Responsibilities in Community ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
Responsibilities in Community
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
“လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား”
ယခုလိုတည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ် ကို ချီးမွမ်းထောပနာပြုအပ် ပါတယ်။ “အလ်ဟမ်ဒုလိလ္လာဟ်” ၊ ပြီးတဲ့နောက်မှာ ကြွရောက်လာကြတဲ့ လူကြီးမင်းများအပေါ် သို့လည်း ရဟ်မသ် ဗရ်ကသ် မင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု
ဒီကနေ့ ကျွန်တော် ဟောပြောတင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က “Responsibilities in Community” ဖြစ်ပါတယ်။ ကျွန်တော် Responsibilities နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောခဲ့တာ ဒါပါနဲ့ဆို ၃ ခုမြောက် ရှိပါပြီ။ မွတ်စလင်မ်တွေ အပေါ်မှာ ဘယ်လိုမျိုး (Responsibilities – တာဝန်ဝတ္တရား)တွေ ရှိသလဲဆိုတာကို ကျွန်တော် ဟောပြောခဲ့တာပါ။ ယခင်ကျွန်တော် အလှည့်ကျ အပတ်တွေမှာဆိုရင် တမန်တော်အပေါ်မှာ မွတ်စလင်မ်တွေ ထားရှိရမယ့် တာဝန်ဆိုတဲ့အပိုင်း၊ အလ္လာဟ်အရှင်မြတ်ပေါ်မှာ မွတ်စလင်မ်တွေထားရှိရမယ့် တာဝန်၊ ကုရ်အာန်အပေါ်မှာ မွတ်စလင်မ်တွေ ထားရှိရမယ့် တာဝန်တွေနဲ့ ပတ်သက်ပြီးကျွန်တော်ဟောပြောတင်ပြခဲ့ပါတယ်။
ဒီတပတ်မှာတော့ Muslim Community မှာ မွတ်စလင်မ်တွေ လူသားအချင်းချင်း ထားရှိရမယ့် တာဝန်ဝတ္တရားပိုင်း တွေကို ကျမ်းမြတ်ကုရ်အာန်မှာကျွန်တော်လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တေနဲ့ တင်ပြချင်ပါတယ်။ တာဝန်ဝတ္တရား အကြောင်းတွေကို ဘာလို့ပြောသလဲဆိုတော့ ဒီကနေ့ခေတ်မှာ ဒီစကားလုံးတွေResponsibilities တို့၊ Acountsibilities တို့ခေတ်စားလာပါတယ်။ မူလကတည်းက တာဝန်မရှိဘူးဆိုရင် ကျွန်တော်တို့ တာဝန်ခံစရာမလိုဘူး။ တာဝန်မရှိတဲ့လူတွေ တာဝန်မခံရဘူး။ ဘယ်သူတွေ တာဝန်ခံရမလဲ။ တာဝန်ရှိတဲ့လူတွေ တာဝန်ခံရမယ်။
