေတဲ့သူတွေကို လျစ်လျူရှုထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆွလာသ်ဟာပျက်စီးခြင်းမှာဘဲ ရှိနေမှာပါဆိုပြီး ပြင်းပြင်းထန်ထန် တိတိကျကျ ဖော်ပြထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ဆွလာသ်ကို တည်ဆောက်ဖို့ လိုအပ်ကြောင်း အလ္လာဟ် အရှင်မြတ်က သတိပေးထားတာ တွေ့ရှိရပါတယ်။
နံပါတ် ၃ ကတော့ အလ္လာဟ်ချီးမြှင့်ထားတဲ့ ရိုဇီရိက္ခာတွေကို ပွင့်လင်းမြင်သာစွာဖြစ်စေ၊ လျှို့ဝှက်စွာဖြစ်စေ၊ ပြန်လည် မျှဝေပေး ရမယ်။ အလ္လာဟ်ပေးထားတဲ့ ရိဇိက်ဆိုတာ စားသောက် ဖွယ်ရာနဲ့ ဥစ္စာဓနကြီးဘဲမဟုတ်ဘူး။ မိမိရဲ့ရုပ်ပိုင်းဆိုင်ရာ တိုးတက်မုှကို ဖြစ်စေတဲ့ ဟာတွေ လည်း ပါတယ်။ မိမိရဲ့နာဖ်စ်ရဲ့ ဖွ့ံဖြိုးတိုးတက်မှုဖြစ်စေတာလည်း ရိဇိက်ပဲဆိုတာကို ကုရ်အာန်အာယသ်တော် တစ်ခုနဲ့ ကိုးကားပြီး တင်ပြလိုပါတယ်။
ကုရ်အာန် စူရာဟ် ၂၂ ၊ အာယသ်တော် ၅၈ မှာ “အလ္လာဟ့် လမ်းစဉ်ပေါ်မှာ ရပ်တည်လျှက် ရွေ့ပြောင်းထွက်ခွာ လာကြသူများ ဟာ လမ်းခရီးမှာ သတ်ဖြတ်ခြင်း ခံရသည်ဖြစ်စေ၊ သေဆုံး ကွယ်လွန် ကြသည် ဖြစ်စေ၊ ဧကန်မုချအလ္လာဟ် အရှင်မြတ်သည် အလွန် ကောင်းမွန်သော ရိဇိက်များဖြင့် ပံ့ပိုးကူညီမည်ဖြစ်သည်။ ဧကန် စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာ အကောင်းဆုံး ထောက်ပံ့ တော်မူသော အရှင်ဖြစ်တော်မူပေသည်” (၂၂း၅၈) ၊ ဒီနေရာမှာ အလ္လာဟ်ထောက်ပံ့မယ့် ရိဇိက်ဟာ ကွယ်လွန်သေဆုံးပြီးတဲ့ နောက်မှာဖြစ်စေ၊ အသတ်ခံရသည်ဖြစ်စေ၊ အလ္လာဟ်က ဒီလိုလူ တွေကို ရိဇိက် ထောက်ပံ့မယ်လို့ ပြောထားတာဖြစ်တယ်။ သေဆုံးပြီး ရုပ်ခန္ဓာမရှိတော့တဲ့နောက် စားသောက်ဖို့ လိုမှမလိုအပ် တော့တာဘဲလေ၊ မိမိရဲ့နာဖ်စ် တိုးတက်ဖွံံ့ဖြိုးမှုကို အလ္လာဟ် အရှင်မြတ်က ဆက်လက်ထောက်ပံ့ပေးမှာ ဖြစ်တယ်။ စားနပ်ရိက္ခာ တစ်ခုတည်းကို ရည်ရွယ်တာ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့် အလ္လာဟ်ပေးတဲ့ ရိဇိက်ဆိုတာ စားနပ်ရိက္ခာ ကြွယ်ဝဖို့၊ ချမ်းသာကြွယ်ဝဖို့စတဲ့ ရုပ်ပိုင်းဆိုင်ရာ တစ်ခုတညး်ကို ရည်ညွှန်း နေတာမဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေဖြစ်တဲ့ နာဖ်စ်ရဲ့တိုးတက်ဖွ့ံဖြိုးမှုပါ ပါဝင်နေပါတယ်။ ဒါကြောင့် လျှို့ဝှက်စွာဖြစ်စေ၊ ပွင့်လင်းမြင်သာစွာဖြစ်စေ၊ ဒီရိဇိက်တွေကို ပြန်လည်မျှဝေပါလို့ပြောထားတာက အစားအသောက်တွေ၊ ဥစ္စာဓနတွေသာ မက မိမိတို့ရဲ့ အသိတရားတွေ၊ မိမိတို့ရဲ့ အရည်အသွေး၊ အရည်အချင်းတွေကိုပါ တခြားလူတွေကို မျှဝေဖို့ ဒီအာယသ်က ဖေါ်ညွှန်းပြနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့က ဘာဖြစ်လို့လျှို့ဝှက်စွာ လှူဒါန်းရမှာလဲ။ လှူဒါန်းတဲ့နိယာသ်က လိုအပ်နေတာတွေကို ဖြည့်ဆည်း ပေးဖို့ဆိုတဲ့ ကောင်းမွန်တဲ့ နိယာသ်တစ်ခုတည်း ထားရမယ်။ အဲဒီလို လှူဒါန်းခြင်းဖြင့် မိမိကိုသူများအထင်ကြီးအောင်၊ မိမိရဲ့ အဖွဲ့ အစည်းကို လူသိအောင် (PROMOTION) လုပ်တဲ့နိယာသ်နဲ့ လှူဒါန်းတဲ့ အလှူဟာ ပြစားခြင်းသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လိုအပ်ချက်ရှိနေတဲ့ လူတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးနိုင်မယ်လို့ ယူဆရရင် လျှို့ဝှက်စွာလှူဒါန်းရမှာဖြစ်ပြီး တကယ်လို့များလိုအပ်ချက်တွေကို လှူဒါန်းရမယ့်ကိစ္စရပ်မှာ အခြားလူတွေရဲ့ အကူအညီပါ လိုအပ်နေပြီး လိုအပ်ချက်ရှိနေတဲ့သူတွေအတွက် ဂုဏ်သိက္ခာကို မထိပါးဘူးဆိုရင် ပွင့်လင်းမြင်သာစွာ လှူဒါန်းရမှာ ဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ပြည့်မီဖို့ ရည်ရွယ်ချက်ကို အဓိက ထားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ လှူဒါန်းမှု အစုစုဟာ ပြစားမှု၊ နာမည်ကြီးချင်လို့ လှူဒါန်းမှုအဖြစ် သတ်မှတ်ခံ ရမှာဖြစ်ပါတယ်။
နံပါတ် ၄ အချက်ကတော့ မကောင်းမှုတွေကို ကောင်းမှု တွေနဲ့ တုန့်ပြန်ပါလို့ ဖော်ပြထားပါတယ်။ တော်တော်လေး ခက်ခဲ ပါတယ်။ ကိုယ့်ကို မကောင်းကြံစည်နေတဲ့လူတွေကို ကောင်းမှုနဲ့ တုန့်ပြန်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ အဲဒီလိုတုန့်ပြန်ဖို့ ဆိုတာ အင်မတန် စိတ်ဓါတ်ရင့်ကျက်ပြီး သန့်ရှင်းစင်ကြယ်တဲ့ (အိခ်လပ်စ် နိယာသ်) စိတ်ထားနဲ့လူ၊ ကိုယ်ကျင့်သီလ ကောင်းတဲ့ လူမှ ဒီလိုမျိုးတုန့်ပြန်နိုင်တာပါ။ ကျွန်တော်တို့နေထိုင်ရာ အရပ် ဒေသဟာ ဒါရူလ် ဟရာမ် ဖြစ်တယ်။ တခြား နေရာတွေဟာ ဒါရုူလ် စလာမ် ဖြစ်တယ်။ ဒါရူဟ် ဟရာမ်ဆိုတာက အန္တရာယ်များတဲ့အရပ် ဖြစ်တယ်။ ဒါရူ စလာမ်က အန္တရာယ်ကင်းတဲ့အရပ်ဖြစ်တယ်။ ကိုယ့် အတွက် အန္တရာယ်များတဲ့အရပ် (ဒါရူဟ် ဟရာမ်) မှာဆိုရင် မူးယစ်ဆေးဝါးရောင်းပြီး စီပွားရှာနိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေ တချို့မှာရှိကြတယ်။ မတရားသောနည်းလမ်းနှင့် တုန့်ပြန်နိုင် တယ် ဆိုတဲ့ဆင်ခြေတွေ တချို့ကပေးကြတယ်။ ဒါမျိုးကို အစ္စလာမ့် လမ်းစဉ်က ဘယ်သောအခါကမှ အားမပေးခဲ့ပါဘူး။
ဒါတွေဟာ အလ္လာဟ်ရဲ့ ညွှန်ကြားချက်မဟုတ်ပါဘူး။ မိမိဆန္ဒနဲ့ စိတ်ကူးတည့်ရာ ပုံဖော်မှုသာဖြစ်ပါတယ်။ အလ္လာဟ်ကတော့ မကောင်းမှုတွေကို ကောင်းမှုတွေနဲ့ တုန့်ပြန်ပါလို့ လမ်းညွှန်ထားပါတယ်။ ကုရ်အာန်စူရာဟ် ၄၁ အာယသ်တော် ၃၄မှာ “မကောင်းမှုကို ကောင်းမှုနဲ့သာ တုန့်ပြန်မယ်ဆိုရင် အသင်တို့ အချင်းချင်းကြားထဲမှာ ရှိနေတဲ့ ရန်ညှိုးတွေတောင် ပြေလည်ပြီးတော့ အင်မတန်မှ ခိုင်မာတဲ့ မိတ်ဆွေတွေဖြစ်လာကြလိမ့်မယ်။” လို့တောင် လမ်းညွှန်ထားတာပါ။ ရန်သူကိုတောင် မိတ်ဆွေဖြစ်နိုင်တဲ့ နည်းလမ်းဟာ မကောင်းမှုကို ကောင်းမုှနဲ့ တုန့်ပြန်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီလို ကောင်းမှုတွေလုပ်တဲ့အခါမှာ စောစောကပြောတဲ့ စူရာဟ် ၂၂း၅၈ မှာ ဖော်ပြထားသလို ကိုယ်ကဒီအရပ်ဒေသမှာ ကောင်းမှုတွေကို လုပ်နိုင်စွမ်းမရှိရင် ဒီအရပ်ဒေသကို စွန့်ခွာပြီး ဟစ်ဂျရသ် လုပ်ရ ပါမယ်။
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ မက္ကာမှာ ၁၃နှစ်တိုင် ကြိုးပမ်းခဲ့တယ်။ ဒီကြိုးပမ်းမှုကို မက္ကာသားတွေ လက်မခံနိုင်ဘူး ဖြစ်ခဲ့တယ်။ ကောင်းမှုတွေလုပ်ဖို့ အခွင့်အလမ်းတွေကို ပိတ်ပင် ခဲ့တယ်။ ဒီအခါမှာ တမန်တော်မြတ်က သူတို့ကို မကောင်းမှုနဲ့ ပြန်လည် မတုန့်ပြန်ဘဲ မက္ကာကနေ မဒီနာကို ဟစ်ဂျရသ် ပြုလုပ်ခဲ့တယ်။ အဲဒီလို ဟစ်ဂျရသ်လုပ်လို့ လမ်းခရီးမှာ သေဆုံးသည် ဖြစ်စေ၊ အသတ်ခံရသည်ဖြစ်စေ၊ အလ္လာဟ်ဘက်က ကောင်းမွန်တဲ့ အစားပေးမုှတွေ ရှိနေပါတယ်။ အဲဒီလို ခံယူချက် ခိုင်မာစွာနဲ့ ကျွန်တော်တို့ နေထိုင်ရမယ်။ ကျွန်တော်တို့က မကောင်းမှုတွေရှိတဲ့ အရပ်ဒေသမှာ နေထိုင်ပြီးတော့ မကောင်းမှုနဲ့ ပြန်လည်တုန့်ပြန် နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကိုယ်ကျင့်သီလတွေ ပျက်ပြားမယ်။ ကျွန်တော်တို့ လက်ခံယုံကြည်ထားတဲ့ လမ်းစဉ်ကိုလည်း လူတွေက အထင်လွဲလာ ကြမယ်။
အခုအချိန် ကျွန်တော်တို့ ကြုံနေရတာ ဒီလိုအဖြစ်မျိုးဘဲ ဖြစ်ပါတယ်။ ငါတို့ကို မကောင်းမုှတွေနဲ့ ဖိနှိပ်ညှင်းပန်းနေတယ်။ ငါတို့က လည်း မကောင်းမုှနဲ့ဘဲ ပြန်လည်တုန့်ပြန်မယ်။ ဒါဟာ ငါတို့ အပြစ်မဟုတ်ဘူး။ ငါတို့ လုပ်သင့်တဲ့အရာဘဲလို့ လွဲမှားစွာယူဆ နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်ရဲ့ လမ်းညွှန်ချက်တွေကို သေသေခြာခြာ နားလည်သဘောပေါက်အောင် လေ့လာပြီးတော့ ကျွန်တော်တို့ ဘယ်လိုနေထိုင် ကျင့်ကြံရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ အလ္လာဟ်အရှင်က အသင်တို့ မကောင်းမှုကို ဘယ်တော့မှ မကောင်းမှုနဲ့ မတုန့်ပြန်ပါနဲ့လို့ ပြောထားပါတယ်။ ကောင်းမှုနဲ့ တုန့်ပြန်ခဲ့မယ်ဆိုရင် မင်းတို့ မမျှော်လင့်တဲ့ အကျိုးရလဒ်တွေ၊ မမျှော်မှန်းခဲ့တဲ့ အကျိုး ရလဒ်တွေ ထွက်ပေါ်လာမယ်။ ရန်သူသည်ပင်လျှင် မင်းတို့အတွက် အခိုင်မာ ဆုံး မိတ်ဆွေတွေ ဖြစ်လာလိိမ့်မယ်။ ဒါဟာသမိုင်းမှာ တမန်တော် မုဟမ္မဒ်(ဆွ) နဲ့ ဆွဟာဗာတွေက ဟူဒိုင်ဗီယာ စာချုပ်နဲ့ သက်သေပြ ခဲ့ပါတယ်။