ဥပမာ ရိုးရိုးရှင်းရှင်း ကျွန်တော်ပြောမယ်။ ဒီပလီဝတ်ကျောင်းတော်ထဲမှာ Aircon တွေက မအေးဘူး။ ပူလိုက်တာ ချွေးတွေပြန်တယ်။ ဒါမျိုးဆိုရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ လူကြီးမင်းတို့မှာ တာဝန်ရှိသလား။ တာဝန်ခံဘို့ လိုအပ်သလား။ တာဝန်ခံဘို့ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပလီမှာ Aircon တွေအေးဘို့ လူကြီးမင်းတို့က တာဝန်မယူထားဘူး။ ဥပမာပြောနေတာနော်။ လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်း ကျွန်တော်ပြောနေတာ။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ အုပ်ချုပ်ရေးအဖွဲ့၊ ဘဏ္ဍာတော်ထိန်းအဖွဲ့၊ အမြဲတမ်း တာဝန်ယူနေတဲ့ ဝန်ထမ်းအဖွဲ့၊ သူတို့ဆီမှာ တာဝန်ရှိတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး သူတို့တာဝန်ခံရမယ်။ ဘာဖြစ်လို့လဲ။ သူတို့မှာ တာဝန်ရှိလို့ပဲဖြစ်ပါတယ်။
တာဝန်ရှှိုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တစ်ယောက်ချင်းစီ သေသေချာချာ နားလည်ဘို့ လိုအပ်တယ်။ တာဝန်ရှိတဲ့သူကိုသိမှ တစ်ခုခု တစုံတရာနဲ့ ပတ်သက်ပြီး တာဝန်ခံရမယ့်လူ ဘယ်သူလဲဆိုတာသိမယ်။ မဟုတ်ရင် ဟိုလူလိုလို၊ ဒီလူ လိုလိုဖြစ်နေမှာဘဲ။ ခေါင်းရှောင်တွေလဲ ပေါ်လာမယ်။ (ငါနဲ့ဘာဆိုင်လို့လဲ) ဆိုတာတွေ ပေါ်လာမယ်။ ဒါကြောင့် တာဝန်ယူမှုနဲ့ တာဝန်ခံမှုဟာ တကယ်ကို အရေးကြီးပါတယ်။
ကိုယ့်မှာ တာဝန်ရှိလား၊ တာဝန်မရှိဘူးလားဆိုတာ သေသေခြာခြာ နားလည်ဘို့လိုပါတယ်။ ဒီတပါတ်မှာ ကျွန်တော်ဆွေးနွေးတင်ပြချင်တာက လူတွေ အချင်းချင်းကြားမှာ၊ တစ်ယောက်အပေါ်မှာ တစ်ယောက်ထားရမယ့် တာဝန်။ အဲ့ဒီမှာ တစ်ဦးချင်း တစ်ယောက်အပေါ် တစ်ယောက် ထားရမယ့် တာဝန်ရှိသလို (Community) လူမှုအဖွဲ့အစည်းအနေနဲ့လည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ထားရမယ့် တာဝန်တွေ ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တာဝန်ယူမှုဆိုတဲ့ အပိုင်းတွေရှိတယ်။ တာဝန်ယူမှုဆိုတဲ့ နေရာမှာ နဲနဲတော့ ကျယ်ပြန့်တယ်။ မိသားစုတာဝန်၊ သားသမီးတာဝန်၊ မိဘတာဝန်၊ လင်မယား တာဝန်၊ ဆွေမျိုးသားချင်း တာဝန်၊ နိုင်ငံသားတာဝန်၊ လူသားတာဝန် စသဖြင့် များစွာရှိတယ်။
ဘာသာရေးဆိုင်ရာ စကားလုံးမှာ လူကြီးမင်းတို့ အမြဲထိတွေ့နေတဲ့စကားလုံး ရှိတယ်။ (ဟူကူကုလ္လာဟ်)ပါ။ အဲဒါတာဝန်တစ်ခုနဲ့ ပတ်သက်တဲ့စကားလုံးဖြစ်တယ်။ (ဟူကူကုလ္လာဟ်) ဆိုတာ အလ္လာဟ်အရှင်မြတ်အပေါ်မှာ ထားရှိရမယ့် တာဝန်။ တနည်းအားဖြင့် အလ္လာဟ်က ဘာတာဝန်တွေ ကျွန်တော်တို့ကို ပေးထားသလဲ။ အဲ့ဒီတာဝန်တွေကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးခြင်း။ တကမ္ဘာလုံးက မွတ်စလင်မ်တွေ သိထားတာက မဏ္ဍိုင်ကြီး(၅)ရပ်ပေါ့ဗျာ။
ရှဟာဒသ် ပေးရမယ်။ ဆွလာသ် တည်ဆောက်ရမယ်။ ဇကားသ်ပေးရမယ်။ ဆွီယာမ် (ရိုဇာ) ထားရမယ်။ ပြီးရင် ဟဂျ် လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ (ဟူ ကူ ကုလ္လာဟ်)ကို သိတယ်။ ဒီ(၅)ခုထဲ ရှိတာတော့ မဟုတ်ဘူး။ အလ္လာဟ် နောက်ထပ် အမိန့်ပေးထားတာတွေ အများကြီးရှိတယ်။ အလ္လာဟ်ပေးထားတဲ့အမိန့်တွေကို တာဝန်ကျေပွန်ရမယ်။ အဲ့ဒီ (ဟူ ကူ ကုလ္လာဟ်)ကို ချိုးဖေါက်မိရင် အလ္လာဟ်က ကျွန်တော်တို့ကို တိုက်ရိုက် အပြစ်ပေးမယ်။ ဒီလို ကျွန်တော်တို့ နားလည်ထားကြတယ်။ အဆိုးဝါးဆုံးကတော့ ဂျဟန္နာမ်မှာ ကျွန်တော်တို့ ငရဲ ခံစားရမယ်ပေါ့။ ဒါက အလ္လာဟ် တိုက်ရိုက်ပေးမယ့် အပြစ်ဒါဏ်။ (ဟူ ကူ ကုလ္လာဟ်)ကို ကျွန်တော်တို့ ချိုးဖေါက်မိရင်၊ (ဟူ ကူ ကုလ္လာဟ်)နဲ့ ပတ်သက်ပြီး ပျက်ကွက်ရင်၊ အဲ့ဒီ တာဝန်တွေကို မကျေပွန်ရင်၊ ကိုယ့်မှာ တာဝန်ရှိလို့ ရှိမှန်းမသိရင် အပြစ်ဒဏ်ခံရမယ်။ တာဝန်ရှိတယ်ဆိုတာ သိမှသာ အဲ့ဒီ တာဝန်ကျေပွန်အောင် လုပ်နိုင်မှာပေါ့။
ကိုယ့်မှာ ဘာတာဝန်ရှိလို့ရှိမှန်း မသိလို့ရှိရင် ဘယ်လို ကျွန်တော်တို့ ဘယ်လို တာဝန်ကျေတဲ့လူ ဖြစ်မှာလဲ။ ကျွန်တော်က နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဘာတွေလဲဆိုတာ မသိရင် ကျွန်တော် နိုင်ငံသား တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ မိသားစုတစ်ခုမှာ ဖခင်တစ်ယောက် ဖြစ်လာပြီဆိုရင် ဖခင်တစ်ယောက်ရဲ့တာဝန်ဘာတွေလဲဆိုတာ ကျွန်တော် သိရမယ်။ အဲ့ဒီတာဝန်တွေကို မသိရင် ကျွန်တော်တို့ ဘယ်လိုများ ဖခင်တာဝန် ကျေပွန်မှာလဲ။ ဘယ်လိုများ ဖခင်ကောင်းတစ်ယောက် ဖြစ်မှာလဲ။ ဒီလိုဘဲ နိုင်ငံတော်အဆင့် ခေါင်းဆောင်၊ ကမ္ဘာ့အဆင့် ခေါင်းဆောင်၊ ပလီအုပ်ချုပ်ရေး (ဂေါပက)အဖွဲ့ ခေါင်းဆောင်၊ အစ္စလာမ်ဘာသာရေး အဖွဲ့ခေါင်းဆောင်တို့အားလုံး မိမိတို့မှာဘာတာဝန်တွေရှိသလဲဆိုတာ ပထမအဆင့်သိဘို့ လိုအပ်ပါတယ်။ အဲ့ဒီတာဝန်တွေကို သိမှသာလျှင် အဲ့ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်လို့ရမယ်။ အဲ့ဒီတာဝန်တွေကို ဖေါက်ဖျက်တဲ့အခါမှာ အကျိုးဆက်ကို Acountibility လို့ခေါ်တာ။ ကျွန်တော်တို့ အလ္လာဟ်အရှေ့မှာ ပြစ်ဒဏ် ခံကိုခံရမယ်။ ဒါက (ဟူ ကူ ကုလ္လာဟ်) လို့ပြောရင် အလ္လာဟ် တိုက်ရိုက်အပြစ်ပေးမှာ။ ကျွန်တော်တို့သိတယ်။
နောက် စကားလုံး တစ်လုံးရှိတယ်။ အဲ့ဒါက (ဟူ ကူ ကုလ် အေဗာဒ်) ဖြစ်ပါတယ်။ တော်တော်များများ သိတယ်။ မွတ်စလင်မ် ကမ္ဘာကလည်းသိတယ်။ အဲ့ဒါက ဘာလဲဆိုရင် အလ္လာဟ်ရဲ့ အေဗါဒီတွေအပေါ်မှာ ထားရမယ့်တာဝန်။ လူသားအချင်းချင်းထားရှိရမယ့် တာဝန်။ ဘယ်လောက်အထိ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောလဲဆိုတော့ အကယ်၍ (ဟူ ကူ ကုလ် အေဗာဒ်)ကို မကျေပွန်ရင်၊ မလိုက်နာရင်၊ ဖေါက်ဖျက်ရင်၊ ကျူးလွန်ရင် အလ္လာဟ်က တိုက်ရိုက်ခွင့်လွှတ်မှာ မဟုတ်ဘူးတဲ့။ အဲ့ဒီ ကာယကံရှင် မကျေနပ်ရင် အလ္လာဟ်ခွင့်မလွှတ်ဘူး။
ကျွန်တော်တို့ ပလီမသွားဘူး။ (နမားဇ်)လည်း မဖတ်ဘူး၊ (ဇကားသ်)လည်း မပေးဘူး၊ (ဟဂျ်)လည်း မသွားဘူးဗျာ။ ဒါပေမယ့် အလ္လာဟ်အရှေ့မှာ (သောင်ဗာဟ်)လုပ်ရင်၊ အကယ်၍များ အလ္လာဟ် သနားခဲ့ရင် အလ္လာဟ်ခွင့်လွှတ်လိုက်မယ်လေ။ အလ္လာဟ်က အလွန်အင်မတန်မှပင် ခွင့်လွှတ် သနား ညှာတာ ထောက်ထားတော်မူသော အရှင်လို့ ကျွန်တော်တို့ ယုံကြည်ထားကြတာလေ။
ကျနော်တို့ဟာနေ့တဓူ၀ လူတွေနဲ့ မပတ်သက်လို့ ရမလား။ ဘယ်သူနဲ့မှ မပတ်သက်ဘဲ တောထဲမှာ သွားထိုင်နေလို့ ရလို့လား။ မဖြစ်နိုင်ဘူးလေ။ နေ့တိုင်း ပတ်သက်နေရတယ်။ မွတ်စလင်မ်တွေက ပလီမသွားဘဲနေချင်နေလို့ရတယ်။ ဒါပေမယ့် ပလီအပြင်မှာ လူတွေနဲ့တော့ ထိတွေ့ဆက်ဆံ ပတ်သက်နေရမှာဘဲ။ ဒါကြောင့် (ဟူ ကူ ကုလ် အေဗာဒ်) ကို ဘယ်လိုမှ ရှောင်လွဲလို့ မရဘူး။ တော်တော် အရေးကြီးပါတယ်။