ကျွန်တော်တို့ကတော့ တမန်တော်မြတ်ရဲ့ ဒီလို စန္နသ်တော်တွေကို ကျင့်သုံးရမယ့်အစား အသေးအဖွဲလေးတွေ ဖြစ်တဲ့ တမန်တော် ထမင်းစားပြီး အချိုစားတာ၊ ရေသောက်ရင် ထိုင်သောက်တာစတဲ့ အသေးအဖွဲလေးတွေ ကျင့်သုံးပြီး ငါဟာ စွန္နသ်တော်ကို လေးစားလိုက်နာ တဲ့လူ ဖြစ်တယ်လို့ပြောကြတယ်။ အဲဒီလိုလွဲမှားစွာ ကျင့်သုံးနေရင်းနဲ့ ကျေနပ်နေကြတယ်။ တမန်တော်မြတ်ရဲ့့ အကြီးကျယ်ဆုံး စွန္နသ်တော်တွေကို ကျွန်တော်တို့ လျစ်လျူရှုထားလိုက်ကြတယ်။ ကျွန်တော်တို့ ဟူဒိုင်ဗီယာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုတဲ့အခါမှာ အဖြစ်အပျက်ကို ကြည့်ရင်သိမှာပါ။ တမန်တော်မြတ်ကလွဲရင် ဆာဟဗာတွေဟာ ဒီမက္ကာသားတွေကို တိုက်ထုတ်ပြီး မက္ကာမြို့ထဲကို ဝင်ရောက် အွမ္မရာဟ် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ တိုက်ခိုက်နိုင်တဲ့ အင်အားလည်း အပြည့်အစုံရှိတယ်။
ဒါပေမယ့် တမန်တော်မြတ်ရဲ့ ရည်ရွယ်ချက်က ဒီမက္ကာသားတွေကို တိုက်ထုတ်ဖို့ အဓိကမဟုတ်ဘူး။ တမန်တော်မြတ်ရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို တည်ထောင်ဖို့က အဓိက ဖြစ်တယ်။ မမျှတတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေကို တမန်တော်မြတ်က လက်ခံလိုက်တော့ တချို့ ဆာဟဗာတွေက တမန်တော်မြတ်ကို အလ္လာဟ်စေလွှတ်တဲ့ တမန်တော်မှ ဟုတ်ရဲ့လား ဆိုပြီးတော့တောင် အပြစ်တင်ခဲ့ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လိုက်လျောအလျှော့ပေးပြီးတော့ ငြိမ်းချမ်းရေးကို ရအောင် ယူခဲ့တယ်။ မလွှဲမရှောင်သာလို့ တိုက်ခိုက်တဲ့အခါမှာလည် ရဲရဲဝ့ံဝ့ံတိုက်ခိုက်ခဲ့တယ်။ ငြိမ်းချမ်းရေးကို တစ်ဖက်က ကမ်းလှမ်းလာပြီ ဆိုရင်လည်း၊ ငါတို့က အင်အားကြီးတယ်ဆိုတဲ့ အနေအထားပေါ်မှာ ရပ်တည်ပြီးတော့ အပေါ်စီးက မဆက်ဆံဘဲနဲ့ လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောခဲ့တယ်။ ဒါက တမန်တော်မြတ်ရဲ့ စွန္နသ်ဖြစ်တယ်။ ဒီလိုစွန္နသ်တော်တွေကို အမြဲသတိပြုပြီး ကျင့်သုံးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လိုက်နာတဲ့သူတွေဟာ အလ္လာဟ်နဲ့ချုပ်ထားတဲ့ ပဋိဉာဉ်ကို စောင့်ထိန်း လိုက်နာသူတွေ ဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၃၊ အာယသ်တော် ၂၃ မှာ “ဒီလို အရည်အသွေးရှိတဲ့ လူတွေအတွက် နားခိုရမယ့် ဥယျာဉ်များ အလ္လာဟ်အရှင်မြတ်က စီမံထားပါတယ်။ အဲဒီ့ ဥယျာဉ်ထဲကို အဲ့ဒီ လူတွေကိုယ်တိုင် ဝင်ရောက်ရမယ်။ အဲ့ဒီအပြင် သူတို့ရဲ့ ဘိုးဘွား ဘီဘင်တွေ၊ သားသမီး မြေးမြစ်တွေ၊ ကြင်ရာကြင်ဖက် မိတ်ဆွေ တွေထဲက ပြစ်မုှကြဉ်ရှောင်တဲ့လူတွေ၊ ဆွလာသ် တည်ဆောက်တဲ့ လူတွေလည်း ဝင်ရောက်ကြမယ်။ မလာအိကဟ် တွေကလည်း ဒီဥယျာဉ်တွေထဲ အဆင့်တိုင်းကနေ ဝင်ရောက်လာကြလိမ့်မယ်။” ဒီအရည်အသွေးရှိတဲ့ လူတွေအတွက် ဂျန္နသ်ဆိုတဲ့ဥယျာဉ်ကို အလ္လာဟ် အရှင်မြတ်က စီမံထားပါတယ်။ အဲ့ဒီထဲမှာ ကိုယ့်ရဲ့ ဘိုးဘွားဘီဘင်တွေလည်းပါမယ်။ သားသမိီးမြေးမြစ်တွေလည်း ပါမယ်။ မိမိရဲ့ကြင်ရာ ကြင်ဖက် မိတ်ဆွေသူငယ်ချင်းတွေလည်း ပါမယ်။ ဒါပေမယ့် ဒီနေရာမှာ (မန်ဆွလာ)ပြစ်မှု ကြဉ်ရှောင်ကြ သူများ ဆိုတဲ့ စကားလုံးဟာ အင်မတန်မှ အရေးပါပါတယ်။
ကျွန်တော်တို့ ထင်တာက အမျိုးထဲမှာ အာလင်မ် တစ်ပါးရှိခဲ့ရင် အထက် ၇ ဆက်က ဘိုးဘွားဘီဘင်တွေ၊ အောက် ၇ ဆက်က သားသမီးမြေးမြစ်တွေ၊ ဂျန္နသ်ကို ဝင်ရောက်ရမယ်။ ဒီအာယသ်အရတော့ ဂျန္နသ်ကို ဝင်ရောက်ရမယ့်သူဆိုတာ ကိုယ်တိုင်လည်း အရည်အချင်းပြည့်မီရမယ်။ ပြစ်မှုတွေ ကြဉ်ရှောင်တဲ့သူ ဖြစ်ရမယ်။ ပြီးရင် ကိုယ့်ရဲ့ဘိုးဘွားဘီဘင် ထဲကလည်း ပြစ်မုှ ကြဉ်ရှောင်တဲ့သူတွေ ဖြစ်ရမယ်။ ကိုယ့်ရဲ့ သားသမီးမြေးမြစ်တွေကလည်း ပြစ်မုှတွေကို ရှောင်ကြဉ်တဲ့သူတွေ ဖြစ်ရမယ်။ ကြင်ရာ ကြင်ဖက် သူငယ်ချင်း မိတ်ဆွေတွေကလည်း အဲဒီလိုဘဲ ဖြစ်နေရမယ်။ ကိုယ့်ရဲ့လုပ်ရပ်ပေါ်မှာဘဲ ဝင်ရောက်ရမှာ ဖြစ်တယ်။ ကိုယ်က အာလင်မ် ဖြစ်နေရင်တောင်မှ မပြီးသေးဘူး။ ကိုယ်ဟာ အလ္လာဟ်တားမြစ်ထားတဲ့ ပြစ်မုှထဲကနေ ရှောင်ကြဉ် တဲ့သူ ဖြစ်ရမယ်။ သတ်မှတ်ထားတဲ့ အရည်အသွေးတွေ ပြည့်မှ ဂျန္နသ်ကို ဝင်ရောက်ရမှာပါ။
အာလင်မ် တစ်ပါးဖြစ်အောင် ဘိုးဘွားဘီဘင်တွေ ဘယ်လိုကြိုးပမ်း အားထုတ်ခဲ့သလဲ။ အဲဒီ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ အကျိုးရလဒ်ကို ပေးလိမ့်မယ်။ ဒီအာလင်မ်ရဲ့ ဆုံးမပဲ့ပြင်မှုကြောင့် မိမိရဲ့အောက်က သားသမီးမြေးမြစ်တွေ ဘယ်လောက်ထိအောင် ကောင်းမွန်ခဲ့သလဲ။ အဲ့ဒီ လူတွေဂျန္နသ်ကို သွားမယ်။ ကျွန်တော်တို့ထင်သလို အာလင်မ်တစ်ပါးရှိရုံနဲ့ အလိုအလျောက် ဂျန္နသ်ကို ရောက်မယ့် အနေအထားမျိုးတော့ မဟုတ်ပါဘူး။
ဆက်လက်ပြီး ကုရ်အာန်စူရာဟ် ၁၃ ၊ အာယသ်တော် ၂၄ မှာ “ အသင်တို့ ကြံခိုုင်စွာ ရပ်တည်ခဲ့သော အကျိုးရလဒ်တွေကြောင့် ငြိမ်းချမ်းသာယာမှုတွေ ကျရောက်ပါစေ။ ဒီလိုလူတွေရဲ့အကျိုးရလဒ် ကတော့ အင်မတန်ကောင်းမွန်တဲ့နေရာဌာန ဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ ကြ့ံခိုင်မုှအပေါ်မှာ မူတည်ပြိီးတော့ ငြိမ်းချမ်းမှုအဖြာဖြာက သက်ရောက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ် မှုကြောင့် ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ၊ သားသမီးတွေရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်တယ်၊ မိမိတို့ရဲ့ ဆွေမျိုးသားချင်းအာလင်မ်ရဲ့ ဒုအာကြောင့်မဟုတ်ဘူး။ မိမိ ကိုယ်တို်င်ရဲ့ ကြံ့ကြံ့ခံရပ်တည်မှုကြောင့်သာ ဖြစ်တယ်။ ”