(If you want to Peace. Work for Justice)။ အကယ်၍များ အသင်တို့ ငြိမ်းချမ်းရေးလိုချင်ရင် တရားမျှတမှုနဲ့ ပတ်သက်သော အလုပ်ကိုလုပ်ပါ။ လူတစ်ယောက်နဲ့ ကျွန်တော် အငြင်းပွားပြီး၊ ပြဿနာတက်ပြီး၊ ရန်ဖြစ်ကြပြီ ဆိုပါစို့။ သူနဲ့ ကျွန်တော်ပြန်ပြီး ရင်ကြားစေ့ချင်တယ်၊ ပြန်ခေါ်ချင်တယ်၊ ပြန်ပြီး သူငယ်ချင်း မိတ်ဆွေဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ ဆိုတော့၊ သူနဲ့ကျွန်တော်နဲ့ကြားမှာရှိတဲ့ မပြေလည်မှုတွေနဲ့ ပတ်သက်ပြီးတော့၊ မမျှတမှုတွေနဲ့ပတ်သက်ပြီးတော့ အရင်ဦးဆုံး မျှတအောင်၊ ပြေလည်အောင် ညှိနှိုင်းရတယ်။ မျှတအောင် မလုပ်ဘဲနဲ့ ဘယ်လိုမှ ရင်ကြားစေ့လို့လည်း မရဘူး။ ပြန်တည့်ဘို့လည်း မရှိဘူး။ ဟန်ဆောင်လို့ဘဲ ရမယ်။ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က စေ့စပ်ပေးလို့ ခဏယာယီ ဟန်ဆောင်ပြုံး ပြုံးပြီး လက်ဆွဲနှုတ်ဆက်တာဘဲ ရှိမယ်။ ဘယ်လိုမှ ငြိမ်းချမ်းရေးစစ်စစ်မရဘူး။ ဘာဖြစ်လို့လဲ။ Justice ကြောင့် ဖြစ်တယ်။ တရားမျှတမှုကို မဖော်ဆောင်နိုင်လို့ရှိရင် လူနှစ်ယောက်(သို့)လူမှုအဖွဲ့အစည်း နှစ်ခုမှာ ဘယ်လိုမှ ငြိမ်းချမ်းရေး မရဘူး။
ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၅၊ အာယသ် ၈ မှာ “အို…သက်ဝင်ယုံကြည်သူအပေါင်းတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကိုရရန် အလို့ငှာ၊ ဖြောင့်မတ်တည်ကြည်သော သူများ၊ သက်သေခံရာတွင် တရားမျှတစွာ သက်သေခံကြသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုး တစ်မျိုးကိုမဆို မုန်းတီးခြင်းက အသင်တို့အား တရားမျှတမှုကို လက်မလွှတ်ပါစေနှင့်။ အသင်တို့သည် မည်သည့် ကိစ္စမျိုး၌မဆို တရားမျှတကြလေကုန်။ ယင်းတရား မျှတမှုသည်ကား ပြစ်မုှဒုစရိုက်တို့မှ ရှောင်ကျဉ်ခြင်းနှင့် အနီးစပ်ဆုံး ဖြစ်သည်။ ယင်းတရားမျှတမုှသည်ကား အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုသမျှကို အကြွင်းမဲ့ သိတော်မူသော အရှင် ဖြစ်တော်မူသည်။” ဒီအာယသ်မှာ တရားမျှတမှုနဲ့ ပတ်သတ်ပြီး တိတိပပ ညွှန်ကြားပြသ၊ သတိပေး လမ်းညွှန်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ကုရ်အာန်ကို အဝေးကြီးမှာ ရှိနေတယ်လို့ မထင်ကြပါနဲ့။ နေ့တဓူဝ လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ကုရ်အာန်ထဲမှာ ပါတယ်။
Justice နဲ့ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း တည့်တည့်ကြီး ပြောထားတယ်။ အလ္လာဟ်ရဲ့ နှစ်သက်မှုကို လိုချင်ရင်၊ အလ္လာဟ်အလိုရှိတာကို လိုချင်ရင်တော့ကျွန်တော်တို့အားလုံး နားလည် သဘောပေါက်ပြီးသား။ အလ္လာဟ်အလိုရှိတဲ့လူ ဖြစ်ချင်ရင် ဖြောင့်မတ်တည်ကြည်သောသူများ ဖြစ်ကြ(ရှုဟဒါး) ဘယ်အပေါ်မှာလဲ (ဘီလ်ကီစ်သ်) တရားမျှတမှုအပေါ်မှာ။ တရားမျှတမှုနဲ့ ပတ်သက်ရင် ဖြောင့်မတ်တည်ကြည်သောသူ ဖြစ်စေလို့ပြောတာ။
ကျမ်းမြတ်ကုရ်အာန်မှာ “အပြစ်မဲ့ လူတစ်ယောက်ကို သတ်လိုက်လို့ရှိရင်၊ လူသားမျိုးနွယ်ထုတစ်ရပ်လုံးကို သတ်လိုက်တာနဲ့ အတူတူပင်ဖြစ်တယ် ” “အကြောင်းမဲ့ သတ်ဖြတ်ခြင်းခံရမယ့် အနေအထားကနေ လူတစ်ယောက်ကို ကယ်တင်ခြင်းဟာလည်း ကမ္ဘာ့လူသားမျိုးနွယ်တရပ်လုံးကို ကယ်တင်တာနဲ့ အတူတူပင် ဖြစ်သည်။” ဆိုပြီးတော့လည်း လာရှိပါတယ်။ဒါတွေဟာ အလ္လာဟ်အလိုရှိတဲ့ အလုပ်တွေဖြစ်ပါတယ်။ ဒါက လူတွေတစ်ယောက်ချင်းအပေါ်မှာ ထားရှိရမယ့် တာဝန် (ဟူကူကုလ် အေဗါဒ်)ကို အလ္လာဟ်က ကျွန်တော်တို့ကို သင်ပေးထားတာ။ သက်သေခံရာမှာလည်း တရားမျှတမှုဘက်ကနေဘဲ သက်သေလိုက်ပါလို့ ပြောပါတယ်။ မတရားတဲ့ဘက်က သက်သေမလိုက်နဲ့။
ဒီအာယသ်မှာဘဲ ရှင်းရှင်းလေး ဆက်ဖော်ပြတာက လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုဘဲနေရန် လှုံ့ဆော်သည် မရှိစေရ။ ဒီလူတွေကိုမုန်းလို့၊ ဘင်္ဂါလီတွေကို မုန်းလို့၊ စူရ်သီတွေကို မုန်းလို့၊ ကျူလီယာတွေကို မုန်းလို့ ဆိုပြီး တရားမျှတမှုကို လျစ်လျူရှုလို့ မရဘူး။
ရပ်ကွက်ထဲမှာ ကိုယ့်အမျိုးနဲ့ သူ့အမျိုး ရန်ဖြစ်ကြပြီ ဆိုပါစို့။ ကျွန်တော်က ဘယ်သူ့ဘက် လိုက်ရမှာလဲ။ အဲ့ဒါ (ဟူကူကုလ် အေဗါဒ်)။ ဘက်ကမှ သက်သေမလိုက်တာက တစ်မျိုးပေါ့။ ကိုယ့်အမျိုးမို့လို့ မှားနေရင်လည်း ဘက်လိုက်ပြီး သက်သေလိုက်မယ်ဆိုရင် (ဟူကူကုလ် အေဗါဒ်)ကို ချိုးဖောက်တာပဲ။ အတိအလင်း ကုရ်အာန်က ပြောနေတာ။ အခြေအနေအရ မလွှဲမရှောင်သာလို့၊ ကုလားထိုင်ပျောက်မှာ ကြောက်လို့ စသဖြင့် ဘာလို့ဘဲဖြစ်ဖြစ် သေခြာတာက မတရားမှုတစ်ခုကို ဘက်လိုက် လိုက်တာဖြစ်တယ်။ (ဟူကူကုလ် အေဗါဒ်)ကို အတိအလင်း ချိုးဖောက်ကျူးလွန်လိုက်တာဖြစ်တယ်။