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၃၊ အာယသ်တော် ၂၅ မှာ “အကြင်သူတို့သည် ကတိကဝတ်ကို ဖောက်ဖျက်ပြီး၊ ပြုစု ပျိုးထောင်ရှင်နှင့် ပြုလုပ်ထားသော ပဋိဉာဉ်ကို ချိုးဖောက်ကြကုန်၏။ အလ္လာဟ်က ပြဌာန်းထားတဲ့ပူးပေါင်းဆောင်ရွက်ရန် အမိန့်ကို မလိုက်နာကြပေ။ ၄င်းပြင် ကမ္ဘာမြေပေါ်မှာ ငြိမ်းချမ်းမှုကို ဖျက်ဆီး ကြကုန်၏။ ထို့ကြောင့် အလ္လာဟ်၏ ကရုဏာတော်မှ ကင်းဝေးကြ လေပြီ။ သူတို့၏ ရလဒ်ကား အကျိုးယုတ်မှုသာဖြစ်သည်။” အလ္လာဟ်က အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမိန့်ချမှတ် ထားတာကို ဖြတ်တောက်ပြိီး အများနဲ့ကင်းကွာအောင်နေကြ တယ်။ ဒါဟာအလ္လာဟ်ရဲ့ ပဋိဉာဉ်ကို ချိုးဖောက်တဲ့သူတွေ ဖြစ်တယ်။
(ဝယုဖ်စေဒူးန)ဆိုတဲ့စကားလုံးထဲက ဖဆဒ်ဆိုတဲ့ စကား လုံးဟာ အရဗီဝေါဟာရမှာ မူရင်းအနေအထားကနေ သွေဖီသွားအောင် လုပ်တာ။ မူရင်းအနေအထားကနေ ယိုယွင်းပျက်ပြားသွားအောင်လုပ်တာ။ လူတစ်ယောက်ကို ဘဝပျက်သွားအောင်လုပ်တာ။ လူတစ်ယောက် ကို ဘဝပျက်သွားအောင် ကောက်ကျစ် ကြံစည်လိုက်တာ။ စီးပွားပျက်သွားအောင်လုပ်တာ။ ကာယအိန္ဒြေပျက်အောင် လုပ်တာ။ ကိုယ်တိုင်လည်း သောကတွေ၊ မောဟတွေ၊ လောဘတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ညှင်းပန်းတာ။ တခြားသူတွေကိုလည်း မိမိရဲ့ လောဘတွေနဲ့ နှိပ်စက်ညှင်းပန်းတာ။ သဘာဝပတ်ဝန်းကျင်ကိုလည်း ဖျက်ဆီးတာဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီလို လူတွေကြောင့် လူ့အသိုင်း အဝိုင်းမှာ လုံခြုံမှုကင်းမဲ့ပြီး၊ ငြိမ်းချမ်းရေး ပျက်ပြားစေတယ်။ ဒါကြောင့် အဲ့ဒီလုပ်ရပ်တွေထဲက တခုခုနဲ့ငြိသွား ပြီဆိုရင် အလ္လာဟ်နဲ့ပေးထားတဲ့ ပဋ္ဋိဉာဉ်ကို ချိုးဖောက်သူဖြစ်သွား ပါတယ်။
သူ့အပေါ်မှာ အလ္လာဟ်ရဲ့ လအ်နသ် ကျရောက်မယ်။ လအ်နသ်ကျတယ်ဆိုတာ အလ္လာဟ်က ကျိန်စာတိုက်တာ မဟုတ်ဘူး။ အလ္လာဟ်ပေးထားတဲ့ ကရုဏာတော်ကနေ ကင်းဝေးသွားတာ။ အလ္လာဟ်ပေးထားတဲ့ ဗရ်ကသ်တွေ ရဟ်မသ်တွေ မရှိတော့တာ။ အလ္လာဟ်ပေးထားတဲ့ဖဇီလသ်တွေ မခံစားရတော့ တာ။ သူူဟာအမြဲတမ်း စိုးရိမ်ကြောက်လန့်နေရပြီး၊ သောကတွေ ဒုက္ခတွေထဲမှာဘဲ ရှိနေလိမ့်မယ်။ အဲ့ဒီလိုလူဟာ (လားအိလားဟ၊ အစ်လ်လာလ်လာဟ်၊ မုဟမ္မဒူးရ် ရဆူလူလ်လာဟ်) ဆိုပြီး လက်ခံယုံကြည်ထားပေးမယ့် အဲ့ဒါကို ချိုးဖောက်နေတဲ့သူဘဲ ဖြစ်မယ်။
အဲဒီလို ကောင်းသူနဲ့ ဆိုးတဲ့သူတွေကို ခွဲခြားပြပြီးတဲ့ နောက် အလ္လာဟ်က ထောက်ပံ့ပေးထားတဲ့ စနစ်ဇယားကို ဖော်ပြ တဲ့အခါမှာ စူရာဟ် ၁၃ ၊ အာယသ်တော် ၂၆ မှာ “အလ္လာဟ် အရှင်မြတ်သည် မိမိချမှတ်ထားတဲ့ စနစ်အတိုင်း ကောင်းမွန်သူတွေ ကို ထောက်ပံ့အကျိုးဖြစ်ထွန်းစေပြီး၊ အချို့ကို အထောက်အပံ့တွေ ကျဉ်းမြောင်းစေတော်မူတယ်။ ဒါပေမယ့် လူသားတွေဟာ လက်ရှိ ပစ္စုပ္ပါန်ဘဝမှာသာ ပျော်မြူးနှစ်သက်နေကြတယ်။ အမှန်စင်စစ် လက်ရှိ ပစ္စုပ္ပါန် ဒွန္နယာဆိုတာ အနာဂတ်ကာလထဲမှာရှိတဲ့ တဒင်္ဂ မျှသော အခိုက်အတန့်လေးသာ ဖြစ်ပါတယ်။ ”
ကျွန်တော်ကတော့ ဒီအာယသ်တော်ဟာ စောစောက ဖော်ပြသလို လူသားတွေအပေါ်မှာ အရ်ရဟ်မာန်၊ အရ်ရဟီးမ် အရှင်ရဲ့ ထောက်ပံ့ပေးကမ်းမှုအဆင့်ကို ဖော်ပြတယ်လို့ နားလည် မိပါတယ်။ အထောက်အပံ့ ရိဇိက်ဆိုတာ အထက်မှာ တင်ပြခဲ့သလို စားနပ်ရိက္ခာ တစ်ခုတည်း မဟုတ်ဘဲ၊ လူရဲ့့ရုပ်ပိုင်းတိုးတက်မုှ ဖြစ်စေတဲ့အရာတွေ၊ စိတ်ပိုင်းတိုးတက်မုှဖြစ်စေတဲ့ အရာတွေ၊ ထောက်ပံ့ပေးကမ်းထားတာ အလ္လာဟ်ရဲ့ရဗူဗီယသ် ဂုဏ်တော် ရဟ်မနီယာသ် ဂုဏ်တော်တွေအရထောက်ပံ့ထားတာ။ ဒီဟာတွေနဲ့ ကင်းကွာသွားပြီး လအ်နသ် ကျသွားပြီဆိုရင် ဒီအထောက်အပံ့တွေကနေ ကင်းဝေးသွားပြီး သူဟာ စားနပ်ရိက္ခာတွေ ချောင်လည်ကောင်း ချောင်လည်နေလိမ့်မယ်။ စိတ်ဓါတ်ပိုင်းအရ နိမ့်ကျနေလိမ့်မယ်။ သူဟာ ပညာတတ်ကြီး ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ မာနတွေခေါင်ခိုက်ပြီး ငါတကော ကောနေမယ်။ ဒါဟာ အလ္လာဟ်ရဲ့လအ်နသ် ကျရောက်နေသူ၊ အလ္လာဟ်ရဲ့ ရဟ်မသ်တော်ကနေ ကင်းဝေးနေတဲ့သူ ဖြစ်တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နိုင်ပါတယ်။ ပစ္စည်းဥစ္စာနောက်ကို လိုက်ရင်းနဲ့ ပိုက်ဆံ ရှာတဲ့သူသာဖြစ်နေမယ်။ ပိုက်ဆံကို ဘုရားသခင်လို ကိုးကွယ်ပြီး ဒီပိုက်ဆံနဲ့ အရာရာကို ဆောင်ရွက်နိုင်တယ်လို့ ထင်ကြတယ်။ ပိုက်ဆံဟာ ဒုတိယဘုရားသခင်လို့တောင် သတ်မှတ်လာကြတယ်။ အဲဒီလို စီးပွါးရှာ တတ်တဲ့ အရည်အသွေးရှိပေမယ့် စိတ်ဓါတ်ကတော့ အင်မတန် အောက်တန်းကျနေလိမ့်မယ်။ အသိပညာနောက်ကို လိုက်ရင်းနဲ့ ပညာရှင်ကြီး ဖြစ်သွားပေမယ့် မာနတွေ ခေါင်ခိုက်ပြီးတော့ ကျန်တဲ့လူတွေဟာ ငါ့လောက်အသိတရား မရှိတဲ့လူတွေလို့ ထင်နေတဲ့ လူတွေရှိတယ်။