ကျမ်းမြတ် ကုရ်အာန် စူရာဟ် ၄၊ အာယသ် ၁၃၅ မှာတော့ ဘက်လိုက်တာနဲ့ ပတ်သက်ပြီး ပြောထားတယ်။ လူတွေအချင်းချင်းကြားမှာ ဘက်လိုက်ကြတယ်။ ကျွန်တော့်သူငယ်ချင်းနဲ့ အခြားတစ်ယောက် ရန်ဖြစ်ရင် ကျွန်တော် သူငယ်ချင်းဘက်က ဘက်လိုက်တယ်။ ကျွန်တော့် ဆွေမျိုးအသိုင်းအဝိုင်းနဲ့ နောက်တစ်ဖက်နဲ့ ရန်ဖြစ်ကြမယ်၊ တရားတဘောင် ဖြစ်ကြမယ်ဆိုရင် ဆွေမျိုးသားချင်ဘက် လိုက်တာပေါ့။ဒါကလူ့ရဲ့ထုံးစံဘဲလေ။
စူရာဟ် ၄ ၊ အာယသ် ၁၃၅ ကို အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်မှာလည်း ချိတ်ထားတယ်လို့ ကြားဘူးပါတယ်။ “အသင်တို့သည် မည်သည့်ကိစ္စတိုင်းတွင်မဆို တရားမျှတမှုကို ထာဝစဉ်တည်တံ့စေသူများ ဖြစ်ကြလေကုန်။ အဲ့ဒီလို တရားမျှတမုှနဲ့ ပတ်သက်၍ သက်သေခံရာတွင် မိမိတို့၏ ကိုယ်ကျိုးနှင့်ဆန့်ကျင်သည်ဖြစ်စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည် ဖြစ်ပါစေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်ပါစေ၊ အသင်သည် အရှင်မြတ်ကို ထောက်ထား၍ တိကျမှန်ကန်စွာ သက်သေခံသူ ဖြစ်ကြလေကုန်။” အရပ်စကားနဲ့ပြောရရင် “အလ္လာဟ်မျက်နှာကို ထောက်ပြီး အမှန်တရားဘက်က ရပ်တည်ပါ” လို့ ပြောကြပါတယ်။
အာယသ်က ဆက်ပြောတာက “အကယ်၍ အသင်တို့ ဆန့်ကျင်ထွက်ဆိုရမည့် သူများသည် ချမ်းသာသူဖြစ်ပါစေ၊ ဆင်းရဲနွမ်းပါသူ ဖြစ်ပါစေ၊ အရှင်မြတ်သည် ထိုနှစ်ဦးစလုံးနှင့် အလွန်အင်မတန် နီးကပ်သော အရှင် ဖြစ်တော်မူသည်” ပြောချင်တာက အမြင့်ကြီးမှာရှိတဲ့ လူတွေအကြောင်းကိုလည်း အလ္လာဟ်အကြွင်းမဲ့သိတယ်။ အနိမ့်ဆုံးမှာရှိတဲ့ လူတွေ အကြောင်းကိုလည်း အလ္လာဟ်အကြွင်းမဲ့သိတယ်။
“သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန်၊ စိတ်၏ အလိုဆန္ဒကိုလည်း မလိုက်လေနှင့်၊ အသင်တို့သည် သက်သေခံရာတွင် လိမ်လည်ကွေ့ကောက် ပြောဆိုကြပါလျှင်၊ သို့မဟုတ် လုံးဝ လွှဲဖယ်၊ တိမ်းရှောင်နေကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်ပေသည်။”
ဆက်လက်ပြီး ကုရ်အာန် စူရာဟ် ၃၃၊ အာယသ် ၅ဝ မှာ “အို…သက်ဝင်ယုံကြည်သူ အမျိုးသား၊ အမျိုးသမီး အပေါင်းတို့၊ ၎င်းတို့တစုံတရာ ကျူးလွန်ခြင်းမရှိပါဘဲလျက် စိတ်ဒုက္ခပေးလျက်ရှိသော သူတို့သည် မတရားယိုးစွပ်မုှကို လည်းကောင်း၊ ထင်ရှားစွာသော ပြစ်မုှကိုလည်းကောင်း၊ ထမ်းဆောင်ခဲ့ကြသောသူများဖြစ်သည်။” လူတစ်ယောက် သူခိုးမဟုတ်ဘဲနဲ့၊ မခိုးဘဲနဲ့၊ ခိုးတာလည်း မမြင်မတွေ့ဘဲနဲ့၊ စောစောကပြောသလို ဘက်လိုက်ပြီးတော့ ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့သူကို စိတ်ဒုက္ခပေးယုံနဲ့တင် အဲ့ဒါဟာ ထင်ရှားစွာသော ပြစ်မုှကို ကျူးလွန်သူဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၊ အာယသ် ၂၈၂ မှာ “အသင်တို့သည် သိမြင်သမျှကို မထိန်ချန်လေနှင့်၊ အကြင်သူသည် သိမြင်သမျှကို ထိန်ချန်မည်ဆိုလျှင် ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုကျူးလွန်သူတို့၏ စိတ်နှလုံးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိမြင်တော်မူသည်။” လူမုှအဖွဲ့အစည်း ဖြစ်လာပြီဆိုရင် တာဝန်ပိုရှိလာပြီ။ ယခု လူကြီးမင်းတို့ရှေ့မှာ ရပ်ပြီး ကျွန်တော်ပြောနေတာက ကျွန်တော့်မှာတာဝန်ရှိတယ်။ ကျွန်တော် တာဝန်ခံရမယ်။ ကျွန်တော်ပြောတာ မှားယွင်းနေခဲ့ရင်၊ မယဉ်ကျေးရင်၊ message အမှားတွေ ပေးမိရင် ဒါတွေအားလုံး ကျွန်တော် တာဝန်ခံရမယ်။
မွတ်စလင်လူမှုအဖွဲ့အစည်းမှာ ရှေ့ထွက်ပြီး လူထုခေါင်းဆောင်လုပ်ပြီဆိုရင် သေခြာပေါက် တာဝန်ခံရမယ်ဆိုတာ မှတ်ထားရမယ်။ ပြောတဲ့စကား တစ်ခွန်းချင်းစီအတွက်၊ လုပ်တဲ့လုပ်ရပ် တစ်ခုချင်းစီအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ အဲ့ဒီအတွက် အလ္လာဟ်အစားပေးလိမ့်မယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ဘာလဲ။ ကိုးရီးယားနိုင်ငံမှာ ကျောင်းသားတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စီး နစ်မြုပ်သွားပြီး ကျောင်းသားတွေ သေကြတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးက ရာထူးကနေ နှုတ်ထွက်လိုက်တယ်။ နိုင်ငံအချို့မှာဆို အဲ့ဒီလို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုယ်ကို သတ်သေလိုက်ကြတယ်။ အဲ့ဒါကို တာဝန်ယူတယ်၊ တာဝန်ခံတယ်၊ တာဝန်သိတယ်လို့ခေါ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာလူမုှအဖွဲ့အစည်းမှာ ဘာတာဝန်ရှိသလဲဆိုတာ ပထမ သိဘို့လိုအပ်ပါတယ်။ တာဝန်ရှိပြီဆိုရင် တာဝန်ခံရမှာ ဖြစ်သလို အလ္လာဟ်အရှင်မြတ်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မယ်ဆိုတာ ကုရ်အာန်မှာ ဖေါ်ပြထား ကြောင်း တင်ပြရင်း ရပ်နားလိုက်ပါတယ်။