အဲ့ဒီလိုလူတွေဟာ အလ္လာဟ်ရဲ့ ကရုဏာတော်ကနေ ကင်းဝေးနေလိမ့်မယ်။ အဲဒီလူတွေက လက်ရှိဒွန္နယာကို အမြဲနေရ မယ့်နေရာလို့ ပြုမူဆောင်ရွက်နေကြမယ်။ အလ္လာဟ်အရှင်မြတ်က ဒီဒွန္နယာရဲ့ သက်တမ်းဟာ အာခိရသ်နဲ့ယှဉ်လိုက်ရင် တဒင်္ဂ အခိုက်အတန့် လေးသာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၁၃ အာယသ်တော် ၂၇ မှာ “မယုံမကြည်သွေဖည် ငြင်းပယ်ကြသူတွေက ပြုစု ပျိုးထောင်ရှင်ထံမှ သက်သေလက္ခဏာတော် တစ်ရပ်ရပ်ကို တမန်တော်မြတ်အပေါ် ဘာကြောင့်မချပေးပါသလဲလို့ စောဒက တက်နေကြတယ်။ အမှန်တော့ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းကြောင်း မှန်မှ ကင်းဝေးနေသူများကို လမ်းမှားအတိုင်း ရှိနေစေပြီး အရှင့်ရဲ့ သက်သေလက္ခဏာဘက်ကို ပြန်လှည့်သော သူတို့သာလျှင် တရား လမ်းမှန်ကို ရရှိနိုင်လိမ့်မယ်။ ”
အခုနမာနတွေ ခေါင်ခိုက်နေတဲ့လူ၊ စိတ်ဓါတ် အောက် တန်း ကျနေတဲ့လူတွေဟာ အလ္လာဟ်ရဲ့ သက်သေလက္ခဏာတော်တွေကို မမြင်နိုင်တော့ဘူး။ ဘက်လောက်အထိ မမြင်သလဲဆိုရင် တမန်တော်မြတ်ဟာ တမန်တော်မြတ်ဖြစ်ပါတယ်ဆိုတဲ့ သက်သေ လက္ခဏာကို တောင် မမြင်တော့ဘူး။ တမန်တော်မြတ်ရဲ့ အကြီးကျယ်ဆုံး သက်သေလက္ခဏာတော်တစ်ရပ်ဟာ အားလုံးသိထားတဲ့ ကျမ်းတော်မြတ် ကုရ်အာန်ဖြစ်ပါတယ်။ ဒါကို သူတို့နားမလည်ကြဘူး။ ဒီကနေ့ စာပေရေးရာမှာ အင်မတန်တိုးတက်ပါတယ်ဆိုတဲ့ ခေတ်ကြီးမှာ ကျမ်းမြတ် ကုရ်အာန်ထဲက စူရာဟ် တစ်ပုဒ်မပြောနဲ့၊ အာယသ်တော် တစ်ပါးတောင် ရေးနိုင်တဲ့သူမရှိဘူး။ ဒါတွေကို စာပေပညာရှင်တွေက နားလည်ကြတယ်။
ကုရ်အာန်နဲ့တုပြီးတော့ ရေးနိုင်တဲ့ကျမ်းဂန်တစ်စောင် ပြုစုဖို့ကြိုးစားနေကြပေမယ့်လည်း ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါ။ ကုရ်အာန် တစ်အုပ်လုံးကို မပြောနဲ့၊ အာယသ်တော် တစ်ခုကိုတောင် တူအောင်ရေးနိုင်မှာ မဟုတ်ဘူး။ ဒီလိုကြိုးစားခဲ့သမျှ အရာတွေကလည်း သဲထဲရေသွန်သလို ဘာမှအရာထင်မှာ မဟုတ်ပါဘူး။ လမ်းမှားနေတဲ့သူကို နားရွက်ဆွဲပြီးတော့ အတင်းအဓမ္မ လမ်းကြောင်းမှန်ပေါ်ကို မတင်ပေးဖို့ အလ္လာဟ်က ပြောပြီးသား ဖြစ်တယ်။ စူရာဟ် ၂ ၊ အာယသ် ၂၅၆ မှာ ပါပါတယ်။ (လာအိက်ရဟ ဖီဒ် ဒီးန်)၊ အလ္လာဟ်ရဲ့လမ်းစဉ်၊ အစ္စလာမ်ရဲ့့လမ်းစဉ်မှာ အတင်းအဓမ္မဆိုတာ မရှိဘူး။ အလ္လာဟ်က လူသားတွေကို စွမ်းအားတွေ အပြည့်ပေးပြီး ဒီလောကထဲကို လွှတ်လိုက်တာ။
မိမိရဲ့နှလုံးသား၊ မိမိရဲ့ဦးနှောက်နဲ့၊ အလ္လာဟ်ရဲ့သက်သေလက္ခဏာတွေကို မြင်အောင်ကြည့်၊ အလ္လာဟ်ရဲ့ သက်သေလက္ခဏာ ဘက်ကို လှည့်လာတဲ့လူတွေကိုမှ တရားလမ်းမှန်ကိုပြတာ။ အဲဒီလို မလှည့်လာဘူးဆိုရင် လမ်းမှားပေါ်မှာဘဲ ဆက်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အတွေးအခေါ် မမှားဖို့ အင်မတန်အရေးကြီးပါတယ် ဆိုတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်။